← Chapters

အခန်း (၆၀၁-၆၀၃)

Vol. 41 Ch. 601-603

အခန်း (၆၀၁-၆၀၃)

Vol. 41 Ch. 601-603

အပိုင်း (၆၀၁) သတိလစ်မေ့မြောခြင်း (၁)

"ညန်ညန်၊ မကောင်းတော့ဘူး"

ရှီု့နဉ်နန်းဆောင်ထဲသို့ အပျိုတော်တစ်ဦးသည် မျက်နှာပျက်ပျက်ဖြင့် ပြေးဝင်လာသည်။

အထက်တွင် ထိုင်နေသော မယ်တော်ကြီးကျောက်သည် ဆဋ္ဌမမင်းသားကို ပျော်ရွှင်စွာ ချော့မြှူနေ၏။ ချင်ဖေးက ဘေးတွင် ရယ်မောစရာများ ပြောပြနေပြီး ယန်ဖင်သည်လည်း အလိုက်အထိုက် ပြုံးရယ်နေကာ အခြေအနေမှာ ကြည်နူးဖွယ်ကောင်းနေသည်။

"ဘာဖြစ်လို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ" ချင်ဖေးသည် မျက်မှောင်ကြုတ်ကာ အပျိုတော်ကို ဆူပူလိုက်လေသည်။

အပျိုတော်သည် ဒူးထောက်လိုက်ပြီး ခွင့်လွှတ်ပေးရန်ပင် တောင်းပန်ချိန် မရှိဘဲ အလောတကြီး ပြောလိုက်လေသည်။ "ဝမ်ဟွားနန်းဆောင်က သတင်းရောက်လာပါတယ်။ အရှင်မင်းကြီးက တတိယမင်းသားနဲ့ ပဉ္စမမင်းသားတို့ကြောင့် ဒေါသထွက်လွန်းပြီး မေ့လဲသွားတယ်တဲ့"

ဘယ်လို...

အားလုံး၏ မျက်နှာထားများက ပြောင်းလဲသွားကြတော့သည်။

အထူးသဖြင့် မယ်တော်ကြီးကျောက်သည် ရုတ်တရက် ထရပ်လိုက်ပြီး စူးရှစွာ မေးလိုက်လေသည်။ "တကယ်ပဲ ဘာဖြစ်သွားတာလဲ"

ချင်ဖေးနှင့် ယန်ဖင်တို့သည်လည်း ပြိုင်တူ ထရပ်လိုက်ကြပြီး "မြန်မြန်ပြောစမ်း" ဟု အော်ဟစ်လိုက်ကြသည်။

"အသေးစိတ်ကို ကျွန်တော်မျိုးမလည်း မသိပါဘူး" အပျိုတော်သည် တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်လေသည်။ "ဝမ်ဟွားနန်းဆောင်က ဒီစကားတစ်ခွန်းပဲ လာပြောသွားတာပါ"

မယ်တော်ကြီးကျောက်သည် မီးလိုပူလောင်နေသော စိတ်ကို ထိန်းချုပ်မရတော့ဘဲ ချက်ချင်း အပြင်သို့ ထွက်သွားလေတော့သည်။ ချင်ဖေးသည်လည်း တုံ့ဆိုင်းခြင်း မရှိဘဲ နောက်မှလိုက်သွားကာ မယ်တော်ကြီးကျောက်ကို တွဲကူပေးလိုက်သည်။

ယန်ဖင်ကတော့ ဆဋ္ဌမမင်းသားကို တစ်ချက် ကြည့်လိုက်ပြီး အနည်းငယ် တွေဝေသွား၏။ သူမသည် အချစ်ခံရမှု ပျက်ပြယ်သွားသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ယုံးကျားဧကရာဇ်၏ ရက်စက်တတ်သော မျက်နှာကို တွေးမိသည်နှင့် ရင်ထဲတွင် ကြောက်ရွံ့သွားမိသည်။ ဝမ်ဟွားနန်းဆောင်သို့ သွားလျှင်လည်း သူမ ဘာမှ လုပ်ပေးနိုင်မည် မဟုတ်ပေ။ သားတော်ကို စောင့်ရှောက်နေသည်ကသာ ပိုကောင်းပေလိမ့်မည်။

