နတ်ဘုရားအဖြစ် အဆင့်တက်ရောက်ခြင်း (အပိုင်း - ၁)
Vol. 4 Ch. 314
ချန်ကျန့်မေသည် ဆန်းလျန်ကို ငေးကြည့်နေလေသည်။
သူတို့ ညီအစ်ကို နှစ်ယောက် မဆုံဖြစ်ကြသည်မှာ ဆယ်နှစ်ပင် ကြာခဲ့ပြီ။
သို့သော် ဆယ်နှစ် အတွင်းတွင် ညီငယ်သည် ကျင့်စဉ်လမ်းတွင် သူ့ကိုပင် ကျော်တက် သွားခဲ့ပြီ ဖြစ်လေသည်။
အရာရာတိုင်းသည် ဆရာသခင် ကျန်းရော့ရွှီး မျှော်လင့်သည့် အတိုင်း ဖြစ်လာခဲ့သည့် အတွက် သူ အလွန် ဝမ်းသာ နေမိလေသည်။
သူက ဆန်းလျန်ကို မနာလိုခြင်းလည်း မဖြစ်မိသလို အားကျခြင်းလည်း မဖြစ်မိပါ။ သို့သော် အထီးကျန် ဆန်လှသည့် တာအိုကျင့်စဉ် လမ်းဆိုသည်က အထီးကျန်ဆန် လွန်းလှလေသည်။ ထို့ကြောင့် သူ၏ မိတ်ဆွေ ကောင်းတစ်ယောက် ဖြစ်သည့် ညီငယ်၏ အောင်မြင်မှုအတွက် ပျော်ရွှင် ဝမ်းမြောက် မိသည်ကတော့ အမှန်ပင် ဖြစ်လေသည်။
ချန်ကျန့်မေက ခေါင်းတစ်ချက် ညိတ်ရင်း ညီငယ်ကို ပြုံးပြ လိုက်လေသည်။
ဆန်းလျန်ထံမှ တန်ခိုး စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ချင်းစန်းတောင် ဆရာသခင်နှစ်ပါးကို ထိန်းချုပ် ထားလိုက် လေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် ဆက်လက် တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
ဆန်းလျန်၏ ကြောက်မက် ဖွယ်ရာ တန်ခိုးစွမ်းအားများကို မြင်တွေ့ ခဲ့ကြပြီးသည့်နောက် ချင်းစန်းတောင် ဆရာသခင် နှစ်ပါးသည် သူတို့ လုပ်ရပ် အတွက် နောင်တကြီးစွာ ရသွား ကြရလေသည်။ စစ်မှန်သော တစ်ခေတ် တစ်ခါတွင် တစ်ယောက်သာ ပေါ်ထွက်လာသည့် ပါရမီရှင်ဟု နာမည် ကျော်ကြားသူ ဆန်းလျန်သည် ကျော်ကြားမှုနှင့် ထိုက်တန်သူ ဖြစ်ကြောင်း သဘောပေါက် သွားလေသည်။
အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ကျင့်စဉ်လမ်းတွင် ထိုသို့ အောင်မြင်ခဲ့ခြင်းမှာ သူ၏ ကံတရားပေးလား။ အံ့သြတကြီး ဖြစ်ကြရလေသည်။
ကျီမော့ တောင်ထိပ်သို့ ရောက်ရှိ နေကြသည့် ထောင်နှင့်ချီသည့် ကျင့်ကြံသူ ပရိသတ်များသည် ဆန်းလျန်ကို မျက်တောင်မခတ် ငေးကြည့် နေကြလေသည်။ ယနေ့ညတွင်တော့ လောက နတ်ဘုရား တစ်ပါး မွေးဖွားလာသည်ကို မျက်ဝါး ထင်ထင် မြင်တွေ့ ကြရတော့မည်ဟု မျှော်လင့်ကာ စိတ်လှုပ်ရှား နေမိကြလေသည်။
ယနေ့ညတွင် ဆန်းလျန် အနေဖြင့် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ခြင်းရှိ မရှိ မသေချာလှပါ။ သို့သော် တိုက်ပွဲကို လာရောက် ကြည့်ရှု သူများကတော့ မျှော်လင့် ထားမိကြလေသည်။
