← Chapters

မရဏဓား

Vol. 4 Ch. 318

မရဏဓား

Vol. 4 Ch. 318

ရော့ရှီသည် နတ်ဘုရား အဘိုးအို မှာကြားခဲ့သည့် အတိုင်း တသွေမတိမ်း ဆက်လက် လုပ်ဆောင်လေသည်။ သူမ၏ နောက်ဆုံး ကျန်ရှိသည့် တာအို စွမ်းအားများကို အသုံးပြုကာ ဝိညာဉ် ပြဒါးဆေး ရှိရာသို့ ရောက်အောင် ဆက်သွားနေလေသည်။

ဝိညာဉ်ပြဒါးဆေးသည် မိုးကြိုးမုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေလေသည်။ ပြဒါးဆေး ပျက်စီး မသွားအောင် တာအို တန်ခိုးစွမ်းအားများက ဝန်းရံ ပေးထားလေသည်။ ရော့ရှီလေးသည် ဝိညာဉ် ပြဒါးဆေးကို စိုက်ကြည့် နေလေသည်။ သူမက ဝိညာဉ် ပြဒါးဆေး၏ မျက်နှာပြင်ကို သတိထားပြီး သေသေချာချာ ကြည့်လိုက်သည်။

ရော့ရှီလေးမှာ များစွာ အံ့သြ သွားရလေသည်။ ထိုလူပုံသဏ္ဌာန် ပြဒါးဆေးမှာ သူမနှင့် အလွန် ဆင်တူနေလေသည်။ သူမအသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်က ပုံစံမျိုးလေး ဖြစ်လေသည်။

ထိုအချိန် အလွန်ချောမောလှပသော နတ်သမီးတစ်ပါး ကောင်းကင်ကိုးထပ်မှ ဆင်းသက် လာသည်ကို ရော့ရှီ မြင်တွေ့လိုက်ရလေသည်။ နတ်သမီး၏ အလှတရားသည် အလွန်မှ ခမ်းနား လွန်းလေသည်။ ဦးခေါင်းထက်တွင် ပုလဲသရဖူကို ဆင်မြန်းထားပြီး ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင် ထားလေသည်။ သူမ၏ ဝတ်ရုံမှာ ခရမ်းရောင် တိမ်တိုက်များကဲ့သို့ လွင့်မျောနေပြီး ဝတ်ရုံထက်တွင် နဂါးကိုးကောင် ပုံသဏ္ဌာန် ပန်းထိုး ထားလေသည်။ သူမ၏ လက်ထဲတွင် ရွှေရောင် မီးနဂါး အင်းစာအုပ်ကို ကိုင်ဆောင် ထားလေသည်။ သူမသည် အစိမ်းရောင် တိမ်သုံးခု ပေါ်တွင် ထိုင်နေလေသည်။

သူမမျက်နှာတွင် မည်သည့် ခံစားချက်မှ မရှိပေ။ သူမက ရော့ရှီကို စိုက်ကြည့်နေရင်း ခေါင်းတစ်ချက် ညိတ်ပြလိုက် လေသည်။ သူတို့ နှစ်ယောက်ကြားတွင် ဆက်နွှယ်မှု တစ်ခု ရှိနေဟု ရော့ရှီ ခံစား လိုက်ရလေသည်။ အမှန်တော့ သူတို့နှစ်ယောက်သည် အတူတူပင် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ကိုးထပ်မှ ဆင်းသက်လာသူ နတ်သမီးသည် အခြားသူ မဟုတ်ပေ။ ယွမ်ကျွင်းဧကရီပင် ဖြစ်လေသည်။

ရော့ရှီ၏ ခန္ဓာကိုယ်သည် ဗလာနယ်ထဲတွင် လွင့်မျောနေလေသည်။ သူမသည် ယွမ်ကျွင်း ဧကရီရှိရာ ကောင်းကင် ကိုးထပ်ဆီသို့ ဝင်ရောက် သွားလေသည်။ သူမနှင့် နတ်သမီးမှာ တစ်သားတည်း ကျနေသလို ခံစား လိုက်ရလေသည်။

