ရောက်ရှိခြင်းနှင့် အားပြိုင်မှု
Vol. 39 Ch. 415
အင်မော်တယ်အရှင် သုံးဦး၏ လမ်းပြမှုဖြင့် သင်္ဘောပျံကြီးက နေလအင်မော်တယ်နန်းတော် ရှိရာဘက်သို့ ဖြည်းညှင်းစွာ မောင်းနှင်သွား၏။
သူတို့နှင့် မင်ရွှမ်အင်မော်တယ်အရှင်တို့အကြား ခဏတာ စကားပြောဆိုမှုကို ကြည့်ပြီး ထန်ထျန်းက အခြေအနေအချို့ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
မိုရှု ပြောခဲ့သလိုပင် နေလအင်မော်တယ်နန်းတော်အတွင်းရှိ လူအတော်များများမှာ တိမ်တိုက် ထျန်းဖူနန်းတော်၏ သိမ်းသွင်းမှုကို ငြင်းဆန်လိုကြ၏။
ထိုအင်မော်တယ်အရှင် လူအိုကြီး က သူ့ကိုယ်သူ "မြင့်မြတ်နန်းတော်" ဟု သုံးနှုန်းနေဆဲဖြစ်သည်ကို ကြည့်ခြင်းဖြင့် သိသာပေသည်။
သို့သော် သိသာထင်ရှားသည်မှာ သူတို့၏ ခွန်အားမှာ သူတို့၏ ခိုင်မာမှုကို ထောက်ပံ့ပေးရန် မလုံလောက်တော့ခြင်းပင်။
ထျန်းဖူသင်္ဘောကို ကြိုဆိုရန် ရောက်လာကြသော အင်မော်တယ်အရှင် သုံးဦးစလုံးမှာ ဆံပင်နှင့် မုတ်ဆိတ်ဖြူဖွေးကာ အလွန်အိုမင်းနေကြပြီ ဖြစ်ပြီး အနည်းဆုံး သက်တမ်း ထောင်ချီ ရှိနေကြပြီ ဖြစ်၏။
တစ်ဖက်တွင်မူ ထျန်းဖူဘက်မှ မင်ရွှမ်အင်မော်တယ်အရှင်၊ ရှုကျဲအင်မော်တယ်အရှင်နှင့် မြောင်ရုံအင်မော်တယ်အရှင်တို့မှာ တစ်ဦးထက်တစ်ဦး ပို၍ ငယ်ရွယ်ကြသည်။
ထို့အပြင် သူတို့၏ ခွန်အားမှာလည်း ထိုအင်မော်တယ်အရှင်အို သုံးဦးထက် သာလွန်နေသလို ထျန်းဖူနန်းတော်၏ နက်နဲလှသော အရင်းအမြစ်များကိုမူ ပြောနေစရာပင် မလိုတော့ပေ။
နှစ်ဖက်စလုံး၏ အလုံးစုံသော ကွာခြားချက်မှာ အပြင်ပန်းက မြင်ရသည်ထက် ပို၍ ကြီးမားလှပေသည်။
ခဏအကြာတွင် သင်္ဘောပျံကြီးက နေလအင်မော်တယ်နန်းတော် တည်ရှိရာ တောင်အတွင်းသို့ တရားဝင် ဝင်ရောက်သွားခဲ့သည်။
ထူထပ်လှသော မြူနှင်းများကို ဖြတ်ကျော်ပြီးနောက် အတွင်းမှ မြင်ကွင်းများကို မြင်တွေ့ရ၏။
စိမ်းလန်းသော တောင်တန်းများ၊ ကြည်လင်သော ရေပြင်နှင့် လှပသော အဆောက်အအုံများမှာ ထျန်းဖူနန်းတော်နှင့် သိပ်မကွာလှဟု ထင်ရသည်။
သို့သော်လည်း အတွင်းပိုင်းရှိ ကျင့်ကြံခြင်း ပတ်ဝန်းကျင်မှာမူ အတော်လေး ကွာခြားလှ၏။
အင်မော်တယ် စွမ်းအား၏ အရည်အသွေးနှင့် သိပ်သည်းမှုမှာ ထျန်းဖူနန်းတော်နှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
