သက်ရှည်တာအိုခန္ဓာ၊ ကမ္ဘာ့တံခါးပေါက် ဖြစ်ပေါ်လာခြင်း(၄)။
Vol. 45 Ch. 495
နှစ်ပေါင်း (၂၀) ကြာပြီးနောက်၊ ကြယ်သုံးပွင့်ကျွန်းစု၌...။
နှစ်ပေါင်း (၂၀) ကြာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် ဤပင်လယ်ပြင်ဒေသသည်လည်း ပိုမို စည်ကားသိုက်မြိုက်လာခဲ့သည်။
ရေကြယ်ကျွန်းတွင် အင်မော်တယ်ရှားမြို့တော်ကို တည်ဆောက်ထားရုံသာမက၊ သစ်သားကြယ်ကျွန်းနှင့် မီးကြယ်ကျွန်းတို့တွင်လည်း ကျင့်ကြံသူမြို့တော်များကို တည်ဆောက်ထားပြီး ကျင့်ကြံသူလူဦးရေ သန်းပေါင်းရာချီ ကျော်လွန်နေပြီ ဖြစ်သည်။
သာမန်လူသားအမြောက်အမြားသည်လည်း ပြောင်းရွှေ့လာကြပြီး အလွန် စည်ကားသော ပင်လယ်ပြင်ဒေသတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အခြား ပင်လယ်ပြင်ဒေသမှ ကျင့်ကြံသူများပင် ရံဖန်ရံခါ တည်နေရာရွှေ့ပြောင်းပြီး ရောက်ရှိလာတတ်ကြသည်။ ဤဒေသ၏ စည်ကားမှုသည် ဝူကျိကျွန်းပြီးလျှင် ဒုတိယလိုက်သည်ဟု ဆိုနိုင်ပေသည်။
ဤအခိုက်အတန့်တွင် အင်မော်တယ်ရှားမြို့တော်၌ လူငယ်တစ်ဦးနှင့် လူအိုတစ်ဦး ထွက်ပေါ်လာခဲ့သည်။
သူတို့သည် ဝူဝေတာအိုအရှင်နှင့် တပည့်ဖြစ်သူ ကျောက်ဟွမ်ကျန်းတို့ ဖြစ်ကြပြီး ကုယုံဂိုဏ်း၏ နောက်ဆုံးသော မျိုးဆက်များ ဖြစ်ကြပေသည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက် ယခင်က ချီကျင့်ကြံခြင်းအဆင့်သာ ရှိသော ကျောက်ဟွမ်ကျန်းသည် အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး စွမ်းအားသည် ယခင်နှင့်ယှဉ်လျှင် များစွာ တိုးတက်လာခဲ့ချေသည်။
"ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ကြယ်သုံးပွင့်ကျွန်းစုက ဒီလောက် စည်ကားလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
ကျောက်ဟွမ်ကျန်း အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ယခင် သူ ချီကျင့်ကြံခြင်းအဆင့်တွင် ရှိစဉ်က အင်မော်တယ်ရှားမြို့တော်သို့ တစ်ကြိမ် ရောက်ဖူးခဲ့သည်။ ထိုအချိန်က အင်မော်တယ်ရှားမြို့တော်သည် များစွာမဆိုးလှသော်လည်း ယခုနှင့် နှိုင်းယှဉ်လျှင်မူ မည်သို့ ယှဉ်နိုင်ပါတော့မည်နည်း။
အင်မော်တယ်ရှားမြို့တော်ထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူများတွင် အခြေတည်အဆင့် ကျင့်ကြံသူများသည် အတွေ့ရအများဆုံးဖြစ်ပြီး၊ ရွှေအမြုတေ ကျင့်ကြံသူများကိုလည်း နေရာအနှံ့ တွေ့နေရသည်။
ရံဖန်ရံခါ ဝိညာဉ်သန္ဓေသား ဘိုးဘေးများကိုပင် တွေ့မြင်ရတတ်သည်။
လက်ရှိ အင်မော်တယ်ရှားမြို့တော်သည် အနီးအနားတဝိုက်တွင် ကျော်ကြားသော ထိပ်သီးကျင့်ကြံသူမြို့တော်ကြီး ဖြစ်လာခဲ့ပြီဟု ယူဆနိုင်ပေသည်။
ဧရိယာ မိုင်ထောင်ချီတိုင် ကျယ်ဝန်းပြီး လူဦးရေ သန်းပေါင်းများစွာကို လက်ခံထားနိုင်သည်။
အဝေးမှ လှမ်းကြည့်ပါက ခမ်းနားထည်ဝါသော မြို့တော်ကြီးတစ်ခု ဖြစ်ပြီး ပတ်ပတ်လည်တွင် သိပ်သည်းသော အစီအရင်အတားအဆီးများ ပြည့်နှက်နေသည်။
"ဒါကတော့ကွာ... ကြယ်သုံးပွင့်ကျွန်းစုကို ထိန်းချုပ်ထားသူက ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျိုးစွေ့ကိုး..."
