ဧဒင်သစ်ပင် (၂)
Vol. 5 Ch. 64
လွန်လေပြီးသော နှစ်ပေါင်း ငါးသိန်းကျော်၊ ရာသီဥတု သာယာသော နေ့ရက်တစ်ရက်တွင် မျိုးစေ့ တစ်ခုကို စိုက်ပျိုးခဲ့လေသည်။ မည်သူက မည်ကဲ့သို့ စိုက်ပျိုးခဲ့သည်ကိုတော့ မသိရချေ။ မျိုးစေ့ငယ်သည် သဘာဝတရားကြီး၏ ကြိုးဆွဲရာအတိုင်း မြေကြီးထံမှ အစိုဓာတ်နှင့် အာဟာရမျိုးကို စုပ်ယူကာ စတင် ဖွံ့ဖြိုးလာသည်။ မကြာခင်တွင်ပင် အမြစ်များပါ ပေါက်ဖွားလာခဲ့လေ၏။
တဖြည်းဖြည်းနှင့် တစ်နေ့ပြီး တစ်နေ့၊ တစ်ပတ်ပြီး တစ်ပတ်..
သူ အလွန် ကြိုးစားခဲ့ပါသည်။ တစ်ချိန်ချိန်တော့ အလင်းရောင်ကို ခံစားဖူးရမည်။ ဤသို့နှင့် အစိမ်းရောင် ခေါင်းကလေးသည် မြေကြီးထဲမှ ပြူထွက်လာခဲ့သည်။ ထိုအရာကား ယိုင်တိယိုင်တိုင် ပင်စည်လေးနှင့် နုနုဖတ်ဖတ် ရွက်နှစ်ခွလေးသာ ဖြစ်သည်။
သူ တောင့်တခဲ့ရသည့် နေအလင်း...
မိဘများမှ ကြင်နာစွာ ပွေ့ဖက်ထားသလို နွေးထွေးမှု...
၎င်းသည် သူ့အား ဂရုစိုက်သည်။ ကူညီ၍ အစာချက်ပေးသည်။ သူ တစ်နေ့တစ်ခြား ကြီးထွားလာသည်ကို အရိပ်တကြည့်ကြည့်ဖြင့် စောင့်ကြည့်ပေးခဲ့သည်။
သူ့အတွက်တော့ နေမှာ အလုံးစုံ ချစ်ခင် အားကိုးရသည့် ဖခင် ဖြစ်ကာ လစန္ဒာမှာမူ နူးညံ့သိမ်မွေ့လှသည့် မိခင်သဖွယ်ပင်။
သစ်ပင်ငယ်လေးသည် လှပဝေဖြာစွာ ကြီးထွားလာ၏။ စိမ်းလန်းစိုပြည်မှုတို့က သူ၏ တစ်ကိုယ်လုံးကို တက်ကြွစွာ လွှမ်းခြုံထားသည်။ ထို့နောက်တွင် ရုတ်တရက်... ကပ်ဘေးကြီး ကျရောက်လာခဲ့လေတော့သည်။
ရက်စက်ယုတ်မာလှသော တိရစ္ဆာန်ကြီးတစ်ကောင်သည် သူ့အား ခြေထောက်ဖြင့် နင်းချေပစ်ခဲ့သည်။ သူ၏ အသက်ကလေးမှာ ဆုံးရှုံးလုနီးနီးပင် ဖြစ်ခဲ့ရသည်။
မကြာခင်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့၏။ လူသားတစ်ယောက်သည် သူ၏ အနီးအနား၌ သေဆုံးကာ သွေးများမှာ သူ့ထံသို့ စီးဆင်းလာခဲ့သည်။ ထိုအရာက ရေအစား သွေး၏ အရသာကို သူ မြည်းစမ်းဖူးသည့် ပထမဆုံးနေ့ ဖြစ်၏။
ကံကောင်းစွာပင် ထိုသွေးမှာ အလွန် အားကောင်းခဲ့သည်။ သူသည် ကိုယ့်ကိုယ်ကို ပြန်လည် ကုစားရင်း လှပဝေဆာသည့် သစ်ပင်ပျိုလေး အဖြစ် ပြန်လည် ရောက်ရှိလာခဲ့သည်။ နေသည် လှည့်ပတ်ကာ လစန္ဒမှာလည်း လှည့်ပတ်နေ၏။ သူသည် ခမ်းနားစွာ ကြီးထွားလိုသည့် ဆန္ဒအတိုင်း ဆက်လက် လျှောက်လှမ်းနေခဲ့ပေသည်။
