← Chapters

နှစ်ပေါင်းတစ်သောင်း....

Vol. 74 Ch. 1035

နှစ်ပေါင်းတစ်သောင်း....

Vol. 74 Ch. 1035

လင်းယွမ်က ပြုံး၍ ဖြည်းညင်းစွာ ထရပ်ပြီး ခြေတစ်လှမ်း လှမ်းလိုက်သညိ။ ချက်ချင်းပင် သူက ထာဝရသံတမန် သုံးယောက်နှင့်အတူ နတ်ဆိုးစွမ်းအားများ လွင့်မျောနေသော နေရာတစ်ခုသို့ ရောက်သွားသည်။

ငွေရောင်မျက်လုံးနှင့် လူက.ပတ်ဝန်းကျင်သို့ ကြည့်ပြီး သူတို့က ချင်းယွမ်တောင်နှင့် အလွန်ဝေးကွာသော နေရာသို့ ရောက်နေသည်ကို သိလိုက်ရသည်။

အပြာရောင်မှော်စာလုံးမှ တစ်ဆင့် ကြည့်နေကြသော ဂိုဏ်းချုပ်များကလည်း တည်နေရာပြောင်းလဲသွားသည်ကို သိလိုက်ကြသည်။

လင်းယွမ်က သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး အဖြူအနက်စွမ်းအားများကို စုစည်းကာ ယင်ယန်ဓားတစ်လက်ကို ဖန်တီးလိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး ဝှေ့ရမ်းလိုက်သည်။

ဝုန်း...

အဆုံးမဲ့နတ်ဆိုးစွမ်းအားများက ဆုတ်ဖြဲခံလိုက်ရပြီး အဖြူအနက်ဓားအလင်းတန်း ဖြတ်သန်းသွားသော နေရာရှိ နတ်ဆိုးများက မည်သည့်ရုန်းကန်မှုမှမရှိဘဲ ပျောက်ကွယ်သွားကြသည်။ မဟာနတ်ဆိုးများဖြစ်စေ၊ မူလနတ်ဆိုးအဆင့် စွမ်းအားရှိသော နတ်ဆိုးကြီးများဖြစ်စေ ကြောက်စရာကောင်းသော အဖြူအနက် ဓားအလင်းတန်းအောက်တွင် နေရောင်ခြည်နှင့် ထိတွေ့ရသော နှင်းများသဖွယ် ပျက်စီးသွားခဲ့သည်။

ဓားတစ်ချက်ဝှေ့ရမ်းပြီးနောက် နတ်ဆိုးစွမ်းအားများ သို့မဟုတ် နတ်ဆိုးများက လုံးဝ ပျောက်ကွယ်သွားပြီး ဓားစွမ်းအားများသာ ကျန်နေခဲ့သည်။ လင်းယွမ်က သူ၏ ဘယ်လက်ကို ဆန့်ထုတ်လိုက်ရာ နတ်ဆိုးအားလုံးကို သတ်ဖြတ်ခြင်းမှ ရရှိလာသော သန့်စင်သည့် နတ်ဆိုးစွမ်းအားအစုအဝေးတစ်ခု ပေါ်လာခဲ့သည်။

လင်းယွမ်က ထိုနတ်ဆိုးစွမ်းအားအစုအဝေးကို စုပ်ယူလိုက်ပြီး အပြာရောင်မှော်စာလုံးမှတစ်ဆင့် မြင်ရသော ပုံရိပ်များကို ကြည့်လိုက်သည်။

ကမ္ဘာအလယ်ရှိ လျို့ဝှက်ကမ္ဘာထဲတွင် ဂိုဏ်းချုပ်များလည်း ထိုမြင်ကွင်းကို ကြည့်ပြီး အံ့ဩမှင်သက်သွားကြသည်။ ဓားချက်တစ်ချက်တည်းဖြင့် မူလနတ်ဆိုးအပါအဝင် ကျယ်ပြန့်သော နေရာတစ်ခုလုံးမှ နတ်ဆိုးအားလုံးက တိုက်စားခံလိုက်ရသည်။

ထာဝရဂိုဏ်းများပင် မူလနတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ရန် သူတို့၏ အခြေခံစွမ်းအား အမြောက်အမြားကို အသုံးပြုရမည်ဖြစ်သည်။ နတ်ဆိုးကပ်ဘေးကျရောက်လာပြီးနောက် မူလနတ်ဆိုးအများစုက ကမ္ဘာအလယ်တွင် စုစည်းနေကြသော်လည်း အချို့က အစွန်အဖျားများတွင် ရှိနေကြဆဲ ဖြစ်သည်။