"ဒီလူက ပါရမီရှင်တစ်ယောက်လို့ ပြောကြတယ်... အသက်တစ်ရာမှာတင် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်ခဲ့တယ်... နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာမယ့်သူပဲ..."
"ဝူကျိမဟာမိတ်အဖွဲ့ ခေါင်းဆောင်ရဲ့ သမီး သခင်မမက်မွန်ပွင့်ကိုတောင် လက်ထပ်ထားပြီး... လက်ဝဲရံလက်ယာရံနဲ့ စည်းစိမ်ယစ်နေတာ..."
"ဒီလူက အနာဂတ်မှာ ဝူကျိမဟာမိတ်အဖွဲ့တစ်ခုလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ပြောလို့ရတယ်..."
"ဒါပေမဲ့ ကြယ်သုံးပွင့်ကျွန်းစု ဒီလောက် စည်ကားတာက ဒီအကြောင်းရင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး..."
ဝူဝေတာအိုအရှင်မှာ အနည်းငယ် မနာလိုဝန်တိုပင် ဖြစ်နေမိလေသည်။
အမှန်တကယ်ပင် လူချင်းယှဉ်ပါက လဲသေချင်စရာ ကောင်းလှချေသည်။
သူသည် ကုယုံဂိုဏ်း၏ မျိုးဆက်တစ်ယောက် ဖြစ်သော်လည်း ပုန်းလျှိုးကွယ်လျှိုး နေနေရပြီး၊ ကျင့်ကြံခြင်းအရင်းအမြစ် အနည်းငယ် ရရှိရန်အတွက် တပည့်ဖြစ်သူကို ခေါ်ဆောင်ကာ နေရာအနှံ့ စွန့်စားသွားလာနေရသည်။
သို့သော် ဤရွှမ်ဟွမ်ဂိုဏ်း ဂိုဏ်းချုပ်မှာမူ တစ်ကိုယ်တော်ကျင့်ကြံသူဘဝမှ လာသော်လည်း လှပသော ဂိုဏ်းချုပ်မ၏ မျက်နှာသာပေးမှုကို ရရှိခဲ့သည်။
တောက်လျှောက်ဆိုသလို အောင်မြင်မှုများ ရရှိခဲ့ပြီး ဘဝလမ်းခရီးကား ချောမွေ့နေခဲ့သည်။
ယခုဆိုလျှင် ဇနီးမယားများစွာ ပိုင်ဆိုင်ထားရုံသာမက ဝိညာဉ်သန္ဓေသားအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ယှဉ်ကြည့်လိုက်လျှင် သူ၏ဘဝသည် အလွန်ပင် သနားစရာကောင်းလှ၏။
"အိုး... တခြား လျှို့ဝှက်ချက်တွေ ရှိနေသေးတာလား..."
ကျောက်ဟွမ်ကျန်းသည် သူ၏ဆရာကို အလွန်တရာ စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
သူသည် အခြေတည်အဆင့် ကျင့်ကြံသူလေးသာ ဖြစ်ပြီး ဆရာနောက်လိုက်ကာ နေရာအနှံ့ စွန့်စားသွားလာနေရသော်လည်း၊ သတင်းစုံစမ်းခြင်းနှင့် ပတ်သက်လာလျှင် ဆရာဖြစ်သူလောက် မကျွမ်းကျင်ပေ။
"ဒါပေါ့... ကြယ်သုံးပွင့်ကျွန်းစု ဒီလောက် စည်ကားတာက သခင်မမက်မွန်ပွင့်ကြောင့်ပဲ ဘယ်ဟုတ်ပါ့မလဲ..."