သူ သစ်ပင်ပျိုတစ်ပင် ဖြစ်လာသောနှစ်၌... လူသားတစ်ယောက်သည် သူ့အား လေ့ကျင့်ရေး ပစ္စည်းသဖွယ် သဘောထားကာ လက်သီးဖြင့် ကြိမ်ဖန်များစွာ ထိုးနှက်ခဲ့သည်။ ထိုဖြစ်ရပ်များက နာကျင်ကာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ကာလများစွာကြာအောင်ပင် သူသည် လူသားတို့၏ လေ့ကျင့်ရာ၊ ဒေါသဖြေစရာ တစ်ခု ဘဝဖြင့် ဖြတ်သန်းခဲ့ရလေသည်။
တစ်နေ့... သူ၏ ခန္ဓာကိုယ်မှာ ထက်ပိုင်းပြတ်လု မတတ် အထိပင် ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် မည်သူမျှ ထပ်မလာတော့ချေ။ သေလုမျောပါး အခြေအနေသို့ ရောက်ရှိနေသည့်တိုင် သူ့တွင် ဆက်လက် ကြီးထွားရန် မျှော်လင့်ချက် ကြိုးမျှင်ကလေး ရှိနေသေးဆဲ ဖြစ်သည်။ သူကောင်းကင်သို့ ရောက်အောင် တက်လှမ်းကာ မိခင်၊ ဖခင်တို့နှင့် တွေ့ဆုံလိုသည်။
ပြင်းပြသော ဆန္ဒများနှင့် အတူ သူ၏ အသွင်သဏ္ဌာန်မှာလည်း ပြောင်းလဲလာခဲ့၏။ ဒဏ်ရာများ ပြန်လည် သက်သာလာကာ သူ၏ ခန္ဓာကိုယ်မှာလည်း ပိုမို၍ ကြီးထွားလာသည်။ ထို့နောက်တွင်... သူ အသီးများ သီးလာခဲ့သည်။ ယင်းတို့ကား လောကတွင် သူ့ကိုယ်ပွား မျိုးဆက်များ ယူဆောင်ပေးလိုသော ဆန္ဒကြောင့် ဖြစ်ထွန်းလာသည့် ထုတ်ကုန်များ ဖြစ်၏။
ကံမကောင်းစွာပင်... ထိုအသီးများကြောင့် လူသားများမှာ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူတို့သည် မညှာမတာပင် သူ၏ သားသမီးများကို စားသောက်ခဲ့ကြသည်။
သူ၏ မိသားစုကမ္ဘာလေးမှာလည်း ပျက်ရွင်းခဲ့ရပြန်သည်။
သို့သော်လည်း သူ အားမလျှော့ချေ။ နေ၊ လ၊ ကမ္ဘာတို့၏ အကူအညီနှင့် အတူ အစွမ်းကုန် ကြီးထွားရန် သူ အားထုတ်၏။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်၌ သူသည် ကမ္ဘာလောကတွင် ထီးထီး ရပ်တည်နိုင်သည့် သစ်ပင်ကြီး တစ်ပင် ဖြစ်လာခဲ့သည်။
