ဂိုဏ်းသို့ပြန်ခြင်း
Vol. 5 Ch. 67
ဝေ့ဝူယင် ကြိုးကြာဖြူကို ကြည့်ကာ အံ့သြဝမ်းသာနေမိ၏။ ၎င်းကား ယခင်ကနှင့် များစွာ ကွာခြားနေခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်က အဆများစွာ ပိုမို ကြီးလာသည့်အပြင် မျက်လုံးနှင့် နှုတ်သီးများမှာလည်း ရွှေရောင် အဆင်းဖြင့် တောက်ပနေသည်။ ဝေ့ဝူယင် ဝိညာဥ်အာရုံဖြင့် ဆန်းစစ်ကြည့်ရာ သူမ၏ ခန္ဓာကိုယ် အတွင်းရှိ သွေးများမှာ ရွှေရောင်အဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်ကြောင်းပါ တွေ့လိုက်ရသည်။
သို့သော်လည်း သူမ၏ အမူအရာများမှာမူ ယခင်ကအတိုင်း မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။ သူမသည် လည်တံရှည်ကို ညွှတ်ရင်း သူ၏ လက်ကို ညင်သာစွာ ပွတ်သပ်နေ၏။ ထိုအရာကား သူမ၏ ချစ်ခြင်းမေတ္တာကို ဖော်ပြလေ့သည့် အမူအရာပင် ဖြစ်သည်။ ဝေ့ဝူယင် ကြိုးကြာဖြူလေးကို ကြည့်ရင်း နွေးထွေးမှုကို ခံစားလိုက်ရ၏။ သူက ညင်သာစွာပင် သူမ၏ သားမွေးများကို ပွတ်သပ်ပေးလိုက်သည်။
ဆယ်နှစ်...
သူ အတိတ်မေ့နေသည့် အချိန်မှ စ၍ ရေတွက်လျှင် ဆယ်နှစ်တိုင်တိုင် ကြာခဲ့ပြီ ဖြစ်သည်။ ထိုကာလများအတွင်း ကြိုးကြာဖြူ အခက်အခဲများ ကြုံတွေ့ခဲ့ရမည်မှာ သေချာပေသည်။ အသက်ရှင်လျှက် ပြန်တွေ့ရသည်က အလွန် ကံကောင်းလွန်းလှသည်။
ဝေ့စီတစ်ယောက်ရော အဆင်ပြေမည်လား ဝေ့ဝူယင် သိချင်နေမိ၏။ ထို့အပြင် နေသွေးနီနီဂိုဏ်း၏ အခြေအနေ၊ မေ့မေ့ အသက်ရှင်၊ မရှင်တို့ကိုလည်း သူ သိချင်နေသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က မေ့မေ့ကို ကယ်တင်ရန် တက်ကြွမှု အပြည့်ဖြင့် သူဂိုဏ်းမှ ထွက်ခွာလာခဲ့သည်။ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ပြီးနောက် သူ မောပန်းနေချေပြီ ဖြစ်သည်။ သူအိမ်သို့ ပြန်လိုသည်။
ဝေ့ဝူယင် ညင်သာစွာပင် ပြုံးလိုက်၏။
“အိမ်ကိုပြန်ကြမယ်...”
မျိုးစုံသော စိတ်ခံစားချက်များနှင့် ပြည့်နှက်နေလေရာ ဝေ့ဝူယင်၏ အသံက အနည်းငယ်ပင် တုန်ရီသွားခဲ့လေသည်။
“ဂီး...”
ကြိုးကြာဖြူက ပျော်ရွှင်စွာ တွန်သံပေး၏။ သူမကား ဆွေးမျိုးများ၊ အပေါင်းအသင်းများနှင့် မဆုံစည်းရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ချေပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူမကား နေသွေးနီနီဂိုဏ်းတွင် မွေးဖွားကာ အရွယ်ရောက်လာသည့် သားရဲတစ်ကောင် ဖြစ်ပေသည်။
မကြာခင်တွင်ပင်...
