← Chapters

အခန်း (၆၀၇-၆၀၉)

Vol. 41 Ch. 607-609

အခန်း (၆၀၇-၆၀၉)

Vol. 41 Ch. 607-609

အပိုင်း (၆၀၇) လေဖြတ်ခြင်း (၃)

မယ်တော်ကြီးကျောက်၏ ငိုသံကြောင့် အားလုံးလည်း မျက်ရည်ဝဲလာကြသည်။

အထူးသဖြင့် ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည် အပြင်းအထန် ငိုကြွေးနေကြသည်။ ပုံမှန်အားဖြင့် သွေးထွက်သံယိုကို မကြောက်သော လူကြမ်းကြီးများ ဖြစ်ကြသော်လည်း ယခုအချိန်တွင်တော့ ဖခင်အပေါ်ထားရှိသော မေတ္တာတရားကို ပြသရန်အတွက် မျက်ရည်ကျနေကြသည်။

ကုတင်ပေါ်တွင် လဲလျောင်းနေသော ယုံးကျားဧကရာဇ်သည် နှုတ်ခမ်းကို လှုပ်ရှားလိုက်၏။

ကျန်း တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တယ်။ အကုန်လုံး ထွက်သွားကြ။

သို့သော် နှုတ်ခမ်း လှုပ်ရုံသာ လှုပ်နိုင်ပြီး အသံတစ်စက်မျှ ထွက်မလာပေ။ ကုတင်ဘေးရှိ လူများအားလုံးသည် ကိုယ်စီ ဝမ်းနည်းပူဆွေးနေကြသဖြင့် ယုံးကျားဧကရာဇ်၏ မျက်ဝန်းထဲမှ ဒေါသကို မည်သူကမျှ သတိမထားမိကြပေ။

ဒီနေရာမှာ ဟန်ဆောင်ပြီး လာငိုမနေကြနဲ့။

ထွက်သွား။

အကုန်လုံး ထွက်သွားကြစမ်း။

မယ်တော်ကြီးကျောက်သည် သားအပေါ် အချစ်ဆုံး ဖြစ်သည်။ ခဏကြာ ငိုကြွေးပြီးနောက် မျက်ရည်သုတ်ကာ ယုံးကျားဧကရာဇ်၏ လက်ဖမိုးကို ပုတ်ပေးလိုက်လေသည်။ "ဖြစ်သွားမှတော့ စိတ်ပူနေလို့လည်း ဘာထူးမှာလဲ။ သား စိတ်ချလက်ချ အနားယူလိုက်ပါ။ တိုင်းပြည်အရေးကို ဝန်ကြီးအဖွဲ့က တာဝန်ယူလိမ့်မယ်။ နန်းတော်ထဲမှာ အမေရှိတယ်၊ ဟွမ်ဟုပ်ရှိတယ်"

"နောက်ရက်နည်းနည်းလောက်နေရင် ထိုက်ဇီလည်း သတင်းရလောက်ပါပြီ။ ထိုက်ဇီ ချက်ချင်း ပြန်မလာနိုင်ရင်တောင် ထိုက်ဇီဖေးက အရင်ပြန်လာနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် အားလုံး အဆင်ပြေသွားမှာပါ"

ယုံးကျားဧကရာဇ်သည် ဘာတွေ တွေးနေမှန်း မသိရသော်လည်း မျက်လုံးများ နီရဲလာတော့သည်။

ပထမမင်းသားသည် ကုတင်ဘေးတွင် ဒူးထောက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ဖုဟွမ်၊ သားတော်က ခြေထောက်တစ်ဖက် မသန်တော့ သွားရလာရတာ အဆင်မပြေဘူး။ တိုင်းပြည်အရေးကို စစ်တိကိုပဲ ကြည့်ခိုင်းလိုက်ပါ့မယ်။ သားတော်ကတော့ ဖုဟွမ်ရဲ့ ကုတင်ဘေးမှာပဲ နေ့တိုင်း လာစောင့်ရှောက်ပေးပါ့မယ်"

စတုတ္ထမင်းသားသည် ထိုစကားကို ကြားသည်နှင့် ဒူးထောက်လိုက်လေသည်။ "သားတော်လည်း ဖုဟွမ်ကို ပြုစုချင်ပါတယ်"

ဘာလို့ အစ်ကိုကြီးတစ်ယောက်တည်း နာမည်ကောင်း ယူချင်ရတာလဲ။ ငါကရော သားလိမ္မာ မဟုတ်လို့လား။

ယုံးကျားဧကရာဇ်၏ မျက်လုံးများမှာ ပြူးကျယ်လာတော့၏။

ချောင်မိဖုရားခေါင်သည် ကြည့်မနေနိုင်တော့ဘဲ ဝင်ပြောလိုက်လေသည်။ "မင်းတို့နှစ်ယောက် နည်းနည်းလောက် လျှော့ကြပါဦး။ အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ တိုင်းပြည်အေးချမ်းသာယာဖို့က အရေးကြီးဆုံးပဲ။ အခု ထိုက်ဇီက မြို့တော်မှာ မရှိဘူး။ မင်းတို့နှစ်ယောက်လုံး ညီလာခံတက်ပြီး နားထောင်ကြ။ ဘာကိစ္စပဲရှိရှိ အရှင်မင်းကြီးကို ချက်ချင်း လာလျှောက်တင်လို့ ရတာပဲ"

ယုံးကျားဧကရာဇ်သည် သက်ပြင်းချလိုက်ပြီး မျက်လုံးများ အနည်းငယ် ငြိမ်သက်သွားသည်။

လင်မယားချင်း မတည့်ကြသော်လည်း ယခုလို အချိန်မျိုးတွင် တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိသော မိဖုရားခေါင်သည် ငိုရုံသာတတ်သော မယ်တော်ကြီးကျောက်ထက် ပိုအသုံးဝင်လှသည်။ အနည်းဆုံးတော့ သူ ဘာကို အလိုချင်ဆုံးလဲ ဆိုတာကို သူမ သိသည်။

ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည် မျက်ရည်သုတ်ပြီး တိုးတိုးလေး လက်ခံလိုက်ရ၏။

ချောင်မိဖုရားခေါင်သည် ကုတင်ဘေးတွင် ရှိနေသော မုန့်ဖေးနှင့် ချင်ဖေးတို့ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်လေသည်။ "အရှင်မင်းကြီးက နေမကောင်းဖြစ်နေတော့ ရှင်တို့ လာပြီး ပြုစုချင်တာကို ပန်ကုံး မတားပါဘူး။ မဟုတ်ရင် ပန်ကုံးက သဘောထားသေးသိမ်တယ်လို့ အထင်ခံရမှာ။ ဒါပေမဲ့ နေ့တိုင်း လူတွေအများကြီး စုပြုံပြီး လာနေလို့ မဖြစ်ဘူး။ အဲဒါက လူတွေကို စိတ်လှုပ်ရှားစေသလို အရှင်မင်းကြီး အနားယူဖို့အတွက်လည်း မကောင်းဘူး"

"ဒီနေ့ကစပြီး အလှည့်ကျ ပြုစုကြမယ်။ ပန်ကုံးက အချိန်ဇယား ဆွဲပေးထားမယ်။ အားလုံး အလှည့်ကျ လာခဲ့ကြပါ"

တရားမျှတမှု ရှိသဖြင့် မည်သူကမျှ မငြင်းဆန်ရဲကြပေ။

အားလုံး ပြိုင်တူ လက်ခံလိုက်ကြသည်။

ချောင်မိဖုရားခေါင်၏ အကြည့်သည် မုန့်ဖေး၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။