" ဒါက ပုံရိပ်ယောင်တစ်ခုမဟုတ်ဘူး။ ငါ ထာဝရရတနာကို သုံးပြီး ကောင်းကင်နဲ့မြေကြီးကို အာရုံခံကြည့်လိုက်တာ အဲ့ဒီအရပ်မှာ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာတယ်။ အဲ့ဒီဓားချက်နဲ့အတူတူပဲ။ "

ထာဝရရတနာများက ထာဝရအရှင်သခင်များ ဖန်တီးခဲ့သော အလွှာဆယ့်သုံး လက်နက်များဖြစ်ပြီး ဂိုဏ်း၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုကြသည်။

" တကယ်ကြောက်စရာကောင်းတာပဲ။ ဒီကမ္ဘာမှာ ဒီလောက်သန်မာတဲ့ ကျင့်ကြံသူတစ်ယောက် ဘယ်လိုလုပ်ထွက်ပေါ်လာတာလဲ။ " ဂိုဏ်းချုပ်များက အသိဝင်လာကြသည်။

" ဒီတိုက်ခိုက်မှုရဲ့ စွမ်းအားက ငါတို့က အခြေခံအုတ်မြစ်ကနေ ထွက်ပေါ်လာတဲ့ အသန်မာဆုံး တိုက်ခိုက်မှုနဲ့ တူညီတယ်။ "ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

ဂိုဏ်း၏ အခြေခံအုတ်မြစ်က ထိုသို့သော တိုက်ခိုက်မှုကို ထုတ်ဖော်ရန် ပေးဆပ်မှုများ ရှိပြီး အသုံးပြုသည့်အ​ကြိမ်တိုင်းတွင် စွမ်းအား လျော့နည်းသွားတတ်သည်။ လင်းယွမ်က ထိုဓားချက်ကို ထုတ်လွှတ်ရန် စွမ်းအားမည်မျှ အသုံးပြုခဲ့သည်ကို မသိရသော်လည်း သူက မည်သည့်ပေးဆပ်မှုမှ မလုပ်ခဲ့သည်မှာ သေချာသည်။

" ဘယ်လိုလုပ်ဒီလောက်တောင် သန်မာရတာလဲ။ " ထာဝရဂိုဏ်းမှ အဆင့်မြင့်ကျင့်ကြံသူများက စိတ်လှုပ်ရှားသွားကြသည်။

သူတို့က လင်းယွမ်ထံတွင် မျှော်လင့်ချက်အနည်းငယ်ကို မြင်တွေ့လိုက်ရသည်။ ထိုစွမ်းအားဖြင့် နတ်ဆိုးနတ်ဘုရားအောက်တွင် ပြိုက်ဘက်ကင်းမဟုတ်လျှင်တောင် အနည်းဆုံးတော့ မူလနတ်ဆိုးများကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။

လင်းယွမ်ရှိနေသော နေရာတွင် ထာဝရသံတမန်သုံးယောက်က စိတ်ထဲတွင် တုန်လှုပ်နေကြသည်။ လင်းယွမ် ထုတ်လွှတ်လိုက်သော ဓားချက်က သူတို့ကို ပစ်မှတ်ထားခြင်းမဟုတ်သော်လည်း ထိုဓားချက်ကို ကြည့်နေရုံဖြင့် သူတို့အပေါ် ကြီးမားသော ဖိအားကို ခံစားခဲ့ရစေသည်။

" တကယ်သန်မာလွန်းတယ်။ " ငွေရောင်မျက်လုံးနှင့် လူက ထိတ်လန့်သွားသည်။ ယခင် သူက လင်းယွမ်၏ စွမ်းအားမှာ မူလနတ်ဆိုးတစ်ကောင်နှင့် ယှဉ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

သို့သော် ယခုကြည့်ရသည်မှာ မူလနတ်ဆိုးတစ်ကောင်မှာ ထိုဓားချက်အောက်တွင် ပျောက်ကွယ်သွားသည်ကို သူတို့မြင်တွေ့ခဲ့ရသည်။ သူတို့အပေါ် လင်းယွမ်ပေးလိုက်သော ဖိအားက သူတို့ဂိုဏ်းရှိ ထာဝရရတနာများနှင့် အဆင့်တူနေသည်။

" ဘယ်လိုလဲ။ " လင်းယွမ်က လက်နောက်ပစ်၍ ရပ်နေပြီး အပြာရောင်မှော်စာလုံးမှ ပုံရိပ်များကို ကြည့်လိုက်သည်။

" ပြဿနာမရှိဘူး။ ငါတို့ မင်းဆီကို မှော်စာလုံးအမွေအနှစ်တွေနဲ့ နတ်ဆိုးတွေရဲ့ အချက်အလက်တွေကို ချက်ချင်း လွှဲပြောင်းပေးမယ်။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က ဆုံးဖြတ်ချက်ချလိုက်သည်။

