နတ်ဘုရားအဖြစ်အဆင့်တက်ရောက်ခြင်း (အပိုင်း - ၂)
Vol. 4 Ch. 315
ကွမ်းချင်းနတ်ဘုရားဂိုဏ်း တည်ရှိရာ ထိုက်ချန်းတောင်ထိပ်ရှိ လင်ရှောင်ခန်းမဆောင်ကို ယခုကဲ့သို့ တစ်စုံတစ်ယောက်က လာရောက် ကျူးကျော်ရဲသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။ ယွိမင်နတ်ဘုရား ဂိုဏ်းချုပ်အဖြစ် တာဝန်ယူခဲ့သည့် သက်တမ်းတစ်လျှောက် ထိုက်ချန်းတောင်ကို မည်သူမျှ လာရောက် နှောက်ယှက် ရဲခြင်း မရှိကြပေ။
ယခုကဲ့သို့ ချင်းရွှမ်မှ အဘိုးကြီး ထိုက်ချန်းတောင်ထိပ်သို့ လာရောက် နှောင့်ယှက်သည့် သတင်းသာ ကျင့်ကြံသူ လောကတွင် ပျံ့နှံ့သွားလျှင် ဟိုးဟိုးကျော်သည့် သတင်းတစ်ခု ဖြစ်သွားမည် ဖြစ်လေသည်။
သို့သော် ထိုက်ချန်း တောင်ထိပ်တွင် ဖြစ်နေသည့် ပြဿနာကို မည်သူမျှ သိရှိကြခြင်း မရှိပါ။
ကျီမော့တောင်ထိပ်တွင်တော့ ဆန်းလျန်သည် ပကတိငါးဖြာ အရံအတားကို ချိုးဖျက် နေလေသည်။
ပကတိ ငါးဖြာ အရံအတားသည် အရှိန်အဟုန် ပြင်းထန်စွာဖြင့် တုန်ခါနေလေသည်။
ဆန်းလျန်၏ ဓားဝိညာဉ်သည် ပကတိငါးဖြာ အရံအတားကို လှိုင်းလုံးကြီးများအလား ရိုက်ခတ်လျက် ရှိလေသည်။ ချိချိန်မှာ တန်ခိုးစွမ်းအား အလွန်ကြီးမားသူ ဖြစ်သည့်တိုင် ဓားဝိညာဉ်၏ စွမ်းအား လှိုင်းလုံးကြီးများကို ရင်ဆိုင်နိုင်ခြင်း မရှိတော့ပေ။ ဆန်းလျန်၏ တိုက်ကွက်များကို ချိချိန်မှာ အသေအလဲ ခုခံ နေရလေသည်။ သူ၏ အသက်ရှူသံများမှာ ပြင်းထန်နေပြီး ဆန်းလျန်ကို ပြန်လည် တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
ချိချိန် ရှုံးနိမ့်လုဆဲဆဲ အချိန်မှာပင် အဝါရောင် မြူခိုးများကြားမှ ရွှေရောင် အလင်းတန်းတစ်ခု ဖြာထွက် လာလေသည်။
ထိုအလင်းတန်းမှာ တိမ်တိုက်နဂါးများ ပျော်မြူး ဆော့ကစားနေကြသည့် ကောင်းကင်ဘုံ တံတားကြီးတစ်ခု အလားပင် ဖြစ်လေသည်။
ထိုရွှေရောင် အလင်းတန်းမှာ ရွှေရောင် မှန်တစ်ချပ်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
ထိုအလင်းတန်းသည် ဆန်းလျန်ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက် လာလေသည်။
ဆန်းလျန်က ကြည်လင်သည့် နတ်ဘုရား အလင်းတန်း တစ်ခုဖြင့် ထိုရွှေရောင် အလင်းတန်းကို ခုခံ တိုက်ခိုက်လိုက်သည်။ ရွှေရောင်မှန်သည် အကြင်နာတရား ကင်းမဲ့စွာဖြင့် ဆန်းလျန် ကိုယ်ပေါ်တွင် တောက်ပနေလေသည်။ ဆန်းလျန် တစ်ကိုယ်လုံးမှာ ရွှေသားအတိ တောက်ပလျက် ရှိလေသည်။
ဆန်းလျန်သည် ချက်ချင်းပင် ဒြပ်စင်စွမ်း ငါးမျိုးကို ထုတ်လွှတ် လိုက်လေသည်။
ထိုအခါ ရွှေရောင် အလင်းတန်းများသည် အရိပ်ပင် မကျန်အောင် ပျောက်ကွယ် သွားလေတော့သည်။
