ကြီးမားသည့် ဂယက်ထမှုများ
Vol. 6 Ch. 60
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
နာမည်ကျော် "Double 11" ဈေးဝယ်ပွဲတော်နေ့မှာပင် ရှန်းချန်မြို့ရှိ Shangri-La ဟိုတယ်ကြီး၌ ခမ်းနားထည်ဝါလှသည့် သတင်းစာရှင်းလင်းပွဲတစ်ခုကို ကျင်းပခဲ့ကြသည်။
ထိုပွဲ၏ အဓိကဇာတ်ဆောင်မှာတော့ တခြားသူမဟုတ်ပေ မကြာသေးမီကမှ တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ မိုဘိုင်းဖုန်းလောကရဲ့ ထွန်းသစ်စဘုရင် Longteng Groupပင် ဖြစ်သည်။
နံနက် ၉ နာရီ တိတိမှာတော့ အစီအစဉ်အတိုင်း သတင်းစာရှင်းလင်းပွဲကို စတင်လိုက်ကြသည်။
“မီဒီယာလောကက မိတ်ဆွေများအားလုံး မင်္ဂလာပါ၊ ကျွန်တော်ကတော့ Longteng ရဲ့ CEO ကျန်းဖန် ဖြစ်ပါတယ် ဒီနေ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ခင်ဗျားတို့အတွက် ကျွန်တော်ကိုယ်တိုင် ဖွင့်ဟပေးသွားမှာပါ”
စင်မြင့်ထက်မှာ ရပ်နေတဲ့ ကျန်းဖန်က တည်ငြိမ်ရင့်ကျက်နေပြီး လူတိုင်းရဲ့ အကြည့်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေသည်။ သူ့လက်ထဲ၌ Projection Pen လေးမှာတော့ အနီရောင်အလင်းတန်းလေးများ တောက်ပနေသည်။
အဲ့ဒီအချိန်မှာပဲ ဧရာမ ပရိုဂျက်တာ စခရင်ကြီးပေါ်မှာ ငွေမှင်ရောင် မိုဘိုင်းဖုန်းတစ်လုံး ပေါ်လာသည်။ အသွင်အပြင်က အမှန်ပင် လန်းဆန်းပြီး လက်ရာမြောက်သည့်အပြင် အနားသတ်လိုင်းကြောင်းတွေများမှာလည်း နူးညံ့သိမ်မွေ့သကဒ့သို့ ခန့်ညားထည်ဝါမှုကိုလည်း ပေးစွမ်းနေပါသည်။
ကြည့်ရသည်မှယ အနုပညာလက်ရာတစ်ခု ရှုစားနေရသလိုပင်။
သတင်းထောက်အားလုံးက 'Nirvana X' ကို မြင်လိုက်ရတဲ့အချိန်မှာပဲ တစ်ခဲနက် အံ့ဩသွားကြတော့သည်။
“ဒါဟာ ကျွန်တော်တို့ကုမ္ပဏီကနေ ကိုယ်တိုင်ကိုယ်ကျ သီးခြားလွတ်လပ်စွာ တီထွင်ထုတ်လုပ်ထားတဲ့ ပထမဆုံး စမတ်ဖုန်း 'Nirvana X' ဖြစ်ပါတယ် ဒီဖုန်းမှာ တန်ရွမ်လို့ အမည်ရတဲ့ စမတ်ဖုန်း Operating System ကို ထည့်သွင်းပေးထားပါတယ်”
“Nirvana X ရဲ့ စွမ်းဆောင်ရည်ဟာ လက်ရှိဈေးကွက်ထဲမှာရှိတဲ့ ဘယ်ဖုန်းကိုမဆို ကျော်ဖြတ်နိုင်ပါတယ်”
ဝုန်း
တစ်ခန်းလုံး ဆူညံပွက်လောရိုက်သွားတော့သည်။ ဒီဖုန်းရဲ့ Hardware အပိုင်းဟာ လက်ရှိ၌ ထိပ်တန်းအဆင့် ဖြစ်နေပြီး Apple၏ နောက်ဆုံးထွက်ဖုန်းတွေပင် 6G RAM လို့ ကြော်ငြာထားသော်လည်း တကယ်တမ်း၌ 4G RAM ပဲ ရှိနေသေးသည် မဟုတ်လား။
ထိုအချက်တင်မကသေး CPU၏ Core ၈ ခုစလုံးအား တစ်ပြိုင်နက်တည်း အလုပ်လုပ်နိုင်ရန် ဖန်တီးထားခြင်းက ကမ္ဘာပေါ်၌ ပထမဆုံးဖြစ်နေသည်။
လူတိုင်းရဲ့ ထိတ်လန့်အံ့ဩနေသည့် မျက်နှာများကို မြင်လိုက်ရချိန်မှာတော့ ကျန်းဖန်က သူတို့အောင်မြင်သွားပြီဆိုတာကို သိသွားတော့သည်။
သူက နောက်ထပ် စခရင်တစ်ခုကို ချက်ချင်း ထပ်ဖွင့်ပြလိုက်ပြန်သည်။
“Nirvana X မှာ တစ်ကိုယ်လုံး သတ္တုကိုယ်ထည်ကို အသုံးပြုထားပါတယ် ဒါက Longteng ကနေ ကိုယ်တိုင်တီထွင်ပြီး ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်လျှောက်ထားတဲ့ သတ္တုစပ်နည်းပညာ ဖြစ်ပါတယ်”
“ဒီနည်းပညာဟာ ကမ္ဘာကို ဦးဆောင်နေတာပါ အခုထက်ထိ ဘယ်ဖုန်းထုတ်လုပ်သူမှ ကိုယ်ထည်ပိုင်းမှာ ဒီလောက်အထိ တိုးတက်အောင် မလုပ်နိုင်သေးသလို Full Metal ကို အသုံးပြုကြောင်းလည်း မကြေညာနိုင်သေးပါဘူး”
“Nirvana X ရဲ့ အကြီးမားဆုံး ထူးခြားချက်ကတော့...”
