ထွက်ခွာသွားခြင်း
Vol. 4 Ch. 317
ရော့ရှီလေးသည် နတ်ဘုရားအဘိုးအိုနှင့် အတူ လောကတစ်ခွင် လှည့်လည် သွားလာနေခဲ့သည်မှာ နှစ်အနည်းငယ်ပင် ကြာခဲ့ပြီ ဖြစ်လေသည်။ နတ်ဘုရား အဘိုးအိုသည် သူ၏ တန်ခိုးစွမ်းအားများနှင့် ကျင့်စဉ်လမ်းများ အားလုံးကို ရော့ရှီလေးကို တစ်ခုမကျန် လက်ဆင့်ကမ်း သင်ကြား ပေးခဲ့လေသည်။ ရော့ရှီလေးသည် နတ်ဘုရား အဘိုးအိုကို သူမ၏ အဘိုးအရင်း သဖွယ် တွယ်တာနေပြီ ဖြစ်သည်။
ဆေးဖိုကြီးထဲတွင် အဘိုးအို ဖော်စပ်နေသည့် ပြဒါးဆေးသည် သူမအတွက် ဖော်စပ်နေခြင်း ဖြစ်ကြောင်း ရော့ရှီ သိရှိထားလေသည်။ သူမရင်ထဲတွင် ပြောမပြတတ်လောက်အောင် ဝမ်းနည်း နေမိလေသည်။
ဆေးဖိုအတွင်းမှ ပြဒါးဆေးဖော်စပ် ပြီးသွားသည်နှင့် နတ်ဘုရား အဘိုးအိုမှာလည်း သေဆုံးရမည် ဖြစ်လေသည်။
နတ်ဘုရား အဘိုးအိုက “သူသည် လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာကပင် ထွက်ခွာ သွားသင့်သူ ဖြစ်ကြောင်း” ရော့ရှီကို ပြောပြထားခဲ့သည်။ အဘိုးအို၏ မြင့်မားလှသည့် တန်ခိုး စွမ်းအားကြောင့်သာ ဘဝကို တောင့်ခံ ထားနိုင်ခြင်း ဖြစ်လေ သည်။
သူ့ဘဝတွင် အမှားကြီး တစ်ခုကို ပြုလုပ်ခဲ့ပြီး နောင်တရသည့် အချိန်တွင် အလွန်ပင် နောက်ကျ သွားခဲ့လေပြီ။
ယခုတော့ အဘိုးအိုသည် အမှန်တကယ် ထွက်ခွာ သွားတော့မည် ဖြစ်လေသည်။
အဘိုးအို၏ ခန္ဓာကိုယ်သည် ပေါက်ကွဲ ထွက်နေပြီး သွေးများက စီးကျနေလေသည်။ အဘိုးအို၏ ပုံသဏ္ဌာန်မှာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး မျက်တွင်း ဟောက်ပက်နှင့် ကြောက်မက်ဖွယ်ရာ ဖြစ်နေလေသည်။ သို့သော် သူ၏ မျက်ဝန်းများကတော့ ငြိမ်းချမ်းမှုနှင့် ဉာဏ်ပညာများ ပြည့်ဝနေဆဲ ဖြစ်လေသည်။
"ဒီပြဒါး ဆေးဖော် ပြီးသွားတာနဲ့ မိုးကောင်းကင် အပြစ်စီရင်မှုပါ တစ်ခါတည်း လိုက်လာလိမ့်မယ်၊ ဒါပေမယ့် သမီး မကြောက်နဲ့နော်၊ ဘိုးဘိုးသင်ပေးထားတဲ့ တာအိုတရား ဓမ္မတွေကို အသုံးပြုပြီး ဘိုးဘိုးမှာ ထားတဲ့ အတိုင်းသာ တသွေမတိမ်း လုပ်ပါ၊ သမီးရဲ့ ပင်ကိုသိစိတ်ကို အသုံးချဖို့ မမေ့နဲ့"
အဘိုးအိုက ရော့ရှီကို ညင်သာစွာ စကားဆိုတော့ ရော့ရှီက ခေါင်းညိတ် ပြလိုက်လေသည်။
