လျို့ဝှက်ကမ္ဘာကို တိုက်ခိုက်ခြင်း...
Vol. 74 Ch. 1039
" နတ်ဆိုးနတ်ဘုရား ထွက်ပေါ်လာပြီ။ " ဂိုဏ်းချုပ်များက ထိန်းချုပ်နိုင်ခြင်းမရှိဘဲ တုန်လှုပ်သွားကြသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ထာဝရရတနာများကို အသုံးပြု၍ နတ်ဆိုးစွမ်းအားများကို ရှင်းလင်းရန် ကြိုးစားခဲ့သည့် ထာဝရဂိုဏ်မျညး၏ မျှော်လင့်ချက်ကို ရိုက်ချိုးဖျက်ဆီးခဲ့သည်မှာ ထိုဖြစ်တည်မှုပင်ဖြစ်သည်။
" နတ်ဆိုးနတ်ဘုရားလား။ " လင်းယွမ်က ထာဝရရတနာကို ကြည့်လိုက်သည်။
ထိုရတနာမှ နတ်ဆိုးနတ်ဘုရား၏ ပုံရိပ်ကို ပြသနေရာ လင်းယွမ်၏ မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင်များပေါ်လာသည်။
" တော်တော်သန်မာတဲ့ ခန္ဓာကိုယ်ပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ထာဝရရတနာမှတစ်ဆင့် ကြည့်နေရသော်လည်း လင်းယွမ်က နတ်ဆိုးနတ်ဘုရား၏ ကြောက်စရာကောင်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ခံစားမိနေသည်။ ထိုနေရာတွင် ရပ်နေရုံဖြင့် မမြင်ရသော အော်ရာက ထွက်ပေါ်နေပြီး ရင်းမြစ်ကမ္ဘာ၏ အချိန်လေဟာနယ်ကို တုန်ခါစေသည်။
" ဒီလောက်သန်မာတဲ့ ခန္ဓာကိုယ်က ဘယ်လိုပေါ်လာတာလဲ။ သူ့ရဲ့ စိတ်စွမ်းအားက ဘယ်လိုလဲ။ " လင်းယွမ်က စဉ်းစားလိုက်သည်။
နတ်ဆိုးနတ်ဘုရားက အချိန်သက်ရှိတစ်ယောက်ဖြစ်ပြီး အလွန်သန်မာသူ ဖြစ်ရပေလိမ့်မည်။ အဓိကအချက်မှာ ခန္ဓာကိုယ်သာ ကျန်ရှိနေခြင်းဖြစ်သည်။ ထို့နောက် ထိုခန္ဓာကိုယ်၏ ဗီဇစိတ်က နတ်ဆိုးစွမ်းအားများကို စတင်ထုတ်လွှတ်စေပြီး ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို တိုက်စားသေခြင်းဖြစ်သည်။
" နတ်ဆိုးနတ်ဘုရားက မကြာခင် ပြန်အိပ်စက်သွားဖို့ မျှော်လင့်ရတာပဲ။ " ဂိုဏ်းချုပ်အချို့က စိတ်ထဲမှ ဆုတောင်းနေမိသည်။ ယခင် နတ်ဆိုးနတ်ဘုရားက နိုးထလာပြီး ရင်းမြစ်ကမ္ဘာကို တစ်ချက်ကြည့်ကာ ပြန်လည်အိပ်စက်သွားခဲ့သည်။
နတ်ဆိုးနတ်ဘုရားက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သတင်းအချက်အလက်အပိုင်းအစများစွာမှာ သူ၏ စိတ်ထဲသို့ စီးဝင်လာသည်။ အခြားသော မဟာနတ်ဆိုးများ၊ မူလနတ်ဆိုးများနှက့် နတ်ဆိုးနတ်ဘုရား၏ ဗီဇစိတ်က ပို၍ တိကျသည်။ ၎င်းက ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို အလုံးစုံ တိုက်စားပစ်ရန်ဖြစ်သည်။
ရင်းမြစ်ကမ္ဘာကို တိုက်စားခြင်းမှာ အပိုင်းနှစ်ပိုင်းရှိသည်။ တစ်ပိုင်းမှာ သူ၏ ဗီဇစိတ်က ရင်းမြစ်ကမ္ဘာ၏ စိတ်အသိကို ဖိနှိပ်ရန်ဖြစ်ပြီး အခြားတစ်ပိုင်းမှာ နတ်ဆိုးစွမ်းအားကို အသုံးပြု၍ နတ်ဆိုးများစွာပို မွေးမြူကာ ရင်းမြစ်ကမ္ဘာကို တိုက်စားစေရန်ဖြစ်သည်။
သို့သော် ယခုအကြိမ် နိုးထလာသောအခါ နတ်ဆိုးနတ်ဘုရားက သူမွေးမြူထားသော နတ်ဆိုးများက အလွန်နည်းပါးနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။ နတ်ဆိုးများက သေဆုံးပြီး နတ်ဆိုးစွမ်းအားများ၏ အနက်ရှိုင်းဆုံးတွင် ပြန်လည်မွေးဖွားလာကြသည်။ ထို့အပြင် ကျန်ရှိသော မူလနတ်ဆိုးများကလည်း ကြောက်ရွံ့စွာဖြင့် ပုန်းအောင်းနေကြပြီး ရင်မြစ်ကမ္ဘာကို တိုက်စားရန် မဝံ့မရဲ ဖြစ်နေကြသည်။
ဝုန်း....
