ပကတိငါးဖြာအရံအတား
Vol. 4 Ch. 310
လော်ဝါဒဂိုဏ်းကွဲ အတော်များများမှာ ငရဲမင်းထံမှ စိန်ခေါ်စာကို ရရှိခဲ့ကြလေသည်။ သို့သော် တကယ်တမ်း ဆန်းလျန် သတ်ဖြတ် သုတ်သင်ပစ်ခဲ့သူက အနည်းငယ်သာ ရှိလေသည်။ သူသတ်ဖြတ် ခဲ့သူများမှာလည်း အမှန်တကယ် ဆိုးသွမ်း ယုတ်မာသူများနှင့် ရက်စက် ကြမ်းကြုတ်သည့် မိစ္ဆာကျင့်စဉ် များကို ကျင့်ကြံသည့် သူများသာ ဖြစ်လေသည်။
နောက်ဆုံးတွင်တော့ ဆန်းလျန်၏ စွမ်းဆောင်မှု များကြောင့် လော်ဝါဒ စည်းဝေးပွဲကြီးတွင် ယှဉ်ပြိုင်ရမည့် သူမှာ နှစ်ယောက်သာ ကျန်ရှိ လေတော့သည်။
တစ်ယောက်မှာ ဆန်းလျန်၏ ကူညီပေးနေသည့် ကြာပန်း ကိုးပွင့်ကျောင်းတော်မှ ကျောက်ရှောင်ယွီ ဖြစ်ပြီး နောက်တစ်ယောက်မှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ကူညီပေးထားသည့် သူတော်စင် မိန်းမပျို ချင်းယင်းပင် ဖြစ်လေသည်။
သူတော်စင်မိန်းမပျို ချင်းယင်း ဆိုသည်က သူမ၏တန်ခိုးကို သုံးဆ ပေါင်းလျှင်တောင် ကျောက်ရှောင်ယွီကို အနိုင်ရမည့်သူ မဟုတ်ပေ။ ကျောက်ရှောင်ယွီမှာ ထျန်းဝိုက်ထျန်းမှ လူသတ်သမားများကြောင့် ဒဏ်ရာ ရထားသည့်တိုင် ချင်းယင်းကိုတော့ အသာလေးပင် အနိုင်ရမည့်သူ ဖြစ်လေသည်။
သို့သော် သူတော်စင် မိန်းမပျို ချင်းယင်းက လော်ဝါဒ ဂိုဏ်းကွဲများ အပေါ်တွင် သြဇာ ညောင်းသူ ဖြစ်လေသည်။ သူမကို နောက်ကွယ်မှ ပံ့ပိုးပေးနေသည့် သူများကလည်း များစွာ အစွမ်းထက် ကြလေသည်။
လော်ဝါဒ စည်းဝေးပွဲကြီးတွင် သူမကို ကူညီရန်အတွက် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ အဆင့်မြင့် ကျင့်ကြံသူများပင် ရောက်ရှိ နေကြလေသည်။ ထိုအချက်က သူမ၏ ပြိုင်ဘက်များကို ကြောက်ရွံ့ ထိတ်လန့်စေလေသည်။
ဆန်းလျန်က လော်ဝါဒ ဂိုဏ်းကွဲများမှ လူအချို့ကို သုတ်သင်ခဲ့ပြီး ငရဲမင်းထံမှ စိန်ခေါ်စာကို ပို့သည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည့် အတွက် လော်ဝါဒ ဂိုဏ်းကွဲ အများစုမှာ ဆန်းလျန်နှင့် ပတ်သက်နေသည့် ကျောက်ရှောင်ယွီကိုပါ အထင်ကြီး လေးစား လာကြလေသည်။
