အင်မော်တယ် နန်းတော်၏ စင်မြင့် တိုက်ပွဲ
Vol. 39 Ch. 416
သာယာနာပျော်ဖွယ် အင်မော်တယ် တေး သံများ ပျံ့လွင့်နေ၏။
ဤနိဗ္ဗာန်ဘုံ တစ်ခုကဲ့သို့သော နေရာတွင် လမ်းလျှောက်နေရင်း ထန်ထျန်းက ထူးခြားသော ခံစားချက်တစ်ခု ရရှိနေသည်။
စည်းကမ်းချက် များ လွန်းအားကြီးလှသော တိမ်တိုက် ထျန်းဖူနန်းတော်နှင့် နှိုင်းယှဉ်လျှင် နေလအင်မော်တယ်နန်းတော်ဘက်မှာ ပို၍ လွတ်လပ်ပုံရ၏။
သူ ယခင်က စိတ်ကူးယဉ်ခဲ့ဖူးသော အင်မော်တယ်တို့ နားခိုရာ နယ်မြေနှင့် ပို၍ နီးစပ်ပေသည်။
ပွင့်လင်းပြီး လွတ်လပ်ပေါ့ပါးလှ၏။
"ဝိုး... ဒီနေရာ က တော်တော်လေး နေလို့ကောင်းတာပဲ"
မုရွှင်ကလည်း အံ့သြတကြီး ပြောလိုက်သည်။
မိုရှုက အသာအယာ ပြုံးလျက် "ဘာလဲ... နေလအင်မော်တယ်နန်းတော်ကို သဘောကျသွားပြီလား"
မုရွှင်က ပုခုံးတွန့်ကာ "အမှန်အတိုင်း ပြောတာပါ။ "
"ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို ခဏဖယ်ထားရင်၊ ဒီဘက်က ခံစားချက်က ထျန်းဖူနန်းတော်ထက်တောင် နည်းနည်း ပိုကောင်းသေးတယ်။"
" အကယ်၍ နောင်တစ်ချိန်မှာ အခွင့်အရေး ရမယ်ဆိုရင် အနားယူဖို့အတွက် ဒီနေရာကိုပဲ ငါ ရွေးချယ်မိမှာပဲ"
ထန်ထျန်းက ပြုံးနေရုံမှလွဲ၍ ဘာမှ ပြန်မပြောပေ။
ယခု မုရွှင်၏ စိတ်အခြေအနေမှာ မြို့ကြီးပြကြီးတွင် နေထိုင်တတ်သူ တစ်ဦးက တောတောင်လျှိုမြောင်ထဲသို့ ခဏတဖြုတ် ရောက်လာသည့် အခြေအနေမျိုးပင် ဖြစ်၏။
ခဏတာ နေရန်အတွက် အဆင်ပြေသော်လည်း ရေရှည်နေရန်မှာမူ တကယ်တမ်း လိုအင်ဆန္ဒ ကင်းမဲ့သူ မဟုတ်ပါက ထျန်းဖူနန်းတော်ကသာ ပို၍ ကောင်းမွန်သော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
"နင်ပြောပုံအရဆိုရင် နေလအင်မော်တယ်နန်းတော်က လက်အောက်ခံဖို့ မရွေးချယ်တာကပဲ မှန်ကန်နေသလိုပဲနော်"
မိုရှုက ပြုံး လိုက်သည်။
မုရွှင်က ခေါင်းကို ခါယမ်းကာ "ငါ အဲဒီလို မပြောပါဘူး။"
" ဒါပေမဲ့ ငါတို့ မြင်ခဲ့ရတဲ့အတိုင်းပဲ"
" နေလအင်မော်တယ်နန်းတော်က ပါရမီရှင်တွေ ငါတို့အပေါ် ထားတဲ့ ရန်လိုမှုကတော့... တကယ့်ကိုပဲ။"
" တစ်ဖတ်သတ် ရန်ငြိုးတွေ ရှိနေသလိုမျိုးပဲ၊ သူတို့တွေက တကယ် စိတ်ပါလက်ပါနဲ့ လက်အောက်ခံလာကြလိမ့်မယ်လို့ ငါ မထင်ဘူး"