နတ်ဘုရား အဘိုးအိုသည် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရားငါးပါးကို တစ်ချက် ကြည့်လိုက်သည်။
အထူးသဖြင့် လင်ရှောင် ခန်းမဆောင်နှင့် တန်ခိုးစွမ်းအားချင်း ဆက်စပ်နေသည့် ယွိမင်နတ်ဘုရားကို စိုက်ကြည့် လိုက်လေသည်။ ယွိမင်နတ်ဘုရားသည် နတ်ဘုရား ငါးပါးထဲတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်လေသည်။ သူ၏ တန်ခိုး အမြင့်မားဆုံး အသုံးပြုလျှင် နတ်ဘုရား အဘိုးအိုကို ယှဉ်ပြိုင်နိုင်မည် ဖြစ်လေသည်။
သို့သော် တန်ခိုးစွမ်းအား ဆိုသည်က အထွတ်ထိပ်သို့ ရောက်ရှိပြီးသည်နှင့် ပြန်လည် ကျဆင်းသွားမည် ဖြစ်လေသည်။ ဤသည်မှာ သဘာဝပင် ဖြစ်လေသည်။
ထို့ကြောင့် ယွိမင်နတ်ဘုရား အနေဖြင့် ယခုအချိန်တွင် တန်ခိုး စွမ်းအား မြင့်မားဆုံး အသုံးပြုပြီး နတ်ဘုရား အဘိုးအိုကို တိုက်ခိုက် လိုက်မည်ဆိုလျှင် နောက်အနှစ် ငါးရာတွင် သူ၏ အခြေအနေသည် ဆိုးဝါးသွားမည် ဖြစ်လေသည်။
ထို့ပြင် အဘိုးအိုကို မတိုက်ခိုက်ရဲသည့် အချက်နှစ်ချက် ရှိသေးသည်။
ပထမအချက်မှာ နတ်ဘုရား အဘိုးအိုသည် သူတို့ထက်အရင် နတ်ဘုရား ဖြစ်ခဲ့သူ တစ်ယောက် ဖြစ်လေသည်။ အဘိုးအိုသာ အသက်အသေခံပြီး စွမ်းအား အကုန်ထုတ်ကာ တိုက်ခိုက်မည်ဆိုလျှင် သူတို့ ငါးယောက်စလုံး သက်သာမည် မဟုတ်ပေ။
ဒုတိယအချက်မှာ အဘိုးအို၏ ပြဒါး ဆေးဖော်စပ်မှုတွင် သူတို့က သွားပြီး မပတ်သက်ရဲပေ။ မဟုတ်ပါက မိုးကောင်းကင်မှ ဒဏ်ခတ်သည့် အချိန်တွင် သူတို့ပါ ရောယောင်ပြီး ခံရနိုင်ဖွယ် ရှိလေသည်။
အရေးအကြီးဆုံး အရာမှာ ဝိညာဉ် ပြဒါးဆေး ဖြစ်လေသည်။
ထိုပြဒါးဆေးသည် တာအိုရုပ်ခန္ဓာကိုပင် ပြန်လည် တည်ဆောက် ပေးနိုင်သည့် ဆေးစွမ်းကောင်း ဖြစ်ပြီး လောကနတ်ဘုရားများ အလွန်မှ မက်မောကြသည့် ဆေးဖြစ်လေသည်။
ထိုဆေးကိုသာရလျှင် တာအို ရုပ်ခန္ဓာကိုယ်ပွားကို တည်ဆောက်နိုင်မည် ဖြစ်လေသည်။ အနာဂတ်တွင် မိုးကောင်းကင် အမှု စစ်ဆေးခြင်းကြောင့် အန္တရာယ်ကြုံရပါက ကိုယ်ပွားခန္ဓာကို အသုံးချပြီး လွတ်မြောက်အောင် ရှောင်ရှားနိုင်မည် ဖြစ်လေသည်။
