အခန်း (၆၀၄-၆၀၆)
Vol. 41 Ch. 604-606
အပိုင်း (၆၀၄) ပရမ်းပတာ အခြေအနေ (၂)
ထိုက်ဇီ လီကျင့်သည် ဒဏ်ရာရထားသော်လည်း ထိုက်ဇီဖေး လုမင်ယွိသည် ကျားတစ်ကောင်လို နဂါးတစ်ကောင်လို သက်ဝင်လှုပ်ရှားနေလေသည်။
ကျန်းနန်ဘုရင်ခံအိမ်တော်တိုက်ပွဲတွင် လုမင်ယွိသည် ခင်ပွန်းဖြစ်သူကို ကယ်တင်ရန်အတွက် ခရီးဝေးမှ ရောက်ရှိလာခဲ့ပြီး ရန်သူများစွာကို သတ်ဖြတ်ကာ နာမည်ကျော်ကြားခဲ့လေသည်။
ယုံးကျားဧကရာဇ်သည် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ဝန်ကြီးများရှေ့တွင် ကျေနပ်စွာ ပြောခဲ့ဖူးလေသည်။ "အဲဒီတုန်းက လုရှီ မြို့တော်က ထွက်သွားတာကို ကျန်း ခွင့်ပြုခဲ့တာပါ။ ကျန်း ထင်မထားခဲ့တာက ဒီခြေလှမ်းက မှန်ကန်သွားလိမ့်မယ် ဆိုတာကိုပဲ။ ဒီလို ဇနီးလိမ္မာလေး ရှိတာက ထိုက်ဇီရဲ့ ကံကောင်းခြင်းပါပဲ"
ဝန်ကြီးများသည် အလိုက်တသိဖြင့် မြှောက်ပင့်ပြောဆိုကြသော်လည်း နောက်ကွယ်တွင်တော့ ရယ်မောပြောဆိုကြလေသည်။
"ဟွမ်ဟုပ်ညန်ညန် ရုတ်တရက် 'နေမကောင်းလို့ အနားယူရတယ်' ဆိုတာ တကယ်တော့ ထိုက်ဇီဖေး မြို့တော်က ထွက်သွားတာနဲ့ ဆက်စပ်နေတာကိုး"
"ဒီလို ချွေးမမျိုးနဲ့ တွေ့ရင် အရှင်မင်းကြီးတောင် ခေါင်းကိုက်မှာပဲ"
"ရှင်းယန်ဝမ်ကလည်း သူ့သမီးဆို အရမ်းကာကွယ်တာ။ အရှင်မင်းကြီးက စိတ်ဆိုးရင်တောင် သည်းခံရမှာပဲ။ ဒါပေမဲ့ ထိုက်ဇီဖေး အချိန်မီ ရောက်သွားတာ ကံကောင်းပါတယ်။ မဟုတ်ရင် ဘုရင်ခံအိမ်တော် ကျသွားပြီး ထိုက်ဇီရဲ့ အသက်အန္တရာယ်ပါ စိုးရိမ်ရလိမ့်မယ်"
"ထိုက်ဇီဖေးက ကြီးမားတဲ့ အကျိုးဆောင်မှု လုပ်ခဲ့တာပဲ"
ရယ်စရာမောစရာ ပြောဆိုကြသော်လည်း ဝန်ကြီးများ၏ စိတ်ထဲတွင် ထိုက်ဇီဖေးသည် "အစွမ်းထက်သူ" မှ "လုံးဝ ရန်သွားမစရမည့်သူ" စာရင်းသို့ ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။
ချောင်ကောလောင်သည် ယခုအချိန်တွင် ကျန်းနန်သို့ စာပို့ရန် ကိစ္စကို ပြောလာခြင်းသည် အလွန် ရှင်းလင်းလေသည်။ သူသည် ထိုက်ဇီဖေး လုမင်ယွိကို မြို့တော်သို့ ပြန်ခေါ်ချင်နေခြင်း ဖြစ်သည်။ ချောင်မိဖုရားခေါင် တစ်ပါးတည်းဖြင့် အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ရန် ခက်ခဲလိမ့်မည်ဟု ယူဆသောကြောင့်ပင်။
အရပ်ဘက်အရာရှိများသည် ပြောဆိုရ လွယ်ကူသော်လည်း စစ်တပ်အာဏာကို ကိုင်စွဲထားသော စစ်သူကြီးများသည် အလွန် ခေါင်းမာတတ်ကြသည်။ ဖူယန်နယ်စားနှင့် ကွမ်းပင်းနယ်စားတို့သည်လည်း သတိထားရမည့်သူများ ဖြစ်သည်။
ချောင်မိဖုရားခေါင်သည် ချောင်ကောလောင်ကို တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပါယ်ကို ချက်ချင်း နားလည်သွားသော်လည်း ချက်ချင်း လက်မခံလိုက်ပေ။
လုမင်ယွိသည် ကျန်းနန်သို့ ပင်ပင်ပန်းပန်း သွားရောက်ခဲ့ရသည်။ ယခု မြို့တော်တွင် ကိစ္စဖြစ်လာပြန်သဖြင့် ချက်ချင်း ပြန်လာခိုင်းပါက အလွန် ပင်ပန်းလွန်းရာ ကျလိမ့်မည်။
ဝန်ကြီးလော်သည် ချောင်မိဖုရားခေါင် တွန့်ဆုတ်နေသည်ကို မြင်သောအခါ ဝင်ပြောလိုက်လေသည်။ "အရှင်မင်းကြီး သတိမေ့သွားတာက ကိစ္စသေး မဟုတ်ပါဘူး။ ဒီကိစ္စကို ထိုက်ဇီအရှင်မင်းသားကို သေချာပေါက် အသိပေးရပါမယ်"
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယုံးကျားဧကရာဇ်သာ တစ်ခုခု ဖြစ်သွားပါက လီကျင့်သည် နန်းတက်ရန်အတွက် ချက်ချင်း မြို့တော်သို့ ပြန်လာရမည် ဖြစ်သည်။
မြို့တော်တွင် အရွယ်ရောက်ပြီးသော မင်းသားများစွာ ရှိနေသေးသည်။ အကယ်၍ တစ်စုံတစ်ယောက်က မကောင်းကြံစည်ပြီး ပြဿနာ ရှာလျှင် အခြေအနေ မကောင်းနိုင်ပေ။
ဝန်ကြီးယောင်သည်လည်း မနေနိုင်တော့ဘဲ ဝင်ပြောလိုက်လေသည်။ "ကျွန်တော်မျိုး အမြင်ကတော့ ချောင်ကောလောင်နဲ့ ဝန်ကြီးလော် ပြောတာ အကြောင်းသင့်ပါတယ်။ ထိုက်ဇီက တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်ပါတယ်။ နန်းတော်ထဲမှာ ဒီလောက် ကြီးမားတဲ့ ကိစ္စ ဖြစ်ပျက်နေတာ ထိုက်ဇီအရှင်မင်းသားကို အမြန်ဆုံး အကြောင်းကြားသင့်ပါတယ်"
