ပင်ဂွင်းဌာနချုပ်
Vol. 6 Ch. 53
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။
နံနက်စောစောအချိန်၌ လင်းဖန်တစ်ယောက် မိုရှင်းယာနှင့်အတူ "Rolls-Royce Silver Phantom" ကားကြီးကို စီး၍ ရှန်ကျန်းစီးတီးရှိ သူဝယ်ယူထားတဲ့ ဗီလာအိမ်ကြီးမှ ထွက်ခွာလာခဲ့သည်။
သူ့နောက်တွင်လည်း သက်တော်စောင့် ခြောက်ဦး တင်ဆောင်လာသည့် "Mercedes-Benz G-Class" ကား နှစ်စီးက ရှေ့နောက်ခြံရံကာ လိုက်ပါလာကြသည်။
ကျင်းလင်မြို့မှာ သူ့ရဲ့ အခြေစိုက်စခန်းဖြစ်သော်လည်း နောင်တွင် ရှန်ကျန်းသည် သူ့ရဲ့ စီးပွားရေး အချက်အခြာနေရာ ဖြစ်လာတော့မည်ဖြစ်သည်။
ထို့ကြောင့်လည်း ကျန့်ခန်းယွမ်ရှိ သက်တော်စောင့်အဖွဲ့၏ သုံးပုံတစ်ပုံခန့်ကို ရှန်ကျန်းသို့ စေလွှတ်ထားခြင်း ဖြစ်သည်။
"ရှင်းယာ... အရင်ဆုံး လုံထန်အဆောက်အအုံကို သွားရအောင်"
"ဟုတ်ကဲ့ သူဌေး"
မိနစ်အနည်းငယ်အကြာ "Rolls-Royce Silver Phantom" ကားကြီးမှာ လုံထန်အဆောက်အအုံရှေ့၌ ဆိုက်ရပ်လိုက်သည်။
ကားပါကင်ထဲသို့ မဝင်ဘဲ အရှေ့တွင်ပင် ရပ်နားလိုက်ခြင်းက လူအများရဲ့ အာရုံစိုက်မှုကို ရရှိသွားစေသည်။
ရှန်ကျန်းမြို့၌ သန်းနှင့်ချီတန်တဲ့ ဇိမ်ခံကားများ စီးနိုင်သည့် သူဌေးကြီးများစွာ ရှိသော်လည်း "Rolls-Royce Silver Phantom" ကဲ့သို့ သန်းရာချီတန်သည့် ကားမျိုးမှာမူ အလွန်ပင် ရှားပါးလှသည်။
ကားအကြောင်း အနည်းငယ် နားလည်သူတိုင်းသည် Rolls-Royce ကုမ္ပဏီမှ Silver Phantom အမျိုးအစား ထုတ်လုပ်မှုကို ရပ်နားထားသည်မှာ ကြာပြီဖြစ်ကြောင်း သိကြပေမည်။
ထို့ကြောင့် ဤကားမျိုးမှာ ငွေရှိရုံဖြင့် ဝယ်ယူရန် မလွယ်ကူတော့ဘဲ...အော်ဒါမှာယူပြီး စိတ်ကြိုက်ပြင်ဆင်ဖို့ ငွေအမြောက်အမြား ပေးနိုင်လျှင်ပင် ထိုသူတို့က သင့်အတွက် လုပ်ပေးချင်မှ လုပ်ပေးပေလိမ့်မည်။
ခဏအကြာ၌ လုံထန်ဂရုရဲ့ CEO ဖြစ်သူ ကျန်းဖန်က အဆောက်အအုံအတွင်းမှ ထွက်လာသည်။ အဆောက်အအုံရှေ့ ရပ်ထားသည့် ငွေရောင် Phantom ကားကြီးကို မြင်လိုက်လျင်စက္ကန့်အနည်းငယ်မျှ ကြောင်အသွားခဲ့ရသည်။
"ကားပေါ်တက်ရအောင်"
မိုရှင်းယာက သူ့ကို လျင်မြန်စွာပင် နှုတ်ဆက်လိုက်သည်။
ထိုအချိန် ကျန်းဖန်မှာ ပို၍ပင် အံ့အားသင့်သွားရသည်။ သူဌေးရဲ့ နောက်ခံက တကယ်ကို သာမန်မဟုတ်ပေ။
ဤကဲ့သို့သော ကားမျိုးကိုပင် သူရအောင် ယူနိုင်သည်လား။
၎င်းမှာ တကယ့်ကို မယုံနိုင်စရာပင်။ ယနေ့ လင်းဖန် လာရောက်တွေ့ဆုံရခြင်းနှင့် ကျန်းဖန်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုရခြင်းအဓိက အကြောင်းရင်းမှာ. နောက်ထပ်ရှိမည့် အရေးကြီးအစည်းအဝေးတစ်ခုအတွက် ဖြစ်သည်။
