← Chapters

ဧဒင်သစ်ပင် (၁)

Vol. 5 Ch. 63

ဧဒင်သစ်ပင် (၁)

Vol. 5 Ch. 63

ဧဒင်ဖျာသည် သူ၏ နားနှင့် နှလုံးသားတွင် အဆုံးမဲ့ ပဲ့တင်ထပ် လွင့်မြောစေသည့် အသံများကို စတင် ထုတ်လွှတ်လာ၏။ ကမ္ဘာလောကသည် ဖော်မပြနိုင်သော ပုံစံဖြင့် စတင် ပြောင်းလဲသွားသည်။ ယင်းကား လွတ်လပ်သော်လည်း ထိန်းချုပ်နိုင်သလို ခံစားရစေသည်။

ဝေ့ဝူယင်က သူ၏ လက်ကို ငုံ့ကြည့်လိုက်၏။ သက်တန့်ရောင် အလင်းတန်းများမှာ သူ၏ သွေးကြောများ အတွင်း စီးဆင်းနေကြောင်း သူသတိထားမိလိုက်သည်။ သူက အောက်သို့ ငုံ့ကြည့်လိုက်ရာ ဝတ်ပြုဖျာထံမှ သက်တန့် အလင်းစက်များမှာ ပုရွက်ဆိတ်များ သဖွယ် သူ၏ ခန္ဓာကိုယ် အတွင်း တိုးဝင်နေကြောင်း တွေ့လိုက်ရသည်။

မကြုံစဖူး လွတ်လပ်ခြင်း၏ အရသာကို သူ ခံစားနေရ၏။ ထိုအခိုက်၌ သူကား သူ့ကိုယ်သူ ဖျာပေါ်တွင် ထိုင်နေသည်ဟုပင် မထင်တော့ချေ။ ကောင်းကင်ထက်၌ ဒဏ္ဍာရီဆန်ဆန် လေဟုန်စီးနေသယောင်ယောင်ပင် ထင်မှတ်မှား နေခဲ့တော့သည်။

သိပ်မကြာခင်တွင်ပင်... တုန်ခါမှု တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်လာကာ စွမ်းအင်ကြောများမှာ နောက်တစ်ကြိမ် နိုးထလာသလို ခံစားလိုက်ရ၏။ သူ၏ စိတ်အတွင်း အလင်းများ ဝင်ရောက်သွားချိန်၌ ငြိမ်းချမ်းခြင်း တစ်မျိုးက ဖြစ်တည်လာသည်။

စိတ်မျက်လုံးထဲတွင်... ဝေ့ဝူယင်သည် သံကြိုးများဖြင့် စည်းနှောင်ထားသော ဆေဘာဓားတစ်လက်ကို တွေ့မြင်လိုက်ရ၏။ ၎င်းသည် တုန်ရီကာ လွတ်မြောက်အောင် အစွမ်းကုန် ကြိုးစားနေသည်။ ဝေ့ဝူယင်သည် ထိုဆေဘာဓားကို ကြည့်ရင်း အလွန် ရင်းနှီးသည့် ခံစားချက် တစ်မျိုးကို ခံစားလိုက်ရသည်။

ချုပ်နှောင်ခံထားရသည့် ဆေဘာဓား၏ နံဘေးတွင် ပုံရိပ်တစ်ခုကို တွေ့ရ၏။ ထိုပုံရိပ်သည် လူသားအသွင် ရှိကာ အားကောင်းပြီး တည်ငြိမ်သည့် မျက်လုံး အစုံကို ပိုင်ဆိုင်ထားသည်။

“အဲဒါငါလား...”

