အခန်း (၆၁၀-၆၁၂)
Vol. 41 Ch. 610-612
အပိုင်း (၆၁၀) မြို့တော်သို့ ပြန်ခြင်း
မြို့တော်သို့ ပြန်လည် ထွက်ခွာမည့် ကိစ္စသည် အသေးအဖွဲ ကိစ္စမဟုတ်ပေ။
လုမင်ယွိသည် လူလွှတ်ပြီး လုဖေးနှင့် လုရွှမ်းတို့ကို ခေါ်ယူလိုက်လေသည်။ "ဒါက ဖေဖေ လူလွှတ်ပြီး ပို့လိုက်တဲ့ စာပဲ။ အာ့ကောနဲ့ လျို့တိတို့လည်း ဖတ်ကြည့်ကြဦး"
လုဖေးသည် စာကို ဖတ်ပြီးနောက် မျက်နှာထား လေးနက်သွားတော့သည်။ "အရှင်မင်းကြီး ဒီတစ်ခါ နေမကောင်းဖြစ်တာ ဘယ်တော့လောက်မှ ပြန်ကောင်းမလဲ မသိနိုင်ဘူး"
လုရွှမ်းကတော့ သွေးပူလွယ်သူပီပီ စာကို ဖတ်ပြီးနောက် အသံကို နှိမ့်ကာ ပြောလိုက်၏။ "စစ်ကျဲ၊ လေဖြတ်သွားတဲ့ လူနာတွေက တချို့ဆို အိပ်ရာထဲကနေ ဘယ်တော့မှ ပြန်မထနိုင်တော့ဘူး။ ရောဂါအခြေအနေ ပေါ့ရင်တောင် တစ်နှစ်၊ နှစ်ဝက်လောက်တော့ အနားယူရတာ”
"အရှင်မင်းကြီး အခုလို ဖြစ်သွားတာက ထိုက်ဇီအတွက်တော့ မကောင်းဘူးလို့ ပြောလို့မရဘူး... အား!"
စကားမဆုံးမီမှာပင် သူ၏ နောက်စေ့ကို အားပြင်းပြင်းဖြင့် ရိုက်ထည့်ခြင်း ခံလိုက်ရသဖြင့် နာကျင်လွန်း၍ သွားများပင် ကျိန်းသွားလေသည်။
လုဖေးက လုရွှမ်းကို မျက်စောင်းထိုးလိုက်ကာ "ဒီလို စကားမျိုးကိုတောင် ပြောရဲတယ်ပေါ့။ တကယ်လို့ ထိုက်ဇီသာ ကြားသွားရင် စိတ်ဆိုးမှာ သေချာတယ်"
သားဖြစ်သူရှေ့မှာ အဖေဖြစ်သူ နေမကောင်းဖြစ်တာ ကောင်းတယ်လို့ ပြောတာ ဘယ်လောက်တောင် ဉာဏ်နည်းတဲ့ လုပ်ရပ်လဲ။
လုရွှမ်းသည် မကျေမနပ် ဖြစ်သွားလေသည်။ "ကျွန်တော်က အာ့ကောနဲ့ စစ်ကျဲ ရှေ့မို့လို့ ပြောတာပါ။ ထိုက်ဇီ့ရှေ့မှာတော့ ဘယ်လိုလုပ် လျှောက်ပြောရဲမှာလဲ။ ဒီလောက်တော့ ကျွန်တော် နားလည်ပါတယ်"
လုဖေးက ထပ်မံ မျက်စောင်းထိုးလိုက်ပြန်သည်။ "လိုရင်းကို ပြောရရင် အရိပ်အယောင် နည်းနည်းလေးတောင် မပြမိစေနဲ့။ ထိုက်ဇီဖေးနဲ့ လုမိသားစု ဒုက္ခရောက်အောင် မလုပ်နဲ့"
ဒီလိုအချိန်မျိုးတွင် လုမိသားစုသည် ပို၍ သိုသိုသိပ်သိပ် နေသင့်သည်။
လုရွှမ်းသည် လိမ္မာစွာဖြင့် ပါးစပ်ပိတ်ထားလိုက်တော့သည်။
လုမင်ယွိက တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းသားရဲ့ ကျန်းမာရေးက ကောင်းကောင်း မသက်သာသေးလို့ ခရီးကြမ်းနှင်ဖို့ မသင့်တော်သေးဘူး။ ငါ မနက်ဖြန် မြို့တော်ကို အရင် ပြန်နှင့်မယ်။ ကျန်းနန်က ကိစ္စတွေကိုတော့ အာ့ကောကိုပဲ အပ်ခဲ့မယ်။ လျို့တိကတော့ ဒီတစ်ခေါက် ငါနဲ့အတူ မြို့တော်ကို လိုက်ခဲ့တော့"
လုဖေးသည် ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်လေသည်။ "အဲဒါလည်း ကောင်းတာပါပဲ။ ဒီရက်ပိုင်းအတွင်း ဒုဝန်ကြီးမင်က အမှုကို စစ်ဆေးလို့ ပြီးသလောက် ရှိနေပြီ။ လျို့တိ ဒီမှာ နေခဲ့လည်း ဘာမှ လုပ်စရာမရှိဘူး။ စစ်မေ့ကို လမ်းခရီးမှာ စောင့်ရှောက်ရင်း လိုက်သွားတာ ပိုကောင်းတယ်"
ခဏရပ်ပြီး လုဖေးက တိုးတိုးလေး သတိပေးပြန်သည်။ "နန်းတွင်းက သတင်းတရားဝင် မရောက်လာသေးဘူး။ စစ်မေ့က အခုချက်ချင်း မြို့တော်ကို ပြန်မယ်ဆိုရင် သင့်တော်ပါ့မလား။ နန်းတွင်းက သတင်းရောက်လာတဲ့အထိ စောင့်ပြီးမှ ပြန်ရင် မကောင်းဘူးလား"
လုမင်ယွိသည် မတတ်သာသလို သက်ပြင်းချလိုက်လေသည်။ "ထိုက်ဇီက စိတ်ပူလွန်းလို့ မီးလို ပူလောင်နေပြီ။ ဘယ်လိုလုပ် စောင့်နိုင်တော့မှာလဲ။ ပြီးတော့ ကျွန်မကိုယ်တိုင်လည်း စိတ်မချဘူး။ ဒါကြောင့် မနက်ဖြန် မနက်စောစော ပြန်တော့မယ်"
ယုံးကျားဧကရာဇ် လဲကျသွားသည်နှင့် နန်းတော်ထဲတွင် မည်မျှ ရှုပ်ထွေးနေမည်ကို မခန့်မှန်းနိုင်ပေ။
လုဖေးသည်လည်း ထပ်မတားတော့ဘဲ မှာကြားလိုက်လေသည်။ "မြို့တော်ပြန်ရောက်ရင် အခြေအနေကို တည်ငြိမ်အောင် ထိန်းဖို့က ပထမဦးစားပေးပဲ။ တတိယမင်းသားနဲ့ ပဉ္စမမင်းသားကို ချက်ချင်း လက်တုံ့ပြန်ဖို့ မလောနဲ့ဦး"
လီဟောက်နှင့် လီချန်အကြောင်း ပြောလိုက်သည်နှင့် လုမင်ယွိ၏ မျက်ဝန်းများက အေးစက်သွားတော့သည်။ "သူတို့က နန်းတွင်းအကျဉ်းထောင်ထဲမှာ အချုပ်ခံထားရတာပဲ။ ဘာမှ လှိုင်းထအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ နောက်ပိုင်းကျမှ ဖုဟွမ်က သူတို့ကို စီရင်ပါလိမ့်မယ်။ ငါက ဘာကိစ္စ ကိုယ့်လက်ကို ညစ်ပတ်ခံမှာလဲ"
လုဖေးသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။ "စစ်မေ့ အဲဒီလို တွေးနိုင်ရင် ကောင်းတာပေါ့။ အတိုချုပ်ပြောရရင် အရင်တုန်းက စူးဖေးကို ကိုယ်တိုင် အဆိပ်ခတ်သတ်ခဲ့သလို ကိစ္စမျိုး ထပ်မဖြစ်စေနဲ့တော့"
အစ်ကိုအရင်းမို့လို့သာ ဒီလိုစကားမျိုး ပြောရဲခြင်း ဖြစ်သည်။ တခြားသူများ ဆိုလျှင် လုမင်ယွိ၏ ရှေ့တွင် တစ်လုံးမှ ဟရဲမည် မဟုတ်ပေ။
လုမင်ယွိက အင်း ဟု ပြန်ဖြေလိုက်ပြီး လုရွှမ်းဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ "နင် အခုပဲ ပစ္စည်းတွေ သွားသိမ်းဆည်းလိုက်တော့။ မနက်ဖြန် မိုးလင်းတာနဲ့ ငါတို့ ပြန်ကြမယ်"
လုရွှမ်းက ခေါင်းညိတ် လက်ခံလိုက်လေသည်။
...
