← Chapters

စစ်မှန်သောဗလာနယ်

Vol. 4 Ch. 311

စစ်မှန်သောဗလာနယ်

Vol. 4 Ch. 311

တာအို ကျင့်စဉ်များ ဆိုသည်က ထိတွေ့ကိုင်တွယ်ရန် ခက်ခဲ လွန်းလေသည်။

ဆန်းလျန်က ထျန်းဝိုက်ထျန်းမှ လူသတ်သမား ဖျက်ဆီးပစ်လိုက်သည့် ရေကန်နံဘေးမှ အဆောင်လေး နေရာတွင် သူ၏ တန်ခိုး စွမ်းအားများဖြင့် တာအိုကျောင်းဆောင်လေး တစ်ခုကို တည်ဆောက် လိုက်လေသည်။

ကျောက်ရှောင်ယွီထံသို့ ခိုလှုံပူးပေါင်း လာသည့် လော်ဝါဒ ဂိုဏ်းကွဲများမှ လူအများသည် ထိုတာအို ကျောင်းဆောင်လေး ပတ်ပတ်လည်တွင် ယာယီ ကျောင်းဆောင်လေးများ ဆောက်လုပ်ကာ နေထိုင်ကြလေသည်။ ထိုသို့ ဆောက်လုပ် နေထိုင်ရန်အတွက် ကျောက်ရှောင်ယွီက ဦးစီး ဆောင်ရွက် ပေးခြင်းဖြစ် လေသည်။

ထိုနေရာလေးတွင် ကျင့်ကြံသူအများစုသည် ပြဒါးဆေးများ၊ လျှို့ဝှက် ကျင့်စဉ်များနှင့် ဝိညာဉ် စွမ်းအား ပစ္စည်းများကို လဲလှယ် ကြလေသည်။ ထို့ကြောင့် နတ်ဘုရား ဈေးလေး အလား စည်ကား သိုက်မြိက်လျက် ရှိလေသည်။

လော်ဝါဒကို တည်ထောင်သူ ဆရာသခင်သည် လော်ဝါဒ ဂိုဏ်းကြီးကို တည်ထောင်ရန် ရည်ရွယ်ချက် မရှိခဲ့ပါ။ သူက လူသားများအတွက် ငြိမ်းချမ်းရာ တရားများကိုသာ ဟောကြား ပြသပေးခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ယုံကြည် ကိုးကွယ်သူများ များပြားလာပြီး ကျီမော့ တောင်ထိပ်တွင် လော်ဝါဒ ဂိုဏ်းကြီး ဖြစ်တည်လာခဲ့လေသည်။

သို့သော် ဂိုဏ်းသားများ၏ စည်းလုံး ညီညွတ်မှု မရှိသည့် အတွက် နောက်ပိုင်းတွင် လော်ဝါဒသည် အစိတ်စိတ် အမြွှာမြွှာ ကွဲပြားသွားရခြင်း ဖြစ်လေသည်။

ကျောက်ရှောင်ယွီမှာ နတ်ဘုရား တစ်ပါး မဟုတ်သေးသည့်တိုင် ခေါင်းဆောင်နိုင်မှု စွမ်းအားကတော့ အလွန်မြင့်မားသူ ဖြစ်လေသည်။

အစပိုင်းတွင် သူမက ဆန်းလျန်၏ အရှိန်အဝါကို အသုံးပြုကာ လူအများကို စည်းရုံးနိုင်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် လူများသည် သူမကို လေးစား လက်ခံ လာကြလေသည်။

ဆန်းလျန်မှာ ကျောက်ရှောင်ယွီကို အမှန်တကယ်ပင် လေးစားနေမိသည်။ အကယ်၍ သူသာ ကျောက်ရှောင်ယွီ နေရာတွင်ဆိုလျှင် သူမလောက် လုပ်ဆောင် နိုင်ပါမည်လား မသေချာလှပေ။

လော်ဝါဒမှ လူအများအားနှင့် ရက်အတန်ကြာ ဆွေးနွေးခြင်း ပြုလုပ်ပြီးသည့်နောက် ဆန်းလျန်က အနည်းငယ် အနားယူရန် ဆုံးဖြတ် လိုက်လေသည်။