"သာမန် ရွှေအမြုတေ ကျင့်ကြံသူတွေကတော့ ထားလိုက်... ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေကိုတော့ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး..."
"ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေ အင်မော်တယ်ရှားမြို့တော်ကို ရောက်လာရတဲ့ အကြောင်းရင်းက... အင်မော်တယ်ရှားမြို့တော်မှာ စတုတ္ထအဆင့် ရတနာဆေးလုံးတွေကို ရံဖန်ရံခါ လေလံတင်ရောင်းချလို့ပဲ..."
"စတုတ္ထအဆင့် ဝိညာဉ်အရက်တွေတောင် ရောင်းချသေးတယ်..."
"ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေရဲ့ကျင့်ကြံခြင်းက အရမ်းခက်ခဲပြီး... ခရုလို နှေးကွေးတယ်ဆိုတာ သိထားရမယ်..."
"ဒါပေမဲ့ အခု စတုတ္ထအဆင့် ရတနာဆေးလုံးတွေ၊ စတုတ္ထအဆင့် ဝိညာဉ်အရက်တွေကို ပုံမှန် လေလံတင်ရောင်းချတဲ့ နေရာရှိနေမှတော့... သဘာဝအတိုင်း ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြား ရောက်လာကြတာပေါ့ကွာ... ဒါကြောင့်လည်း ကြယ်သုံးပွင့်ကျွန်းစုက ပိုပိုပြီး စည်ကားသိုက်မြိုက်လာတာ..."
ဝူဝေတာအိုအရှင်က ရှင်းပြလိုက်သည်။
အမှန်တကယ်တွင် အင်မော်တယ်ရှားမြို့တော်၌ စတုတ္ထအဆင့် ရတနာဆေးလုံးများနှင့် စတုတ္ထအဆင့် ဝိညာဉ်အရက်များ လေလံတင်နိုင်ခြင်းသည် ထုံးစံအတိုင်း ကျိုးစွေ့ကြောင့်သာ ဖြစ်သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ စတုတ္ထအဆင့် 'အရက်ကူ'သည် စတုတ္ထအဆင့် ဝိညာဉ်အရက်ကို ချက်လုပ်နိုင်သည်။
သာမန်အချိန်များတွင် သူ တစ်ယောက်တည်း သောက်မကုန်နိုင်သဖြင့် ထုတ်ရောင်းပြီး အခြားသော ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများနှင့် ရတနာပစ္စည်းများ လဲလှယ်လေ့ရှိသည်။
စတုတ္ထအဆင့် ရတနာဆေးလုံးများအနေဖြင့်လည်း ထိုနည်းအတိုင်းပင်။
၎င်းသည် ကျိုးစွေ့၏ သာမန်လေ့ကျင့်ရာမှ ရရှိလာသော လက်ရာများ ဖြစ်သည်။
ထုံးစံအတိုင်း သုံးမကုန်နိုင်သော စတုတ္ထအဆင့် ရတနာဆေးလုံးများကိုလည်း လေလံတင်ရောင်းချလေ့ရှိသည်။
ကြာလာသောအခါ အင်မော်တယ်ရှားမြို့တော်သည် ချန်လန်ပင်လယ်ဒေသတစ်ခုလုံးတွင် ကျော်ကြားလာပြီး ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည်။
"မဖြစ်နိုင်တာ... ဆရာ ပြောတော့ စတုတ္ထအဆင့် ရတနာဆေးလုံးတွေက ရှားပါးပြီး... ဆယ်စုနှစ်များစွာမှ တစ်ကြိမ်လောက်ပဲ ပေါ်လာတတ်တယ်ဆို..."
"ဘာလို့ အင်မော်တယ်ရှားမြို့တော်မှာ ပုံမှန် ပေါ်ထွက်နေရတာလဲ..."