ထိုမျှသာမက သူတို့ လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသော တပည့် အတော်များများမှာ သူတို့ကို မြင်သည်နှင့် ဝေးဝေးမှ ရှောင်သွားကြ၏။
ထို့ပြင် တစ်ကိုယ်လုံးမှလည်း ရန်လိုသော အငွေ့အသက်များ ထွက်ပေါ်နေကြသည်။
ထျန်းဖူနန်းတော်ကို နှစ်သက်သူ တစ်ဦးတစ်ယောက်မျှပင် ရှိပုံမရပေ။
သို့သော် မိုရှုကမူ အသာအယာ ခေါင်းခါလိုက်၏။
"ဒါက ငါတို့ တွေ့ခဲ့ရတဲ့သူတွေ အားလုံးနီးပါးက ဒီဘက်က အထက်တန်းလွှာ တွေ ဖြစ်နေလို့ပါ"
" သူတို့က လက်ရှိ အကျိုးအမြတ်တွေကို ရရှိထားသူတွေ ဖြစ်တာကြောင့် အရှုံးမခံချင်ကြတာ သဘာဝပဲ။ "
"ဒါပေမဲ့ ငါ ကြားမိသလောက်တော့ နေလအင်မော်တယ်နန်းတော်ရဲ့ အခြေခံလူတန်းစားနဲ့ သာမန်တပည့်တွေက ထျန်းဖူနန်းတော်ရဲ့ လူနေမှုဘဝကို တကယ်ကို တမ်းတနေကြတယ်လို့ သိရတယ်"
မုရွှင်က နှုတ်ခမ်းမဲ့ကာ "ဘယ်နေရာပဲဖြစ်ဖြစ် အတူတူပါပဲ။"
" အောက်ခြေလူတန်းစားတွေက ဘယ်ကိုရောက်ရောက် အကျိုးအမြတ် အများကြီး မရနိုင်ဘူး။"
" သူတို့တွေ တကယ်တမ်း ထျန်းဖူနန်းတော်ကို ရောက်သွားတဲ့အခါမှာလည်း အခုလို အတွေးမျိုး ရှိနေဦးမလားဆိုတာ မသေချာဘူး"
သူတို့နှစ်ဦးမှာ တစ်ယောက်တစ်လှည့် စကားပြောနေကြ၏။
ထန်ထျန်းကမူ ဤကိစ္စနှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မျှ မပေးပေ။ သူ့အတွက်မူ ဤအရာမှာ မြူနှင်းကြားမှ ပန်းကို ကြည့်နေရသကဲ့သို့ပင်၊ အမှန်တကယ် ထိတွေ့မှု မရှိဘဲနှင့် ရှင်းရှင်းလင်းလင်း မြင်နိုင်မည် မဟုတ်ပေ။
စကားပြောရင်းနှင့်ပင် သူတို့သည် နန်းတော်တပည့်များ ပုံမှန် လှုပ်ရှားသွားလာရာ နယ်မြေသို့ ရောက်ရှိလာခဲ့ကြသည်။
ဤနေရာတွင် တပည့်အရေအတွက်မှာ အတော်လေး များပြားလှသော်လည်း အနည်းငယ် ရှုပ်ထွေးနေ၏။
လူနေရပ်ကွက်၊ ကျင့်ကြံခြင်းနယ်မြေ၊ ဈေးတန်းငယ်၊ စားသောက်ဆိုင် စသည်ဖြင့် မြို့တစ်မြို့၏ အပြင်အဆင်နှင့် အတော်လေး ဆင်တူလှသည်။
ခဏမျှ လှည့်ပတ်ကြည့်ပြီးနောက် သူတို့မှာ စိတ်ဝင်စားမှု လျော့နည်းသွားကြ၏။
အကြောင်းမှာ ဤနေရာရှိ ပစ္စည်းများ၏ အရည်အသွေးမှာ ထျန်းဖူနန်းတော်နှင့် နှိုင်းယှဉ်လျှင် အဆင့်အတန်း အတော်လေး နိမ့်ပါးနေပြီး အချို့မှာမူ ဈေးနှုန်း အဆမတန် ကြီးမြင့်နေသောကြောင့် ဖြစ်သည်။