သူက တာအို ကျောင်းဆောင်လေး အတွင်းရှိ တိတ်ဆိတ်သည့် အခန်းလေးထဲတွင် တရား ထိုင်နေလေသည်။

ရုတ်တရက်…

ဆန်းလျန်၏ စိတ်အာရုံထဲတွင် အလင်းတန်း တစ်ခုကို မြင်တွေ့ လိုက်ရလေသည်။

တာအို ကျောင်းဆောင်လေး၏ အပြင်ဘက်သို့ လူရိပ် တစ်ရိပ် ရောက်ရှိ လာလေသည်။ ထိုလူရိပ်မှာ သူတော်စင် မိန်းမပျိုချင်းယင်းပင် ဖြစ်လေသည်။

ဆန်းလျန်က ချင်းယင်းကို စိတ်စွမ်းအားဖြင့် စကားပြောရန် ကြံစည် လိုက်စဉ်မှာပင် ချင်းယင်းက တာအို ကျောင်းဆောင်လေးကို စောင့်ကြပ် ပေးနေသည့် လော်ဝါဒမှ ဂိုဏ်းသား တစ်ဦးကို စာတစ်စောင် ပေးလိုက်သည်ကို မြင်တွေ့လိုက် ရလေသည်။

ထို့နောက် သူမသည် ဆန်းလျန်နှင့် တွေ့ဆုံရဲခြင်း မရှိဘဲ အလျင်အမြန်ပင် ထွက်ခွာ သွားလေတော့သည်။

သူလာပေးသည့် စာမှာ စိန်ခေါ်သည့် စာတစ်ခု ဖြစ်လေသည်။ ယခုတော့ ဆန်းလျန် မျှော်လင့်ထားသည့် အတိုင်း တရားဝင်ရင်ဆိုင်ရမည့် နေ့ရက်သို့ ရောက်ရှိလာခဲ့ပြီ။

ဆန်းလျန်သည် လော်ဝါဒမှ ဂိုဏ်းသားလာပေးသည့် စိန်ခေါ်စာကို ဖတ်ပြီး ရယ်မော လိုက်မိသည်။ သူ၏ ပြိုင်ဘက်က ပကတိ ငါးဖြာထောင်ချောက်ကို တည်ဆောက်ပြီး သူ့ကို စိန်ခေါ်လိုက်ခြင်း ဖြစ်လေသည်။

သူက ဆယ်ရက်အတွင်း ကျီမော့တောင်ထိပ်မှ ယွိဟွားစင်မြင့်သို့ ရောက်အောင် သွားကာ စိန်ခေါ်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။

ယွိဟွားစင်မြင့်မှာ လော်ဝါဒကို တည်ထောင်သူ တရားဟောပြောလေ့ ရှိသည့် နေရာ ဖြစ်လေသည်။ ထိုနေရာတွင် လော်ဝါဒ တည်ထောင်သူ၏ တရားဟောသံများကို ပဲ့တင်သံအဖြစ် ကြားနေရဆဲ ဖြစ်သည်ဟု ကောလာဟလများ ရှိလေသည်။ သို့သော် အချိန်ကာလ ကြာလာသည်နှင့် အမျှ ပဲ့တင်သံများလည်း တဖြည်းဖြည်း လျော့နည်း သွားခဲ့လေသည်။

လောကတွင် မည်သည့်အရာမှ ထာဝရ တည်မြဲခြင်း မရှိနိုင်ပေ။

ချင်းယင်းက စိန်းခေါ်စာ တစ်စောင်ကို ဆန်းတန်ခိုးရှင်ထံသို့ ပေးပို့သွားသည် ဆိုသည့် သတင်းသည် တစ်မဟုတ်ချင်း ပျံ့နှံ့ သွားလေသည်။ သို့သော် လူအများက ဆန်းလျန်ကို စိတ်ပူခြင်း မရှိကြပါ။ ဆန်းလျန်၏ တန်ခိုးစွမ်းအားကို သူတို့က ယုံကြည်ပြီးသား ဖြစ်လေသည်။