ကြိုးကြာဖြူသည် ဝေ့ဝူယင်ကို ကျောထက်၌ တင်ဆောင်ကာ ကောင်းကင်၌ ပျံသန်းနေခဲ့ပြီ ဖြစ်သည်။ ယခုက ရှင်းတိုင်းပြည်၊ ဧဒင်ကမ္ဘာဂိုဏ်း၏ ပိုင်နက်ထဲတွင် ဖြစ်သည်။ အကယ်၍ မြောက်အရပ်ကိုသာ တည့်တည့် ပျံသန်းပါ ဝူတိုင်းပြည်ကို အနှေးနှင့် အမြန် ရောက်ပေလိမ့်မည်။
ဝေ့ဝူယင်သည် ကြိုးကြာဖြူ၏ သားမွေးများကို ပွတ်သပ်ရင်း တိမ်တောင်များကို ငေးမောနေမိ၏။ နောက်ဆုံး၌ အရာအားလုံးကား ဆုံးခန်းတိုင်သွားချေပြီ။ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည့်တိုင် သူ အဂ္ဂိရတ် ပညာရပ်များကို လေ့လာတတ်မြောက်ခဲ့သည်။ ဧဒင်ချီ ဖန်တီးခြင်း နည်းလမ်းကို ကျင့်ကြံနိုင်ခဲ့သည်။ တတိယမြောက် ချီနှလုံးသားကို ဖန်တီးနိုင်ခဲ့သည်။
မည်သို့ပင် ဆိုစေ... ရရှိခဲ့သော အရာများက ထိုက်တန်လွန်းခဲ့သည်။ ရုတ်တရက် ဝေ့ဝူယင် တစ်စုံတစ်ခုကို သတိရကာ ညာဘက်လက်ကို ငုံ့ကြည့်လိုက်၏။
ကမ္မတန်ဖိုး - ၆၀၂.၈
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း - ၇/၇
ဒုတိယ ကပ်ဘေး တားဆီးခြင်း - ၄၁ နှစ်
မတော်တဆမှုကြီး မဖြစ်ပွားခင်၌ သူ၏ ကမ္မတန်ဖိုးမှာ ၁၆၄.၅ ဖြစ်သည်။ ပထမ ကပ်ဘေး အောင်မြင်မှုက ကမ္မတန်ဖိုးကို ၄၉၀ အထိ တိုးပွားစေခဲ့သည်။
အတိတ်မေ့နေသည့် ဆယ်နှစ်တာ အတောအတွင်း၌ သူ ကမ္မတန်ဖိုး ၄၉.၇ ကို အသုံးပြုခဲ့သည်။ ကမ္မတန်ဖိုးများကား အမှန်တကယ်ပင် အဖိုးထိုက်တန်သည့် အခွင့်အရေးများ ဖြစ်သည်။ သူ ချီပျစ်ခဲခြင်း အဆင့်သို့ တက်လှမ်းခြင်း၊ ယင်ယန် နတ်ဘုရား စက်ဝန်းတို့ကို ရရှိခြင်း၊ သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်လာခြင်းတို့တွင် ယင်း၏ အခန်း ကဏ္ဍက အထူးအရေးပါခဲ့သည်။
“အိုး... အဓိကဟာကိုမှ မေ့နေတာကွာ...”
ဝေ့ဝူယင် နဖူးအားရိုက်ရင်း ညာဘက်လက်ရှိ လက်စွပ်များကို စစ်ဆေးကြည့်လိုက်၏။ သူ့တွင် လက်စွပ် နှစ်ကွင်း ရှိသည်။ တစ်ခုမှာ သုံးလွှာလက်စွပ်ဖြစ်ပြီး သူ၏ လက်သူကြွယ်၌ ရှိနေသည်။ တစ်ချိန်တည်း၌ အစိမ်းပုပ်ရောင် လက်စွပ်တစ်ကွင်းကို လက်ခလယ်၌ တွေ့ရှိရ၏။
သေချာစွာ ဆန်းစစ်ပြီးနောက် ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွား၏။ သူကား ဧဒင်ကမ္ဘာဂိုဏ်း၌ ဂိုဏ်းချုပ်၏ အရေးပေးမှုကိုပင် ရရှိခဲ့ရာ အတော်အတန် ချမ်းသာခဲ့သည်။ အစိမ်းပုပ်ရောင် လက်စွပ်ထဲတွင် ပိုင်ဆိုင်သမျှ အရာအားလုံး ရှိနေပေသည်။
မတုန့်မဆိုင်းပင် ဝေ့ဝူယင် ထိုအထဲရှိ အရာအားလုံးကို သုံးလွှာလက်စွပ်ထဲသို့ ပြောင်းထည့်လိုက်၏။ ထို့နောက်တွင် သူ လက်စွပ်ကိုပါ တစ်ခါတည်း လွှင့်ပစ်လိုက်လေတော့သည်။
...