လူသားများသည် ပြန်လည် ရောက်ရှိလာပြန်သည်။ သို့သော်လည်း... ယခုတစ်ကြိမ်တွင်မူ အရာရာမှာ ခြားနား သွားခဲ့၏။ သူတို့သည် သူ့အရိပ်အောက်တွင် စုဝေးကြသည်။ တရားထိုင်ကြသည်။ ရှိခိုးဆုတောင်းကြသည်။ သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့ ဆက်ဆံလာကြသည်။
လူသားများ ထိုကဲ့သို့ ပြုလုပ်လာသည်နှင့် အမျှ... သြဇာတိက္ကမ ကြီးထွား၍ အရာအားလုံးအပေါ် လွှမ်းမိုးလိုသည့် ဆန္ဒအသစ် တစ်ခုမှာ သူ့ထံတွင် ထပ်မံ မွေးဖွားလာခဲ့လေသည်။
ထို့နောက်တွင် သူ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြန်၏။ အလွန် ကြီးထွားသည့် သားရဲကြီး တစ်ကောင်သည် သူ့အား တိုက်ခိုက်ကာ ဖျက်ဆီးလုနီးပါးပင် ဖြစ်ခဲ့သည်။ လူသားများသည် ခုခံရန် ကြိုးစားကြသော်လည်း အဆုံး၌ ထွက်ပြေးသွားခဲ့ကြသည်။ သားရဲကြီးသည်လည်း အခြား သားကောင်ကို ရှာဖွေရန် သူ့အနားမှ ထွက်ခွာသွားခဲ့တော့၏။
မကြာမီတွင် လူသားများ ပြန်လည် ရောက်ရှိလာသည်။ သူတို့သည် ဆုတောင်း ပူဇော်ပသကာ သူ့အား ကုစားရန် ကြိုးစားခဲ့ကြသည်။
သူ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိ၏။ သို့သော်လည်း ကံဆိုးစွာပင် ယခုတစ်ကြိမ်၌ သူ၏ ပြန်လည် ဒဏ်ရာကုသနှုန်းမှာ အလွန် နှေးကွေးနေခဲ့သည်။
တစ်နေ့၌... လူသားများသည် အသက် ဆယ့်သုံးနှစ် အရွယ် မိန်းမငယ်လေး တစ်ယောက်ကို လှပသော အဝတ်များဖြင့် ဆင်ယင်ကာ သူ၏ ခြေရင်းကို ခေါ်ဆောင်လာသည်။ မိန်းမငယ်လေးသည် သုံးရက်၊ သုံးညတိုင်တိုင် ဆုတောင်း အဓိဌာန်ဝင်၏။ ထို့နောက်တွင် လူသားများသည် မည်သို့မျှ မျှော်လင့် မထားသော အရာတစ်ခုကို လုပ်ဆောင်ခဲ့လေသည်။
သူတို့သည် မိန်မငယ်လေးကို ခေါင်းဖြတ်ကာ သူမ၏ ကလီစာများနှင့် သွေးများကို သစ်ပင် ခြေရင်းတွင် ပက်ဖြန်း ပစ်ခဲ့ကြသည်။
သူတို့ အဘယ်ကြောင့် ထိုကဲ့သို့ လုပ်ရသည်ကို သူ နားမလည်နိုင်ချေ။ သူ သွေး၏ အရသာကို မုန်းတီး၏။ သို့သော်လည်း မည်ကဲ့သို့ တားဆီးနိုင်ပါမည်နည်း။ ဆက်တိုက်ဆိုသလိုပင် လူသားများသည် သူ့အား မြင့်မြတ်သော အရောင်အဝါရှိသည့် ကလေးငယ်များဖြင့် ယစ်ပူဇော်ခဲ့ကြသည်။