နတ်သမီးက စကား တစ်ခွန်း ဆိုလိုက်သည်။

"ငါက မင်းပါပဲကွယ်…"

ရော့ရှီက နတ်သမီးကို စကားပြန်ပြောရန် ဟန်ပြင် လိုက်စဉ်မှာပင် နတ်ဘုရား အဘိုးအိုကို သူမ၏ မျက်ဝန်းထဲတွင် မြင်တွေ့ လိုက်ရလေသည်။

နတ်ဘုရား အဘိုးအိုသည် အသူရာ ချောက်ကိုးထပ်ရှိ ဝိညာဉ်မြစ်ကမ်း မတ်တတ် ရပ်နေလေသည်။ သူ၏လက်ထဲတွင် ငါးမြားတံ တစ်ချောင်းကို ကိုင်ဆောင် ထားလေသည်။ အဘိုးအိုက ငါးမြားချိတ်ကို ရော့ရှီထံသို့ လှမ်းပစ် လိုက်လေသည်။

အဘိုးအို၏ ငါးမြားချိတ်သည် နေရာ အရံအတား အားလုံးကို ဖြတ်ကျော်ကာ လျင်မြန်လွန်းသည့် အရှိန်ဖြင့် ရော့ရှီ၏ ရှေ့သို့ ရောက်ရှိ လာလေသည်။ ရော့ရှီသည် သတိပြန်ဝင်လာပြီး ငါးမြားချိတ်ကို ဖမ်းယူ ဆုပ်ကိုင်လိုက်လေသည်။

သူမသည် နတ်သမီးကို စကားပြန်ဆို မိခြင်း မရှိတော့ပေ။

ချက်ချင်းပင် ရော့ရှီလေး၏ မျက်ဝန်းများက ကြည်လင် တောက်ပလာလေသည်။ သူမသည် ယွမ်ကျွင်း ဧကရီထံမှ လွတ်မြောက် သွားပြီး ဝိညာဉ် ပြဒါးဆေးနှင့် တစ်သားတည်း ကျသွားလေသည်။

ထို့နောက် သူမ၏ ရုပ်ခန္ဓာ တစ်ခုလုံးသည် မိုးကြိုး မုန်တိုင်းထဲတွင် တစ်စစီ ပျက်စီး သွားလေသည်။

ထို့နောက်…

မိုးကြိုး မုန်တိုင်းများ ကင်းစင်သွားပြီး ကောင်းကင် တစ်ခုလုံး ကြည်လင် သွားလေသည်။

ယခုတော့ ယွိမင်နတ်ဘုရားနှင့် အခြားသူများ အားလုံးသည် လူသားပုံသဏ္ဌာန် ဝိညာဉ် ပြဒါးဆေးကို မျက်ဝါးထင်ထင် တွေ့မြင် လိုက်ကြရပြီ ဖြစ်သည်။ တာအို တန်ခိုးစွမ်းအားများက ဝိညာဉ် ပြဒါးဆေးကို ဝန်းရံ ထားကြဆဲ ဖြစ်လေသည်။

သူတို့အားလုံး ဝိညာဉ်ပြဒါးဆေးကို ကြည့်နေဆဲမှာပင် ရော့ရှီလေး၏ ဝိညာဉ်သည် တာအို တန်ခိုးစွမ်းအားများ အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားကာ ဝိညာဉ် ပြဒါးဆေးနှင့် တစ်သားတည်း ကျအောင် ပေါင်းစပ်သွားလေသည်။

ယွိမင်နတ်ဘုရားက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ဝိညာဉ် ပြဒါးဆေးကို လုယူရန် အတွက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။

သို့သော်…

ရုတ်တရက်ပင် ထိုက်ချန်းတောင်ကြီးမှာ စကြဝဠာနှင့် ရိုက်ခတ်မိသည့် အလား သိမ့်ခနဲ တုန်လှုပ် သွားလေသည်။ ကွမ်းချင်း နတ်ဘုရားငါးပါးမှာ သူတို့ကိုယ်သူတို့ ဟန်ချက် ပျက်မသွားအောင် မနည်း ထိန်းလိုက် ကြရလေသည်။

လူငယ်တာအို ဆရာတစ်ယောက်သည် လေထဲတွင် တည်ငြိမ်စွာ လမ်းလျှောက် လာလေသည်။

"နတ်ဘုရားမြေမှာ ပြဒါးရှင်ကို ဖွေရှာ...

