ပန်းချီကားအလား သူရဲကောင်းတစ်ယောက်
Vol. 4 Ch. 313
ယွိဟွား စင်မြင့်ထက်တွင် လူငယ်တာအို ဆရာတစ်ယောက် ပေါ်လာလေသည်။
သူ၏ မျက်ခုံးများက ဓားသွားကဲ့သို့ ထက်ရှနေပြီး မျက်ဝန်းများက စူးရှ တောက်ပ နေလေသည်။ မည်သူမျှ သူ၏ အကြည့်ကို ရင်မဆိုင်ရဲကြပေ။ ပတ်ဝန်းကျင် လေထု တစ်ခုလုံးတွင် ကြမ်းတမ်းသည့် ဓားတန်ခိုးစွမ်းအားများက ပြင်းထန်စွာ ရိုက်ခတ် နေလေသည်။
ချင်းယင်းမှာ လူငယ်ကို မြင်လိုက်ရသည်နှင့် အံ့သြ မှင်တက် သွားရလေသည်။
သူမက ထိုလူငယ်၏ အကြောင်းများကို ကြားဖူးထားသူ ဖြစ်သောကြောင့် ထိုလူငယ်နှင့် ပြဿနာ မဖြစ်လိုပေ။
ချင်းစန်းတောင် ဆရာသခင် နှစ်ပါး၏ သမီးငယ်က အလွန်မှ ရိုင်းစိုင်းသူ ဖြစ်လေသည်။
"ရှင်က ဒီစကားမျိုး ပြောရဲသလား"
သူမက ယွိဟွား စင်မြင့်ထက်မှ လူငယ်ကို ပြောလိုက်လေသည်။
သူမက လူငယ်ကို စော်ကားသည့် စကားများဖြင့် ဆက်လက် ထိုးနှက်ရန် ကြံစည်လိုက်လေသည်။
သို့သော် မိုးခြိမ်းသံကြီး တစ်ချက်ကို ကြားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး အေးစက် တောင့်တင်း သွားလေသည်။ သူမသည် ရေခဲဂူ တစ်ခုအတွင်းသို့ ရောက်နေ သကဲ့သို့ ခံစားလိုက်ရပြီး အေးခဲလွန်းသည့် အတွက် စကား မပြောနိုင်တော့ပေ။
အဖြူရောင်နှင့် အနက်ရောင် ဓားဝိညာဉ် နှစ်ခုသည် ရုတ်တရက် လင်းလက် တောက်ပသွားပြီး မိန်းကလေးငယ်ကို ကာကွယ် ပေးထား လိုက်လေသည်။ ထိုဓားဝိညာဉ် နှစ်ခုမှာ ချင်းစန်းတောင် ဆရာသခင် နှစ်ပါး၏ သံလိုက် ဓားမောင်နှံ ဖြစ်လေသည်။
ထိုဓားဝိညာဉ် နှစ်ခုက ကောင်းကင်ထက်မှ ဆင်းသက်လာသည့် အစိမ်းရောင် ဓားဝိညာဉ်ကို တားဆီး ထားလိုက်လေသည်။
"မိုးကြိုး ဓားဝိညာဉ်ပါလား၊ ဓားတန်ခိုးရှင် ချန်ကျန့်မေ၊ မင်းက ဓားပညာမှာ တကယ့် ပါရမီရှင် တစ်ယောက်ပါပဲ၊ ကျုပ်ရဲ့ သမီးငယ်က ရိုင်းပျမိတာကို ခွင့်လွှတ်ပေးပါ"
တောင်းပန်စကား ပြောလိုက်သူမှာ ချင်းစန်းတောင်မှ တာအိုဆရာ ဖြစ်လေသည်။
သူ၏ မျက်ဝန်းများက လူငယ်ကို စိုက်ကြည့်နေလေသည်။
ထိုလူငယ်သည် အခြားသူမဟုတ်။ ချင်းရွှမ်နတ်တံခါးမှ ဓားတန်ခိုးရှင် ချန်ကျန့်မေပင် ဖြစ်လေတော့သည်။
ချင်းစန်းတောင်မှ တာအိုဆရာမက သူမ၏ ခင်ပွန်း ဖြစ်သူကို ပြောလိုက်သည်။
"ရှင်က သူ့ကို ဘာတွေ ကြောက်နေတာလဲ … အဘိုးကြီး၊ သူ့ရဲ့ မရဏဓားက ဘယ်လောက်ပဲ အစွမ်းထက်ထက် ကျွန်မတို့ရဲ့ ဓားမောင်နှံကလည်း ရှုံးပွဲမရှိခဲ့တဲ့ ဓားသိုင်းပညာပဲ မဟုတ်လား”
အစိမ်းရောင် ဓားဝိညာဉ်သည် သံလိုက် ဓားမောင်နှံနှင့် ရိုက်ခတ်မိကာ လေထဲတွင် ပျောက်ကွယ် သွားလေသည်။