နတ်ဆိုးနတ်ဘုရားက ခြေတစ်လှမ်း လှမ်းလိုက်ရာ လျို့ဝှက်ကမ္ဘာ၏ အထက်သို့ ရောက်လာပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။
လျို့ဝှက်ကမ္ဘာအတွင်း ဂိုဏ်းချုပ်အချို့နှင့် အဆင့်မြင့်အဖွဲ့ဝင်များက ချက်ချင်း တောင့်တင်းသွားကြသည်။ လျို့ဝှက်ကမ္ဘာကို ထာဝရအရှင်သခင်များက မမျှော်လင့်ထားသော အခြေအနေများအတွက် ဖန်တီးထားခြင်းဖြစ်သော်လည်း ယခုအချိန်တွင် လူတိုင်းက မရေမရာဖြစ်နေကြသည်။
အကြောင်းမှာ ၎င်းက နတ်ဆိုးနတ်ဘုရားဖြစ်နေသောကြောင့် ဖြစ်သည်။ နတ်ဆိုးကပ်ဘေးကျရောက်လာခြင်းနှင့် ထာဝရအရှင်သခင််ချို့ ပိတ်မိနေခြင်းမှာ သူနှင့် နက်ရှိုင်းစွာ ပက်သက်နေသည်။
" မစိုးရမ်ကြနဲ့။ အဆုံးမဲ့အရှင်သခင်က နည်းလမ်းတွေ ချန်ထားခဲ့တယ်။ နတ်ဆိုးနတ်ဘုရားက အတင်းဝင်လာလို့မရပါဘူး။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က သူ့ကိုသူ ထိန်းချုပ်ပြီး ပြောလိုက်သည်။
ကမ္ဘာကြီးအသွင်မပြောင်းလဲမီ ထာဝရအရှင်သခင်များက အနာဂတ်အချိန်အတိုင်းအတာများကို ကြည့်ရှုခဲ့ကြသည်။ ထိုထဲတွင် နတ်ဆိုးနတ်ဘုရားက လျို့ဝှက်ကမ္ဘာ၏ အပြင်ဘက်သို့ ရောက်ရှိလာမည့် တိုက်ခိုက်မည့်အချိန်လည်း ပါဝင်ခဲ့သည်။
ထို့အတွက် အစီအစဉ်များ ကြိုတင်ချမှတ်ခဲ့သည်။ အကယ်၍ နတ်ဆိုးနတ်ဘုရားက လျို့ဝှက်ကမ္ဘာကို အလွယ်တကူ ထိုးဖောက်နိုင်ပြီး ထာဝရအရှင်သခင်များ၏ ပြင်ဆင်မှုများကို ဖျက်ဆီးနိုင်ခဲ့လျှင် ရင်းမြစ်ကမ္ဘာက အဆုံးမဲ့နတ်ဆိုးစွမ်းအားများ၏ အောက်တွင် ကျဆုံးသွားသည်မှာ ကြာပြီဖြစ်သည်။
" မှန်တယ်။ ငါတို့ စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ပဲ လိုတယ်။ နတ်ဆိုးနတ်ဘုရားက ဘာမှလုပ်လို့မရမှန်းသိသွားရင် သူ့ဘာသာသူ ပြန်သွားလိမ့်မယ်။ " အခြားဂိုဏ်းချုပ်များကလည်း ခေါင်းညိမ့်လိုက်ကြသည်။
သူတို့က အစပိုင်းတွင် ထိတ်လန့်သွားကြသော်လည်း လူတိုင်းက လျင်မြန်စွာ ပြန်လည်တည်ငြိမ်လာသည်။ နတ်ဆိုးနတ်ဘုရားက သံသယဖြစ်စရာမလိုအောင် ကြောက်စရာကောင်းလှသည်။ သို့သော် ထာဝရအရှင်သခင်များကလည်း ကိုင်တွယ်ရလွယ်ကူသူများ မဟုတ်ကြပေ။
လင်းယွမ်က ဘေးတွင် ရပ်နေပြီး စိုးရိမ်ခြင်းမရှိပေ။ သူက ထိုလျို့ဝှက်ကမ္ဘာ၏ ခုခံကာကွယ်နိုင်စွမ်းကို ကောင်းစွာ သိထားသည်။ ထာဝရရတနာ ဆယ့်တစ်ခုက ဖမကို ကာကွယ်ပေးထားသဖြင့် နတ်ဆိုးနတ်ဘုရားပင် အချိန်တိုအတွင်း ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
