← Chapters

ဆက်လက်ညှိနှိုင်းခြင်း

Vol. 6 Ch. 56

ဆက်လက်ညှိနှိုင်းခြင်း

Vol. 6 Ch. 56

လင်းဖန်က သူ့ပတ်ဝန်းကျင်မှလူတိုင်းကို ပြုံးကြည့်ရင်း တည်တည်ငြိမ်ငြိမ်ပဲ ရှိနေသည်။

“ကျွန်တော်တို့အားလုံးက နယ်ပယ်တစ်ခုတည်းကလူတွေပဲလေ Longteng Group နဲ့ Penguin Group တို့ လက်တွဲသွားကြတာကိုပဲ ကျွန်တော် မြင်ချင်ပါတယ် စကားပြောဆိုတဲ့အခါမှာတော့ ကွဲလွဲမှုတချို့ ရှိနိုင်တာပေါ့ ဒါပေမဲ့ နှစ်ဖက်စလုံးက ရိုးသားမယ်ဆိုရင်တော့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ”

ထိုစကားကို ကြားချိန်မှာတော့ Penguin Group မှ ဝန်ထမ်းများ၏ မျက်နှာအမူအရာမှာ တင်းမာမှုများ အနည်းငယ် လျော့ပါးသွားကြသည်။

“တန်ရွမ်စမတ်ဖုန်း operating system ဆိုတာက ပြည်တွင်းဖြစ် ပထမဆုံး သီးခြားလွတ်လပ်တဲ့ OS တစ်ခုပါ ဒီအချက်မှာတော့ တရုတ်ပြည်သူတွေရော ကျွန်တော်တို့ Penguin Group ရောက Longteng Group ရဲ့ ခမ်းနားတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ချင်နေကြတာပါ”

ဒီအချိန်မှာပဲ မာဟွာထန်ကလည်း သူ့ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုလာသည်။

“ကျုပ်တို့ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ Kegui ကုမ္ပဏီရဲ့ စည်းကမ်းချက်တွေက တကယ်ကို တင်းကျပ်လွန်းတယ်၊ ကျုပ်တို့ကတော့...”

“မစ္စတာမာ... နိဂုံးမချုပ်ခင် ဒါလေးကို အရင်ကြည့်ကြည့်ပါဦး”

မာဟွာထန် စကားမဆုံးခင်မှာပဲ လင်းဖန်က လက်ဟန်ပြလိုက်သည်။ အတူပါလာတဲ့ ကျန်းဖန်က ချက်ချင်းဆိုသလို သူ့လက်ဆွဲအိတ်ထဲက စာရွက်စာတမ်းတစ်ခုကို ထုတ်ပြီး Penguin Group ရဲ့ အဆင့်မြင့်အမှုဆောင်အရာရှိတွေဆီ ကမ်းပေးလိုက်သည်။

“ဟမ်”

Penguin Group ဘက်မှလူများက စာရွက်ကို လှမ်းယူလိုက်ကြသည်။ ထိုစာရွက်ကို သေချာဖတ်ကြည့်နေရင်း အစည်းအဝေးခန်းမကြီးတစ်ခုလုံး ရုတ်တရက် ငြိမ်သက်သွားပြီး စာရွက်လှန်သံနဲ့ အသက်ရှူသံသဲ့သဲ့ပဲ ကြားရပါတော့သည်။

အနှီစာရွက်စာတမ်းက အတော်လေး ပါးလွှာသော်လည်း Cloud စနစ်၊ လုံခြုံရေးဝန်ဆောင်မှု၊ Penguin Group နဲ့ Longteng Group တို့ကြား အနာဂတ်မှာ ဖြစ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်အားလုံးကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် Penguin Groupမှလူများမှာ အထူးအလေးထားပြီး ဖတ်နေကြတာဖြစ်ပြီး ဘယ်သူမှ မပေါ့ဆရဲကြချေ။

“မစ္စတာလင်း... ခင်ဗျားမှာ Longteng အပေါ် အခြေခံတဲ့ ကုဒ်ဝှက်စနစ်အသစ်တစ်ခု ဖော်ဆောင်ဖို့ တကယ်ပဲ အစီအစဉ်ကောင်းတွေ ရှိနေတာလား”

