စိန်ခေါ်ပွဲမတိုင်မီ
Vol. 4 Ch. 312
ဆန်းလျန်က ခဏတာမျှ တိတ်ဆိတ် ငြိမ်သက်သွားသည်။ သူ၏ စိတ်များ တည်ငြိမ်အောင် ကြိုးစား လိုက်လေသည်။
ပြီးမှ ကျောက်ရှောင်ယွီကို စကားဆိုလိုက်သည်။
"ကြာပန်းကိုးပွင့် ကျင့်စဉ်ကျမ်းရဲ့ နောက်ဆုံး အဆင့်က "စစ်မှန်သော ဗလာနယ်" ဆိုတဲ့ ကျင့်စဉ်ပဲ၊ အဲဒီ အဆင့်ကို ကျင့်ကြံရင် နတ်ဘုရားတွေရဲ့ ဝိညာဉ်တွေ ထွက်ပေါ် လာတတ်တယ်၊ မင်းက ကျင့်စဉ်လမ်း အဆင့်တက်ဖို့ ဖြတ်လမ်းနည်းနဲ့ ပြင်ပ အကူအညီတွေ ယူနေခဲ့တာလား၊ အဲဒီလိုဆိုရင် ကျင့်စဉ်လမ်းက ရှုပ်ထွေးကုန် လိမ့်မယ်”
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"စိတ်မပူပါနဲ့၊ ကျွန်မ ခဏပဲ အဲဒီလို လုပ်မှာပါ”
ဆန်းလျန်က ခေါင်းညိတ် လိုက်လေသည်။
သူ့အနေဖြင့် ကျောက်ရှောင်ယွီထံမှ အသေးစိတ် ရှင်းလင်း ပြခြင်းကို မလိုအပ်တော့ပေ။ သူက သူမကို သတိ ပေးခဲ့ပြီးပြီ ဖြစ်လေသည်။ သူမ၏ ကျင့်စဉ်လမ်း အတွက် သူမ စိတ်ကြိုက် ရွေးချယ်ခွင့် ရှိလေသည်။ မှားယွင်း သွားခဲ့လျှင်လည်း နောင်တရစရာ မရှိပေ။
ထို့ပြင် ကျောက်ရှောင်ယွီ ဆိုသည်က အလွန်မှ ထူးခြား ဆန်းကြယ်သည့် မိန်းမပျို ဖြစ်လေသည်။ ဆန်းလျန်အနေဖြင့် အလွန်အကျွံ စိတ်ပူခြင်း မဖြစ်သင့်ပေ။
ကျင့်စဉ်လမ်း ဆိုသည်က ရည်မှန်းချက် အတူတူပင် ဖြစ်လေသည်။ ဆန်းလျန်သည် လော်ဝါဒမှ ဂိုဏ်းသားများနှင့် တရား ဆွေးနွေးပြီး နောက်ပိုင်း လော်ဝါဒကိုလည်း ကောင်းစွာ နားလည် သဘောပေါက် သွားခဲ့ပြီ ဖြစ်လေသည်။ လော်ဝါဒမှ ကျင့်စဉ်များသည် ချင်းရွှမ်နတ်တံခါးမှ ကျင့်စဉ်များနှင့် အနည်းငယ် ဆင်တူလေသည်။ စိတ်ကိုနားလည် အောင်ကျင့်ကြံရသည့် ကျင့်စဉ်များပင် ဖြစ်လေသည်။ စိတ်သည် လောကတွင် အရာအားလုံးကို ဖန်ဆင်း နိုင်လေသည်။
လော်ဝါဒသည် တာအိုဝါဒနှင့် ဆင်တူသည့်တိုင် ကျင့်စဉ်များမှာ အမျိုးမျိုး ကွဲပြား နေသည့်အတွက် သဟဇာတ မဖြစ်ဘဲ ရှိနေရလေသည်။
အလွန် ဉာဏ်ပညာ ကြီးမားသူ တစ်ယောက်သာလျှင် လော်ဝါဒကို တည်ထောင်သူ ဆရာသခင်၏ ရည်ရွယ်ချက်နှင့် လော်ဝါဒ၏ အနှစ်သာရကို နားလည်နိုင်မည် ဖြစ်လေသည်။
ဆန်းလျန်သည် လော်ဝါဒ ဂိုဏ်းသားများနှင့် ကျင့်စဉ်များ အကြောင်းဆွေးနွေးရင်း ကြာပန်း ကိုးပွင့် ကျင့်စဉ် ကျမ်းကိုလည်း နားလည်ခဲ့ရသည်။ ထို့ပြင် လော်ဝါဒတွင် ကြာပန်း ကိုးပွင့် ကျင့်စဉ်ကျမ်းထက် အခြေခံကျသည့် အခြားသော ကျင့်စဉ်များလည်း ရှိဦးမည်ဟု ခံစားနေရသည်။