သူတို့၏ အဓိက တောင်ထိပ်များပေါ်ရှိ ပတ်ဝန်းကျင်မှာ ထျန်းဖူနန်းတော်၏ သာမန်နေရာများလောက်သာ ရှိသည်ဟု ဆိုနိုင်၏။
ထျန်းဖူနန်းတော်ရှိ တရားဝင် တပည့်များ နေထိုင်ရာ နေရာကိုပင် ယူလာမည်ဆိုပါက ဤနေရာမှ ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို အသာလေး နှိမ်နိုင်ပေသည်။
"တကယ်ပဲ ဆုတ်ယုတ်သွားတာပဲ။"
"အရင်က မှတ်တမ်းတွေအရဆိုရင် နေလအင်မော်တယ်နန်းတော်ရဲ့ အခြေအနေက ဒီလောက်အထိ ပျက်စီးမနေသင့်ဘူး"
မိုရှုက ဤနေရာ၏ အခြေအနေကို သတိပြုမိကာ ပြောလိုက်သည်။
"ထျန်းဖူနန်းတော် တည်ထောင်တာနဲ့ ပတ်သက်နေလို့လား"
ထန်ထျန်းက မေးလိုက်၏။
မိုရှုက ခေါင်းခါလျက် "မဟုတ်ပါဘူး။"
"ထျန်းဖူနန်းတော်က ကောင်းကင်ထိပ်ဆုံး ကနေ လာတာ၊ ပတ်ဝန်းကျင် ဖန်တီးတဲ့အခါမှာလည်း ကိုယ်ပိုင် နည်းလမ်းတွေကိုပဲ သုံးတာဆိုတော့ တခြား နယ်မြေတွေရဲ့ ကံကြမ္မာအရှိန်အဝါကို မထိခိုက်စေပါဘူး။"
"နေလအင်မော်တယ်နန်းတော်ရဲ့ ဆုတ်ယုတ်မှုက တကယ်တော့ ကမ္ဘာပေါ်က တခြားနေရာတွေလိုပါပဲ၊ ဒါက ပြောင်းလဲလို့ မရတဲ့ ကျဆင်းမှု တစ်ခုပဲ။"
"ထျန်းဖူနန်းတော်ကလွဲရင် ကျန်တဲ့နေရာတွေ အားလုံးက တဖြည်းဖြည်း ဆုတ်ယုတ်နေကြတယ်လို့ ပြောလို့ရတယ်။"
ထန်ထျန်း မျက်မှောင်ကြုတ်မိသွား၏။
ဤကဲ့သို့သော ပြောစကား မျိုးကို ထပ်မံ ကြားရပြန်ပြီ။
ကမ္ဘာကြီးက ကောင်းကောင်းမွန်မွန် ရှိနေပါလျက်နှင့် ဘာကြောင့် ဤကဲ့သို့ ဖြစ်ပျက်နေရသနည်း။
ယခုအချိန်တွင် သူလည်း ဤအချက်ကို သေချာစွာ မမြင်နိုင်သေးပေ။
သင်္ဘောပျံကြီးက ရှေ့သို့ ဆက်လက် ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် အခမ်းနားဆုံးသော အဓိက တောင်ထိပ်ပေါ်၌ ဆိုက်ကပ်လိုက်သည်။
နေလအင်မော်တယ်နန်းတော်မှ လူအများအပြားမှာ ထိုနေရာ၌ စောင့်ကြိုနေကြ၏။
၎င်းတို့ထဲတွင် အိုမင်းလှသော အကြီးအကဲများ ပါဝင်သလို လူငယ် ပါရမီရှင် တပည့် တစ်စုလည်း ပါဝင်သည်။
ထိုတပည့်များ၏ အသွင်အပြင်မှာ ကွဲပြားကြသော်လည်း တစ်ဦးချင်းစီတွင် တိုက်ပွဲအတွေ့အကြုံရှိသော အငွေ့အသက်များ ရှိနေကြသဖြင့် သူတို့မှာ တိုက်ရည်ခိုက်ရည် ကောင်းမွန်သူများဖြစ်ကြောင်း သိသာလှပေသည်။