တာအိုကျင့်ကြံသူ စိတ်ထား အစစ်အမှန်ကသာ နတ်ဘုရားဖြစ်ဖို့ အကြောင်းဖန်လာ....

ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ် ပေါင်းစပ်သလို…

တန်ခိုးစွမ်းအားနဲ့ ဝိညာဉ်စွမ်းအား ပေါင်းစပ်သွား...

နှစ်ပေါင်းရာချီ နတ်ဘုရားများ...

လူ့လောကကို ခရီးထွက်သွား....

လှည့်လည်ရင်းနဲ့ တရားအလင်းကို ဖွေရှာ...

လောကကြီး အကြောင်း တဖြည်းဖြည်း နားလည်လာ....

ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့

ဉာဏ်ပညာ ဖြောင့်မတ်ခြင်း တရားနဲ့ ဂုဏ်သိက္ခာဆိုတာ...

စကြဝဠာ တစ်ခွင်မှာ ထွန်းလင်းနေမှာ...."

တာအိုကဗျာ ရွတ်ဖတ်သံ တစ်သံသည် လေထဲတွင် ပျံ့လွင့်လာလေသည်။

တာအိုကဗျာမှ စကားလုံးတိုင်းသည် ကွမ်းချင်း နတ်ဘုရား ငါးပါး၏ နားထဲသို့ တစ်လုံးချင်း စီးဆင်း ဝင်ရောက် သွားလေသည်။

ယွိမင်နတ်ဘုရားက ဆန်းလျန်ကို စိုက်ကြည့်လိုက်ပြီး....

"ဆန်းလျန်၊ မင်းက မူလဝိညာဉ် ခန္ဓာရပြီး နတ်ဘုရားဖြစ်တာမှ မကြာသေးဘူး၊ ထိုက်ချန်းတောင်ကို ခုလိုမျိုး ကျူးကျော်ရဲသလား၊ ကိုယ့်အဆင့်ကိုယ် သိဖို့ကောင်းတယ်၊ အမှား မလုပ်မိစေနဲ့"

ဆန်းလျန်က အော်ဟစ် ရယ်မော လိုက်လေသည်။

"ကျင့်စဉ်လမ်းမှာ နတ်ဘုရား တစ်ပါး ဖြစ်သွားပြီဆိုရင် အကြီးအငယ် ဝါစဉ် စီနေစရာ မလိုဘူး၊ ခင်ဗျား နတ်ဘုရား ဖြစ်ခဲ့တာ နှစ်ပေါင်း ထောင်ချီကြာနေလည်း ကျုပ်နဲ့ ဘာမှ မကွာပါဘူးလေ၊ ခင်ဗျားလည်း လောကကို ကျော်လွန်ပြီး မိုးကောင်းကင် နတ်ဘုရားမှ မဖြစ်နိုင်သေးတာ၊ မဟုတ်ဘူးလား"

ဆန်းလျန်၏ မောက်မာလွန်းသော စကားများကြောင့် ယွိမင်နတ်ဘုရားမှာ ဒေါသ ချောင်းချောင်း ထွက်သွားလေသည်။

"ဒါဖြင့်လည်း ကျုပ်အကြောင်း ပြရသေးတာပေါ့"

သူက စကားဆုံးသည်နှင့် ကြီးမားသည့် ရွှမ်ချင်း အလင်းလက်ကြီးကို ထုတ်လွှတ်ကာ ဆန်းလျန်ကို တိုက်ခိုက်လိုက် လေသည်။