ဝူတိုင်းပြည်၊ ကျောက်စိမ်းကြာပန်းဂိုဏ်း ပိုင်နက်၊ ဂူလမ်းကြောင်းမြို့...
ကုန်သည်နှင့် ခရီးသွားများ စုံစည်းလေ့ရှိရာ စားသောက်ဆိုင်တစ်ခု၌ နက်ညိုရောင် ဝတ်စုံဝတ်ဆင်ထားသော လူငယ် တစ်ယောက်သည် ထိုင်နေခဲ့သည်။ အထီးကျန်စွာ လက်ဘက်ရည်ခွက်ကို ကိုင်ရင်း သူ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေဟန် ရ၏။
မိနစ်အနည်းငယ် ကြာပြီးသည့်နောက်၌ စားပွဲထိုးလေး တစ်ယောက် ရောက်ရှိလာသည်။ သူ၏ မျက်လုံးများမှာ လေးစားမှုတို့နှင့် ပြည့်ရွှမ်းနေကာ အစီအစဥ်ကျနသော လှုပ်ရှားမှုများမှာ အထူး လေ့ကျင့်ထားပုံ ရလေသည်။ စားပွဲထိုးလေးသည် အပြုံးဖြင့် လူငယ်ထံ စာအုပ်ထူတစ်ခုကို ကမ်းပေး၏။
လူငယ်မှာ ဝေ့ဝူယင်ပင် ဖြစ်ပြီး စာအုပ်ထူမှာမူ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခု အတွင်း ဝူတိုင်းပြည်၌ ဖြစ်ပျက်ခဲ့သမျှကို ရေးသားထားသည့် မှတ်တမ်းတစ်ခုပင် ဖြစ်သည်။
ဧဒင်သစ်ပင်ကြီး ပြိုလဲသွားခဲ့သည်မှာ ခြောက်ရက်ကြာခဲ့ပြီ ဖြစ်သည်။ သူသည် ကြိုးကြာဖြူနှင့် အတူ အဆက်မပြတ် ခရီးနှင်ခဲ့ပြီး ဝူတိုင်းပြည် ပိုင်နက်အတွင်းသို့ပင် ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။
ဝေ့ဝူယင် စာအုပ်ကို ဖွင့်ကာ တိတ်ဆိတ်စွာ ဖတ်နေလိုက်၏။ သူ၏ အမူအရာက တောက်ပသွားလိုက်၊ မှေးမှိန်သွားလိုက်... တစ်ခါတစ်ရံ ပြုံးနေလိုက်နှင့် ရှိနေခဲ့သည်။ စာအုပ်ထူ တစ်အုပ်လုံး ဖတ်ပြီးနောက်တွင်မူ သူ လေးလေးပင်ပင် သက်ပြင်းချလိုက်၏။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း နေသွေးနီနီဂိုဏ်းသည် ကျောက်စိမ်းကြာပန်းဂိုဏ်း၊ ကမ္ဘာတိုက်တန်တို့နှင့် တိုက်ပွဲများ ဆင်နွှဲခဲ့သည့်တိုင် ယခုထိ လုံခြုံနေဆဲ ဖြစ်သည်။ သူတို့သည် မဟာမျိုးနွယ်ကြီးနှစ်ခု အနက် တစ်ခုဖြစ်သည့် ကျိမျိုးနွယ်နှင့်ပင် ပြဿနာများ ဖြစ်ခဲ့သည်ဟု ဆိုသည်။
မဟာမျိုးနွယ်ကြီး နှစ်ခုမှာ ကျိမျိုးနွယ်နှင့် ပိုင်မျိုးနွယ်တို့ပင် ဖြစ်ကြသည်။ ထိုမျိုးနွယ်ကြီး နှစ်ခုသည် မဟာဂိုဏ်းကြီး ငါးဂိုဏ်းနှင့်ပင် နှိုင်းယှဥ်နိုင်လောက်အောင် အင်အား ကြီးထွားလှသည်။