ဆန်းလျန်က ရယ်မောလိုက်ရင်း…
“ပုရွက်ဆိတ် ကလေးက သစ်ပင်ကြီးကို လှုပ်ခါဖို့ ကြိုးစားနေတာလား၊ ပုရွက်ဆိတ် ဆိုတာ ကိုယ်စားနိုင် သလောက်ပဲ ကိုက်ရတယ်ဗျ”
ရွှေရောင်မှန်ချပ်၏ နောက်ကွယ်မှ အံ့သြနေသည့် မျက်နှာထားဖြင့် ချန်မုပိုင် ပေါ်လာလေသည်။
ရွှေရောင်မှန်ချပ်မှ တစ်ဆင့် သူထုတ်လွှတ်လိုက်သည့် ရွှေရောင် အလင်းတန်းမှာ ဒြပ်စင် စွမ်းအား ငါးမျိုးမှ ရွှေသား၏ အနှစ်သာရ တန်ခိုးစွမ်းအားများ ဖြစ်လေသည်။ ထိုရွှေရောင် အလင်းတန်းနှင့် ထိခိုက်မိသူသည် သွေးပွက်ပွက်လျှံကာ သေရမည် ဖြစ်လေသည်။
သို့သော် ဆန်းလျန်ကတော့ ခမ်းနားစွာဖြင့် မတ်တတ် ရပ်နေဆဲ ဖြစ်လေသည်။
ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
ချိချိန် ထုတ်လွှတ်ထားသည့် အဝါရောင် မြူခိုးများသည် လမ်းကြောင်းပြောင်းပြီး ချန်မုပိုင်ဆီသို့ ဝင်ရောက် သွားလေသည်။
ဆန်းလျန်၏ တန်ခိုး စွမ်းအားများက သန့်စင်လွန်းသည့် အပြင် စကြဝဠာ တစ်ခုလုံးမှ မည်သည့် အရာကိုမဆို လက်နက်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိလေသည်။ ယခုလည်း ဆန်းလျန်က ချိချိန်၏ မြေကြီး အရံအတားကို လက်နက်အဖြစ် ယူပြီး အသုံးပြုကာ ချန်မုပိုင်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။
ချန်မုပိုင်က ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်ကာ အဝါရောင် မြူခိုးများကို ခုခံ လိုက်လေသည်။
ချန်မုပိုင်မှာ ဆန်းလျန်၏ ထောင်ချောက် အတွင်းသို့ ကျဆင်းသွားပြီ ဖြစ်လေသည်။
ထိုအချက်ကို ရိပ်မိလိုက်သည့် ချိချိန်မှာ စိတ်မသက်မသာ ဖြစ်သွားရလေသည်။
ချန်မုပိုင်၏ ရွှေရောင် အလင်းတန်းမှာ ပကတိ ငါးဖြာ အရံအတားမှ ရွှေအရံအတား ဖြစ်ပြီး ချိချိန်၏ အဝါရောင် မြူခိုးများမှာ ပကတိငါးဖြာ အရံအတားမှ မြေကြီး အရံအတား ဖြစ်လေသည်။ ဆန်းလျန်က ချိချိန်၏ မြေကြီး အရံအတားကို ယူပြီးအသုံးပြုကာ ချန်မုပိုင်ကို တိုက်ခိုက်လိုက်သည့် အတွက် ပကတိငါးဖြာ အရံအတားမှာ အချင်းချင်းပြန်လည် တိုက်ခိုက်သလို ဖြစ်သွားရလေသည်။
ထို့ကြောင့် ပကတိငါးဖြာ အရံအတားမှာ ညီညွတ်မှု မရှိတော့ဘဲ ပျက်စီး သွားရလေတော့သည်။ ဆန်းလျန်သည် အချိန်ခဏလေး အတွင်းမှာပင် ပကတိငါးဖြာ အရံအတားကို ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်လေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှ မိုးမြေစွမ်းအားများသည် တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။
ချန်မုပိုင်မှာ ယခုမှ သူ့လုပ်ရပ် မှားသွားပြီ ဖြစ်ကြောင်း သိရှိ လိုက်လေသည်။ သို့သော် နောက်ကျ သွားခဲ့ပြီ။