ကျန်သည့် နတ်ဘုရားလေးပါးက ယဉ်ကျေးမှု ရှိစွာဖြင့် အနောက်သို့ ဆုတ်ပေး လိုက်ကြလေသည်။ ကွမ်းချင်း နတ်ဘုရား ဂိုဏ်း၏ ဂိုဏ်းချုပ်လည်းဖြစ်၊ သူတို့၏ ဂိုဏ်းတူအစ်ကိုလည်း ဖြစ်သည့် ယွိမင်နတ်ဘုရားက စတင် တိုက်ခိုက်လိုက်ပြီ ဖြစ်သည့်အတွက် ကျန်သည့် နတ်ဘုရားလေးပါးက လေးစားသမှုဖြင့် အသာရှောင်ပေးလိုက် ကြခြင်းဖြစ်လေသည်။

ဆန်းလျန်သည် ယခုမှ နတ်ဘုရား ဖြစ်ကာစ ဖြစ်သည့် အတွက် သူတို့အားလုံး ပေါင်းကာ တိုက်ခိုက်စရာ မလိုဟုလည်း အထင်သေးမိ လိုက်ကြလေသည်။

ထို့ပြင် ယွိမင်နတ်ဘုရားသည် ကွမ်းချင်း နတ်ဘုရားဂိုဏ်းတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံးသူ ဖြစ်လေသည်။ သူ့ကို အနိုင်ယူနိုင်သည့် လောက နတ်ဘုရားဆို၍ ခပ်ရှားရှား ဖြစ်လေသည်။

ရွှမ်ချင်း အလင်းလက်ကြီးသည် ဆန်းလျန်ထံသို့ ဝင်ရောက် လာလေသည်။ နတ်ဘုရား ဖြစ်ကာစ ဆန်းလျန်သည် ယွိမင် နတ်ဘုရားလောက် တန်ခိုးစွမ်းအား ထက်မြက်ခြင်း မရှိသေးပေ။

ထိုသို့ဆိုပါလျှင် ဆန်းလျန်သည် အဘယ်ကြောင့် ယွိမင်နတ်ဘုရားကို တိုက်ခိုက်ရပါသနည်း။

ဆန်းလျန်တွင်လည်း သူ့လျှို့ဝှက်ချက်နှင့်သူ ရှိလေသည်။

ဆန်းလျန်၏ ဦးခေါင်းထက်မှ သန့်စင်သည့် တန်ခိုးစွမ်းအား အငွေ့များ ထွက်ပေါ်လာပြီး ဆန်းလျန်သည် သုံးပေသာရှိ သည့် လူသေးသေးလေး တစ်ယောက် အဖြစ် ပြောင်းလဲ သွားလေသည်။ ထိုလူသေးသေးလေးမှာ စတင် ဖြစ်တည်ကာစ ဆန်းလျန်၏ မူလ ဝိညာဉ်ခန္ဓာ ဖြစ်လေသည်။

ယွိမင်နတ်ဘုရားသည် ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာကို တွေ့မြင် လိုက်ရသည့်အခါ အလွန်မှ အထင်သေး သွားမိလေသည်။ ဆန်းလျန်၏ မူလ ဝိညာဉ်ခန္ဓာမှာ ကလေးသာသာ အဆင့်သာ ရှိသေးသည်။

ထို့ပြင် ဆန်းလျန်က သူ၏ တန်ခိုးစွမ်းအားများကို ကြောက်ရွံ့ သွားသဖြင့် မူလဝိညာဉ်ခန္ဓာကို ထုတ်ဖော်လိုက်သည် ဟုလည်း ယွိမင် နတ်ဘုရားက အထင် ရောက်သွားလေသည်။

သို့သော်…

သူ့စိတ်ထဲတွင် တစ်ခုခု မူမမှန်သလို ခံစားလိုက်ရလေသည်။

တစ်ချိန်တည်းမှာပင် အခြားသော နတ်ဘုရားလေးပါးမှာလည်း တန်ခိုးစွမ်းအား တစ်ခုကို ခံစားလိုက်ရပြီး ဆံပင်မွေးများပင် ထောင်သွားရလေသည်။ သူတို့ ရင်ဆိုင်နေရသည့် သူမှာ တန်ခိုးစွမ်းအား အမြင့်မားဆုံး ရန်သူတစ်ယောက် ဖြစ်လေသည်။