ချောင်မိဖုရားခေါင်သည် စကားတစ်ခွန်းမျှ မပြောသော်လည်း အဓိပ္ပါယ်က ရှင်းလင်းလှသည်။

မုန့်ဖေးသည် စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း အလိုက်အထိုက် ပြောလိုက်ရလေသည်။ "အရင်တုန်းက ဟွမ်ဟုပ်ညန်ညန် နေမကောင်းလို့ ကျွန်မက ကိုယ်စား တာဝန်ယူခဲ့ရတာပါ။ အခု ညန်ညန် ကျန်းမာလာပြီဆိုတော့ ကျွန်မ အနောက်နန်းဆောင် တာဝန်တွေကို ပြန်အပ်ပါ့မယ်"

ချောင်မိဖုရားခေါင်က အေးဆေးစွာ ပြောလိုက်လေသည်။ "ဒီရက်ပိုင်းအတွင်း မုန့်ဖေး ပင်ပန်းသွားပါပြီ။ ပန်ကုံး ဆုချပေးပါ့မယ်။ ခဏနေရင် ယန်ရှီးနန်းဆောင်ကို လာပို့ခိုင်းလိုက်မယ်"

အနောက်နန်းဆောင်၏ အရှင်သခင်မ ပီသစွာ ပြုမူလိုက်သဖြင့် မုန့်ဖေးသည် ခေါင်းငုံ့ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။ "ကျေးဇူးတင်ပါတယ် ဟွမ်ဟုပ်ညန်ညန်"

ချောင်မိဖုရားခေါင်သည် ချင်ဖေးကို တစ်ချက် ကြည့်လိုက်ပြန်သည်။

ချင်ဖေးသည် ထိတ်လန့်သွားပြီး ချက်ချင်း ပြောလိုက်လေသည်။ "မယ်တော်ကြီးက အရှင်မင်းကြီးကို တစ်ညလုံး စောင့်ရှောက်ထားရတာဆိုတော့ ပင်ပန်းနေလောက်ပြီ။ ချန်ချဲ့ မယ်တော်ကြီးကို ရှို့နင်နန်းဆောင် ပြန်ပို့ပေးလိုက်ပါဦးမယ်"

ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်လေသည်။

...

တစ်နာရီခန့် ကြာပြီးနောက် လူအားလုံး ထွက်ခွာသွားကြသည်။

ချောင်မိဖုရားခေါင်သည် နဂါးကုတင်ဘေးတွင် ထိုင်လိုက်ပြီး ယုံးကျားဧကရာဇ်နှင့် မျက်လုံးချင်း ဆုံကြည့်လိုက်လေသည်။

ယုံးကျားဧကရာဇ် ဘာတွေ တွေးနေမှန်း မည်သူကမျှ မသိနိုင်ပေ။

ချောင်မိဖုရားခေါင်သည်လည်း ခန့်မှန်းရန် မကြိုးစားပေ။ သူမသည် ယုံးကျားဧကရာဇ်အတွက် စောင်ကို သေချာ ခြုံပေးလိုက်ပြီး လျိုကုန်းကုန်းကို ခေါ်ကာ အသေအချာ မှာကြားလိုက်လေသည်။ အပ်စိုက်မည့်အချိန် ရောက်သောအခါ ဘေးသို့ ဖယ်ပေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် မိဖုရားခေါင်ကောင်းတစ်ပါး လုပ်သင့်လုပ်ထိုက်တာ အကုန်လုံးကို လုပ်ဆောင်ပေးလေသည်။

"ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်" လျိုကုန်းကုန်းသည် အလျင်အမြန် ဝင်ရောက် သတင်းပို့လိုက်လေသည်။ "ရှင်းယန်ဝမ်၊ ဖူယန်မြို့စားနဲ့ ကွမ်းပင်းနယ်စားတို့ အရှင်မင်းကြီးကို လာတွေ့ကြပါတယ်"

ယုံးကျားဧကရာဇ်သည် စိတ်ငြိမ်သွားသည်မှာ မကြာသေးပေ။ စစ်သူကြီးများ၏ နာမည်ကို ကြားလိုက်ရသည်နှင့် ချက်ချင်း စိတ်လှုပ်ရှားလာပြန်သည်။

ချောင်မိဖုရားခေါင်သည် ကိုယ်ကို ကိုင်းလိုက်ပြီး ယုံးကျားဧကရာဇ်ကို ပြောလိုက်၏။ "အရှင်မင်းကြီး စိတ်မလှုပ်ရှားပါနဲ့။ ကျွန်မ အခုပဲ ထွက်ပြီး သူတို့ကို တားလိုက်ပါ့မယ်။ အရှင်မင်းကြီးနဲ့ ပေးမတွေ့ပါဘူး"

ယုံးကျားဧကရာဇ် "..."

ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် ကြောင်အသွားပြီး ချောင်မိဖုရားခေါင် ထွက်ခွာသွားသည်ကို ငေးကြည့်နေမိသည်။

သရဲဝင်ပူးနေတာလား။

သူ ဘာတွေးနေလဲဆိုတာ သူမ ဘယ်လိုလုပ် သိနေတာလဲ။

စစ်သူကြီးများနှင့် အရပ်ဘက်အရာရှိများသည် မတူညီကြပေ။

အရပ်ဘက်အရာရှိများသည် တိုင်းပြည်အရေးကို စီမံခန့်ခွဲကြရာ သေချာ ကြပ်မတ်ထားလျှင် ထိုက်ဇီ ပြန်လာသည်အထိ ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပေ။ သို့သော် စစ်သူကြီးများသည် စစ်တပ်အာဏာကို ကိုင်စွဲထားကြသူများ ဖြစ်သည်။ တစ်စုံတစ်ယောက်က သစ္စာဖောက်ရန် ကြံစည်လျှင် ကြီးမားသော ဘေးဒုက္ခ ဖြစ်လာနိုင်သည်။

သူ့၏ သည်လို အခြေအနေမျိုးအား စစ်သူကြီးများကို အတွေ့ခံလို့ မဖြစ်ပေ။ စစ်သူကြီးတစ်ယောက်က ရှင်ဘုရင်အပေါ် လေးစားမှု ပျောက်ဆုံးသွားလျှင် ဆိုးရွားသည့်ကိစ္စတစ်ခု ဖြစ်သွားပေလိမ့်မည်။

ယုံးကျားဧကရာဇ်သည် သက်ပြင်းချလိုက်ပြီး လျိုကုန်းကုန်းကို ကြည့်လိုက်၏။

လျိုကုန်းကုန်းသည် ချက်ချင်း အနားသို့ ကပ်သွားသည်။ "အရှင်မင်းကြီး ဘာအလိုရှိပါသလဲ"

ယုံးကျားဧကရာဇ်က မျက်တောင်ခတ်ပြလိုက်သည်။

လျိုကုန်းကုန်းသည် ယုံးကျားဧကရာဇ်ကို ဆယ်စုနှစ်များစွာ ပြုစုခဲ့သူပီပီ ချက်ချင်း နားလည်သွားလေသည်။ "အရှင်မင်းကြီးက စစ်သူကြီးလျန်ကို ခေါ်ချင်တာလား"

ယုံးကျားဧကရာဇ်က ထပ်မံ မျက်တောင်ခတ်ပြလိုက်သည်။

လျိုကုန်းကုန်းက တိုးတိုးလေး ပြောလိုက်လေသည်။ "ကျွန်တော်မျိုး အခုပဲ စစ်သူကြီးလျန်ကို လာခဲ့ဖို့ သတင်းပို့လိုက်ပါ့မယ်"