ခဏအကြာမှာတော့ မာဟွာထန်က တည်ကြည်တဲ့မျက်နှာထားနဲ့ မေးလာသည်။

“ဒါပေမဲ့ Longteng က Penguin Group ကို အဝေးရောက်ဖွံ့ဖြိုးရေးအဖွဲ့တစ်ခုအနေနဲ့ပဲ အသုံးချချင်နေတာလား"

လင်းဖန်ကတော့ ထိုစကားကို အေးအေးဆေးဆေးပဲ တုံ့ပြန်လိုက်သည်။

“တန်ရွမ် စမတ်ဖုန်း operating system ရဲ့ လုံခြုံရေးပိုင်းမှာ မှတ်ဉာဏ်စနစ်အများအပြားကို သီးသန့်ထည့်သွင်းထားတယ် ဒါက ကမ္ဘာမှာ ပထမဆုံးလို့ ကျွန်တော် ထင်ပါတယ်”

“ခင်ဗျားတို့သာ ပူးပေါင်းပါဝင်ပြီးတော့ Cloud စနစ်မှာ မျက်ဉာဏ်မှတ်မိစနစ်ကို ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ နှစ်ဖက်ပေါင်းလိုက်တာနဲ့ ပိုပြီး လုံခြုံသွားမှာ မဟုတ်ဘူးလား”

“အို... ဟုတ်လို့လား”

တစ်ဖက်လူကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ရင်း မာဟွာထန်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

“ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းကို ကျွန်တော် သိသွားပြီဆိုမှတော့ ဒီမျက်ဉာဏ်မှတ်မိစနစ်ကို ကိုယ့်ဘာသာကိုယ်ပဲ ဘာလို့ မထုတ်လုပ်ရမှာလဲ ခင်ဗျားတို့ကုမ္ပဏီနဲ့ ဘာကြောင့် ပူးပေါင်းနေဖို့ လိုဦးမလဲ”

သူ ပြောပြီးတာနဲ့ အစည်းအဝေးခန်းမထဲက လေထုက ပြန်လည်တင်းမာသွားပြန်သည်။

“မစ္စတာမာ... ခင်ဗျား တကယ်ပဲ ဒီလိုလုပ်ချင်တာ သေချာလား”

လင်းဖန်က မာဟွာထန်ကို တည့်တည့်စိုက်ကြည့်ပြီး မေးလိုက်သည်။

“ဘာလဲ ဒါရိုက်တာလင်းက ကျွန်တော်က နောက်ပြောင်တတ်တဲ့သူလို့ ထင်နေတာလား"

“ဟားဟား... မစ္စတာမာ... 360 Butler တို့၊ Baidu Search တို့၊ NetEase Games တို့ကိုသာ တန်ရွမ်စမတ်ဖုန်း operating system ထဲမှာ ထည့်သွင်းလိုက်ရင် Longteng Group က ပိုပြီး အစွမ်းထက်လာမယ်လို့ မထင်ဘူးလား”

လင်းဖန်က ခံစားချက်မပါတဲ့ မျက်နှာပေးနဲ့ မေးခွန်းနှစ်ခု ထပ်မေးလိုက်ပြန်သည်။

“ချက်တင် Application တွေဆိုတာကလည်း Run ဖို့ ကွန်ပျူတာ လိုအပ်တာပဲလေ ကျွန်တော်တို့ Group ရဲ့ အင်အားနဲ့ဆိုရင် ဖုန်းတွေနဲ့ ကိုက်ညီမယ့် ကိုယ်ပိုင် ချက်တင် Application တစ်ခုကို ဖော်ဆောင်လိုက်တာက ပိုပြီး သင့်တော်မသွားဘူးလား”

ရုံးခန်းထဲမှာတော့ ဗြောင်ကျကျ ခြိမ်းခြောက်မှုကြီးတစ်ခု ထွက်ပေါ်လာပါတော့သည်။

ရှေ့မှ လူငယ်လေးပြောသွားသည့် စကားကို ဘယ်သူမှ ပြက်လုံးတစ်ခုလို သဘောမထားရဲချေ။

ကျင်းလီကုမ္ပဏီကို အလွယ်တကူ သိမ်းပိုက်နိုင်ပြီး Longteng Group ကို တည်ထောင်နိုင်ခဲ့တဲ့သူတစ်ယောက်က ချက်တင် Application တစ်ခုကို မဖန်တီးနိုင်စရာ အကြောင်းမရှိဘူးဆိုတာ လူတိုင်းသိနေကြလို့ပါပဲ။