ဆန်းလျန် ပြောင်းလဲ ဖန်ဆင်းလိုက်သည့် မူလဝိညာဉ်ခန္ဓာ၏ ပုံသဏ္ဌာန်ကို ဆန်းလျန် ကိုယ်တိုင်းလည်း အံ့သြသွားရလေသည်။ သူကိုယ်တိုင်လည်း မျှော်လင့်မထားခဲ့မိပေ။ သူ၏ မူလ ဝိညာဉ်ခန္ဓာသည် သူ၏ ပုံစံပင် ဖြစ်လေသည်။

သို့သော် ဆန်းလျန်ကဲ့သို့ ပိန်ပိန်သွယ်သွယ် မဟုတ်ဘဲ သန်မာပြီး ယောကျ်ားပီသသည့် တာအို ဆရာလူငယ် တစ်ယောက် ဖြစ်နေလေသည်။ ဆန်းလျန်၏ သိမ်မွေ့သည့် သွင်ပြင်နှင့် မတူညီဘဲ လုံးဝ ကွဲပြားနေသည့် ခက်ထန် ကြမ်းတမ်းသည့် ပုံသဏ္ဌာန် တစ်ခု ဖြစ်နေလေသည်။

ထို့ပြင် ထိုတာအို ဆရာလူငယ်၏ လက်ထဲတွင် သွေးနီရောင် တောက်ပနေသည့် ဓားတစ်လက်ကိုလည်း ကိုင်ဆောင် ထားလေသည်။

ကွမ်းချင်း နတ်ဘုရားများ အားလုံး ကျောရိုးထဲ စိမ့်သွားသည်အထိ ကြောက်ရွံ့ သွားသော အရာမှာ ထိုသွေးနီရောင် ဓားသွားပင် ဖြစ်လေသည်။

လောက နတ်ဘုရားများသည် တော်ရုံနှင့် ကြောက်လန့် တတ်ကြသူများ မဟုတ်ပေ။

သို့သော် သွေးနီရောင် ဓားသွားကို မြင်တွေ့လိုက်ရသည်နှင့် သူတို့ ငါးယောက်စလုံးမှာ ရင်ထဲတွင် ကြောက်စိတ်များ ပြည့်လာတော့သည်။

ရုတ်တရက်ပင် သူတို့၏ မျက်ဝန်းများထဲတွင် အလောင်းများဖြင့် ပြည့်နေသည့် တောင်တန်းများနှင့် သွေးပင်လယ်ကြီး များကို မြင်တွေ့ လိုက်ကြရလေသည်။ နတ်ဘုရားများ အားလုံး သတ်ဖြတ် ခံထားရသည့် မြင်ကွင်း ဖြစ်လေသည်။ ထိုမြင်ကွင်းထက် ကြောက်မက်ဖွယ် ကောင်းသည့် မြင်ကွင်းမျိုး သူတို့ဘဝတွင် တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။

နတ်ဘုရားငါးပါး ထိတ်လန့် နေကြချိန်မှာပင် ကောင်းကင် တစ်ခွင်လုံးတွင် မရဏ ဓားဝိညာဉ် တစ်ခုက ဖုံးလွှမ်းသွား လေသည်။

ချန်ကျန့်မေ၏ မရဏ ဓားဝိညာဉ်သည် လင်ရှောင်ခန်းမဆောင်ကို ကာကွယ်ထားသည့် အရံအတားများ အားလုံးကို ချိုးဖျက်ပစ် လိုက်ကာ ရော့ရှီလေး၏ ဝိညာဉ်နှင့် ပေါင်းစပ်နေသည့် ဝိညာဉ် ပြဒါးဆေးကို ယူဆောင်သွားလေတော့သည်။