အဆင့်နိမ့် အင်မော်တယ် ကျင့်စဉ် တစ်ခုကိုပင် ဆိုင်၏ ရတနာအဖြစ် သတ်မှတ်ကာ ရှန့်ထန်း တာအိုကျောက်စိမ်း သုံးထောင်ဖြင့် ရောင်းချနေ၏။
ထျန်းဖူနန်းတော်တွင်မူ နှစ်ရာ၊ သုံးရာခန့်သာ ပေးရပေလိမ့်မည်။
ခေတ္တမျှ လျှောက်သွားပြီးနောက် လူစည်ကားသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုနေရာရှိ အရာတစ်ခုက သူတို့၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။
၎င်းမှာ ကြီးမားသော စင်မြင့် တစ်ခုဖြစ်ပြီး ပတ်ပတ်လည်တွင် ကြည့်ရှုနေသော တပည့်များဖြင့် ပြည့်နှက်နေသည်။
စင်မြင့် ပေါ်တွင်မူ နန်းတော်တပည့် နှစ်ဦးမှာ နောက်ထပ် တိုက်ပွဲအတွက် အဆင်သင့် ပြင်ဆင်နေကြ၏။
"သွားပြီး... ကြည့်ရအောင်"
လူငယ် သဘာဝအတိုင်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို လက်လွတ်မခံနိုင်သဖြင့် မုရွှင်က ရှေ့ဆုံးမှ ပြေးသွားတော့သည်။
ထို့နောက် ထန်ထျန်းနှင့် မိုရှုတို့ကလည်း နောက်မှ လိုက်သွားကြ၏။
သူတို့ ရောက်သွားချိန်တွင် စင်မြင့် ပေါ်ရှိ တပည့်နှစ်ဦး၏ တိုက်ပွဲက စတင်နေပြီ ဖြစ်သည်။
သူတို့၏ ခွန်အားမှာ အားမနည်းလှဘဲ ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံမှုများ ရှိကြ၏။
အောက်မှ ကြည့်ရှုသူများ၏ စိတ်အားထက်သန်မှုကို ကြည့်ခြင်းဖြင့် ဤအဆင့်အတန်းရှိသော တိုက်ပွဲမျိုးမှာ နန်းတော်အတွင်း၌ တွေ့ရခဲပုံရပေသည်။
"ဟားဟား... အတော်ပဲ၊ နန်းတော်တပည့်တွေမှာ ဘယ်လို နည်းလမ်းတွေ ရှိလဲဆိုတာ ကြိုပြီး ကြည့်ထားလို့ ရတာပေါ့၊ နောက်မှ ကြိုတင် ကာကွယ်လို့ ရအောင်လို့"
မုရွှင်က ပြုံး လျက် ပြောလိုက်သည်။
ထန်ထျန်းလည်း လှမ်းကြည့်လိုက်၏။
ယခုအခါ ထိုနှစ်ဦးမှာ အပြန်အလှန် စမ်းသပ်ပြီးနောက် အပြင်းအထန် တိုက်ခိုက်နေကြပြီ ဖြစ်သည်။
သူတို့ အသုံးပြုနေသော အင်မော်တယ် ကျင့်စဉ်များမှာ အဆင့်မမြင့်လှသော်လည်း ထန်ထျန်း ယခင်က ခန့်မှန်းထားခဲ့သလိုပင် တိုက်ခိုက်မှုနှင့် ကာကွယ်မှုတိုင်းမှာ အလွန် ကျွမ်းကျင်လှပေသည်။
ကြည့်ရသည်မှာ သူတို့နှစ်ဦးစလုံးမှာ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသော လက်တွေ့ကျသော တိုက်ခိုက်ရေးသမားများ ဖြစ်ကြ၏။