လျိုကုန်းကုန်း ထွက်ခွာသွားလေသည်။

ယုံးကျားဧကရာဇ်သည် နဂါးကုတင်ပေါ်တွင် တစ်ပါးတည်း လဲလျောင်းလျက် ခြင်ထောင်မိုးကို ငေးကြည့်နေမိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေလေသည်။ စိတ်ရှုပ်စရာ ကောင်းသော ငိုသံများ မရှိတော့သလို ရှုပ်ထွေးသော အကြည့်များလည်း မရှိတော့ပေ။

နောက်ဆုံးတော့ ငြိမ်းချမ်းသွားပြီပဲ။

ယုံးကျားဧကရာဇ်သည် ခဏမျှ ငေးကြည့်နေပြီးနောက် မျက်ဝန်းအိမ်များ ပူနွေးလာလေသည်။ မျက်တောင်ခတ်လိုက်သည်နှင့် မျက်ရည်များ စီးကျလာတော့သည်။

တကယ် ရှက်စရာကောင်းလိုက်တာ။

သူ အသက် ၄၀ ကျော် နေထိုင်လာခဲ့ပြီး အရှ့ကနေ အနောက်ထိ စစ်တိုက်ခဲ့ဖူးတယ်။ ဒဏ်ရာရဖူးတယ်၊ သွေးထွက်ဖူးတယ်။ ဒါပေမဲ့ မျက်ရည်ကျဖူးတာတော့ တစ်ခါမှ မရှိခဲ့ဘူး။ တစ်နေ့ကျရင် သူ ဒီလို အားကိုးရာမဲ့ပြီး အားငယ်စရာကောင်းတဲ့ အခြေအနေမျိုး ရောက်လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။

...

"ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်"

ရှင်းယန်ဝမ်၊ ဖူယန်မြို့စားနှင့် ကွမ်းပင်းနယ်စားတို့သည် လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်ကြသည်။

"အားလုံး ထကြပါ" ချောင်မိဖုရားခေါင်က နူးညံ့စွာ ပြောလိုက်လေသည်။ "အရှင်မင်းကြီး နေမကောင်းဖြစ်တာနဲ့ မယ်တော်ကြီးက စိတ်ပူပြီး ရှင်တို့ကို လှမ်းခေါ်လိုက်တာပါ။ တကယ်တော့ မယ်တော်ကြီးက ပုံကြီးချဲ့လိုက်တာပါ။ အရှင်မင်းကြီးက ရက်နည်းနည်းလောက် နားလိုက်ရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ"

မနေ့က သူမသာဆိုရင် ဒီအမိန့်ကို လုံးဝ ထုတ်ပြန်မှာ မဟုတ်ဘူး။

မယ်တော်ကြီးကျောက်၏ စိတ်ထဲတွင် တူတော်မောင် ဖူယန်မြို့စားသည် အားအကိုးရဆုံး ဖြစ်သည်။ သို့သော် ချောင်မိဖုရားခေါင်ကတော့ နိုင်ငံရေးအမြင်ရှိသူပီပီ ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်လေသည်။

ဖူယန်နယ်စားသည် ပထမဆုံး သက်ပြင်းချလိုက်လေသည်။ "အရှင်မင်းကြီး ဘာမှမဖြစ်ဘူးဆိုရင် တော်ပါသေးရဲ့"

ကွမ်းပင်းနယ်စားက စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။ "ကျွန်တော်မျိုး တစ်ညလုံး ခရီးနှင်ပြီး လာခဲ့တာပါ။ အရှင်မင်းကြီးကို ကိုယ်တိုင် မတွေ့ရရင် စိတ်ချနိုင်မှာ မဟုတ်ပါဘူး။ အရှင်မင်းကြီးကို တွေ့ခွင့်ပေးဖို့ ဟွမ်ဟုပ်ညန်ညန်ကို တောင်းဆိုပါတယ်"

ဝန်ကြီးတစ်ယောက်အနေနဲ့ အရှင်မင်းကြီးရဲ့ ကျန်းမာရေးကို စိတ်ပူတာက ဖြစ်သင့်တဲ့ကိစ္စပါပဲ။

ချောင်မိဖုရားခေါင်သည် အနည်းငယ် အခက်တွေ့နေသော ပုံစံဖြင့် ပြောလိုက်လေသည်။ "တိုက်ဆိုင်လိုက်တာ။ အရှင်မင်းကြီးက အခုလေးတင် အိပ်ပျော်သွားတာ။ သမားတော်ချုပ်ကျိုးက အရှင်မင်းကြီးကို အနားယူဖို့ လိုအပ်တယ်၊ အနှောင့်အယှက် မပေးရဘူးလို့ မှာထားတယ်"

"ဒါဆိုရင် ကျွန်တော်မျိုး စစ်တပ်ကိုပဲ ပြန်လိုက်ပါ့မယ်" ရှင်းယန်ဝမ် လုလင်းက ချက်ချင်း ဝင်ပြောလိုက်လေသည်။ "နောက်ရက်နည်းနည်းလောက်နေမှ အရှင်မင်းကြီးကို လာပြီး ဂါရဝပြုပါတော့မယ်"

ချောင်မိဖုရားခေါင်က ခေါင်းညိတ် လက်ခံလိုက်လေသည်။ "ကောင်းပါပြီ။ ရှင်းယန်ဝမ်ရဲ့ သစ္စာစောင့်သိမှုကို ပန်ကုံး အရှင်မင်းကြီးကို လျှောက်တင်ပေးပါ့မယ်"

ဖူယန်နယ်စား "..."

ကွမ်းပင်းနယ်စား "..."

...

အပိုင်း (၆၀၈) ကိုယ်ထိလက်ရောက်

ချောင်မိဖုရားခေါင်၏ ဆိုလိုရင်းကို နားမလည်ပါက ဖူယန်မြို့စားနှင့် ကွမ်းပင်းနယ်စားတို့သည် ဒီအသက်အရွယ်ထိ အလကား အသက်ရှင်လာကြခြင်းပင် ဖြစ်လိမ့်မည်။

ဖူယန်မြို့စားသည် ဉာဏ်နီဉာဏ်နက် များသူဖြစ်ရာ ချက်ချင်း ပြောလိုက်လေသည်။ "ဒါဆိုရင် ကျွန်တော်မျိုးလည်း ခွင့်ပြုပါဦး။ အရှင်မင်းကြီးက နဂါးအစစ်မို့လို့ ဘေးရန်ကင်းမှာ သေချာပါတယ်"

ကွမ်းပင်းနယ်စားသည် ဒီအတိုင်း မပြန်ချင်ဘဲ ဆက်ပြောလိုက်လေသည်။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို တကယ် စိတ်ပူနေတာပါ။ အရှင်မင်းကြီး သတိရလာတဲ့အထိ စောင့်ပြီး တစ်ချက်လောက် ဝင်တွေ့ခွင့်ပြုပါ"

ချောင်မိဖုရားခေါင်၏ စိတ်နှလုံး လေးလံသွားပြီး စကားပြောရန် ပြင်လိုက်စဉ် ရှင်းယန်ဝမ် လုလင်းက စွေကြည့်လိုက်လေသည်။ "နန်းတော်ထဲမှာ ဒီလောက်လူတွေအများကြီး ပြုစုနေတာ ဘာစိတ်မချစရာ ရှိလို့လဲ။ ကွမ်းပင်းနယ်စားက အရှင်မင်းကြီးကို တွေ့ချင်နေတာ တတိယမင်းသားအတွက် အသနားခံချင်လို့များလား"