အဘယ်ကြောင့် ဆိုသော် ဆန်းလျန်၏ ပုံသဏ္ဌာန်သည် ကျင့်စဉ်လမ်း အဆင့်ကိုးဆင့်ကို ကျော်လွန်နေပြီ ဖြစ်သည့်အတွက် ထိုသို့ မျှော်လင့်မိကြခြင်း ဖြစ်လေသည်။ ဆန်းလျန်၏ ပုံစံမှာ ထူးခြားလွန်းနေပြီး လောက ဆန်စွာ လွတ်လပ်နေလေသည်။ ထို့ပြင် သူ့ထံတွင် သြဇာတိက္ကမ ကြီးမားမှု တစ်ခုကိုလည်း ခံစားကြရလေသည်။
ယနေ့ညတွင် မြင်တွေ့ လိုက်ရသည့် ဆန်းလျန်၏ ပုံသဏ္ဌာန်သည် လူတိုင်း၏နှလုံးသားထဲသို့ နက်ရှိုင်းစွာစိမ့်ဝင်သွားလေသည်။
ဆန်းလျန်ကိုကြည့်ပြီး သူတို့၏ရင်ထဲတွင် မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုများ ဖြစ်တည် လာလေသည်။ တာအိုဝါဒ အပေါ်တွင်လည်း ပိုပြီး ယုံကြည် သက်ဝင်လာကာ နတ်ဘုရား တစ်ပါး ဖြစ်လိုသည့် စိတ်များ တဖွားဖွား ဖြစ်ပေါ် လာကြ လေတော့သည်။
ဆန်းလျန်၏ တာအိုဝတ်ရုံသည် လေထဲတွင် လွင့်ပျံနေပြီး သူ၏ အလှတရားက ခမ်းနား လွန်းလေသည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး မြေပြင်ထက်သို့ အသာအယာ ဆင်းသက် လိုက်သည်။
သူက ရှေ့တွင် စောင့်ကြိုနေသည့် ပကတိ ငါးဖြာ အရံအတားကို စူးစိုက် ကြည့်လိုက်လေသည်။
အရံအတား အစ ပြုသည့် နေရာတွင် အဝါရောင် မြူခိုးများ ဖုံးလွှမ်းနေလေသည်။
သို့သော် ဆန်းလျန် မြေပြင်ထက်တွင် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အဝါရောင် မြူခိုးများ ချက်ချင်းပင် ပျောက်ကွယ် သွားလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ကြည်လင်သွားပြီး ယွိဟွားစင်မြင့်၏ ခေါင်မိုးထက်တွင် အနီရောင် ဝတ်ဆင်ထားသည့် တာအို ဆရာတစ်ယောက်ကို တွေ့မြင် လိုက်ရလေသည်။
မြေပြင်ထက်တွင် မြေသင်းရနံ့လေးက ထွက်ပေါ်နေပြီး အညစ်အကြေးများ ကင်းစင် နေလေသည်။
အနီရောင်ဝတ် တာအိုဆရာသည် ခေါင်မိုးထက်မှ ဆင်းသက်လာပြီး ဆန်းလျန်ကို ဂါရဝ ပြုလိုက်သည်။
"ဆန်းတန်ခိုးရှင်ကို ဂါရဝ ပြုပါတယ်"
အနီရောင်ဝတ် တာအိုဆရာ၏ ပုံစံက အလွန်တည်ငြိမ်လေသည်။
သူ၏ ခန္ဓာကိုယ်မှ အဝါရောင် အလင်းတန်းများ ဖြာထွက်နေပြီး သူ၏ ဦးခေါင်းထက်တွင် ရောင်စုံ တိမ်တိုက် တစ်ခုကို တွေ့မြင်ရလေသည်။ သူသည် တန်ခိုးစွမ်းအား ခိုင်မာသည့် စစ်မှန်သည့် တာအိုကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်လေသည်။
"ကျုပ်နာမည်က ချိချိန်လို့ ခေါ်ပါတယ်"