ဒါ့အပြင် Penguin ရဲ့ ပြိုင်ဘက်တွေကလည်း Longteng နဲ့ Penguin တို့ကြား အက်ကြောင်းထင်သွားမှာကို ပိုပြီးတော့တောင် မြင်ချင်နေကြမှာပါ။

ဒီလိုသာ လမ်းခွဲဖြစ်သွားရင် ဗိုင်းရပ်စ်နှိမ်နင်းရေး နယ်ပယ်၊ ငွေပေးချေမှု နယ်ပယ် ဒါမှမဟုတ် ဂိမ်းလောကမှာ Penguin Group ရဲ့ ကြီးစိုးမှုကို စိန်ခေါ်ဖို့ ကုမ္ပဏီပေါင်းများစွာ ပေါ်ထွက်လာမှာ အသေအချာပါပဲ။

တန်ရွမ်စမတ်ဖုန်း operating system ရဲ့ ပံ့ပိုးမှုသာရှိရင် Longteng က ထုတ်လုပ်မယ့် ချက်တင်ဆော့ဖ်ဝဲဟာ တစ်နိုင်ငံလုံးတင်မက ကမ္ဘာအနှံ့ကိုပါ အချိန်တိုအတွင်း ပျံ့နှံ့သွားနိုင်မှာ သေချာသည်။

“ဟိုး... ခဏလေးအတွင်းမှာပဲ နေတောင် မြင့်သွားပြီပဲ ကျွန်တော်ပဲ အိမ်ရှင်အဖြစ် တာဝန်ယူပြီး ခင်ဗျားတို့တစ်သိုက်ကို နေ့လယ်စာ ကျွေးပါရစေ၊ အဆင်ပြေမလား”

ရုတ်တရက်ဆိုသလို မာဟွာထန်က ပြုံးလိုက်ပြီး လင်းဖန်နဲ့ အဖွဲ့သားတွေကို တည့်တည့်ကြည့်ကာ ဖိတ်ခေါ်လိုက်သည်။

ခုနက တင်းမာနေခဲ့တဲ့ အခြေအနေတွေကို ဘာမှမဖြစ်ခဲ့သလိုမျိုး လျစ်လျူရှုလိုက်တဲ့ပုံပါပဲ။

“ဒါဆိုရင်တော့ မစ္စတာမာ ညွှန်းတဲ့ စားဖိုမှူးရဲ့ လက်ရာကို ကျွန်တော် မြည်းစမ်းကြည့်ရတော့မှာပေါ့"

ဒါကို ကြားတော့ လင်းဖန်ကလည်း ပြုံးရွှင်စွာ ပြန်ပြောလိုက်သည်။ နှစ်ဖက်စလုံးက အနည်းငယ် အဆင်ပြေစပြုတဲ့ ပုံစံများ ဖြစ်လာသည်။

သို့သော် Longteng ရော Penguin ရောပါ ဒီတွေ့ဆုံမှုက အခုမှ အစသာရှိသေးသည်ဆိုတာကိုတော့ ကောင်းကောင်းသိထားကြသည်။

တရုတ်လူမျိုးတွေရဲ့ ထုံးစံအရ စားပွဲဝိုင်းယဉ်ကျေးမှုကို အနှစ်သက်ဆုံး မဟုတ်လား။

သူတို့အမြင်မှာတော့ စားသောက်ရင်း စကားပြောတာဟာ စီးပွားရေးကိစ္စ ဆွေးနွေးဖို့ အသင့်တော်ဆုံး အချိန်ပါပဲ။

ဒါကြောင့်လည်း Penguin Group ရဲ့ ဥက္ကဋ္ဌဖြစ်သူ မာဟွာထန်ကိုယ်တိုင် လင်းဖန်တို့ကို ထမင်းစားဖို့ အစပျိုး ဖိတ်ခေါ်ခဲ့တာ ဖြစ်သည်။

နေ့လယ် ၁၂ နာရီမှာတော့ နှစ်ဖက်စလုံးဟာ ရှန်းချန် ပင်လယ်ကမ်းခြေက သီးသန့်စားသောက်ဆိုင်တစ်ခုမှာ ရောက်ရှိနေကြလေပြီ။