ကြာပန်းကိုးပွင့် ကျင့်စဉ်ကျမ်းသည် ကြာပန်း ကိုးပွင့် ကျောင်းတော်၏ အခြေခံ ကျင့်စဉ် ဖြစ်လေသည်။ လော်ဝါဒ၏ အယူအဆအရ ထိုကျင့်စဉ် ကျမ်းသည် ရှန်ဝါဒကို လက်ကိုင်ပြုထားသည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။
သို့သော် ဆန်းလျန်၏ ဉာဏ်ရည် ထက်မြက်မှုဖြင့် စဉ်းစား ကြည့်လိုက်သည့် အခါတွင်တော့ လော်ဝါဒ တည်ထောင်သူ ဆရာသခင်သည် သူ၏ ကျင့်စဉ်များကို ရှန်ဝါဒ တစ်ခုတည်းဖြင့် ကန့်သတ်ထားမည် မဟုတ်ပေ။ သူက စစ်မှန်သည့် အခြားသော ကျင့်စဉ်လမ်းများကိုလည်း ဖော်ထုတ် သွားခဲ့သေးသည်။
လော်ဝါဒ တည်ထောင်သူ ဆရာသခင်သည် သူ၏ ကျင့်စဉ်များကို ရေးသား မှတ်တမ်း တင်ထားခဲ့ခြင်း မရှိပေ။ ဆန်းလျန်ကတော့ လော်ဝါဒ တည်ထောင်သူ ဆရာသခင်သည် သူ၏ ကျင့်စဉ် လမ်းတစ်လျှောက် အတွေ့အကြုံများကို တစ်နည်းနည်းဖြင့် လက်ဆင့်ကမ်း ပေးသွားခဲ့မည်ဟု ယုံကြည် နေမိလေသည်။
ဆန်းလျန်၏ အရည်အချင်းဖြင့် လော်ဝါဒ၏ တည်ထောင်သူ ဆရာသခင်ကို ခန့်မှန်းကြည့်ရန်မှာ မဖြစ်နိုင်ပါ။ ထို့ပြင် လော်ဝါဒ အကြောင်းကို နက်နက်ရှိုင်းရှိုင်း လေ့လာရန်လည်း ဆန်းလျန်အတွက် မလိုအပ်ပါ။
သို့သော် သူက စိတ်ဝင်စားသည့် အတွက်သာ လော်ဝါဒ၏ ကွဲပြားမှုများကို နှိုင်းဆ ချင့်ချိန် ကြည့်နေခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ ကျင့်စဉ်လမ်း ပိုပြီး အတွေ့အကြုံ များလာလေ ရှေးခေတ် အခါက နတ်ဘုရားများ၏ စိတ်ထားများကို ပိုမို နားလည် လာလေလေ ဖြစ်ရလေသည်။
ဆန်းလျန်သည် စိန်ခေါ်သည့်ရက် တစ်ရက်အလိုတွင် ကျီမော့တောင်ထိပ်သို့ ရောက်ရှိ လာခဲ့လေသည်။
ဆန်းလျန်၏ ဦးခေါင်းထက်တွင် နဂါးပုံသဏ္ဌာန် ရောင်ခြည် စက်ဝန်းတစ်ခု ဖြာလင်း နေလေသည်။ အသက် ဓာတ်စွမ်းအားများနှင့် မိုးမြေစွမ်းအားများ ပေါင်းစည်းကာ ရောင်ခြည် စက်ဝန်း ဖြာလင်းနေခြင်း ဖြစ်လေသည်။
သို့သော် ယွိဟွားစင်မြင့်နှင့် တဖြည်းဖြည်း နီးကပ်လာသည့် အခါတွင်တော့ ဆန်းလျန်၏ ဦးခေါင်းထက်မှ နဂါးပုံသဏ္ဌာန် ရောင်ခြည်စက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ကြယ်စင်များက လင်းလက်စွာ တောက်ပနေကြလေသည်။