အနီရောင်ဝတ် တာအို ဆရာက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်ကာ ပြုံးပြလိုက်ရင်း…
"တာအို ဆရာတုန်းဖုန်းရဲ့ ထိုက်ယွဲ့ သဏ္ဌာန်မှန် ပညာကို ဆက်ခံသူ တပည့်နဲ့ တွေ့ရတာ ဝမ်းသာ မိပါတယ်"
ချိချိန်က သက်ပြင်း ချလိုက်ရင်း…
"ဆန်းတန်ခိုးရှင်၊ ခင်ဗျားက နတ်ဘုရား တစ်ပါးဖြစ်ဖို့ အချိန် သိပ်မလိုတော့ဘူး၊ မူလဝိညာဉ် ခန္ဓာရရှိအောင် တစ်ယောက်တည်း တံခါးပိတ် ကျင့်ကြံ နေသင့်တယ်၊ ဘာလို့ လူ့လောကရဲ့ ကိစ္စတွေထဲမှာ ဝင်ပါ နေရသေးတာလဲ"
"သွေးဆောင် ဖြားယောင်းခြင်းတွေကို ခုခံနိုင်ရင် မူလ ဝိညာဉ်ခန္ဓာရဖို့ တစ်ယောက်တည်း တံခါးပိတ် ကျင့်ကြံစရာ မလိုပါဘူးလေ၊ ကျုပ်ကိုယ်တိုင်ဟာ လူ့လောကနဲ့ တစ်သားတည်းပါပဲ၊ ခင်ဗျားက ကျုပ်ကို ပြန်ပြီး တာအို တရားဟောမလို့ ဆိုရင်တော့ နွေရာသီ ပိုးကောင်လေးက ဆောင်းရာသီ အကြောင်း လာပြောပြသလို ဖြစ်နေတော့မှာပဲ"
ဆန်းလျန်၏ စကားကြောင့် ချိချိန်၏ မျက်နှာ တစ်ခုလုံး မည်းမှောင် သွားလေသည်။
"မင်းက ကျင့်စဉ်လမ်း အဆင့်နည်းနည်း ပိုမြင့်တာနဲ့ ကျုပ်ကို ဒီလို စော်ကားစရာ မလိုပါဘူး"
ထိုစကားကို ချိချိန်က စိတ်ထဲမှ ပြောလိုက်ခြင်း ဖြစ်လေသည်။
သူက ထိုစကားကို အပြင်တွင်တော့ ထုတ်ဖော် ပြောဆိုရဲခြင်း မရှိပေ။ အဘယ်ကြောင့် ဆိုသော် သူက အစကတည်းက ဆန်းလျန်ကို ဖြုံနေသောကြောင့် ဖြစ်လေသည်။
ပကတိ ငါးဖြာ အရံအတားတွင် သူက ဆန်းလျန်နှင့် ပထမဆုံး ရင်ဆိုင်ရမည့်သူ ဖြစ်လေသည်။
ပကတိ ငါးဖြာ အရံအတားကို ငါးမျိုး ခွဲခြား ထားလေသည်။ ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးဟူ၍ ဖြစ်လေသည်။
ချိချိန်က မြေကြီး အရံအတားကို တာဝန်ယူရသည့်သူ ဖြစ်လေသည်။ မြေကြီး အရံအတားသည် ပကတိ ငါးဖြာ အရံအတား၏ အခြေခံအကျဆုံး အရံအတား ဖြစ်လေသည်။ ချိချိန်၏ တန်ခိုး စွမ်းအားများက အခိုင်မာဆုံး ဖြစ်သည့် အတွက် မြေကြီး အရံအတား နေရာတွင် တာဝန် ယူထားခြင်း ဖြစ်လေသည်။
မြေကြီး အရံအတားကို ချိုးဖျက်နိုင်ပါက ဆန်းလျန် အတွက် ကျန်သည့် အရံအတား လေးခုကို ချိုးဖျက်ရန်မှာ လုံး၀ လွယ်ကူ သွားမည် ဖြစ်လေသည်။
ဒြပ်စင်စွမ်းအား ငါးမျိုး ပေါင်းစည်းသွားပြီး ပကတိ ငါးဖြာအရံအတား စတင် အသက်ဝင် လာလေသည်။ အရံအတားသည် အဆက်မပြတ် လှည့်ပတ် နေလေသည်။ နတ်ဘုရား တစ်ပါးပင်လျှင် ပကတိ ငါးဖြာ အရံအတားကို လွယ်ကူစွာ ချိုးဖျက်နိုင်မည် မဟုတ်ပေ။