အရက်သေစာ မသောက်ကြပေမဲ့ ရှေ့၌ရှိနေသည့် အရသာရှိလှတဲ့ အစားအသောက်တွေကြောင့် ဧည့်သည်ရော အိမ်ရှင်ပါ ပျော်ရွှင်နေကြသည်။

စကားလက်ဆုံကျရင်းနဲ့ အကြောင်းအရာက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြန်သည်။

“ညီလေးလင်း... ကိုယ်တို့က Longteng နဲ့ တကယ်ကို ပူးပေါင်းချင်တာပါ။ ဘာပဲဖြစ်ဖြစ် မင်းတို့က တရုတ်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ် စမတ်ဖုန်း OS ကို ထုတ်နိုင်ခဲ့တဲ့ ကုမ္ပဏီပဲလေ”

မာဟွာထန်က ခဏနားပြီး အသံကျယ်ကျယ်နဲ့ ဆက်ပြောပြန်သည်။

“Longteng ရဲ့ အလားအလာက ဒီထက်မက ရှိနေဦးမယ်လို့ ကိုယ်ကိုယ်တိုင် ယုံကြည်တယ်၊ ဒါပေမဲ့ မင်းနဲ့ ငါကြားမှာ တချို့နယ်ပယ်တွေမှာတော့ ပွတ်တိုက်မှုတွေ ရှိနေတာ အမှန်ပဲ”

“ကိုမာ ပြောတာကို ကျွန်တော် နားမလည်တာ မဟုတ်ပါဘူး၊ နားလည်လို့လည်း ဒီနေ့ Longteng က Penguin ဆီကို အရင်လာတွေ့တာပေါ့ ဒါက ကျွန်တော်တို့ရဲ့ ရိုးသားမှုကို ပြသတာပါ”

လင်းဖန်ကလည်း ပြုံးရင်း တုန့်ပြန်လိုက်သည်။

စီးပွားရေး ဆွေးနွေးညှိနှိုင်းမှုတွေမှာ အထူးသဖြင့် ဒီလို အရေးပါတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး၌ နည်းဗျူဟာ လိုအပ်သည်။

စည်းကမ်းချက်တွေကို ဒီအတိုင်း ပြောပြနေရုံနဲ့တော့ ကိစ္စရပ်တွေက ချောမွေ့သွားမှာ မဟုတ်ပါချေ။

Penguin Group က နည်းဗျူဟာတစ်ခု သုံးခဲ့သည်။ ရှန်းချန် စည်ပင်သာယာရေးကော်မတီကို ကြားဝင်စေပြီး Longteng နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒပြင်းပြမှုကို ပြသခိုင်းခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တန်ရွမ်OS ရဲ့ နာမည်က အခုဆိုရင် တရုတ်နိုင်ငံမှာ လူတိုင်းသိနေပြီ မဟုတ်လား။

အင်တာနက် လုပ်ငန်းရှင်ကြီးတွေမှာ မဟာဗျူဟာမြောက် အမြင်များ ကိုယ်စီရှိထားကြသည်။ သူတို့တွေက Longteng ကို စောင့်ကြည့်နေကြမှာ အသေအချာပင်။

အထူးသဖြင့် Penguin Group ရဲ့ ဈေးကွက်ကြီးစိုးမှုအပေါ် အားလုံးက မကျေမနပ် ဖြစ်နေကြတာပါ။

အကယ်၍ တန်ရွမ်OS ကို အသုံးချပြီး Penguin ရဲ့ ဈေးကွက်ဝေစုကို လုယူနိုင်မယ်ဆိုရင်တော့ လူတိုင်းက ဝမ်းမြောက်ဝမ်းသာ လုပ်ကြမှာသေချာသည်။

Longteng ကလည်း ဒါကို ကြိုမြင်တဲ့အတွက် တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ချမှတ်ထားတာ ဖြစ်သည်။ နှစ်ဖက်စလုံးကတော့ အလျှော့မပေးအခြေအနေက တင်းမာနေဆဲပင်။

မာဟွာထန်က စားပွဲဝိုင်းကို အသုံးချပြီး Longteng ရဲ့ တောင်းဆိုချက်တွေကို လျှော့ချဖို့ ကြိုးစားနေသလို၊ လင်းဖန်ကလည်း Penguin ရဲ့ မူလရပ်တည်ချက်ကို လျှော့ချနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်သည်။

............................................

All Chapters