ကွမ်းပင်းနယ်စားသည် မဲ့ရွဲ့ပြုံး ပြုံးလိုက်လေသည်။ "အတွင်းထဲမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ အခုထိ ဘယ်သူမှ မသိရသေးပါဘူး။ ရှင်းယန်ဝမ်က အဲဒီလို ပြောတာ နည်းနည်း စောလွန်းမနေဘူးလား"

လုလင်းက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။ "အရှင်မင်းကြီးရဲ့ မိသားစုကိစ္စကို ကျွန်တော်တို့ ဝန်ကြီးတွေက ဝင်မပြောသင့်ဘူး။ စစ်တပ်မှာ လူမရှိလို့ မဖြစ်ဘူး။ ဘာကိစ္စကြီးကြီးမားမား မရှိရင် အတူတူ ပြန်ကြတာပေါ့"

ကွမ်းပင်းနယ်စားသည် မျက်ခုံးပင့်လိုက်ပြီး ရန်လိုသော လေသံဖြင့် ပြောလိုက်လေသည်။ "ခင်ဗျား ပြန်ချင်ရင် ပြန်လေ။ ကျုပ်ကတော့ အရှင်မင်းကြီးကို တွေ့ပြီးမှ ပြန်မယ်"

"ရိုင်းစိုင်းလိုက်တာ"

ချောင်မိဖုရားခေါင်၏ မျက်နှာထား အေးစက်သွားပြီး ရုတ်တရက် ဒေါသထွက်သွားလေသည်။ "ပန်ကုံး ခုနက ပြောလိုက်တာကို ကွမ်းပင်းနယ်စား နားမလည်တာလား။ အရှင်မင်းကြီးက အနားယူဖို့ လိုအပ်တယ်။ လူတွေ့လို့ မဖြစ်ဘူး"

ကွမ်းပင်းနယ်စားသည် ချောင်မိဖုရားခေါင်ကို မကြောက်ပေ။ "ကျွန်တော်မျိုးနဲ့ အရှင်မင်းကြီးက ငယ်ငယ်ကတည်းက သိကျွမ်းခဲ့တာပါ။ ဆယ်ကျော်သက်အရွယ်ကတည်းက အရှင်မင်းကြီးနောက် လိုက်ပြီး အရှေ့ဆီ စစ်ချီ၊ အနောက်ဆီ စစ်တိုက်နဲ့ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုထမ်းခဲ့တာပါ။ ဟွမ်ဟုပ်ညန်ညန်က ဘာသဘောနဲ့ ပြောတာလဲ။ ကျွန်တော်မျိုးရဲ့ သစ္စာတရားကို သံသယဝင်နေတာလား"

ကွမ်းပင်းနယ်စားသာမက ဖူယန်မြို့စားသည်လည်း ချောင်မိဖုရားခေါင်ကို သိပ်မလေးစားကြပေ။

သူတို့နှင့် ယုံးကျားဧကရာဇ်သည် ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး ချောင်မိဖုရားခေါင်နှင့်လည်း ရင်းနှီးကြသည်။

ချောင်မိဖုရားခေါင်သည် လီမိသားစု၏ အိမ်ရှင်မ ဖြစ်စဉ်ကတည်းက ပျော့ညံ့ခဲ့သူ ဖြစ်သည်။ မိဖုရားခေါင် ဖြစ်လာပြီးနောက်တွင်လည်း ထက်မြက်ခြင်းမရှိဘဲ သည်းခံနေတတ်သူ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ချောင်မိဖုရားခေါင်အပေါ် ကြောက်ရွံ့လေးစားစိတ် နည်းပါးကြလေသည်။

ချောင်မိဖုရားခေါင်သည် ဒေါသထွက်လွန်း၍ မျက်နှာ ဖြူစွတ်သွားတော့သည်။ "ရှင်..."

"ကွမ်းပင်းနယ်စားက ပါးစပ်ကသာ သစ္စာရှိတယ် ပြောနေတာ။ ဟွမ်ဟုပ်ညန်ညန်ကို ပြောတဲ့ပုံစံက ဒါပဲလား"

လုလင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်လေသည်။ "ရှင်ဘုရင်နဲ့ ကျွန်ဆိုတာ အဆင့်အတန်း ကွာခြားတယ်။ ကွမ်းပင်းနယ်စားက ဝါရင့်အရာရှိဆိုတဲ့ အခွင့်ထူးကို သုံးပြီး ဟွမ်ဟုပ်ညန်ညန်ကို စော်ကားရဲတယ်။ ကျုပ် ကြည့်မနေနိုင်တော့ဘူး"

ကွမ်းပင်းနယ်စားက အေးစက်စက် ရယ်မောလိုက်လေသည်။ "ရှင်းယန်ဝမ် ကြည့်မရတော့ ဘာလုပ်ချင်လဲ။ နန်းတော်ထဲမှာ လက်ပါချင်လို့လား။ အရှင်မင်းကြီးက ရက်နည်းနည်းလောက် နားလိုက်ရင် ပြန်ကောင်းလာမှာပါ။ ထိုက်ဇီဖေးက ကျန်းနန်က ပြန်လာရင်တောင် ထိုက်ဇီဖေးပဲလေ။ ခင်ဗျားက ယောက္ခမဆိုပြီး ကျုပ်ရှေ့မှာ ဆရာကြီး လာလုပ်ချင်နေတာ စောလွန်းပါသေးတယ်"

အဆိပ်ပြင်းသော စကားလုံးများကြောင့် ချောင်မိဖုရားခေါင်၏ မျက်ခုံးများ လှုပ်ခတ်သွားသည်။

ဖူယန်မြို့စားသည် ဘေးမှနေ၍ ပွဲကောင်းကြည့်ကာ မီးလောင်ရာ လေပင့် လုပ်ပေးလိုက်လေသည်။ "ကွမ်းပင်းနယ်စား၊ ခင်ဗျား ပြောတာ လွန်လွန်းနေပြီ။ ရှင်းယန်ဝမ်က ဘယ်တုန်းက ထိုက်ဇီဖေးရဲ့ အရှိန်အဝါကို ယူပြီး ခင်ဗျားကို အနိုင်ကျင့်ဖူးလို့လဲ"

ကွမ်းပင်းနယ်စားက အေးစက်စက် ရယ်မောလိုက်ပြီး စကားမဆုံးမီမှာပင် သူ့မျက်စိရှေ့သို့ လက်သီးတစ်လုံး ရောက်ရှိလာခဲ့သည်။

ဝုန်း...

အသံအကျယ်ကြီး မြည်သွားပြီးနောက် နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။

ကွမ်းပင်းနယ်စားသည် သွေးများ စီးကျနေသော နှာခေါင်းကို အုပ်ထားပြီး မျက်လုံးများ ပြာသွားကာ ခြေထောက်ဖြင့် ပြန်ကန်လိုက်လေသည်။

လုလင်းသည် ကိုယ်ကို တိမ်းရှောင်လိုက်ပြီး နောက်ထပ် လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြန်သည်။

ကွမ်းပင်းနယ်စားသည် နှာခေါင်းသွေးထွက်နေသည်ကို ဂရုမစိုက်တော့ဘဲ အားကုန်သုံးကာ လက်သီးဖြင့် ပြန်ထိုးလိုက်လေသည်။ လက်သီးချင်း ဆုံမိသွားပြီး အသံဗလံများ ဆူညံသွားတော့သည်။