ချိချိန်သည် ဆန်းလျန်ကို ဆက်ပြောစရာ စကားမရှိတော့ပေ။
"ဒါဖြင့်လည်း ဆန်းတန်ခိုးရှင်ရဲ့ တန်ခိုးစွမ်းအား ဘယ်လောက် ကြီးမား နက်ရှိုင်းသလဲဆိုတာ ကြည့်ရတာပေါ့"
ချိချိန်က အေးစက်စွာဖြင့် ပြောလိုက်သည်။
ကျယ်လောင်သည့် မိုးခြိမ်းသံကြီး တစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် လေထု တစ်ခုလုံးမှာ မြူခိုးများဖြင့် မှုန်ဝါးသွားလေသည်။
ချိချိန်၏ နားထဲတွင် ဂါထာ ရွတ်သံ တစ်သံကို ကြားလိုက်ရသည်။
"သဘာဝ တရား…
သဘာဝ တရားထဲက သဘာဝတရား…
နက်နဲမှု…
ပိုပြီး နက်နဲလာတဲ့ နက်နဲမှု…
အပြော သက်သက်တွေက အပြော သက်သက်တွေပဲ ဖြစ်တယ်…
နတ်ဘုရားတွေကတော့ တိတ်ဆိတ်မှုကို တန်ဖိုးထားတယ် …
လက်ဖဝါးထက်က ထူးဆန်းတဲ့ ပုလဲတစ်လုံးဟာ…
ကောင်းကင်ထက်က လမင်းလိုပဲ တောက်ပ…
လူ့လောကရဲ့ ရုပ်ဝတ္ထုတွေထက် သာလွန်လွန်းတယ်…
အဲဒါကို တန်ခိုးစွမ်းအားလို့ ခေါ်ဆိုပြီး
တာအိုဝါဒရဲ့ မိုးကောင်းကင်ကို တည့်တည့်မတ်မတ် လျှောက်လှမ်း စေတယ်…"
ချိချိန်သည် အရံအတား အတွင်းတွင် ပျောက်ကွယ် သွားလေသည်။
ဆန်းလျန်၏ တောက်ပသည့် မျက်ဝန်းများက ဝိညာဉ်စွမ်းအား အပြည့်ဖြင့် စူးရှ လင်းလက် နေလေ၏။
မြေကြီး အရံအတား၏ အဝါရောင် မြူခိုးများသည် တိမ်တိုက် တစ်ခု အသွင် ပေါင်းစည်းသွားပြီး မရပ်မနား ပြောင်းလဲနေသည်ကို ဆန်းလျန် မြင်တွေ့ နေရလေသည်။
ပကတိ ငါးဖြာ အရံအတားမှ မြေကြီးအရံအတား ဖြစ်လေသည်။ ဆန်းလျန်သာ မြေကြီး အရံအတား အတွင်းမှ နုန်းမြေ ပျော့များကို နင်းမိလျှင် လုံး၀ ပြန်ထွက် လာခွင့်ရတော့မည့် မဟုတ်ပေ။
အလွန် အန္တရာယ်များသည့် အခြေအနေတွင် ရောက်နေသည့်တိုင် ဆန်းလျန်က တည်ငြိမ် နေဆဲ ဖြစ်လေသည်။ ဆန်းလျန်၏ ဦးခေါင်းထက်ဆီမှ ရောင်စဉ် ငါးမျိုး ဖြာထွက်လာလေသည်။ ထိုရောင်စဉ် ငါးမျိုးသည် အဝါရောင် တိမ်တိုက်ကို ဖျက်ဆီး ပစ်လိုက်လေသည်။
တိုက်ပွဲကို ကြည့်နေကြသည့် ပရိသတ်များ အားလုံးမှာ ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ လိုက်ကြရ သည်။
ပကတိ ငါးဖြာ အရံအတားသည် ဆန်းလျန်၏ ရောင်စဉ် ငါးမျိုးဖြင့် တိုက်ခိုက် ခံလိုက်ရပြီး အရောင်များ ညို့မှိုင်း သွားလေသည်။
တိုက်ပွဲကို ကြည့်နေကြသည့် ပရိတ်သတ်များ အားလုံးမှာ အသက်ပင် မရှူရဲကြပေ။