ကျောက်ရှောင်ယွီက သူမထံသို့ ပူးပေါင်း လာကြသည့် လော်ဝါဒ ဂိုဏ်းကွဲများကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် အုပ်ချုပ် နိုင်လေသည်။ သူမသည် ခေါင်းဆောင် တစ်ယောက် ဖြစ်လာရန် မွေးဖွားလာသူ တစ်ယောက် ဖြစ်လေသည်။ လူအများသည် သူမကို တစ်ချက်ပင် ငြင်းဆန်ခြင်း မရှိဘဲ အမိန့်ကို နာခံကြလေသည်။
ဆန်းလျန်သည် ကျောက်ရှောင်ယွီ၏ အရည်အချင်းများကို အထင်ကြီး လေးစား နေမိလေတော့သည်။
သို့သော် လူအများစုမှာ ဆန်းလျန်ကို ကြောက်ရွံ့ နေကြဆဲ ဖြစ်လေသည်။ ဆန်းလျန်က ဆိုးသွမ်း ယုတ်မာသူများကို သတ်ဖြတ် ပစ်ခဲ့သည့် အတွက် ကျန်ရစ်သူများက စိတ်ပူနေကြခြင်း ဖြစ်လေသည်။ သို့သော် ဆန်းလျန်က လော်ဝါဒနှင့် ပတ်သက်ပြီး သိပ်ပြီး ထဲထဲဝင်ဝင် ပတ်သက်လိုခြင်း မရှိပါ။ သူက ကျောက်ရှောင်ယွီကိုသာ ကူညီခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ကျင့်စဉ်လမ်း အဆင့်မြင့်မားစွာ တက်လှမ်း နိုင်သည့် ပါရမီရှင် တစ်ယောက် ဖြစ်သည့်တိုင် သူက မိမိကိုယ်ကို နှိမ့်ချသူ တစ်ယောက် ဖြစ်လေသည်။
သူက ချင်းရွှမ်နတ်တံခါးမှ ကျင့်စဉ်များ အားလုံးကို သိရှိပြီးပြီ ဖြစ်လေသည်။
ယခုလည်း သူက လော်ဝါဒ ဂိုဏ်းကွဲများမှ လူပေါင်းများစွာနှင့် လောက်ဝါဒမှ ကျင့်စဉ်များ အကြောင်းကို ပြောဆို ဆွေးနွေး ကြည့်လေသည်။ သူ့အတွက်လည်း ပညာတိုးသလို သူ၏ ကျင့်စဉ်လမ်း အတွက်လည်း အထောက်အကူ ပြုလေသည်။
"အခြားသူများကို သင်ကြားပေးခြင်းဖြင့် မိမိကိုယ်တိုင်လည်း တိုးတက် လာစေသည်"
ဆိုသည့် တရုတ် စကားပုံ ရှိလေသည်။
လူတစ်ယောက်တည်း၏ အသိဉာဏ်ထက် လူပေါင်း များစွာ၏ အသိဉာဏ်များ ပေါင်းစည်းမှုက ပိုပြီး အကျိုးရှိ နိုင်လေသည်။ လူအများ၏ အမှားများထံမှ သင်ခန်းစာ ယူနိုင်သလို လူအများ၏ အသိဉာဏ် များကိုလည်း ကြားနာ မှတ်သားနိုင်လေသည်။
ဆန်းလျန်သည် ကျောက်ရှောင်ယွီထံသို့ လာရောက် ပူးပေါင်းကြသည့် လော်ဝါဒ ဂိုဏ်းကွဲများမှ လူအများနှင့် ကျီမော့ တောင်ထိပ်တွင် တရား ဆွေးနွေး နေလေသည်။
ထိုအချိန်တွင် ….