ဘယ်လို တုံ့ပြန်မလဲ ဆိုတာကတော့ ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့ စဉ်းစားရမည့် အပိုင်းဖြစ်သည်။
ချောင်မိဖုရားခေါင်သည် အတွေးများ ရှုပ်ထွေးနေသော်လည်း အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်ကာ "ရှင်တို့ ပြောတာ မှန်ပါတယ်။ ပန်ကုံး အခုပဲ ကျန်းနန်ကို စာပို့ဖို့ စီစဉ်လိုက်ပါမယ်"
ဝန်ကြီးများအားလုံး သက်ပြင်းချလိုက်မိကြသည်။
ချောင်မိဖုရားခေါင်သည် ဝန်ကြီးများကို မှာကြားပြီးနောက် ပင်မနန်းဆောင်ထဲသို့ ပြန်ဝင်လာခဲ့သည်။
ယုံးကျားဧကရာဇ်သည် သတိမရသေးပေ။
ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေပြီး ခေါင်းတစ်ခုလုံး ရွှေအပ်များ စိုက်ထားလျက် တုံ့ပြန်မှုမရှိသော ယုံးကျားဧကရာဇ်ကို ကြည့်လိုက်သောအခါ "လေဖြတ်ခြင်း" ဟူသော စကားလုံးသည် ခေါင်းထဲတွင် ပေါ်လာတော့သည်။ အကယ်၍ တကယ် လေဖြတ်ခြင်း ဖြစ်ပါက ပြန်ကောင်းလာရန် မလွယ်ကူပေ။ ဒီနေရာတွင် အမြဲတမ်း လဲနေ၍ မဖြစ်ချေ။
အထူးသဖြင့် အောက်တွင် လျိုကုန်းကုန်းကို အခုခံအဖြစ် ထားထားရသည် မဟုတ်ပါလား။
ချောင်မိဖုရားခေါင်သည် မယ်တော်ကြီးကျောက်ကို ပြောလိုက်လေသည်။ "မယ်တော်ကြီး၊ အရှင်မင်းကြီးကို နဂါးကုတင်ပေါ် ပြန်ရွှေ့လိုက်ရင် မကောင်းဘူးလား။ အရှင်မင်းကြီးလည်း သက်သက်သာသာ ရှိသွားသလို ကုသရတာလည်း ပိုအဆင်ပြေတာပေါ့။ ချက်ချင်း သတိမရရင်တောင် နဂါးကုတင်ပေါ်မှာဆိုတော့ စိတ်ချလက်ချ အနားယူလို့ ရတာပေါ့"
မယ်တော်ကြီးကျောက်သည် အကြံအဉာဏ် မရှိတော့သဖြင့် ခေါင်းသာ ညိတ်လိုက်တော့သည်။ "ကောင်းပြီလေ။ ဟွမ်ဟုပ် သဘောအတိုင်း စီစဉ်လိုက်ပါ"
သမားတော်ချုပ်ကျိုးက ကြားဖြတ်ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန် ခဏလောက် စောင့်ပေးပါ။ ကျွန်တော်မျိုး ရွှေအပ်တွေကို အရင် ဖယ်ရှားလိုက်ပါဦးမယ်"
ချောင်မိဖုရားခေါင်က အင်း ဟု ပြန်ဖြေလိုက်လေသည်။ "သမားတော်ချုပ်ကျိုးကိုပဲ အားကိုးရပါတော့မယ်"
အသားကူရှင်အဖြစ် လုပ်နေရသော လျိုကုန်းကုန်းသည် ဝမ်းသာလွန်း၍ ငိုချင်စိတ်ပင် ပေါက်သွားလေသည်။ တကယ်ပဲ ဟွမ်ဟုပ်ညန်ညန်က စိတ်ထားကောင်းမွန်လှပါပေတယ်။
...
တတိယမင်းသားအိမ်တော်။
"ညန်ညန်ကို လျှောက်တင်ပါတယ်။ ပဉ္စမမင်းသားကြင်ရာတော် ရောက်လာပါတယ်" အပျိုတော်တစ်ဦး အမြန်ဝင်လာပြီး သတင်းပို့လိုက်သည်။
မုန့်ယွင်လော်သည် ထိုင်မရထမရ ဖြစ်နေပြီး ချက်ချင်းပင် ပြောလိုက်လေသည်။ "သူ့ကို မြန်မြန် ဝင်ခိုင်းလိုက်"
ခဏအကြာတွင် ပဉ္စမမင်းသားကြင်ရာတော် ယွီရှီ ဝင်ရောက်လာခဲ့သည်။
၃နှစ်တာ ကာလအတွင်း နူးညံ့သိမ်မွေ့သော ယွီရှီသည် ပိန်ကျသွားပြီး မျက်နှာတွင် သွေးရောင်မရှိဘဲ မျက်လုံးများ မှေးမှိန်နေလေသည်။ ငယ်ရွယ်နုပျိုသော မိန်းကလေး ဖြစ်သော်လည်း လန်းဆန်းမှု မရှိဘဲ စောစီးစွာ ကြွေကျသွားသော ပန်းတစ်ပွင့်အလား ဖြစ်နေလေသည်။
ယွီရှီသည် ယမန်နှစ်က လီချန်၏ နှိပ်စက်မှုကို ခံရပြီးနောက် မိဘအိမ်သို့ ပြန်သွားခဲ့ဖူးသည်။ နောက်ပိုင်းတွင် လီချန်သည် ယုံးကျားဧကရာဇ်၏ ဆူပူကြိမ်းမောင်းခြင်း ခံရပြီးနောက် လိမ္မာသွားခဲ့သည်။ ယွီရှီကို ကိုယ်ထိလက်ရောက် မလုပ်တော့သော်လည်း ဂရုမစိုက်ဘဲ ပစ်ထားလေသည်။
မုန့်ယွင်လော်သည် ယွီရှီကို သနားခြင်း မရှိပေ။ သူမ၏ အမြင်တွင် ယွီရှီသည် အလွန် တုံးအပြီး ခင်ပွန်းသည်ကို မချော့တတ်သောကြောင့်ဟု ထင်မြင်လေသည်။
ယခုအချိန်တွင် မုန့်ယွင်လော်သည် ယွီရှီကို ဆွေမျိုးရင်းချာ တွေ့ရသကဲ့သို့ ဝမ်းသာသွားပြီး လက်ကို ဆုပ်ကိုင်ကာ အလောတကြီး မေးလိုက်၏။ "ကြားတာတော့ ပထမမင်းသားအိမ်တော်၊ စတုတ္ထမင်းသားအိမ်တော်နဲ့ မင်းသမီးအိမ်တော် ၂ခုလုံး နန်းတော်ထဲဝင်ဖို့ အမိန့်ရထားတယ်တဲ့။ ညီမလေးရော အမိန့်ရထားပြီလား"
ယွီရှီက ခေါင်းခါလိုက်သည်။ "မရပါဘူး"