ကျီမော့ တောင်ထိပ် တစ်ခုလုံးတွင် ဆန်းလျန် အသုံးပြုလိုက်သည့် ဒြပ်စင် စွမ်းအား ငါးမျိုးမှ ထွက်ပေါ်လာသည့် သန့်စင်သော ရောင်စဉ် ငါးမျိုးသည် လင်းလက် တောက်ပလျက် ရှိလေသည်။
မြေကြီး အရံအတား ဆိုသည်မှာ သဘာဝမြေပြင်မှ အဆုံးမရှိသည့် တန်ခိုးစွမ်းအားများကို စုပ်ယူထားခြင်း ဖြစ်လေသည်။ ထိုအရံအတားသည် လူသတ် လက်နက်အဖြစ် ချက်ချင်း ပြောင်းလဲ သွားလေသည်။
သို့သော် ဆန်းလျန်၏ နတ်ဘုရား အလင်းတန်းများက အရံအတားကို ဖျက်ဆီး ပစ်လိုက်လေသည်။
မြေကြီး အရံအတားကို ဖျက်ဆီး လိုက်နိုင်သည့်တိုင် ဆန်းလျန်လည်း သိပ်တော့ မသက်သာလှပေ။
သူ၏ ခန္ဓာကိုယ်ထက်တွင် တောင်တစ်လုံး ထမ်းထားရသကဲ့သို့ လေးလံမှုကို ခံစား လိုက်ရလေသည်။
ထို့နောက် ဆန်းလျန်က မြေကြီးထက်တွင် ခြေတစ်ချက် စောင့်လိုက်သည်။
အဝါရောင် မြေကြီးသည် ချက်ချင်းပင် အက်ကွဲကြောင်းများ ထင်သွားလေသည်။ မြေကြီး အရံအတား တစ်ခုလုံး ကွဲအက် သွားလေသည်။
ချိချိန်က စိတ်မသက်မသာဖြင့် တစ်ချက် ညည်းတွား လိုက်လေသည်။
ချိချိန်က မြေကြီး အရံအတား၏ ဗဟိုချက်ကို ဆန်းလျန် ရှာတွေ့လိမ့်မည်ဟု မျှော်လင့် မထားခဲ့မိပေ။
ဆန်းလျန် ခြေစောင့် လိုက်သည့်နေရာသည် မြေကြီး အရံအတား၏ ဗဟိုချက် ဖြစ်လေသည်။ ထိုနေရာမှာ သဘာဝတရား မြေကြီးကို ဖွင့်လှစ်သည့် နေရာဖြစ်ပြီး ချိချိန်မှာ သူ့ဖော်သည့်ဆေး သူပြန်ဒုက္ခ ရောက်ရလေပြီ။
လောကပထမ ထိုက်ရွှီး တန်ခိုး စွမ်းအားများကို ကျင့်ကြံထားသည့် ဆန်းလျန် အတွက်တော့ အရံအတား၏ ဗဟိုချက်ကို လွယ်လွယ်နှင့် သိရှိနိုင်သည်မှာ မဆန်းလှပေ။
ထိုက်ရွှီး တန်ခိုးစွမ်းအားများသည် လောကတွင် မည်သည့်ပညာမှ မယှဉ်နိုင်သည့် တန်ခိုး စွမ်းအားများပင် ဖြစ်လေသည်။ ဆန်းလျန်က ထိုတန်ခိုး စွမ်းအားဖြင့် အရံအတား အတွင်းမှ အပြောင်းအလဲ များကို ကောင်းမွန်စွာ တွေ့မြင် နေရလေသည်။
ဆန်းလျန် ကဲ့သို့သော လူမျိုးအတွက် တိုက်ပွဲကို အချိန်ဆွဲနေရန် မလိုအပ်ပေ။
တစ်စက္ကန့် အတွင်းမှာပင် ပြင်းထန်လွန်းသည့် ဓားဝိညာဉ် တစ်ခုသည် အဝါရောင် မြူခိုးများကို ထိုးဖောက် သွားပြီး ချိချိန်ဆီသို့ ဝင်ရောက် သွားလေသည်။
အရှိန်ဖြင့် ဝင်ရောက်လာသည့် ဓားဝိညာဉ်ကို မြင်တွေ့ နေရသည့်တိုင် ချိချိန်က တည်ငြိမ်နေဆဲ ဖြစ်လေသည်။ သူ၏ တာအို ကျင့်ကြံသူ စိတ်ထားက ခိုင်မာသည့် အတွက် သေလု နီးပါး အချိန်တွင်ပင် တည်ငြိမ်နေခြင်း ဖြစ်လေသည်။