ကျီမော့တောင်ထိပ် တစ်နေရာတွင် ရှိသည့် ချင်းယင်းဝတ် ကျောင်းတော်သို့ ချန်မုပိုင် ရောက်ရှိ လာလေသည်။
ချင်းယင်းဝတ် ကျောင်းတော်ဆိုသည်မှာ မကြာသေးမီကမှ သူတော်စင် မိန်းမပျိုချင်းယင်းက တည်ဆောက် ထားသည့် ဝတ်ကျောင်းတော် ဖြစ်လေသည်။ ချင်းယင်းဝတ် ကျောင်းတော်သည် ကျောက်တောင်ကြီး တစ်ခုအပေါ်တွင် တည်ရှိလေသည်။ ထိုကျောက်တောင်ကြီးမှာ မိုင်ပေါင်းများစွာ ကျယ်ဝန်းပြီး အေးချမ်း တိတ်ဆိတ်သည့် နေရာတစ်ခု ဖြစ်လေသည်။
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ချန်မုပိုင်သည် ချင်းယင်းဝတ် ကျောင်းတော် အတွင်းသို့ ဝင်ရောက် လာလေသည်။
သူတော်စင် မိန်းမပျိုချင်းယင်းက ချန်မုပိုင်ကို တလေးတစားဖြင့် ကြိုဆိုလိုက်သည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ ဖော့ဝမ့် အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ပါးတွင် ချန်မုပိုင်က မည်သူနှင့်မှ တိုက်ခိုက်လေ့ သိပ်မရှိပေ။ သို့သော် သူ၏ တန်ခိုးစွမ်းအားများက လျှို့ဝှက် ဆန်းကြယ် လွန်းလေသည်။ ဟွမ်ကျန်းပင်လျှင် သူ့ကို လေးလေးစားစားနှင့် ဆက်ဆံလေ့ ရှိလေသည်။ ထို့ပြင် သူကျင့်ကြံထားသည့် ဟွင်ယွမ်ချိကုန်း ကျင့်စဉ်သည် အဆက်မပြတ် တိုးတက်လျက် ရှိလေသည်။
ချင်းယင်းဝတ် ကျောင်းတော် အတွင်းသို့ ချန်မုပိုင် ဝင်ရောက် လာသည့်ဟန်က တန်ခိုးစွမ်းအား ပြည့်ဝ လွန်းလသည်။ သူ့ကို ဂါရဝပြုနေသည့် ချင်းယင်းကို သူက ခေါင်းညိတ် အသိအမှတ် ပြုလိုက်သည်။
"ဆရာဦးလေး၊ ရောက်လာတာ အချိန်ကိုက်ပဲ၊ ဆရာ ဦးလေးချိချိန်လည်း ရောက်နေတယ်၊ အတွင်းခန်းဆောင်မှာ တရား ထိုင်နေပါတယ်"
ချင်းယင်းက ပြောလိုက်သည်။
"ဂိုဏ်းတူ အစ်ကိုချိချိန်လည်း ဒီကို ရောက်နေတာလား၊ ကောင်းလိုက်တာ၊ ကျုပ် အစ်ကိုချိချန်နဲ့ ဆွေးနွေးစရာ ကိစ္စရှိတယ်"
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဖော့ဝမ့်အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ပါးမှာ လောကတွင် လှည့်လည် သွားလာနေသူ များလည်း ရှိကြသလို အခြားသော တိတ်ဆိတ်သည့် တောတောင်များတွင် ကျင့်ကြံနေကြသည့် သူများလည်း ရှိလေသည်။ သူတို့ အားလုံးသည် ထိုက်ချန်းတောင်ထိပ်တွင် အမြဲတမ်း နေထိုင်ကြသည့်သူများ မဟုတ်ကြပေ။ သို့သော် ထိုက်ချန်း တောင်ထိပ်သို့ ပြန်လာလိုလျှင်လည်း သူတို့၏ တန်ခိုးစွမ်းအားဖြင့် ဆိုလျှင် နေ့ဝက်ခန့်နှင့် ပြန်လာနိုင်ကြသူများ ဖြစ်လေသည်။