ဝေ့ဝူယင် ကိုယ့်ကိုယ်ကို မေးလိုက်သည်။ သို့သော် အဖြေကား မရ...။ သူ သူ၏ ရုပ်ရည်မှာ မည်ကဲ့သို့ ရှိမှန်း မသိချေ။

ဝေ့ဝူယင် သိချင်စိတ် ပြင်းပြလာရာ ကိုယ့်အသွင်ကို ကိုယ်ဆန်းစစ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း... ဆန်းကြယ်စွာပင် သူသည် မြူမှုန်များသာ ဖြစ်နေခဲ့သည်။ သူ့တွင် ဆေဘာဓား၊ သို့မဟုတ် လူသားပုံရိပ် တို့ကဲ့သို့ ခန္ဓာကိုယ် မရှိချေ။

ဂျစ်...ဂျစ်...

ရုတ်တရက် ဆေဘာဓားမှာ တုန်ရီလာရာ ဝေ့ဝူယင်၏ အာရုံမှာ ထိုအပေါ် ကျရောက်သွားသည်။ သူ့ကဲ့သို့ မြူမှုန်များမှာ ဓားသွားထက်၌ ရှိနေချေသည်။ ထိုအရာကို မြင်သောအခါ သူ၏ စိတ်မှာ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားလေ၏။

သူနှင့်တူသည့် မြူမှုန်များသည် အစားခံနေရသည်။ ဆေဘာ၏ ဝါးမျိုခြင်းကို ခံနေရသည်။

“ဒါက ငါ့ကံကြမ္မာလား... ငါ မသေချင်ဘူး”

ဝေ့ဝူယင် ရုန်းကန်နေစဥ်မှာပင် အမှောင်ထုထဲတွင် သက်တန့် အလင်းများ ပေါ်လာခဲ့၏။ ယင်းတို့က ဆေဘာကို လျစ်လျူကာ သူ့ထံ ရွေ့လျားလာသည်။ သက်တန့်ရောင် အလင်းတန်းများကို မြင်သည်နှင့် ဝေ့ဝူယင်သည် သူ လုံခြုံသွားပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။ တစ်ချက်ပင် မစဥ်းစားတော့ပဲ သူ ထိုအလင်းတန်းများဆီ ခြေပစ်လက်ပစ် ခုန်ချ လိုက်လေတော့သည်။

စိတ်မျက်လုံးမှ နိုးထလာချိန်၌ ဝေ့ဝူယင်၏ တစ်ကိုယ်လုံးမှာ ချွေးများ ရွှဲနစ်နေခဲ့သည်။ သူ အသက်ကို ပြင်းပြင်းလု၍ ရှူသွင်း ရှူထုတ်လိုက်၏။

ထိုကဲ့သို့ ပြုလုပ်နေရင်း ရုတ်တရက်... သူ အပြောင်းအလဲ အချို့ကို သတိထားလိုက်မိသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ထူးခြားသော သက်တန့်စွမ်းအင်များ၊ သက်တန့် အမြုတေ တစ်ခုနှင့် ချီတို့ ရှိနေချေသည်။ သက်တန့်အမြုတေ၏ အပြင်ဘက်တွင်မူ ခန္ဓာ၊ စိတ်၊ အမတေ၊ ဝိညာဥ်တို့နှင့် ပေါင်းစပ်ထားဟန် ရသည့် ပုံသဏ္ဌာန်မဲ့ အရာတစ်ခု ရှိနေချေသည်။

“မင်း ပြီးသွားပြီ... တကယ် အံ့သြစရာပဲ”

ကျင်းယင်သည် သူ၏ အရှေ့၌ ထိုင်ရင်း ပြုံးနေခဲ့သည်။ ထိုအပြုံးတွင် အဆုံးမဲ့ ဂုဏ်ယူခြင်းတို့မှာ နက်ရှိုင်းစွာ စွန်းထင်းနေ၏။

ဝေ့ဝူယင်ကား လပိုင်းမျှ အချိန်အတွင်းမှာပင် အဂ္ဂိရတ် ချီနှလုံးသားကို တည်ဆောက်ပြီးစီးကာ ချီပျစ်ခဲခြင်း အဆင့်နှစ် နူးညံ့စွာ စီးဆင်းခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ပထမ၌ ထိုအဆင့်သို့ ရောက်ရှိရန် နှစ်ချီ အချိန်ယူရလိမ့်မည် ဟု သူ တွေးထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း  ဝေ့ဝူယင်၏ ပါရမီနှင့် အရည်အချင်းတို့မှာ အလွန် မြင့်မားလွန်းနေခဲ့သည်။