စိန်ခေါ်စာအရ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရားအလောင်း အလျာ ငါးပါးက တည်ဆောက် ထားသည့် ပကတိ ငါးဖြာ အရံအတားကို ဆန်းလျန်ကတော့ ချိုးဖျက်ရမည် ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် တစ်ယောက်ချင်း ပညာပြိုင်သည့် တိုက်ပွဲမဟုတ်ဘဲ အကျိုးသင့် အကြောင်းသင့် ယှဉ်ပြိုင်ရမည့် တိုက်ပွဲ ဖြစ်လေသည်။

သို့သော် ထိုသို့သော တိုက်ပွဲမျိုးမှာလည်း တစ်ယောက်ချင်း သူသေ ကိုယ်သေ တိုက်ခိုက်ကြသည့် တိုက်ပွဲများကဲ့သို့ပင် အန္တရာယ်များလေသည်။

ဆန်းလျန်က စိန်ခေါ်ခြင်းကို ကြောက်ရွံ့ခြင်း မရှိပါ။ ထိုအရံအတားက သူ့အတွက် ကျင့်စဉ်လမ်း အဆင့်တက်ရန် ဖိအားတစ်ခု ဖြစ်လာနိုင်လေသည်။

သူ့အနေဖြင့် နတ်ုဘရား တစ်ပါးဖြစ်လာလျှင် ယန်ရွှီးကို ကောင်းကောင်း ရင်ဆိုင်နိုင်မည် ဖြစ်လေသည်။

ယန်ရွှီးသည် ချင်းရွှမ် နတ်တံခါး၏ သစ္စာဖောက် တစ်ယောက် ဖြစ်သည့်အတွက် သူ့ကို အမြန်ဆုံး နှိမ်နင်းရန်လည်း ဆန္ဒ စောနေမိသည်။

ထို့ပြင် ထိုက်ဝေ့ထိုင် ခန်းမဆောင် အတွင်းမှ မိုးကောင်းကင် နတ်မိစ္ဆာ ဝိညာဉ်အကြောင်းကို ယန်ရွှီး သိရမည်ဟု ဆန်းလျန်က ယုံကြည်နေမိသည်။

ဆန်းလျန်က အခြေအနေများကို တစ်ခဏတာမျှ သုံးသပ်လိုက်ပြီးနောက် တရားထိုင် နေလိုက်လေသည်။ သုံးရက် အကြာတွင်တော့ တရားထိုင်ခြင်း ပြီးဆုံး သွားလေသည်။

ဆန်းလျန်က ချင်းယင်းပေးပို့လာသည့် စိန်ခေါ်စာထဲမှ ပကတိ ငါးဖြာ အရံအတားကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်လေသည်။ လူအများမှာလည်း တိုက်ပွဲကို ကြည့်ရှုရန် အတွက် စိတ်လှုပ်ရှား နေကြလေပြီ။

ကျောက်ရှောင်ယွီက သူမ၏ ဒဏ်ရာကို ကုသရန် အတွက် တံခါးပိတ် ကျင့်ကြံခြင်း ပြုလုပ် နေလေသည်။ သို့သော် သူမက ဆန်းလျန်ကို ချင်းယင်းက စိန်ခေါ်စာ ပို့သည့် သတင်းကို ကြားသည်နှင့် စိတ်ပူပန်ပြီး တံခါးပိတ် ကျင့်ကြံခြင်း ရပ်တန့်ကာ ဆန်းလျန်ထံသို့ ရောက်လာ ခဲ့လေသည်။ သို့သော် ဆန်းလျန်က တရားထိုင်နေသည့် အတွက် သူမက မနှောင့်ယှက်တော့ပေ။

ဆန်းလျန်က တရားထိုင်နေသည့် အချိန်တွင် ထိုက်ရွှီး တန်ခိုးစွမ်းအားများက ဆန်းလျန်ကို အလိုအလျောက် ကာကွယ် ပေးထားလေသည်။ တစ်စုံတစ်ယောက်က ဆန်းလျန်ကို နှောင့်ယှက်ရန် ကြိုးစားမည် ဆိုပါက အလိုအလျောက် ကာကွယ်ပေးထားသည့် ထိုက်ရွှီး တန်ခိုးစွမ်းအားများဖြင့် ရင်ဆိုင်ရကာ ဒုက္ခ ကြုံတွေ့ရမည် ဖြစ်လေသည်။

