← Chapters

ကြိုးကြာဖြူ၏ စွန့်စားခန်း

Vol. 5 Ch. 66

ကြိုးကြာဖြူ၏ စွန့်စားခန်း

Vol. 5 Ch. 66

လွန်ခဲ့သော ခုနစ်နှစ်ကျော်ခန့်က ကြိုးကြာဖြူသည် သခင်ဖြစ်သူ ဝေ့ဝူယင်ကို ဧဒင်ကမ္ဘာဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့သည်။ သူမသည် အချိန်တိုအတွင်း ဝေ့ဝူယင် ပြန်လည် ကောင်းမွန်လာမည်၊ ထို့နောက် အိမ်သို့ ပြန်ကြမည်ဟု ယုံကြည်ထားခဲ့သည်။

ကံမကောင်းစွာပင် ကြိုတင်မှန်းဆ၍ မရသော အဖြစ်အပျက်များသည် အလွန် စိတ်ဝင်စားဖွယ် ကောင်းသော ကံကြမ္မာဆီသို့ ဦးတည်သွားစေခဲ့လေသည်။

သဘောတူညီမှု အတိုင်းပင် သူမသည် ချူးလမ့်ရှီး၏ သားရဲတစ်ကောင် ဖြစ်လာခဲ့သည်။ ချူးလမ့်ရှီးသည် သူမအား အထူးဂရုစိုက်ခဲ့ရာ အရာရာက အဆင်ပြေခဲ့သည်။ မကြာခင်မှာပင် ချူးလမ့်ရှီးသည် ချီပျစ်ခဲခြင်း အဆင့်နှစ် နူးညံ့စွာ စီးဆင်းခြင်း အဆင့်သို့ တက်လှမ်းသွားခဲ့သည်။

သူမ၏ အဆင့်အတန်းမှာ ပိုမို မြင့်မားလာ၏။ ထို့အတူ ကြိုးကြာဖြူမှာလည်း ပိုမို ကောင်းမွန်သော ဂရုစိုက်မှုများကို လက်ခံ ရရှိလာခဲ့သည်။ ချူးလမ့်ရှီးသည် အဂ္ဂိရတ် ပညာရှင်များ ဖန်တီးထားသည့် အရသာ ရှိသော အစာများကို သူ့အား ကျွေးမွေးသည်။ အသားများ၊ ရောင်စုံအရည်များဖြင့် ပြုစုသည်။

ထိုအချိန်များ၌ ကြိုးကြာဖြူသည် ချူးလမ့်ရှီးမှာ မဆိုးလှ ဟုပင် စတင် ခံစားလာခဲ့မိသည်။ သူမ၏ ခွန်အားမှာ တဖြည်းဖြည်း မြင့်တက်လာကာ သူ၏ အဖြူ‌ရောင် အမွေးအတောင်များမှာ ပိုမို တောက်ပလာ၏။ သူမ၏ ခန္ဓာကိုယ်မှာလည်း ပို၍ပင် ကြီးမားလာခဲ့သည်။ လပေါင်း အနည်းငယ် အကြာ၌ ချူးလမ့်ရှီးသည် တာဝန်တစ်ခုကို လက်ခံရရှိခဲ့ပြီး ဂိုဏ်းမှ ထွက်ခွာရန် ဖြစ်လာခဲ့သည်။

သူမ၏ သားရဲအနေဖြင့် ကြိုးကြာဖြူသည်လည်း လိုက်ပါခဲ့ရသည်။ သူတို့သည် အခြားလူများနှင့် အတူ ခရီးထွက်ခဲ့ကြ၏။ သို့သော်လည်း လမ်းခရီး၌ သစ္စာဖောက်မှု တစ်ခု ဖြစ်ပွားခဲ့လေသည်။

ပြန်လည်တွေးပါက သိပ်နားမလည်သော်လည်း... အလွန် ရက်စက်သည့် လူကြီးတစ်ယောက်မှာ ဓားဖြင့် ချူးလမ့်ရှီး၏ နှလုံးသားအား ထိုးဖောက်လိုက်သည်ကို သူမ တွေ့မြင်ခဲ့ရသည်။

တစ်ချိန်တည်း၌ အခြားလူများမှာ ထိုမြင်ကွင်းကို ထူးမခြားနားသော အမူအရာများနှင့် ကြည့်နေခဲ့ကြသည်။ အချို့ဆိုလျှင် ရယ်မော၍ပင် နေကြ၏။ လူသားများ၏ အတွေးနှင့် အကြံအစည်များမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ကြိုးကြာဖြူသည် ထိုဖြစ်ရပ်များကြောင့် ကြောက်လန့်ကာ ချက်ချင်း ထွက်ပြေးခဲ့သည်။ လူသားများသည် သူ့နောက်မှ လိုက်ကာ ဖမ်းဆီးရန် ကြိုးစားခဲ့ကြ၏။ ကြည့်ရသည်က သူတို့သည် သူမအား သတ်ဖြတ်ရန် မဟုတ်ပဲ ယဥ်ပါးလိုနေကြပုံသာ ပေါ်သည်။ သို့သော်လည်း... သူမ မစွန့်စားရဲခဲ့ချေ။