ဝေ့ဝူယင်က ပြုံးလိုက်၏။ သူ လွတ်မြောက်ခဲ့သည်။ ဆေဘာဓား၏ ဝါးမျိုမှုကို သူ ခံရတော့မည် မဟုတ်ချေ။ သူ အသက်ရှင်နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ တွေးရင်း ဉာဏ်မမှီလောက်အောင် နက်ရှိုင်းသည့် ခံစားချက် တစ်ခုမှာ သူ၏ နှလုံးသားတွင် ဖြစ်ပေါ်လာခဲ့သည်။ သူ၏ အမူအရာက ကွက်လပ်ကဲ့သို့ ဖြစ်သွားခဲ့၏။

ထိုအချိန် စိတ်မျက်လုံးထဲတွင်မူ...

“အစစ်အမှန် ဝေ့ဝူယင်”သည် မြူမှုန်များကိုအား စုပ်ယူနေ၏။ ထိုမြူမှုန်များကား ကြိုးကြာငှက်နှင့် တွေ့ဆုံကာ ဧဒင်ကမ္ဘာဂိုဏ်း အတွင်း ဝင်ရောက်ခဲ့သည့် “ယခု မတိုင်မီ ဝေ့ဝူယင်”ပင် ဖြစ်သည်။ တစ်ခဏ အတွင်းမှာပင် ထိုဝေ့ဝူယင်သည် မူယင်းစိတ်၏ ဆွဲခေါ်မှုကို မလွန်ဆန်နိုင်ပဲ ဝါးမျို ခံလိုက်ရတော့သည်။

အစစ်အမှန် ဝေ့ဝူယင်သည် အဘယ်ကြောင့် သူချိပ်ပိတ်ခံထားရသည်နှင့် အဘယ်ကြောင့် သူ့စိတ်မျက်လုံးက စိတ်အသစ်များ ထပ်မံ မွေးဖွားပေးနေသည်ကို နားမလည်ချေ။ ပထမ၌ ဦးနှောက် ထိခိုက်မှုကြောင့်ဟု ထင်ထားခဲ့သော်လည်း... ပြန်လည် သက်သာသွားသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

၎င်းက အများကြီး ပိုရှုပ်ထွေးလှ၏။

ဝေ့ဝူယင်သည် ထိုစိတ်အသစ်များက ဝေ့ဝူယင် နောက်တစ်ယောက် ဖြစ်သွားမည်ကို အလွန် ကြောက်ရွံ့ နေမိသည်။ ထို့ကြောင့်ပင် သူသည် ထိုစိတ်များ အပြည့်အဝ မဖွံဖြိုးခင်မှာပင် အတင်းအကြပ် ဝါးမျိုနေခဲ့ခြင်း ဖြစ်သည်။

စိတ်မျက်လုံး အတွင်း နေ့ရက်များက ဆက်လက်ဖြတ်ကျော်နေ၏။ ဝေ့ဝူယင်သည် ဗဟုသုတများဖြင့် ပြည့်စုံလာသော၊ တစ်ခါတစ်ရံ ကိုယ်ရည်ကိုယ်သွေး စရိုက် အသစ်များပင် ဖြစ်တည်လာသော စိတ်အသစ်များကို စောင့်ကြည့်နေခဲ့သည်။ ထိုစိတ်အသစ်မှာ ခြိမ်းခြောက်နိုင်သည်ဟု ခံစားမိသည်နှင့် တစ်ပြိုင်နက် သူ ဝါးမျိုပစ်ပြန်သည်။

ထိုကဲ့သို့ ဝါးမျိုပြီးသည်နှင့် ၎င်း၏ ဗဟုသုတများနှင့် မှတ်ဉာဏ်များမှာ သူ့အပိုင် ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင် သူ ဘဝ၏ မည်သည့် အစိတ်အပိုင်းကိုမျှ လွဲချော်ခြင်း မရှိချေ။

