ထာဝရအရှင်သခင်များ...
Vol. 74 Ch. 1043
နတ်ဆိုးနတ်ဘုရား၏ ရုပ်ခန္ဓာက အလွန်သန်မာလှပြီး လင်းယွမ်ထက်ပင် သာလွန်နေသည်။ သို့သော် လင်းယွမ်တွင်မူ အဆုံးမဲ့အမှုန်ကမ္ဘာများနှင့် အတွင်းစကြာဝဠာတို့၏ အကူအညီရှိနေသဖြင့် သူတို့နှစ်ယောက်၏ တိုက်ပွဲက ခဏတာ အဖြေမထွက်ဘဲ ဖြစ်နေခဲ့သည်။
ဟိန်းဟောက်သံများက ဆက်တိုက် ထွက်ပေါ်နေပြီး အနက်ရောင်လှိုင်းများမှာလည်း နေရာအနှံ့သို့ ပျံ့နှံ့နေဆဲ ဖြစ်သည်။ ကြီးမားသော အမြီးကြီးကလည်း လင်းယွမ်ကို အကြိမ်ကြိမ် ရိုက်နှက်နေသည်။
သို့သော် လင်းယွမ်က လုံးဝ ဂရုမစိုက်ပေ။ နက်ရှိုင်းသော အခြေခံအုတ်မြစ်နှင့် နတ်စွမ်းရည်များရှိနေသောကြောင့် ဒဏ်ရာရလျှင်တောင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်သည်။ ထို့ကြောင့် သူက နတ်ဆိုးနတ်ဘုရားနှင့် အပြန်အလှန် တိုက်ခိုက်နေခဲ့သည်။
နတ်ဆိုးနတ်ဘုရားက အဆုံးမဲ့နတ်ဆိုးစွမ်းအားများ၏ အကူအညီဖြင့် ဒဏ်ရာရရှိခြင်း မရှိသလောက်ပင် ဖြစ်သည်။ သို့သော် နတ်ဆိုးနတ်ဘုရားက လင်းယွမ်ကို မည်သို့မှမကိုင်တွယ်နိုင်သည်မှာ ထင်ရှားလှသည်။
လျို့ဝှက်ကမ္ဘာအတွင်း ဂိုဏ်းချုပ်များက အပြင်ဘက်တွင် တိုက်ခိုက်နေသော ပုံရိပ်ကြီးနှစ်ခုကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
" အရှင်နဂါးငွေ့တန်းက နတ်ဆိုးနတ်ဘုရားနဲ့ ဒီလောက်အထိ ရင်ဆိုင်နိုင်တာလား။ "
" အရှင်နဂါးငွေ့တန်းက ထာဝရအရှင်သခင်လား။ "
ဂိုဏ်းချုပ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အစတွင် လင်းယွမ်က ထာဝရအရှင်သခင်မဟုတ်ကြောင်း သူတို့ သိထားသည်။ အကြောင်းမှာ ကမ္ဘာကြီးအသွင်ပြောင်းလဲကတည်းက ထာဝရအရှင်သခင်တစ်ယောက် ထွက်ပေါ်လာသည့် ထူးခြားသော ဖြစ်စဉ်များ မရှိခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ယခုအခါ သူတို့က လင်းယွမ်နှင့် ပက်သက်ပြီး ဝေခွဲမရဖြစ်နေကြသည်။
ပြိုလဲနေသော အချိန်လေဟာနယ်အတွင်း၌ လင်းယွမ်နှင့်တိုက်ခိုက်နေသော နတ်ဆိုးနတ်ဘုရားက ရုတ်တရက် သူ၏ အမြီးကို ဝှေ့ရမ်းပြီး နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားသည်။
" ဟမ် " လင်းယွမ်ကလည်း ရပ်တန့်လိုက်ပြီး အဝေးတွင် ရပ်သွားသော နတ်ဆိုးနတ်ဘုရားကို ကြည့်လိုက်သည်။
မကြာမီ လင်းယွမ်၏ အကြည့်အောက်တွင် နတ်ဆိုးနတ်ဘုရားက ပတ်ဝန်းကျင်မှ နတ်ဆိုးစွမ်းအားများနှင့် ပေါင်းစပ်ပြီး ပျောက်ကွယ်သွားခဲ့သည်။
" နတ်ဆိုးနတ်ဘုရားက ဆုတ်ခွာသွားတာပဲ။ " လင်းယွမ်က ချက်ချင်း နားလည်သွားသည်။