ထျန်းဖူနန်းတော် တပည့်များ ပေါ်လာသည်ကို မြင်သောအခါ သူတို့က ချက်ချင်း လှမ်းကြည့်လိုက်ကြပြီး ပြင်းထန်သော တိုက်ခိုက်လိုစိတ်များမှာ အတိုင်းသား ထွက်ပေါ်လာ၏။
ထိုသူတို့၏ စိတ်ဓာတ်နှင့် ဂုဏ်ယူမှုကို ခံစားမိသောအခါ ထန်ထျန်းက စိတ်ထဲမှ ခေါင်းညိတ်မိသည်။
နေလအင်မော်တယ်နန်းတော်မှ ဤပါရမီရှင်များမှာ အမှန်တကယ်ပင် ထူးခြားသည့် အချက်များ ရှိကြပေသည်။
အကယ်၍ သူတို့ကို အဆင့်တူ ထျန်းဖူနန်းတော် တပည့်များနှင့် ယှဉ်ပြိုင်ခိုင်းမည်ဆိုလျှင် နည်းလမ်းများ တူညီပါက ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ထျန်းဖူနန်းတော်၏ အခြေခံ အရင်းအမြစ်က အလွန် နက်နဲလွန်းလှပြီး တပည့်များအတွက် သီးသန့် ဖန်တီးပေးထားသော နည်းလမ်းမျိုးစုံ ရှိနေခြင်းပင်။
ထို့အပြင် နေလအင်မော်တယ်နန်းတော်မှ ဤတပည့်များ၏ ကျင့်ကြံမှုမှာ သာမန်မျှသာ ရှိကြ၏။
ပါရမီရှင် တပည့် ဆယ်ဂဏန်းထဲတွင် မြင့်မြတ်ရွှေ အင်မော်တယ် တစ်ဦးကိုသာ သူ တွေ့ရသည်။
"ဒါ မင်းတို့ရဲ့ ဒီနှစ် လူငယ် ပါရမီရှင်တွေလား။"
"မဆိုးပါဘူး"
မင်ရွှမ်အင်မော်တယ်အရှင်က အသာအယာ ခေါင်းညိတ်လိုက်၏။
သို့သော် သူ၏ မျက်လုံးထဲတွင်မူ ချီးကျူးလိုသည့် အရိပ်အယောင် များစွာ မရှိပေ။
ရှေ့ဆုံးမှ အင်မော်တယ်အရှင် လူအိုကြီး မှာ နေလအင်မော်တယ်နန်းတော်၏ မဟာ အကြီးအကဲ ဖြစ်ကာ သူက ရယ်မောလျက် ပြန်ပြော၏။ "တာအိုမိတ်ဆွေ... မင်းက မြှောက်ပင့်နေပါပြီ။"
"ငါတို့ရဲ့ ဒီကလေးတွေက ထျန်းဖူနန်းတော်က ပါရမီရှင်တွေနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ။"
"မင်းတို့ကတော့ ကံကောင်းခြင်းတွေနဲ့ မွေးဖွားလာကြတာကိုး၊ ငါတို့ကတော့ ကိုယ့်ရဲ့ စိတ်ဓာတ်ကိုပဲ အားကိုးပြီး ကောင်းကင်ကို ဆန့်ကျင်ကာ သွေးချောင်းစီးတဲ့ လမ်းကို ဖောက်ခဲ့ကြရတာ။"
ထိုစကားအဆုံးတွင် တပည့်များ၏ တိုက်ခိုက်လိုစိတ်မှာ ပိုမို ပြင်းထန်လာ၏။
အကယ်၍ အကြီးအကဲများသာ ရှိမနေပါက သူတို့မှာ ယခုပင် ထန်ထျန်းတို့အဖွဲ့ကို ဝင်ရောက် တိုက်ခိုက်ကြပေလိမ့်မည်။
"ကြောက်စရာကြီးပဲ၊ ငါတို့နဲ့ သူတို့ကြားမှာ ရန်ငြိုးကြီးကြီးမားမားမှ မရှိတာကို"
မုရွှင်က နှုတ်ခမ်းမဲ့ကာ တိုးတိုးလေး ပြောလိုက်သည်။
မိုရှုကမူ အသာအယာ ပြုံးလျက် "သူတို့က အမြဲတမ်း ဒီလိုပဲ ဖြစ်မှာပါ"