တိမ်များကလည်း ကင်းစင်ပြီး လရောင်ကလည်း ထိန်ထိန် သာနေလေသည်။ ကောင်းကင် ထက်တွင် ဖြတ်သန်း စီးဆင်းနေသည့် နဂါး ငွေ့တန်းကိုလည်း တွေ့မြင်ရလေသည်။
ယွိဟွားစင်မြင့် နံဘေးမှ စမ်းချောင်းလေး တစ်စင်း စီးဆင်းနေသံကို မပီဝိုးတဝါး ကြားနေရလေသည်။
အသက်ဓာတ် စွမ်းအားများ အဆုံးစွန်ထိ သိပ်သည်း နေသည့် အတွက် ဝိညာဉ် စွမ်းအား သားရဲများ မြူးတူး နေကြသလို သစ်ပင်ပန်းမန် များမှာလည်း အစွမ်းကုန် ပွင့်လန်း နေကြလေသည်။ မွှေးကြိုင်သည့် ပန်းရနံ့များကို တစ်မိုင်ပတ်လည် အတွင်း ပျံ့နှံ့လျက် ရှိကြလေသည်။
ယွိဟွားစင်မြင့်သည် နတ်ဘုရားနယ်မြေ တစ်ခု ဖြစ်လာတော့မည့် အလား ခမ်းနားလျက် ရှိလေသည်။
မူလာငါးဖြာ အရံအတားသည် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းမှ နတ်ဘုရား အလောင်းအလျာ ငါးပါးနှင့် ခေတ်တစ်ခေတ်၏ ပါရမီရှင် ဆန်းတန်ခိုးရှင်တို့ ရင်ဆိုင်တိုက်ခိုက်မည့် တိုက်ပွဲပင် ဖြစ်လေသည်။
ကျင့်ကြံသူများသည် တိုက်ပွဲကို ကြည့်ရှုရန် အတွက် ဓားဝိညာဉ်များကို စီးနင်းကာ ကောင်းကင်ထက်တွင် နေရာယူ ထားကြလေသည်။
တန်ခိုးစွမ်းအား မြင့်မားသည့် ကျင့်ကြံသူများကတော့ ယွိဟွားစင်မြင့်နှင့် ဆယ်မိုင်ပတ်လည်မှ တိုက်ပွဲကို ကြည့်ရှုရန် နေရာ ယူထားကြလေသည်။ သို့သော် တန်ခိုး စွမ်းအား နည်းပါးသည့် ကျင့်ကြံသူများကတော့ မိုင်တစ်ရာ ပတ်လည်မှ တိုက်ပွဲကို ကြည့်ရှုရန် နေရာယူ ထားကြလေသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲအတွင်း မသိနိုင်သည့် တန်ခိုးစွမ်းအား လှုပ်ရှားမှုများကြောင့် ဒဏ်ရာ ရရှိ သွားနိုင်သောကြောင့် ဖြစ်လေသည်။
ယနေ့တိုက်ပွဲသည် ကျင့်ကြံသူလောကတွင် အဓိက တိုက်ပွဲကြီး တစ်ခု ဖြစ်လေသည်။ တိုက်ပွဲကို ကြည့်ရှုရန်အတွက် အဆင့်အတန်း အမျိုးမျိုး ရှိသည့် ကျင့်ကြံသူများ ရောက်ရှိ နေကြလေသည်။
ကျင့်ကြံသူများ စီးနင်းထားသည့် ဓားဝိညာဉ်များမှာ ကောင်းကင်ထက်တွင် တလက်လက် တောက်ပ နေကြလေသည်။
မြေပြင်ပေါ်မှ ကြည့်မည်ဆိုလျှင် လေထဲတွင် မီးအိမ်များ ပျံသန်းနေသည့် အလားပင်။
ကောင်းကင် အစွန်းတစ်နေရာတွင် အဖြူရောင် တိမ်တိုက်တစ်ခု လွင့်မျော နေလေသည်။ တာအို ဆရာတစ်ယောက်နှင့် တာအို ကျင့်ကြံသူ အမျိုးသမီး တစ်ယောက်သည် ထိုတိမ်တိုက်ပေါ်တွင် ထိုင်နေကြလေသည်။ သူတို့ဆီမှ နတ်ဘုရား အငွေ့အသက်များ ထွက်ပေါ်နေပြီး သူတို့၏ မျက်ဝန်းများက ကြယ်စင်များကဲ့သို့ တောက်ပ နေကြလေသည်။ သူတို့သည် အသက်အရွယ် ကြီးရင့်နေကြပြီ ဖြစ်သည့်တိုင် ပုံပန်းသဏ္ဌာန်ကတော့ ငယ်ရွယ်နုပျိုနေဆဲ ဖြစ်လေသည်။