ထိုအချိန်မှာပင်…
ချန်မုပိုင်၏ နောက်ကျောဘက်မှ ရေများစီးဆင်း ထွက်ပေါ် လာလေသည်။ ထိုရေများသည် တစ်ခဏ အတွင်းမှာပင် ရေတံခွန်ကြီး တစ်ခုအဖြစ် ပြောင်းလဲ သွားလေသည်။
ရေတံခွန်မှ ရေများ ကျဆင်းနေသံကို နေရာတိုင်းမှ ကြားနိုင်လေသည်။
ချန်မုပိုင်၏ ရွှေအရံအတားနှင့် ရေတံခွန်မှ ရေများ ပေါင်းစပ်သွားပြီး ပတ်ဝန်းကျင်တွင် တန်ခိုး စွမ်းအားများ ပြန်လည်မြင့်တက် လာလေသည်။
ရေတံခွန် နောက်ကွယ်မှ ဖူချန်ကို ကိုင်ဆောင်ထားသည့် တာအို ကျင့်ကြံသူ အမျိုးသမီး တစ်ယောက် ပေါ်လာလေသည်။
“ကျွန်မ ဆွေယန်လန်၊ ဆန်းတန်ခိုးရှင်ကို ဂါရဝပြုပါတယ်”
သူမ၏ အသွင်အပြင်မှာ အထက်တန်းကျသည့် မိန်းမပျို တစ်ယောက်၏ ပုံပန်းသဏ္ဌာန်မျိုး ဖြစ်လေသည်။
သူမသည် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရားအလောင်းလျာ ဆယ့်နှစ်ပါးတွင် တစ်ပါး အပါအဝင်ဖြစ်သည့် ဆွေယန်လန် ဖြစ်ပြီး ရေတံခွန် သဏ္ဌာန်ကျင့်စဉ်ဖြင့် ဖော့ဝမ့် အဆင့်ကို တက်လှမ်းနိုင်ခဲ့သူ ဖြစ်လေသည်။
ဆွေယန်လန်နှင့် ချန်မုပိုင်၏ ဝိညာဉ်စွမ်းအားနှစ်ခု ပေါင်းစပ် သွားလေသည်။ ရွှေရောင် အလင်းတန်းများမှာ ရေတံခွန်ကြီးနှင့် ပေါင်းစပ်သွားပြီး လင်းလက်သည့် အလင်းတန်းများ ဖြာထွက် လာလေသည်။ အလင်းတန်းများသည် အလွန် တောက်ပလာပြီး ရွှေသားရေပြင် မရဏ တန်ခိုးစွမ်းအား အဖြစ် ပြောင်းလဲသွားကာ ဆန်းလျန်ထံသို့ အရှိန်အဟုန် ပြင်းထန်စွာဖြင့် ဝင်ရောက် လာလေသည်။
“ဆန်းတန်ခိုးရှင်၊ ဒီနေ့ မင်းဘက်က အလျှော့ပေးမယ် ဆိုရင် ကျုပ်တို့က မင်းကို သက်ညှာ ပေးမယ်၊ ဆုံးဖြတ်ချက် မမှားပါစေနဲ့”
ချန်မုပိုင်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ် လာလေသည်။
ရွှေရောင် အလင်းတန်းများက ရေတံခွန်ကြီးကို တွန်းအား ပေးထားသည့် အတွက် ရေတံခွန်ကြီးမှာ လှိုင်းများပြင်းထန် နေလေသည်။ ရွှေနှင့်ရေ ပေါင်းစပ်ခြင်း၏ အဆုံးမဲ့ တန်ခိုးစွမ်းအားကို တွေ့မြင်နိုင်လေသည်။
ချန်မုပိုင်၏ စကားကြောင့် ဆန်းလျန်က ဒေါသ ထွက်သွားခြင်း မရှိပါ။
ဆန်းလျန်က တစ်ချက်ရယ်မောလိုက်ပြီး လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ချိချိန်ကို အဝေးသို့ ရိုက်ထုတ် လိုက်လေသည်။ ထို့နောက် ချန်မုပိုင်နှင့် ဆွေယန်လန်ကို ရင်ဆိုင်ရန် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ချန်မုပိုင်နှင့် ဆွေယန်လန်၏ စုပေါင်း တိုက်ကွက်မှာ အလွန် ပြင်းထန် လှလေသည်။ မည်သူမှ သူတို့ နှစ်ယောက်ကို တားဆီးနိုင်မည့်ပုံ မပေါ်ပေ။ သို့သော် ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများကတော့ သူတို့နှစ်ယောက်၏ တိုက်ကွက်ကို အလွယ်တကူပင် ချိုးဖျက် ပစ်လိုက်လေသည်။