နတ်ဆိုးနတ်ဘုရားက လျို့ဝှက်ကမ္ဘာကို ဆက်တိုက်တိုက်ခိုက်ခဲ့ခြင်းမှာ ဖျက်ဆီးနိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။ သို့သော် လင်းယွမ်နှင့် တိုက်ခိုက်ခြင်းက ထိုအတိုင်းဆိုလျှင် နှစ်ပေါင်းသန်းချီကြာသည်အထိ အနိုင်အရှုံးပေါ်မည်မဟုတ်ပေ။ ထို့ကြောင့် နတ်ဆိုးနတ်ဘုရားက ဆုတ်ခွာရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
" အဲ့ဒါလည်း ကောင်းပါတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
လျို့ဝှက်ကမ္ဘာအတွင်း မရေတွက်နိုင်သော သက်ရှိများက အထက်သို့ မော့ကြည့်နေကြသည်။ နတ်ဆိုးနတ်ဘုရားပျောက်ကွယ်သွားခြင်းက လင်းယွမ်၏ ခန့်ညားထည်ဝါမှုကို ပို၍ ရှင်းလင်းစွာ မြင်တွေ့စေခဲ့သည်။ သူက တောင်ကြီးတစ်လုံးသဖွယ် ရပ်နေပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာက ကြီးမားသော ဖိအားများကို ထုတ်လွှတ်နေသည်။
" ပြီးသွားပြီလား။ " ဂိုဏ်းချုပ်များက စိတ်လှုပ်ရှားသော အမူအရာများနှင့် ရှိနေကြသည်။
ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက် အချိန်လေဟာနယ်အတွင်း မြင့်မားသော ပုံရိပ်ဆယ်ခုကျော်က ရပ်နေကြသည်။ သူတို့၏ အကြည့်များက အဝေးမှ ရင်းမြစ်ကမ္ဘာပေါ်သို့ ကျရောက်နေသည်။ ယခုအချိန်တွင် ရင်းမြစ်ကမ္ဘာကို ဝန်းရံထားသော လေဟာနယ်က နတ်ဆိုးစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို အဆုံးမဲ့အမှောင်ထုကြီးသဖွယ် လွှမ်းခြုံထားသည်။
သို့သော် ထိုအချိန်တွင် ပုံရိပ်ဆယ်ခုကျော်ထဲမှ တစ်ယောက်က ရင်းမြစ်ကမ္ဘာကို ကြည့်ပြီး သူ၏ အမူအရာက မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာသည်။
" အဲ့ဒါဘာလဲ။ "
" အဆုံးမဲ့ မင်းဘာတွေ့လို့လဲ။ " အခြားပုံရိပ်များက သူတို့၏ အကြည့်များကို လွှဲလိုက်ကြသည်။
ထိုနေရာတွင် ပုံရိပ် ဆယ့်သုံးခုရှိပြီး ထာဝရအရှင်သခင် ဆယ့်သုံးယောက်ဖြစ်သည်။ သူတို့က ကမ္ဘာကြီးအသွင်မပြောင်းလဲမှ လင်းယွမ်ရောက်ရှိနေသော ဒုတိယရင်းမြစ်ကမ္ဘာမှ ပျောက်ကွယ်သွာသော ထာဝရအရှင်သခင်များ ဖြစ်ကြသည်။
" နတ်ဆိုးစွမ်းအားတွေ ကျဲပါးသွားသလိုပဲ။ " စကားပြောလိုက်သူက ထာဝရအဆုံးမဲ့ဂိုဏ်း၏ တည်ထောင်သူ အဆုံးမဲ့အရှင်သခင်ဖြစ်သည်။
ရင်းမြစ်ကမ္ဘာစတင်ဖြစ်ပေါ်လာကတည်းက ကောင်းကင်အလင်းအရှင်သခင်ကို ပထမဆုံး ထာဝရအရှင်သခင်အဖြစ် သတ်မှတ်လျှင် အဆုံးမဲ့အရှင်သခင်က ဒုတိယမြောက် ထာဝရအရှင်သခင်ဖြစ်သည်။
" နတ်ဆိုးစွမ်းအားတွေ ကျဲပါးသွားတာလား။ " ထာဝရအရှင်သခင် ဆယ့်နှစ်ယောက်က အနည်းငယ် အံ့အားသင့်သွားကြသည်။