ကျောက်ဟွမ်ကျန်းတစ်ယောက် အံဩစူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပြန်သည်။
"ဒီကိစ္စကတော့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကျိုးစွေ့နဲ့ ကြီးမားတဲ့ ဆက်နွယ်မှု ရှိတယ်..."
"ငါ သိရသလောက် ဒီလူက ကျင့်ကြံခြင်းပါရမီ ထူးချွန်ရုံတင်မကဘူး... စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်လည်း ဖြစ်တယ်တဲ့..."
"စတုတ္ထအဆင့် အထွတ်အထိပ်အဆင့်ကိုတောင် ရောက်နေနိုင်တယ်..."
"ဒီကောင်က တကယ့်ကို မကောင်းဆိုးဝါးလိုပဲ... အသက်တစ်ရာမှာ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်ရုံတင်မကဘူး... ဆေးဖော်စပ်တဲ့ ပါရမီကလည်း မကောင်းဆိုးဝါးဆန်အောင်ကို ထူးချွန်နေတယ်..."
"ရှေးဟောင်းခေတ်ကာလမှာဆိုရင်တောင် ဒီလူက နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းရဲ့ အမာခံပင်မတပည့် သေချာပေါက် ဖြစ်လာမှာ... နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောင် ဖြစ်လာနိုင်ပြီး... သမိုင်းမှာ နာမည်တွင်မယ့်သူမျိုးပဲ..."
ဝူဝေတာအိုအရှင် သက်ပြင်းချလိုက်မိသည်။
ဤအကြောင်းကို ပြောရင်းဖြင့် သူ အပြည့်အဝ လက်ခံလိုက်ရသည်။
လူအချင်းချင်းအကြား ကွာခြားချက် ကြီးမားလွန်းသည့်အခါတွင် မနာလိုဝန်တိုမှုပင် ဖြစ်ပေါ်မလာနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် ယှဉ်ပြိုင်နိုင်သော ပစ်မှတ်တစ်ခု မဟုတ်တော့သောကြောင့် ဖြစ်သည်။
ကျင့်ကြံခြင်းကို ဆေးလုံးများ၊ ဝိညာဉ်ဆေးမြစ်များဖြင့် လျင်မြန်စွာ မြှင့်တင်နိုင်သည် ဆိုလျှင်ပင်၊ ဆေးဖော်စပ်ခြင်း ပညာရပ်နှင့် အတွေ့အကြုံသည် ပြင်ပအကူအညီဖြင့် ဖန်တီးယူ၍မရနိုင်ဘဲ ဆေးဖော်စပ်ခြင်းပါရမီအပေါ်တွင်သာ မူတည်နေသည်။
လုံးဝဥဿုံ ပါရမီမရှိပါက ဆေးပညာလမ်းကြောင်းတွင် အောင်မြင်မှု ရရှိရန် မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ သူသည်လည်း ဆေးဖော်စပ်ပညာရှင်တစ်ဦးဖြစ်ပြီး စတုတ္ထအဆင့် အောက်ခြေအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်ရာ၊ ဆေးပညာလမ်းကြောင်း၏ ခက်ခဲမှုကို သဘာဝကျကျ သိရှိထားသည်။
"ဆေးဖော်စပ်တဲ့ ပါရမီက နားလည်ပေးလို့ ရတယ်... ဒါပေမဲ့ နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်တွေကရော ဘယ်လိုလုပ်မလဲ..."
"ထမင်းရည်ချောင်းစီးဖို့ဆိုတာ ဆန်ရှိမှ ဖြစ်မှာလေ..."
"စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်က ဘယ်လောက်ပဲတော်တော်... စတုတ္ထအဆင့် ရတနာဆေးလုံး ဖော်စပ်ချင်ရင် နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ် မရှိဘဲ မဖြစ်ဘူးလေ..."
ကျောက်ဟွမ်ကျန်းသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး ဤအချက်ကို အလွန်ပင် သံသယဖြစ်နေမိသည်။
"ဟုတ်တယ်... ဒါကလည်း သံသယဖြစ်စရာ ကောင်းတဲ့အချက်ပဲ..."