သူတို့နောက်တွင် ဆယ်ယောက်ထက် မနည်းသော တပည့်များက ဓားဝိညာဉ်များကို စီးနှင်ရင်း ရပ်တန့် နေကြလေသည်။
ထိုတာအိုဆရာနှင့် တာအိုဆရာမတို့ကို သိရှိကြသည့် ကျင့်ကြံသူ အချို့က အဝေးမှပင် လှမ်းပြီး ဂါရဝ ပြုလိုက်ကြလေသည်။
ထိုတာအိုဆရာနှင့် တာအိုဆရာမတို့မှာ ချင်စန်းတောင်မှ ဆရာသခင်နှစ်ပါး ဖြစ်လေသည်။ သူတို့၏ ကျင့်စဉ်လမ်း သက်တမ်းမှာ အနှစ်ငါးရာ ကျော်ပြီ ဖြစ်လေသည်။ သူတို့၏ တန်ခိုးစွမ်းအားများနှင့် နာမည်ကျော်ကြားမှုမှာ တာအိုဆရာ ပိုင်ရှီထက် မပိုလျှင်တောင် မလျော့သည့် အနေအထား ဖြစ်လေသည်။
ထို့ပြင် ထိုတာအိုဆရာနှင့် တာအိုဆရာမတို့မှာ တာအို လက်တွဲဖော်များ ဖြစ်ကြလေသည်။ သူတို့ နှစ်ယောက်ကို အမြဲတမ်းအတူတကွ မြင်တွေ့ကြရမည် ဖြစ်ပြီး သူတို့ ကျင့်ကြံကြသည့် ကျင့်စဉ်မှာလည်း အတူတူပင် ဖြစ်လေသည်။ သူတို့ နှစ်ယောက်၏ တန်ခိုးစွမ်းအားနှစ်ခု ပေါင်းစပ် လိုက်ပါက သာမန် လောကနတ်ဘုရားများကိုပင် အနိုင်ယူနိုင်ကြသည်ဟု အဆိုရှိကြလေသည်။ ကျင့်ကြံ သူလောကတွင် လူအများ၏ လေးစားမှုကို ရရှိထားသည့် ဆရာသခင်နှစ်ပါး ဖြစ်လေသည်။
သူတော်စင် မိန်းမပျိုချင်းယင်းက ချင်းစန်းတောင်မှ ဆရာသခင် နှစ်ပါးကို ဂါရဝ ပြုလိုက်လေသည်။
ချင်းစန်းတောင်မှ ဆရာသခင် နှစ်ပါးမှာ ကျီမော့တောင် ပတ်ဝန်းကျင်သို့ အမှတ်မထင် ရောက်လာကြရင်း ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား အလောင်းအလျာ ငါးပါးနှင့် ဆန်းတန်ခိုးရှင်၏ စိန်ခေါ်ပြိုင်ပွဲ သတင်းကို ကြားပြီး လာရောက် ကြည့်ရှုကြခြင်း ဖြစ်လေသည်။
ချင်းယင်းက ဧည့်ဝတ်ကျေပွန်သည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။ သူမက ဆရာသခင် နှစ်ပါးရှိရာသို့ ပျံသန်းသွားပြီး ဧည့်ခံစကား ပြောနေလေသည်။
ထို့နောက် သူမက ဆရာသခင် နှစ်ပါးကို ယွိဟွားစင်မြင့် အနီးသို့ ခေါ်လာခဲ့လေသည်။ ချန်မုပိုင်နှင့် အခြားသော် ကျင့်ကြံသူများက ဆရာသခင်နှစ်ပါးကို စိတ်စွမ်းအားဖြင့် နှုတ်ဆက် စကား ဆိုလိုက်ကြသည်။