ထာဝရအရှင်သခင် ဆယ့်သုံးယောက်က နတ်ဆိုးကပ်ဘေး၏ မူလစွမ်းအားအများစုကို ခုခံထားကြပြီး ဤနေရာတွင် ရင်ဆိုင်နေရသောကြောင့် ရင်းမြစ်ကမ္ဘာအတွင်းသို့ ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။ အကယ်၍ ထာဝရအရှင်သခင် ဆယ့်သုံးပါသာ မရှိခဲ့လျှင် ရင်းမြစ်ကမ္ဘာက စတင်အသွင်ပြောင်းလဲကတည်းက တိုက်စားဖျက်စီးခံလိုက်ရမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် ထာဝရအရှင်သခင်များမှလွဲ၍ သက်ရှိအားလုံးသေဆုံးရမည်ဖြစ်ပြီး ရင်းမြစ်ကမ္ဘာကလည်း အချိန်မတိုင်မီ ပျက်စီးသွားမည်ဖြစ်သည်။ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ထာဝရအရှင်သခင်ဆယ့်သုံးယောက်က ရင်းမြစ်ကမ္ဘာရှိ အရာအားလုံးကို စွန့်လွှတ်ပြီး နတ်ဆိုးကပ်ဘေး၏ မူလစွမ်းအားအများစုကို တားဆီးထားမှသာ ရင်းမြစ်ကမ္ဘာအတွင်းသို့ နတ်ဆိုးစွမ်းအားများ စီးဝင်မှုကို အတိုင်းအတာတစ်ခုအထိ တားဆီးထားနိုင်မည်ဖြစ်သည်။
ထာဝရအရှင်သခင်များက ထိုနေရာတွင် ပိတ်လှောင်ရန် ရွေးချယ်ပြီးနောက် အနာဂတ်အချိန်အတိုင်းအတာအချို့တွင် ရင်းမြစ်ကမ္ဘာရှိ သက်ရှိများထဲမှ ထာဝရအရှင်သခင်တစ်ယောက် ထွက်ပေါ်လာပေလိမ့်မည်။
ထိုထာဝရအရှင်သခင်အသစ်က နတ်ဆိုးကပ်ဘေးကို ရှင်းလင်းရင်း ထာဝရအရှင်သခင်ဆယ့်သုံးယောက်နှင့် ပူးပေါင်းကာ ရင်းမြစ်ကမ္ဘာကို ကယ်တင်ရန် အလွန်သေးငယ်သော မျှော်လင့်ချက်လေးရှိခဲ့သည်။
မျှော်လင့်ချက်က အလွန်သေးငယ်သော်လည်း ထာဝရအရှင်သခင်များက ပြတ်သားစွာ ရွေးချယ်ခဲ့ကြသည်။ ထာဝရအရှင်သခင်များက အချိန်အတိုင်းအတာများစွာကို စောင့်ကြည့်နိုင်သော်လည်း ခံစားချက်မရှိသည်တော့ မဟုတ်ပေ။
သူတို့၏ ကမ္ဘာက ပျက်စီးခြင်းသံသရာ တစ်ပတ်လည်သွားသည်ကို သူတို့ခွင့်ပြုနိုင်သော်လည်း နတ်ဆိုးစွမ်းအား၏ တိုက်စားမှုကြောင့် အချိန်မတိုင်မီ ပျက်စီးသွားမည်ကို မလိုလားကြပေ။
" နတ်ဆိုးစွမ်းအားတွေ တကယ်အများကြီး ကျဲပါးသွားတာပဲ။ ဘာတွေဖြစ်နေတာလဲ။ " ဝူရှန်းအရှင်သခင်က သေချာကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။
ကမ္ဘာကြီးအသွင်မပြောင်းလဲမီ ထာဝရအရှင်သခင်များ စောင့်ကြည့်ခဲ့သော အချိန်အတိုင်းအတာများအရ လက်ရှိအချိန်တွင် နတ်ဆိုးစွမ်းအားများ ကျဲပါးသွားစရာ အကြောင်းမရှိပေ။
ယခုအချိန်တွင် သူတို့က ရင်းမြစ်ကမ္ဘာနှင့် အလွန်ဝေးကွာသော နေရာသို့ ရောက်နေသော်လည်း ရင်းမြစ်ကမ္ဘာအတွင်း နတ်ဆိုးစွမ်းအားများ ကျံပါးသွားသည်ကို အာရုံခံနိုင်ပြီး ရင်းမြစ်ကမ္ဘာတွင် ကြီးမားသော ပြောင်းလဲမှုများ ရှိနေကြောင်း ညွှန်ပြနေသည်။
" ဒါ မဖြစ်နိုင်တာ။ ဘာများဖြစ်လို့လဲ။ ခန့်မှန်းမရတဲ့ အရာတစ်ခုခု ဖြစ်သွားတာလား။ " အနက်ရောင်လေဟာနယ်အရှင်သခင်က ပြောလိုက်သည်။