ထို့ကြောင့် ညီအစ်ကို ဆယ့်နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံ ခဲ့ကြလေသည်။
အတွင်းခန်းဆောင်သို့ ချန်မုပိုင် ဝင်ရောက် လာလေသည်။
အတွင်းခန်းဆောင်ထဲတွင် တရားထိုင်နေသည့် တာအို ဆရာတစ်ယောက်ကို တွေ့လိုက် ရသည်။ ထိုတာအိုဆရာက အနီရောင် ဝတ်ဆင် ထားလေသည်။ သူ၏ အသက်အရွယ်က ခန့်မှန်းရ ခက်လှသည်။ သို့သော် သူ၏ မုတ်ဆိတ်မွေးများမှာ မီးခိုးရောင် သန်းနေသည်ကို ကြည့်ခြင်းအားဖြင့် အသက်အရွယ် ကြီးရင့်ပြီ ဖြစ်သည်ဟု ယူဆ၍ရလေသည်။
တာအိုဆရာ၏ ဆံပင်ထက်တွင် ကျောက်စိမ်း ဆံထိုးတစ်ခု ထိုးစိုက်ထားပြီး ခါးတွင် ဓားတစ်လက် ချိတ်ထားလေသည်။
ထိုတာအိုဆရာက မျက်လုံးများကို အသာ ဖွင့်ကြည့်လိုက်သည်။
သူ၏ မျက်လုံးများကို အဝါရောင် အလင်းတန်းတစ်ခုက ကာရံ ထားလေသည်။ ထိုအလင်းတန်းက သန့်စင်ကြည်လင် လွန်းလှသည်။ ထိုအလင်းတန်းထဲတွင် အသက်ဓာတ် စွမ်းအားများ စီးဆင်းနေသည်ကို တွေ့မြင့်နိုင်လေသည်။
"မတွေ့ရတာ နှစ်ပေါင်း သုံးဆယ်တောင် ကြာခဲ့ပြီနော် မုပိုင်၊ မင်းက အရင်ကထက် ပိုပြီး တန်ခိုး စွမ်းအားတွေ မြင့်မားလာတာပဲ”
အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် တာအိုဆရာက ချန်မုပိုင်ကို နှုတ်ဆက် လိုက်သည်။
အနီရောင် ဝတ်ဆင်ထားသည့် တာအိုဆရာမှာ တာအို ဆရာတုန်းဖုန်း၏ တပည့်ဖြစ်သူ ချိချိန်ပင် ဖြစ်လေသည်။
သူက ထိုက်ယွဲ့သဏ္ဌာန် မှန်ပညာကို ကျင့်ကြံနေသူဖြစ်ပြီး ထိပ်တန်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သာမန် လောက နတ်ဘုရားများသည် သူ့ကိုယ်ယှဉ်နိုင်မည် မဟုတ်ပေ။
ချန်မုပိုင်က ချိချိန်ကို ဦးညွတ် ဂါရဝ ပြုလိုက်ရင်း…
"ဂိုဏ်းတူ အစ်ကိုချိချိန်၊ ကျုပ်ကို နောက်ပြောင် မနေပါနဲ့၊ ကျုပ်က ဖော့ဝမ့်အဆင့်ကို တက်ရောက် ခဲ့ပေမယ့် အစ်ကို ချိချိန်လောက်တော့ ဘယ်တော်မှာလဲ"
"မုပိုင်၊ မင်းကို ကြည့်တာတာ တာအိုတရား ဓမ္မ အနှစ်သာရကို နားလည်နေပြီ ထင်တယ်၊ မင်းက ကျုပ်ထက် သာနေပါပြီကွာ"
ချိချိန်က ပြုံးရင်း ပြောလိုက်သည်။