တိုက်ပွဲကို လာရောက် ကြည့်ရှုကြသည့် ကျင့်ကြံသူများမှာ အသက်ပင် မရှူရဲကြပေ။
ချန်ကျန့်မေ၏ မိုးကြိုး ဓားဝိညာဉ်မှာ လောက နတ်ဘုရားများပင် ကြောက်ရွံ့ကြသည့် ဓားသိုင်းပညာ တစ်ခု ဖြစ်လေသည်။
သို့သော် ယခုတော့ ချင်းစန်းတောင် ဆရာသခင် နှစ်ပါး၏ သံလိုက် ဓားမောင်နှံက မိုးကြိုးဓားကို ခုခံ တိုက်ခိုက်လိုက်ပြီ ဖြစ်လေသည်။
ချင်းစန်းတောင် ဆရာသခင် နှစ်ပါး၏ စုပေါင်း တိုက်ကွက်မှာ ရင်သပ်ရှုမော အံ့သြဖွယ်ရာ အစွမ်းထက် လွန်းလှလေသည်။ ဆရာသခင် နှစ်ပါး၏ ဓားစွမ်းသည် ချန်ကျန့်မေထက်ပင် သာလွန် နေသည်လား ထင်ရလေသည်။
ချန်ကျန့်မေ၏ အကြည့်များက အေးစက် နေလေသည်။ သူ့ကျောတွင် လွယ်ထားသည့် ဓားရှည်မှ ဓားခြိမ်းသံ တစ်ချက် ထွက်ပေါ်လာလေသည်။
သူက တိုက်ခိုက်ရန် အသင့် ဖြစ်နေလေပြီ…။
ထိုအချိန်တွင် ချန်မုပိုင်က စကား ဝင်ပြောလိုက်သည်။
“ဓားတန်ခိုးရှင် ချန်ကျန့်မေ၊ ခင်ဗျားက ဆန်းတန်ခိုးရှင်ကို ကူညီပေးဖို့ ရောက်လာတာ မဟုတ်လား၊ ဒါပေမဲ့ ဆန်းတန်ခိုးရှင်ကတော့ ဒီနေ့ ရောက်မလာရဲတော့ဘူး ထင်တယ်၊ ခင်ဗျားတို့ နှစ်ယောက်က ဂိုဏ်းတူ ညီအစ်ကိုတွေဆိုတော့ ခင်ဗျားကပဲ ဆန်းတန်ခိုးရှင် ကိုယ်စား ပကတိ ငါးဖြာ အရံအတားကို ချိုးဖျက် ပေးနိုင်မလား”
ချန်မုပိုင်၏ စကားကြောင့် ချန်ကျန့်မေက အော်ဟစ် ရယ်မော လိုက်လေသည်။
“ချန်မုပိုင်… မင်းက အပြောတော့ ကောင်းပါပေ့၊ ဒါပေမဲ့ မင်းပြောတိုင်း လိုက်လုပ်ရအောင် မင်းကကျုပ်ကို ဘယ်သူများ ထင်သလဲ၊ ကျုပ်က ပကတိ ငါးဖြာ အရံအတားကိုတော့ ချိုးဖျက်မှာ မဟုတ်ဘူး ကျုပ်ရဲ့ မရဏဓားနဲ့ မင်းကို တစ်ချက်တည်း သတ်ပစ်လိုက်မယ်”
“မင်းက ရက်စက် ကြမ်းကြုတ်တဲ့ ဓားသမားဆိုတာ ကျုပ်တို့ သိထားပါတယ်၊ ဒါပေမဲ့ မင်းအနေနဲ့ ဒီနေ့ ကိစ္စမှာ ဝင်ရှုပ်မယ်ဆိုရင်တော့ ကျုပ်တို့ ညီအစ်ကို ငါးယောက်က မင်းကို တိုက်ခိုက် ရလိမ့်မယ်”
ချန်မုပိုင်က ပြန်ပြော လိုက်လေသည်။
ကွမ်းချင်းဂိုဏ်းမှ ညီအစ်ကို ငါးယောက် တည်ဆောက် ထားသည့် ပကတိ ငါးဖြာ အရံအတားမှ အသံလှိုင်းများ ထုတ်လွှတ် နေလေသည်။ ထိုအသံများမှာ မြေကြီး တစ်ခုလုံး ကွဲအက်တော့မည့် အလား ကျယ်လောင် လွန်းလှပြီး ချန်ကျန်မေ၏ ဓားခြိမ်းသံထက်ကို ဖုံးလွှမ်း သွားလေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ညီအစ်ကို ငါးယောက်သည် ချန်ကျန့်မေကို တိုက်ခိုက်ရန် အတွက် တန်ခိုး စွမ်းအားများ စုစည်းကာ အသင့် ပြင်ထား လိုက်ကြလေသည်။
ချန်ကျန့်မေက ကြောက်ရွံ့ခြင်း အလျဉ်းမရှိပါ။ သူက ဓားကို တစ်ချက် ဝှေ့ယမ်း လိုက်လေသည်။ ဓားခြိမ်းသံကြီးသည် မိုးမြေတစ်ခွင်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