ဆန်းလျန်က နတ်ဘုရား ထောင်ချောက်ဓားဝိညာဉ်ကို ဟန်ပြ အသုံးပြုကာ ကွမ်းချင်း နတ်ဘုရားငါးပါးကို ခြောက်လှန့် လိုက်သည့်အချိန်တွင် ချန်ကျန့်မေက ရော့ရှီကို ကယ်တင်သွားခြင်း ဖြစ်လေသည်။

ချန်ကျန့်မေက ဆရာ ဘိုးဘိုးယွမ်ချင်း၏ ဓားဝိညာဉ်နှင့် သဏ္ဌာန်မဲ့ ဓားသိုင်းကို ပေါင်းစပ်ကာ မရဏ ဓားတစ်လက်ကို တီထွင် ထားခြင်း ဖြစ်လေသည်။

ချန်ကျန့်မေ၏ မရဏ ဓားဝိညာဉ်မှာ ထပ်မံ အဆင့်မြှင့်တင်ရန် လိုအပ် သေးသော်လည်း နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ် ကဲ့သို့ပင် ကြောက်စရာ ကောင်းသော မရဏ ဓားတစ်လက် ဖြစ်လေသည်။

ထိုဓားနှစ်မျိုးမှာ အခြေခံ တူညီသည့် မရဏဓားများပင် ဖြစ်လေသည်။

နတ်ဘုရား ထောင်ချောက်ဓားဝိညာဉ်ကို အသုံးပြုထားသည့် အတွက် ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာသည် နာကျင်မှုကို ခံစားနေရလေသည်။

သို့သော် ထိုက်စု နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား အဘွားအိုနှင့် ရင်ဆိုင်စဉ်က လောက်တော့ အခြေအနေ ဆိုးဝါးခြင်း မရှိပေ။

ဆန်းလျန်၏ဝိညာဉ်ထဲတွင် ရရှိထားသည့် နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်သည် ပုံရိပ်ယောင်မျှသာ ဖြစ်သည့် အတွက် တကယ်တမ်းတွင် နတ်ဘုရားတစ်ပါးကို သတ်ဖြတ်နိုင်ခြင်း မရှိပေ။

သို့သော် နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ် အစစ်ကတော့ မိုးကောင်းကင် နတ်ဘုရား တစ်ပါးကိုပင် သတ်ဖြတ်ပစ် နိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် ကွမ်းချင်း နတ်ဘုရားငါးပါးမှာ သွေးပျက် သွားကြရခြင်း ဖြစ်လေသည်။

ထိုက်ချန်းတောင်နှင့် မိုင်ထောင်ပေါင်း များစွာ အဝေးတွင် ကျုန်းစန်းတောင်ဆိုသည့် နတ်ဘုရားတောင် တစ်တောင် ရှိလေသည်။ ကျုန်းစန်း တောင်နံဘေးတွင် ဖြတ်သန်းရန် ခက်ခဲပြီး အလွန်ရေစီးသန်သည့် မြစ်တစ်စင်း ရှိလေသည်။

ထိုမြစ်ကို ရော့ဆွေမြစ်ဟု ခေါ်လေသည်။

ကျုန်းစန်းတောင်မှာ မိုင်ပေါင်း တစ်သောင်း သုံးထောင် မြင့်မားလေသည်။

ရှေးလွန်လေပြီးသည့် အချိန်များကတည်းကပင် တန်ခိုး စွမ်းအား ကြီးမားသူများ လောကမှ အနားယူလျှင် ကျုန်းစန်းတောင်တွင် လာရောက် နေထိုင်လေ့ ရှိကြလေသည်။

သို့သော် သာမန်လူများကတော့ ကျုန်းစန်းတောင်သို့ လာရောက်လေ့ မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ရော့ဆွေမြစ်မှာ အလွန်အန္တရာယ် များသောကြောင့် ဖြစ်လေသည်။ တန်ခိုးစွမ်းအား တစ်ခုခုကို ပိုင်ဆိုင်ထားခြင်း မရှိဘဲ ရော့ဆွေမြစ်ကို ဖြတ်ကျော်ကာ ကျုန်းစန်းတောင်သို့ ရောက်လာရန်မှာ မဖြစ်နိုင်ပေ။