စိတ်မျက်လုံး အတွင်း၌ ဝေ့ဝူယင်သည် သံကြိုးများ၏ ချုပ်နှောင်မှုကို ခံယူရင်း စိတ်အသစ် ဖွံ့ဖြိုးလာသည်ကို ကြည့်နေခဲ့သည်။ ထိုအတောအတွင်း သူသည် အပြင်ကမ္ဘာ၌ မည်သည့် အရာများ ဖြစ်ပွားနေသည်ကို သိရှိခြင်း မရှိချေ။

သူက ယင်းအား စုပ်ယူရန် ပြင်လိုက်၏။ သို့သော်လည်း သူ တုန့်ဆိုင်းသွားသည်။ စုပ်ယူလိုက်၊ အသစ် ပြန်လည် ကြီးထွားလိုက်နှင့် သံသရာ လည်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

တစ်ကြိမ်လောက် စွန့်စားသင့်သလား...။ ဝေ့ဝူယင် အံကို တင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်၏။

သူ စွန့်စားရလိမ့်မည်။ ဧဒင်ကမ္ဘာဂိုဏ်းသည် ရှင်းတိုင်းပြည်၏ ထိပ်တန်း အဂ္ဂိရတ်ဂိုဏ်းများထဲမှ တစ်ဂိုဏ်း ဖြစ်သည်။ ပထမ၌ အဂ္ဂိရတ် ချီနှလုံးသား၏ အဓိပ္ပာယ်ကို သူ နားမလည်ခဲ့သော်လည်း ယခုတွင်မူ သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် မှော်ဆေးလုံးများ ပြုလုပ်ပေးသည့် ကိရိယာ တစ်ခု အဖြစ် သူ့အား သဘောထားကာ ကျွန်ပြုလိုကြခြင်း ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် သူသည် ကျွန်တစ်ယောက်ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ သူ ယခုအခြေအနေမှ ရုန်းထွက်ရန် လိုအပ်သည်။ သူ့တွင် အခြား ချီနှလုံးသား နှစ်ခုနှင့် သေမျိုး နတ်ဘုရား အဆင့် ကျင့်ကြံခြင်း အခြေခံရှိသည်။ သူ ဧဒင်ကမ္ဘာဂိုဏ်းကို မကြောက်ချေ။ အပြည့်အဝ ပြန်လည် ကျန်းမာလာသည်နှင့် သူ ဤနေရာမှ ထွက်ခွာနိုင်ရန် ယုံကြည်ချက် ရှိသည်။

ထို့ကြောင့်ပင် အပြောင်းအလဲ တစ်ခု ဖြစ်လိုဖြစ်ငြား စွန့်စားရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဝေ့ဝူယင်သည် မြူမှုန်များ ပို၍ ပို၍ ကြီးထွားလာသည်ကို ကြည့်နေခဲ့၏။ သူ၏ စိတ်မှာလည်း ပို၍ ပို၍ စိုးရိမ် လာနေခဲ့သည်။ ယင်းက မှတ်ဉာဏ်နှင့် စရိုက် ကြီးထွားမှု မဟုတ်ပဲ ဗဟုသုတနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးခြင်းသာ ဖြစ်ရန် သူ မျှော်လင့်နေမိသည်။

“ဟမ်...”

ရုတ်တရက် ဝေ့ဝူယင် ထူးဆန်းမှု တစ်ခုကို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က ပြောင်းလဲနေသည်။ စူးစူးရှရှ နာကျင်မှုကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိ၏။ ယင်းခံစားချက်က သူနှင့် အတော်လေး ရင်းနှီးပေသည်။ ကမ္မတန်ဖိုး ဆုံးရှုံးမှုပင်...။

ကံကြမ္မာ အခွင့်အရေးလား...