ရက်အနည်းငယ် ကြာပြီးနောက်၌... ကံကောင်းထောက်မစွာ သူမ လွတ်မြောက်သွားခဲ့၏။ သို့သော်လည်း တဖန် ကံဆိုးစွာပင် သူမ လမ်းပျောက်သွားခဲ့သည်။ ဂိုဏ်းသို့ ပြန်ရန် လမ်းမသိတော့ချေ။ ထို့အပြင် ဝေ့ဝူယင် ပြန်လည် ကောင်းသွားပြီလား ဆိုသော ကိစ္စကလည်း မသေချာချေ။ သူမသည် ရောက်ရှိရာ နေရာတွင်ပင် ကျက်စားရင်း ဝေ့ဝူယင် လာအရှာကိုသာ စောင့်နေခဲ့သည်။

ထိုညများသည် အေးစက်လှကာ နေ့များမှာလည်း အစားအစာအတွက် လုံးပမ်းရခြင်းများနှင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင်၏ နံဘေးတွင် သက်တောင့်သက်သာ လဲလျောင်းခဲ့ရသော ‌နေ့ညများကို သူမ ပြန်လည် တမ်းတ နေမိခဲ့သည်။ သူတို့ ခရီးထွက်ချိန်များတွင် ဝေ့ဝူယင်သည် အမျိုးမျိုးသော ကိရိယာများနှင့် မီးဖိုကာ သူမအတွက် အနွေးဓာတ်များကို ပေးစွမ်းခဲ့သည်။

တစ်နေ့...

သူမ မြက်ခင်းတစ်ခုထက်၌ အိပ်နေစဥ် ကျင့်ကြံသူ တစ်စုမှာ သူမအား ပိုက်ကွန်ဖြင့် ခြုံခို ဖမ်းဆီးခဲ့သည်။ ပိုက်ကွန်သည် အလွန် လေးလံကာ သူမ၏ အမွေးအတောင်များ အားလုံးကို ချုပ်နှောင်ထား၏။ ရုန်းကန်ရန် မည်မျှပင် ကြိုးစားစေကာမူ သူမ၏ အားထုတ်မှု မှန်သမျှက အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ သူမသည် ထိုကျင့်ကြံသူများထဲမှ အချို့ကို ပြန်လည် သတ်ဖြတ်နိုင်ခဲ့သည့်တိုင် နောက်ဆုံးတွင် အဖမ်းခံခဲ့ရလေသည်။

သူတို့သည် သူမအား သန်မာထွားကြိုင်းပြီး ကြမ်းကြုတ်သော လူကြီး တစ်ယောက်၏ ရှေ့သို့ အတင်းအကြပ် ခေါင်ဆောင် သွားခဲ့ကြ၏။ ထိုကြမ်းကြုတ်သော လူကြီးသည် သူမအား နည်းလမ်အမျိုးမျိုးဖြင့် ယဥ်ပါးလာရန် ကြိုးစားခဲ့သည်။ ကြိုးကြာဖြူသည် ပါးနပ်သော တိရစ္ဆာန် တစ်ကောင် ဖြစ်ပါသည်။ ထို့ကြောင့်ပင် သူမသည် ထိုလူကြီး အမိန့်ပေးသမျှကို လိုက်နာခဲ့သည်။

အဘယ်ကြောင့် ညှဥ်းပန်းနှိပ်စက်ခံကာ ခေါင်းမာရမည်နည်း။ သခင်ဖြစ်သူ ဝေ့ဝူယင်က သူမအား လိုက်လျောညီထွေ နေထိုင်တတ်ရန် သင်ကြားထားခဲ့သည်။

ကြမ်းကြုတ်သော လူကြီးသည် ကြိုးကြာဖြူ၏ ပါးနပ်ကာ ယဥ်ပါးလွယ်သော တုန့်ပြန်မှုများကြောင့် သဘောကျနေခဲ့သည်။ ထို့ကြောင့်ပင် သူသည် ညှဥ်းပမ်းနှိပ်စက်မှုများကို ရှောင်ရှားခဲ့၏။