အချက်အလက်များအရ ဆိုလျှင်... ကျိကလန်နှင့် ပြဿနာမှာ နေသွေးနီနီဂိုဏ်း၏ သခင်လေးမှ တစ်ဆင့် စတင်ခဲ့ခြင်း ဟု ဆိုသည်။ ဝေ့ဝူယင်သည် ထိုသခင်လေးကြောင့်ပင် ဖြစ်ပွားခဲ့သော လခရမ်းဂိုဏ်းနှင့် အကြားမှ တိုက်ပွဲကို ပြန်လည် အမှတ်ရလိုက်၏။ ဤပြဿနာတွင် မိန်းမတစ်ယောက် ပါဝင်နေရပေမည်။
သခင်လေးသည် တောင့်တင်းသော နောက်ခံကို အသုံးပြုကာ အမြဲလိုလို မောက်မာ ရန်လိုစွာ ပြုမူတတ်သည်။ သူ၏ ဖခင်သည် နတ်ဘုရား အရှင်တစ်ယောက် ဖြစ်ပြီး သူ၏ မိခင်က နေသွေးနီနီဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည်။ ထို့အပြင် သူသည် ဝူအင်ပါယာ မျိုးနွယ်နှင့်လည်း နက်ရှိုင်းသော သွေးသား တော်စပ်မှု ရှိသည်။ သို့ဖြစ်ရာ သူ မောက်မာခြင်းကား မထူးဆန်းတော့ချေ။
ဝေ့ဝူယင် စုံစမ်းရရှိသလောက် ဆိုလျှင် သခင်လေးနှင့် ကျူးလန် (အယ်ဗန်မှင်စာတို့၏ လက်ထဲသို့ ကျရောက်သွားခဲ့သည့် မိန်းကလေး) တို့ အကြားတွင်လည်း ဆက်သွယ်မှု တစ်မျိုးတစ်ဖုံ ရှိသည်။ နတ်သမီး ကဲ့သို့ လှပသော မိန်းကလေး တစ်ယောက်ကို ထိုနှာဘူးက မည်ကဲ့သို့ လက်လွှတ်မည်နည်း။
အခြားသတင်း အပိုင်းအစ တစ်ခုကလည်း ဝေ့ဝူယင်ကို အံ့သြမှင်သက် စေခဲ့သည်။ မေ့မေ့သည် လွန်ခဲ့သော ခြောက်နှစ်က ချီပျစ်ခဲခြင်း အဆင့်ခြောက်၊ သေမျိုး နတ်ဘုရား တစ်ပါး အနေဖြင့် ဂိုဏ်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ထို့အပြင်... သူမသည် လောလောလတ်လတ် နတ်ဘုရား အရှင် ဘွဲ့ကို ခံယူထားသည့် “နေကျီးကန်း စုန်းမ” ၏ တပည့်လည်း ဖြစ်နေခဲ့သည်။ သတင်းများအရဆိုလျှင် နေကျီးကန်း စုန်းမသည်လည်း နေသွေးနီနီဂိုဏ်းသို့ ရွှေ့ပြောင်းနေထိုင်သည်ဟု ဆိုသည်။
ဝေ့ဝူယင်မှာ သက်ပြင်းချရမည်လော သို့မဟုတ် ဝမ်းသာရမည်လော မသိတော့ချေ။ အဖြစ်အပျက် အပြောင်းအလဲများကား သူ စိတ်ကူးယဥ်နိုင်သည့် အဆင့်ကို ကျော်လွန်းနေသည်။ နောက်ဆုံး၌ ဝေ့ဝူယင် သက်ပြင်းသာ ချလိုက်၏။
အကျိုးဆက်အနေဖြင့် မေ့မေ့သည် အသက်ခြောက်ဆယ် မတိုင်ခင် သေမျိုးနတ်ဘုရား တစ်ပါး ဖြစ်လာခဲ့ရာ နေသွေးနီနီဂိုဏ်း၏ သမိုင်း၌ အထူးချွန်ဆုံး တပည့် တစ်ယောက် ဖြစ်လာခဲ့သည်။ သူမသည် ဝူတိုင်းပြည်၏ လူငယ်မျိုးဆက်တစ်ခုလုံးတွင်ပင် ထိပ်ဆုံး သုံးယောက်ဟု ရည်ညွှန်းဖော်ပြခံနေရ၏။ အခြား နှစ်ယောက်မှာ ကောင်းကင်ဓားဂိုဏ်းနှင့် ဝူအင်ပါယာ မျိုးနွယ်သားတို့ပင် ဖြစ်သည်။