ဆန်းလျန်က ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ရွှေနှင့်ရေပေါင်းစပ်ထားသည့် အလင်းတန်းဆီသို့ ထိုးစိုက်ချလိုက် လေသည်။ ဆန်းလျန်၏ ဓားရှည်သည် ဆွေယန်လန်၏ လက်တစ်ဖက်ကို တိခနဲ ဖြတ်တောက် ပစ်လိုက်လေသည်။
ဆွေယန်လန်က ပြတ်သွားသော လက်ကို ချက်ချင်း ပြန်ကောက်ယူကာ ပြန်ဆက်လိုက်ပြီး ပြဒါးဆေးတစ်လုံးကို အလျင်အမြန် သောက်ချလိုက်လေသည်။ သူမ ဟန်ချက် ပျက်သွားသည့် အတွက် ရွှေနှင့်ရေ ပေါင်းစပ်မှု တန်ခိုးစွမ်းအားမှာ ပျက်စီး သွားရလေသည်။
ဆွေယန်လန်သည် ပင်လယ် ခုနစ်ခုကို ဖြတ်သန်းကာ လောက တစ်ခွင်တွင် သွားလာနေသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သူမ၏ ဘဝတစ်လျှောက်တွင် ဆန်းလျန်ကဲ့သို့ ရက်စက် ကြမ်းကြုတ်ပြီး ကြောက်စရာ ကောင်းသည့် သူမျိုးနှင့် တစ်ခါမှ မတွေ့ခဲ့ဖူးပေ။
ယခုတော့ ချန်မုပိုင် တစ်ယောက်တည်းသာ ဆန်းလျန်ကို တိုက်ခိုက် နေရလေသည်။ သို့သော် ချန်မုပိုင်မှာ ဆန်းလျန်ကို မည်သို့မျှ မယှဉ်နိုင်ပေ။ ချန်မုပိုင်မှာ ဒဏ်ရာရသွားပြီး သွေးကြောဆုံချက် ခုနစ်နေရာမှ ငွေရောင်သွေးများ စီးထွက်လာလေသည်။
သွေးစက် တစ်စက်ကျတိုင်း သူ၏ ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့သည့် ကျင့်စဉ် စွမ်းအားများ လျော့နည်း သွားရလေသည်။
သို့သော် ချန်မုပိုင်က သူ့ကိုယ်သူ ဂရုမစိုက်နိုင်အားပါ။ ဆန်းလျန်၏ တိုက်ခိုက်မှုကိုသာ အသည်းအသန် ခုခံနေရလေသည်။
ထိုအချိန်မှာပင် ကောင်းကင် တစ်ခုလုံး တုန်လှုပ်လာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာကာ အနီရောင် မီးတောက် တစ်ခု တောက်ပလာလေသည်။
အနီရောင် မီးတောက်အတွင်းမှ ကွမ်းချင်း နတ်ဘုရား ဂိုဏ်း၏ နတ်ဘုရား အလောင်းအလျာ တစ်ပါးဖြစ်သည့် မီးနဂါးဟော်လုန် ထွက်ပေါ်လာလေသည်။
ဟော်လုန်သည် အားလုံးထဲတွင် အတက်ကြွဆုံး သူတစ်ယောက် ဖြစ်လေသည်။
ဆန်းလျန်က ချန်မုပိုင်ကို အာရုံစိုက်နေချိန်တွင် ဟော်လုန်က အခွင့်ကောင်းယူကာ အလစ်ဖမ်း တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။
အနီရောင် မီးတောက်သည် ကြိုးရှည်ကြီး တစ်ခုအလား ဆန်းလျန်ကို ရစ်ပတ် ထားလိုက်ပြီး ပေါက်ကွဲ သွားလေတော့သည်။
ထိုမီးတောက်ထဲတွင် ကမ္ဘမြေကြီးကိုပင် နှစ်ခြမ်းခွဲနိုင်စွမ်းရှိသည့် မိုးကြိုးစွမ်းအားများ ပါဝင်လေသည်။ ဆန်းလျန်သည် သံမဏိဖြင့်ပင် ပြုလုပ်ထားဦးတော့ မပြန်လမ်းသို့ မြန်းရမည်သာ ဖြစ်လေသည်။
သို့သော်....