နောက်သုံးနှစ်အတွင်း ကြိုးကြာဖြူသည် ထိုလူကြီး၏ လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်ပေးခဲ့သည်။ သူမသည် သယ်ယူ ပို့ဆောင်ရေး သားရဲ အပြင်၊ တိုက်ခိုက်ရေး သမား တစ်ယောက်၏ တာဝန်များကိုပါ ယူခဲ့ရသည်။ ကံကောင်းထာက်မစွာပင် သူမ၏ ခွန်အားမှာ ထိုနယ်ပယ်ရှိ အခြားလူ အများစုထက် သာလွန်နေရာ ဖိအားများစွာ သိပ်မရှိခဲ့ချေ။ ထို့အပြင် ကြမ်းကြုတ်သော လူကြီးမှာလည်း သူမအား ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဆင်ယင်ထားပေးသေးရာ အရာရာမှာ အဆင်ပြေလှသည်။

ထိုနှစ်များအတွင်း ကြိုးကြာဖြူသည် သတ်ခိုင်းသည့် လူများကို သတ်၏။ သွားခိုင်းသည့် နေရာများကို သွား၏။ ထိုအရာကပင်လျှင် အလွန် ပျော်ရွှင်ဖွယ်ကောင်းသယောင် ခံစားခဲ့ရသည်။ အထူးသဖြင့် နှုတ်သီးဖြင့် ဦးခေါင်းများအား ထိုးခွဲရသည့် အရသာကို သူမ အလွန် နှစ်ခြိုက်မိသည်။ ထိုလူသားများမှာ သူမသခင် ကဲ့သို့ မသန်မာပဲ အားနည်းလွန်းလှသည်။

ထိုသုံးနှစ် အဆုံးသတ်မည့် တစ်ည၌...

ကြမ်းကြုတ်သော လူကြီးသည် မိန်းမလှလေး တစ်ယောက်ကို သူ၏ အိပ်ယာထက်သို့ ခေါင်ဆောင်လာခဲ့သည်။ ထိုညတွင်ပင် သူ လုပ်ကြံခံရကာ သေဆုံးသွားခဲ့၏။

ထိုလူကြီး သေဆုံးပြီးနောက် ပိုမို ကြမ်းကြုတ်သည့် သူ၏ သားဖြစ်သူသည် ကြိုးကြာဖြူအား ခေါ်ဆောင်သွားခဲ့သည်။ လအနည်းငယ် အကြာ၌ တူညီသော မိန်းမလှလေးသည် သူ၏ အိပ်ရာထက်သို့ ရောက်ရှိလာပြန်သည်။ ကြိုးကြာဖြူသည် ပထမ၌ တစ်ခုခုလုပ်ရန် စဥ်းစားမိသော်လည်း နောက်ဆုံးတွင် အသာသာ ငြိမ်နေလိုက်၏။

ခန့်မှန်းထားသည့်အတိုင်းပင် သားဖြစ်သူသည်လည်း သေဆုံးသွားခဲ့ပြန်သည်။

သို့ဖြစ်ရာ... သူမ ထွက်ခွာရန် အကြောင်းဖန်လာခဲ့၏။ ယခုတစ်ကြိမ်တွင် မည်သူမျှ သူမအား မတားနိုင်ကြတော့ချေ။ တောင်ပံများကို ဖြန့်ကျက်ရင်း ကောင်းကင်တစ်ခွင် သူမ ပျံသန်း၏။ လပေါင်းများစွာ ကြာမြင့်ပြီးနောက် ဧဒင်ကမ္ဘာဂိုဏ်း အထိ ပြန်လည် ရောက်ရှိလာခဲ့သော်လည်း အထဲသို့ မဝင်ရန် သူမ ဆုံးဖြတ်လိုက်သည်။ အနီးအနားတွင်ပင် ကျက်စားရင်း သခင်ဖြစ်သူ အလာကို စောင့်ဆိုင်းနေခဲ့၏။

ကြမ်းကြုတ်သော လူကြီးနှင့် သုံးနှစ်ကြာ  အချိန်ဖြုန်းပြီးနောက် ကြိုးကြာဖြူကား အတော်ပင် ပါးနပ် နေခဲ့ပြီ ဖြစ်သည်။ သူသည် တောများတောင်များထဲတွင် ပုန်းအောင်း နေထိုင်ကာ အန္တရာယ် မဖြစ်အောင် အထူးသဖြင့် လူသားများနှင့် မတွေ့အောင် ရှောင်ရှားနေထိုင်ခဲ့သည်။