အခြားထာဝရဂိုဏ်းများ၏ ဂိုဏ်းချုပ်များကလည်း ကန့်ကွက်ခြင်းမရှိပေ။ လင်းယွမ်က မူလနတ်ဆိုးများကို မကိုင်တွယ်ပေးခဲ့လျှင်တောင် သူတို့က မှော်စာလုံးအမွေအနှစ်များကို လင်းယွမ်အား ပေးကြဦးမည်ဖြစ်သည်။ အားလုံးမှာ လင်းယွမ်၏ ထာဝရအရှင်သခင်ဖြစ်ရန် မျှော်လင့်ချက်ကို တိုးမြှင့်စေရန်အတွက် ဖြစ်သည်။

လင်းယွမ်က ထာဝရအရှင်သခင်တစ်ယောက်ဖြစ်လာလျှင် သူက နတ်ဆိုးအားလုံးကို ရှင်းလင်းနိုင်ပေလိမ့်မည်။ ထာဝရသံတမန်သုံးယောက်က တိတ်ဆိတ်စွာ နားထောင်နေကြသည်။

ခဏကြာသောအခါ ထာဝရအဆုံးမဲ့ဂိုဏ်းနှင့် အခြားထာဝရဂိုဏ်းများမှ ထာဝရအရှင်သခင်များ ချန်ခဲ့သော အမွေအနှစ်များကို စုစည်းကာ လင်းယွမ်ထံသို့ အပြာရောင်မှော်စာလုံးမှတစ်ဆင့် ပေးပို့လိုက်ကြသည်။ ထို့အပြင် နတ်ဆိုးများနှင့် နတ်ဆိုးနတ်ဘုရားတို့၏ သတင်းအချက်အလက်များကို ပေးပို့ခဲ့သည်။

" မင်းကို ဘယ်လိုခေါ်ရမလဲ။ " ထာဝရအဆုံးမဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။

ဤကမ္ဘာတွင် စွမ်းအားကသာ အဓိကဖြစ်သည်။ လင်းယွမ်၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် ထာဝရသားတော်တစ်ယောက်ပင် သူ၏ တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

" ငါ့ကို နဂါးငွေ့တန်းလို့ပဲ ခေါ်ပါ။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။ သူ၏ ဘွဲ့အမည်အတွက် သူက ထိုနာမည်တစ်ခုတည်းကိုသာ အသုံးပြုလေသည်။

" အရှင်နဂါးငွေ့တန်း မှော်စာလုံးအမွေအနှစ်တွေကို လွှဲပြောင်းပြီးပြီဆိုတော့ တခြားလိုအပ်တာရှိရင်လည်း ငါတို့ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ " ထာဝရအဆုံးမဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။ " ငါ့တပည့်ကို မင်းနောက် လိုက်ခိုင်းထားပါမယ်။ သူက ငါ့ကို အချိန်မရွေးဆက်သွယ်နိုင်တယ်။ "

" အင်း " လင်းယွမ်က ငွေရောင်မျက်လုံးနှင့် လူကို တစ်ချက်ကြည့်လိုက်သည်။

" ပြန်ကြစို့။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ထာဝရသံတမန်သုံးယောက်ကို ချင်းယွမ်တောင်သို့ ပြန်ခေါ်လာသည်။

ထာဝရသံတမန် သုံးယောက်က ရိုသေစွာဖြင့် အပြင်သို့ ထွက်သွားကြသည်။

" ဒီစွမ်းအားလှိုင်းက ဘာလဲ။ " ချင်းယွမ်ဂိုဏ်းချုပ်က လင်းယွမ်ထုတ်လွှတ်လိုက်သော ဓားချက်ကို အာရုံခံမိသော်လည်း အလွန်ဝေးကွာသောကြောင့် အရိပ်အယောင်သာ ခံစားမိလိုက်သည်။

" ဟင် " ဂိုဏ်းချုပ်က ချင်းယွမ်ကျမ်းစာတိုက်သို့ ကြည့်လိုက်ရာ ထာဝရသံတမန်သုံးယောက်ကို တွေ့လိုက်ရသည်။

" ထာဝရသံတမန်တွေလား။ " ဂိုဏ်းချုပ်၏ အမူအရာက ပြောင်းလဲသွားပြီး ထာဝရသံတမန် သုံးယောက်ရှေ့တွင် ပေါ်လာသည်။