မကြာခင်မှာပင် သူ အပြည့်အဝ ပြန်လည် ကျန်းမာလာကာ သဘာဝ ဖွံ့ဖြိုးနှုန်းကို ပြန်လည် ပိုင်ဆိုင်လာခဲ့သည်။ အချိန်များများစွာ ဖြတ်ကျော်သွား၏။ သူသည်လည်း ကြီးထွားသထက် ပိုမို ကြီးထွားလာနေခဲ့သည်။ ထိုအတောအတွင်း စစ်ပွဲများစွာမှာ သူ၏ ခြေရင်းတွင် ဖြစ်ပွားနေခဲ့သည်။ အသစ်ရောက်လာသော လူသားများသည် မူလနေထိုင်သူများကို သတ်ဖြတ်ကြသည်။ ထိုလူများကို ထပ်မံ ရောက်လာသော လူများက သတ်ဖြတ်ကြပြန်သည်။
နောက်ပိုင်းသို့ ရောက်လေလေ... လူသားများမှာ ပိုမို အတင့်ရဲလာလေလေ ဖြစ်လာခဲ့၏။ သူတို့သည် သူ၏ ခြေရင်းတွင် မနေကြတော့ချေ။ သူ၏ ပင်စည်ကို ဖောက်ကြ၏။ သူ၏ အကိုင်းများပေါ် တက်ကာ စခန်းများ ဆောက်လုပ်ကြသည်။ သူ၏ ကိုယ်လုံးထဲ၌ ဥမင်များ တူးကာ၊ နန်းတော်များကို တည်ထောင်ကြသည်။ သူတို့မှာ သူ၏ ခံစားချက်ကို နည်းနည်းမျှပင် ဂရုမစိုက်ကြချေ။
ထိုကဲ့သို့ များစွာသော အရာများ ဖြစ်ပွားရင်း သူ၏ အတွေး၌ စိတ်တစ်ခုမှာ ဖြစ်တည်လာခဲ့သည်။ သူသည် ထိုစိတ်ကို အသုံးပြုကာ လူသားတို့၏ ခေါင်းဆောင်ကို ဆက်သွယ်ခဲ့သည်။ သို့သော်လည်း လူသား ခေါင်းဆောင်သည် သူ့ကို ကူညီရမည့် အစား ကိုယ်ပိုင် အကျိုးအမြတ်များ အတွက်သာ အသုံးပြုခဲ့သည်။
ထိုရက်စက်သော လူသားတို့သည် သူ့အား ပုဆိန်၊ မီးတို့နှင့် ထိခိုက် အန္တရာယ်ပြုရန် ခြိမ်းခြောက်ကြသည်။ ဆိုးရွားလှသော ကံကြမ္မာနှင့် အတူ သူသည် ကျွန်တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုလူသားများသည် ဝင်္ကပါ အမျိုးမျိုး၊ အစီအရင် အမျိုးမျိုးဖြင့် သူ၏ အသက်ဓာတ်၊ သစ်သား စွမ်းအားတို့ကို စုပ်ယူ စားသုံးခဲ့ကြသည်။ အရာရာက ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သူသိလိုက်၏။ အဖေနှင့် အမေတို့ဆီသို့ သွားရန် မဖြစ်နိုင်တော့ချေ။
ထို့နောက်တွင်... သူ လူငယ် တစ်ယောက်နှင့် တွေ့ဆုံခဲ့၏။ ထိုလူငယ်သည် အပြစ်ကင်းစင်ကာ အခြားလူများ ကြိုးဆွဲသည့် အတိုင်း ကသည်။ မကြာမီတွင်ပင် ထိုကလေးမှာ အားနည်းကြောင်း၊ ကိုယ့်အသက်ကိုပင် မပိုင်ကြောင်း သူ ရှာဖွေ တွေ့ရှိလာသည်။ လူငယ်လေး၏ ကံကြမ္မာအပေါ် သူ စိတ်မကောင်း ဖြစ်နေမိ၏။
ရုတ်တရက်... သူ့တွင် အကြံတစ်ခု ပေါ်လာခဲ့သည်။
စိတ်အပိုင်စီးခြင်း...