ကျုန်းစန်း တောင်ထိပ်ရှိ ကျောက်နံရံကြီးတစ်ခုထက်တွင် ဝတ်ကျောင်းတော်ကြီး တစ်ခုရှိလေသည်။ ထိုနေရာသည် တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်းနေသည့် နေရာ ဖြစ်လေသည်။

ဝတ်ကျောင်းတော်ကြီးရှေ့တွင် လူငယ်တစ်ယောက် မတ်တတ် ရပ်နေလေသည်။ လူငယ်၏ ပုံစံသည် ထီမထင်သည့် ဟန်ဖြင့် မောက်မာ လွန်းလေသည်။ သူ၏ ကျောထက်တွင် ဓားတစ်လက်ကို လွယ်ထားလေ၏။

လူငယ် လွယ်ထားသည့် ဓားမှာ ကြေးနီဓားလည်း မဟုတ်၊ သံမဏိဓားလည်း မဟုတ်ပေ။ ထို့ပြင် ဓားမှာ ဓားအိမ်လည်း မရှိပေ။ ဓားအိမ်အစား ဓားကို အဝတ်စ တစ်ခုဖြင့် စီးပတ်ကာ ထုတ်ပိုး ထားလေသည်။ ပိတ်စလွတ်နေသည့် နေရာ များမှ အနီရောင် အလင်းများ ထွက်ပေါ်နေလေသည်။

လူငယ်နှင့် သုံးပေပတ်လည် အတွင်းတွင် နှင်းများကျဆင်းခြင်း မရှိဘဲ ရှင်းလင်း နေလေသည်။

လူငယ်သည် အဝေး တစ်နေရာသို့ စိုက်ကြည့်နေလေသည်။ သူ၏ မျက်ဝန်းများသည် မိုင်ထောင်ပေါင်း များစွာအဝေးသို့ ထွင်းဖောက် မြင်နေသယောင် ထင်မှတ်ရလေသည်။ သူ့မျက်ဝန်းများ၏ အမြင်စွမ်းအားကို တားဆီး ထားနိုင်သည့် အရာမရှိပေ။

သူ၏ မျက်ဝန်းများထဲတွင် ထိုက်ချန်း တောင်ထိပ်မှ အဖြစ်အပျက်များကို အာရုံစူးစိုက်ကာ ကြည့်နေခြင်း ဖြစ်လေသည်။

သူ့ကျောထက်တွင် လွယ်ထားသည့် ဓားရှည်မှ ဂါထာ ရွတ်ဖတ်သံ ကဲ့သို့သော အသံများ ထွက်ပေါ်နေပြီး ဓားဝိညာဉ် အငွေ့အသက်များက ပတ်ဝန်းကျင် တစ်ခုလုံးသို့ ဖုံးလွှမ်း နေလေသည်။

ထိုအချိန်မှာပင် ကောင်းကင်ထက်တွင် ဝိညာဉ် သားရဲတစ်ကောင် ပျံသန်းလာလေသည်။

ထိုသတ္တဝါသည် လူငယ်၏ ဦးခေါင်းထက်မှ ဖြတ်ကျော် သွားသည်နှင့် ချက်ချင်းပင် အသက်ပျောက် သွားလေသည်။ လူငယ်၏ ဦးခေါင်းထက်မှ မည်သည့် သတ္တဝါမှ ဖြတ်သန်း ပျံဝဲသွားရဲခြင်း မရှိတော့ပေ။

“သူက ဘယ်သူပဲ ဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မင်းကတော့ ကျုပ်ပိုင်ဆိုင်တဲ့  အရာပဲ"

လူငယ်က သူ၏ဓားရှည်ကို စကားပြောနေခြင်း ဖြစ်လေသည်။

လူငယ်၏ မျက်ဝန်းများသည် သေချာမှု၊ ယုံကြည်မှုများဖြင့် ပြည့်ဝနေလေသည်။

***

All Chapters