မိနစ်သုံးဆယ်ခန့် ကြာသည်အထိ ဆန်းလျန်က ရောက်ရှိလာခြင်း မရှိသေးပေ။
ညသည် ကုန်ဆုံးတော့မည် ဖြစ်လေသည်။ နောက်တစ်နေ့သို့ ကူးသွားလျှင်တော့ စိန်ခေါ်ထားသည့် သတ်မှတ်ဆယ်ရက် ကုန်ဆုံးသွားပြီဟု မှတ်ယူရမည် ဖြစ်လေသည်။
အချို့သော ကျင့်ကြံသူများက “ဆန်းလျန်သည် ရောက်မလာ ရဲတော့ပြီလား” ဟု တွေးနေ ကြလေသည်။
"ကြည့်ရတာ အဲဒီလူက ဒီလောက် သတ္တိမရှိရင် ချင်းရွှမ်နတ်တံခါးရဲ့ ဂိုဏ်းချုပ် မဖြစ်ထိုက်တဲ့ သူပဲ"
ချင်းစန်းတောင် ဆရာသခင် နှစ်ပါးနှင့် အတူပါလာသည့် မိန်းကလေးငယ် တစ်ယောက်ထံမှ စကားသံ ထွက်ပေါ် လာလေသည်။ သူမက စောင့်ဆိုင်းနေရသည့် အတွက် စိတ်မရှည်ဘဲ ပြောလိုက်ခြင်း ဖြစ်လေသည်။
ထိုမိန်းကလေးငယ်မှာ အခြားသူ မဟုတ်ပေ။ ချင်းစန်းတောင် ဆရာသခင် နှစ်ပါး၏ တစ်ဦးတည်းသော သမီးလေးပင်။
ကျင့်ကြံသူများသည် သားသမီးယူလေ့ မရှိကြပေ။ သားသမီး ရလာလျှင်လည်း ကံတရား အတိုင်းပင် ဖြစ်လေသည်။ ချင်းစန်းတောင် ဇနီးမောင်နှံသည် အသက်ငါးရာကျော်မှ သမီးလေး တစ်ယောက် ရခဲ့ခြင်း ဖြစ်သည့် အတွက် သမီးငယ်ကို တုန်နေအောင် ချစ်ကြလေသည်။ ထိုသမီးငယ်သည် သူတို့အတွက်တော့ မိုးကောင်းကင်မှ ပေးသည့် လက်ဆောင်ပင် ဖြစ်လေသည်။ သူတို့က သမီးငယ်ကို အလွန်အလိုလိုက် ထားကြသည့်အတွက် မိန်းကလေးငယ်သည် ဆိုးချင်တိုင်း ဆိုးနေလေတော့သည်။
စိန်ခေါ်ပွဲကို ကြည့်ရန် စောင့်စိုင်းနေကြသည့် ကျင့်ကြံသူတိုင်းသည် သူမ၏စကားကို ကြားလိုက် ကြရလေသည်။
ထိုအချိန်မှာပင်…
"ဆန်းလျန်က ချင်းရွှမ်နတ်တံခါးရဲ့ ဂိုဏ်းချုပ်ဖြစ်ဖို့ မထိုက်တန်ဘူး ဆိုရင် ချင်းစန်းတောင်က ဆရာသခင် နှစ်ပါးကရော ဘာတွေများ ထိုက်တန်နေလို့လဲ"
လူတစ်ယောက်၏ အသံထွက်ပေါ်လာလေသည်။
ကျင့်ကြံသူများက မိန်းကလေးငယ်မှာ ရိုင်းစိုင်းသည်ကို သတိပြုမိကြလေသည်။ သို့သော် ချင်းစန်းတောင် ဇနီးမောင်နှံ၏ သိက္ခာကို ထောက်ကာ မည်သူကမှ ဝေဖန်ခြင်း မပြုခဲ့ကြပေ။
ယခုကဲ့သို့ တစ်စုံတစ်ယောက်က ချေပ ပြောဆိုမည် ဟုလည်း မည်သူမျှ ထင်မထားခဲ့ကြပေ။
ကျင့်ကြံသူများ အားလုံးသည် အသံလာရာဆီသို့ ကြည့်လိုက်မိကြလေသည်။
ဓားခြိမ်းသံကြီးနှင့် အတူ ကြည်လင် ပြတ်သားသည့် ဓားဝိညာဉ် တစ်ခုသည် အရှိန်အဟုန် ပြင်းစွာဖြင့် ရွေ့လျား လာလေသည်။
ထိုဓားဝိညာဉ်သည် ယွိဟွား စင်မြင့်ထက်တွင် ရပ်တန့် သွားလေသည်။
***