"ငါလည်း မရဘူး" မုန့်ယွင်လော်သည် ရင်ဘတ်ကို ဖိထားပြီး မျက်နှာထား မကောင်းပေ။ "ဘာဖြစ်လို့လဲ မသိဘူး။ ငါ့ရင်ထဲမှာ တဒိန်းဒိန်း ခုန်နေပြီး စိတ်မအေးဘူး။ တစ်ခုခု ဖြစ်တော့မလို ခံစားနေရတယ်"
ယွီရှီသည် နှုတ်ခမ်းကို ကိုက်ထားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ညီမက အိမ်တော်အပြင်ကို သိပ်မထွက်တော့ အပြင်က ကိစ္စတွေကို နားမလည်ပါဘူး။ အရှင်မင်းသားက မနက်စောစောကတည်းက ပျောက်နေပြီး နန်းတော်ထဲ ဝင်သွားတယ်လို့ပဲ သိရတယ်။ ဘာကိစ္စလဲဆိုတာ မသိရဘူး။ စန်းစောင် သိမယ်ထင်လို့ လာမေးတာပါ"
မုန့်ယွင်လော်၏ စိတ်နှလုံး လေးလံသွားသည်။
လီဟောက်လည်း နန်းတော်ထဲ ဝင်သွားတယ်လေ။
သူတို့ညီအစ်ကိုတွေ နန်းတော်ထဲမှာ ပြဿနာများ ရှာခဲ့ကြတာလား။
မုန့်ယွင်လော်သည် ယမန်နေ့ညက လီဟောက်၏ ပုံစံမမှန်မှုကို တွေးမိပြီး မကောင်းသော နိမိတ်များကို ပိုမို ခံစားလာရသည်။
သူမက အံကြိတ်ကာ ပြောလိုက်လေသည်။ "ငါတို့ ဒီမှာ ထိုင်ပြီး လျှောက်တွေးနေမယ့်အစား နန်းတော်ထဲဝင်ပြီး သွားကြည့်ရအောင်"
ယွီရှီလည်း ခေါင်းညိတ်လိုက်လေသည်။
သူမတို့ နှစ်ယောက်သည် မြင်းလှည်းစီးပြီး နန်းတော်ထဲသို့ အတူတကွ ဝင်ရောက်လာကြသည်။
နန်းတော်အတွင်းတွင် ရှုပ်ထွေးနေပြီး မည်သူကမျှ သူမတို့နှစ်ယောက်ကို ဂရုမစိုက်အားကြပေ။ မင်းသားကြင်ရာတော်များ ဖြစ်ကြသည့်အလျောက် နန်းတွင်းသို့ ဝင်ထွက်ရ လွယ်ကူလေသည်။ ရှို့နဉ်နန်းဆောင်သို့ သွားသော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။ ယန်ရှီးနန်းဆောင်သို့ သွားသောအခါတွင်လည်း မုန့်ဖေး ရှိမနေပေ။
ယန်ရှီးနန်းဆောင်မှ အပျိုတော်များသည် သတင်းအချို့ သိရှိထားကြပြီး တိုးတိုးလေး ပြောပြလိုက်ကြသည်။ "ကြားတာတော့ အရှင်မင်းကြီး သတိမေ့နေလို့ ညန်ညန်က လွန်ခဲ့တဲ့ ၂နာရီလောက်ကတည်းက ဝမ်ဟွားနန်းဆောင်ကို သွားနေတာ။ အခုထိ ပြန်မလာသေးဘူး"
စကားနှစ်ခွန်းတည်းနှင့် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
မုန့်ယွင်လော်၏ မျက်နှာ ဖြူဖပ်ဖြူရော ဖြစ်သွားပြီး ခြေထောက်များ ပျော့ခွေသွားတော့သည်။
ယွီရှီ၏ မျက်နှာသည်လည်း ဖြူစွတ်သွားပြီး မုန့်ယွင်လော်ကို ကြည့်လိုက်လေသည်။ "စန်းစောင်၊ အရှင်မင်းသားတို့ ပြဿနာရှာလိုက်တာများလား..."
မုန့်ယွင်လော်သည် ယွီရှီ၏ လက်ကို ဆွဲကိုင်လိုက်ရာ လက်သည်းရှည်များကြောင့် ယွီရှီ၏ လက်ဖမိုးတွင် ခြစ်ရာများ ထင်ကျန်ရစ်ခဲ့သည်။ "ငါတို့ အခုပဲ ဝမ်ဟွားနန်းဆောင်ကို သွားပြီး မေးကြည့်ကြမယ်"
ယွီရှီသည် နာကျင်မှုကို ကြိတ်မှိတ်သည်းခံပြီး ဘာမှ မပြောတော့ပေ။
သူတို့နှစ်ယောက်သည် ဝမ်ဟွားနန်းဆောင်သို့ အလျင်စလို သွားရောက်ကြသည်။
နန်းဆောင်တံခါးဝသို့ ရောက်သည့်အခါ တားဆီးခံလိုက်ရသည်။ အတွင်းနန်းဆောင်ကုန်းကုန်းက ဝင်ရောက် သတင်းပို့လိုက်ပြီး ခဏအကြာတွင် မုန့်ဖေး ထွက်လာခဲ့သည်။
"ကူးမူ" မုန့်ယွင်လော်သည် စိတ်လှုပ်ရှားစွာဖြင့် ခေါ်လိုက်မိသည်။ အသံများပင် တုန်ရီနေလေသည်။ "ကူးမူ၊ ဒီနေ့ တကယ် ဘာဖြစ်သွားတာလဲ"
မုန့်ဖေး၏ မျက်လုံးများ နီရဲနေပြီး အသံ အက်ကွဲနေလေသည်။ "တကယ် ဘာဖြစ်တာလဲဆိုတာ လီဟောက်နဲ့ လီချန်ကို မေးမှ ရမယ်။ အရှင်မင်းကြီးက သူတို့ကြောင့် ဒေါသထွက်ပြီး သတိမေ့သွားတာ။ အခု နာရီဝက်လောက် ကြာနေပြီ၊ သတိမရလာသေးဘူး။ တကယ်လို့ အရှင်မင်းကြီး တစ်ခုခု ဖြစ်သွားရင် အဲဒီ သားမိုက်နှစ်ကောင်လည်း အသက်ရှင်ရမှာ မဟုတ်ဘူး"
စကားဆုံးသည်နှင့် မုန့်ယွင်လော်သည် ခွေခနဲ လဲကျသွားလေတော့သည်။
ယွီရှီ၏ မျက်နှာသည် ဖြူစွတ်သွားသော်လည်း အံကြိတ်ပြီး တောင့်ထားလိုက်၏။
မုန့်ဖေးက ဘာမှ ဆက်မပြောချင်တော့ဘဲ မှာကြားပြီး ပြန်ဝင်သွားလေသည်။ "ငါ အထဲဝင်ပြီး သမားတော်တစ်ယောက်လောက် ထွက်ခိုင်းလိုက်မယ်။ ဘာမှ ကူညီနိုင်တာ မဟုတ်ရင် ရှုပ်အောင် မလုပ်ကြနဲ့တော့"
ယွီရှီမှာ နှုတ်ခမ်းကို ပြတ်မတတ် ကိုက်ထားမိပြီး မျက်ရည်များ တပေါက်ပေါက် ကျဆင်းလာတော့သည်။
...