ထိုအကြောင်းများကြောင့် သူတို့ငါးယောက်မှာ အဘိုးအိုကိုလည်း တိုက်ခိုက်ကြခြင်း မရှိသလို ဆန်းလျန် နတ်ဘုရား တစ်ပါး ဖြစ်သွားသည်ကိုလည်း သွားပြီး မတိုက်ခိုက်ဘဲ နေကြခြင်း ဖြစ်လေသည်။
တာအိုကျင့်ကြံသူ စိတ်ထားက နက်ရှိုင်းသလောက် လူသားဆန်သည် စိတ်ထားကတော့ သစ္စာမဲ့လေသည်။ သူတို့သည် လူသားဆန်သည့် ကောက်ကျစ်သည့် အတွေးများဖြင့် နတ်ဘုရား အဘိုးကြီး လုပ်သမျှကို မတိုက်ခိုက်ဘဲ ထိုင်ကြည့်နေကြခြင်း ဖြစ်လေသည်။
ကောင်းကင်ထက်တွင် မိုးများချုန်းနေပြီး လျှပ်စီးများလည်း လက်နေလေသည်။
တိမ်တိုက်များမှာ ပုံသဏ္ဌာန် မျိုးစုံ ပြောင်းလဲနေလေသည်။
ထိုအချိန်မှာပင် လင်ရှောင် ခန်းမဆောင်ဆီသို့ မိုးကြိုးတစ်ချက် ပစ်ချ လိုက်လေသည်။ နတ်ဘုရား ငါးပါးမှာ ထိတ်လန့် တုန်လှုပ် သွားကြလေသည်။
လင်ရှောင် ခန်းမဆောင်မှာ မှော်ဝင်ခန်းမဆောင် တစ်ခုဖြစ်၍သာ မိုးကြိုးဒဏ်ကို ခံနိုင်ခြင်း ဖြစ်လေသည်။ အပြင်ပိုင်း တာအိုအရံအတား ကျိုးပျက် သွားသော်လည်း အတွင်းပိုင်း အရံအတားက ပျက်စီးခြင်း မရှိပေ။ ထို့ကြောင့် မည်သူမျှ ထိခိုက်မိခြင်း မရှိကြပေ။
နတ်ဘုရား အဘိုးအိုမှာ အလွန်အားနည်းနေပြီး သချုႋင်းကုန်းသို့ ခြေတစ်ဖက် လှမ်းနေပြီ ဖြစ်သည့်တိုင် ဆေးဖိုကြီးဆီ သို့ သမာဓိ မီးတောက် စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ် နေလေသည်။
နောက်ဆုံးတွင်တော့ ဆေးဖိုကြီးသည် နတ်ဘုရားအဘိုးအို၏ တန်ခိုး စွမ်းအားများနှင့် သမာဓိ မီးတောက်၏ ဒဏ်ကို မခံနိုင်တော့ဘဲ ကွဲအက်စ ပြုလာလေသည်။
တာအို ဆရာတုန်းဖုန်းမှာ သူ၏ ဆေးဖိုကြီး ကွဲအက်သွားသည်ကို မြင်တွေ့လိုက်ရသည်နှင့် ရင်ထဲတွင် နင့်ခနဲ ဖြစ်သွားရလေသည်။ ထိုဆေးဖိုကြီးမှာ သူ ဟိုင်သန်းအဆင့် အောင်မြင်ပြီး ကတည်းက သူနှင့် အတူရှိနေခဲ့ခြင်း ဖြစ်လေသည်။ မှော်ဝင် ပစ္စည်းတစ်ခု မဟုတ်သည့်တိုင် သူနှင့် နှစ်ပေါင်းများစွာ အတူ ရှိနေခဲ့သည့် ပစ္စည်းတစ်ခုဖြစ် သည့်အတွက် သူအလွန် တန်ဖိုးထားလေသည်။
သူက ဆေးဖိုကြီးကို ပြန်လည် ရယူရန် အတွက် ထိုက်ယွဲ့ သဏ္ဌာန် မှန်ပညာကို အသုံးပြုပြီး နတ်ဘုရား အဘိုးအိုကို တိုက်ခိုက် လုနီးပါးပင် ဖြစ်သွားရသည်။
သို့သော်...