ထို့နောက်သူက ချန်မုပိုင်ကို ထိုင်ရန် လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည့် အတွက် ချန်မုပိုင်က ထိုင်ခုံ တစ်ခုတွင် ဝင်ထိုင် လိုက်သည်။
ချင်းယင်းက သူတို့ နှစ်ယောက်အတွက် လက်ဖက်ရည်ကြမ်း ယူလာပေးလေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဖော့ဝမ့် အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ပါးသည် ဂိုဏ်းတူ ညီအစ်ကိုများ ဖြစ်ကြသည့်တိုင် ပြိုင်ဘက်များလည်း ဖြစ်ကြလေသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြိတ်ပြီး ပြိုင်ဆိုင် နေကြသူများ ဖြစ်လေသည်။
ထို့ပြင် ဟွမ်ကျန်းသည် ဖော့ဝမ့် အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ပါးတွင် နံပါတ်တစ် နေရာကို ရယူထားနိုင်ခြင်းမှာ အာလုံးထဲတွင် တန်ခိုးစွမ်းအား အကြီးမားဆုံး ဖြစ်သောကြောင့် မဟုတ်ပေ။ သူက ယွိမင်နတ်ဘုရား၏ တပည့်ဖြစ်ပြီး ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ နောက်တက်မည့် ဂိုဏ်းချုပ်အဖြစ် လျာထား ခံထားရသူ ဖြစ်သောကြောင့် နံပါတ်တစ်နေရာ ရနေခြင်း ဖြစ်လေသည်။ ထို့ပြင် ဟွမ်ကျန်းက အခြားသော ဆယ့်တစ်ယောက်ထက် လူမှုရေးပိုင်းတွင် များစွာသာလွန်သူ ဖြစ်လေသည်။
ထို့ပြင် ဟွမ်ကျန်းက အခြားသော ဆယ့်တစ်ယောက်ထက် ဟိုင်သန်းအဆင့်ကို အရင်ဆုံး တက်ရောက်နိုင်ခဲ့သူ ဖြစ်လေသည်။ သူတို့ ဆယ့်နှစ်ပါး စလုံးသည် ဟိုင်သန်း အဆင့်ကို ပုံပြောင်း အဆင့်ရှစ်ဆင့် သို့မဟုတ် ကိုးဆင့်ဖြင့် တက်ရောက် ခဲ့ကြသူများ ဖြစ်လေသည်။
ယခုနှစ်များ အတွင်းတွင် ချန်မုပိုင်၏ တန်ခိုးစွမ်းအားများသည် အဆမတန် မြင့်မား လာလေသည်။ သူ၏ ဂိုဏ်းတူ အစ်ကိုများသည်ပင်လျှင် သူ့ကို မမီနိုင်တော့ပေ။ သို့သော် ဂိုဏ်းတူ အစ်ကိုချိချိန်သည် ထိုအချက်နှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ပုံမပေါ်ပေ။ ထို့ကြောင့် ချန်မုပိုင်မှာ အနည်းငယ် အံ့သြနေမိလေသည်။
သူတို့သည် ဂိုဏ်းတစ်ဂိုဏ်းတည်းမှ ဂိုဏ်းတူ ညီအစ်ကိုများ ဖြစ်ကြလေသည်။ သူတို့ အချင်းချင်း ပြိုင်ဆိုင်မှုများသည် အကျိုးရှိသည့် ယှဉ်ပြိုင်မှုဟု ချန်မုပိုင်က ခံယူထားလေသည်။
"အစ်ကိုတော်တော် ရင့်ကျက်သွားတာပဲ၊ ကျုပ်တကယ်ပဲ လေးစားမိပါတယ်၊ ဒါနဲ့ အခုတလော ကျီမော့တောင်က အခြေအနေတွေကို ဘယ်လိုမြင်လဲ"