ချင်းစန်းတောင်မှ ဆရာသခင် နှစ်ပါးက တစ်ယောက် မျက်နှာတစ်ယောက် ကြည့်လိုက် ကြသည်။ သူတို့ နှစ်ယောက်လုံး၏ စိတ်ထဲတွင် တွေးလိုက်သည့် အတွေးက အတူတူပင် ဖြစ်လေသည်။
သူတို့ နှစ်ယောက်သည် နောက်နှစ်ပေါင်း နှစ်ရာခန့် ဆိုလျှင် အသက် သေဆုံး ကြရတော့မည် ဖြစ်လေသည်။
သူတို့ နှစ်ယောက်လုံးက သေဆုံး ကြရမည်ကို ပူပန်ခြင်း မရှိပါ။ သို့သော် သူတို့မရှိတော့သည့် အချိန်တွင် သူတို့၏ သမီးငယ်ကို စောင့်ရှောက်မည့်သူ မရှိမည်ကို စိတ်ပူပန် နေမိကြလေသည်။
သူတို့က သမီးငယ်ကို ကွမ်းချင်း နတ်ဘုရား ဂိုဏ်းတွင် တပည့်အဖြစ် အပ်နှံရန် ဆုံးဖြတ် လိုက်ကြလေသည်။
အမှန်တော့ သူတို့က သမီးဖြစ်သူကို အဓိက နတ်ဘုရား ကျောင်းတော်ကြီး တစ်ခုခုတွင် ပညာ သင်ကြားစေလိုခြင်း ဖြစ်သည်။
သို့သော် အဓိက နတ်ဘုရား ကျောင်းတော်ကြီးလေးခုမှာ ဝင်ရောက်ရန် ခက်ခဲလွန်းလေသည်။ ကံအလွန်ကောင်းမှ သာဝင်ခွင့်ရနိုင်ပေမည်။
ချင်းစန်းတောင် ဇနီးမောင်နှံက သူတို့၏ ဂုဏ်သိက္ခာကိုပင် မထောက်ဘဲ သမီးငယ်လေး အဓိကနတ်ဘုရား ကျောင်းတော်များတွင် ပညာသင်ခွင့် ရရေးအတွက် အကြိမ်ကြိမ်ကြိုးစား ခဲ့ကြသည့်တိုင် အောင်မြင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့်ပင် သမီးငယ် ဖြစ်သူသည် အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုကို မကျေမနပ် ဖြစ်နေခဲ့လေသည်။ ထို့ကြောင့်လည်း သူမသည် အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုတွင် တစ်ခု အပါအဝင် ဖြစ်သည့် ချင်းရွှမ်နတ်တံခါးကို စော်ကားသည့် စကားပြောမိလိုက်ခြင်း ဖြစ်လေသည်။
သူတို့က ကျီတော့ တောင်ထိပ်မှ ရင်ဆိုင်တိုက်ပွဲကို လမ်းကြုံ၍ ဝင်ကြည့်သည်ဟု ဆိုသော်လည်း သူတို့တွင် အခြားသော ရည်ရွယ်ချက်လည်း ရှိလေသည်။
လက်ရှိ အချိန်တွင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းသည် အင်အားကြီးမားသည့် နတ်ဘုရား ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လေသည်။ ကျင့်ကြံသူ အများ၏ အာရုံစိုက်ခြင်းကိုလည်း ခံနေရသည်။
ယခုလည်း ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား အလောင်းအလျာ ငါးပါး၏ တန်ခိုး စွမ်းအား မြင့်မားမှုများကို မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ကြရသည့် အတွက် ကွမ်းချင်း နတ်ဘုရားဂိုဏ်းသည် အလားလာကောင်း ရှိသည်ဟု သူတို့ နှစ်ယောက်က ထင်မြင် လိုက်မိလေသည်။
