တရုတ်ရဲ့ ပထမဆုံးကိုယ်ပိုင်စနစ်
Vol. 6 Ch. 52
ပြတင်းပေါက်အပြင်ဘက်က သိပ်သည်းလှတဲ့ မိုးမျှော်တိုက်ကြီးတွေကို ငေးကြည့်ရင်း လင်းဖန်က မည်သည့်ခံစားချက်မှမပါတဲ့ လေသံနှင့်ပြောလိုက်သည်။
"ခင်ဗျားသာ လုံထန်ဂရုကို ကောင်းကောင်းမစီမံချင်ဘူးဆိုရင် ဒီနေရာကို လာချင်နေတဲ့သူတွေ အများကြီးရှိတယ်ဆိုတယ်လို့ ကျုပ်ယုံကြည်တယ်"
"ရှူး..."
ကျန်းဖန်ဟာ ရုတ်တရက် အသက်ရှူမှားသွားပြီး ကျောပြင်မှာ စိမ့်ခနဲ အေးသွားသလို ခံစားလိုက်ရသည်။
မိုရှင်းယာကိုယ်တိုင် ခေါ်ယူခဲ့တဲ့သူတစ်ယောက်အနေနဲ့ သူ ကောင်းကောင်းသိတာပေါ့။ လင်းဖန်သာ အလိုရှိမယ်ဆိုရင် Apple လို ကုမ္ပဏီကြီးရဲ့ ဒုတိယဥက္ကဋ္ဌတောင် တရုတ်ပြည်ကို အပြေးအလွှား လာချင်ကြမှာပါ။
ဒါတင်မကသေး အခုဆိုရင် လုံထန်ဂရုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နာမည်ကျော်ကြားနေပြီဖြစ်လို့ ဒီလိုထွန်းသစ်စကုမ္ပဏီကို ဝင်ရောက်ဖို့ ဘယ်နှစ်ယောက်တောင် စိတ်အားထက်သန်နေကြမလဲ။
"သူဌေး... စိတ်ချပါခင်ဗျာ၊ ကျွန်တော်တို့ အရင်လို အမှားမျိုး ထပ်မဖြစ်စေရပါဘူး။ လုံထန်ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် သေချာပေါက် ဆောင်ရွက်သွားပါ့မယ်"
ကျန်းဖန်ဟာ သူ့ရဲ့သစ္စာရှိမှုကိုပြသရန် လျင်မြန်စွာ တုန့်ပြန်လာသည်။
ထိုအချိန်မှာပဲ လင်းဖန်ကရုတ်တရက် လှည့်ကြည့်လာပြီး သူ့ရှေ့မှာ တည့်တည့်ရပ်ကာ အေးဆေးစွာပဲ ပြောလိုက်သည်။
"ကျုပ်က ဖန်ထန်းကို အမေရိကန်နဲ့ ဂျာမနီမှာ ရင်းနှီးမြှုပ်နှံပြီး လူသစ်တွေ စုဆောင်းဖို့ ခိုင်းထားတယ် သူတို့က အမေရိကန်နဲ့ ဥရောပမှာ လုံထိန်ခွဲတွေကို တည်ထောင်ပြီးပြီ..."
"အဲဒီနဲ့ သက်ဆိုင်တဲ့ စက်ရုံတွေအတွက်ဆိုရင်လည်း ဖန်ထန်းရင်းနှီးမြှုပ်နှံမှုက အများကြီး ဝယ်ယူထားပြီးပြီ ပြီးတော့ အဲဒါတွေကို အစုအဖွဲ့အနည်းငယ်အဖြစ် ပြန်လည်ပေါင်းစည်းထားတယ် နောက်မှ အဲဒီစက်ရုံတွေကို လွှဲပြောင်းရယူဖို့ လူတစ်ယောက် လွှတ်လိုက်ပါ"
"ဒီနေ့ကစပြီး လုံထန်ဂရုမှာ အခြေစိုက်စခန်း စုစုပေါင်း (၅) ခု ရှိလာမယ် အဲဒါတွေကတော့ တရုတ်ပြည်က ရုံးချုပ်၊ အာဆမ်က တောင်အာရှအခွဲ ဘန်ဇီက အရှေ့အာရှခွဲ၊ အမေရိကန်က အမေရိကတိုက်ခွဲနဲ့ ဂျာမနီက ဥရောပတိုက်ခွဲတို့ပဲ"
"ခဏနေရင် လုံထန်ရဲ့ အကောင့်ထဲကို ယွမ်ငွေ ၃၀ ဘီလီယံ လွှဲပေးဖို့ ကျုပ်ရှင်းယာကို ပြောလိုက်မယ် လုံထန်မှာရှိပြီးသား ရန်ပုံငွေနဲ့ ပေါင်းလိုက်ရင် ယွမ် ၄၀ ဘီလီယံနီးပါး ရှိလိမ့်မယ် အဲဒီငွေအားလုံးကို ခင်ဗျားက သုံးလအတွင်း ကုန်အောင် သုံးရမယ်"