တိုက်ကွက်တိုင်းမှာ အထိရောက်ဆုံး ရလဒ်ကို ရရှိရန်သာ အားထုတ်နေကြခြင်း ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ နှစ်ဖက်စလုံးမှာ ဒေါသထွက်လာကြပြီး တိုက်ကွက်တိုင်းမှာ အလွန် အန္တရာယ်များလှ၏။
သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ စတင် ပေါ်ပေါက်လာကာ အချို့သော ဒဏ်ရာများမှာ အရိုးအထိပင် မြင်နေရပြီး လက်ဝှေ့စင် တစ်ခုလုံး သွေးများဖြင့် စိုရွှဲနေခဲ့ပြီ။
သို့သော် ဒဏ်ရာ မည်မျှ ပြင်းထန်စေကာမူ မည်သူကမျှ သတိမလျော့ဘဲ အင်အားအပြည့်ဖြင့် ဆက်လက် တိုက်ခိုက်နေကြဆဲပင်။
"တကယ်ကို တော်တာပဲ"
မုရွှင်က ချီးကျူးလိုက်သည်။
မိုရှုကလည်း ခေါင်းညိတ်လျက် "တိုက်ပွဲ အတွေ့အကြုံကတော့ တကယ်ကို ကြွယ်ဝတာပဲ၊ သေဘေးကနေ လွတ်မြောက်ခဲ့ဖူးတဲ့ လူတွေဆိုတာ သိသာတယ်။ ဒီအချက်ကတော့ ငါတို့ထက် သာတာ အမှန်ပဲ။ "
"ဒါပေမဲ့ သူတို့ သုံးနေတဲ့ နည်းလမ်းတွေကတော့ အပြည့်အဝ ဟန်ချက်မညီသလို ဖြစ်နေလို့ တစ်ခုခု လိုအပ်နေသလိုပဲ"
ထန်ထျန်းက ရယ်မောလျက် "ဒါပေမဲ့ ကိုယ့်အတွက် အသင့်တော်ဆုံး ဖြစ်မယ့် နည်းလမ်းကသာ အရေးကြီးဆုံးပဲ။"
" မဟုတ်ရင် မင်းမှာ ခွန်အား ရှိနေရင်တောင် ခုနစ်ရာခိုင်နှုန်း လောက်ပဲ ထုတ်သုံးနိုင်လိမ့်မယ်။ "
"အဲဒီလို အခြေအနေမျိုးမှာ ထျန်းဖူနန်းတော် တပည့်တွေက ရှစ်ဆယ် ရာခိုင်နှုန်း လောက် ခွန်အားရှိရင်တောင် သူတို့ကို အနိုင်ယူနိုင်သွားမှာပဲ"
မိုရှုက ထန်ထျန်း၏ ပြောစကားကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
ဤသည်မှာ လက်တွေ့ဘဝပင် ဖြစ်သည်။
အချို့လူများမှာ အိပ်မက်များစွာထဲမှ သူတို့အတွက် အသင့်တော်ဆုံး တစ်ခုကို စိတ်ကြိုက် ရွေးချယ်နိုင်သော်လည်း အချို့မှာမူ အိပ်မက်မက်ရန်ပင် မထိုက်တန်ဘဲ သူတို့ မနှစ်သက်သော အရာများကိုသာ တစ်သက်လုံး လုပ်သွားကြရသည်။
ထိုသူနှစ်ဦး၏ အောင်မြင်မှုမှာ မည်သို့ တူညီနိုင်ပါ့မည်နည်း။
သို့သော်လည်း ဤနန်းတော်တပည့်များကို သူ အတော်လေး လေးစားမိပေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူတို့ကသာ စစ်မှန်သော ကျင့်ကြံသူများ ဖြစ်ကြ၏။