ထိုရည်ရွယ်ချက်ဖြင့်ပင် သူတို့သည် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းဘက်မှ ရပ်တည်ရန် ဆုံးဖြတ် လိုက်ကြလေသည်။
ချင်းစန်းတောင် ဆရာသခင်နှစ်ပါး၏ အဖြူရောင်နှင့်အနက်ရောင် သံလိုက် ဓားမောင်နှံသည် ကောင်းကင်ထက်သို့ ပျံဝဲ တက်သွားပြီး ချန်ကျန့်မေထံသို့ အရှိန်အဟုန် ပြင်းထန်စွာဖြင့် ဝင်ရောက် လာကြလေသည်။
သံလိုက် ဓားသိုင်းပညာသည် ရှေးခေတ်အခါက ဓားနတ်ဘုရား တစ်ပါး ချန်ထားခဲ့သည့် ဓားသိုင်းပညာ ဖြစ်လေသည်။ ချင်းစန်းတောင် ဇနီးမောင်နှံ၏ တန်ခိုး စွမ်းအား နှစ်ခု ပေါင်းစပ် လိုက်လျှင် လောက နတ်ဘုရား တစ်ပါးအလား တန်ခိုးစွမ်းအား မြင့်မား လွန်းမည် ဖြစ်သည်။
သူတို့နှစ်ယောက်၏ ယင် နှင့် ယန် ပေါင်းစပ်မှု စွမ်းအားကို လျှော့တွက်၍ မရပေ။
ကွမ်းချင်း နတ်ဘုရား ဂိုဏ်းမှ နတ်ဘုရား အလောင်းအလျာ ငါးယောက်သည် ချန်ကျန့် မေထံသို့ တန်ခိုးစွမ်းအားများ ထုတ်လွှတ်ကာ တိုက်ခိုက် လိုက်ကြလေသည်။
ချန်ကျန့်မေမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ညီအစ်ကို ငါးယောက်၏ တန်ခိုးစွမ်းအားများကို ရင်ဆိုင် နေရသည့် အချိန်တွင် ချင်းစန်းတောင် ဇနီးမောင်နှံထံမှ သံလိုက်ဓားမောင်နှံကလည်း သူ့ထံသို့ တစ်ရှိန်ထိုး ဝင်ရောက် လာလေသည်။
ဓားသမား တစ်ယောက် ဖြစ်သည့် ချန်ကျန့်မေသည် ကြီးမားသော ဖိအားများကြောင့် တစ်စက် ကလေးမှ ထိတ်လန့် သွားခြင်းမရှိပေ။ သူ့ထံမှ လူသတ်လိုသည့် အငွေ့အသက်များ ပို၍ပင် ပြင်းထန်စွာ ထွက်ပေါ် လာလေသည်။
ချန်ကျန့်မေ၏ ခမ်းနားလွန်းသည့် ဓားရှည်သည် ပျက်စီးသွားမည့် အစား ပို၍ပင် အင်အား ကြီးမား လာသေးသည်။
ချန်ကျန့်မေသည် လက်တစ်ဖက်တည်းဖြင့်ပင် ဓားကိုကိုင်ကာ ဖော့ဝမ့် အဆင့်ကျင့်ကြံသူ ခုနစ်ယောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်နေလေသည်။
တိုက်ပွဲကို ကြည့်နေကြသည့် ကျင့်ကြံသူများမှာ ချန်ကျန့်မေ၏ ဓားစွမ်းကို ကြည့်ပြီး သွေးပင် ပျက်သွား ကြရသည်။
ချင်းစန်းတောင်မှ ဇနီးမောင်နှံမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ညီအစ်ကို ငါးယောက်နှင့် ပူးပေါင်း တိုက်ခိုက်လျှင် ချန်ကျန့်မေကို ချေမှုန်း ပစ်နိုင်မည်ဟု တွေးထားလေသည်။
သို့သော် သူတို့သိထားသည့် ဓားတန်ခိုးရှင် ချန်ကျန့်မေ အကြောင်းမှာ အနည်းငယ်သာ ဖြစ်လေသည်။
သို့သော် တိုက်ပွဲကို စမိပြီဆိုမှတော့ သူတို့အနေဖြင့် နောက်ပြန်ဆုတ်၍ မရတော့ပေ။ ထို့ကြောင့် တန်ခိုး စွမ်းအားများကို ပိုပြီး မြှင့်တင်ကာ တိုက်ခိုက် လိုက်ကြလေတော့သည်။
သို့သော် သူတို့ ချန်ကျန့်မေကို အနိုင်ရအောင် မတိုက်ခိုက်နိုင်ခင်မှာပင်….