အပိုင်း (၆၀၅) လေဖြတ်ခြင်း (၁)
နောက်ထပ် နေ့ဝက် ကုန်ဆုံးသွားသည်။
မိုးချုပ်သွားခဲ့လေပြီ။
မယ်တော်ကြီးကျောက်သည် ကုတင်ဘေးတွင် စောင့်နေရန် အတင်းအကျပ် တောင်းဆိုနေသဖြင့် မည်သူကမျှ ဖျောင်းဖျ၍ မရပေ။ ချောင်မိဖုရားခေါင်သည်လည်း ထွက်ခွာသွား၍ မဖြစ်သလို မုန့်ဖေးနှင့် ချင်ဖေးတို့လည်း ကျန်ရစ်နေခဲ့ကြသည်။ မင်းသား၊ မင်းသမီး၊ ကြင်ရာတော်နှင့် သမက်တော်များ အားလုံး စုဝေးနေကြသဖြင့် လူအုပ်ကြီး ဖြစ်နေတော့သည်။
မြေးတော်၊ မြေးမလေးများပင် ရောက်ရှိနေကြပြီ။
သို့သော် အားလုံး ဝင်ခွင့်မရကြပေ။ ယုံးကျားဧကရာဇ်၏ အိပ်ခန်းထဲတွင် မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင် နှစ်ပါးတည်းသာ ရှိနေပြီး ကျန်သူများမှာ အပြင်ခန်းတွင် စောင့်ဆိုင်းနေရသည်။
လီဟန်သည် ငယ်ရွယ်သော်လည်း လေးလံထိုင်းမှိုင်းနေသော အခြေအနေကို ခံစားမိသဖြင့် မလုံမလဲ ဖြစ်နေပြီး လီရွှမ်း၏ ဘေးသို့ ကပ်သွားကာ တိုးတိုးလေး ခေါ်လိုက်လေသည်။ "မမ"
မိခင်ဖြစ်သူ ထွက်သွားသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူသည် မိခင်ကို မတွေ့ရသလို အဘွားဖြစ်သူကိုလည်း သွားတွေ့ခွင့် မရပေ။ နေ့တိုင်း လီရွှမ်းအနားတွင်သာ ကပ်နေရသည်။
လီရွှမ်းသည် ဒီရက်ပိုင်းအတွင်း လီဟန်ကို ထိန်းကျောင်းနေရသဖြင့် သည်းခံစိတ် ပိုရှိလာခဲ့သည်။ "ဘာဖြစ်လို့လဲ"
"သား ကြောက်တယ်" လီဟန်က သနားစရာ မျက်နှာလေးဖြင့် ပြောလိုက်သည်။
လီရွှမ်းက လက်ကိုဆန့်ကာ လီဟန်၏ ပါးဖောင်းဖောင်းလေးကို ကိုင်လိုက်ပြီး "မကြောက်နဲ့၊ မမ ရှိတယ်လေ" ဟု ပြောလိုက်သည်။
လီရွှီကလည်း ခေါင်းငုံ့ကာ လီဟန်၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ "ကိုကိုလည်း ရှိတယ်"
လီဟန်သည် နှာခေါင်းရှုံ့လိုက်ပြီး အင်း ဟု ပြန်ဖြေကာ ငြိမ်သွားလေသည်။
လီရွှီနှင့် လီရွှမ်းတို့သည် ၇နှစ်အရွယ် ကလေးများသာ ဖြစ်ကြပြီး သူတို့ကိုယ်တိုင်လည်း ကြောက်လန့်နေကြသည်။ သို့သော် မောင်လေး၏ ရှေ့တွင်တော့ သတ္တိရှိပြီး တည်ငြိမ်ဟန်ဆောင်နေရသည်။
"ဘိုးဘိုးက သတိမေ့နေတာ တစ်ရက်ရှိပြီ။ အခုထိ မနိုးသေးဘူး" လီရွှမ်းက လီရွှီကို တိုးတိုးလေး ပြောလိုက်သည်။ "ဒီညအထိ မနိုးလာရင် ဘယ်လိုလုပ်မလဲ"
လီရွှီက မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။ "လျှောက်မပြောနဲ့။ ဘိုးဘိုး နိုးလာမှာပါ"
လူတွေအများကြီး ရှိနေတဲ့နေရာမှာ တချို့စကားတွေကို စည်းစောင့်ပြီး ပြောရမည်။
လီရွှမ်းသည် မလှမ်းမကမ်းတွင် ရှိနေသော ဘကြီးနှင့် ဦးလေးတို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပါးစပ်ဖျားအထိ ရောက်လာသော စကားများကို ပြန်မျိုချလိုက်လေသည်။
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့၏ စိတ်အခြေအနေသည်လည်း လေးလံရှုပ်ထွေးနေကြ၏။
ဘာပဲဖြစ်ဖြစ် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သတိမရလာသူမှာ ဖခင်အရင်း ဖြစ်သည်။ ပထမမင်းသားသည် ဆယ်နှစ်ကျော်တိုင်တိုင် အချစ်ခံခဲ့ရသူ ဖြစ်သဖြင့် ယုံးကျားဧကရာဇ်အပေါ် သံယောဇဉ် အရှိဆုံး ဖြစ်သည်။ စတုတ္ထမင်းသားသည်လည်း ဒီနှစ်ပိုင်းအတွင်း ယုံးကျားဧကရာဇ်နှင့် ထိတွေ့ဆက်ဆံမှု များလာပြီး သားအဖသံယောဇဉ် တိုးပွားလာခဲ့သဖြင့် ဖခင်ဖြစ်သူ ဒုက္ခရောက်သည်ကို မမြင်လိုကြပေ။
"စစ်တိ" ပထမမင်းသားက တိုးတိုးလေး ပြောလိုက်သည်။ "ဖုဟွမ်က လေဖြတ်သွားတာများလား"
စတုတ္ထမင်းသားက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။ "ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာနေပြီ"
ညီအစ်ကိုနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စကားစဖြတ်လိုက်ကြသည်။
ဆက်ပြောစရာ မလိုတော့ပေ။ လေဖြတ်ခြင်းဆိုသည်မှာ မည်သို့သော ရောဂါမျိုး ဖြစ်သည်ကို သူတို့ ကောင်းစွာ သိကြသည်။ ဒီလိုရောဂါမျိုး ဖြစ်ပွားပါက သာမန်လူလို လမ်းလျှောက်ဖို့ စကားပြောဖို့ မလွယ်ကူတော့ဘဲ အချိန်အများစုကို အိပ်ရာထဲတွင်သာ ကုန်ဆုံးရလိမ့်မည်။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတစ်ယောက်အနေဖြင့် မနက်ခင်းညီလာခံ မတက်နိုင်တော့လျှင်၊ နိုင်ငံရေးကိစ္စများ မဆုံးဖြတ်နိုင်တော့လျှင်...
ကျွီခနဲ အသံမြည်လာပြီး အိပ်ခန်းတံခါး ပွင့်လာလေသည်။
အားလုံး စိတ်လှုပ်ရှားသွားကြပြီး ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။ လျိုကုန်းကုန်း ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
လျိုကုန်းကုန်းသည် ယနေ့တွင် ကြီးမားသော အကျိုးဆောင်မှု ပြုလုပ်ခဲ့သည်။ ကိုယ့်ခန္ဓာကိုယ်ကို စွန့်ပြီး အရှင်မင်းကြီးအတွက် အခုအခံ လုပ်ပေးခဲ့သည်။ ယုံးကျားဧကရာဇ်ကို အိပ်ခန်းထဲသို့ ရွှေ့ပြောင်းပြီးသည့်တိုင် လျိုကုန်းကုန်းသည် သွားရောက်အနားယူခြင်း မရှိဘဲ ဘေးတွင် ဆက်လက် စောင့်ရှောက်နေခဲ့သည်။ ထိုသစ္စာတရားသည် အမှန်တကယ်ပင် လေးစားဖွယ်ကောင်းလှသည်။
"လျိုကုန်းကုန်း" ပထမမင်းသားက ဦးစွာ မေးမြန်းလိုက်သည်။ "ဖုဟွမ် ဘယ်လိုနေသေးလဲ"
လျိုကုန်းကုန်းသည် ဝမ်းသာအားရ ပြောလိုက်လေသည်။ "အရှင်မင်းကြီး သတိရလာပါပြီ"
နောက်ဆုံးတော့ သတိရလာပြီပဲ။
အားလုံး သက်ပြင်းချနိုင်သွားကြသည်။ ဟွေ့အန်းကုန်းကျူနှင့် ကျင့်အန်းတို့သည် ဝမ်းသာလွန်း၍ မျက်ရည်ကျလာကြပြီး အခန်းထဲသို့ ဝင်ပြေးရန် ပြင်လိုက်ကြသည်။ ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည်လည်း အခန်းရှေ့သို့ ရောက်ရှိနေကြပြီ။