လွန်ခဲ့သည့် သုံးရက်ခန့်က "Penguin Group" ၏ ဥက္ကဋ္ဌ မာဟွာထန်ကိုယ်တိုင် လုံထန်ဂရုထံသို့ ဖုန်းဆက်သွယ်ခဲ့သည်။
သူက နှစ်ဖက်အဖွဲ့အစည်းကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးရန်အတွက် လုံထန်ဥက္ကဋ္ဌနှင့် လူချင်းတွေ့ဆုံစကားပြောလိုကြောင်း အကြောင်းကြားလာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်လည်း လင်းဖန်က ကျန်းဖန်ကို သူနှင့်အတူ ခေါ်ဆောင်လာရခြင်း ဖြစ်သည်။ အမှန်စင်စစ် ကျန်းဖန်က လုံထန်ဂရုရဲ့CEO ဖြစ်ပြီး "Penguin Group" နှင့် ဆက်လက်လုပ်ဆောင်ရမည့် ချိတ်ဆက်မှုကိစ္စအဝဝကို သူကသာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
လင်းဖန် အနေဖြင့် ကိစ္စရပ်တိုင်းကို တစ်ဦးတည်း ရှေ့ထွက်လုပ်ဆောင်၍ မရနိုင်ပေ။
"သူဠေး... ဒီနေ့ သူဠေးရဲ့ အရှိန်အဝါက တကယ်ကို ကြီးမားလွန်းနေတယ်ဗျာ"
ဘေးကပ်လျက်ခုံတွင် အမြန်နေရာယူလိုက်ပြီးနောက် ကျန်းဖန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်တော့သည်။
မကြာမီ "Penguin Group" နှင့် တွေ့ဆုံရန်အတွက် "Rolls-Royce Silver Phantom" ကားကြီးကို မောင်းနှင်ထွက်ခွာလာခဲ့ကြသည်။
အခြေအနေကို သေချာမသိသူများအဖို့မူ သူတို့တစ်သိုက်ကို ရန်ပွဲတစ်ခုခု သွားရှာကြတော့မည်ဟုပင် ထင်မှတ်သွားနိုင်စရာရှိသည်။
"ဟားဟား... ဒါ ကျုပ်လိုချင်တဲ့ အကျိုးသက်ရောက်မှုပဲလေ"
တရုတ်နိုင်ငံ အင်တာနက်လောကရဲ့ ဘီလူးကြီးဖြစ်သည့် မာဟွာထန်နှင့် တွေ့ဆုံရာ၌ လင်းဖန်သည် ပေါ့ပေါ့ပါးပါး အနေအထားမျိုးဖြင့် သွားရန် အဆင်မသင့်သေးပေ။
ဈေးကွက်ဆိုသည်မှာ စစ်တလင်းကဲ့သို့ပင်။ အရာရာကို စေ့စပ်သေချာစွာ မကိုင်တွယ်လျှင် အမှားအယွင်းများ ဖြစ်သွားနိုင်သည်။
အနည်းဆုံးတော့ ဤကားကို စီးလာခြင်းဖြင့် လူအများက သင့်ကို သာမန်လူတစ်ယောက်ကဲ့သို့ ဆက်ဆံတော့မည် မဟုတ်ပေ။
"ဒါနဲ့... ပြင်ဆင်မှုတွေကော ဘယ်လိုရှိလဲ"
ထိုသို့မေးလိုက်စဉ် လင်းဖန်ရဲ့ မျက်လုံးများတွင် သတိကြီးစွာ ထားရှိသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"သူဌေး စိတ်ချပါ၊ အရာရာ အဆင်သင့်ဖြစ်နေပါပြီ"
ကျန်းဖန်က အမှားအယွင်းမရှိစေရန် ဂရုတစိုက်ပြုမူနေသည်။ သူက ခေါင်းညိတ်ပြရင်း လက်ထဲမှ လက်ဆွဲအိတ်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
ထိုအိတ်ထဲ၌ "Penguin Group" နှင့် "Longteng Group" တို့ရဲ့ တွေ့ဆုံပွဲအတွက် အလွန်အရေးကြီးသည့် အကြောင်းအရာများ ပါရှိသည်။
"ဒါဆို သွားကြစို့"
လင်းဖန်က ခေါင်းညိတ်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