လျှင်မြန်စွာပင် သူမ၏ အဆင့်အတန်းသည် ဂိုဏ်းထဲ၌ မြင့်မားလာကာ “ရွေးချယ်ခံ” ဟူသော ဂုဏ်ပုဒ်ကိုပင် အပ်နှင်းခံခဲ့ရသည်။ “ရွေးချယ်ခံ” ဆိုသော စကားလုံးကား... ထိုပုဂ္ဂိုလ်ကို ဂိုဏ်းမှ ရှိသမျှ အရာအာလုံးနှင့် ပေးဆပ်ကာ ပြုစုပျိုးထောင်မည်ဟု ဆိုလိုပေသည်။
ထို့အပြင်... သူနှင့် ပတ်သက်သည့် အခြား သတင်းအချို့လည်း ရှိသေး၏။ လွန်ခဲ့သော ငါးနှစ်ကာလတွင် နေသွေးနီနီဂိုဏ်းသည် ပြင်ပ၌ အဓိက တပည့် ဝေ့ဝူယင် သေသွားပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ အချက်အလက်များကို အသေးစိတ် ဖော်ပြမထားသည့်တိုင် ထိုသတင်းက တိကျလှသည်။ ဝေ့ဝူယင်သည် အဘယ်ကြောင့် သူတို့ ထိုကဲ့သို့ တွေးသည်ကို နားမလည်နိုင်ချေ။
“ဟဟ... ငါလည်း တကယ့်ကို သေတော့မလို ဖြစ်ခဲ့တာပါ”
ဝေ့ဝူယင် ခေါင်းကိုခါရင်း ထိုင်ရာမှ ထလိုက်၏။ ဆယ်နှစ်ကြာသွားခဲ့ပြီ ဖြစ်ရာ အရာတော်တော်များများ ပြောင်းလဲနေသည်က သဘာဝ ဖြစ်သည်။ သူ တုလင်၊ စုမေ့နှင့် သူ၏ အဖွဲ့ရှိ အခြားလူများ မည်ကဲ့သို့ ဖြစ်နေသည်ကို သိလိုလှသည်။ ထို့အပြင် မေ့မေ့နှင့်လည်း တွေ့ချင်သေးသည်။
“ငါ လက်ဆောင် အချို့ ပြင်ဆင်သွားဦးမှပဲ...”
အမတေ ကျောက်တုံးတစ်တုံးကို စားပွဲပေါ်တွင် ချန်ထားရစ်ကာ ဝေ့ဝူယင် ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။
...
ကြိုးကြာဖြူ၏ ကျောထက်၌ စီးနင်းရင်း ဝေ့ဝူယင် နေသွေးနီနီဂိုဏ်း၏ နယ်မြေအတွင်း ဝင်ရောက်လာခဲ့သည်။ သူ၏ မျက်လုံးများသည် အတွေးမျိုးစုံဖြင့် ပြည့်နှက်နေ၏။ ကြိုးကြာဖြူ၏ ကျောပြင်ဖြူဖြူကို ကြည့်ရင်း အကြံတစ်ခုက သူ၏ အတွေးထဲ ဝင်ရောက်လာသည်။
“မင်းကို နာမည်တစ်ခု ပေးရင်ရော ဘယ်လိုလဲ... သဘောကျလား...”
ဝေ့ဝူယင် ဝိညာဥ်အာရုံကို သုံးကာ ကြိုးကြာဖြူကို ဆက်သွယ်လိုက်သည်။ ကြိုးကြာဖြူမှာ တွန်သံပေးကာ ဝမ်းသာအားရ လက်ခံ၏။ ၎င်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်ရွှမ်းလာသည်။
ဝေ့ဝူယင်သည် နေမကောင်းနေစဥ် အတွင်း သူမအား “မိဖြူ” ဟု ခေါ်ခဲ့သည်။ တဖန် ချူးလမ့်ရှီက သူမကို “အေရီယာ” ဟု နာမည်ပေးသည်။ ကြမ်းကြုတ်သော လူကြီးကမူ သူမကို “ဂွမ်” ဟု ခေါ်သည်။ သူမ မည်သည့် နာမည်ကိုမှ နှစ်သက်ခြင်း မရှိချေ။
“ပိုင်လင်ဆိုရင်ရော မင်း ဘယ်လိုသဘောရလဲ...”