လျိုကုန်းကုန်းက အလျင်အမြန် တားဆီးလိုက်လေသည်။ "အရှင်မင်းသားတို့ ခဏနေပါဦး။ ဟွမ်ဟုပ်ညန်ညန်က အမိန့်ပေးထားပါတယ်။ အရှင်မင်းကြီးက အခုမှ သတိရလာတာမို့ စကားမပြောနိုင်သေးပါဘူး။ အရှင်မင်းသားတို့ အရင် ပြန်နားလိုက်ကြပါဦး။ မနက်ဖြန် မနက်စောစောကျမှ ပြန်လာကြပါတဲ့"
ဟွေ့အန်းကုန်းကျူနှင့် ကျင့်အန်းတို့သည် မျက်ရည်သုတ်ပြီး အရင်ဆုံး ထွက်ခွာသွားကြသည်။ ကိုယ်လုပ်တော်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။
ပထမမင်းသားကတော့ ပြန်ရန် ငြင်းဆန်နေလေသည်။ "ကျွန်တော် ဖုဟွမ်ကို တစ်ချက်လောက် တွေ့ပြီးမှ ပြန်မယ်"
စတုတ္ထမင်းသားကလည်း အားကျမခံ ပြန်ပြောလေသည်။ "ကျွန်တော်လည်း ဖုဟွမ်ကို တွေ့ချင်တယ်"
လျိုကုန်းကုန်းသည် မတတ်သာဘဲ ဝင်ရောက် သတင်းပို့လိုက်ရသည်။
ခဏအကြာတွင် ချောင်မိဖုရားခေါင် ထွက်လာခဲ့သည်။ ချောင်မိဖုရားခေါင်သည် မျက်နှာထား တင်းမာနေပြီး စူးရဲစွာ ကြည့်လိုက်လေသည်။ "အရှင်မင်းကြီးက အခုမှ သတိရတာ။ စကားတောင် မပြောနိုင်သေးဘူး။ ပန်ကုံးက မင်းတို့ကို ပြန်နားခိုင်းတာ ဘာပြဿနာ ရှိလို့လဲ"
ပထမမင်းသားသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေပြီး ချက်ချင်း ပြန်ပြောလိုက်လေသည်။ "သားတော် ပြဿနာရှာတာ မဟုတ်ပါဘူး။ ဖုဟွမ်ရဲ့ ကျန်းမာရေးကို စိတ်ပူလို့ ဘေးမှာ စောင့်ရှောက်ချင်တာပါ"
"သားသမီးတစ်ယောက်အနေနဲ့ မိဘကို ပြုစုစောင့်ရှောက်တာ တာဝန်ပဲလေ" စတုတ္ထမင်းသားက ဝင်ပြောလိုက်သည်။ "မူဟုပ် သားတော်တို့ရဲ့ စေတနာကို နားလည်ပေးပါ"
တကယ်ပဲ ပြုစုချင်တာလား။ ဒါမှမဟုတ် အခြေအနေကို အကဲခတ်ချင်တာလား။
ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် အေးစက်စက် ရယ်မောလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "လီဟောက်နဲ့ လီချန်ဆိုတဲ့ တိရစ္ဆာန်ကောင်နှစ်ကောင်သာ မရှိရင် အရှင်မင်းကြီးက ဒီလောက် ဒေါသထွက်မှာ မဟုတ်ဘူး။ မင်းတို့က ပါးစပ်ကသာ ပြုစုချင်တယ်ပြောနေတာ။ ကြည့်ရတာ သူတို့လိုပဲ ပန်ကုံးကို ဒေါသထွက်ပြီး မေ့လဲသွားအောင် လုပ်ချင်နေကြတာ မဟုတ်လား"
ဤမျှ ကြီးမားသော ခေါင်းစဉ်ကြီး တပ်လိုက်သဖြင့် ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့ မခံနိုင်ကြတော့ဘဲ တောင်းပန်လိုက်ကြရသည်။
ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် အေးစက်သွားလေသည်။ "အားလုံး ပြန်ကြတော့။ ကိုယ့်အိမ်တော်မှာပဲ ငြိမ်ငြိမ်လေး နေကြ"
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည် ရှက်ရွံ့စွာဖြင့် ပြန်လည် ထွက်ခွာသွားကြလေသည်။
ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။
လီရွှီနှင့် လီရွှမ်းတို့သည် လီဟန်ကို ဆွဲကာ ရှေ့တိုးလာကြသည်။ "အဘွားတော်၊ ဘာမှမဖြစ်ဘူး မဟုတ်လား"
ကြည်လင်ပြီး စိုးရိမ်ပူပန်နေသော မျက်လုံးသုံးစုံက သူမကို ကြည့်နေကြသည်။ ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် နွေးထွေးသွားပြီး ကလေးများကို ငုံ့ကာ ပွေ့ဖက်လိုက်လေသည်။ "ဘွားဘွား ဘာမှမဖြစ်ပါဘူး။ မြေးတို့ရဲ့ အဘိုးလည်း သတိရလာပြီ။ သုံးယောက်လုံး အိမ်ပြန်ပြီး အနားယူလိုက်ကြတော့နော်"
အခက်အခဲများနှင့် အတားအဆီးများသည် လူကို ရင့်ကျက်စေသည်။ လီရွှီနှင့် လီရွှမ်းတို့သည် ဒီရက်ပိုင်းအတွင်း လူကြီးလေးတွေလို လိမ်မာနေကြသည်။ နှစ်ယောက်လုံး ပြိုင်တူ ခေါင်းညိတ်ပြလိုက်ကြသည်။
လီဟန်သည် ပြန်မသွားချင်ဘဲ တိုးတိုးလေး ပြောလိုက်လေသည်။ "ဘွားဘွား၊ သား ဘွားဘွားကို လွမ်းတယ်"
ချောင်မိဖုရားခေါင်၏ နှာခေါင်းထဲတွင် စူးရှသွားပြီး ထိန်းထားသော မျက်ရည်များ ကျဆင်းလာတော့သည်။ "ဘွားဘွားလည်း မြေးလေးကို လွမ်းတာပေါ့။ ဟန်အာလေး လိမ်မာတယ်။ ကိုကို မမနဲ့ ပြန်လိုက်သွားနော်။ မနက်ဖြန်ကျမှ ပြန်လာခဲ့"
လီဟန်သည် ခြေဖျားထောက်ကာ ချောင်မိဖုရားခေါင်၏ မျက်ရည်များကို သုတ်ပေးလိုက်ကာ "ဘွားဘွား မငိုနဲ့နော်။ သား ဘွားဘွားစကား နားထောင်ပါ့မယ်"
ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် ဝမ်းနည်းမှုရော ကြည်နူးမှုပါ ရောပြွမ်းနေလေသည်။
မြေးတော် မြေးမတော်လေးများ အတွက် သူမသည် အခြေအနေကို တည်ငြိမ်အောင် ထိန်းထားနိုင်ရမည်။
ကလေးများ ထွက်ခွာသွားပြီးနောက် ချောင်မိဖုရားခေါင်သည် အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ယုံးကျားဧကရာဇ်သည် တကယ်ပဲ သတိရလာပြီ ဖြစ်သော်လည်း လှုပ်ရှား၍ မရသလို စကားလည်း မပြောနိုင်ပေ။ မျက်လုံးကိုသာ ဖွင့်ထားနိုင်လေသည်။ နဂါးမျက်ဝန်းများထဲတွင် ဒေါသ၊ နောင်တ စသော ခံစားချက်များ ရှုပ်ထွေးနေပြီး ကြောက်ရွံ့မှု အရိပ်အယောင်များလည်း တွေ့မြင်နေရသည်။
ရုတ်တရက် သစ်တုံးတစ်တုံးလို ဖြစ်သွားသည်ကို သိလိုက်ရလျှင် မည်သူမဆို ပထမဆုံး ခံစားရသည်မှာ ပြင်းထန်သော ကြောက်ရွံ့မှုပင်။
မယ်တော်ကြီးကျောက်သည် လက်ကိုင်ပဝါဖြင့် မျက်နှာကို အုပ်ကာ သည်းထန်စွာ ငိုကြွေးနေလေသည်။ "ငါ့သားရယ်... ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ"
ချောင်မိဖုရားခေါင်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ရှေ့သို့ တိုးကာ မယ်တော်ကြီးကျောက်ကို နှစ်သိမ့်ပေးလိုက်လေသည်။ "အရှင်မင်းကြီး သတိရလာတာ ကောင်းတဲ့ကိစ္စပါ။ ဖြည်းဖြည်းချင်း ကုသယူရင် ပြန်ကောင်းလာမှာပါ။ မယ်တော်ကြီး မငိုပါနဲ့တော့"
မယ်တော်ကြီးကျောက်သည် ဆက်လက် ငိုကြွေးနေဆဲပင်။ "နင်ကတော့ မပူဘူးပေါ့လေ။ နင်က ငါ့သား မြန်မြန်သေပြီး နင့်သား နန်းတက်မှာကို မျှော်နေတာ မဟုတ်လား။ နင်က မယ်တော်ကြီး လုပ်ချင်နေတာလေ"
ချောင်မိဖုရားခေါင် "..."