သူသည် လူသားများနှင့် နှစ်ပေါင်း မရေမတွက်နိုင်အောင် နေထိုင်ခဲ့ရာ သူတို့ထံမှ တစ်ဆင့် ထိုကျင့်စဥ်ကို သင်ယူဖူးသည်။ ထိုကျင့်စဥ်ဖြင့် လူငယ်လေး၏ ခန္ဓာကိုယ်ကို ရယူကာ ဤစက်ဆုပ်ဖွယ် နေရာမှ ထွက်ပြေးလျှင်ရော...။
သူ ထိုအကြံအား အကောင်အထည်ဖော်ရန် စတင် စဥ်းစားခဲ့၏။ သူ၏ အမြစ်တွင် ကောင်လေး လာရောက် ကျင့်ကြံသော အခိုက်၌ သူ၏ ဆန္ဒမှာ ပိုမို ပြင်းပြလာခဲ့သည်။ သူသာ လူသား တစ်ယောက် ဖြစ်သွားပါက လှုပ်ရှားလာနိုင်လိမ့်မည်။ ပျံသန်းလာနိုင်လိမ့်မည်။ တစ်နေ့တစ်ချိန်တွင် မိဘများကို သွားရောက် တွေ့ဆုံ နိုင်လိမ့်မည်။ အတွေးဖြင့်ပင် ထိုဘဝက လွတ်လပ်လွန်းလှ၏။
တစ်ချိန်တည်း၌ သူ တစ်စုံတစ်ခုကို ဆုံးဖြတ်ထားသည်။ သူ့ဘဝအား ဖျက်ဆီးခဲ့သည့် လူသားဟု ခေါ်သော မိစ္ဆာများကို သူ ပြန်လည် လက်စားချေမည်။ သူတို့အား သတ်ဖြတ်ပစ်ရမည်။
ထိုအရာက မဖြစ်နိုင်သော အရာမဟုတ်ချေ။
သူ ဤနေရာမှ ထွက်ခွာနိုင်သည်နှင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ လုံးဝ ပြိုလဲသွားပေလိမ့်မည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်အတွင်း မှီတည်၍ ဖြစ်တည်နေသော အဆောက်အဦများ၊ ဥမင်များ၊ နန်းတော်များ အကုန်လုံးမှာလည်း ပျက်စီးရလိမ့်မည်။
ယင်းတို့၌ နေထိုင်ကြသော လူသားများမှာလည်း...။
ထိုက်တန်ပေသည်။ မိစ္ဆာကောင်များ အားလုံးသည် ထိုအရာနှင့် ထိုက်တန်ပေသည်။
ပိုင်နိုင်သော အကြံနှင့်အတူ သူ လူငယ်လေးထံ ချည်းကပ်ကာ ဆက်သွယ်လိုက်၏။ အလိမ်အညာအချို့ သုံးပြီးနောက်၌ လွယ်လွယ်ကူကူပင် လူငယ်လေးမှာ သူ၏ စိတ်ကို အပိုင်စီးရန် ခွင့်ပြုခဲ့သည်။
ဤသို့ဖြင့် သူသည် “စိတ်အပိုင်စီးခြင်း ကျင့်စဥ်” ကို သုံးကာ လူငယ်လေး၏ စိတ်ကို စတင် ဝါးမျိုခဲ့သည်။ အတော်လေး ခရီးပေါက်သည် အထိ အရာရာမှာ လွယ်ကူလွန်းလှပေသည်။ သို့သော်လည်း မမျှော်လင့်စွာပင်...။
...
“ဝှစ်...”
ဝေ့ဝူယင်သည် နက်ရှိုင်းစွာ နစ်မြုပ်နေသော မှတ်ဉာဏ်များမှ ပြန်လည် နိုးထလာ၏။ ထိုအရာက သူ၏ မှတ်ဉာဏ်များ မဟုတ်ချေ။ ဧဒင် သစ်ပင်ကြီး၏ မှတ်ဉာဏ်များသာ ဖြစ်သည်။
မဆိုင်းမတွပင် သူ မျက်နှာနှင့် ခန္ဓာကိုယ်တို့ကို ဆန်းစစ်လိုက်၏။ သူ၏ သွားများမှာ ပြန်လည် ပေါက်နေပြီ ဖြစ်ကာ သူ၏ ရုပ်ရည်မှာ ပြန်လည် ပြည့်စုံသွားခဲ့ချေပြီ ဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှကို တွေးရင်း သူ၏ ရင်က တဒိန်းဒိန်း ခုန်နေခဲ့၏။ မည်သို့မည်ပုံ ဖြစ်သွားမှန်း မသိသော်လည်း ဧဒင်သစ်ပင်ကို ဝါးမျိုပြီးနောက် သူသည် မူလစိတ်အား ချည်နှောင်ထားသည့် သံကြိုးများကို ချိုးဖျက်ကာ လွတ်မြောက်လာနိုင်ခဲ့သည်။
ယခုဆိုလျှင် သူကား သူ ပြန်ဖြစ်သွားခဲ့ချေပြီ။
ဝေ့ဝူယင်၏ မျက်လုံးမှ မျက်ရည်များ စီးကျလာ၏။ သူ နှလုံးသားထဲရှိ ပျော်ရွှင်မှု ပမာဏကား ဖော်ပြ၍ပင် မရတော့ချေ။
“ငါ အသက်ရှင်ပြီကွ...”
