အင်မော်တယ်နန်းတော်၏ ဂုဏ်ယူစရာ အခိုက်အတန့်
Vol. 39 Ch. 419
နေလအင်မော်တယ်နန်းတော်မှ တပည့်ဖြစ်သူ စင်မြင့်ပေါ်သို့ တက်လှမ်းလာချိန်တွင် ပတ်ဝန်းကျင်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အားပေးသံများ ထွက်ပေါ်လာတော့၏။
ခုနက အောင်ပွဲအချို့ ရရှိထားသော ဂိုဏ်းအသီးသီးမှ လူများမှာမူ မျက်နှာများ ချက်ချင်း တည် သွားကြသည်။
"အင်မော်တယ်နန်းတော် တပည့်တွေကတော့ တကယ့်ကို ပြိုင်ဘက်ကင်း ပါပဲ"
"သူတို့ စေလွှတ်လိုက်တာကလည်း ဆန်းကြယ် အင်မော်တယ် အဆင့် တပည့်ပဲ၊ ဒါပေမဲ့ ကြည့်လိုက်ဦး... သူ့အသက်က ၂၁ နှစ်ပဲ ရှိသေးတယ်"
"သူ့ရဲ့ နည်းလမ်းတွေကလည်း အားမနည်းလှဘူး၊ သူ့ကို ဘယ်သူများ အနိုင်ယူနိုင်မလဲ မသိဘူးနော်"
ထန်ထျန်း၏ အောက်တွင် ထိုင်နေကြသော ဂိုဏ်းအသီးသီးမှ လူများမှာ အချင်းချင်း နှိုင်းယှဉ် ပြောနေကြ၏။
"ဟားဟား... အနိုင်ယူဖို့ နေနေသာသာ၊ သူ့လက်ထဲမှာ တိုက်ကွက် သုံးကွက်လောက် ခံနိုင်ရင်တောင် အောင်မြင်မှု တစ်ခုပဲ။"
"ဟုတ်တယ်... အင်မော်တယ်နန်းတော်က တကယ်ကို အင်အားကြီးလွန်းတယ်။ ချစ်ကြည်ရေးပွဲ ကျင်းပတိုင်း သူတို့ကပဲ အပြတ်အသတ် အနိုင်ရတာ များတာပဲ။"
"ဒါပေမဲ့ အခုတစ်ခေါက်တော့... ထျန်းဖူနန်းတော်က လူတွေ ရောက်နေတယ်လို့ ကြားတယ်၊ အပြောင်းအလဲ ရှိနိုင်မလား"
"တိုးတိုးနေစမ်း ဒီလို ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေကို လျှောက်မပြောနဲ့"
သူတို့ စကားပြောရင်း ထျန်းဖူနန်းတော် အကြောင်း ရောက်လာသောအခါ ချက်ချင်းပင် စကားဖြတ်လိုက်ကြ၏။
တိကျသော ရလဒ် ထွက်မလာသေးမီ အချိန်အထိ သူတို့မှာ နေလအင်မော်တယ်နန်းတော်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သဖြင့် မဆင်မခြင် ပြောမိပါက ဘေးဒုက္ခ ရောက်နိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း အချို့သော သူများမှာမူ အခြေအနေ အရပ်ရပ်ကို မစဉ်းစားဘဲ ခပ်ရဲရဲပင် ပြောနေကြသေး၏။
"ငါတော့ အဲဒီလို မထင်ဘူး"
"ထျန်းဖူနန်းတော် တပည့်တွေက အင်မော်တယ်နန်းတော်ထက် ပိုတော်မယ်လို့ ဘယ်သူ ပြောနိုင်မှာလဲ"