နောက်တစ်နေ့ နံနက်စောစောတွင် လုမင်ယွိသည် ကိုယ်ရံတော်တပ်သား ၂၀၀၀ ကို ဦးဆောင်ပြီး ခရီးစတင်လိုက်သည်။ လုရွှမ်းသည်လည်း မြင်းစီးလျက် ဘုရင်ခံအိမ်တော်မှ လိုက်ပါသွားလေသည်။
လာတုန်းက လေမုန်တိုင်းကဲ့သို့ လာရောက်ခဲ့သော်လည်း ပြန်သည့်အခါတွင်တော့ တိတ်တဆိတ် ထွက်ခွာသွားကြသည်။
လုမင်ယွိ ထွက်ခွာသွားပြီး မကြာမီမှာပင် နန်းတွင်းမှ သတင်းစကားသည်လည်း ကျန်းနန်သို့ ရောက်ရှိလာခဲ့သည်။
တစ်ရက်နှင့် တစ်ည ကုန်ဆုံးသွားပြီးနောက် လီကျင့်သည် အတော်လေး တည်ငြိမ်သွားပြီ ဖြစ်သည်။ သူသည် ဝန်ကြီးရှန်း၊ ဖန်းဇီကျန်းနှင့် အခြားသူများကို ခေါ်ယူပြီး ယုံးကျားဧကရာဇ် လေဖြတ်သွားသည့် ကိစ္စကို ပြောပြလိုက်လေသည်။
ဝန်ကြီးရှန်းသည် သတင်းသဲ့သဲ့ ကြားထားပြီးဖြစ်ရာ တည်ငြိမ်နေလေသည်။ "ထိုက်ဇီဖေးညန်ညန် မြို့တော်ကို ပြန်သွားပြီဆိုတော့ ညန်ညန်ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် အခြေအနေကို သေချာပေါက် တည်ငြိမ်အောင် လုပ်နိုင်မှာပါ။ အရှင်မင်းသား စိတ်မပူပါနဲ့"
ဖန်းဇီကျန်းနှင့် ကျိုးလီတို့ကတော့ လူငယ်များ ဖြစ်ကြသဖြင့် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ကြပေ။
ဖန်းဇီကျန်းက အသံကို နှိမ့်ကာ ချက်ချင်း ဝင်ပြောလိုက်သည်။ "အရှင်မင်းကြီး ဒေါသထွက်ပြီး လေဖြတ်သွားရတာက တတိယမင်းသားနဲ့ ပဉ္စမမင်းသားတို့ကြောင့်ဆိုတာ ငြင်းလို့ မရပါဘူး။ သူတို့က ထိုက်ဇီကို အရင်လုပ်ကြံတယ်။ နောက်တော့ မိဘကို ပုန်ကန်တယ်။ ဒီတစ်ခါတော့ သူတို့ကို လွှတ်ပေးလို့ မဖြစ်ဘူး"
"မှန်ပါတယ်" ကျိုးလီ၏ အသံသည်လည်း စိတ်လှုပ်ရှားနေလေသည်။ "ဒါက ရှားပါးတဲ့ အခွင့်ကောင်းပဲ။ ဒီအခွင့်အရေးကို သုံးပြီး တတိယမင်းသားနဲ့ ပဉ္စမမင်းသားကို ပြစ်ဒဏ်ခတ်သင့်ပါတယ်..."
ဝန်ကြီးရှန်းသည် ပြင်းပြင်းထန်ထန် ချောင်းဟန့်လိုက်ပြီး ကျိုးလီကို မျက်စောင်းထိုးပြလိုက်လေသည်။
အခုက ဒါတွေ ပြောရမယ့်အချိန်လား။
ထိုအခါမှ ကျိုးလီသည် သတိဝင်လာပြီး ထိုက်ဇီ၏ မည်းမှောင်နေသော မျက်နှာကို တစ်ချက် အကဲခတ်လိုက်ကာ စကားလမ်းကြောင်း လွှဲလိုက်ရသည်။ "ကျွန်တော်မျိုး ဆိုလိုတာက အရာအားလုံးကို အရှင်မင်းကြီး ဆုံးဖြတ်ပါလိမ့်မယ်။ အရှင်မင်းသားက သတင်းစောင့်ရုံပါပဲလို့ပါ"
လီကျင့်သည် ထိုကိစ္စများကို ပြောဆိုရန် စိတ်မပါသဖြင့် ပြောလိုက်လေသည်။ "ကျန်းနန်က ကိစ္စတွေကို အချိန်လုပြီး မြန်မြန် ဖြေရှင်းရမယ်။ အမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူ အားလုံးကို ဒုဝန်ကြီးမင်နဲ့အတူ မြို့တော်ကို ပို့လိုက်"
အားလုံးက ပြိုင်တူ လက်ခံလိုက်ကြသည်။
လီယန်သည် မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းသား၊ ချန်မိသားစုက အခုထိ သတင်းအစအန မရသေးဘူး။ ဘယ်နေရာမှာ ပုန်းနေလဲ မသိရပါဘူး"
ချန်မိသားစုဝင် ၃၀ ကျော်သည် ပင်လယ်ထဲသို့ ရေစီးနှင့် မျောပါသွားသကဲ့သို့ ပျောက်ချင်းမလှ ပျောက်သွားကြသည်။
လီကျင့်၏ မျက်ဝန်းများ အေးစက်သွားပြီး ပြောလိုက်တော့သည်။ "လူတွေ ဆက်လွှတ်ပြီး ရှာခိုင်းလိုက်။ အရှင်မိရင် လူကို ခေါ်ခဲ့။ သေသွားရင် အလောင်းကို ယူခဲ့"
လီယန်သည် ကြက်သီးထသွားပြီး အမိန့်ကို နာခံလိုက်လေသည်။
...