အခန်းထဲရှိ သမားတော်များနှင့် အတွင်းနန်းဆောင်ကုန်းကုန်းများသည် ခေါင်းငုံ့ထားလိုက်ကြသည်။
ချောင်မိဖုရားခေါင်သည် ပြန်လည် ချေပချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။ "အာရှီက စေတနာနဲ့ နှစ်သိမ့်ပေးတာကို မယ်တော်ကြီးက ဒီလို အထင်လွဲတော့လည်း အာရှီ ဘာမှ မပြောလိုတော့ပါဘူး။ မယ်တော်ကြီးက အာရှီကို စိတ်မချမှတော့ အာရှီ ကျောင်းဖန်နန်းဆောင်ကိုပဲ ပြန်လိုက်ပါတော့မယ်"
မယ်တော်ကြီးကျောက်သည် မျက်ရည်သုတ်ပြီး အံကြိတ်ကာ ပြောလိုက်လေသည်။ "ပြန်တော့။ ငါ ကိုယ်တိုင် ဒီမှာ စောင့်နေမယ်"
ချောင်မိဖုရားခေါင်သည် မယ်တော်ကြီးကျောက်နှင့် ဆက်လက် ငြင်းခုံမနေတော့ဘဲ နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။ ထွက်မသွားခင် ယုံးကျားဧကရာဇ်ကို တစ်ချက် လှမ်းကြည့်လိုက်သေးသည်။
ယုံးကျားဧကရာဇ်သည်လည်း ချောင်မိဖုရားခေါင်ကို ပြန်ကြည့်နေလေသည်။
မျက်လုံးချင်း ဆုံမိသည့်အခါ ချောင်မိဖုရားခေါင်၏ မျက်ဝန်းများသည် ရေကန်ပြင်ပမာ တည်ငြိမ်နေသော်လည်း ယုံးကျားဧကရာဇ်၏ မျက်ဝန်းများသည် လှိုင်းထန်သော ပင်လယ်ပြင်ကဲ့သို့ ဖြစ်နေလေတော့သည်။
...
အပိုင်း (၆၀၆) လေဖြတ်ခြင်း (၂)
ပင်လယ်လှိုင်းတံပိုးများက မည်မျှပင် ပြင်းထန်နေသည်ဖြစ်စေ ထိုလှိုင်းများသည် မျက်ဝန်းအိမ်ထဲတွင် ပိတ်မိသွားခဲ့လေသည်။
ချောင်မိဖုရားခေါင်သည် အမူအရာမပျက်ဘဲ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဝမ်ဟွားနန်းဆောင်မှ ထွက်ခွာလာခဲ့၏။
ကောင်းကင်ကြီးသည် လုံးဝ မှောင်မိုက်လို့နေလေပြီ။ လခြမ်းကွေးလေးနှင့်အတူ ကြယ်ပွင့်အနည်းငယ်သည် မှုန်ပျပျ အလင်းရောင်များ ထုတ်လွှတ်နေလေသည်။
ချောင်မိဖုရားခေါင်သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။ ဘေးနားရှိ ချိုင်လန်သည် အလျင်အမြန် ရှေ့တိုးလာပြီး ချောင်မိဖုရားခေါင်၏ လက်မောင်းကို တွဲကူလိုက်ကာ "ညန်ညန်"
စိတ်လှုပ်ရှားနေစဉ်တွင် မသိသာသော်လည်း စိတ်အနည်းငယ် လျှော့ချလိုက်သည်နှင့် မောပန်းနွမ်းနယ်မှုများ ဝင်ရောက်လာတော့သည်။ ချောင်မိဖုရားခေါင်သည် ချိုင်လန်၏ ရှေ့တွင် ဟန်ဆောင်စရာ မလိုသဖြင့် ခန္ဓာကိုယ်ကို မှီချလိုက်လေသည်။
ချိုင်လန်သည် ချောင်မိဖုရားခေါင်ကို တွဲကူလျက် ကျောင်းဖန်နန်းဆောင်သို့ ပြန်ခေါ်လာခဲ့ပြီး ညစာ ပြင်ဆင်ခိုင်းလိုက်သည်။ ပူပူနွေးနွေး ထမင်းဟင်းများ လာချပေးသော်လည်း ချောင်မိဖုရားခေါင်သည် စားချင်စိတ် မရှိဘဲ နှစ်လုပ်သုံးလုပ်ခန့်သာ စားပြီး တူကို ချလိုက်လေသည်။
ချိုင်လန်သည်လည်း အတင်း မတိုက်တွန်းတော့ဘဲ ဘေးတွင် တိတ်တိတ်လေး စောင့်နေပေးလိုက်သည်။
ဇနီးမောင်နှံ သံယောဇဉ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ယုံးကျားဧကရာဇ်သည် နန်းတွင်း၏ ကောင်းကင်ပင်။ ထိုကောင်းကင် ပြိုကျသွားပါက နန်းတွင်းရေးရာများ ရှုပ်ထွေးလာရုံသာမက အနောက်နန်းဆောင်သည်လည်း ဦးဆုံး ဂယက်ရိုက်ခတ်ခံရမည့်နေရာ ဖြစ်သည်။
"ရွှီအာတို့ကော ဘယ်ရောက်ကုန်ပြီလဲ" ချောင်မိဖုရားခေါင်သည် အားတင်းပြီး မေးလိုက်လေသည်။
ချိုင်လန်သည် သတိပြန်ဝင်လာပြီး ရိုသေစွာ ပြန်ဖြေလိုက်လေသည်။ "မင်းသားလေးတို့ အရှေ့နန်းဆောင်ကို ပြန်သွားကြပါပြီ။ ညန်ညန် စိတ်မချရင် ကျွန်မ အရှေ့နန်းဆောင်ကို ခဏလောက် သွားလိုက်ပါ့မယ်"
အဲဒါလည်း ကောင်းတာပဲ။
ချောင်မိဖုရားခေါင်က သက်ပြင်းချလိုက်လေသည်။ "ပန်ကုံး တကယ် ပင်ပန်းနေပြီ။ မင်းပဲ ပန်ကုံးကိုယ်စား သွားလိုက်ပါတော့။ သူတို့ကို နှစ်သိမ့်ပေးလိုက်ပါဦး။ ကောင်းကောင်း အနားယူဖို့ မှာလိုက်။ မနက်ဖြန် မနက်စောစောကျရင် ကျောင်းဖန်နန်းဆောင်ကို လာခဲ့ဖို့ ပြောလိုက်ပါ"
ယုံးကျားဧကရာဇ် လဲကျသွားသည်နှင့် သူမ၏ အကျယ်ချုပ်အမိန့်သည် အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်ရာ မြေးများကို အချိန်မရွေး တွေ့ခွင့်ရလာခဲ့သည်။
ချိုင်လန်သည်လည်း အမိန့်ကို နာခံပြီး အရှေ့နန်းဆောင်သို့ သွားလိုက်သည်။
အရှေ့နန်းဆောင်မှ အရာရှိများအားလုံးသည် ကျန်းနန်သို့ ပါသွားကြသဖြင့် ကျောက်ရွေ့တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ ကျောက်ရွေ့သည် စာပေရော သိုင်းပညာပါ သာမန်အဆင့်သာ ရှိသော်လည်း တာဝန်ကျေပွန်သူ ဖြစ်၏။ ထိုက်ဇီဖေး တိတ်တဆိတ် ထွက်ခွာသွားပြီးကတည်းက ကျောက်ရွေ့သည် အရှေ့နန်းဆောင်၏ လုံခြုံရေးရုံးခန်းတွင်ပင် နေထိုင်ပြီး နေ့ရောညပါ စောင့်ကြပ်နေခဲ့သည်။
ချိုင်လန် ဝင်လာသည်ကိုပင် မေးခွန်းအနည်းငယ် မေးမြန်းလိုက်သေးသည်။
ချိုင်လန်သည် ရယ်ရခက် ငိုရခက် ဖြစ်သွားသော်လည်း စိတ်ထဲ မထားပေ။