"မင်းတို့ မမေ့နဲ့ဦး... အင်မော်တယ်နန်းတော်က ကမ္ဘာကြီးကို စိုးမိုးထားတုန်းက ထျန်းဖူနန်းတော်ဆိုတာ ဘယ်ချောင်မှာ ပုန်းနေမှန်းတောင် မသိဘူး။"
"သူတို့ဘက်က အတော်ဆုံး တပည့်တွေကို မလွှတ်သရွေ့တော့ အင်မော်တယ်နန်းတော် တပည့်တွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
ထိုလူက ပြောပြီးနောက် ထန်ထျန်းတို့ဘက်သို့ တစ်ချက် လှမ်းကြည့်ကာ မထင်မဲ့မြင် ပြုသော အမူအရာကို ပြလိုက်၏။
"ငါလည်း အဲဒီအတိုင်းပဲ ထင်တယ်"
အခြား ဂိုဏ်းတစ်ခုမှ လူတစ်ဦးကလည်း ထောက်ခံလိုက်သည်။
"တကယ်လို့ ထျန်းဖူနန်းတော်က ငါတို့ကို အထင်သေးရဲတယ်ဆိုရင် အင်မော်တယ်နန်းတော်က သူတို့ကို မောက်မာ ခြင်းရဲ့ ပြစ်ဒဏ်ကို ကောင်းကောင်း ပြပေးလိမ့်မယ်"
ထိုစကားများကို ကြားသောအခါ အပေါ် တွင် ထိုင်နေသော အင်မော်တယ်နန်းတော် မဟာ အကြီးအကဲမှာ အနည်းငယ် ပြုံးလျက် ဘေးရှိ မင်ရွှမ်အင်မော်တယ်အရှင်ကို ကြည့်လိုက်၏။
သို့သော် မင်ရွှမ်အင်မော်တယ်အရှင်မှာမူ မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ စင်မြင့်ကိုသာ အေးဆေးစွာ ကြည့်နေခဲ့သည်။
ထိုစဉ် အဖွဲ့ခေါင်းဆောင် ဖြစ်သော မိုရှုက ထျန်းဖူနန်းတော် တပည့်များထံသို့ လျှို့ဝှက် အသံလွှင့်လိုက်၏။
"လုံဝမ်နန်းတော် နဲ့ တျန်းတဂိုဏ်း... ဒီအမည် နှစ်ခုကို မှတ်ထားကြ"
မုရွှင်က သွားဖြဲ၍ ပြုံးလိုက်၏။
ဤစကား၏ အဓိပ္ပာယ်မှာ ထိုဂိုဏ်းနှစ်ခုနှင့် ရင်ဆိုင်ရပါက လက်နှေးနေရန် မလိုတော့ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
ထန်ထျန်းကမူ စိတ်ထဲမှ ခေါင်းခါမိ၏။ ဤလူများမှာ သတင်းအချက်အလက် အလွန် ပိတ်ဆို့နေခြင်းလော၊ သို့မဟုတ် ဘက်ရွေးရမည်ကို အလွန် လောနေခြင်းလော မသိပေ။
အနည်းဆုံးတော့ နှစ်ဖက်စလုံး တကယ် ရင်ဆိုင်ပြီးမှ အင်မော်တယ်နန်းတော်၏ နောက်လိုက် လုပ်မည်လားဆိုသည်ကို ဆုံးဖြတ်သင့်ပေသည်။
စကားပြောနေစဉ်အတွင်း အင်မော်တယ်နန်းတော် တပည့်၏ ပထမဆုံး ပြိုင်ဘက်မှာ စင်မြင့်ပေါ်သို့ တက်လာခဲ့ပြီ ဖြစ်၏။
သူသည်လည်း ဆန်းကြယ် အင်မော်တယ် အဆင့်ဖြစ်သော်လည်း အသက်မှာ ၂၅ နှစ် ရှိနေပြီ ဖြစ်သည်။