ယခုတော့ ဆန်းလျန် တရားထိုင်ခြင်း ပြီးဆုံးသွားပြီ ဖြစ်လေသည်။

ပကတိငါးဖြာ အရံအတားကို ရင်ဆိုင်ရန်အတွက် အချိန် ခုနစ်ရက်သာ လိုတော့သည်။ ဆန်းလျန်က ကျီမော့ တောင်ထိပ်သို့ ထွက်ခွာရန် အသင့်ပြင်လိုက်သည်။

သူက တာအို ကျောင်းဆောင်လေးထဲမှ ထွက်ခွာ လိုက်သည်နှင့် လေထုထဲတွင် တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိပြုလိုက်မိသည်။ လေထုထဲတွင် ဝမ်းနည်းဖွယ်ရာ အငွေ့အသက်များကို ဆန်းလျန် ခံစား လိုက်ရလေသည်။

ဟိုင်သန်း အဆင့် ကျင့်ကြံသူ တစ်ယောက်သည် သစ်ပင်တစ်ပင်ကို မှီရင်း ထိုင်လျက် အနေအထားဖြင့် သေဆုံး သွားသောကြောင့် ဖြစ်လေသည်။

ကံတရားကို မည်သူမျှ မလွန်ဆန်နိုင်ကြပေ။ သေခြင်းတရားသည် နည်းမျိုးစုံဖြင့် ရောက်ရှိလာသည်ပဲ ဖြစ်လေသည်။

သေဆုံးသွားသည့် သူကို ကြည့်ကာ ကျင့်ကြံသူပေါင်း များစွာသည် ဝမ်းနည်းခြင်းကို ခံစား နေကြရလေသည်။

အချို့သူများကတော့ စိတ်များ ရှုပ်ထွေးနေကြလေသည်။ သူတို့တစ်ဘဝလုံး ပျော်ရွှင်စွာ အသက်ရှင်သန် ခဲ့သမျှသည် နောက်ဆုံးတော့ သေခြင်းတရားဖြင့်သာ အဆုံးသတ် ကြရစမြဲ မဟုတ်ပါလား။

မည်မျှပင် တန်ခိုးစွမ်းအား ကြီးမားပါစေ။ တာအိုတရား သိမြင်နားလည်ပြီး နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ခြင်း မရှိလျှင် သေခြင်း သံသရာ လည်ကြရမည်သာ ဖြစ်လေသည်။

မည်မျှ စိတ်ဓာတ် ကျဖွယ်ရာ ကောင်းလိုက်ပါသနည်း။

လူအများ ရွတ်ဖတ်နေသည့် ဆုတောင်းသံများကို ဆန်းလျန် ကြားနေရလေသည်။

"ထာဝရမယ်တော်… စစ်မှန်သော ဗလာနယ်သို့ ခေါ်ဆောင်တော်မူပါ"

"စစ်မှန်သော ဗလာနယ်" ဆိုသည်မှာ လော်ဝါဒ ကျင့်ကြံသူများ၏ ကောင်းကင်ဘုံ ဖြစ်လေသည်။ တာအို ကျင့်ကြံသူများ၏ ကောင်းကင်ဘုံနှင့် ဗုဒ္ဓဘာသာတို့၏ နတ်ပြည်ကဲ့သို့သော နေရာမျိုး ဖြစ်လေသည်။

သူတို့၏ ဆုတောင်းသံများမှာ သန့်စင်သည့် ယုံကြည်မှုကို ထုတ်လွှတ် ပေးနေလေသည်။

သူတို့၏ ယုံကြည်မှုများသည် နေရာ တစ်နေရာသို့ ဆန်းလျန်ကို ညွှန်ပြ ပေးနေလေသည်။ ဆန်းလျန်၏ အတွေးများက သန့်စင်သည့် အတွက် ထိုနေရာကို ခြေရာခံလိုက်နိုင်လေသည်။

သူက ထိုနေရာသို့ ရောက်ရှိ သွားသည့် အခါတွင်တော့ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ကျောက်ရှောင်ယွီကို မြင်တွေ့ လိုက်ရလေသည်။