သူ၏စိတ်များကို ပြန်လည် ထိန်းချုပ် ထားလိုက်လေသည်။
ကောင်းကင်ထက်တွင် နတ်ဘုရား နယ်မြေတစ်ခု ပေါ်လာလေသည်။ ထိုနေရာသည် ပန်းပယ်လယ် တစ်ခုအလား ပန်းများဖြင့် ပြည့်နေလေသည်။ ပန်းပင်လယ်ထဲတွင် လိပ်ပြာများက လှပစွာ ပျံသန်း နေကြသည်။ ထိုနတ်ဘုရား နယ်မြေ အလယ်တွင် နတ်ဘုရား အဘိုးအိုနှင့် ရော့ရှီတို့ ထိုင်နေကြလေသည်။
ထိုအချိန်မှာပင် ကောင်းကင်ထက်မှ မိုးကြိုး တိမ်တောင်ကြီးမှာ ပြဒါးဆေး ကြိုနေသည့် ဆေးဖိုကြီးဆီသို့ ပြိုဆင်း ကျလာလေသည်။
ဆေးဖိုကြီးမှာ တစ်စစီ ပေါက်ကွဲကာ အမှုန့် ဖြစ်သွားလေတောသည်။
နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိခဲ့သည့် ဆေးဖိုကြီးသည် မိုးကောင်းကင်မှ အပြစ်ပေးသည့် မိုးကြိုးဒဏ်ကို မခံနိုင်တော့ဘဲ ပျက်စီး သွားခဲ့ရပြီ။ မိုးကောင်းကင်မှ အမျက်သည် ကြောက်စရာ ကောင်းလှလေသည်။
မိုးကြိုးပစ်ခြင်းခံရပြီး ဆေးဖိုကြီး ပျက်စီး သွားသည့်နောက် ပြဒါး ဆေးရနံ့သည် ယခင်ကထက် အဆတစ်ရာခန့် ပိုပြီး မွှေးကြိုင် လာလေသည်။
လေထဲတွင် လူသား ပုံသဏ္ဌာန် ဝိညာဉ်ပြဒါးဆေး ထွက်ပေါ်လာလေသည်။
တာအို စွမ်းအားများသည် လူသားပုံသဏ္ဌာန် ပြဒါးဆေးကို ဝန်းရံ ကာကွယ် ထားကြလေသည်။ ထို့ကြောင့် မိုးကြိုးများ ပစ်ခတ် နေသည့်တိုင် ဝိညာဉ် ပြဒါးဆေးကို တစ်ချက်မှ ထိခိုက်မိခြင်း မရှိပေ။
အဘိုးအိုနှင့် ရော့ရှီထိုင်နေသည့် ပန်းပင်လယ် နတ်ဘုရား နယ်မြေသည် လူသား ပုံသဏ္ဌာန် ပြဒါးဆေး ရှိရာသို့ ရွေ့လျား လာလေသည်။
ယွိမင်နတ်ဘုရားက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။
အလွန်ကြီးမားသည့် အလင်းရောင် လက်ကြီး တစ်ဖက်သည် လေထဲတွင် ပေါ်လာလေသည်။ ထိုလက်ကြီးကို ရွှမ်ချင်း အလင်းလက်ဟုခေါ်ပြီး တောင်ကိုပင် မယူကာ ရွှေ့နိုင်သည်အထိ တန်ခိုး စွမ်းအား ကြီးမားလေသည်။
ယွိမင်နတ်ဘုရား၏ ရွှမ်ချင်း အလင်းစွမ်းအားသည် ဟွမ်ကျန်နှင့် ကွမ်ဖားထက် များစွာ သာလွန်လေသည်။ တစ်ချိန်က ဟွမ်ကျန်းနှင့် ကွမ်ဖားသည် ဆန်းလျန်ကို ရွှမ်ချင်း အလင်းစွမ်းအားဖြင့် တိုက်ခိုက် ဖူးကြသော်လည်း ဆန်းလျန်က အလွယ်တကူပင် ခုခံ တိုက်ခိုက် နိုင်ခဲ့လေသည်။
နတ်ဘုရား အဘိုးအို ဖန်ဆင်းထားသည့် နတ်ဘုရားနယ်မြေကို ယွိမင် နတ်ဘုရား၏ ရွှမ်ချင်းအလင်းလက်ကြီးက တားဆီးထားလိုက်လေသည်။
သို့သော် ပန်းပင်လယ်ထက်တွင် ပျံသန်းနေကြသည့် လိပ်ပြာများက ချက်ချင်းပင် အတောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက် ကြလေသည်။ တော်နေဒို လေမုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်လာကာ ရွှမ်ချင်း အလင်းလက်ကြီးကို ချိုးဖျက်ပစ် လိုက်လေတော့သည်။