အကြီးအကဲများ၏ စကားဝိုင်း မှာ ဆက်ပြော နေဆဲပင်။
နေလအင်မော်တယ်နန်းတော်ဘက်မှ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များကို ခံစားနေရသော်လည်း မင်ရွှမ်အင်မော်တယ်အရှင်၏ မျက်နှာမှာ မပြောင်းလဲပေ။
"ဒီနှစ်တွေမှာ မင်းတို့ တကယ်ကို ပင်ပန်းခဲ့ကြတယ်။"
"ဒါပေမဲ့ ကောင်းကင်ကို ဆန့်ကျင်တာက အမြဲတမ်းအတွက်တော့ မဖြစ်နိုင်ဘူး။"
"ကောင်းကင်နဲ့ အညီ လိုက်နာမှသာ ပိုပြီး ချောမွေ့သလို ဝေးဝေးကိုလည်း သွားနိုင်မှာ"
မင်ရွှမ်အင်မော်တယ်အရှင်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
မဟာ အကြီးအကဲကမူ နှာခေါင်းရှုံ့လျက် "အခက်အခဲတွေကမှ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို စစ်ဆေးပေးနိုင်တာ။"
"ငါတို့ ကျင့်ကြံသူတွေ အနေနဲ့ အရေးအကြီးဆုံးက ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ခိုင်ခံ့တဲ့ တာအို နှလုံးသားပဲ။"
"အကယ်၍ တာအို နှလုံးသားသာ မရှိရင် အင်မော်တယ် ဖြစ်လာရင်တောင် ဘာအဓိပ္ပာယ် ရှိမှာလဲ"
မင်ရွှမ်အင်မော်တယ်အရှင်က ရယ်မောလျက် "အခက်အခဲ ဆိုတာက အခက်အခဲ သက်သက်ပါပဲ၊ အားထုတ်ဖို့ မထိုက်တန်ပါဘူး။"
"စိတ်ဓာတ်ကို စစ်ဆေးတယ်ဆိုတာကလည်း အခက်အခဲတွေကို ရှောင်လွှဲလို့ မရလို့သာ လုပ်ကြရတာပါ။"
"အကယ်၍ တူညီတဲ့ ရည်မှန်းချက်ကို ရောက်နိုင်ပြီး ဘာအခက်အခဲမှ ခံစားစရာ မလိုဘူးဆိုရင်၊ လူအတော်များများက အခက်အခဲ မရှိတဲ့ လမ်းကိုပဲ ရွေးချယ်ကြမှာပါ"
မဟာ အကြီးအကဲ၏ မျက်နှာမှာ အနည်းငယ် ပျက်သွား၏။ ဤစကားကို သူ ပြန်လည် ချေပရန် နည်းလမ်း ရှာမရပေ။
အကြောင်းမှာ ဤကမ္ဘာပေါ်တွင် သာမန်လူသားများမှာ အများစုဖြစ်ပြီး အခက်အခဲကို ပျော်မွေ့သူမှာ အနည်းစုသာ ရှိသောကြောင့် ဖြစ်သည်။
အမှန်စင်စစ် နေလအင်မော်တယ်နန်းတော် အတွင်း၌ပင် လက်အောက်ခံလိုသူများမှာ တဖြည်းဖြည်း အင်အား ကောင်းလာနေပြီ ဖြစ်၏။
ထန်ထျန်းကမူ မေးစေ့ကို ပွတ်ကာ ဤကဲ့သို့သော အပြန်အလှန် အားပြိုင်မှုများကို စိတ်ဝင်တစား ကြည့်နေမိသည်။
ဤသည်မှာ လူများ ပြောလေ့ရှိကြသော "လမ်းစဉ်မတူလျှင် အတူတူ လျှောက်၍ မရ" ဆိုသည်မျိုးပင်။
မင်ရွှမ်အင်မော်တယ်အရှင်က မဟာ အကြီးအကဲကို နားချ၍ မရသလို၊ မဟာ အကြီးအကဲကလည်း မင်ရွှမ်အင်မော်တယ်အရှင်ကို နားချ၍ မရပေ။