ထို့အပြင် အင်မော်တယ်နန်းတော် တပည့်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့မှာ မွေးရာပါ ကြောက်စိတ် တစ်ခု ရှိနေသကဲ့သို့ တိုက်ပွဲ မစမီကပင် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေပုံရ၏။
"စီနီယာ... လမ်းညွှန်ပေးပါဦး"
ကျင့်ကြံမှု အဆင့်တူပြီး အသက်က ပိုကြီးနေသော်လည်း တစ်ဖက်လူကို စီနီယာဟု ရိုရိုသေသေ ခေါ်နေရ၏။
အင်မော်တယ်နန်းတော် တပည့်မှာမူ အမြဲတမ်း မောက်မာ သော အမူအရာ ရှိနေသည်။
"တိုက်လေ"
သူက မာန်ပါပါ ပြောလိုက်၏။
ခဏအကြာတွင် တိုက်ပွဲ စတင်ခဲ့သည်။
စိန်ခေါ်သူ၏ ခွန်အားမှာ မဆိုးလှဘဲ နည်းလမ်းများမှာလည်း ကျွမ်းကျင်မှု ရှိသလို တိုက်ပွဲ အတွေ့အကြုံလည်း ကြွယ်ဝလှ၏။
သို့သော်လည်း အပေါ် တွင် ပြောခဲ့သလိုပင် သူက အနည်းငယ် တွန့်ဆုတ်နေသဖြင့် အစွမ်းကုန် မထုတ်နိုင်ပေ။
ဆန့်ကျင်ဘက် အနေဖြင့် အင်မော်တယ်နန်းတော် တပည့်မှာမူ တိုက်ခိုက်လိုစိတ် ပြင်းထန်ပြီး အားမာန်အပြည့်ဖြင့် တိုက်ခိုက်နေ၏။
မကြာမီတွင်ပင် တစ်ဖက်လူကို အသာစီး ရယူထားနိုင်ကာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိအောင် လုပ်လိုက်သည်။
များမကြာမီမှာပင် အင်မော်တယ်နန်းတော် တပည့်က တစ်ဖက်လူကို စင်မြင့်ပေါ်မှ ကန်ထုတ်လိုက်ပြီး ချစ်ကြည်ရေးပွဲ၏ ပထမဆုံး အောင်ပွဲကို ရယူသွားခဲ့၏။
"ကောင်းတယ်"
ချက်ချင်းပင် ပတ်ဝန်းကျင်မှ မိုးခြိမ်းသံကဲ့သို့ အားပေးသံများ ပေါက်ကွဲထွက်လာတော့သည်။
အိမ်ရှင်၏ အားသာချက်မှာ ဤနေရာတွင် အထင်အရှားပင်။
အခြားသော ဂိုဏ်းများကလည်း တအံ့တသြ ချီးကျူးနေကြ၏။
"တကယ်ကို တော်တာပဲ၊ ဖုန်းဟွာဂိုဏ်းက တပည့်ကလည်း မဆိုးဘူး၊ ဒါပေမဲ့ အင်မော်တယ်နန်းတော် တပည့်ရဲ့ ပြင်းထန်တဲ့ တိုက်စစ်ကိုတော့ မခံနိုင်ဘူးပဲ။"
"အရမ်း သန်မာတာပဲ၊ သူ့ရဲ့ အနာဂတ်က ဘယ်လောက်အထိ မြင့်မားမလဲဆိုတာ မှန်းတောင် မမှန်းရဲဘူး။"
"ဟားဟား... အတွင်းသတင်းအရတော့ ဒီတပည့်ရဲ့ ခွန်အားဟာ အင်မော်တယ်နန်းတော်ရဲ့ ထိပ်တန်း တပည့် တစ်ရာစာရင်းထဲမှာတောင် မပါသေးဘူး၊ ထိပ်တန်း တပည့်တွေ ထွက်လာတဲ့အခါကျမှ ကွာခြားချက်ဆိုတာ ဘာလဲဆိုတာ မင်းတို့ သိလိမ့်မယ်။"
"တကယ်ကို ကြောက်စရာ ကောင်းတာပဲ၊ ထျန်းဖူနန်းတော်က လူတွေ သိရင်လည်း ကြောက်သွားကြမှာပဲနော်"