ယခုအချိန်တွင် မြို့တော်သည် မကြုံစဖူး တင်းမာသော အခြေအနေသို့ ရောက်ရှိနေ၏။
ထိုက်ဇီ လုပ်ကြံခံရပြီး ကျန်းနန်တွင် ဆေးကုသမှု ခံယူနေရသည်။ အရှင်မင်းကြီး လေဖြတ်သွားပြီးနောက် အိပ်ဆောင်ထဲတွင် အနားယူနေရသည်။ မင်းသားနှင့် မင်းသမီးများသည် ဝမ်ဟွားနန်းဆောင်သို့ အလှည့်ကျ လာရောက် ပြုစုနေကြသည်။ ဝန်ကြီးများထဲတွင် ချောင်ကောလောင် တစ်ဦးတည်းသာ အရှင်မင်းကြီးကို တွေ့ခွင့်ရသည်။
သို့သော် ချောင်ကောလောင်သည် နှုတ်လုံလွန်းလှသည်။ ဝမ်ဟွားနန်းဆောင်မှ ထွက်လာပြီးနောက် ဝန်ကြီးလော်က အရှင်မင်းကြီး၏ ကျန်းမာရေး အခြေအနေကို တိတ်တဆိတ် မေးမြန်းသော်လည်း ချောင်ကောလောင်သည် တစ်လုံးမှ မပြောပြခဲ့ပေ။
တတိယမင်းသားနှင့် ပဉ္စမမင်းသားတို့သည် နန်းတွင်းအကျဉ်းထောင်တွင် အချုပ်ခံထားရပြီး တတိယမင်းသားကြင်ရာတော်နှင့် ပဉ္စမမင်းသားကြင်ရာတော်တို့သည်လည်း အိမ်တော်တံခါးပိတ်ကာ နေနေကြရသည်။
နန်းတော်အတွင်းတွင် နန်းတွင်းအစောင့်တပ်သားများ သိသိသာသာ များပြားလာပြီး စစ်သူကြီးလျန် ကိုယ်တိုင် ဝမ်ဟွားနန်းဆောင်အပြင်ဘက်တွင် စောင့်ကြပ်နေလေသည်။ ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်လိုသူတိုင်း စစ်သူကြီးလျန်ကို ကျော်ဖြတ်ရမည်။
ရှင်းယန်ဝမ်၊ ဖူယန်မြို့စားနှင့် ကွမ်းပင်းနယ်စားတို့ သုံးဦးသည်လည်း မိဖုရားခေါင်၏ အမိန့်တော်ကို အသီးသီး လက်ခံရရှိထားကြသည်။
ဆင့်ခေါ်ခြင်း မရှိဘဲ စစ်တပ်မှ ထွက်ခွာခွင့် မရှိသလို စစ်တပ်ကိုလည်း သဘောအတိုင်း ရွှေ့ပြောင်းခွင့် မရှိပေ။
ဖူယန်မြို့စားသည် ထိုအမိန့်တော်ကို လက်ခံရရှိသည့်အခါ အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
ဟ၊ ဒါ ဘာသဘောလဲ။ သူတို့က သာ့ဝေတိုင်းပြည်အတွက် အရှေ့အနောက် တောင်မြောက် လှည့်ပြီး စစ်တိုက်ပေးခဲ့ရတာ။ အခုတော့ သံသယဝင် ခံနေရပြီပေါ့လေ။
ကွမ်းပင်းနယ်စား ဆိုလျှင် အေးစက်စက် ရယ်မောနေတော့သည်။
သို့သော် သူတို့ ဒေါသထွက်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ ချောင်မိဖုရားခေါင်၏ အမိန့်တော်သည် စစ်တပ်သို့ အထင်အရှား ရောက်ရှိလာပြီဖြစ်ရာ သူတို့သည် စစ်တပ်ထဲတွင်သာ ငြိမ်ငြိမ်နေရပြီး မလှုပ်ရှားရဲကြပေ။
ရှင်းယန်ဝမ် လုလင်း တစ်ဦးတည်းသာ အမိန့်တော် ရရှိပြီးနောက် ဒေါသ မထွက်သည့်အပြင် ကျေနပ်အားရနေလေသည်။
ချောင်မိဖုရားခေါင်က အခုမှပဲ မိဖုရားခေါင် ပုံစံ ပေါက်တော့တယ်။
ယုံးကျားဧကရာဇ် လဲကျသွားသည့်အခါ ပထမဆုံး သတိထားရမည့်သူများမှာ စစ်တပ်အာဏာကို ကိုင်စွဲထားသော စစ်သူကြီးများပင် ဖြစ်သည်။
"ကျန်းကျုံးကို လာခဲ့ဖို့ ခေါ်လိုက်စမ်း" လုလင်းက အမိန့်ပေးလိုက်သည်။
အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးပြီးနောက် သမက်ဖြစ်သူ ကျန်းကျုံး ရောက်ရှိလာခဲ့သည်။
ကျန်းကျုံးသည် မနှစ်ကတည်းက နှုတ်ခမ်းမွေး စတင်ထားရှိခဲ့ပြီး ရင့်ကျက်တည်ငြိမ်လာပုံ ပေါက်နေလေသည်။ "ယွဲ့ဖု၊ ကျွန်တော့်ကို ခေါ်တာ ဘာခိုင်းစရာ ရှိလို့လဲ"
လုလင်း၏ မျက်ဝန်းများ တောက်ပသွားပြီး အသံကို နှိမ့်ကာ ပြောလိုက်လေသည်။ "ဒီနေ့ ဟွမ်ဟုပ်ညန်ညန်က အမိန့်ထုတ်လိုက်တယ်။ ငါရယ်၊ ဖူယန်မြို့စားရယ်၊ ကွမ်းပင်းနယ်စားရယ် စစ်တပ်ထဲမှာပဲ နေရမယ်။ အမိန့်မရဘဲ အပြင်မထွက်ရဘူး။ စစ်တပ်ကိုလည်း မရွှေ့ပြောင်းရဘူးတဲ့။ မင်းက ဖူယန်မြို့စားနဲ့ ကွမ်းပင်းနယ်စားကို စောင့်ကြည့်ဖို့ လူတွေ တိတ်တဆိတ် လွှတ်လိုက်။ သူတို့ တစ်ခုခု လှုပ်ရှားတာနဲ့ ငါ့ဆီကို ချက်ချင်း လာသတင်းပို့"
ကျန်းကျုံးသည် အံ့သြသွားပြီး လုလင်းကို မော့ကြည့်လိုက်မိ၏။
လုလင်း၏ မျက်နှာပေါ်တွင် မလိုအပ်သည့် ခံစားချက်များ မရှိနေချေ။ "ငါ ခုနက ပြောတာကို မင်း ရှင်းရှင်းလင်းလင်း ကြားရဲ့လား"
ကျန်းကျုံးသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။ "ဟုတ်ကဲ့ ကြားပါပြီ။ ကျွန်တော် အခုချက်ချင်း လူလွှတ်လိုက်ပါ့မယ်"
...