ချောင်မိဖုရားခေါင်သည် ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

ဖူယန်မြို့စားသည်လည်း နောက်သို့ ဆုတ်လိုက်ပြီး ဝင်ဆွဲရန် စိတ်ကူးမရှိဘဲ ပွဲကောင်းကြည့်နေလေသည်။ ချောင်မိဖုရားခေါင် မျက်နှာပျက်နေသည်ကို မြင်သောအခါ စေတနာဖြင့် နှစ်သိမ့်ပေးလိုက်လေသည်။ "သူတို့က စစ်သူကြီးတွေဆိုတော့ စစ်တိုက်တာ ကျင့်သားရနေကြတာလေ။ စကားမပြောပြေရင် လက်ပါတာက ပုံမှန်ပါပဲ။ ညန်ညန်ကို ရိုင်းစိုင်းချင်တဲ့ စိတ်မရှိပါဘူး"

"ညန်ညန် ကြည့်မရရင် အရင် သွားနှင့်လိုက်ပါ။ သူတို့ ကျေနပ်အောင် ထိုးပြီးရင် ရပ်သွားကြမှာပါ"

ချောင်မိဖုရားခေါင်သည် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

ဒီနေ့သာ လုလင်း ဝင်မပါခဲ့လျှင် ကွမ်းပင်းနယ်စား ဘယ်လောက်အထိ ရိုင်းစိုင်းမိုက်ရိုင်းမလဲ မသိနိုင်ပေ။

ဖူယန်မြို့စားသည်လည်း ပွဲကောင်းကြည့်ချင်ယောင်ဆောင်ပြီး နန်းတော်ထဲတွင် သောင်တင်နေချင်သည့် သဘော ရှိနေသည်။

ယုံးကျားဧကရာဇ် လဲကျသွားသည်နှင့် နိုင်ငံရေး မရှုပ်ထွေးသေးသော်လည်း စစ်သူကြီးများ၏ မောက်မာမှုများက ခေါင်းထောင်လာကြသည်။

...

လုလင်းသည် သိုင်းပညာ ထူးချွန်ပြီး ကွမ်းပင်းနယ်စား မုန့်ဟွေးသည်လည်း သိုင်းပညာ မညံ့ပေ။ နှစ်ယောက်စလုံး တစ်ဖက်လူကို ပညာပေးချင်နေကြသဖြင့် လက်သီးချက်များ မြန်ဆန်ပြင်းထန်လှသည်။

"ရပ်လိုက်ကြစမ်း"

ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

လုလင်းနှင့် ကွမ်းပင်းနယ်စားတို့၏ လှုပ်ရှားမှုများ ရပ်တန့်သွားကြသည်။

နန်းတွင်းအစောင့်တပ်မှူး စစ်သူကြီးလျန် ရောက်ရှိလာခြင်း ဖြစ်သည်။

ရာထူးအရ ပြောရလျှင် စစ်သူကြီးလျန်သည် အဆင့် ၁ စစ်သူကြီးဖြစ်ပြီး နန်းတော်လုံခြုံရေးကို တာဝန်ယူရသူ ဖြစ်သည်။ သူတို့နှစ်ယောက် ဝမ်ဟွားနန်းဆောင်ထဲတွင် ရန်ဖြစ်နေကြခြင်းသည် အမှန်တကယ်ပင် မသင့်လျော်ပေ။

သိုင်းပညာအရ ပြောရလျှင် စစ်သူကြီးလျန်သည် ထိပ်တန်းအဆင့် ဖြစ်သည်။ လုလင်းပင် စစ်သူကြီးလျန်ကို နိုင်မည်မထင်ပေ။ ကွမ်းပင်းနယ်စား ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

ထို့အပြင် စစ်သူကြီးလျန်၏ နောက်တွင် ဓားကိုင်ထားသော ကိုယ်ရံတော် ၁၀ယောက်ကျော် ပါလာသည်။ သူတို့၏ ကိုယ်ရံတော်များသည် နန်းတော်အပြင်ဘက်တွင် ကျန်ရစ်ခဲ့ပြီး လက်နက်လည်း မပါလာကြပေ။ အကယ်၍ တကယ် တိုက်ခိုက်ရလျှင် သူတို့ဘက်က အထိနာလိမ့်မည်။

စစ်သူကြီးလျန်သည် မျက်နှာထား တင်းမာလျက် လျှောက်လာပြီး မေးလိုက်လေသည်။ "ရှင်းယန်ဝမ်နဲ့ ကွမ်းပင်းနယ်စားတို့ ဘာလို့ ဝမ်ဟွားနန်းဆောင်ထဲမှာ ရန်ဖြစ်နေကြတာလဲ။ အရှင်မင်းကြီးကို မလေးမစား လုပ်နေကြတာလား"

စစ်သူကြီးလျန်သည် ပုံမှန်အချိန်တွင် စကားနည်းသော်လည်း စကားပြောလိုက်သည်နှင့် အသံက ဟိန်းထွက်နေပြီး နားစည်ကွဲမတတ် ဖြစ်စေသည်။

လုလင်းက ရုတ်တရက် လေသံပျော့သွားလိမ့်မည်ဟု ဘယ်သူကမျှ ထင်မထားခဲ့ကြပေ။ "စစ်သူကြီးလျန်၊ တောင်းပန်ပါတယ်။ ခုနက ကျွန်တော် စိတ်လိုက်မာန်ပါ ဖြစ်သွားတာပါ။ အရှင်မင်းကြီးကို မလေးမစားလုပ်လိုစိတ် လုံးဝ မရှိပါဘူး။ ကျွန်တော် အခုပဲ ဟွမ်ဟုပ်ညန်ညန်ကို တောင်းပန်လိုက်ပါ့မယ်"

ပြောပြီးသည်နှင့် ချောင်မိဖုရားခေါင်ကို လက်ယှက်ကာ တောင်းပန်လိုက်လေသည်။ "ကျွန်တော်မျိုးကို အပြစ်ပေးပါ ညန်ညန်"

ချောင်မိဖုရားခေါင်သည် အသက်ရှူမှားလုနီးပါး ဖြစ်သွားသည်။ လုလင်းက ကွမ်းပင်းနယ်စားကို ပညာပေးချင်လို့ တမင် ရန်ဖြစ်လိုက်မှန်း သူမ ကောင်းစွာ သိသဖြင့် အပြစ်မတင်ရက်ပေ။ "ဒီတစ်ခါပဲ ခွင့်လွှတ်ပေးမယ်။ နောက်တစ်ခါ ထပ်မဖြစ်စေနဲ့"

ကွမ်းပင်းနယ်စား "..."

သူ့နှာခေါင်းက သွေးထွက်နေတုန်းလေ။ ဘာလို့ "ဒီတစ်ခါပဲ ခွင့်လွှတ်ပေးမယ်" ဖြစ်သွားရတာလဲ။ သူ အလကား အရိုက်ခံလိုက်ရတာလား။

ဖူယန်မြို့စားက ကွမ်းပင်းနယ်စားကို မျက်ရိပ်ပြလိုက်သည်။

ဆက်ပြီး ပြဿနာ မရှာနဲ့တော့။ ရှင်းယန်ဝမ်ကို မပြောနဲ့ဦး။ စစ်သူကြီးလျန်က စည်းကမ်းကြီးတဲ့သူ။ ထပ်ပြီး ရန်ဖြစ်ရင် သူ ခွင့်လွှတ်မှာ မဟုတ်ဘူး။

ကွမ်းပင်းနယ်စားသည် အင်္ကျီလက်ဖြင့် နှာခေါင်းသွေးကို သုတ်လိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်လေသည်။ "ခုနက ကျွန်တော်မျိုး မလုပ်သင့်တာ လုပ်မိပါတယ်။ ညန်ညန် အပြစ်ပေးပါ"