မီးနဂါးဟော်လုန်၏ စိတ်ထဲတွင် တစ်ခုခု လွဲနေသလို ခံစား လိုက်ရလေသည်။
"သူတစ်ပါးကို အလစ်ချောင်းပြီး တိုက်ခိုက်တာ တာအိုကျင့်ကြံသူ တစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ မညီဘူးဗျ"
အသံတစ်သံ ထွက်ပေါ်လာလေသည်။
ဆန်းလျန်သည် ပေါက်ကွဲမှု အလယ်တွင် ရှိမနေခဲ့ပါ။ ကောင်းကင်ထက်သို့ ပျံသန်း တက်သွားသည့် ဆန်းလျန်ကို ဟော်လုန် မြင်တွေ့ လိုက်ရလေသည်။ ဆန်းလျန်၏ ရှည်ရှည်သွယ်သွယ် လက်ချောင်းလေးများသည် သူ၏ ရင်ဘတ်ရှေ့တွင် ရှိနေပြီး ရောင်စဉ်ငါးမျိုး ဖြာထွက်လျက် ရှိလေသည်။
ကောင်းကင်ထက်တွင်တော့ မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လျက် ရှိလေသည်။
ဆန်းလျန် စကားဆုံးသွားသည်နှင့် သူ၏ လက်ချောင်းများ ဆီမှ ဒြပ်စင်စွမ်းအား ငါးမျိုး အလင်းတန်းများသည် ဟော်လုန်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက် သွားလေတော့သည်။
ဆန်းလျန် အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားမှာ ဒြပ်စင်စွမ်းအား မိုးကြိုး ငါးဖြာ တန်ခိုးစွမ်းအား ဖြစ်လေသည်။ ဟော်လုန်သည် ရန်သူဖြစ်နေသည့်တိုင် ဆန်းလျန်ကို အထင်ကြီး လေးစား သွားမိလေသည်။
ဆန်းလျန်၏ မိုးကြိုးတန်ခိုး စွမ်းအားဖြင့်သာ ထိမှန်မိပါက မီးနဂါးဟော်လုန်သည် မီးသွေးနဂါး ဖြစ်သွားမည်မှာ အသေအချာပင်။
သို့သော်….
ကြီးမားသည့် အစိမ်းရောင် ကိုးမန်ကြီးတစ်ကောင် ကောင်းကင်ထက်တွင် ပေါ်လာပြီး ဒြပ်စင်စွမ်းအား မိုးကြိုး ငါးဖြာကို တားဆီး ထားလိုက်လေသည်။
(ကိုးမန် = တရုတ်ဒဏ္ဍာရီထဲမှ လူမျက်နှာ၊ ငှက်ကိုယ်လုံးနှင့် နဂါးခြေထောက် ရှိသည့် သတ္တဝါကြီး - ဘာသာပြန်ဆိုသူ)
ကိုးမန်ကြီး အတောင်ခတ် လိုက်သည်နှင့် ဒြပ်စင်စွမ်းအား မိုးကြိုးငါးဖြာမှာ လွင့်ပျက် သွားရလေသည်။ ထို့နောက် ကိုးမန်ကြီးလည်း ပျောက်ကွယ် သွားလေသည်။
ဆန်းလျန်၏ ဒြပ်စင် စွမ်းအား မိုးကြိုးငါးဖြာကို လှလှပပ ခုခံ ချေဖျက် လိုက်သူမှာ မည်သူ ဖြစ်ပါသနည်း။
အစိမ်းရောင် ဝတ်ဆင် ထားပြီး မက်မွန်သီး အရောင်ကဲ့သို့ အသားအရေရှိသည့် တာအိုဆရာ တစ်ပါး ကောင်းကင်ထက်တွင် ပေါ်လာလေသည်။
ထိုသူမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ နတ်ဘုရား အလောင်းအလျာ ဆယ့်နှစ်ပါးမှ တစ်ပါး အပါအဝင်ဖြစ်သည့် မုဆန်းဖြစ်လေသည်။ ဟော်လုန် ဒုက္ခရောက်နေသည့် အတွက် သူက ကူညီရန် ရောက်ရှိလာခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ ဒြပ်စင်စွမ်းအား မိုးကြိုးငါးဖြာကို ခုခံတိုက်ခိုက်ရန် အတွက် အစိမ်းရောင် ကိုးမန်ကြီးကို မုဆန်း ဖန်ဆင်းလိုက်ခြင်း ဖြစ်လေသည်။ သို့သော် ဆန်းလျန်၏ မိုးကြိုးစွမ်းအားကို ခြေဖျက် လိုက်သည့်အတွက် မုဆန်းမှာလည်း ဒဏ်ရာ ရသွားရလေသည်။ သူ၏ ကိုယ်တွင်းမှ တန်ခိုး စွမ်းအားများမှာ တုန်ခါသွားပြီး အသက်ရှူသံ များမှာလည်း ပုံမှန် မဟုတ်တော့ပေ။