အပိုင်း (၆၁၁) သနားစရာ (၁)
ဝမ်ဟွားနန်းဆောင်။
အတွင်းနန်းဆောင်ကုန်းကုန်းတချို့သည် ရေနွေးပူပူနှင့် ဆေးရည်များ ထည့်ထားသော သစ်သားစည်ပိုင်းကြီးတစ်ခုကို အိပ်ခန်းထဲသို့ သယ်ဆောင်လာကြသည်။ ယုံးကျားဧကရာဇ်သည် နေ့စဉ် အပ်စိုက်ခြင်း၊ ဆေးသောက်ခြင်းအပြင် ဆေးရည်စိမ်ခြင်းကိုပါ နာရီဝက်ခန့် ပြုလုပ်ရလေသည်။
"အရှင်မင်းကြီး ဆေးရည်စိမ်ဖို့ ကျွန်တော်မျိုး အဝတ်အစားလဲပေးပါရစေ" လျိုကုန်းကုန်းသည် နေ့ရောညပါ မနားတမ်း ပြုစုနေရသဖြင့် မျက်ကွင်းများ ညိုမည်းနေပြီး လမ်းလျှောက်သည့်အခါ ယိုင်နဲ့နဲ့ ဖြစ်နေလေသည်။
လျိုကုန်းကုန်းမှလွဲ၍ ယုံးကျားဧကရာဇ်သည် တခြားသူများကို အနားအကပ်မခံပေ။ လျိုကုန်းကုန်းသည် မည်မျှပင် ပင်ပန်းနေပါစေ သည်းခံပြီး လုပ်ဆောင်ရလေသည်။
ရက်အနည်းငယ် ကြာပြီးနောက် ယုံးကျားဧကရာဇ်သည် လက်ချောင်းများကို လှုပ်ရှားနိုင်လာပြီဖြစ်ပြီး ရံဖန်ရံခါ စကားတစ်လုံးနှစ်လုံး ပြောနိုင်လာပြီ ဖြစ်သည်။ "ထွက်သွား"
အခြားသော အတွင်းနန်းဆောင်ကုန်းကုန်းများကို ထွက်သွားခိုင်းလိုက်ခြင်း ဖြစ်သည်။
လျိုကုန်းကုန်းသည် မျက်ရိပ်ပြလိုက်ရာ ကုန်းကုန်းများ ခေါင်းငုံ့ကာ ထွက်ခွာသွားကြလေသည်။
ယုံးကျားဧကရာဇ်၏ ခန္ဓာကိုယ်သည် ကြီးမားထွားကျိုင်းသဖြင့် လျိုကုန်းကုန်း တစ်ယောက်တည်းဖြင့် မရွေ့နိုင်ပေ။ ထို့ကြောင့် သမားတော်ချုပ်ကျိုးက ဝင်ကူညီပေးလိုက်ပြီး နှစ်ယောက်သား မနည်းကြိုးစားကာ ယုံးကျားဧကရာဇ်ကို သစ်သားစည်ပိုင်းထဲသို့ ထည့်ပေးလိုက်ရသည်။
ယုံးကျားဧကရာဇ် သစ်သားစည်ပိုင်းထဲ ရောက်သွားသည့်အချိန်တွင် လျိုကုန်းကုန်းနှင့် သမားတော်ချုပ်ကျိုးတို့၏ ကိုယ်ပေါ်တွင် ချွေးများ ရွှဲနစ်နေလေပြီ။
နှစ်ယောက်သား တိတ်တဆိတ် သက်ပြင်းချလိုက်မိကြသည်။
မာန်မာနကြီးသော ယုံးကျားဧကရာဇ်သည် ယခုကဲ့သို့ သူများအကူအညီယူနေရသော အခြေအနေကို ရောက်ရှိသွားသဖြင့် ရင်ထဲတွင် မည်မျှ နာကျင်နေပါမည်နည်း။ သို့သော် ပါးစပ်က ထုတ်မပြောနိုင်ဘဲ ကြိတ်မှိတ်ခံစားနေရရှာသည်။
သမားတော်ချုပ်ကျိုးသည် နေ့စဉ် အပ်စိုက်ပေးရပြီး လျိုကုန်းကုန်းကတော့ နေ့စဉ် လုပ်ငန်းဆောင်တာများကို ကူညီပေးရသည်။
နာရီဝက်အတွင်း ရေနွေးပူပူကို အဆက်မပြတ် ဖြည့်ပေးနေရပြီး အပူချိန်ကို ထိန်းထားရသည်။
ဤအလုပ်ကို လျိုကုန်းကုန်းက လုပ်ဆောင်ရသည်။
ဆေးရည်စိမ်ပြီးပါက ကိုယ်ခန္ဓာကို သုတ်သင်ပေးပြီး အဝတ်အစားသစ် လဲပေးရသည်။ ထို့နောက် သွေးလည်ပတ်မှု ကောင်းမွန်စေရန် အပ်စိုက်ပေးရသည်။ အတိုချုပ်ပြောရလျှင် လျိုကုန်းကုန်းနှင့် သမားတော်ချုပ်ကျိုးတို့သည် မနားရဘဲ အလုပ်ရှုပ်နေကြရသည်။
အပ်စိုက်ပြီးသည့်အခါ ဆေးသောက်ချိန် ရောက်လာပြန်သည်။
ဆေးရည်သည် ခါးသက်ပြီး ဖန်နေသဖြင့် ယုံးကျားဧကရာဇ်သည် ပျို့အန်ချင်သော်လည်း နှာခေါင်းပိတ်ပြီး အတင်း မျိုချရလေသည်။
ဆေးရည်တစ်ခွက်လုံး သောက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ခါးသက်သွားသလို ခံစားရပြီး ထမင်းစားချင်စိတ် ပျောက်ဆုံးသွားတော့သည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ပထမမင်းသား ရောက်လာပါတယ်" အတွင်းနန်းဆောင်ကုန်းကုန်းတစ်ဦး ဝင်ရောက် သတင်းပို့လိုက်လေသည်။
တကယ်တော့ ပထမမင်းသား ရောက်လာသည်မှာ ၂နာရီခန့် ရှိနေပြီဖြစ်သည်။
သို့သော် ယုံးကျားဧကရာဇ် ဆေးရည်စိမ်ပြီး အပ်စိုက်နေစဉ် ၂နာရီအတွင်း မည်သူ့ကိုမျှ တွေ့ခွင့်မပေးပေ။ ပထမမင်းသားသည်လည်း အပြင်ခန်းတွင် စောင့်ဆိုင်းနေရသည်။
ယုံးကျားဧကရာဇ်သည် အတော်ကြာမှ အင်း ဟု ပြန်ဖြေလိုက်လေသည်။
ခဏအကြာတွင် ပထမမင်းသား ဝင်ရောက်လာခဲ့သည်။
ပထမမင်းသားသည် ခြေထောက်မသန်သဖြင့် လမ်းလျှောက်သည့်အခါ နှေးကွေးလေးလံနေသည်။ ကုတင်ဘေးသို့ ရောက်သောအခါ စိတ်လှုပ်ရှားစွာ ခေါ်လိုက်လေသည်။ "ဖုဟွမ်၊ သားတော် ရောက်လာပါပြီ"
ငါ မသေသေးပါဘူး။ ဘာလာကြည့်တာလဲ။
ယုံးကျားဧကရာဇ်သည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေပြီး ဂရုမစိုက်ပေ။ သူသည် စကားအများကြီး မပြောနိုင်သဖြင့် စကားမပြောချင်လျှင် တစ်နေ့လုံး နှုတ်ဆိတ်နေတတ်သည်။ မျက်နှာကို မည်းမှောင်ထားသည်မှာလည်း ပုံမှန်ကိစ္စ ဖြစ်နေပြီ။
ပထမမင်းသားသည် စိတ်ထဲမထားဘဲ နန်းတွင်းကိစ္စ အဝဝကို ပြောပြနေလေသည်။
ယုံးကျားဧကရာဇ်သည် အပိုစကားများကို နားမထောင်ချင်သော်လည်း တိုင်းပြည်အရေးကို စိတ်ဝင်စားသဖြင့် နားစွင့်နေလေသည်။
ပထမမင်းသားသည် စကားပြောရလွန်း၍ လည်ချောင်းနာလာပြီး နောက်ဆုံးတွင် ထပ်ဖြည့်ပြောလိုက်လေသည်။ "ဖုဟွမ်၊ သားတော် ဒီနေ့ ဖုဟွမ်ကို ပြုစုပြီးရင် ညနေကျရင် နန်းတွင်းအကျဉ်းထောင်ကို သွားပြီး ညီလေး ၃ နဲ့ ညီလေး ၅ ကို သွားကြည့်ချင်ပါတယ်..."