ထိုခဏတွင် ကောင်းကင်အောက်မှ နတ်ဆိုးနတ်ဘုရားက လှုပ်ရှားလာသည်။ သူက ရှေ့သို့ နှစ်လှမ်း လှမ်းလိုက်ရည ကောင်းကင်နှင့်မြေကြီးကြားတွင် အနက်ရောင်စီးကြောင်းများ ပျံ့နှံ့လာပြီး အဆုံးမဲ့ဖျက်ဆီးလိုစိတ်နှင့်အတူ လျို့ဝှက်ကမ္ဘာကို လွှမ်းခြုံလာသည်။
" ဒီလှုပ်ရှားမှုက..." လင်းယွမ်က အာရုံစိုက်ပြီး ကြည့်လိုက်သည်။
ကမ္ဘာကြီး အသွင်ပြောင်းလဲမှုစတင်ချိန်တွင် နတ်ဆိုးနတ်ဘုရားက ထိုတိုက်ကွက်ကို အသုံးပြုပြီး ထာဝရရတနာများကို နောက်ဆုတ်သွားစေခဲ့ခြင်းဖြစ်သည်။ ထိုအနက်ရောင်စီးကြောင်းများ မထိတွေ့နိုင်သော်လည်း ပြင်းထန်သော တိုက်စားနိုင်စွမ်းနှင့် ဖျက်စီးနိုင်စွမ်းရှိသောကြောင့် ခုခံရေးထာဝရရတနာများပင် ဆုတ်ခွာခဲ့ရသည်။
လျို့ဝှက်ကမ္ဘာ၏ အပြင်ဘက်တွင် အနက်ရောင်ဝဲဂယက်တစ်ခု ဝေဝါးစွာ ပေါ်လာခဲ့သည်။ အနက်ရောင်ဝဲဂယက်က ဖြည်းညင်းစွာ လည်ပတ်နေပြီး အနက်ရောင်စီးကြောင်းများကို ဝါးမြိုသွားသည်။
" အနက်ရောင်လေဟာနယ်အရှင်သခင်ရဲ့ ထာဝရရတနာ။ " လင်းယွမ်က တွေးလိုက်သည်။
ထိုအနက်ရောင်ဝဲဂယက်က အနက်ရောင်လေဟာနယ်အရှင်သခင်၏ ထာဝရရတနာဖြစ်သည်။ သူက ဝူရှန်းအရှင်သခင်ကဲ့သို့ ထာဝရဂိုဏ်းကို တည်ထောင်ခြင်းမရှိဘဲ တစ်ကိုယ်တည်းနေသော ထာဝရအရှင်သခင်တစ်ယောက်ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် နတ်ဆိုးကပ်ဘေးကို ကာကွယ်ရန် သူက လျို့ဝှက်ကမ္ဘာတွင် အစီအစဉ်များ ချမှတ်ပေးခဲ့သည်။
အနက်ရောင်ဝဲဂယက်က ချောက်နက်ကြီးကဲ့သို့ပင် အနက်ရောင်စီးကြောင်းများကို အဆုံးမဲ့ဝါးမြိုနေခဲ့သည်။ ထိုဝဲဂယက်၏ အကာအကွယ်ကြောင့် လျို့ဝှက်ကမ္ဘာက လှုပ်ခတ်ခြင်းမရှိဘဲ တည်ငြိမ်နေခဲ့သည်။ အကယ်၍ ထိုဝဲဂယက်ကို တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်ခဲ့လျှင် ကမ္ဘာကြီးအသွင်ပြောင်းလဲချိန်တွင် ထာဝရဂိုဏ်းအချို့က နတ်ဆိုးနတ်ဘုရားရှေ့တွင် ဤအမျှထိ အထိနာခဲ့မည်မဟုတ်ပေ။
ကောင်းကင်အောက်ရှိ နတ်ဆိုးနတ်ဘုရားက လျို့ဝှက်ကမ္ဘာကို ငုံ့ကြည့်နေသည်။ အနက်ရောင်ဝဲဂယက်နှင့် ပက်သက်၍ သူ၏ စိတ်ထဲတွင် မည်သည့်လှုပ်ခတ်မှုမှမရှိပေ။
ဝုန်း...