သူက လက်နှစ်ဖက်ကို ယှက်လိုက်ပြီး မြေကြီး အလင်းတန်း တစ်ခု ထုတ်လွှတ်လိုက်ကာ ဆန်းလျန်၏ ဓားဝိညာဉ်ကို ခုခံ လိုက်လေသည်။ တန်ခိုး စွမ်းအားနှစ်ခု ပေါင်းစည်းသွားပြီး တိုက်ပွဲ စတင် ဖြစ်ပွား လေတော့သည်။
မြေကြီး အလင်းတန်းသည် တိုက်ခိုက်ရန်အတွက် မသင့်တော်သော်လည်း ခံစစ်အတွက်တော့ အလွန်ကောင်းလေသည်။
သူတို့ နှစ်ယောက်၏ တန်ခိုး စွမ်းအားများ ရိုက်ခတ် သွားသည်နှင့် ကြီးမားသည့် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာပြီး အရံအတား တစ်ခုလုံး တုန်ခါ သွားလေသည်။
ချန်ကျန့်မေသည် သူ၏ဓားကို ရင်ခွင်ထဲတွင် ပိုက်ထားကာ ကောင်းကင်ထက်တွင် မတ်တတ်ရပ်ရင်း တိုက်ပွဲကို ကြည့်နေလေသည်။ သူက ညီငယ်ဖြစ်သူ ဆန်းလျန်အတွက် စိတ်ပူပန်ခြင်း အလျဉ်းမရှိပါ။ သူက ဆန်းလျန်သာ အနိုင်ရမည်ဟု အပြည့်အ၀ ယုံကြည် ထားလေသည်။
သူတော်စင် မိန်းမပျို ချင်းယင်းမှာတော့ များစွာ စိတ်ပူပန် နေလေတော့သည်။
ကျီမော့ တောင်ထိပ်တွင် ဆန်းလျန်နှင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူ ငါးယောက် တိုက်ခိုက် နေကြသည့် တစ်ချိန်တည်းမှာပင်….
ကွမ်းချင်း နတ်ဘုရား ဂိုဏ်းတည်ရှိရာ ထိုက်ချန်းတောင်ထိပ်ရှိ လင်ရှောင် ခန်းမဆောင် ရှေ့တွင် တာအိုဆရာ အဘိုးအို တစ်ယောက်နှင့် မိန်းကလေးငယ် တစ်ယောက် ရောက်ရှိ နေလေသည်။
လေထဲတွင် မီးဖိုကြီး တစ်ခု လွင့်မျောနေပြီး ထိုမီးဖိုကြီးမှ ကြောက်မက်ဖွယ်ရာ တန်ခိုး စွမ်းအားများ ထွက်ပေါ် နေလေသည်။
လင်ရှောင် ခန်းမဆောင်မှ နတ်ဘုရား ငါးပါးသည် တာအိုဆရာ အဘိုးအိုကို စိုက်ကြည့် နေကြလေသည်။
ကွမ်းချင်း နတ်ဘုရား ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ယွိမင် နတ်ဘုရားက စတင်ပြီး စကား ဆိုလိုက်သည်။
"အဘိုး၊ ဘာလိုချင်လို့လဲ ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပါ၊ တံခါးဝမှာ ပိတ်ရပ်မနေပါနဲ့"
တာအို ဆရာ တုန်းဖုန်းသည် မီးဖိုကြီးဆီသို့ ငေးကြည့် နေပြီး စိတ်ရှုပ်ထွေး နေပုံရလေသည်။ သူ၏ မီးဖိုကြီး အလုခံ လိုက်ရသည့် အတွက်လည်း အလွန် ရှက်နေမိသည်။
သို့သော် တာအိုဆရာ အဘိုးကြီးမှာ နှယ်နှယ်ရရတော့ မဟုတ်ပေ။ သမာဓိ မီးတောက် စွမ်းအားကို ကျင့်ကြံထားသည့် နတ်ဘုရား အဘိုးကြီး ဖြစ်လေသည်။ ထို့ပြင် ပြဒါးဆေးနှင့် ပတ်သက်သည့် ဆရာတစ်ဆူလည်း ဖြစ်နေသေးသည်။ သူ့နေဖြင့် အဘိုးကြီးကို မလေးစားဘဲ မနေနိုင်ပေ။
***