ချောင်မိဖုရားခေါင်သည် ရွံရှာစိတ်ကို ထိန်းချုပ်ပြီး အေးစက်စွာ ပြောလိုက်လေသည်။ "ပန်ကုံး ပြောတာ ရှင်တို့ ကြားပြီးသားပါ။ အခု ကိုယ့်စစ်တပ်ကိုယ် ပြန်ပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြပါ။ ဒါမှ အရှင်မင်းကြီးနဲ့ တိုင်းပြည်အတွက် အလုပ်အကျွေးပြုရာ ရောက်မှာပါ"

ပါးနပ်သော ဖူယန်မြို့စားက ချက်ချင်း လက်ယှက်လိုက်လေသည်။ "ဒါဆိုရင် ကျွန်တော်မျိုး ပြန်ခွင့်ပြုပါဦး"

လုလင်းကလည်း ဆက်ပြောလိုက်သည်။ "ကျွန်တော်မျိုးလည်း ပြန်ခွင့်ပြုပါဦး"

ကွမ်းပင်းနယ်စားတွင် ဆက်နေရန် အကြောင်းပြချက် မရှိတော့သဖြင့် အင်တင်တင်ဖြင့် ပြောလိုက်ရသည်။ "ကျွန်တော်မျိုးလည်း ပြန်ခွင့်ပြုပါဦး"

ချောင်မိဖုရားခေါင်က ခေါင်းညိတ် ခွင့်ပြုလိုက်သည်။

စစ်သူကြီးများ ထွက်ခွာသွားပြီးနောက် ချောင်မိဖုရားခေါင်၏ တင်းမာနေသော စိတ်အာရုံများ အနည်းငယ် လျော့ကျသွားသည်။

စစ်သူကြီးလျန်သည် စကားနည်းသူပီပီ လက်ကို ယှက်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီးက ကျွန်တော်မျိုးကို ခေါ်ထားလို့ ဝင်တွေ့လိုက်ပါဦးမယ်"

ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်လေသည်။

စစ်သူကြီးလျန် ထွက်သွားပြီးနောက် ချောင်မိဖုရားခေါင်သည် ကုလားထိုင်ပေါ်တွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်လေသည်။ လက်သီးဆုပ်ထားသော လက်ဖဝါးထဲတွင် ချွေးအေးများ စိုရွှဲနေတော့သည်။

ဒီနေ့ ရှင်းယန်ဝမ်သာမရှိရင် သူမ ကွမ်းပင်းနယ်စားနဲ့ ဖူယန်မြို့စားကို ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။

...

အပိုင်း (၆၀၉) အရေးပေါ်စာ

ဒီတစ်ဖက်တွင် ဝမ်ဟွားနန်းဆောင်မှ ထွက်လာသော ကွမ်းပင်းနယ်စားသည် မျက်နှာကို မည်းမှောင်နေပြီး လုလင်းကို စူးစိုက်ကြည့်လိုက်လေသည်။

လုလင်းကလည်း နည်းနည်းလေးမှ ကြောက်လန့်ခြင်း မရှိသည့်အပြင် အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ဘာမှမဖြစ်သလို ပြောလိုက်သည်။ "အားမရသေးရင် တခြားနေရာ သွားချကြမလား"

ဖူယန်မြို့စားက ချက်ချင်း ဝင်ပြောလိုက်၏။ "ငါတို့ ကျောက်အိမ်တော်က အနီးဆုံးပဲ။ မြင်းစီးသွားရင် အမွှေးတိုင်နှစ်တိုင်စာလောက်ပဲ ကြာတယ်"

ကွမ်းပင်းနယ်စားသည် ဒေါသထွက်လွန်း၍ ရယ်မောလိုက်မိပြီး တံတွေးထွေးကာ ပြောလိုက်လေသည်။ "မင်းတို့က ငါ့ကို မျောက်ပြဇာတ်ကပြမယ့်သူများ မှတ်နေလား။ ငါက စစ်တပ်ကို ပြန်ရဦးမှာ။ မင်းတို့နဲ့ ကစားနေဖို့ အချိန်မရှိဘူး"

ပြောပြီးသည်နှင့် ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားတော့သည်။

ဖူယန်မြို့စားသည် သက်ပြင်းချလိုက်ပြီး ပြုံးလျက် လုလင်း၏ ဘေးသို့ ကပ်သွားလိုက်ကာ "ခင်ဗျားနဲ့ ထိုက်ဇီဖေးက တကယ့် သားအဖတွေပဲ။ ဒီ လက်ပါချင်တဲ့ အကျင့်က တစ်ပုံစံတည်း။ စကားနည်းနည်းများတာနဲ့ ရိုက်နှက်တော့တာပဲ"

လုလင်းက ဖူယန်မြို့စားကို တစ်ချက် စွေကြည့်လိုက်၏။

ဖူယန်မြို့စားသည် ချက်ချင်း စကားပြောင်းလိုက်လေသည်။ "ငါက စနောက်လိုက်တာပါ။ ရှင်းယန်ဝမ် အတည်မယူပါနဲ့။ ထိုက်ဇီဖေးရဲ့ စိတ်ထားကောင်းမွန်မှုကို လူတိုင်း သိကြတာပဲ"

ထိုအခါမှ လုလင်း၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားလေသည်။ "ဖူယန်မြို့စားရဲ့ ချီးကျူးစကားက သိပ်တော့ မလွန်ပါဘူး"

ဖူယန်မြို့စား "..."

ဘာပဲဖြစ်ဖြစ် ထိုက်ဇီဖေးအကြောင်း မကောင်းပြောလို့ မဖြစ်ဘူးဆိုတာတော့ သေချာသွားပြီ။

ကိုယ့်လူကို ကာကွယ်တာ တွေ့ဖူးပေမယ့် ဒီလောက်ကြီး ကာကွယ်တာမျိုးတော့ မတွေ့ဖူးပါဘူး။

ဖူယန်မြို့စားသည် စိတ်ထဲတွင် ကျိတ်ပြီး မကျေမနပ် ဖြစ်နေသော်လည်း ပါးစပ်ကတော့ ဟားဟား ဟု ရယ်မောကာ အလျင်အမြန် ထွက်ခွာသွားလေသည်။

လုလင်းသည် မြင်းစီးပြီး နန်းတော်မှ ထွက်ခွာလာခဲ့ရာ ၆နာရီကျော် ကြာပြီးနောက်တွင် စစ်တပ်စခန်းသို့ ရောက်ရှိလာခဲ့သည်။

စစ်တပ်သို့ ရောက်သည်နှင့် လုလင်းသည် စာတစ်စောင်ကို ချက်ချင်း ရေးသားလိုက်လေသည်။ ထို့နောက် ကိုယ်ရံတော်တစ်ဦးကို ခေါ်ပြီး တိုးတိုးလေး မှာကြားလိုက်သည်။ "ကျန်းနန်ကို ချက်ချင်း သွားပို့လိုက်။ အချိန်အတိုဆုံးနဲ့ အမြန်ဆုံးနည်းလမ်းကို သုံးပြီး ထိုက်ဇီဖေးလက်ထဲကို ကိုယ်တိုင် အရောက်ပို့ပေးရမယ်"

ကိုယ်ရံတော်သည် လေးနက်စွာ အမိန့်နာခံပြီး စာကို ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။ ချက်ချင်းပင် ရိက္ခာခြောက်နှင့် ရေဘူးကို ယူဆောင်ကာ မြင်းစီးပြီး စစ်တပ်မှ ထွက်ခွာသွားလေတော့သည်။

...