သူ အသံကုန် ဟစ်အော်လိုက်မိသည်။ သို့သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သူ သတိရသွား၏။ ဧဒင်သစ်ပင်၏ မှတ်ဉာဏ်များ အရဆိုလျှင် မကြာခင်...။
ဝေ့ဝူယင်၏ မျက်လုံးများမှာ ထိတ်လန့်မှုများနှင့် ပြည့်နှက်သွားသည်။
“ငါ ခုချက်ချင်း ထွက်မှဖြစ်မယ်”
သူ တုန့်ဆိုင်းမနေတော့ပဲ အနီးအနားရှိ ဥမင်လိုဏ်ခေါင်းမှ တစ်ဆင့် ပြေးလေတော့သည်။ သူကား လတ်တလော၌ ဧဒင်သစ်ပင်၏ အမြစ်၌ ရှိနေခြင်း ဖြစ်သည်။ ဧဒင်သစ်ပင်လဲသည်နှင့် အထဲရှိ အရာအားလုံးမှာ ပျက်စီးရပေလိမ့်မည်။
အခြားလူများကို သတိပေးရန်လား... ဝေ့ဝူယင်တွင် ထိုမျှ သဘောကောင်းရန် အချိန် မရှိချေ။ သူ၏ ရင်တစ်ခုလုံးမှာ တဒိုင်းဒိုင်း တုန်ခါနေခဲ့၏။ တစ်နာရီခန့် အသည်းအသန် ပြေးပြီးနောက်၌ သူ ဥမင်အဝရှိ အလင်းရောင်ကို မြင်လာခဲ့ရ၏။
ပြေးနေစဥ်အတွင်း ခန္ဓာကိုယ်မှာ အလွန် ပေါ့ပါးနေကြောင်း ဝေ့ဝူယင် သတိထားလိုက်မိ၏။ သူက သေချာ ဆန်းစစ်လိုက်ရာ အစွမ်းထက်သော အင်အားတစ်ခု သူ့နှလုံးသားထဲတွင် တည်ရှိနေကြောင်း ခံစားလိုက်ရသည်။ ၎င်းသည် အဆုံးမဲ့သော အသက်စွမ်းအား၊ သစ်သား စွမ်းအင်များနှင့် ပြည့်နှက်နေ၏။
“ဒါက...”
ထိုအရာများကား ဧဒင်သစ်ပင်ထံမှ သူ ရရှိလိုက်သော အကျိုးအမြတ်များပင် ဖြစ်ပေသည်။
ဟူး...
ဥမင်မှ ထွက်လာပြီးနောက် သူ ပို၍ မြန်သထက် မြန်အောင် ပြေး၏။ မကြာခင်မှာပင် သူ ဆယ်မိုင်ခန့် အကွာအဝေးသို့ ရောက်ရှိလာခဲ့သည်။ သူ ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်လိုက်၏။ ပုံမှန်အတိုင်း တည်ရှိနေပုံ ပေါက်သည့်တိုင် ထိုသစ်ပင်ကြီးမှာ တစ်ခဏအတွင်း ပြိုကျတော့မည် ဖြစ်ကြောင်း သူသိလိုက်ပေသည်။
“လုပ်ထားစမ်း...”
သူက အသံကုန် အော်ဟစ်လိုက်၏။
ထို့နောက် စက္ကန့်ပိုင်းမျှ အတွင်းမှာပင်...
ဘုန်း...
ကြောက်မက်ဖွယ် တော်လဲသံကြီးနှင့် အတူ ကောင်းကင်တမျှ ကြီးမားသော မဟာ သစ်ပင်ကြီးမှာ ဖဲချပ်အိမ် တစ်ခုအလား ပြားပြားဝပ်အောင် ပြိုလဲကျသွားလေတော့သည်။
***