ထိုအချိန် ကားဆရာက ကားကိုကွေ့၍ လုံထန်အဆောက်အအုံမှ ထွက်ခွာခဲ့ပြီး "Penguin Group" ၏ ရုံးချုပ်အသစ်ရှိရာ လမ်းအတိုင်း မောင်းနှင်လာခဲ့သည်။
၂၀၁၇ ခုနှစ်တွင် "Penguin Group" သည် ရှန်ကျန်းဘင်ဟိုင်း၌ ယွမ်ငွေ ၁.၈ ဘီလီယံ အကုန်အကျခံကာ ဧရိယာ ၁၈,၆၅၀ စတုရန်းမီတာ ကျယ်ဝန်းသည့် အဆောက်အအုံကြီးကို တရားဝင်ဖွင့်လှစ်ခဲ့သည်။
၎င်းမှာ စတုရန်းမီတာ ၁၀,၀၀၀ ကျယ်ဝန်းသည့် ကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်အဆောက်အအုံဖြစ်ပြီး တစ်ချိန်တည်းတွင် လူပေါင်း ၁၀,၀၀၀ ကျော်ကို ဆံ့နိုင်သည့် နေရာကြီးလည်း ဖြစ်သည်။
ရှန်ကျန်းစီးတီးသည် Penguin ကဲ့သို့သော လုပ်ငန်းကြီးများကို အထူးဦးစားပေးသည့်အတွက်ကြောင့် ဖြစ်နိုင်သည်။
လင်းဖန်တို့အဖွဲ့ လုံထန်အဆောက်အအုံမှ ထွက်ခွာလာရာ၌ လမ်းခရီးချောမွေ့ခဲ့ပြီး နာရီဝက်မပြည့်မီမှာပင် Penguin ၏ ရုံးချုပ်အဆောက်အအုံသစ်သို့ ရောက်ရှိခဲ့ကြသည်။
အမှန်စင်စစ် Penguin Group ရုံးချုပ်၏ ဂိတ်တံခါးသည် သာမန်လူများ ဝင်ထွက်သွားလာနိုင်သည့် နေရာမျိုးမဟုတ်ပေ။ Penguin ဝန်ထမ်းများမှလွဲ၍ ပြင်ပလူများအနေဖြင့် ကြိုတင်ချိန်းဆိုထားခြင်း မရှိပါက လုံးဝဝင်ရောက်ခွင့်မရှိချေ။
တရုတ်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့်အားလျော်စွာ၊ အုပ်ချုပ်မှုပိုင်းနှင့် စည်းစနစ်ပိုင်းမှာ အလွန်ပင် တင်းကျပ်လှပြီး မည်သူ့ကိုမျှ စည်းကမ်းဖောက်ဖျက်ရန် ခွင့်မပြုထားပေ။
သို့သော်လည်း လင်းဖန်တို့အဖွဲ့မှာမူ အဆင်ပြေချောမွေ့စွာပင် ဝင်ရောက်နိုင်ခဲ့ပြီး လုံခြုံရေးအစောင့်များကလည်း မည်သည့်မေးခွန်းမျှ ထပ်မံမမေးမြန်းတော့ပေ။
G-Class ကားကြီး နှစ်စီးက Rolls-Royce Silver Phantom ကားကြီးကို ခြံရံထားသည့် ပုံစံကို တစ်ချက်ကြည့်ရုံဖြင့်ပင် သာမန်လူများမဟုတ်ကြောင်း သိသာလှသည်။
သူတို့သည် Penguin Group ရုံးချုပ်သို့ ပြဿနာရှာရန် လာကြခြင်းမဟုတ်မှန်းလည်း သိသာသည်။
လုံခြုံရေးအစောင့်သည် ကားတန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိုက်ရိုက်ဝင်ခွင့်ပြုခဲ့သည့်အပြင် ယာယီဧည့်သည်ဝင်ခွင့်လက်မှတ် (Visitor Pass) ကိုပါ ထုတ်ပေးလိုက်လေသည်။
နောက်ဆုံးတွင်တော့ ဤနေရာက ကုမ္ပဏီကြီးတစ်ခု၏ ရုံးချုပ်ဖြစ်ပြီး ကျွမ်းကျင်ပိုင်နိုင်မှုနှင့် စမတ်ကျသော စီမံခန့်ခွဲမှုစနစ်များကို အကောင်အထည်ဖော်ထားသည့်နေရာ ဖြစ်သည်။
အကယ်၍ သင့်၌ ဧည့်သည်ဝင်ခွင့်ကတ် မရှိပါက ဓာတ်လှေကား အဝင်အထွက်ကဲ့သို့သော အခြေခံအကျဆုံးနေရာများကိုပင် ဝင်ရောက်နိုင်မည်မဟုတ်ပေ။
"ဇိမ်ခံကားကြီးတွေနဲ့ လာရတဲ့အခွင့်အရေးကတော့ တကယ်ကို ထူးခြားတာပဲ"