ခန့်မှန်းမရသော အရာက ထာဝရအရှင်သခင်များ မမြင်တွေ့ခဲ့ရသော အချိန်အတိုင်းအတာများကို ဆိုလိုခြင်းဖြစ်သည်။ ထာဝရအရှင်သခင်များ ပူးပေါင်း၍ အနာဂတ်ကို စောင့်ကြပ်နိုင်သော်လည်း နောက်ဆုံးတွင် သူတို့က အလွှာဆယ့်လေး ပြည့်စုံသော အချိန်သက်ရှိများ မဟုတ်ကြသဖြင့် အနာဂတ်အချိန်အတိုင်းအတာအားလုံးကို မမြင်နိုင်ကြပေ။ ထို့ကြောင့် ဖြစ်ပေါ်လာသော အနာဂတ်က သူတို့မြင်တွေ့ခဲ့သော အထဲတွင် မပါဝင်ခြင်းလည်း ဖြစ်နိုင်သည်။
နတ်ဆိုးစွမ်းအားများ ကျဲပါးသွားခြင်းက ရင်းမြစ်ကမ္ဘာ တိုက်စားခံရမှုကို နှေးကွေးစေပြီး အတွင်းရှိ ကျင့်ကြံခြင်းပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စေကာ ထာဝရအရှင်သခင်တစ်ယောက် ထွက်ပေါ်လာနိုင်မည့် အခွင့်အရေးကို ပိုမိုမြင့်မားစေသည်။
" ခန့်မှန်းလို့မရတဲ့ အရာတစ်ခု ပေါ်လာပြီဆိုမှတော့ အခုချိန်ကစပြီး အနာဂတ်အချိန်အတိုင်းအတာတွေကို အသစ်ပြန်ကြည့်ရမှာပေါ့။ " အဆုံးမဲ့အရှင်သခင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
ထာဝရအရှင်သခင်များက ဤနေရာတွင် ပိတ်မိနေကြသော်လည်း သူတို့က အနားယူနေကြခြင်းမဟုတ်ဘဲ အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။ သို့သော် သူတို့စောင့်ကြည့်ခဲ့သော အနာဂတ်အချိန်အတိုင်းအတာများ၏ စမှတ်က ကမ္ဘာကြီးအသွင်မပြောင်းလဲမီကအချိန်ဖြစ်သည်။
ထာဝရအရှင်သခင်များက လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်း အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်ခြင်းမရှိခဲ့ပေ။ ထာဝရအရှင်သခင်များအတွက် နှစ်ပေါင်းတစ်သောင်းက အလွန်ပင် တိုတောင်းလှသည်။
" ငါတစ်ချက်ကြည့်လိုက်မယ်။ " အဆုံးမဲ့အရှင်သခင်၏ ရှေ့တွင် အချိန်အတိုင်းအတာတစ်ခု ပွင့်လာသည်။
ရင်းမြစ်ကမ္ဘာတွင် ခန့်မှန်းမရသော ပြောင်းလဲမှုများရှိနေရာ လက်ရှိအချိန်မှ စတင်ကြည့်ရှုခြင်းဖြင့် ထိုပြောင်းလဲမှုများက အနာဂတ်အပေါ် မည်သို့သက်ရောက်မည်ကို သိရှိနိုင်လေသည်။
" ဟမ် " အဆုံးမဲ့အရှင်သခင်က အချိန်အတိုင်းအတာတစ်ခုကို ရွေးချယ်ပြီး အနာဂတ် နှစ်ပေါင်းသောင်းချီကာလကို စောင့်ကြည့်လိုက်သည်။ ထိုအနာဂတ်အချိန်အတိုင်းအတာထဲတွင် အဆုံးမဲ့နတ်ဆိုးစွမ်းအားများ ဝန်းရံထားသော ရင်းမြစ်ကမ္ဘာပေါ်တွင် အဖြူအနက် ယင်ယန်ထိုက်ကျိသင်္ကေတတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
အစပိုင်းတွင် ထိုက်ကျိသင်္ကေတက သေးငယ်သော်လည်း အသက်ရှူချိန်အနည်းငယ်အတွင်း အတိုးအဆမရှိ ကြီးမားလာပြီး ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဝုန်း ဝုန်း...
အဖြူအနက်ထိုက်ကျိသင်္ကေတက လည်ပတ်လာပြီး အကန့်အသတ်မရှိသော နတ်ဆိုးစွမ်းအားများကို ချေဖျက်ပစ်နေသည်။ ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားသော နတ်ဆိုးစွမ်းအားများက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။