အပြင်ကမ္ဘာရှိ ဝေ့ဝူယင်မှာ ထိုအခွင့်အရေးကို ကောင်းကောင်း ဆုပ်ကိုင်နိုင်ရန် သူမျှော်လင့်မိသည်။ ကံမကောင်းစွာပင် ယင်းက ကြီးမားသော အခွင့်အရေးလား၊ သို့မဟုတ် အခွင့်အရေး သေးသေးလေးလား သူ မသိနိုင်ချေ။

ဟူး...

ရုတ်တရက်  စိတ်မျက်လုံး ဟင်းလင်းပြင်ထဲတွင် အသံတစ်ခုကို ကြားလိုက်ရ၏။ သူက လှမ်းကြည့်လိုက်ရာ စိတ်မြူမှုန်များမှာ တစ်စုံတစ်ခု အသွင် ပြောင်းလဲနေသည်ကို သူတွေ့လိုက်ရသည်။

“မကောင်းတော့ဘူး”

ဝေ့ဝူယင် ထိတ်လန့်သွား၏။ သူ အရဲစွန့်ကာ ဖွံ့ဖြိုးခွင့်ပြုထားသော စိတ်မြူမှုန်ကား ထူးဆန်းသော အခြေအနေ တစ်ခုကို ပြောင်းလဲနေချေပြီ။ ယင်းက သူ့ကိုပါ ဝါးမျို၍ ခန္ဓာကိုယ် တစ်ခုလုံးအား အပြည့်အဝ သိမ်းပိုက် သွားနိုင်သည်။

ထိုကဲ့သို့ အဖြစ်မျိုးကို သူ ခွင့်မပြုနိုင်ချေ။ ဝေ့ဝူယင် အသံကုန် အော်ဟစ်ရင်း အသွင်ပြောင်းနေသည့် မြူမှုန်များကို လှမ်းဆုပ်ကိုင်လိုက်၏။ ထို့နောက် အားကုန်သုံးကာ သူ့ထံသို့ ရောက်အောင် ဆွဲခေါ်လိုက်သည်။ သို့သော်လည်း ထိုအရာမှာ မယုံကြည်နိုင်လောက်အောင် ခက်ခဲလှ၏။ မြူမှုန်များကား အရှိန်အဟုန်နှင့် အတူ ဆက်လက် ကြီးထွားကာ အသွင်ပြောင်းနေဆဲ ဖြစ်လေသည်။

နောက်ဆုံး၌ ဝေ့ဝူယင် စိတ်ခွန်အား အလုံးစုံကို အသုံးပြုကာ ပါးစပ်အား ဖွင့်လိုက်သည်။ လေဟာနယ် လှိုင်းလုံးများစွာမှာ စိတ်မျက်လုံးတွင် ဖြစ်ပေါ်လာကာ အသွင်ပြောင်းနေသည့် မြူထူများကို ဝန်းရံ သွား၏။

“မင်း... မင်း ငါ့ကို စားမလို့လား...”

သူ၏ အသံနှင့် လုံးဝ မတူညီသည့် အသံတစ်ခုမှာ မြူမှုန်များထဲမှ ပဲ့တင်ထပ်ကာ ပျံ့လွင့်လာ၏။

“ဘာလဲ...”

ရုတ်တရက် ဝေ့ဝူယင်မှာ အလွန် ကြောက်လန့်သွားကာ သူ၏ နှလုံးသား တစ်ခုလုံးမှာ စိုးရိမ် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားလေသည်။

တစ်စုံတစ်ယောက်က သူ၏ စိတ်ကို ကျူးကျော် သိမ်းပိုက်နေသည်။ အပိုင်စီးရန် ကြိုးစားနေသည်။

ဝေ့ဝူယင် ထိုအရာကို လုံးဝ မျှော်လင့် မထားချေ။ ပြင်းပြသော ရှင်သန်လိုစိတ်များမှာ သူ၏ စိတ်တစ်ခုလုံးကို စိုးမိုးထား၏။ အကယ်၍ ထိုပုဂ္ဂိုလ်ကိုသာ မောင်ပိုင်စီးခွင့် ပေးလိုက်ပါက ဤကမ္ဘာ၌ “သူ” ဆက်လက် တည်ရှိတော့မည် မဟုတ်ချေ။ အပြီးတိုင် ပျောက်ကွယ်သွားရပေလိမ့်မည်။