၅ရက် ကြာပြီးနောက်။

ကျန်းနန် ဘုရင်ခံအိမ်တော်။

လီကျင့်သည် ကုတင်ပေါ်မှ မနည်းဆင်းလာပြီး လုမင်ယွိ၏ တွဲကူမှုဖြင့် ဖြည်းညှင်းစွာ လမ်းလျှောက်နေလေသည်။

လမ်းလျှောက်တာ တစ်ပတ်လောက်ပဲ ရှိသေးသော်လည်း လီကျင့်၏ နဖူးပေါ်တွင် ချွေးများ စို့လာသည်။

လုမင်ယွိက နူးညံ့စွာ ပြောလိုက်၏။ "ရှင့်ကျန်းမာရေးက ကောင်းကောင်း မသက်သာသေးဘူး။ ပင်ပန်းရင် ခဏနားလိုက်။ ပြီးမှ ဆက်လျှောက်တာပေါ့"

လီကျင့်သည်လည်း ဇွတ်မငြင်းဘဲ ပြုံးလျက် လက်ခံလိုက်ကာ လုမင်ယွိ တွဲထားပေးသည့်အတိုင်း ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်သည်။ ရေနွေးတစ်ခွက် သောက်ပြီးမှ အသက်ရှူချောင်သွားတော့သည်။ "ကိုယ် ဒီတစ်ခါ သွေးထွက်လွန်ပြီး အားအင်ကုန်ခမ်းသွားတယ်။ ကျန်းနန်က ကိစ္စတွေ ပြီးလို့ မြို့တော်ပြန်ရောက်ရင် တစ်နှစ်လောက် ကောင်းကောင်း အနားယူရမယ်။ အရေးကြီးကိစ္စ မရှိရင် မြို့တော်ကနေ ထွက်တော့မှာ မဟုတ်ဘူး"

ဒီ ၃နှစ်အတွင်း သူသည် အသွားအပြန် လုပ်ရင်း သာ့ဝေတိုင်းပြည်၏ တစ်ဝက်လောက်ကို ရောက်ရှိခဲ့ပြီးဖြစ်သည်။ နိုင်ငံရေးနှင့် ပြည်သူ့ဘဝ အခြေအနေများကို ကောင်းစွာ နားလည်နေပြီ။ ဒီတစ်ခေါက် ပြီးရင်တော့ ကောင်းကောင်း အနားယူသင့်ပြီ။

လုမင်ယွိက ပြုံးပြီး ခေါင်းညိတ်လိုက်သော်လည်း ရုတ်တရက် သက်ပြင်းချလိုက်မိ၏။ "ရက်တွက်ကြည့်လိုက်တာ ကျွန်မ မြို့တော်က ထွက်လာတာ တစ်လလောက် ရှိတော့မယ်။ ကလေး ၃ယောက် ဘယ်လိုနေကြမလဲ မသိဘူး"

ဇနီးမောင်နှံနှစ်ဦး ပြန်လည် ဆုံတွေ့ရခြင်းသည် ဝမ်းသာစရာ ဖြစ်သော်လည်း မိခင်တစ်ယောက်အနေဖြင့် သားသမီးများကို မည်သို့ စိတ်ချနိုင်ပါမည်နည်း။

အထူးသဖြင့် လီဟန်သည် သူမနှင့် တစ်ရက်မှ မခွဲဖူးချေ။ ဒီရက်ပိုင်းအတွင်း သူမ အနားမှာ မရှိတော့ ဘယ်လောက်တောင် ငိုနေမလဲ မသိဘူး။

လီကျင့်သည် လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "မင်း စိတ်မချရင် မြို့တော်ကို စောစော ပြန်နှင့်လိုက်ပါ"

သူကတော့ လောလောဆယ် ပြန်လို့ မရသေးပေ။ ပထမအချက်မှာ ကျန်းမာရေး အားနည်းနေသဖြင့် ခရီးဝေး သွားလာရန် မသင့်တော်ခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ကျန်းနန်မှ မိသားစု ၅စုအနက် ၄စုကိုသာ ဖမ်းမိသေးပြီး ချန်မိသားစုက ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်သည်။ သူတို့ကို ဖမ်းမိပြီး အမှုပိတ်နိုင်မှသာ မြို့တော်သို့ ပြန်နိုင်လိမ့်မည်။

လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည်။ "ကျွန်မ ရောက်နေမှတော့ ရှင်နဲ့အတူတူပဲ ပြန်တော့မယ်" ခဏရပ်ပြီး သူမက ဆက်ပြောလိုက်သည်။ "ဝန်ကြီးရှန်းရဲ့ အစီရင်ခံစာ မြို့တော်ကို ပို့လိုက်တာ လဝက်လောက် ရှိနေပြီ။ မြို့တော်က ပြန်စာ ရောက်လာသင့်ပြီ"

လီကျင့်၏ မျက်ဝန်းများ မှေးမှိန်သွားပြီး အသံတွင် အေးစက်မှုများ ပါဝင်လာလေသည်။ "အခုလောလောဆယ် ပါးစပ်သက်သေပဲ ရှိသေးတယ်။ ခိုင်လုံတဲ့ လူသက်သေ ပစ္စည်းသက်သေ မရှိသေးဘူး။ ဖုဟွမ်ရဲ့ စိတ်နေစိတ်ထားအရ သံသယ ဝင်နေမှာ သေချာတယ်"

"သံသယဝင်လည်း ဝင်ပါစေတော့" လုမင်ယွိက အေးအေးဆေးဆေး ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ် ကျွန်မတို့က လိပ်ပြာသန့်တာပဲ"

လီကျင့်လည်း သက်ပြင်းချလိုက်ကာ "ဟုတ်တာပေါ့"

ထိုအချိန်တွင် ရှောင်ယွမ်ကုန်းကုန်းသည် အလျင်စလို ဝင်ရောက် သတင်းပို့လေ၏။ "ထိုက်ဇီဖေးညန်ညန်ကို လျှောက်တင်ပါတယ်။ ရှင်းယန်ဝမ်က လူလွှတ်ပြီး စာလာပို့ပါတယ်။ ညန်ညန်လက်ထဲကို ကိုယ်တိုင် ထည့်ပေးမယ်လို့ ပြောပါတယ်"

လုမင်ယွိနှင့် လီကျင့်တို့သည် အံ့သြသွားကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကြရာ ရင်ထဲတွင် မကောင်းသော နိမိတ်များကို ခံစားလိုက်ရသည်။

နန်းတွင်းက သတင်းမရောက်လာသေးဘဲ လုလင်းရဲ့ ကိုယ်တိုင်ရေးစာက အရင် ရောက်လာတာလား။

မြို့တော်မှာ တစ်ခုခု ဖြစ်လို့နေမှာပဲ။

လုမင်ယွိက ချက်ချင်း ပြောလိုက်သည်။ "စာပို့တဲ့လူကို ဝင်ခိုင်းလိုက်"

ခဏအကြာတွင် စာပို့သော ကိုယ်ရံတော် ဝင်ရောက်လာခဲ့သည်။

ထိုကိုယ်ရံတော်သည် လုလင်း၏ နောက်လိုက်အဖြစ် နှစ်ပေါင်းများစွာ နေခဲ့သူ ဖြစ်သည်။ လုမင်ယွိ မြင်လိုက်သည်နှင့် မှတ်မိသွားပြီး ဒူးထောက်ရန် ပြင်နေသော ကိုယ်ရံတော်ကို အလျင်အမြန် တားဆီးလိုက်ကာ "ရှင် လမ်းခရီးမှာ ပင်ပန်းလာပြီ။ ဂါရဝပြုစရာ မလိုပါဘူး"