ဆန်းလျန်မှာ အလွန် ကြောက်စရာကောင်းသူ တစ်ယောက်ဖြစ်ပြီး တစ်ယောက်ချင်း ရင်ဆိုင်နေ၍ အနိုင်မရနိုင်ကြောင်း သူတို့ ငါးယောက်လုံး သဘောပေါက် လိုက်ကြလေသည်။
သူတို့၏ ပကတိ ငါးဖြာ အရံအတားမှာလည်း ပျက်စီးသွားပြီ ဖြစ်သည်။
ထို့ကြောင့် ငါးယောက်ပေါင်းကာ ဆန်းလျန်ကို တိုက်ခိုက်ရန် ဆုံးဖြတ် လိုက်ကြလေသည်။
ထိပ်တန်းအဆင့် တန်ခိုးစွမ်းအား ငါးမျိုး ပူးပေါင်းပြီး ဆန်းလျန်ဆီသို့ အရှိန်အဟုန် ပြင်းထန်စွာဖြင့် ဝင်ရောက် လာလေသည်။
သို့သော် ဆန်းလျန်က ကြောက်ရွံ့ တုန်လှုပ်သွားခြင်း မရှိပါ။
"အချိန်အကြာကြီး ချုပ်နှောင် ထားခြင်း ခံရတာ၊ အခုတော့ သဘာဝ တရားကြီးနဲ့ ပြန်လည် ပေါင်းစည်းမိပြီ"
ဆန်းလျန်က သက်ပြင်း တစ်ချက်ချရင်း ရေရွတ် လိုက်လေသည်။
တိုက်ပွဲကို ကြည့်နေကြသည့် ပရိသတ်များသည် ယနေ့ အချိန်မှစပြီး လောကနတ်ဘုရား ဆန်းလျန်ကျန်းရန် ပေါ်ထွက်လာပြီကြောင်း နားလည် သဘောပေါက် သွားကြလေသည်။
ဆန်းလျန်သည် တိုက်ပွဲ အတွင်းမှာပင် နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်လှမ်း သွားခဲ့ပြီ ဖြစ်လေသည်။ သူ၏ ပုံစံသည် လောကနှင့် သီးခြား ဖြစ်တည် နေလေသည်။
ကောင်းကင် တစ်ခုလုံး မည်းမှောင်လာပြီး မြေကြီးက တသိမ့်သိမ့် တုန်လာလေသည်။
ဆန်းလျန်၏ ဦးခေါင်းထိပ်ရှိ ပိုင်ဟွေ့ဆုံချက်မှ အခိုးအငွေ့များ ထွက်ပေါ်လာပြီး ထိုအခိုးအငွေ့များသည် ကောင်းကင်ထက် မိုင်ပေါင်း များစွာအထိ ဖြောင့်တန်းစွာ တက်သွား လေသည်။ ထိုအခိုးအငွေ့များသည် ကောင်းကင် ကိုးထပ်အထိ ဖောက်ထွင်း သွားလေသည်။
ယင်နှင့်ယန်သည် ခြောက်ကြိမ်တိတိ လှည့်ပတ်သွားပြီး မိုးနှင့်မြေကလည်း ယင်နှင့်ယန်ကို အလိုက်သင့် တုံ့ပြန်လေသည်။ သမုဒ္ဒရာတမျှ နက်နဲလှသည့် တာအိုကျင့်စဉ်လမ်း တန်ခိုး စွမ်းအားများသည် ကောင်းကင် တစ်ခွင်လုံးတွင် ဖုံးလွှမ်း သွားလေတော့သည်။
ကျီမော့ တောင်ထိပ်ရှိ ရေကန်ထဲမှ ငါးများသည် ရေထဲမှ မြူးတူးစွာဖြင့် ခုန်ထွက် လာကြလေသည်။ ငါးများသည် ကြီးမားလွန်းသည့် အသက်ဓာတ် စွမ်းအား ထုကြီးကို အားပါးတရ စုပ်ယူ စားသုံးနေကြလေသည်။ ငါးများသည် တစ်ခဏချင်း အတွင်းမှာပင် ပေပေါင်းများစွာ ကြီးမား လာကြလေတော့သည်။
***