ချန်မုပိုင်က အလေးအနက် မေးခွန်း ထုတ်လိုက်သည်။
ယခုတော့ သူတို့ နှစ်ယောက်၏ စကားက လောကဝတ်များဖြင့် လှည့်ပတ် မနေတော့ဘဲ လိုရင်းသို့ ရောက်သွားပြီ ဖြစ်လေသည်။
ချိချိန်က တစ်ချက်ပြုံးလိုက်ရင်း…
"ဆန်းတန်ခိုးရှင်ရဲ့ အကွက်တွေက တကယ်လှတယ်၊ သူက မပြောပလောက်တဲ့ လော်ဝါဒ ဂိုဏ်းကွဲလေးတွေကို နှိမ်နင်း လိုက်နိုင်တယ်၊ အခုတော့ အခြေအနေ တည်ငြိမ် သွားပါပြီ၊ ဒါပေမဲ့ ဆန်းတန်ခိုးရှင်က ကျောက်ရှောင်ယွီကို လော်ဝါဒရဲ့ သူတော်စင် မိန်းမပျို ဖြစ်လာဖို့အတွက် ကူညီပေးနေတာပဲ၊ ကျုပ်တို့ဘက်က အခြေအနေ ဆိုးသွားတယ်လို့ မဆိုနိုင်သေးပေမယ့် လက်ခံနိုင်စရာတော့ မရှိဘူး၊ ပြီးတော့ ဆန်းတန်ခိုးရှင် နောက်ဆုံး ခြေလှမ်း မလှမ်းနိုင်ခင် ကိစ္စဖြတ်မှ ဖြစ်မယ်၊ ဒါပေမဲ့ သူက တကယ် ကြောက်စရာ ကောင်းတယ်၊ မုပိုင် …. မတိုက်ခိုက်ခင်မှာ မင်းအနေနဲ့ လျှို့ဝှက်ပြီး အရင် လေ့လာသင့်တယ်"
"အစ်ကိုပြောတာ မှန်တယ်၊ ဆန်းတန်ခိုးရှင်ဟာ တကယ့် ပါရမီရှင်ပဲ၊ သူ့ကို အခုအချိန်ထိ အသက်ရှင်ခွင့် ပေးလိုက်မိတာကိုက ကျုပ်တို့ဘက်က အမှားပဲ၊ ထိုက်ချန်း တောင်ပေါ်မှာလည်း ဂိုဏ်းတူ အစ်ကိုဟွမ်ကျန်းနဲ့ ဒီအကြောင်းပဲ ပြောခဲ့သေးတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်လည်း ဆန်းတန်ခိုးရှင်ကို တိုက်ပွဲတစ်ခုမှာ တိတ်တိတ်ကလေး သွားပြီး လေ့လာခဲ့သေးတယ်၊ သူ့ရဲ့ တန်ခိုးစွမ်းအားက တကယ် မြင့်မားတာပဲ၊ ကျုပ်တို့ မယှဉ်နိုင်လောက်ဘူး၊ ဒါပေမဲ့ အခုချိန်မှာ အခွင့်ကောင်းကို စောင့်ဖို့လိုတယ်"
ချိချိန်က ချန်မုပိုင်ကို စိုက်ကြည့် လိုက်သည်။
"ဆန်းတန်ခိုးရှင်က ခန့်မှန်းရခက်တယ်၊ တကယ်တော့ သူက ချင်းရွှမ် နတ်တံခါးမှာပဲ ရှိနေသင့်တာ၊ ဒါပေမဲ့ မထင်မှတ်ဘဲ လော်ဝါဒ စည်းဝေးပွဲကြီးမှာ လာပတ်သက် နေပြန်ပြီ၊ အခုတော့ လော်ဝါဒက လူတိုင်းက သူ့ကို ကြောက်ရွံ့ နေကြပြီ၊ သူသုံးလိုက်တဲ့ နည်းလမ်းက ရက်စက်ပေမယ့် အသုံးဝင်တယ်၊ ညီလေး … မင်းက သူနဲ့တိုက်ခိုက်မယ်ဆိုရင် သူ့ဝိညာဉ်ကိုပါ တစ်ခါတည်း သုတ်သင်ပစ်လိုက်”
"အမှန်ပဲ၊ ကျုပ် ပကတိ ငါးဖြာ အရံအတားကို တည်ဆောက်ပြီးရင် သူ့ကို စိန်ခေါ်လိုက်မယ်၊ ဘယ်လိုလဲ အစ်ကို၊ ဒီအစီအစဉ် ကောင်းတယ် မဟုတ်လား"
***