သူတို့မှာ ထျန်းဖူနန်းတော် တပည့်များ၏ တုံ့ပြန်မှုကို အကဲခတ်ရန် ခိုးကြည့်နေကြသော်လည်း သူတို့ မျှော်လင့်ထားသလို ဖြစ်မလာပေ။
ထျန်းဖူနန်းတော်မှ လူတိုင်းမှာ အေးဆေး တည်ငြိမ်နေကြပြီး မည်သည့် ကြောက်ရွံ့မှုကိုမျှ ပြခြင်း မရှိကြပေ။
"ဟမ့်... ဟန်ဆောင်နေကြတာပါ"
"ခဏနေ သူတို့ တက်ရတဲ့အခါကျရင်တော့ ဟန်ဆောင်လို့ ရမှာ မဟုတ်တော့ဘူး"
တစ်ဦးက လှောင်ပြောင်လိုက်သည်။
ထိုစဉ် ဒုတိယမြောက် စိန်ခေါ်သူမှာ စင်မြင့်ပေါ်သို့ တက်လာခဲ့ပြီ ဖြစ်၏။
ပိုမို အင်အားကြီးမားသော စိန်ခေါ်သူနှင့် ရင်ဆိုင်ရသော်လည်း အင်မော်တယ်နန်းတော် တပည့်မှာ မောက်မာ သော အမူအရာကို ဆက်လက် ထိန်းသိမ်းထားဆဲပင်။
တိုက်ပွဲ စတင်သည်နှင့် သူက ပို၍ ပြင်းထန်သော တိုက်စစ်များကို မုန်တိုင်းအလား ဆက်တိုက် တိုက်ခိုက် လိုက်ရာ ဒုတိယ စိန်ခေါ်သူမှာလည်း မခံနိုင်ဘဲ အမြန်ပင် ရှုံးနိမ့်သွားရတော့သည်။
အားပေးသံများမှာ ပို၍ ကျယ်လောင်လာ၏။
အင်မော်တယ်နန်းတော် တပည့်၏ ခွန်အားမှာ တကယ်ပင် အံ့သြဖွယ် ကောင်းလှပေသည်။
သို့သော် ဒုတိယ စိန်ခေါ်သူကို အနိုင်ယူပြီးနောက် ထိုတပည့်မှာ စင်မြင့်ပေါ်မှ ပြန်ဆင်းလာခဲ့ရ၏။
သူက ဆက် တိုက်ခိုက်လိုသော်လည်း အခြားသော ဂိုဏ်းတူ တပည့် များကိုလည်း အခွင့်အရေး ပေးရပေမည်။
ခဏအကြာတွင် ဒုတိယမြောက် အင်မော်တယ်နန်းတော် တပည့် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
သူ၏ ခွန်အားမှာ ဆန်းကြယ် အင်မော်တယ် နှောင်းပိုင်း အဆင့် ဖြစ်၏။
ထို့နောက် စိန်ခေါ်သူ နှစ်ဦးမှာ တစ်ဦးပြီးတစ်ဦး တက်လာသော်လည်း ရှုံးနိမ့်သွားကြပြန်သည်။
၎င်းနောက်တွင် တတိယမြောက် တပည့်...
များမကြာမီတွင် တိုက်ပွဲပေါင်း ဆယ်ဂဏန်းခန့်မှာ မြန်မြန်ဆန်ဆန်ပင် ပြီးဆုံးသွားခဲ့သည်။
စင်မြင့်ပေါ်သို့ တက်လာသော အင်မော်တယ်နန်းတော် တပည့်တိုင်းမှာ ကြီးမားသော ခွန်အားကို ပြသနိုင်ခဲ့ပြီး ကျင့်ကြံမှု အဆင့်တူ ပြိုင်ဘက်များကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့ကြ၏။
ဤမျှ အင်အားကြီးမားမှုမှာ ကြည့်ရှုသူတိုင်းကို ထိတ်လန့်စေခဲ့သည်။
သို့သော်လည်း ထျန်းဖူနန်းတော် တပည့်များကမူ ကွဲပြားနေ၏။