"တစ်နိုင်ငံလုံးက မြို့နယ်တိုင်းမှာ လုံထန်ရဲ့ အထူးကိုယ်စားလှယ်ဆိုင် အနည်းဆုံး တစ်ဆိုင်စီ ရှိရမယ် ပြီးတော့ ပြည်နယ်မြို့တော်တိုင်းမှာလည်း စီမံခန့်ခွဲရေးဌာနတစ်ခုစီ မဖြစ်မနေ ဖွင့်လှစ်ထားရမယ် လုံထန်က အပြင်လောက အရောင်းဈေးကွက်မှာ ဝါဝစ်နဲ့ ရိုက်စ်တို့ကို ယှဉ်နိုင်တဲ့အဆင့်အထိ အနည်းဆုံး ရှိနေရမယ်"
မိုဘိုင်းလ်ဖုန်းလောကက ဝါဝစ်နဲ့ ရိုက်စ်လို နာမည်ကြီး ကုမ္ပဏီကြီးတွေကို အမီလိုက်နိုင်ဖို့ဆိုရင် ဆော့ဖ်ဝဲလ် (Software) နဲ့ ဟာ့ဒ်ဝဲလ် (Hardware) က အရေးကြီးဆုံးပါပဲ။ ဒါပေမဲ့ ဒီအချက်နှစ်ချက်ကို အချိန်တိုအတွင်းမှာ သိသိသာသာ တိုးတက်အောင်လုပ်ဖို့က မလွယ်ကူပေ။
ဒါတောင်မှ "ပြည်တွင်းဖြစ်စမတ်ဖုန်း" ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် သူတို့ကို ယှဉ်ပြိုင်ဖို့ လုံလောက်နေပါပြီ။
ယခု လောလောဆယ် လိုအပ်နေသည်က အရောင်းဖြန့်ချိရေး လမ်းကြောင်းတွေသာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုကုမ္ပဏီတွေက လုပ်ငန်းလည်ပတ်နေသည်မှယ နှစ်ပေါင်းမနည်းတော့သလို ကျင်းလီရဲ့ မူလလမ်းကြောင်းတွေကလည်း ကျုံ့သွားခဲ့တာ ကြာချေပြီ။
ဒါပေမဲ့ လင်းဖန်ကတော့ ပွင့်လင်းမြင်သာတဲ့ လှည့်ကွက်တစ်ခုကို သုံးလိုက်သည်။
ထိုအရာကတော့ ငွေနဲ့ လမ်းဖောက်တာပါပဲ။
လုံထန်မှာ ဖြန့်ချိရေးလမ်းကြောင်း မရှိဘူးဆိုရင် သူက ကိုယ်ပိုင်လမ်းကြောင်းကိုပဲ အသစ်တည်ဆောက်လိုခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ သူဌေး"
ကျန်းဖန်က ခေါင်းငုံ့ပြီး ရိုရိုသေသေပဲ ပြန်လည် တုန့်ပြန်သည်။
"တခြားကိစ္စမရှိတော့ရင် သွားလို့ရပြီ"
ထိုသို့ပြောနေချိန်မှာပဲ လင်းဖန်က ခေါင်းကိုတောင် မော့မကြည့်ဘဲ လက်ရမ်းပြပြီး ထွက်သွားရန် ပြောလာသည်။
ကျန်းဖန်က ရုံးခန်းထဲမှ ချက်ချင်းထွက်လာပြီး အခုလေးတင် ဆွေးနွေးခဲ့တဲ့ အဓိကအချက်တွေကို စီစဉ်ဖို့ လုံထန်ဂရုရဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ အရေးပေါ် အစည်းအဝေးခေါ်ယူလိုက်တော့သည်။
နောက်ထပ်ဖြစ်လာမယ့် အခြေအနေတွေကို ဘယ်သူမှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ချေ။
ထိုအချိန်မှစ၍ လုံထန်ဂရုက တစ်နိုင်ငံလုံးမှာရှိတဲ့ အရောင်းဆိုင်တွေကို ဆက်တိုက်ဝယ်ယူခဲ့ပြီး လုံထန်အထူးကိုယ်စားလှယ်ဆိုင်ပေါင်း သောင်းနဲ့ချီကို တစ်ပြိုင်နက်တည်း ပြင်ဆင်မွမ်းမံခဲ့သည်။