သူတို့အားလုံး၏ တန်ခိုးစွမ်းအားများမှာ တုန်ခါလာလေသည်။
ထို့ပြင် တိုက်ပွဲကို ကြည့်နေကြသည့် ကျင့်ကြံသူများ စီးနှင်ထားသည့် ဓားများမှာလည်း တုန်ခါ လာကြလေသည်။
ကောင်းကင်မှ ကြယ်စင်များမှာ ကြွေကျတော့မည့် အလား အစွမ်းကုန် တောက်ပ လင်းလက် လာကြသည်။
ကျီမော့တောင်ထိပ်တွင် နေထိုင်သည့် ဝိညာဉ် စွမ်းအား သားရဲများက ကခုန်နေကြပြီး ကြိုးကြာများက တေးသီချင်းများ စတင် သီဆိုကြလေသည်။
လောက သဘာဝ တရားကြီးသည် တစ်စုံတစ်ယောက်ကို ကြိုဆိုနေသည့် အလား ချက်ချင်းပင် ပြောင်းလဲ သွားလေသည်။
“တောတောင် စိမ်းစိမ်းတွေက တွယ်တာချင်စရာ…
ဘယ်တော့မှအရှုံးမပေးတဲ့ ဝါးပင်လေးဟာ
ကျောက်ဆိုင် ကျောက်သားတွေ ကြားမှာ မရရအောင် အမြစ်တွယ်လို့…
ဘယ်လောက်ပဲ နာကျင်ပါစေ…
အားမာန် အပြည့်နဲ့ ကြံ့ကြံ့ခံထားတယ်….
လေဘယ်လောက် ထန်ထန်
လေကိုဆန်ပြီး အရှုံးမပေးဘဲ ရှေ့ဆက်မယ်….”
ကောင်းကင်ထက်တွင် ကဗျာ ရွတ်သံတစ်သံ ပျံ့လွင့် လာလေသည်။
“ဂိုဏ်းတူ အစ်ကို၊ ဒီပြိတ္တာကောင်တွေက အစ်ကို့ရဲ့ တာအို တန်ခိုးစွမ်းအားကို ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး”
ကဗျာရွတ်ဖတ်သံ ဆုံးသွားသည်နှင့် ကြည်လင်သည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။
ရုတ်တရက်ပင်…
လေပြည်လေး တစ်ချက် တိုက်ခတ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပန်းများလည်း ပွင့်လန်း လာကြလေသည်။
လေထဲတွင် အသက်ဓာတ် စွမ်းအားများက အဆုံးမရှိ စီးဆင်းနေပြီး မိုးကောင်းကင်ထက်မှ နဂါးငွေ့တန်း သည်ပင်လျှင် တလက်လက် တောက်ပ နေလေသည်။
တာအို တေးသွား တစ်ပုဒ်နှင့်အတူ လေထဲတွင် လူငယ်တာအို ဆရာလေး တစ်ယောက် လွင့်မျော လာလေသည်။
ချင်းစန်းတောင်မှ ဆရာသခင် နှစ်ပါးနှင့် သူတို့၏ သမီးငယ်သည် လူငယ်ကို မြင်တွေ့ လိုက်ရသည်နှင့် ပန်းချီကားထဲမှ နတ်ဘုရား တစ်ပါးကို မြင်တွေ့ လိုက်ရသည့် အလား ခံစားလိုက်ရပြီး အံ့သြ မှင်တက် သွားကြရလေသည်။
ဆန်းလျန် ရောက်လာသည်နှင့် ပြင်းထန်နေသည့် တိုက်ပွဲမှ ဒေါသတရားများနှင့် လူသတ်လိုသည့် အငွေ့အသက်များ ပျောက်ကွယ် သွားရလေသည်။
ဆန်းလျန်က ပါးလွှာစူးရှသည့် နဂါးငွေ့တန်း ဓားဝိညာဉ်ကို ထုတ်လွှတ်ကာ တိုက်ပွဲကို ငြိမ်သက် စေလိုက်ခြင်း ဖြစ်လေသည်။