နတ်ဆိုးနတ်ဘုရား၏ အရှိန်အဝါမှာ ပိုမိုနက်ရှိုင်းလာပြီး သူ၏ နဖူးပေါ်မှ ဦးချိုတွင် အနက်ရောင်အစက်တစ်ခု စုစည်းလာသည်။ ထိုအနက်ရော်အစက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်က ပြိုလဲပျက်စီးလာသည်။
လျို့ဝှက်ကမ္ဘာအတွင်း ထာဝရဂိုဏ်းချုပ်အချို့က အနည်းငယ် စိုးရိမ်သွားသည်။ ထာဝရအရှင်သခင်များ ချန်ခဲ့သော အစီအစဉ်များထဲတွင် ထိုတိုက်ကွက်ကို တားဆီးရန် နည်းလမ်းများ ပါဝင်သည်။ သို့သော် ယခုအချိန်တွင် ထိုနတ်ဆိုးနတ်ဘုရားက အနက်ရောင်စီစကြောင်းများနှင့် ထိုအနက်ရောင်အစက်ကို အရင်ဆုံး အသုံးပြုနေခြင်းက ဂိုဏ်းချုပ်များကို စိတ်မသက်မသာဖြစ်စေသည်။
ဝုန်း...
နတ်ဆိုးနတ်ဘုရား၏ ဦးချိုမှ အနက်ရောင်အစက်က အနက်ရောင်အလင်တန်းတစ်ခုအဖြစ် ပြောင်းလဲပြီး လျို့ဝှက်ကမ္ဘာဆီသို့ ရောက်လာသည်။ လျို့ဝှက်ကမ္ဘာ၏ အပြင်ဘက်တွင် အပြာရောင်အကာအကွယ်တစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး အနက်ရောင်အလင်းတန်းကို တားဆီးလိုက်သည်။
ကောင်းကင်အောက်တွင် နတ်ဆိုးနတ်ဘုရား၏ အမူအရာက အေးစက်နေပြီး သူ၏ နောက်ကျောမှ အနက်ရောင်အမြီးက လျို့ဝှက်ကမ္ဘာဆီသို့ ရိုက်ချလိုက်သည်။ ရိုးရှင်းသော ရိုက်ချက်တစ်ခုသာ ဖြစ်သော်လည်း အချိန်လေဟာနယ်က ပြိုကွဲသွားသည်။ အကြွင်းမဲ့စွမ်းအား၏ ရှေ့တွင် မဟာတာအို၏ နိယာမများကို အလွယ်တကူ ဖျက်ဆီးနိုင်လေသည်။
ဝုန်း...
နတ်ဆိုးနတ်ဘုရား၏ ကြီးမားသော အမြီးအောက်တွင် လျို့ဝှက်ကမ္ဘာတစ်ခုလုံးက အနည်းငယ် တုန်ခါသွားသော်လည်း မကြာမီ ပြန်လည်တည်ငြိမ်သွားသည်။ လျို့ဝှက်ကမ္ဘာကိုယ်တိုင်က ပြင်ပတိုက်ခိုက်မှုများစွာကို ခုခံနိုင်စွမ်းရှိသော ထာဝရရတနာတစ်ခုဖြစ်သည်။ အထူးသဖြင့် နတ်ဆိုးနတ်ဘုရားကို ခုခံရန်အတွက် ရည်ရွယ်၍ အထူးပြုလုပ်ထားခြင်းဖြစ်သည်။
ပထမတွင် အနက်ရောင်စီးကြောင်းများ၊ ထို့နောက် ဦးချိုမှ အနက်ရောင်အစက်၊ နောက်ဆုံးတွင် အနက်ရောင်အမြီး၏ ရိုက်ချက်။ ထို့နောက်တွင် နတ်ဆိုးနတ်ဘုရားက တိုက်ခိုက်မှုဆယ်ခုကျော်ကို ပြုလုပ်ခဲ့သည်။
သို့သော် လျို့ဝှက်ကမ္ဘာအတွင်းရှိ ထာဝရအရှင်သခင်များ ချန်ခဲ့သော ခုခံရေးနည်းလမ်းများက အားလုံးကို တားဆီးနိုင်ခဲ့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ထာဝရဂိုဏ်းမှ အဆင့်မြင့်အဖွဲ့ဝင်များက စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
ထာဝရအရှင်သခင်များက အမှန်တကယ်ပင် ခြေတစ်လှမ်း ကြိုမြင်ခဲ့ကြသည်။ နတ်ဆိုးနတ်ဘုရားက မည်မျှအစွမ်းထက်သည်ဖြစ်စေ ထာဝရအရှင်သခင်များ၏ အစီအစဉ်များအောက်တွင် တားဆီးခံထားရဆဲ ဖြစ်သည်။
ဝုန်း ဝုန်း ဝုန်း....
နတ်ဆိုးနတ်ဘုရား၏ မရပ်မနား တိုက်ခိုက်မှုများက လျို့ဝှက်နယ်မြေကို မလှုပ်ခါနိုင်သေးသော်လည်း နောက်ဆက်တွဲတုန်ခါမှုများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားစေခဲ့သည်။