လီဟောက်နှင့် လီချန်အကြောင်း ပြောလိုက်သည်နှင့် ယုံးကျားဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်လာပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ မျက်နှာ နီရဲလာပြီး ညာလက်ကို မနည်းမြှောက်ကာ ပထမမင်းသားကို လက်ညှိုးထိုးလေတော့သည်။
ပထမမင်းသားမှာ လန့်သွားပြီး သမားတော်ချုပ်ကျိုးကို ကြည့်လိုက်မိသည်။
သမားတော်ချုပ်ကျိုးသည် ကုတင်ဘေးသို့ အမြန်ပြေးသွားလိုက်ရသည်။ "အရှင်မင်းကြီး စိတ်လျှော့တော်မူပါ။ ဒေါသ မထွက်ပါနဲ့"
လျိုကုန်းကုန်းသည်လည်း ထိတ်လန့်တကြား ဖြစ်သွားပြီး "အရှင်မင်းကြီး ဒေါသ မထွက်ပါနဲ့ဘုရား။ အရှင်မင်းကြီး"
သမားတော်ချုပ်ကျိုးသည် ယုံးကျားဧကရာဇ်၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် အပ်ဖြင့် ကုသပေးလိုက်လေသည်။ ယုံးကျားဧကရာဇ်သည် အသက်ပြင်းပြင်း ရှူနေပြီး ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေကာ ခဏအကြာမှ အသက်ရှူနှုန်း ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။
လျိုကုန်းကုန်းက တိုးတိုးလေး ပြောလိုက်လေသည်။ "ပထမမင်းသား၊ နောက်ဆိုရင် အရှင်မင်းကြီးရှေ့မှာ တခြားမင်းသားနှစ်ပါးအကြောင်း ထည့်မပြောပါနဲ့တော့"
လီဟောက်နှင့် လီချန်အကြောင်း ပြောလိုက်သည်နှင့် ယုံးကျားဧကရာဇ်၏ တုံ့ပြန်မှုသည် အလွန် ပြင်းထန်လေသည်။
ပထမမင်းသားသည် မျက်နှာပျက်သွားပြီး ခေါင်းညိတ် လက်ခံလိုက်ရတော့သည်။
...
မွန်းတည့်ချိန်တွင် မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့ ရောက်ရှိလာကြသည်။
မင်းသား၊ မင်းသမီးနှင့် ကိုယ်လုပ်တော်များသည် အလှည့်ကျ လာရောက်ကြသော်လည်း မယ်တော်ကြီးကျောက်ကတော့ နေ့တိုင်း လာရောက်လေသည်။ ချောင်မိဖုရားခေါင်သည်လည်း ဟန်ပြသဘောမျိုးဖြင့် မယ်တော်ကြီးကျောက် လာရောက်သည့်အချိန်တွင် လိုက်ပါလာတတ်သည်။
ရက်အနည်းငယ်အတွင်း မယ်တော်ကြီးကျောက်သည် သိသိသာသာ အိုစာသွားပြီး ဆံပင်ဖြူများ ပိုများလာကာ မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေလေသည်။ လမ်းလျှောက်သည့်အခါတွင်လည်း တုန်တုန်ယင်ယင် ဖြစ်နေလေပြီ။
ချောင်မိဖုရားခေါင်သည် ဂါရဝပြုပြီးနောက် မယ်တော်ကြီးကျောက်ကို တွဲကူလိုက်သည်။ "မယ်တော်ကြီး သတိထားပါ"
မယ်တော်ကြီးကျောက်သည် ချောင်မိဖုရားခေါင်ကို စွေကြည့်လိုက်ပြီး ရန်လိုသော လေသံဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းကြီးက နေမကောင်းဖြစ်နေတာကို ဟွမ်ဟုပ်က စားကောင်းအိပ်ပျော်နေတော့ အိုက်ကျားထက်တောင် ကျန်းမာနေပါလား"
တမင် ရန်ရှာနေတာပဲ။
ချောင်မိဖုရားခေါင်သည် ယဉ်ကျေးစွာဖြင့် ပြန်ပြောလိုက်လေသည်။ "အရှင်မင်းကြီး ဒီလိုဖြစ်နေတာ အာရှီလည်း စိတ်ပူပါတယ်။ ဒါပေမဲ့ ဝမ်းနည်းနေလို့လည်း ဘာမှထူးလာမှာ မဟုတ်ဘူးလေ။ အာရှီက ဝမ်းနည်းတာကို ကြိတ်မှိတ်သည်းခံပြီး လူရှေ့သူရှေ့မှာ တောင့်ခံနေရတာပါ။ မယ်တော်ကြီး အထင်လွဲသွားပြီ ထင်ပါတယ်"
မယ်တော်ကြီးကျောက်သည် နှာခေါင်းရှုံ့လိုက်ပြီး ပါးစပ်ပိတ်သွားတော့သည်။
ယောက္ခမနှင့် ချွေးမတို့ အိပ်ခန်းထဲသို့ ဝင်ရောက်လာကြ၏။ တစ်ယောက်က နူးညံ့စွာ မေးမြန်းနေပြီး နောက်တစ်ယောက်က ကုတင်ဘေးသို့ ပြေးသွားကာ ထုံးစံအတိုင်း ငိုကြွေးလေတော့သည်။
အော်ဟစ်ငိုကြွေးနေသူမှာ မယ်တော်ကြီးကျောက် ဖြစ်သည်ကတော့ စဉ်းစားစရာမလိုချေ။
ငိုကြွေးသည့် အကြောင်းအရာများကလည်း ထူးဆန်းမနေဘဲ ထပ်တလဲလဲ ပြောနေကျ စကားများပင်။ "ငါ့သားလေး ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ"၊ "လီဟောက်နဲ့ လီချန်ဆိုတဲ့ တိရစ္ဆာန်ကောင်တွေကို လုံးဝ ခွင့်မလွှတ်ရဘူး" စသည်ဖြင့်။
ငါ မသေသေးပါဘူး။
ယုံးကျားဧကရာဇ်၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာတော့၏။
တခြားသူသာ ကုတင်ဘေးမှာ လာငိုနေလျှင် ယုံးကျားဧကရာဇ် ဒေါသထွက်ပြီး မောင်းထုတ်လိုက်ပြီ ဖြစ်သည်။ သို့သော် လာငိုနေသူမှာ မိခင်ရင်း ဖြစ်နေသဖြင့် ဒေါသကို မြိုသိပ်ထားလိုက်ရသည်။
ယုံးကျားဧကရာဇ်သည် မျက်လုံးဖွင့်ပြီး ကုတင်ဘေးတွင် တည်ငြိမ်စွာ ရပ်နေသော ချောင်မိဖုရားခေါင်ကို ကြည့်လိုက်မိသည်။ ချောင်မိဖုရားခေါင်ကဲ့သို့ နေတာက ပိုကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူက ဧကရာဇ်တစ်ပါး ဖြစ်သည်။ နေမကောင်းဖြစ်နေလျှင်တောင် သူတစ်ပါး သနားတာကို မလိုအပ်ပေ။
သနားစရာသတ္တဝါလို ကြည့်ခံရတာက သူ့ကို ပိုပြီး ဒေါသထွက်စေသည်။
ချောင်မိဖုရားခေါင်သည် သူ၏ အကြည့်ထဲမှ တစ်စုံတစ်ခုကို ရိပ်မိလိုက်သော်လည်း ဘာမှ မပြောပေ။ မယ်တော်ကြီးကျောက် ငိုလို့ဝသွားမှ ဝင်ရောက် နှစ်သိမ့်ပေးလိုက်သည်။ မယ်တော်ကြီးကျောက်သည် မျက်လုံးများ နီရဲနေလျက် လျိုကုန်းကုန်းကို ထမင်းပွဲ ပြင်ဆင်ခိုင်းပြီး သားဖြစ်သူကို ကိုယ်တိုင် ခွံ့ကျွေးရန် ပြင်လိုက်လေသည်။
ယုံးကျားဧကရာဇ် "..."