"ဒါကြောင့် ဆရာ သံသယဖြစ်တာက... ဒီလူဟာ ငါတို့ ကုယုံဂိုဏ်း နေရာဟောင်းကို သိမ်းပိုက်လိုက်တဲ့ မုတာအိုအရှင်နဲ့ ကြီးမားတဲ့ ဆက်နွယ်မှု ရှိလောက်တယ်..."
"အဲဒီ မုတာအိုအရှင်ရဲ့ တပည့်တောင် ဖြစ်နိုင်တယ်..."
"ဒါကြောင့် သူက နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ် အမြောက်အမြား ရရှိပြီး စတုတ္ထအဆင့် ရတနာဆေးလုံး အများကြီး ဖော်စပ်နိုင်တာ ဖြစ်မယ်..."
ဝူဝေတာအိုအရှင်က သူ၏ခန့်မှန်းချက်ကို ပြောပြလိုက်သည်။
"ဆိုလိုတာက... ဒီကျိုးစွေ့ကလည်း ကျွန်တော်တို့ ကုယုံဂိုဏ်းရဲ့ ဆက်ခံသူ ဖြစ်နိုင်တာပေါ့..."
"ဒီလိုဆိုရင် ကျွန်တော်တို့ သွားပြီး ဆွေမျိုးစပ်လို့ မရဘူးလား... လူတိုင်းက ဂိုဏ်းတူအစ်ကိုတွေ ဖြစ်နေနိုင်တာပဲ..."
"ကျွန်တော်တို့ကို စောင့်ရှောက်ပေးနိုင်မှာပေါ့..."
ကျောက်ဟွမ်ကျန်း အလွန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဒေါက်...။
ဝူဝေတာအိုအရှင်က သူ့တပည့်၏ခေါင်းကို ပြင်းထန်စွာ ခေါက်လိုက်လေသည်။ "အိပ်မက် မမက်စမ်းနဲ့... ဘာ ဂိုဏ်းတူအစ်ကိုလဲ... မျိုးဆက် ဘယ်နှဆက်ကွာနေမှန်းတောင် မသိဘဲနဲ့... တစ်ဖက်လူက အသိအမှတ်ပြုမပြု ဘယ်သူသိမှာလဲ..."
"ငါတို့ ကုယုံဂိုဏ်းရဲ့ အမွေအနှစ်ကို ရရှိထားကြပေမယ့်... တကယ်လို့ တစ်ဖက်လူက အသိအမှတ်မပြုရင် ငါတို့ ဘာမှလုပ်လို့မရဘူး... ငါတို့ဆီက ကုယုံဂိုဏ်းအမွေအနှစ်ကိုတောင် မက်မောပြီး လုယူချင်နေဦးမယ်... အဲဒီအခါကျရင် ပြဿနာတက်လိမ့်မယ်..."
"ငါ မင်းကို ပြောပြမယ်... ငါတို့လို ကျင့်ကြံသူတွေအတွက် အရေးအကြီးဆုံးက သတိထားဖို့ပဲ... ကြီးမားတဲ့ အခွင့်အရေးကို စွန့်လွှတ်လိုက်ရရင်တောင်မှ ကိုယ့်အသက်ကို ကာကွယ်ရမယ်... နောက်ဆုံးအချိန်ထိ အသက်ရှင်နိုင်သူကမှသာ စစ်မှန်တဲ့ အောင်နိုင်သူပဲ..."
သူသည် သံကို သံမဏိဖြစ်စေချင်သော ကရုဏာဒေါသဖြင့် တပည့်ဖြစ်သူကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်နေမိချေသည်။
နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော သူ၏အတွေ့အကြုံများကို ယခုအချိန်ထိတိုင် တပည့်ငတုံးလေးအား လက်ဆင့်ကမ်းနိုင်ခြင်း မရှိသေးပေ။
သူ၏ကာကွယ်မှုအောက်တွင် ဤကောင်လေးသည် အန္တရာယ်များစွာ မကြုံတွေ့ခဲ့ရသဖြင့် အနည်းငယ် ရိုးအလွန်းနေလေသည်။