တိုက်ပွဲ ဆက် ဖြစ်နေရင်းနှင့် အခြေအနေမှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။
တစ်ဦးမှာ မယှဉ်နိုင်တော့ဘဲ ကာကွယ်ရေးကိုသာ အာရုံစိုက်နေရတော့၏။
ကျန်တစ်ဦးကမူ အခွင့်အရေးကို လက်မလွှတ်ဘဲ မနားတမ်း တိုက်ခိုက်နေပြီး မည်သည့် ဟာကွက်မျှ မချန်ထားပေ။
ထူးခြားသော အဖြစ်အပျက်မျိုး မရှိခဲ့လျှင် အနိုင်အရှုံးက အဖြေပေါ်နေပြီ ဖြစ်၏။
အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်လာခဲ့သည်။
ကျန်တပည့်တစ်ဦးမှာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့သည်ကို မြင်သောအခါ မုရွှင်က ပြုံး၍ ပြောလိုက်သည်။ "သူတို့ရဲ့ တိုက်ပွဲက ငါတို့ဆီကထက် ပိုပြီးတော့ ရက်စက်တာပဲ။ "
"ဘယ်သူမှ လက်မနှေးကြဘူး။ "
"ရှုံးတဲ့လူကတော့ အတော်ကြာကြာ အိပ်ရာထဲ လဲနေရမှာပဲ..."
သူ့စကားပင် မဆုံးသေးမီ...
"အား"
ဓားအလင်း တစ်ချက် ကန့်လန့်ဖြတ် စီးဝင်သွားပြီး ကျန်တပည့်တစ်ဦး၏ ဦးခေါင်းမှာ လွင့်ထွက်သွားကာ စင်မြင့် ပေါ်မှ အောက်သို့ လိမ့်ကျသွားတော့သည်။
သွေးများမှာလည်း လေ ထဲတွင် ပန်းထွက်သွား၏။
မုရွှင် တစ်ယောက် ကြောင်အမ်းကာ ကျန်ရစ်ခဲ့သည်။ မိုရှုလည်း အနည်းငယ် ထိတ်လန့်သွားပုံရပြီး ကျန်တစ်ဦးက ဤမျှအထိ ရက်ရက်စက်စက် သတ်ဖြတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထန်ထျန်းမှာမူ စင်မြင့် ပေါ်ရှိ ခေါင်းမပါသော ခန္ဓာကိုယ်ကို ကြည့်ရင်း တိတ်ဆိတ်သွားမိသည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ တိမ်တိုက် ထျန်းဖူနန်းတော်အတွင်း၌ မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ပေ။
သို့သော်လည်း စင်မြင့် အောက်ရှိ နန်းတော်တပည့်များမှာမူ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အားပေးသံများ ထွက်ပေါ်လာကြသည်။
သူတို့က တိုက်ပွဲ၏ အောင်နိုင်သူကို ဂုဏ်ပြုနေကြပြီး ရှုံးနိမ့်သူ၏ ဦးခေါင်းကိုမူ ခြေဖဝါးအောက်တွင် နင်းချေထားကြ၏။
နောက်ဆုံးတွင် အောင်နိုင်သူမှာ လူအများ၏ အားပေးသံများကြားတွင် ဤ စင်မြင့် လောင်းပွဲ၏ ဆုလာဘ်ကို ရရှိသွားခဲ့သည်။
၎င်းမှာ အရည်အသွေး အတော်လေး ကောင်းမွန်သော အဆင့်နိမ့် အင်မော်တယ် လက်နက် တစ်ခုပင် ဖြစ်၏။