"အား... ငါတို့ အလှည့် ဘယ်တော့ ရောက်မှာလဲ၊ ကြည့်ရတာ ငိုက်တောင် ငိုက်လာပြီ"
မုရွှင်က သမ်းဝေရင်း ပြောလိုက်သည်။
သူ၏ အသံကို ကြားသွားပုံရသဖြင့် အင်မော်တယ်နန်းတော် မဟာ အကြီးအကဲက မင်ရွှမ်အင်မော်တယ်အရှင်ဘက်သို့ လှည့်ကာ ရယ်မောလျက် ပြောလိုက်၏။ "တာအိုမိတ်ဆွေ... ထျန်းဖူနန်းတော် တပည့်တွေရဲ့ အစွမ်းအစကို လူတိုင်းကို ပြရမယ့် အချိန် ရောက်ပြီ မဟုတ်လား"
မင်ရွှမ်အင်မော်တယ်အရှင်က မေးစေ့ကို ပွတ်လိုက်ကာ..."ငါက မပြချင်လို့ မဟုတ်ပါဘူး။"
"မင်းတို့ရဲ့ တပည့်တွေက တကယ်ကို အားနည်းလွန်းနေလို့ပါ။"
"သူတို့ကို လွှတ်လိုက်ရင် လူကြီးက ကလေးကို နှိပ်စက်နေသလို ဖြစ်နေမှာပေါ့"
ထျန်းဖူနန်းတော် တပည့်များမှာ ထိုစကားကို ကြားသောအခါ ရယ်ချင်စိတ်ကို အောင့်ထားကြရ၏။ ပုံမှန်ဆိုလျှင် အလွန် တည်ကြည်လှသော မင်ရွှမ်အင်မော်တယ်အရှင်က ဤမျှအထိ ရိသဲ့သဲ့ ပြောတတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
မဟာ အကြီးအကဲက မျက်မှောင်ကြုတ်လျက် "တာအိုမိတ်ဆွေ စိုးရိမ်စရာ မလိုပါဘူး။"
"မင်းတို့ဘက်က လူလွှတ်လိုက်တာနဲ့ အင်မော်တယ်နန်းတော်ကလည်း အသင့်တော်ဆုံး ပြိုင်ဘက်ကို ရှာပေးပါ့မယ်။"
"ဒါ့အပြင် အခြားသော အင်အားစုတွေကလည်း စမ်းသပ်ကြည့်ချင်နေကြမှာပါ"
မင်ရွှမ်အင်မော်တယ်အရှင်က "အော်... အဲဒီလိုလား" ဟု ဆိုကာ ဆက် ပြောလိုက်၏။
"ဒါဆိုရင်လည်း ကောင်းပြီလေ၊ တကယ် တော်တဲ့လူအချို့ကို ရှာပေးနိုင်ဖို့ မျှော်လင့်ပါတယ်၊ လူကို ပျင်းမသွားစေနဲ့ဉီး"
ပြောပြီးနောက် သူက ထိုင်နေသည်မှာ ကြာနေပြီဖြစ်သော တပည့် ဆယ်ဦးကို ကြည့်လိုက်သည်။
အေးစက်သော အကြည့်များက တစ်ဦးချင်းစီကို ဖြတ်ကျော်သွားပြီး ထန်ထျန်းထံတွင် ခေတ္တမျှ ရပ်တန့်သွား၏။
သို့သော် နောက်ဆုံးတွင်မူ နံပါတ် ၁၀ နေရာရှိ ဖန်ကျဲ့ ထံတွင် အဆုံးသတ်သွားခဲ့သည်။
"ဖန်ကျဲ့"
ဖန်ကျဲ့က မတ်တပ်ရပ်ကာ ရိုသေသေဖြင့် ဖြေလိုက်၏။ "တပည့် ရှိနေပါတယ်"
မင်ရွှမ်အင်မော်တယ်အရှင်က အသာအယာ ခေါင်းညိတ်လျက် အေးဆေးစွာ ပြောလိုက်သည်။ "အောက်ဆင်းပြီး ငါတို့ရဲ့ သူငယ်ချင်းတွေနဲ့ နှုတ်ဆက်လိုက်ပါဦး။"
"သတိထားပြီး လုပ်"
ဖန်ကျဲ့က ဦးညွှတ်လျက် ကျယ်လောင်စွာ ပြန်ထူးလိုက်၏။ "ဟုတ်ကဲ့"