ပြည်ပဈေးကွက်ကိုလည်း လုံထန်က လက်မလွှတ်ခဲ့။ အမေရိကန်နဲ့ ဥရောပတိုက်တွေမှာ အထူးကိုယ်စားလှယ်ဆိုင် အမြောက်အမြား ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံခြားသတင်းမီဒီယာတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှုကိုတောင် ရရှိခဲ့သေးသည်။
အာရှ၊ အာဖရိကနဲ့ အိုရှေးနီးယား (Oceania) ဒေသတွေမှာတော့ လုံထန်ဂရုက ကျင်းလီရဲ့ မူလလမ်းကြောင်းတွေကိုပဲ ဆက်ခံခဲ့သည်။
ထိုနေရာတွေမှာတော့ တခြားဒေသတွေလို အထူးကိုယ်စားလှယ်ဆိုင်အသစ်တွေ အများကြီး ထပ်မဖွင့်တော့ချေ။
ထိုအစား ဒေသတွင်းက မိုဘိုင်းလ်ဖုန်းကုမ္ပဏီတွေကို ဆက်တိုက်ဝယ်ယူပြီး နာမည်အသစ်ပြောင်းလဲကာ လုံထန်ဂရုရဲ့ လက်အောက်ခံ လုပ်ငန်းခွဲတွေအဖြစ် တိုက်ရိုက် ပြောင်းလဲပစ်တော့သည်။
ဒူဘိုင်းမှာပင် လုံထန်ဂရုရဲ့အရောင်းဆိုင်တစ်ဆိုင် ရှိနေခြင်းက သူတို့ရဲ့ အင်အား မည်မျှတောင့်တင်းလဲဆိုတာကို ပြသနေသည်။
တစ်လအတွင်းမှာပဲ လုံထိန်ရဲ့ အပြင်လောက အရောင်းဆိုင် အရေအတွက်က ဝါဝစ်နဲ့ ဒါမီတို့ရဲ့ အတိုင်းအတာနီးပါးအထိ ရှိလာခဲ့သည်။
ထို့ကြောင့် စက်မှုလောကအတွင်း၌
"ဝံပုလွေတွေ လာနေပြီ" လို့တောင် အော်ဟစ် သတိပေးလာခဲ့ကြရသည်။
တစ်ချိန်တည်းမှာပဲ တန်ရွမ်ဟုခေါ်သည့် ထန်လုံစမတ်ဖုန်းရဲ့ operating system အကြောင်း သတင်းတွေကလည်း ဟိုးဟိုးကျော်အောင် ပြန့်နှံ့နေဆဲဖြစ်ပြီး လူကြိုက်များမှုကလည်း အချိန်အတော်ကြာအောင် ဆက်လက်တည်ရှိနေခဲ့သည်။
Baidu ရဲ့ ထိပ်တန်း ရှာဖွေမှု အဆင့် (၁၀) ခုထဲမှာတင် တန်ရွမ် ထန်လုံစမတ်ဖုန်း operating system အကြောင်း ဆောင်းပါး (၄) ပုဒ်အထိ ပါဝင်နေတာက ပြည်တွင်းဖြစ်စမတ်ဖုန်းတွေရဲ့ စွမ်းအား ဘယ်လောက်ကြီးမားလဲဆိုတာ ပြသနေခြင်း ဖြစ်သည်။
မိခင်ကုမ္ပဏီဖြစ်တဲ့ လုံထန်ဂရုကိုလည်း ပြည်တွင်းမီဒီယာတွေက အပြင်းအထန် လိုက်လံစုံစမ်းခဲ့ကြသေးသည်။
CEO ကျန်းဖန် ကနေစပြီး ကုမ္ပဏီရဲ့ အဆင့်မြင့်အရာရှိတွေအားလုံးရဲ့ အချက်အလက်တွေကို စုံစမ်းစစ်ဆေးခံခဲ့ရပေမဲ့ မည်သူမှတော့ ဖမ်းဆီးခံရတာမျိုး မရှိခဲ့ပေ။
သို့သော် လုံထန်ရဲ့နောက်ကွယ်၌ မည်သူရှိနေလဲဆိုတာကိုတော့ သူတို့မည်သည့်အခါမှ ရှာမတွေ့ခဲ့ချေ။ အနှီကုမ္ပဏီကို ဖန်ထန်းရင်းနှီးမြှုပ်နှံမှုက ရာနှုန်းပြည့် ပိုင်ဆိုင်ထားသည်ဆိုတဲ့ အချက်လောက်သာ သူတို့ သိကြလေသည်။
ဒါတောင်မှ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုရဲ့ တကယ့်ပိုင်ရှင်က မည်သူလဲဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပေ။