သူမက ဖိနပ် စီးထားခြင်းမရှိ၊ ခြေဗလာဖြင့် ရပ်တန့် နေလေသည်။ သူမ၏ ဆံပင်များက ကျောထက်တွင် ပြေကျနေလေသည်။ သူမ၏ မျက်ဝန်း နက်နက်များက တောက်ပ ကြည်လင်နေသည်။

သူမ၏ ဒဏ်ရာ သက်သာ ကောင်းမွန်သွားပြီ ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်သည်။ သို့သော် သူမသည် တစ်စုံတစ်ခု အလယ်တွင် နစ်မျောနေသည့် အလား ဆန်းလျန်ကို သတိထားမိခြင်း မရှိပေ။

ဆန်းလျန်က သူ၏ နတ်ဘုရား ဉာဏ်စဉ် အတွေးများကို ကျောက်ရှောင်ယွီထံသို့ ပို့လွှတ် လိုက်လေသည်။ ဆန်းလျန်၏ နတ်ဘုရား ဉာဏ်စဉ်များသည် ကျောက်ရှောင်ယွီ၏ နတ်ဘုရား ဉာဏ်စဉ်များနှင့် ပေါင်းစပ် သွားလေသည်။

သို့သော် ထိုနေရာတွင် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ နှစ်ယောက်တည်း ရှိနေခြင်း မဟုတ်ပါ။ နောက်ထပ် လူတစ်ယောက် ရှိနေသေးသည်။

ထိုသူမှာ ပြုံးနေသည့် နတ်ဘုရား တစ်ပါး ဖြစ်လေသည်။ ထိုနတ်ဘုရား၏ ဦးခေါင်းထက်မှ ဆံပင်များမှာ ဖွေးဖွေး ဖြူနေပြီး သစ်လွင် တောက်ပသည့် အဝတ်အစားများကို ဝတ်ဆင် ထားလေသည်။ သူ၏ လက်အစုံထက်တွင် ပါးကွ သင်္ကေတကို ကိုင်ဆောင် ထားလေသည်။ ဗုဒ္ဓဘာသာနှင့် တာအိုဝါဒ နှစ်မျိုးစလုံးကို ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။

ထိုပါးကွသင်္ကေတမှ လူ့လောကမှ ဒုက္ခတရားများကို ဖော်ပြနေလေသည်။

ဆန်းလျန်သည် လူ့လောက၏ ဒုက္ခတရားများကို တွေ့မြင်နေပြီး သံဝေဂ တရားကြီးစွာရရှိကာ ထိုနတ်ဘုရား၏ ခြေတော်ရင်းတွင် ဦးခိုက် လိုစိတ်များ တဖွားဖွား ဖြစ်ပေါ် လာလေတော့သည်။

ထိုအချိန်မှာပင် ကျောက်ရှောင်ယွီထံမှ အလင်းတန်း တစ်ခု ဖြာထွက် လာလေသည်။ ထိုအလင်းတန်းသည် လူ့လောက၏ ကိလေသာ မြူမှုန်များ အားလုံးကို သန့်စင်ပေးလိုက်လေသည်။

ထိုအချိန် ခဏလေး အတွင်းမှာပင် ဆန်းလျန်၏ ဝိညာဉ်မှာ ပြန်လည် တည်ငြိမ် သွားလေသည်။

ဆန်းလျန်သည် ကျောက်ရှောင်ယွီ အနားသို့ အလျင်အမြန် သွားလိုက်ပြီး သူမ၏ နောက်ကျောမှ ဒြပ်စင် စွမ်းအား ငါးမျိုးကို ထည့်သွင်း ပေးလိုက်လေသည်။

ထိုအခါမှ ကျောက်ရှောင်ယွီသည် သတိဝင်လာလေသည်။

သူမ၏ မျက်ဝန်းများကတော့ ယခင်အတိုင်း ကြည်လင် တောက်ပနေဆဲ ဖြစ်လေသည်။

"ကျွန်မ ဘာမှမဖြစ်ပါဘူး ၊ ရှင် စိတ်မပူပါနဲ့နော်"

ကျောက်ရှောင်ယွီက နူးညံ့ သိမ်မွေ့သည့် လေသံလေးဖြင့် ပြောလိုက်လေသည်။

***

All Chapters