Penguin Group ရုံးချုပ်အတွင်းသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်ကို မြင်လျင်ကားထဲတွင် ထိုင်နေသည့် ကျန်းဖန်က မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
"ငါတို့ အထဲဝင်ဖို့ ပြင်ဆင်သင့်ပြီ"
ထိုအချိန်၌ Rolls-Royce Silver Phantom ကားကြီးသည် Penguin ရုံးချုပ်အဆောက်အအုံ၏ တံခါးဝတွင် ဆိုက်ရပ်လိုက်သည်။
သက်တော်စောင့်ကလည်း ချက်ချင်းပင် ကားတံခါးကို ဖွင့်ပေးလိုက်ရာ လင်းဖန်သည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ကားပေါ်မှ ဆင်းလာခဲ့သည်။
လန်ဒန်မြို့ Savile Row မှ မှာယူချုပ်လုပ်ထားသော အဆင့်မြင့် ဝတ်စုံအပြည့်ကို ဝတ်ဆင်ထားသည့် လင်းဖန်ရဲ့ ပုံစံမှာ ယခင်ကရှိခဲ့သော ကလေးဆန်သည့် အငွေ့အသက်များ လုံးဝပျောက်ကွယ်သွားပြီး၊ တစ်ကမ္ဘာလုံးကို အထက်စီးမှ ငုံ့ကြည့်နေသည့် အရှိန်အဝါကြီးမားသော လူကုံထံတစ်ဦးရဲ့ ပုံစံဖြင့် အစားထိုးဝင်ရောက်သွားခဲ့သည်။
၎င်းမှာ သူ့ရဲ့ ပုံမှန်ပေါ့ပေါ့ပါးပါး အသွင်အပြင်နှင့် လုံးဝကို ကွဲပြားခြားနားနေသည်။
ရာထူးကြီးသူများနှင့် ထူးကဲသော အောင်မြင်မှုများကို ပိုင်ဆိုင်ထားသူများသည် များသောအားဖြင့် သူတစ်ပါးနှင့်မတူဘဲ ယှဉ်နိုင်စွမ်းမရှိသည့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမျိုး ရှိတတ်ကြသည်။
အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ခန့် ကြွယ်ဝသည့် လင်းဖန်ကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအတွက်ဆိုလျှင်မူ ပြောနေရန်ပင် မလိုတော့ပေ။
သူက ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်နေခြင်းမျိုးမဟုတ်ဘဲ သူ၏ အရှိန်အဝါနှင့် ပင်ကိုယ်စရိုက်မှာ အလိုအလျောက်ပင် ပေါ်လွင်နေခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ကျန်းဖန်တစ်ယောက် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက် လင်းဖန်ရဲ့ နောက်မှလိုက်ကာ ကားပေါ်မှ ဆင်းလာခဲ့သည်။
သူတို့နှင့်အတူ သက်တော်စောင့် ခြောက်ဦးလည်း ပါရှိပြီး လင်းဖန်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီတွင် ဝန်းရံစောင့်ကြပ်ပေးနေကြသည်။
သူတို့က လင်းဖန်ရဲ့အနောက်ဘက် ခြေသုံးလှမ်းအကွာ၌ နေရာယူထားကြပြီး ၎င်းမှာ လင်းဖန်ရဲ့ အဆင့်အတန်းနှင့် ဂုဏ်ပုဒ်ကို ဖော်ညွှန်းနေခြင်းပင် ဖြစ်သည်။
"Penguin Group" ကဲ့သို့သော ကုမ္ပဏီကြီးတစ်ခု၏ ရှေ့မှောက်တွင် သင့်တင့်လျောက်ပတ်သော အစဉ်အလာနှင့် အရှိန်အဝါမျိုး ရှိနေရန် လိုအပ်သည်။ ထိုသို့မှသာ အခြားသူများက သင့်ကို အထင်မသေးနိုင်ဘဲ လေးစားမှုရှိလာမည် ဖြစ်သည်။
...................................................