ဝေ့ဝူယင် သူပိုင်ဆိုင်ထားသည့် စိတ်နှစ်ခုစလုံးကို ခွန်အား အပြည့်‌ ဖော်ထုတ်ကာ မြူမှုန်များကို ဆွဲယူယူလိုက်လေ၏။ အသွင်ပြောင်းနေသည့် မြူမှုန်များမှာ အော်ဟစ်ကာ ကျိန်စာတိုက်နေသည့်တိုင် သူ၏ အနားသို့ တဖြည်းဖြည်းချင်း ရောက်လာနေခဲ့သည်။ တစ်ချိန်တည်း၌ ယင်းတို့အသွင်ပြောင်းနေသည့် ပုံသဏ္ဌာန်မှာလည်း ပို၍ ပို၍ ထင်ရှား လာနေခဲ့သည်။

“အဲဒါက...”

ထိုပုံသဏ္ဌာန်ကို ကြည့်ရင်း ဝေ့ဝူယင်၏ စိတ်နှလုံး တစ်ခုလုံးမှာ လဲပြိုကျ မတတ် အံ့သြသွားခဲ့သည်။ ယင်းက ဧဒင်သစ်ပင်၏ ပုံသဏ္ဌာန် ဖြစ်နေခဲ့သည် မဟုတ်ပါလော...။

“မင်း သဘောတူခဲ့တယ်လေ... မင်းရဲ့ စိတ်ကို သိမ်းပိုက်ဖို့ မင်း ကိုယ်တိုင် သဘောတူခဲ့တာလေ... ဘာလို့လဲ... ဘာလို့ ဒီလို လုပ်ရတာလဲ”

ဧဒင်သစ်ပင်၏ အသံများက တုန်ရီကာ ကြောက်လန့်ခြင်းများဖြင့် ပြည့်နှက်နေသည်။ မကြာသေးမီကပင် ဝေ့ဝူယင်သည် သူနှင့် အပေးအယူလုပ်၍ ကြည်ကြည်ဖြူဖြူ စိတ်ကို သိမ်းပိုက်ခွင့် ပေးခဲ့သည်။ ဧဒင်သစ်ပင်၏ စိတ်တစ်ခုလုံးကား အပူမီးဖြင့် ဟုန်းဟုန်း တောက်လောင်နေ၏။ အဘယ်ကြောင့် ဝေ့ဝူယင်က သူ့အား ပြန်လည် ဝါးမျိုရန် ကြိုးစား နေသနည်း။

“မလုပ်ပါနဲ့... ကျေးဇူးပြုပြီး မလုပ်ပါနဲ့နော်... မင်းကို လှည့်စားခဲ့မိတဲ့ အတွက် ငါတောင်းပန်ပါတယ်... ငါ့ကို မသတ်ပါနဲ့နော်”

ဧဒင်သစ်ပင်က ငိုယိုရင်း အကိုင်းအခက်များကို လှုပ်ခါကာ ရုန်းကန်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ ဂရုမစိုက်ပါချေ။ သူကား သစ်ပင်တစ်ပင်၏ လှည့်စားခံရလောက်အောင် အပြင်ကမ္ဘာရှိ သောက်ရူး မဟုတ်ချေ။

“သေစမ်း...”

သူ၏ မျက်လုံးများမှာ အေးစက်နေ၏။ သတ်ဖြတ်လိုစိတ်များက သူ၏ နှလုံးသားတွင် တဟုန်းဟုန်း တောက်လောင်နေသည်။

သူသည် တိုက်ရိုက်ပင် ဧဒင်သစ်ပင်ကို ဆေဘာဓားထိပ်သို့ ဆွဲယူကာ ဂရုဏာမဲ့စွာ ဝါးမျိုပစ်လိုက်လေတော့သည်။

***

All Chapters