ဒီစကားကို ကြားတော့ လူတိုင်းက ထပ်ပြီး စိတ်လှုပ်ရှားသွားကြပြန်သည်။ ကမ္ဘာတစ်ဝန်းမှ ဖုန်းထုတ်လုပ်သူတွေက ဖုန်းရဲ့နောက်ကျောဘက်ကိုသာ သတ္တုနဲ့ လုပ်နိုင်တဲ့အဆင့်၌ ရပ်တန့်နေကြချိန်မှာ Longteng ကတော့ ဖုန်းတစ်လုံးလုံးကို သတ္တုနဲ့ ဖုံးအုပ်နိုင်တဲ့အထိ တီထွင်လိုက်ခြင်း ဖြစ်သည်။
'နောက်ကျောဘက် သတ္တု' နဲ့ 'တစ်လုံးလုံး သတ္တု' ဆိုတဲ့ စကားလုံးတစ်လုံးတည်းရဲ့ ခြားနားချက်မှာ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလှသည်။
“ဒီတစ်ခေါက် ကျွန်တော်တို့ မိတ်ဆက်တဲ့ဖုန်းမှာ ၅.၅ လက်မ နဲ့ ၆.၂ လက်မ ဆိုပြီး မော်ဒယ်နှစ်မျိုး ရှိပါတယ် အရောင်အားလုံး ၆ မျိုး ရွေးချယ်နိုင်ပါမယ် Noble Silver (ငွေရောင်)၊ Gentleman Black (အနက်ရောင်)၊ Rich Gold (ရွှေရောင်)၊ Lady Pink (ပန်းရောင်)၊ Sea and Sky Blue (အပြာရောင်) နဲ့ Rose Red (နှင်းဆီနီရောင်) တို့ပဲ ဖြစ်ပါတယ်”
သူကပြောနေရင်းပင် စခရင်ပေါ်၌ ဖုန်း ၆ လုံးစလုံး ပေါ်လာသည်။ အရောင်အသွေး စုံလင်လှသည့် လိုင်းကြောင်းလေးများနဲ့ ဖွဲ့စည်းထားသည့် ထိုဖုန်းတွေက အနုပညာရသ အပြည့်ရှိနေသည်။ ထိုအချိန်မှာပဲ ကင်မရာမီးများက တစ်ဖျတ်ဖျတ်နဲ့ လင်းထိန်သွားပြီး သတင်းထောက်များမဖျာ 'Nirvana X' ကို အမိအရ ဓာတ်ပုံရိုက်နိုင်ရန် အပြိုင်အဆိုင် ကြိုးစားနေကြပါတော့သည်။
'Nirvana X' ပေါ်ထွက်လာခြင်းမှာ တရုတ်နိုင်ငံရဲ့ နောက်ထပ် ဧရာမကုမ္ပဏီကြီးတစ်ခု နိုးထလာတာကို ကိုယ်စားပြုနေသည်။ လက်ရှိ ဤဖုန်းက ပြည်တွင်းဖြစ် မော်ဒယ်အားလုံးထက် သာလွန်နေရုံသာမက Apple ရဲ့ နောက်ဆုံးထွက်ဖုန်းထက်ပင် ပို၍အစွမ်းထက်နေသည်။
ထိုသတင်းသာ ပြန့်သွားရင်ဖြင့် တစ်ကမ္ဘာလုံးအား တုန်လှုပ်သွားစေမည်မှာ အသေအချာပင်။
"ဆက်လက်ပြီး ကျွန်တော်တို့ Longteng မိုဘိုင်းဖုန်း မိတ်ဆက်ပွဲရဲ့ နောက်ဆုံးအစိတ်အပိုင်းဖြစ်တဲ့ 'လက်တွေ့စမ်းသပ်အသုံးပြုသူများ' ကို စင်ပေါ်တက်ဖို့ ဖိတ်ခေါ်ပါရစေ"
ဒီမိတ်ဆက်ပွဲရဲ့ အကျိုးသက်ရောက်မှုကို ပိုမိုအားကောင်းစေရန်အတွက် ကျန်းဖန်က ပရိသတ်ထဲမှ လူ ၂၄ ဦးကို တိုက်ရိုက်ရွေးချယ်လိုက်သည်။ ဒါက ပြသထားသည့် ရှေ့ပြေးဖုန်း၂၄ လုံးနဲ့ အရေအတွက် ကိုက်ညီအောင် လုပ်ဆောင်လိုက်တာပါ။
