ကံတရား
Vol. 4 Ch. 316
ထိုအချိန် ခဏလေး အတွင်းမှာပင်…
ဆန်းလျန်သည် တရားအလင်း ပွင့်သည့် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။
ဆန်းလျန်က ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ပြိုင်ဘက်ငါးယောက်ကို ရင်ဆိုင်ရန်အတွက် သူ၏ တန်ခိုးစွမ်းအားများကို သဘာဝတရားဖြင့် ပေါင်းစည်းလိုက်ရာမှ အမှတ်မထင် နတ်ဘုရား တစ်ပါး အဖြစ်သို့ အဆင့်တက်လှမ်း သွားခဲ့လေသည်။
ဆန်းလျန်၏ ရင်ထဲတွင် အတိုင်းမသိ ကြည်နူး ပီတိဖြစ်မှုကို ခံစားလိုက်ရသည်။
လူသားတစ်ယောက်၏ ဘဝကို သက်တမ်း တစ်ခုဖြင့် ကန့်သတ်ထားခြင်းကို ကျော်လွန် နိုင်ခဲ့ပြီ။ သူသည် စကြဝဠာ တစ်ခုလုံးတွင် အလွတ်လပ်ဆုံး လူတစ်ယောက် ဖြစ်ခဲ့လေပြီ။
လူ့လောကရှိ ဒုက္ခတရားများကို သူသတိမရတော့ပါ။
တာအိုဝါဒသည် ငြိမ်းချမ်းခြင်း တရားကို ဦးတည်လေသည်။ တစ်စုံတစ်ယောက်သည် ကိုယ်တွေ့ မကြုံတွေ့ရဘဲနှင့် ထိုခံစားချက်ကို နားလည် သိရှိနိုင်မည် မဟုတ်ပေ။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အစိုင်အခဲ ဖြစ်တည်မှုမရှိတော့ဘဲ ဗလာနယ် တစ်ခုအလား စကြဝဠာ တစ်ခုလုံးနှင့် ပေါင်းစပ် သွားလေသည်။
သူ၏ ဝိညာဉ် စွမ်းအားများသည် သန့်စင်နေပြီး သဘာဝ တရားကြီး တစ်ခုလုံး၏ ပြောင်းလဲ ဖြစ်တည်နေခြင်းများကို အသေးစိတ် သိမြင်နေရလေသည်။
သူ့ဘဝတွင် သဘာဝတရား အစစ်အမှန်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရလေသည်။
သူသည် မည်သူမျှ မဟုတ်။ သူသည် "သူကိုယ်တိုင်" သာ ဖြစ်လေသည်။
မိုးမြေ စွမ်းအားများသည် သူ့ထံသို့ စီးဝင် ပေါင်းစပ်လာပြီး ယွမ်ကျိုးနယ် တစ်ခုလုံးသည် တသိမ့်သိမ့် လှုပ်ခတ်လျက် ရှိနေလေသည်။
ထိုအချိန်မှာပင်…
ဒေသအသီးသီးရှိ နတ်ဘုရား ကျောင်းတော်များမှ ဆရာသခင်များနှင့် တပည့်များ၊ ကျင့်ကြံသူများ အားလုံးသည် ကျီမော့တောင်ထိပ်ကို ငေးမော ကြည့်ရှု နေကြလေသည်။
တစ်စုံတစ်ယောက်သည် နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်လှမ်း အောင်မြင်ခဲ့လေပြီ။
နှစ်ပေါင်းရာနှင့်ချီမှ တစ်ခါ မြင်တွေ့ရခဲသည့် မြင်ကွင်း ဖြစ်လေသည်။
အချို့သူများက ပျော်ရွှင်ကြလေသည်။ အချို့သူများက အားကျကြသည်။ အချို့လူများက မနာလို ဖြစ်မိကြသည်။ အချို့သူများ၏ မျက်ဝန်းများတွင်တော့ မျှော်လင့်ချက်များကို တွေ့မြင်နိုင်မည် ဖြစ်လေသည်။
ကျီမော့တောင်ထိပ်တွင် တိုက်ပွဲကို လာရောက် ကြည့်ရှုကြသည့် ကျင့်ကြံသူများကတော့ ဆန်းလျန် မူလဝိညာဉ်ခန္ဓာ ရရှိကာ နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်ရောက် သွားခြင်းကို မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ကြရသူများ ဖြစ်သည့်အတွက် အလွန်မှ ကံကောင်းသူများ ဖြစ်လေသည်။
ဆန်းလျန်၏ မူလ ဝိညာဉ်ခန္ဓာမှ ဒြပ်စင် စွမ်းအားငါးမျိုး ရောင်စဉ်တန်းများ ဖြာထွက် နေလေသည်။
လေထုထဲတွင် တာအို တန်ခိုးစွမ်းအားများက ပြည့်နှက်နေလေ၏။