တစ်နေ့၌ သစ်ပင်သစ်ပင်ကို သူမ တွေ့ရှိခဲ့၏။ ထိုသစ်ပင်တွင် တွဲလောင်းကျနေသည့် အသီးတစ်လုံး သီးနေ၏။ ထိုသစ်သီးသည် တစ်ပင်လုံးတွင် တစ်လုံးတည်း သီးသော အသီးဖြစ်ပြီး ရွှေရောင်အဆင်း ရှိသည်။ သိချင်စိတ် ပြင်းပြစွာဖြင့် သူမ ထိုသစ်သီးကို နှုတ်သီးဖြင့် ထိုးကြည့်လိုက်သည်။ အနံ့အရသာ ကောင်းမွန်ကာ ပုံမှန်ဖြစ်ကြောင်း သေချာသော အခါမှ သူမ ထိုတစ်ခုလုံးကို ဝါးမျိုပစ်လိုက်သည်။

လအနည်းငယ် ကြာပြီးသည့်နောက်... သူမ၏ နှုတ်သီးနှင့် မျက်လုံးများမှာ ‌ရွှေရောင်အဖြစ် စတင် ပြောင်းလဲလာသည်။ ရေကန်ထဲကို ငုံ့ကြည့်ချိန်၌ ထိုပြောင်းလဲမှုများကို သူမ မြင်တွေ့ရ၏။ နောက်ပိုင်း၌ သူမ၏ ခန္ဓာကိုယ်မှ ပို၍ပင် ကြီးထွားလာကာ အဆုံးမဲ့ စွမ်းအင်များနှင့် ပြည့်နှက်နေသလို ခံစားလာရသည်။

သူမကား ယခင်ကထက် သုံးဆ ပိုမို ကြီးထွားကာ ဧရာမ မိုးပျံ သားရဲကြီးတစ်ကောင် ဖြစ်လာခဲ့သည်။ နေသွေးနီနီဂိုဏ်းရှိ အနက်ရောင် ကြိုးကြာများကိုပင် အနိုင်ပိုင်းနိုင်ရန် သူမ ယုံကြည်ချက်များ ရှိနေခဲ့ပြီ ဖြစ်သည်။

မကြာခင်တွင် ထူးခြားသော စွမ်းအင်တစ်မျိုး ရရှိလာကြောင်း သူမ သတိထားမိလာသည်။ သူမသည် နှုတ်သီးမှ နေ၍ ရွှေရောင်စွမ်းအင် အလင်းတစ်ခုကို ပစ်လွှတ်နိုင်သည်။ ထိုအလင်းတန်းသည် အလွန် စွမ်းအားကြီးကာ ပေါက်ကွဲထွက်နိုင်သည်။ သူမ၏ နှလုံးသားထဲတွင် မယုံကြည်နိုင်သော ခံစားချက်များ ဖြစ်ပေါ်နေ၏။ ထိုအလင်းတန်းအား ကစားရင်း သူမကား အနီးအနားရှိ မိုးပျံသားရဲများ၏ ဧကရီ ဖြစ်လာခဲ့လေသည်။

ဤသို့နှင့် နယ်မြေတစ်ခုကို သူမ အပိုင်စား ရလာခဲ့၏။ ငှက်ငယ်လေးများသည် အတောင်ပံ ဝပ်ကာ သူမထံ၌ ဦးညွှတ်ကြရသည်။ ထိုအရာက အာဏာလော သို့မဟုတ် ပြိုင်ဘက်ကင်းမှုလော... သူမ၏ နှလုံးသား တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုများနှင့် လွှမ်းခြုံနေ၏။

သူမသည် သူမ၏ အလုပ်များကို သားရဲငယ်များအား စတင် ခိုင်းစေတော့သည်။ သူမအတွက် အစားအစာ၊ သူမ လုံခြုံစွာ အိပ်စက်နိုင်ရန် အတွက် လုံခြုံရေး... စသည်ဖြင့် အစစ အရာရာမှာ အဆင်ပြေလာခဲ့၏။ သူမ၏ နယ်မြေအတွင်း ဝင်ရောက်လာသည့် လူသားအားလုံးမှာ အသက်များကို ထားရစ်ခဲ့ရသည်။

ထို့နောက်တွင်...

သူမ အမြဲတမ်း မှတ်မိနေမည့် လေချွန်သံ တစ်ခုကို ကြားခဲ့ရလေ၏။

ကြိုးကြာဖြူသည် အရာအားလုံးကို စွန့်လွှတ်ကာ ချက်ချင်းပင် ပြေးထွက်လာခဲ့သည်။ မကြာခင်တွင်ပင် ထိုင်နေသော သခင်ဖြစ်သူကို သူမ တွေ့လိုက်ရ၏။ ပျော်ရွှင်မှု အပြည့်ဖြင့် တွန်သံတစ်ခုကို သူမ ထုတ်ဖော်လိုက်မိတော့သည်။

နောက်ဆုံး၌ အိမ်ကို ပြန်နိုင်ပေတော့မည်။

***

All Chapters