ချင်းစန်းတောင်မှ ဆရာသခင်နှင့် ချန်မုပိုင်တို့မှာ ဆန်းလျန်သည် အမှန် တကယ်ပင် ကြောက်စရာ ကောင်းသူ တစ်ယောက်ဖြစ်ကြောင်း သဘောပေါက် လိုက်မိကြလေသည်။
ချန်မုပိုင်က သက်ပြင်းတစ်ချက် ကြိတ်ပြီး ချလိုက်မိသည်။
ပထမ ချန်ကျန့်မေ၊ ယခု ဆန်းလျန် …။
ကံကြမ္မာသည် ချင်းရွှမ် နတ်တံခါးဘက်မှ ရပ်တည် ပေးနေသည့် အလားပင် ထင်မှတ် ရလေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ သူတို့ ညီအစ်ကို ဆယ့်နှစ်ယောက်သည် နှစ်ပေါင်းရာနှင့်ချီပြီး မနေမနား ကြိုးစား ကျင့်ကြံခဲ့ကြသည်။ ကျင့်စဉ်လမ်းတွင် သူတို့ ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများနှင့် ဒုက္ခများကို သူတို့သာလျှင် သိလေသည်။
သို့သော် ဆန်းလျန်နှင့် ချန်ကျန့်မေမှာတော့ နှစ်ပေါင်း တစ်ရာအထိပင် ကျင့်ကြံစရာ မလိုဘဲ လွယ်ကူစွာဖြင့်ပင် ဖော့ဝမ့် အဆင့်သို့ တက်လှမ်းနိုင်ကာ သူတို့နှင့် ယှဉ်ပြိုင်နိုင်ကြသည့် တန်ခိုးရှင်များ ဖြစ်လာကြသည်။ မိုးကောင်းကင် သည်ချင်းရွှမ် နတ်တံခါးဘက်မှ မျက်နှာ လိုက်လွန်းလှသည်။
ဆန်းလျန်က စူးရှသည့် အကြည့် တစ်ချက်ဖြင့် တိုက်ပွဲကို ကြည့်ရှုရန် ရောက်နေကြသည့် ကျင့်ကြံသူ ပရိသတ် များအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြုံးပြ နှုတ်ဆက် လိုက်လေသည်။
ထို့နောက်မှ သူက ချန်ကျန့်မေကို လက်နှစ်ဖက် ဆုပ်ကာ ဂါရဝ ပြုလိုက်ရင်း…
“ဂိုဏ်းတူ အစ်ကို၊ ကျွန်တော့်ကို အချိန် နည်းနည်းလောက်ပေးပါ၊ သူတို့ရဲ့ အရံအတားကို ဖြေရှင်းပြီးတာနဲ့ အစ်ကိုနဲ့ လာတွေ့ပါ့မယ်”
ဆန်းလျန်၏ စကားကြောင့် တိုက်ပွဲကို ကြည့်ရှုရန် ရောက်နေကြသူများမှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြရသည်။
မကြာမီပင် မိုးသောက်ယံသို့ ရောက်ရှိပြီး နောက်တစ်နေ့သို့ ကူးပြောင်းတော့မည် ဖြစ်လေသည်။
နောက်တစ်နေ့တွင်မှ အရံအတားကို ဖြေရှင်းနိုင်ခြင်း မရှိလျှင် ဆန်းတန်ခိုးရှင်မှာ ရှုံးနိမ့်ရမည် ဖြစ်သည်။
သို့သော် ဆန်းလျန်က အချိန် ခဏလေး အတွင်းမှာပင် အရံအတားကို ဖြေရှင်းမည်ဟု ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည့်အတွက် ကျင့်ကြံသူ ပရိသတ်များ အားလုံးမှာ မယုံကြည်နိုင် ဖြစ်သွား ကြရလေတော့သည်။
***