ကောင်းကင် တစ်ခွင်လုံးတွင် မိုးကြိုးမုန်တိုင်းများ တိုက်ခတ်လျက် ရှိလေသည်။
မိုးကြိုး မုန်တိုင်းများထဲမှ ပြဒါးမှုန်လေးများသည် ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာဆီသို့ ဆင်းသက် လာကြပြီး ဆန်းလျန်၏ မျက်ခုံးထက်တွင် ကပ်ငြိ နေကြလေသည်။
ဆန်းလျန်က မျက်လုံးများကို မှိတ်ထားရာမှ ဖွင့်ကြည့် လိုက်လေသည်။ ထို့နောက် သူက တစ်ချက် ပြုံးလိုက်သည်။
သူ၏ ပြိုင်ဘက် ငါးယောက်သည် သူ့ကို ပတ်ပတ်လည် ဝန်းရံ ထားကြလေသည်။
ဆန်းလျန် မူလဝိညာဉ် ခန္ဓာ ဖြစ်တည်နေသည့် အချိန်တွင် မိုးမြေစွမ်းအား လှုပ်ခတ်မှုက ကြီးမား လွန်းသည့် အတွက် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းမှ ကျင့်ကြံသူ ငါးယောက်မှာ မလှုပ်နိုင် ဖြစ်နေ ကြရလေသည်။ ထို့ကြောင့် ဆန်းလျန်ကို တိုက်ခိုက်နိုင်ခြင်း မရှိကြပေ။ သူတို့ငါးယောက်မှာ အလွန်ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်ရသည့်တိုင် ဆန်းလျန်သည် နတ်ဘုရား တစ်ပါး အဖြစ် အဆင့်တက်ရောက် သွားပြီး သူ၏ တန်ခိုးစွမ်းအား အမြင့်မားဆုံး အချိန်ကို မြင်တွေ့ခွင့် ရလိုက်ကြသည့် အတွက် အံ့သြ မှင်တက် နေမိကြလေသည်။
သူတို့က ဆန်းလျန် မျက်လုံး ဖွင့်ကြည့် လိုက်သည်ကို တွေ့လိုက်ရသည်နှင့် ချက်ချင်းပင် ဆန်းလျန်ထံသို့ တန်ခိုးစွမ်းအားများ ထုတ်လွှတ်ကာ ပူးပေါင်း တိုက်ခိုက် လိုက်ကြလေသည်။
ဆန်းလျန်က သူတို့ကို မည်သို့မျှ မတုံ့ပြန်တော့ပါ။
ဆန်းလျန်၏ ဦးခေါင်းထက်တွင် ရောင်စုံတိမ်တိုက် တစ်ခု ဖြစ်ပေါ်နေပြီး ဆန်းလျန်၏ ခန္ဓာကိုယ်မှ ဒြပ်စင် စွမ်းအားငါးမျိုး ရောင်စဉ်များ ဖြာထွက်နေလေသည်။
ကွမ်းချင်းနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူ ငါးယောက်၏ တန်ခိုးစွမ်းအား တိုင်းသည် ဆန်းလျန်ကို သက်ရောက်မှု မရှိတော့ပေ။ သက်ရောက်မှု “သုည” ဖြစ်နေလေသည်။
ဆန်းလျန်က လျင်မြန်သည့် ခြေလှမ်းများဖြင့် ဖော့ဝမ့် အဆင့် ကျင့်ကြံသူ ငါးယောက်ကြားမှ လှည့်ပတ် လမ်းလျှောက်ကာ ထွက်ခွာ သွားလေသည်။
တိုက်ပွဲကို ကြည့်နေကြသည့် ပရိသတ်များမှာ တိုက်ပွဲကို ထင်ထင်ရှားရှား မမြင်တွေ့ရတော့ပေ။ သူတို့က ကောင်းကင်ထက်တွင် တောက်ပနေသည့် ဒြပ်စင်စွမ်းအား ငါးမျိုး ရောင်စဉ်များကိုသာ မြင်တွေ့ နေကြရလေသည်။
သိပ်မကြာမီပင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား အလောင်းအလျာ ငါးပါးသည် ကောင်းကင်ထက်မှ ယွိဟွားစင်မြင့် အောက်ခြေသို့ ဒူးထောက်လျက်သား ပြုတ်ကျ လာကြလေသည်။
ဆန်းလျန်က သူတို့ကို အရေး မလုပ်တော့ပါ။
သူက ချန်ကျန့်မေဆီသို့ သွားရောက် နှုတ်ဆက်လိုက်ပြီး သူတို့ နှစ်ယောက်လုံးသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားကြလေတော့သည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ အဆင့်မြင့် ကျင့်ကြံသူ ငါးယောက်မှာ သူတို့၏ တန်ခိုးစွမ်းအားများ အားလုံးကို ဆန်းလျန်က ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်ကြောင်း သိရှိ လိုက်ရလေသည်။ ထိုအချက်က သူတို့ကို အရှက်တကွဲ အကျိုးနည်း ဖြစ်စေကာ သေသည်ထက်ပင် ပို၍ ဆိုးသေးသည်။