" ထာဝရသံတမန်တို့ " ဂိုဏ်းချုပ်က အရိုအသေပေးလိုက်သည်။

" ငါတို့ကို ထာဝရသံတမန်လို့ မခေါ်တော့နဲ့။ " ငွေရောင်မျက်လုံးနှင့်လူက ပြောလိုက်သည်။ " ငါတို့သုံးယောက်လုံးက ဂိုဏ်းချုပ်ရဲ့ အမိန့်အရ အရှင်နဂါးငွေ့တန်းရဲ့ ညွှန်ကြားချက်တွေကို နာခံကို ဒီကို ရောက်နေတာပဲ။ "

" ဟမ် " ဂိုဏ်းချုပ်က ထိတ်လန့်သွားသည်။

ချင်းယွမ်ကျမ်းစာတိုက်၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က ထိုင်နေပြီး သူက ဂိုဏ်းချုပ်များပေးပို့သော မှော်စာလုံးအမွေအနှစ်များကို မလေ့လာသေးဘဲ နတ်ဆိုးနတ်ဘုရားနှင့်ပက်သက်သော အချက်အလက်များကို အရင်ကြည့်လိုက်သည်။

" နတ်ဆိုးနတ်ဘုရားဆိုတာ စိတ်စွမ်းအားမရှိတဲ့ ထာဝရအရှင်သခင်နဲ့ အဆင့်တူပဲ။ တကယ့်တိုက်ခိုက်ရေးစွမ်းအားက စစ်မှန်တဲ့ ထာဝရအရှင်သခင်နဲ့ အဆင့်တူတယ်။ " လင်းယွမ်၏ အမူအရာက လေးနက်နေသည်။

နတ်ဆိုးနတ်ဘုရားဆိုသည်မှာ အလွှာဆယ့်သုံး အချိန်သက်ရှိနှင့် သက်ဆိုင်နေသည်ဟု သူ သံသယရှိသည်မှာ ကြာပြီဖြစ်သည်။ သို့သော် စိတ်စွမ်းအားမရှိခြင်းက အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်၏ ရုပ်ခန္ဓာသာ ဖြစ်ပေလိမ့်မည်။ စိတ်စွမ်းအားမရှိဘဲ စစ်မှန်သော ထာဝရအရှင်သခင်ကို ယှဉ်နိုင်ခြင်းက နတ်ဆိုးနတ်ဘုရား၏ ရုပ်ခန္ဓာက အလွန်သန်မာနေကြောင်း ညွှန်ပြနေသည်။

သက်ရှိများအတွက် စိတ်စွမ်းအားက အလွန်အရေးကြီးပြီး အမျိုးမျိုးသော လျို့ဝှက်နည်းစနစ်များကို အသုံးပြုရန် စိတ်စွမ်းအားကို လိုအပ်သည်။ စိတ်စွမ်းအားမရှိဘဲ ထာဝရအရှင်သခင်တစ်ယောက်နှင့် ယှဉ်နိုင်လျှင် စိတ်စွမ်းအားသာရှိလျှင် စွမ်းအားက အထွတ်အထိပ်သို့ ရောက်နေပေလိမ့်မည်။

" နတ်ဆိုးနတ်ဘုရား....နတ်ဆိုးကပ်ဘေး..." လင်းယွမ်၏ အတွေးများက လှုပ်ရှားနေသည်။ ထိုနတ်ဆိုးကပ်ဘေးကိစ္စက အလွန်ရှုပ်ထွေးနေသည်။

" ဘာပဲဖြစ်ဖြစ် အရင်ဆုံး စွမ်းအားကို မြှင့်တင်ရမယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်ပြီး ထာဝရဂိုဏ်းများ၏ အမွေအနှစ်များကို စတင်လေ့လာလိုက်သည်။

ထာဝရအရှင်သခင်တိုင်းက ထာဝရဂိုဏ်းများကို တည်ထောင်ခဲ့ခြင်းမဟုတ်ဘဲ အချို့က တစ်ကိုယ်တည်း လှည့်လည်သွားလာခဲ့ကြသည်။ သို့သော် သူတို့၏ အမွေအနှစ်များကို ထာဝရဂိုဏ်းများက မှတ်တမ်းတင်ထားခဲ့သည်။ ထိုမှော်စာလုံး အမွေအနှစ်များကို နားလည်ရန် ကြိုးစားနေစဉ် မူလနတ်ဆိုးများကို တိုက်ခိုက်ရန်လည်း စတင်ခဲ့သည်။

ပထမအချက်မှာ အမှုန်ကမ္ဘာများကို ဖန်တီးရန်ဖြစ်ပြီး ဒုတိယအချက်မှာ ထာဝရဂိုဏ်းများကို ပေးထားသော ကတိကြောင့်ဖြစ်သည်။ ထိုသို့ဖြင့် အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းတစ်သောင်း ကြာသွားခဲ့သည်။

All Chapters