ငါ နေမကောင်းဖြစ်နေရုံပါ။ အသုံးမကျတဲ့သူ ဖြစ်သွားတာ မဟုတ်ဘူး။
ယုံးကျားဧကရာဇ်၏ နဖူးပေါ်တွင် သွေးကြောများ လှုပ်ခတ်နေတော့သည်။ သို့သော် မိခင်ဖြစ်သူ၏ စေတနာကို မငြင်းရက်သဖြင့် ပါးစပ်ဟပြီး စားလိုက်ရပြန်သည်။
ထမင်းအနည်းငယ် စားပြီးနောက် ယုံးကျားဧကရာဇ်သည် မျိုချရ ခက်ခဲလာသဖြင့် ပါးစပ်ပိတ်ထားလိုက်တော့သည်။
ထိုအချင်းအရာကို မြင်လိုက်သည်တွင် မယ်တော်ကြီးကျောက်မှာ စိုးရိမ်တကြီးဖြစ်သွားကာ "ဘာလို့ မစားတော့တာလဲ။ နေမကောင်းလို့လား။ သမားတော်ချုပ်ကျိုး၊ အရှင်မင်းကြီးကို လာကြည့်ပေးစမ်းပါဦး"
သမားတော်ချုပ်ကျိုးသည် လာရောက်စစ်ဆေးပြီးနောက် လျှောက်တင်လိုက်သည်။ "မယ်တော်ကြီး၊ အရှင်မင်းကြီးက အခုလေးတင် ဆေးတစ်ခွက်ကြီး သောက်ထားတာဆိုတော့ ခံတွင်းပျက်နေတာပါ။ နောက် ၂နာရီ ၃နာရီလောက်နေမှ ထပ်ကျွေးရင် ရပါပြီ"
မယ်တော်ကြီးကျောက်သည် မကျေနပ်နိုင်ဘဲ တိုးတိုးလေး ညည်းညူလိုက်လေသည်။ "ဒီလောက်လေးပဲ စားတာ ဘယ်မှာ အားရှိပါ့မလဲ" ထို့နောက် မျက်ရည်သုတ်ပြီး ပြောပြန်လေသည်။ "ရက်တွေ ဒီလောက်ကြာသွားပြီ။ အရှင်မင်းကြီးက ဒီပုံစံအတိုင်းပဲ။ နောက်ပိုင်း ဒီအတိုင်းပဲ ဖြစ်နေပြီး အိပ်ရာထဲက မထနိုင်ပဲ နေတော့မှာလား။ ငါ့ရဲ့ သနားစရာ သားလေးရယ်"
ယုံးကျားဧကရာဇ် "..."
...
အပိုင်း (၆၁၂) သနားစရာ (၂)
ချောင်မိဖုရားခေါင်ကတော့ ယုံးကျားဧကရာဇ်၏ ဒေါသထွက်နေသော မျက်နှာထားကို မြင်ပြီး စိတ်ထဲတွင် ရယ်မောနေလိုက်၏။
မယ်တော်ကြီးကျောက်သည် တမင် ရည်ရွယ်ပြီး ပြောခြင်း မဟုတ်သော်လည်း ထိုစကားများသည် ယုံးကျားဧကရာဇ်၏ နှလုံးသားကို ဆူးနှင့်ထိုးသကဲ့သို့ နာကျင်ရစေသည်။ ဒီအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ယုံးကျားဧကရာဇ်သည် ငြိမ်သက်စွာ အနားယူရန် မပြောနှင့် မယ်တော်ကြီးကျောက်၏ စကားများကြောင့် ဒေါသထွက်ပြီး ရင်ကွဲသေသွားနိုင်လေသည်။
ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။
ချောင်မိဖုရားခေါင်သည် မကြားချင်ယောင်ဆောင်ပြီး နေ၍ မဖြစ်တော့သဖြင့် ရှေ့သို့ တိုးလာကာ မယ်တော်ကြီးကျောက်ကို နှစ်သိမ့်ပေးလိုက်လေသည်။ "မယ်တော်ကြီး၊ အရှင်မင်းကြီးရဲ့ ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ ကောင်းလာတာပါ။ အခုဆိုရင် လက်ချောင်းလေးတွေ လှုပ်နိုင်ပြီ၊ စကားလည်း ရံဖန်ရံခါ ပြောနိုင်နေပြီ။ ဆက်ပြီး ဂရုစိုက်ကုသရင် မကြာခင် ကုတင်ပေါ်က ဆင်းနိုင်မှာပါ။ မယ်တော်ကြီးက ဒီလို တရှုံ့ရှုံ့ ငိုနေရင် အရှင်မင်းကြီးရဲ့ ကံကောင်းခြင်းတွေ လျော့ပါးသွားမှာ စိုးရိမ်ရပါတယ်"
မယ်တော်ကြီးကျောက်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်း လက်ဖမိုးဖြင့် မျက်ရည်သုတ်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။ "ဘာ ကံကောင်းခြင်း လျော့ပါးရမှာလဲ။ အရှင်မင်းကြီးက နဂါးအစစ်မို့လို့ ဒီလောကမှာ ကံအကောင်းဆုံးလူပဲ။ ဘယ်သူကမှ အရှင်မင်းကြီးရဲ့ ကံကောင်းခြင်းကို လျှော့ချလို့ မရဘူး"
"မယ်တော်ကြီး ပြောတာ မှန်ပါတယ်" ချောင်မိဖုရားခေါင်က ဆက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "နောက်ဆိုရင် မယ်တော်ကြီး မငိုပါနဲ့တော့။ မဟုတ်ရင် အရှင်မင်းကြီးက မယ်တော်ကြီးကို ပြန်ပြီး မနှစ်သိမ့်ပေးနိုင်တဲ့အတွက် စိတ်မကောင်း ဖြစ်နေရပါလိမ့်မယ်"
မယ်တော်ကြီးကျောက်သည် အလိုအလျောက် ယုံးကျားဧကရာဇ်ကို လှမ်းကြည့်လိုက်မိသည်။
ယုံးကျားဧကရာဇ်သည် အားယူပြီး စကားလုံးအချို့ကို ညှစ်ထုတ်လိုက်လေသည်။ "မယ်တော်၊ မ၊ ငို၊ နဲ့"
မယ်တော်ကြီးကျောက်၏ မျက်ဝန်းအိမ်များ ပူနွေးလာပြီး နှာခေါင်းရှုံ့ကာ မျက်ရည်ကျမလာအောင် မနည်းထိန်းထားလိုက်ရသည်။
ယုံးကျားဧကရာဇ်သည် စကားလေးလုံး ပြောလိုက်ရုံဖြင့် အားကုန်သွားသကဲ့သို့ မျက်လုံးများ မှိတ်ကျသွားတော့သည်။
ချောင်မိဖုရားခေါင်သည် မယ်တော်ကြီးကျောက်ကို ပြန်လည် အနားယူရန် တိုက်တွန်းသော်လည်း မယ်တော်ကြီးကျောက်က ငြင်းဆန်လေသည်။ "အိုက်ကျား ဘယ်မှမသွားဘူး။ ဒီမှာပဲ စောင့်နေမယ်"
ကျန်း တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သွားလိုက်ပါတော့။ ကျန်း တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်လို့ပါ။
ယုံးကျားဧကရာဇ်သည် နှုတ်ခမ်းမဲ့လိုက်ပြီး မျက်လုံးပြန်ဖွင့်လိုက်လေသည်။
မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်ကို ကြည့်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်လေသည်။ "သား စိတ်မပူနဲ့။ အမေ ဘယ်မှမသွားဘူး။ ဒီနေ့ နေ့လယ်ခင်းလုံး ဒီမှာပဲ စောင့်ပြီး သားကို စကားပြောပေးမယ်"
ယုံးကျားဧကရာဇ်သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးပြန်မှိတ်လိုက်ရတော့သည်။
ဒီမြင်ကွင်းက တော်တော်လေး ရယ်စရာကောင်းနေသည်။
ချောင်မိဖုရားခေါင်သည် ကွေးတက်နေသော နှုတ်ခမ်းထောင့်များကို ဖိနှိပ်လိုက်ပြီး ခဏအကြာတွင် ထွက်ခွာသွားလိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် သူမသည် မိဖုရားခေါင်တစ်ပါး လုပ်သင့်လုပ်ထိုက်သော တာဝန်များကို ကျေပွန်အောင် လုပ်ဆောင်ပြီးပြီ။ ယုံးကျားဧကရာဇ်၏ အနားတွင် ပြုစုမည့်သူများ မရှားသလို ဂရုစိုက်မည့်သူများလည်း မရှားပါချေ။
ချောင်မိဖုရားခေါင်သည် ဝမ်ဟွားနန်းဆောင်မှ ထွက်လာပြီးနောက် ကျောင်းဖန်နန်းဆောင်သို့ ပြန်လာခဲ့သည်။
လီရွှီ၊ လီရွှမ်းနှင့် လီဟန် မောင်နှမသုံးယောက်လုံးသည် အဘွားဖြစ်သူနှင့်အတူ နေ့လယ်စာစားရန် စောင့်ဆိုင်းနေကြသည်။ ချောင်မိဖုရားခေါင်သည် ကလေးများကို ထိုင်ခိုင်းလိုက်ပြီး သုံးယောက်စလုံးအတွက် အသားဟင်းများ ထည့်ပေးလိုက်လေသည်။
လီဟန်ကတော့ ခေါင်းငုံ့ပြီး အားရပါးရ စားသောက်နေလေသည်။ လီရွှမ်းသည် မောင်ဖြစ်သူ နင်သွားမည်ကို စိုးရိမ်သဖြင့် ကျောကုန်းလေးကို ပုတ်ပေးရင်း ပြောလိုက်၏။ "ဖြည်းဖြည်းစား။ ဘယ်သူမှ လုမစားပါဘူး"
လီရွှီက ချောင်မိဖုရားခေါင်ကို မော့ကြည့်ပြီး တိုးတိုးလေး မေးလိုက်လေသည်။ "ဘွားဘွားာ ကျန်းနန်ကို စာပို့လိုက်ပြီဆိုတော့ မေမေ မကြာခင် ပြန်ရောက်လာတော့မှာ မဟုတ်လား"
ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် ရက်တွက်ကြည့်လိုက်ပြီး ပြုံးလျက် ပြန်ဖြေလိုက်၏။ "စာပို့တာက ရက်နည်းနည်းကြာမယ်။ ပြန်လာဖို့ ခရီးနှင်တာကလည်း အမြန်ဆုံးဆိုရင်တောင် ၇ရက် ၈ရက်လောက် ကြာဦးမှာ။ သည်းခံပြီး စောင့်လိုက်ပါဦး"
လီရွှီက လိမ္မာစွာ ခေါင်းညိတ်လိုက်လေသည်။
လီရွှမ်းက သက်ပြင်းချလိုက်ကာ "သမီး မေမေ့ကို သတိရလိုက်တာ"
ဝူး...
လီဟန်သည် ရုတ်တရက် ထငိုလေတော့သည်။ ပါးစပ်ထဲမှ နံရိုးကြော်သည်လည်း စားပွဲပေါ်သို့ ပြုတ်ကျသွားလေသည်။ "မေမေ... သား မေမေ့ကို လိုချင်တယ်"
လီရွှီနှင့် လီရွှမ်းတို့၏ မိခင်ကို လွမ်းဆွတ်နေသော ခံစားချက်များသည် မောင်လေး၏ ကျယ်လောင်သော ငိုသံကြောင့် ပျောက်ကွယ်သွားတော့၏။
ချောင်မိဖုရားခေါင်သည် သနားသွားပြီး လီဟန်ကို ပွေ့ချီကာ ကျောကုန်းလေးကို ပုတ်ပေးလိုက်လေသည်။ အတော်ကြာအောင် ချော့မြှူလိုက်မှ လီဟန် အငိုတိတ်သွားတော့သည်။
...
ညနေခင်း။
နန်းတွင်းအကျဉ်းထောင်၏ အနီရောင်တံခါးဝတွင် လူငယ်အမျိုးသားနှစ်ဦး ပေါ်လာခဲ့သည်။ ထိုနှစ်ဦးအနက် တစ်ဦးသည် ညာဘက်ခြေထောက် မသန်မစွမ်းဖြစ်ပြီး တစ်ဦးမှာ ရုပ်ရည်ချောမောကာ နှစ်ဦးစလုံး အဝါရောင် မင်းသားဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့ပင်။
တံခါးစောင့်များသည် မပေါ့ဆရဲဘဲ ချက်ချင်း ဝင်ရောက် သတင်းပို့လိုက်ကြသည်။ ခဏအကြာတွင် တုန်းပင်ကျွင်းသည် ခြေလှမ်းသွက်လက်စွာဖြင့် ထွက်လာခဲ့သည်။ "ပထမမင်းသား၊ စတုတ္ထမင်းသား၊ ဘာကိစ္စ ရှိလို့ပါလဲ"
စတုတ္ထမင်းသားသည် လူမှုဆက်ဆံရေး ကောင်းမွန်သူပီပီ ချက်ချင်း နှုတ်ဆက်လိုက်လေသည်။ "ဦးရီးတော်တုန်းပင်"
တုန်းပင်ကျွင်းသည် ယုံးကျားဧကရာဇ်၏ ဝမ်းကွဲညီအစ်ကို တော်စပ်ပြီး တော်ဝင်မိသားစုမျိုးနွယ်ခေါင်းဆောင် ဖြစ်ပြီး တော်ဝင်မိသားစုအတွင်း အာဏာရှိသူတစ်ဦး ဖြစ်သည်။
တုန်းပင်ကျွင်းသည် မျက်နှာတွင် အပြုံးတစ်ခု တပ်ဆင်ထားသော်လည်း စိတ်ထဲတွင် သတိထားနေလေသည်။ "အရှင်မင်းသားတို့ ရောက်လာတာ ဘာကိစ္စများ ရှိလို့ပါလဲ"
ပထမမင်းသားက အသံနက်ဖြင့် ပြောလိုက်လေသည်။ "ကျွန်တော်တို့ စန်းတိနဲ့ ဝူတိ ကို တွေ့ချင်လို့ပါ"
ထင်ထားတဲ့အတိုင်း လီဟောက်နဲ့ လီချန်အတွက် လာတာပဲ။
တုန်းပင်ကျွင်းသည် မျက်လုံးများ လှုပ်ခတ်သွားပြီး ချောင်းတစ်ချက် ဟန့်ကာ ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ရဲ့ အမိန့်အရ တတိယမင်းသားနဲ့ ပဉ္စမမင်းသားကို နန်းတွင်းအကျဉ်းထောင်ထဲမှာ ချုပ်ထားပြီး ဘယ်သူမှ အနားကပ်ခွင့် မရှိပါဘူး။ အရှင်မင်းကြီး ကျန်းမာလာမှ ကိုယ်တိုင် စစ်ဆေးမေးမြန်းပါလိမ့်မယ်။ ကျွန်တော်မျိုးက အမိန့်အရ စောင့်ရှောက်နေရတာမို့ အရှင်မင်းသားတို့ အခက်တွေ့အောင် မလုပ်ပါနဲ့"