ကျီမော့တောင်နှင့် မိုင်ပေါင်းထောင်နှင့်ချီ ဝေးကွာသည့် တောင်ထိပ် တစ်ခုတွင် ချန်ကျန့်မေနှင့် ဆန်းလျန် မတ်တတ် ရပ်နေကြလေသည်။
"မင်းက သိပ်ကို အံ့သြစရာ ကောင်းပါလား ဆန်းလျန်"
ချန်ကျန့်မေက ပြောလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်က ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ပြိုင်ဘက် ငါးယောက်ကို အသာလေး ရင်ဆိုင် တိုက်ခိုက်လိုက်ပြီး တန်ခိုးစွမ်းအားများကို ဖျက်ဆီး ပစ်လိုက်သည်ကို ချန်ကျန့်မေ သတိပြုခဲ့မိလေသည်။
ဆန်းလျန်က ခေါင်းတစ်ချက် ခါယမ်းလိုက်ရင်း…
"တန်ခိုးစွမ်းအားဆိုတာ ကျင့်စဉ်လမ်းနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး အစ်ကို၊ တန်ခိုးစွမ်းအား မရှိလည်း ကျင့်စဉ်လမ်း အောင်မြင်ဖို့က ပိုအရေးကြီး ပါတယ်၊ ကျွန်တော် သူတို့ကို တိုက်ခိုက် လိုက်နိုင်တာက ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ် ကြောင့်ပါ၊ သူတို့ တန်ခိုးစွမ်းအားတွေဟာ ထိုက်ရွှီး တန်ခိုး စွမ်းအားတွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ပါဘူး"
ဆန်းလျန်သည် နတ်ဘုရား တစ်ပါး ဖြစ်ခဲ့ပြီဖြစ်သဖြင့် လောကအပေါ်တွင် ရှုမြင်သည့်အမြင်များလည်း ပြောင်းလဲသွားပြီ ဖြစ်လေသည်။
"အခု မင်းလည်း နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် နိုင်ပြီ ဆိုတော့ ကျုပ်တို့ချင်းရွှမ် နတ်တံခါးလည်း အခြေအနေ တည်ငြိမ် သွားပြီပေါ့၊ ဆရာဘိုးဘိုးကို နောက်အဆုံးအကြိမ် အဖြစ် သွားတွေ့ ကြရအောင်လေ"
ချန်ကျန့်မေက ပြောလိုက်သည်။
ချန်ကျန့်မေ စကားကြောင့် ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်မိလေသည်။
ထိုက်ချန်း တောင်ထိပ်တွင် တာအိုဆရာ တုန်းဖုန်း၏ ဆေးဖိုကြီးမှာ လေထဲတွင် ငြိမ်သက် နေလေသည်။ နတ်ဘုရား အဘိုးအိုက သမာဓိမီးတောက်ဖြင့် ဆေးဖိုကြီးကို မီးထိုးပေးနေပြီး မီးခိုးငွေ့များသည် လင်ရှောင် ခန်းမဆောင် တစ်ခုလုံး ပြည့်နေလေသည်။
မိုးနှင့်မြေမှ တန်နှင့်ချီနေသည့် ဝိညာဉ် စွမ်းအားများသည် ဆေးဖိုကြီး အတွင်းသို့ စီးဝင် နေကြလေသည်။ ဖိုထဲမှ မွှေးကြိုင်သည့် ဆေးရနံများ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့လွင့် နေလေသည်။
အဘိုးအိုထံမှ နတ်ဘုရား အငွေ့အသက်များသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ် ထားလေသည်။
ကွမ်းချင်း နတ်ဘုရား ဂိုဏ်းတစ်ခုလုံးမှ ကျင့်ကြံသူ တပည့်များမှာ ကြီးမားလွန်းသည့် နတ်ဘုရား စွမ်းအား၏ ဖိအားများကြောင့် ဝိညာဉ်ထဲ အထိ တုန်လှုပ် နေကြရလေသည်။ သူတို့၏ တန်ခိုး စွမ်းအားများမှာလည်း လုံးဝ အသုံးပြု၍ မရတော့ပေ။