ထို့ကြောင့် နောက်ဆုံး ရလဒ်မှာမူ လက်တွေ့ ခွန်အားဖြင့်သာ ဆုံးဖြတ်ကြရပေလိမ့်မည်။
သို့သော် မည်သို့ပင် ကြည့်စေကာမူ ယခုအချိန်တွင် သူတို့မှာ အင်အားကြီးသူက အင်အားနည်းသူကို ဖိနှိပ်ကာ လက်အောက်ခံခိုင်းနေသည့် လူဆိုးဂိုဏ်းကဲ့သို့ ဖြစ်နေ၏။
နေလအင်မော်တယ်နန်းတော်ထဲတွင် တစ်ကိုယ်တော် စွမ်းဆောင်မှုဖြင့် အခြေအနေကို ပြောင်းလဲပေးနိုင်မည့် "ဇာတ်လိုက်" မျိုး ရှိမရှိကိုမူ သူ မသိပေ။
အချေအတင် စကားပြောပြီးနောက် မဟာ အကြီးအကဲက မင်ရွှမ်အင်မော်တယ်အရှင်တို့ အဖွဲ့ကို နန်းတော်သခင်နှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားခဲ့သည်။
ကျန်ရှိသော စီမံသူများနှင့် ထန်ထျန်းတို့မှာမူ အခြားသော အကြီးအကဲများ၏ လမ်းပြမှုဖြင့် လှပသော ဥယျာဉ်တစ်ခုအတွင်း၌ အနားယူရန် နေရာချထားခြင်း ခံရ၏။
အထက်ပိုင်း ပုဂ္ဂိုလ်များအကြား ကနဦး ဆွေးနွေးမှုမှာ အနည်းဆုံး ရက်အနည်းငယ် ကြာမြင့်နိုင်ပေသည်။
ထို့နောက်မှသာ တပည့်များအကြား ချစ်ကြည်ရေးပွဲကို ကျင်းပမည် ဖြစ်၏။
သို့သော် ဤကာလအတွင်း ထန်ထျန်းတို့မှာ နန်းတော်အတွင်း လွတ်လပ်စွာ သွားလာနိုင်ပေသည်။
အချို့သော တားမြစ်နယ်မြေများကို တမင်တကာ သွားရောက် ကျူးကျော်ခြင်း မပြုလျှင် ရပြီ ဖြစ်၏။
"ဘယ်လိုလဲ သခင်လေးထန်။"
"အပြင်ထွက်ပြီး ပတ်ကြည့်ကြမလား"
မုရွှင်မှာမူ လှောင်အိမ်ထဲမှ လွတ်မြောက်လာသော ငှက်ငယ်တစ်ကောင်ကဲ့သို့ အတော်လေး စိတ်လှုပ်ရှားနေပုံ ရ၏။
ထန်ထျန်း ခဏစဉ်းစားပြီးနောက် သဘောတူလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဘာမှ လုပ်စရာ မရှိသဖြင့် ဤနေရာ၏ ကျင့်ကြံခြင်း ယဉ်ကျေးမှုကို လေ့လာခြင်းက မဆိုးလှပေ။
သူတို့ ထွက်ခွာရန် ပြင်ဆင်နေစဉ် မိုရှုက လိုက်လာခဲ့၏။
"သခင်လေးထန်... ကျွန်မတို့ အတူတူ သွားတာက ပိုကောင်းမယ် ထင်တယ်"
မိုရှုက ပြော သည်။
ထန်ထျန်း သူမ၏ ဆိုလိုရင်းကို နားလည်လိုက်၏။
သူ့ကို ကာကွယ် ပေးရန်မှာ မိုရှောင်းရှောင်း ပေးထားသော အရေးကြီးသည့် တာဝန်တစ်ခုပင် ဖြစ်သည်။
ခဏအကြာတွင် သူတို့သုံးဦး ဥယျာဉ်မှ ထွက်လာခဲ့ကြပြီး နန်းတော်၏ အဓိက တောင်ထိပ် နယ်မြေဆီသို့ သွားကြတော့သည်။