နတ်ဘုရား အဘိုးအို၏ တိုက်ခိုက်မှုမှာ ယွိမင်နတ်ဘုရား မျှော်လင့် ထားသည်ထက်ပင် လျင်မြန် လွန်းလှလေသည်။
ထိုအချိန်မှာပင် နတ်ဘုရား နယ်မြေသည် မိုးကြိုးများ ပစ်ခတ်နေသည့် ဝိညာဉ် ပြဒါးဆေးရှိရာသို့ ဝင်ရောက် သွားလေတော့သည်။
"ဒီနေရာကို တံဆိပ်ခတ်လိုက်"
ယွိမင်နတ်ဘုရားက အမိန့်ပေးလိုက်သည်။
ယွိမင်နတ်ဘုရား၏ စကားဆုံးသွားသည်နှင့် လင်ရှောင် ခန်းမဆောင်ကြီးမှ နတ်ဘုရား အလင်းတန်းများ ဖြာထွက် လာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို အလုံပိတ်ကာ ဝန်းရံ ထားလိုက် လေတော့သည်။ အလင်းတန်းများက မိုးကြိုး မုန်တိုင်းများကို ကာကွယ် ပေးထားပြီး ထိုက်ချန်းတောင် တစ်ခုလုံးကို ပျက်စီးမှု မဖြစ်စေရန် ကာကွယ် ပေးထားလေသည်။
မိုးကြိုးမုန်တိုင်းများမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှလေသည်။ နတ်ဘုရား နယ်မြေ ပန်းပင်လယ်သည် သမုဒ္ဒရာ မုန်တိုင်းထန်ထန်တွင် ရွက်လွှင့်နေသည့် လှေငယ်လေးအလား မိုးကြိုး မုန်တိုင်းကြားတွင် ဖြည်းဖြည်းမှန်မှန်ပင် ရွေ့လျား နေလေသည်။
နတ်ဘုရား နယ်မြေသည် လူသား ပုံသဏ္ဌာန် ဝိညာဉ် ပြဒါးဆေးရှိရာ နေရာသို့ ရောက်လုနီးပြီ ဖြစ်လေသည်။
ပန်းပင်လယ်ထက်တွင် ထိုင်နေသည့် နတ်ဘုရား အဘိုးအိုက သက်ပြင်း တစ်ချက် တိုးတိတ်စွာချလိုက်ရင်း....
"လိပ်ပြာလေးတွေ အိပ်မက်ထဲကို ရောက်လာတယ်၊ ကျုပ်ကိုယ်တိုင်လည်း အိပ်မက်ထဲမှာပဲ၊ အိပ်မက်နဲ့ လက်တွေ့ ဘဝဆိုတာ ဘာများ ကွာခြားချက် ရှိလို့လဲ"
အဘိုးအိုက လက်ဖျောက် တစ်ချက်တီးလိုက်ရာ ကြည်လင်သည့် ရေစီးကြောင်း တစ်ခု ဖြစ်ပေါ်လာပြီး ရော့ရှီ၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် သွားလေသည်။
ရော့ရှီ၏ မျက်ခုံးများထက်မှ ရေစက်လေးများ စီးကျ နေလေသည်။
သူမ၏ ခန္ဓာကိုယ် အတွင်းသို့ မရေမတွက်နိုင်သည့် အသက်ဓာတ် စွမ်းအားများ စီးဝင်လာသည်ကို ရော့ရှီ ခံစားလိုက် ရလေသည်။ ဘယ်တော့မှ မသေဆုံးတော့မည့် အလား အသက်ဓာတ် စွမ်းအားများက မြင့်မား နေလေသည်။
ထိုအချိန်မှာပင် ပန်းပင်လယ်ဆီးသို့ မိုးကြိုးတစ်ချက် ပစ်ချ လိုက်လေတော့သည်။
ရော့ရှီသည် မိုးကြိုးမုန်တိုင်းအတွင်းသို့ လွင့်စဉ် ကျသွားလေတော့သည်။
မိုးကြိုးက ရော့ရှီ၏ ခန္ဓာကိုယ် တည့်တည့်ဆီသို့ ပစ်ချ လိုက်ခြင်းဖြစ်သည့် အတွက် ဗလာနယ် တစ်ခုလုံး ပြိုကျသွားပြီး မှောင်အတိ ကျသွားသကဲ့သို့ ရော့ရှီ ခံစားလိုက်ရလေသည်။
နတ်ဘုရား အဘိုးအိုက အခြေအနေ အားလုံးကို အေးဆေးစွာပင် ကြည့်နေလေသည်။ သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အားနည်းလာပြီး သူ့ဘေးနားတွင် လိပ်ပြာလေးများ ပျံသန်း နေကြလေသည်။
ထိုအချိန်တွင်…