ယွိမင်နတ်ဘုရား အပါအဝင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းမှ နတ်ဘုရားငါးပါးမှာ တပည့်များကို ကာကွယ်ပေးဖို့ နေနေသာသာ သူတို့ကိုယ် သူတို့ပင် မနည်းကာကွယ် နေရလေသည်။
ထို့ပြင် အရူး အဘိုးကြီးသည် လင်ရှောင်ခန်းမဆောင် တံခါးဝကို ပိတ်ကာ ပြဒါးဆေး ဖော်နေသည့် အတွက် သူတို့ငါးယောက်မှာ ခန်းမဆောင် အပြင်ဘက်သို့ ထွက်မရနိုင် ဖြစ်နေကြရသည် မဟုတ်ပါလား။ အဘိုးကြီးသည် ဤနေရာသို့ သက်သက် ပြဿနာ လာရှာခြင်း ဖြစ်လေသည်။ မုန်းစရာ ကောင်းလိုက်သည့် အဘိုးကြီးပင်။
ရော့ရှီလေးသည် နတ်ဘုရား အဘိုးအို၏ ဘေးတွင် ရှိနေလေသည်။ သူမ၏ မျက်ဝန်းများဆီမှ မျက်ရည်များသည် ပါးပြင်ထက်သို့ စီးကျနေလေသည်။ နတ်ဘုရား အဘိုးအိုသည် ချောင်းများ အဆက်မပြတ် ဆိုးနေပြီး သွေးများ အန်ကျနေလေသည်။ သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း တစ်စစီ ပြဲထွက်နေလေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရားငါးပါး အဘိုးအိုကို မတိုက်ခိုက်ရသည်မှာ အကြောင်း ရှိလေသည်။
အလွန်ကြီးမားသည့် မိုးကြိုး တိမ်တောင်ကြီး တစ်ခုသည် လင်ရှောင်ခန်းမဆောင် ခေါင်မိုး တည့်တည့်တွင် ဖြစ်တည် နေလေသည်။ အခြေအနေက အလွန်မှ ကြောက်စရာ ဖြစ်နေသည့် အတွက် နတ်ဘုရားငါးပါးမှာ မလှုပ်ရဲကြခြင်း ဖြစ်လေသည်။
ယွိမင်နတ်ဘုရားသည် နတ်ဘုရား အဘိုးအိုကို ကြည့်နေရာမှ ရော့ရှီကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။
နတ်ဘုရားအဘိုးကြီး လုပ်နေသည့် အလုပ်ကို ယွိမင်နတ်ဘုရား တဖြည်းဖြည်း ရိပ်မိလာပြီ ဖြစ်လေသည်။ နတ်ဘုရား အဘိုးကြီးသည် ဝိညာဉ်ပြဒါးဆေးကို ပြုလုပ်နေခြင်း ဖြစ်လေသည်။ ဝိညာဉ်ပြဒါးဆေးကို ပြုလုပ်ပြီး ဝိညာဉ် ပုံသဏ္ဌာန်ကို အသစ် ပြန်လည် ဖွဲ့စည်းကာ မိန်းကလေး ငယ်၏ ကံတရားကို ပြုပြင်ပေးနေခြင်း ဖြစ်လေသည်။
မည်သို့မျှ မဖြစ်နိုင်သည့် လောက သဘဝတရားကို ဆန့်ကျင်သည့် အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်လေသည်။ နတ်ဘုရား အဘိုးအိုသည် ဝိညာဉ်ပြဒါးဆေးကို မဖော်စပ်ဘူး ဆိုလျှင် လောကကို ကျော်လွန်နိုင်သည့် အနေအထား ဖြစ်လေသည်။
အဘိုးအို၏ ရည်ရွယ်ချက်ကို သိသွားတော့မှ ယွိမင် နတ်ဘုရားသည် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ ထို့ပြင် နတ်ဘုရား အဘိုးကြီး သေသွားလျှင်လည်း သူ့အတွက် ပြိုင်ဘက် တစ်ယောက် လျော့သွားမည် ဖြစ်၍ ကောင်းပင် ကောင်းသေးသည်ဟု တွေးနေမိလေသည်။
သို့သော် ကံတရားက တစ်ခါတစ်ရံတွင် ရယ်စရာတော့ ကောင်းလေသည်။
ဆန်းလျန် နတ်ဘုရားအဖြစ် အဆင့် တက်ရောက်သွားသည့် အချိန်ရောက်မှ နတ်ဘုရား အဘိုးအိုက ထွက်ခွာသွားခြင်း ဖြစ်လေသည်။
ချင်းရွှမ် နတ်တံခါးအတွက် ကံတရားသည် အစီအစဉ် တကျ ဆောင်ရွက်ထားသည်နှင့်ပင် တူနေလေသည်။
နတ်ဘုရားအဘိုးအို ဝိညာဉ် ပြဒါးဆေး ဖော်စပ်နေမှုသည် အောင်မြင်နိုင်သည့် အနေအထားသို့ ရောက်ရှိလာပြီ ဖြစ်လေသည်။
***