ပထမမင်းသားသည် မကျေမနပ် ဖြစ်သွားပြီး မျက်နှာထား တင်းမာသွားလေသည်။ "တကယ်လို့ ဦးရီးတော် စိတ်မချရင် ကျွန်တော်နဲ့ စစ်တိ ဝင်သွားတဲ့အချိန် လူလွှတ်ပြီး စောင့်ကြည့်ခိုင်းလိုက်လို့ ရတာပဲ"
"ဟုတ်ပါတယ် ဦးရီးတော်" စတုတ္ထမင်းသားက ဝင်ပြောလိုက်လေသည်။ "ကျွန်တော်တို့က တခြားရည်ရွယ်ချက် မရှိပါဘူး။ စန်းကောနဲ့ ဝူတိကို စိတ်ပူလို့ တစ်ချက်လောက် ဝင်ကြည့်ချင်ရုံပါပဲ။ သူတို့ အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ ပြန်ပါ့မယ်"
တုန်းပင်ကျွင်းက လုံးဝ ခွင့်မပြုဘဲ ငြင်းဆန်လိုက်လေသည်။ "ကျွန်တော်မျိုးက အမိန့်အရ လုပ်ဆောင်နေတာပါ။ တမင်သက်သက် တားဆီးနေတာ မဟုတ်ပါဘူး။ တကယ်လို့ အရှင်မင်းသားတို့ကို ထောင်ထဲ ဝင်ခွင့်ပေးလိုက်ရင် ဟွမ်ဟုပ်ညန်ညန်ကို ကျွန်တော်မျိုး ဘယ်လို ပြန်လျှောက်တင်ရမလဲ"
ပထမမင်းသားသည် ဒေါသထွက်လာပြီး မထိန်းချုပ်နိုင်ဘဲ ရွဲ့ပြောလိုက်လေသည်။ "ဦးရီးတော်က တော်ဝင်မိသားစုမျိုးနွယ် ခေါင်းဆောင်လေ။ အမိန့်နာခံမယ်ဆိုရင်လည်း ဖုဟွမ်ရဲ့ အမိန့်ကို နာခံရမှာ။ အခုကျတော့ ပါးစပ်ဖွင့်လိုက်တာနဲ့ မူဟုပ် မူဟုပ်နဲ့ တော်တော် ထူးဆန်းနေပါလား"
တုန်းပင်ကျွင်းသည် မျက်နှာထားမပျက်ဘဲ ပြန်ဖြေလိုက်လေသည်။ "အရှင်မင်းကြီးက နေမကောင်းဖြစ်ပြီး အနားယူနေရတာဆိုတော့ ဟွမ်ဟုပ်ညန်ညန်က ကိုယ်စား အမိန့်ပေးတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါပဲ။ ရှင်းယန်ဝမ်၊ ဖူယန်မြို့စားနဲ့ ကွမ်းပင်းနယ်စားတို့တောင် ဟွမ်ဟုပ်ညန်ညန်ရဲ့ အမိန့်ကို နာခံကြသေးတာပဲ။ ကျွန်တော်မျိုးက ညန်ညန်ရဲ့ အမိန့်ကို နာခံတာ ဘာများ ထူးဆန်းစရာ ရှိလို့လဲ"
"ပထမမင်းသားက တတိယမင်းသားနဲ့ ပဉ္စမမင်းသားကို တွေ့ချင်တယ်ဆိုရင် ကျောင်းဖန်နန်းဆောင်ကို သွားပြီး ညန်ညန်ဆီမှာ ခွင့်တောင်းလိုက်ပါ။ ညန်ညန်ရဲ့ ခွင့်ပြုချက်ရရင် ကျွန်တော်မျိုး ထောင်ထဲ ဝင်ခွင့်ပြုပါ့မယ်။ မဟုတ်ရင်တော့ အရှင်မင်းသားတို့ ပြန်ကြပါတော့"
ပထမမင်းသား "..."
ပထမမင်းသားသည် ငြင်းပယ်ခံလိုက်ရသဖြင့် မျက်နှာ မည်းမှောင်သွားပြီး နှာခေါင်းရှုံ့ကာ လက်ကို ခါရမ်းပြီး ထွက်ခွာသွားလေတော့သည်။
စတုတ္ထမင်းသားသည် မတတ်သာသည့် အမူအရာဖြင့် တုန်းပင်ကျွင်းကို လက်ယှက်နှုတ်ဆက်လိုက်လေသည်။ "သာ့ကောက စိတ်မြန်တတ်လို့ပါ။ ဦးရီးတော် စိတ်မရှိပါနဲ့"
တုန်းပင်ကျွင်းက ခပ်တိုးတိုး ရယ်မောလိုက်ကာ "ပထမမင်းသားရဲ့ စိတ်နေစိတ်ထားကို ကျွန်တော်မျိုး အသိဆုံးပါ။ ဘယ်လိုလုပ် စိတ်ထဲထားမှာလဲ"
လီယန်သည် အရှေ့နန်းဆောင်တွင် အမှုထမ်းပြီး ထိုက်ဇီဖေး၏ ညီမနှင့် လက်ထပ်ထားသူ ဖြစ်သည်။ တုန်းပင်ကျွင်းအိမ်တော်သည်လည်း ထိုက်ဇီဘက်သို့ ရပ်တည်နေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။
တုန်းပင်ကျွင်းသည် ချောင်မိဖုရားခေါင်ဘက်တွင် ရပ်တည်နေခြင်းသည် သဘာဝကျသော ကိစ္စပင်။
စတုတ္ထမင်းသားသည် ရင်ထဲတွင် ကြိတ်ကာ သက်ပြင်းချလိုက်ပြီး တုန်းပင်ကျွင်းကို နှုတ်ဆက်ကာ အလျင်အမြန် နောက်မှ လိုက်သွားတော့သည်။
ပထမမင်းသားသည် ခြေထောက်မသန်သဖြင့် လမ်းလျှောက်နှေးကွေးရာ စတုတ္ထမင်းသားသည် ခဏလေးနှင့် အမီလိုက်နိုင်ခဲ့သည်။ "သာ့ကော... သာ့ကော... ဦးရီးတော်ကလည်း အမိန့်အရ လုပ်နေရတာပါ။ သာ့ကောက ဦးရီးတော်နဲ့ သွားပြီး ရန်ဖြစ်မနေပါနဲ့"
ပထမမင်းသားက အေးစက်စက် ရယ်မောလိုက်ကာ "ငါက ဘာမို့လို့လဲ။ တုန်းပင်ကျွင်းကို စိတ်ဆိုးဖို့ ဘာအရည်အချင်း ရှိလို့လဲ။ သူပြောတာ ဟုတ်တာပဲလေ။ မင်းရော ငါရော ထောင်ထဲဝင်ဖို့ အရည်အချင်း မရှိကြဘူး။ စေတနာထားတာတွေ ရပ်လိုက်တာ ကောင်းမယ်"
စတုတ္ထမင်းသားသည် မတတ်သာတော့ဘဲ ပြောလိုက်တော့၏။ "သာ့ကော၊ သာ့ကော စိတ်မကြည်တာ ကျွန်တော့်အပေါ် လာပုံမချပါနဲ့။ ကျွန်တော်လည်း သာ့ကောလိုပဲ အပြင်မှာ အပိတ်ခံလိုက်ရတာပဲ မဟုတ်လား"
ပထမမင်းသားသည် စတုတ္ထမင်းသားကို စွေကြည့်လိုက်ပြီး ရွဲ့တဲ့တဲ့ ပြောပြန်သည်။ "ငါလို ခြေမသန်တဲ့လူက ဘယ်လိုလုပ် မင်းနဲ့ ယှဉ်နိုင်မှာလဲ"
စတုတ္ထမင်းသား "..."
စတုတ္ထမင်းသားသည် ဒေါသထွက်လွန်း၍ ရယ်မောလိုက်မိပြီး ခြေလှမ်းရပ်တန့်လိုက်ကာ ပထမမင်းသားကို လျစ်လျူရှုထားလိုက်တော့သည်။
...