မေးမြန်းခံရပြီးနောက် ချိုင်လန်သည် အရှေ့နန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ လီရွှီ၊ လီရွှမ်းနှင့် လီဟန်တို့သည် ညစာစားပြီးသော်လည်း အိပ်မပျော်သေးပေ။ ချိုင်လန် ရောက်လာသည်ကို ကြားသည်နှင့် လီဟန်သည် ဦးဆုံး ပြေးထွက်လာပြီး မျှော်လင့်တကြီး မော့ကြည့်လိုက်လေသည်။ "ချိုင်လန်ကူးကူး၊ ဘွားဘွားက သားကို သတိရလို့လား"
လီဟန်သည် ငယ်ရွယ်သေးပြီး လူကပ်တတ်သူ ဖြစ်သည်။ ဒီရက်ပိုင်းအတွင်း မိခင်ရော အဘွားပါ မတွေ့ရသဖြင့် မည်သို့ ဖြတ်သန်းခဲ့ရမှန်း မသိချေ။
ချိုင်လန်သည် ရယ်ချင်သလို ငိုချင်သလို ဖြစ်သွားပြီး လီဟန်ကို ကောက်ချီလိုက်ကာ နူးညံ့စွာ ပြောလိုက်လေသည်။ "ဟုတ်ပါတယ်။ ဟွမ်ဟုပ်ညန်ညန်က မင်းသားလေးကို အမြဲ သတိရနေတာပါ"
လီရွှမ်းနှင့် လီရွှီတို့လည်း ထွက်လာကြသည်။
"လီဟန်၊ နင်က လေးတာကို။ ချိုင်လန်ကူးကူး ပင်ပန်းသွားဦးမယ်" လီရွှမ်းက ပြောလိုက်သည်။
လီဟန်သည် လိမ္မာစွာဖြင့် အင်း ဟု ပြောကာ ချိုင်လန်၏ ရင်ခွင်ထဲမှ လျှောဆင်းလိုက်လေသည်။
လီရွှမ်းသည် လီဟန်၏ လက်ကို ဆွဲကိုင်လိုက်ပြီး ချိုင်လန်ကို ပြုံးပြလိုက်၏။ "ချိုင်လန်ကူးကူး၊ ဘွားဘွားက ဒီလောက်မိုးချုပ်မှ ကူးကူးကို လွှတ်လိုက်တာ သမီးတို့ကို စိတ်မချလို့ ဖြစ်မှာပါ။ ဘွားဘွား စိတ်ချလက်ချ နေပါလို့ ပြောပေးပါ။ သမီးတို့ အဆင်ပြေပါတယ်"
"ဟုတ်တယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ်" လီရွှီက ဝင်ပြောလိုက်လေသည်။ "ဘွားဘွား ကျွန်တော်တို့ကိုပဲ စိတ်ပူမနေပါနဲ့လို့"
လီဟန်က ငယ်သေးတယ်ဆိုရင်တောင် ၇နှစ်အရွယ် လီရွှီနှင့် လီရွှမ်းတို့ကတော့ ဘယ်လောက် ကြီးပြင်းနေပြီမို့လို့လဲ။ လူကြီးတွေလို နားလည်ပေးတတ်နေကြတယ်။
ချိုင်လန်သည် ဝမ်းသာသလို ဝမ်းနည်းသလို ခံစားလိုက်ရပြီး အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်လေသည်။ "မင်းသားလေးတို့ မင်းသမီးလေးတို့ရဲ့ စကားကို ကျွန်မ သေချာ ပြန်လျှောက်တင်ပေးပါ့မယ်။ နောက်ပြီး မနက်ဖြန် မနက်စောစောကျရင် ကျောင်းဖန်နန်းဆောင်ကို ကြွခဲ့ဖို့ ဟွမ်ဟုပ်ညန်ညန်က မှာလိုက်ပါတယ်"
မောင်နှမ သုံးယောက်လုံးက ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
ချိုင်လန် ပြန်သွားပြီးနောက် လီဟန်သည် သမ်းဝေလိုက်လေသည်။
လီရွှမ်းသည် အသံကို ပျော့ပျောင်းအောင်လုပ်ထားကာ "မမ သားကို သိပ်ပေးမယ်နော်"
လီဟန်သည် အင်း ဟု ပြောပြီး လီရွှမ်း၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် အစ်ကိုဖြစ်သူ လီရွှီ၏ လက်ကို ဆွဲကိုင်လိုက်လေသည်။
လီရွှီနှင့် လီရွှမ်းတို့သည် အိပ်ရာခွဲအိပ်သည်မှာ ကြာပြီဖြစ်သည်။ သို့သော် မိခင်ဖြစ်သူ ထွက်ခွာသွားပြီးကတည်းက လီဟန်ကို နှစ်သိမ့်ရန်အတွက် မောင်နှမနှစ်ယောက်သည် လီဟန်ကို ကြားထဲထားပြီး အတူတူ အိပ်ပေးခဲ့ကြသည်။ လီဟန်သည် အစ်ကိုနှင့် အစ်မကြားတွင် ဖက်တီးလုံးလေးကဲ့သို့ ကွေးကွေးလေး နေရင်း အလျင်အမြန် အိပ်ပျော်သွားလေတော့သည်။
လီရွှီနှင့် လီရွှမ်းတို့မှာမူ စိတ်ထဲတွင် အတွေးများနေသဖြင့် အိပ်မပျော်နိုင်ကြပေ။
"နင် ပြောကြည့်။ ဘိုးဘိုးက ဒီတစ်ခါ ရောဂါဖြစ်တာ ပြန်ကောင်းလာနိုင်ပါ့မလား" လီရွှမ်းက တိုးတိုးလေး မေးလိုက်သည်။
လီရွှီက လန့်သွားပြီး အသံကို နှိမ့်ကာ ပြောလိုက်လေသည်။ "အဲဒီလို လျှောက်မပြောနဲ့။ ဘိုးဘိုးက နဂါးအစစ်မို့လို့ သေချာပေါက် ပြန်ကောင်းလာမှာပါ"
လီရွှမ်းက နှုတ်ခမ်းဆူလိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။ "ငါက နင့်ကိုမို့လို့ ပြောပြတာပါ"
မောင်နှမနှစ်ယောက်သည် လေဖြတ်ခြင်းအကြောင်း ကောင်းကောင်း နားမလည်ကြသေးပေ။ သို့သော် လူကြီးများ၏ တုံ့ပြန်ပုံအရ အခြေအနေ မကောင်းမှန်း ရိပ်မိကြသည်။ လီရွှီက သက်ပြင်းချလိုက်ကာ "မေမေ မြန်မြန် ပြန်လာရင် ကောင်းမှာပဲ။ ဘွားဘွားတစ်ယောက်တည်းဆိုရင် အခြေအနေကို ထိန်းနိုင်ပါ့မလား မသိဘူး"
နန်းတွင်းမှ အရာရှိကြီးများ၊ အနောက်နန်းဆောင်မှ ကိုယ်လုပ်တော်များ၊ စိတ်ထားအမျိုးမျိုး ရှိကြသော မင်းသား၊ မင်းသမီးများက ရှိသေးသည်။ ချောင်မိဖုရားခေါင် တစ်ယောက်တည်းနှင့်ဆိုလျှင် အမှန်တကယ်ပင် အားနည်းလွန်းလှသည်။
မေမေ ရှိရင် ကောင်းမှာပဲ။
လီရွှမ်းသည် မျက်ခုံးလေးများကို တွန့်ချိုးလိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်လေသည်။ "မနက်ဖြန်ကစပြီး နင် စာဆက်သင်။ ငါ မောင်လေးကို ခေါ်ပြီး နေ့တိုင်း ကျောင်းဖန်နန်းဆောင်ကို သွားပြီး ဘွားဘွားကို အဖော်လုပ်ပေးမယ်"
လီရွှီက ဘာပြောရမှန်း မသိတော့ပေ။ "နင် အဖော်လုပ်ပေးလို့ ဘာထူးမှာမို့လို့လဲ"
လီရွှမ်းသည် ထိုစကားကို မကြိုက်သဖြင့် အစ်ကိုဖြစ်သူကို မျက်စောင်းထိုးလိုက်ပြီး လက်သီးဆုပ် ပြလိုက်လေသည်။ "နင် ငါ့ကို အထင်မသေးနဲ့နော်"
လီရွှီသည် နှုတ်ခမ်းမဲ့လိုက်ပြီး လီရွှမ်းနှင့် ဆက်မငြင်းခုံတော့ဘဲ မျက်လုံးမှိတ်လိုက်လေသည်။
...