ကိုယ်ရံတော်သည် ရက်ပေါင်းများစွာ မျက်စိမမှိတ်ဘဲ ခရီးနှင်လာခဲ့ခြင်း ဖြစ်သည်။ လမ်းခရီးတွင် မြင်းနှစ်ကောင် လဲခဲ့ရသည်။ ယခုအချိန်တွင် မျက်လုံးများ နီရဲနေပြီး အားအင်ကုန်ခမ်းနေသော်လည်း မလဲကျအောင် အားတင်းထားလေသည်။ "ထိုက်ဇီဖေးညန်ညန်၊ ဒါက ရှင်းယန်ဝမ်ရဲ့ ကိုယ်တိုင်ရေးစာပါ။ ညန်ညန် ဖတ်ရှုပေးပါ"

ပြောရင်းနှင့် ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်ယူကာ လုမင်ယွိ၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

စာက ခန္ဓာကိုယ်အပူချိန်ကြောင့် နွေးထွေးနေဆဲ။

လုမင်ယွိသည် စာကို အလျင်အမြန် ဖွင့်ဖောက်လိုက်လေသည်။

ဖခင်ဖြစ်သူ၏ ရင်းနှီးနေသော လက်ရေးလက်သားများကို တွေ့မြင်လိုက်ရသည်။

စာကြောင်းနှစ်ကြောင်း ဖတ်ပြီးသည်နှင့် လုမင်ယွိ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားတော့သည်။

လီကျင့်သည် လုမင်ယွိ၏ မျက်နှာထားကို အမြဲတစေ ဂရုစိုက်နေသူ ဖြစ်ရာ ချက်ချင်း မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ"

လုမင်ယွိသည် ပြန်မဖြေအားဘဲ စာကို ဆက်ဖတ်လိုက်သည်။ လက်ဖက်ရည်တစ်ပွဲ သောက်စာ အချိန်အတွင်း စာ ၃မျက်နှာကို ဖတ်ပြီးသွားခဲ့သည်။ သူမသည် လေးနက်သော မျက်နှာထားဖြင့် စာကို လီကျင့်အား ပေးလိုက်လေသည်။ "ဒါက ဖေဖေ့ရဲ့ ကိုယ်တိုင်ရေးစာပဲ။ ရှင်လည်း ဖတ်ကြည့်လိုက်ပါဦး"

လီကျင့်သည် စာကို ယူပြီး အလျင်အမြန် ဖတ်ရှုလိုက်ရာ မျက်နှာထား ပြောင်းလဲသွားခဲ့သည်။ စာရွက်ကို ကိုင်ထားသော လက်များ တုန်ရီလာတော့သည်။

လုမင်ယွိက ကိုယ်ရံတော်ကို သွားရောက် အနားယူရန် ပြောလိုက်ပြီး ရှောင်ယွမ်ကုန်းကုန်းလည်း ထွက်ခွာသွားလေသည်။

လီကျင့်၏ မျက်နှာ ဖြူဖပ်ဖြူရော ဖြစ်သွားပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်မရအောင် တုန်ယင်လာတော့သည်။

လုမင်ယွိက သက်ပြင်းချလိုက်ပြီး လီကျင့်၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။ "လီကျင့်၊ ရှင် အရမ်း စိတ်မပူပါနဲ့။ နန်းတော်ထဲမှာ သမားတော်တွေ အများကြီး ရှိတာပဲ။ ဖုဟွမ် ဘာမှမဖြစ်လောက်ပါဘူး"

လီကျင့်သည် ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာဘဲ မျက်လုံးများ နီရဲလာတော့သည်။

ဘယ်လောက်ပဲ ဒေါသထွက်ထွက်၊ ဘယ်လောက်ပဲ မုန်းမုန်း၊ အဲဒါက သူ့ရဲ့ ဖခင်အရင်းပဲလေ။ ဖခင်ဖြစ်သူ ဒေါသထွက်လွန်း၍ လေဖြတ်သွားပြီး ကုတင်ပေါ်တွင် လဲလျောင်းကာ ဝန်ကြီးများကိုပင် မတွေ့နိုင်တော့သည်ကို တွေးမိတိုင်း သူ့ရင်ထဲတွင် ဓားနှင့်မွှန်းသလို နာကျင်ရသည်။

လုမင်ယွိသည် ဘာမှ ထပ်မပြောတော့ဘဲ လီကျင့်၏ ပခုံးကို ဖက်ထားလိုက်လေသည်။

လီကျင့်သည် သူမထက် အရပ်တစ်ခေါင်းလောက် ပိုရှည်သော်လည်း ယခုအချိန်တွင် ခေါင်းကို သူမ၏ ပခုံးပေါ်တွင် မှီထားလေသည်။ ခဏအကြာတွင် လုမင်ယွိသည် လည်ပင်းနားတွင် စိုစွတ်လာသည်ကို ခံစားလိုက်ရပြီး သက်ပြင်းချလိုက်မိပြန်သည်။

သူမသည် လီကျင့်၏ မျက်နှာကို ကိုင်ပြီး မျက်ရည်များကို သုတ်ပေးလိုက်ကာ ထို့နောက် ကုတင်ပေါ်တွင် လှဲအိပ်ခိုင်းလိုက်သည်။

လုမင်ယွိက တိုးတိုးလေး ပြောလိုက်၏။ "ကျွန်မ အခုပဲ ပစ္စည်းတွေ သိမ်းပြီး မနက်ဖြန် မြို့တော်ကို ပြန်တော့မယ်"

လီကျင့်သည် ကုတင်ပေါ်တွင် ခဏလောက် လှဲနေပြီး စိတ်ငြိမ်သွားမှ အသံအက်အက်ဖြင့် ပြောလိုက်လေသည်။ "ရှောင်ယွိ၊ မင်း ပင်ပန်းရတော့မယ်။ မင်း မြို့တော်ကို အရင်ပြန်နှင့်လိုက်။ နောက် ၁၀ရက် ၁၅ရက်လောက်နေရင် ကိုယ်လည်း မြို့တော်ကို ပြန်လာခဲ့မယ်"

လုမင်ယွိက မျက်မှောင်ကြုတ်လိုက်ကာ "ကျွန်မ တစ်ယောက်တည်း ပြန်သွားရင် အခြေအနေကို ထိန်းနိုင်ပါတယ်။ ရှင်ကတော့ အလောတကြီး ပြန်မလာပါနဲ့ဦး။ ကျန်းနန်က ကိစ္စတွေကို အရင် ရှင်းလင်းလိုက်ပါ။ ကျန်းမာရေး ပြန်ကောင်းလာမှ မြို့တော်ကို ပြန်လာခဲ့"

"ဒါပေမဲ့..."

"ဒါပေမဲ့တွေ လုပ်မနေနဲ့" လုမင်ယွိက မျက်နှာထား တင်းလိုက်ပြီး "ကျွန်မ ပြောတဲ့အတိုင်း လုပ်။ တကယ်လို့ ရှင်က ကျန်းမာရေး ဂရုမစိုက်ဘဲ မြို့တော်ကို အတင်းပြန်လာမယ်ဆိုရင် ကျွန်မ စိတ်ဆိုးမှာနော်"

လီကျင့်သည် စိတ်မကောင်းဖြစ်နေသော်လည်း ရယ်မောလိုက်မိတော့၏။ လေးလံထိုင်းမှိုင်းနေသော လေထုသည်လည်း အနည်းငယ် ပေါ့ပါးသွားတော့သည်။ "ကောင်းပါပြီ။ ကိုယ် မင်းစကား နားထောင်ပါ့မယ်"

...

All Chapters