အမှန်၌ ရှန်းကျန့်မြို့တော်ကော်မတီနဲ့ လုံထန်ဂရုတို့က လင်းဖန်က မည်သူမည်ဝါဖြစ်ကြောင်းကို လျှို့ဝှက်ထားဖို့ သဘောတူညီမှု ရယူထားကြတာ ဖြစ်ပြီး အစိုးရရဲ့ အကာအကွယ်အောက်မှာသာဆိုလျှငိ မီဒီယာတွေအနေဖြင့် မည်သည့်အရာမှလုပ်လို့မရပေ။
ပြည်တွင်းဖြစ် စမတ်ဖုန်းကုမ္ပဏီတစ်ခု ပေါ်ပေါက်လာရန်မှာ မလွယ်ကူသလို၊ ယခုဆိုလျင် လုံးဝလွတ်လပ်သည့် ကိုယ်ပိုင်operating system တစ်ခုကိုပါ တီထွင်နိုင်ခဲ့တာကြောင့် ရှန်းကျန့်မြို့တော်ကော်မတီက ဘယ်လိုလုပ် အာရုံမစိုက်ဘဲ နေနိုင်မည်နည်း။
သူတို့အနေဖြင့် ဤမျှတောက်ပငည့် နိုင်ငံရေးအောင်မြင်မှုမျိုးကို လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ပေ။
ဒါတင်မကသေး ဖန်ထန်းရင်းနှီးမြှုပ်နှံမှုက ကျန်းလင်မြို့၌ အခြေစိုက်မှာ ဖြစ်ပြီး ဖန်ထန်းရဲ့ သူဌေးလင်းဖန်ကလည်း ကျန်းလင်မြို့သားတစ်ယောက် ဖြစ်ရုံသာမက ယန်တတက္ကသိုလ်ရဲ့ ထူးချွန်ကျောင်းသားတစ်ယောက်လည်း ဖြစ်နေပြန်သည်။
သူသာ အလိုရှိမယ်ဆိုရင် ကျန်းလင်မှလူများ သာမက မြို့တော်မှ လူများပါမကျန် တသီတတန်းကြီး ရောက်လာကြမှာပဲ ဖြစ်သည်။
သို့သော် ဒီလိုလျှို့ဝှက်ထားခြင်းက မီဒီယာနဲ့ လူထုရဲ့ သိချင်စိတ်ကို လျော့ပါးသွားစေမည့်အစား ပို၍ပင် ဆွပေးသလိုဖြစ်နေခဲ့ပြီး လုံထန်ရဲ့ နာမည်ကျော်ကြားမှုကို ပိုမိုမြင့်တက်စေခဲ့သည်။
လျှို့ဝှက်ပြီး အေးအေးဆေးဆေး နေတတ်သည့် သူဌေးကြီး၊ ပြည်တွင်းဖြစ် စမတ်ဖုန်း operating system ကို တကယ်တမ်း တည်ထောင်ခဲ့သူစသည့် အချက်တွေကပင် လူထုရဲ့ စိတ်ဝင်စားမှုအား ပြင်းပြင်းထန်ထန် ဆွဲဆောင်နိုင်ဖို့ လုံလောက်နေပြီဖြစ်သည်။
ပထမဦးဆုံး အမှန်တကယ် ကိုယ်ပိုင်ဖန်တီးထားသည့် စမတ်ဖုန်း operating system ရဲ့ ရိုက်ခတ်မှုက အရင်ကနဲ့မတူမကြုံစဖူး ထူးခြားသွားစေသည်။
တရုတ်နိုင်ငံက ကိုယ်ပိုင် operating system တစ်ခုကို မည်သည့်အခါမှ ထုတ်လုပ်နိုင်မှာမဟုတ်ဟု နိုင်ငံခြားသားများမှ အော်ဟစ်နေခဲ့ကြသည် မဟုတ်လား။
အဘယ့်ကြောင့်ဆိုသော် ပြည်တွင်းဖြစ်အများစုဖြစ်သည့် YunOSပင် Linux ကို အခြေခံပြီး တည်ဆောက်ထားခြင်းဖြစ်ပြီးAndroid နဲ့ ဆင်တူနေ၍ပါပဲ။
ဒါပေမဲ့ ယခုတော့ တရုတ်နိုင်ငံ၌ လုံးဝလွတ်လပ်စွာ ကိုယ်တိုင်ထုတ်လုပ်ထားသည့် စမတ်ဖုန်း operating system တစ်ခု အမှန်တကယ် ရှိလာခဲ့ချေပြီ။
ထိုသို့အခြေအနေမျိုးက တရုတ်လူမျိုးတွေအနေဖြင့် အဘယ့်ကြောင့်စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
..............................................................