ထိုက်ချန်းတောင် တစ်နေရာရှိ သစ်ပင်တစ်ပင် အောက်တွင် အဖြူရောင် ဝတ်ဆင်ထားသည့် လူငယ် တစ်ယောက် ရှိနေလေသည်။
ထိုသူမှာ ယန်ရွှီးပင် ဖြစ်လေသည်။ သူ၏ မျက်ဝန်းများက လိပ်ပြာလေးများ ကြားမှ နတ်ဘုရား အဘိုးအိုကို စိုက်ကြည့် နေလေသည်။
သူ့နှုတ်ခမ်းများ တွန့်ကွေး နေလေသည်။ မချိပြုံးလား၊ လှောင်ပြုံးလေလား မသေချာသည့် အပြုံးတစ်မျိုးကို သူ့မျက်နှာထက်တွင် ဆင်မြန်းထားလေသည်။
သူ့အပြုံးက နတ်ဘုရား အဘိုးအိုကို လှောင်ပြောင် နေခြင်းလေလား…။
သို့သော်... သူ့ရင်ထဲတွင် သူ့ကိုယ်သူ ပြန်လည် လှောင်ပြောင် နေမိသကဲ့သို့ ခံစား နေရလေသည်။
သူ၏ လက်ထဲတွင် အရက်ခွက် တစ်ခွက် ကိုင်ထားပြီး သူက အရက်များကို မြေပြင်ထက်သို့ လောင်းချ လိုက်လေသည်။
"ဒီအဘိုးကြီးက သေရင်တောင် ကောင်းကင်ဘုံ ရောက်မှာ မဟုတ်ဘူး၊ ငရဲကျမယ့် ဘိုးတော်ကြီး၊ နှုတ်ဆက် လိုက်ပါတယ်ဗျာ"
ယန်ရွှီးက ရေရွတ် လိုက်လေသည်။
စကား ဆုံးသွားသည်နှင့် သူက မိုးကြိုးများ ပစ်ခတ်နေသည့် ကောင်းကင်ကို ဆက်မကြည့်တော့ပါ။ သူက ဝိညာဉ် ပြဒါးဆေးကိုလည်း စိတ်ဝင်စားသူ မဟုတ်ပါ။
ယန်ရွှီးသည် ထိုက်ချန်းတောင်ပေါ်မှ ပျောက်ကွယ် သွားလေသည်။
ယန်ရွှီး ပျောက်ကွယ် သွားသည့်နေရာ လေထုထဲတွင် လှိုင်းများထပြီး ကျန်ရစ် ခဲ့လေသည်။ သို့သော်... လူတိုင်းက ဝိညာဉ် ပြဒါးဆေးကိုသာ စိတ်ဝင်စားနေကြသည့် အတွက် ယန်ရွှီးကို မည်သူမျှ သတိမပြုမိခဲ့ပေ။
ထိုအချိန်တွင် ကောင်းကင်ထက်တွင် အလင်းတန်း တစ်ချက် လင်းလက်သွားပြီး တိုက်ချန်း တောင်ထိပ်သို့ ဆန်းလျန်နှင့် ချန်ကျန့်မေ ရောက်ရှိ လာလေသည်။
ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်ရင်း ရေရွတ်လိုက်သည်။
"ဆရာဘိုးဘိုး ထွက်ခွာသွားပြီ…"
နတ်ဘုရား အဘိုးအိုသည် လိပ်ပြာလေးများ ကြားတွင် တဖြည်းဖြည်း ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။
ဆန်းလျန်နှင့် ချန်ကျန့်မေတို့သည် နောက်ဆုံး ပျံသန်းနေသည့် လိပ်ပြာလေး ပျောက်ကွယ် သွားသည်ကို အဝေးဆီမှ တွေ့မြင် လိုက်ကြရလေသည်။
"ဂိုဏ်းတူအစ်ကို၊ ကျွန်တော် ကွမ်းချင်း နတ်ဘုရား ငါးပါးကို ထိန်းထားလိုက်မယ်၊ အစ်ကိုက ရော့ရှီလေးကို ကယ်ထုတ် သွားပေးပါ"
ဆန်းလျန်က ပြောလိုက်သည်။
ယခုမှ နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်ရောက် နိုင်သည့် ဆန်းလျန်သည် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ အထင်ကရ နတ်ဘုရား ငါးပါးကို မည်သို့ ရင်ဆိုင် နိုင်ပါမည်နည်း။ ဆန်းလျန်၏ စကားကိုသာ အခြားသူများ ကြားလျှင် သူ့ကို ရူးသွားပြီဟု ဆိုကြမည် ဖြစ်လေသည်။
သို့သော် ဆန်းလျန်က အရူးတစ်ယောက် မဟုတ်ပါ။ ကိုယ့်အကြောင်း ကိုယ်သိသူ တစ်ယောက် ဖြစ်လေသည်။
***