ထိုညသည် လူအများအပြားအတွက် အိပ်မပျော်သော ညတစ်ည ဖြစ်ခဲ့သည်။
လီဟန်တစ်ယောက်တည်းသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့ နံနက်တွင် လီဟန်သည် ပျော်ရွှင်စွာဖြင့် ကျောင်းဖန်နန်းဆောင်သို့ သွားလေသည်။
တစ်ညလုံး အိပ်မပျော်ခဲ့သော ချောင်မိဖုရားခေါင်သည် အနည်းငယ် နွမ်းနယ်နေသော်လည်း မြေးများကို မြင်လိုက်ရသည်နှင့် အားအင်များ ပြည့်ဝလာကာ ပြုံးရွှင်စွာဖြင့် လီဟန်ကို ပွေ့ချီလိုက်သည်။ ထို့နောက် လီရွှီနှင့် လီရွှမ်းတို့ကို ဆွဲခေါ်ပြီး ဂရုတစိုက် မေးမြန်းလိုက်လေသည်။
လီရွှီက လိမ္မာစွာ ပြောလိုက်လေသည်။ "ဘိုးဘိုးက နေမကောင်းဖြစ်တာဆိုတော့ ဖြည်းဖြည်းချင်း ကုသယူရင် ပြန်ကောင်းလာမှာပါ။ ဘွားဘွား အရမ်း စိတ်မပူပါနဲ့။ ကျန်းမာရေး ဂရုစိုက်ပါ"
ချောင်မိဖုရားခေါင်သည် ရင်ထဲတွင် နွေးထွေးသွားပြီး ပြုံးလျက် ပြန်ပြောလိုက်လေသည်။ "ကောင်းပါပြီ။ ဘွားဘွား နားထောင်ပါ့မယ်"
လီရွှမ်းက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။ "ဘွားဘွား၊ သမီး စာသင်ဆောင်ကို မသွားတော့ဘူး။ နေ့တိုင်း ဘွားဘွားကို လာပြီး အဖော်လုပ်ပေးမယ်"
ချောင်မိဖုရားခေါင်သည် မျက်ရည်များ ဝဲလာပြီး ငိုလုမတတ် ဖြစ်သွားတော့သည်။
ထိုအချိန်တွင် အပျိုတော်တစ်ဦး အလျင်စလို ဝင်ရောက် သတင်းပို့လိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ ဝမ်ဟွားနန်းဆောင်က သတင်းပို့လာပါတယ်။ ညန်ညန်ကို အခုချက်ချင်း ကြွပါတဲ့"
ချောင်မိဖုရားခေါင်သည် ခေါင်းညိတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်လေသည်။
လီရွှီ၊ လီရွှမ်းနှင့် လီဟန်တို့သည်လည်း လိုက်ပါရန် တောင်းဆိုကြသည်။
ချောင်မိဖုရားခေါင်သည် ကလေးများ၏ စေတနာကို မငြင်းရက်သဖြင့် အတူတကွ ခေါ်ဆောင်သွားလိုက်သည်။ ဝမ်ဟွားနန်းဆောင်သို့ ရောက်သောအခါ ပထမမင်းသား၊ စတုတ္ထမင်းသား၊ မုန့်ဖေးနှင့် ချင်ဖေးတို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ အားလုံးသည် ယုံးကျားဧကရာဇ်၏ ကုတင်ဘေးတွင် ဝိုင်းရံနေကြသည်။
တစ်ညလုံး စောင့်ရှောက်ခဲ့သော မယ်တော်ကြီးကျောက်သည် မျက်ရည်များစွာ ကျထားသဖြင့် မျက်လုံးများ နီရဲရောင်ရမ်းနေပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ ပိုများလာကာ အိုစာသွားသယောင်ပင်။
ယုံးကျားဧကရာဇ်သည် ယမန်နေ့ညကထက် အနည်းငယ် သက်သာလာပြီး လက်ချောင်းများကို မသိမသာ လှုပ်ရှားနိုင်လာပြီ ဖြစ်သည်။
သမားတော်ချုပ်ကျိုးသည် ခပ်တိုးတိုးအသံဖြင့် လျှောက်တင်လိုက်၏။ "ဟွမ်ဟုပ်ညန်ညန်၊ အရှင်မင်းကြီး ခံစားနေရတာ လေဖြတ်ရောဂါပါ။ ဒီရောဂါမျိုးက စိတ်လှုပ်ရှားလို့ မဖြစ်ပါဘူး။ စိတ်ကို အေးအေးထားပြီး ဖြည်းဖြည်းချင်း ကုသရမှာပါ။ နေ့တိုင်း ရွှေအပ်စိုက်မယ်၊ ဆေးသောက်မယ်၊ ဆေးရည်စိမ်မယ်ဆိုရင် တစ်နှစ် တစ်နှစ်ခွဲလောက်နေရင် သက်သာလာနိုင်ပါတယ်"
တကယ်ပဲ လေဖြတ်တာကိုး။
ချောင်မိဖုရားခေါင်သည် ရင်ထဲတွင် တည်ငြိမ်နေသော်လည်း မျက်နှာပေါ်တွင်တော့ ဝမ်းနည်းပူဆွေးဟန် ပြသလိုက်လေသည်။ "ပန်ကုံး သိပါပြီ။ နောက်ပိုင်းကျရင် သမားတော်ချုပ်ကျိုးပဲ အရှင်မင်းကြီးကို ဂရုတစိုက် ကုသပေးပါတော့"
သမားတော်ချုပ်ကျိုးက လက်နှစ်ဖက်ကို ယှက်ကာ ပြန်လျှောက်လိုက်သည်။ "ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်"
စကားမဆုံးမီမှာပင် မယ်တော်ကြီးကျောက်သည် ရုတ်တရက် အသံကုန်ဟစ်ကာ ငိုကြွေးလိုက်ပြန်တော့သည်။
...