ဝေ့ဝူယင်က မေးလိုက်၏။
ကြိုးကြာဖြူက ပျံသန်းနေသည့် အရှိန်ကို လျှော့ချကာ သေချာစွာ တွေးတောလိုက်သည်။ ယခုအခိုက်အတန့်၌ သူမအတွက် အရေးကြီးပေသည်။
“ပိုင်လင်...”
“ပိုင်...”
“လင်...”
သူမ ထိုနာမည်ကို နှစ်သက်သည်။ ပျော်ရွှင်စွာ တွန်သံတစ်ချက် ပေးရင်း ထိုနာမည်ကို သူမ လက်ခံလိုက်၏။
“ဟား... ဟား... ပိုင်လင်...”
ဝေ့ဝူယင် အော်ဟစ်ရယ်မောသံက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားလေတော့၏။
...
သွေးနီရောင် တောက်ပနေသည့် နေသွေးနီနီတောင်ကို လှမ်းမြင်ရရန် သူတို့ အချိန်သိပ်မယူလိုက်ရချေ။ ပိုင်လင်သည် မွေးရပ်မြေကို မြင်သည်နှင့် အရှိန်အား နှစ်ဆအထိ တိုးမြှင့်လိုက်သည်။ ဝေ့ဝူယင်၏ နားများမှာ လေတိုးသံဖြင့် တဝှီးဝှီးအသံများကို ကြားလိုက်ရ၏။
သို့သော်လည်း... သူ စိတ်လှုပ်ရှားနေမိသည်။ သူ၏ ရင်မှ တဒိတ်ဒိတ် ခုန်နေမိ၏။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ဆယ်နှစ်ကြာမြင့်သွားခဲချေပြီ ဖြစ်သည်။
ဝေ့ဝူယင်သည် ကောင်းကင်၌ များစွာသော သိမ်းငှက်များ၊ ကြိုးကြာများ ပျံသန်းနေသည်ကို တွေ့မြင်လိုက်ရ၏။ သူတို့၏ ကျောထက်တွင်မူ... နေသွေးနီနီဂိုဏ်း၏ တပည့်များမှာ စီးနင်းနေကြချေသည်။ သူတို့သည် ဝေ့ဝူယင်နှင့် ပိုင်လင်တို့ကို သတိထားမိကြ၏။
အထူးသဖြင့် ပိုင်လင်၏ ဆွတ်ဆွတ်ဖြူဖြူ အမွေးအတောင်များ၊ ရွှေရောင် နှုတ်သီးနှင့် ရွှေရောင် မျက်လုံးများမှာ သူတို့နှင့် ခြားနားလှသည်။ ထို့အပြင် သူမ၏ အရွယ်အစားမှာလည်း အဆပေါင်းများစွာ ပိုမို ကြီးထွားလှသည်။
ပိုင်လင်သည် သူမ၏ မိတ်ဟောင်း၊ ဆွေဟောင်းများကို အသံပေး ဆက်သွယ်ကာ လူသားများ ကဲ့သို့ နှုတ်ဆက် သက္ကာရ ပြု၏။ သူမသည် သူတို့အား ပိုင်လင် ပြန်လာပြီ ဖြစ်ကြောင်း ပြောပြနေသည်။
ဝှစ်... ဝှစ်...
ရုတ်တရက် သိမ်းငှက်များကို စီးနင်းထားသည့် တပည့် အုပ်စုတစ်ခုမှာ ဝေ့ဝူယင်တို့ကို ဝန်းရံကာ တားဆီးလိုက်ကြ၏။ သူတို့ကား နေသွေးနီနီဂိုဏ်း၏ သွေးအစောင့်တပ်ဖွဲ့မှ လူများပင် ဖြစ်သည်။ ယခုကာလ၌ စစ်ပွဲများ မကြာခဏဖြစ်ပွားနေရာ အရာရာကို သတိထားရန် လိုအပ်ပေသည်။
***