အကယ်၍ လူတွေကသာ Nirvana X ရဲ့ လုပ်ဆောင်ချက်အသစ်တွေကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခွင့်ရမယ်ဆိုလျင် ဒီဖုန်းရဲ့ စွမ်းဆောင်ရည်ကို ပိုပြီး ယုံကြည်သွားကြမည်ဖြစ်သည်။
အသုံးပြုသူများကို တစ်ဖွဲ့လျှင် ၄ ဦးစီဖြင့် အဖွဲ့ ၆ ဖွဲ့ ခွဲလိုက်ပြီး နာရီဝက်အတွင်း လက်တွေ့စမ်းသပ်မှုအားလုံးကို ပြုလုပ်စေသည်။
စမ်းသပ်သူတစ်ဦးချင်းစီရဲ့ လုပ်ဆောင်ချက်တိုင်းကို ဧရာမ စခရင်ကြီးပေါ်၌ တိုက်ရိုက်ပြသပေးထားခြင်းက အောက်မှပရိသတ်များဖုန်းရဲ့ စွမ်းဆောင်ရည်ကို အထင်အရှား မြင်တွေ့နေစေသည်။
ထိပ်တန်းအဆင့် ရုပ်ထွက်နဲ့ အဆင့်မြင့်ဆုံး Hardware အစိတ်အပိုင်းတွေကြောင့် Longteng အပေါ် ပြည်သူတွေရဲ့ အထင်ကြီးလေးစားမှုဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့စေသည်။
သတင်းစာရှင်းလင်းပွဲမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး သတင်းထောက်အားလုံးမှာ ထိုသတင်းကို အမြန်ဆုံး ဖော်ပြနိုင်ရန်အတွက် အပြိုင်အဆိုင် ထွက်ခွာသွားကြတော့သည်။
ပွဲအပြီးမှာပင် 'China News' ရဲ့ တရားဝင် Weibo စာမျက်နှာ၌ "တရုတ်နိုင်ငံ၏ ထွန်းသစ်စ မိုဘိုင်းဖုန်း ဘုရင်ကြီး"
ဆိုသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ထွက်ပေါ်လာသည်။ ဗီဒီယိုဖိုင်အချို့နဲ့အတူ တင်လိုက်သည့် ထိုပို့စ်မှာ မိနစ်ပိုင်းအတွင်းမှာပင် Comment နဲ့ Repost ပေါင်း တစ်သောင်းကျော်သွားခဲ့ရသည်။
'People's Daily' ကပါ အနှီဆောင်းပါးကို ပြန်လည်မျှဝေလိုက်သည့်အခါမှာတော့ ပြည်သူများ၏ အာရုံစိုက်မှုမှာ မကြုံစဖူး ထိုးတက်သွားပါတော့သည်။
Social Media ပေါ်၌
#တရုတ်နိုင်ငံ၏_မိုဘိုင်းဖုန်းဘုရင်သစ်
ဆိုတဲ့ Topicက Hot Search စာရင်းထဲကို အမြန်ဆုံး ဝင်ရောက်လာသည်။
အဲ့ဒီနောက်မှာတော့ #Nirvana_X က Baidu ရဲ့ Hot Search ဇယားမှာ နံပါတ် (၁) ချိတ်သွားပြီး အရင်က Apple ရဲ့ ကျော်ကြားမှုကိုပင် ကျော်ဖြတ်သွားခဲ့ပြန်သည်။
နံပါတ် (၃) နေရာမှာတော့
#တန်ရွမ်_စမတ်ဖုန်းစနစ် ရှိနေပြီး နံပါတ် (၄) ကတော့ #Longteng ပဲ ဖြစ်သည်။ နည်းပညာမုန်တိုင်းက ငြိမ်သက်သွားမယ့်အစား ပို၍ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပါတော့သည်။
.................................................