ကံကောင်းစွာနှင့်ပင် မယ်တော်ကြီးကျောက်နှင့် ချင်ဖေးတို့သည် သူမကို ဂရုမစိုက်အားကြပေ။ ယန်ဖင်သည် တွေဝေနေခဲ့သော်လည်း နောက်ဆုံးတွင်တော့ ကျန်ရစ်နေခဲ့လေသည်။

မယ်တော်ကြီးကျောက်သည် အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော်လည်း ယခုအချိန်တွင် ခြေလှမ်းသွက်လက်နေပြီး ချင်ဖေးပင် နောက်မှ အမီလိုက်ရန် ခက်ခဲနေလေသည်။ ချင်ဖေးသည် အလျင်အမြန် လိုက်ပါသွားရင်း နှစ်သိမ့်ပေးလိုက်လေသည်။ "မယ်တော်ကြီး စိတ်မပူပါနဲ့။ အရှင်မင်းကြီးက ကောင်းကင်ဘုံသားတော်မို့ ကောင်းကင်ဘုံက စောင့်ရှောက်မှာပါ။ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး"

ဒီလိုအချိန်မှာတောင် ဒီလို အာပေါင်အာရင်းသန်သန် စကားတွေကို ပြောနိုင်သေးတယ်ပေါ့။

မယ်တော်ကြီးကျောက်သည် ဆဲရေးရန်ပင် စိတ်မပါတော့ဘဲ ဆက်လက် လျှောက်သွားလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ဟွားနန်းဆောင်အပြင်သို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာသို့ တုန်လှုပ်နေသော မျက်နှာဖြင့် ရောက်လာသူမှာ မုန့်ဖေးပင်။

ချောင်မိဖုရားခေါင်သည် အကျယ်ချုပ်ကျခံနေရဆဲ ဖြစ်သည်။ ယခု အနောက်နန်းဆောင်ကို ကိုယ်စား ကိုင်တွယ်နေသူမှာ မုန့်ဖေး ဖြစ်သဖြင့် သူမ ရောက်လာခြင်းသည် ထူးဆန်းသည်တော့ မဟုတ်ပေ။

မုန့်ဖေးသည် ယုံးကျားဧကရာဇ်အပေါ်တွင်တော့ သံယောဇဉ်စစ် အနည်းငယ် ရှိနေသေးသည်။ သူမသည် ပြေးလွှားလာခဲ့သဖြင့် မျက်လုံးများ နီရဲနေပြီး ငိုတာထက်ပင် ရုပ်ဆိုးသော အပြုံးတစ်ခုကို ညှစ်ထုတ်ကာ နှုတ်ဆက်လိုက်လေသည်။ "မယ်တော်ကြီးကို ဂါရဝပြုပါတယ်"

မယ်တော်ကြီးကျောက်သည် ခြေလှမ်းတန့်လိုက်ပြီး အသက်ရှူရပ်သွားကာ ပြန်မပြောဘဲ နန်းဆောင်အတွင်းသို့ ဝင်သွားလိုက်သည်။

မုန့်ဖေးသည်လည်း စိတ်မဆိုးအားဘဲ ချင်ဖေးနှင့်အတူ မယ်တော်ကြီးကျောက်ကို တွဲကူကာ ဝမ်ဟွားနန်းဆောင်အတွင်းသို့ ဝင်ရောက်သွားလေသည်။

နန်းဆောင်အတွင်းရှိ ထူးဆန်းသော မြင်ကွင်းသည် မျက်စိရှေ့တွင် ပေါ်လာတော့သည်။

လျိုကုန်းကုန်းသည် ခြေလက်လေးဖက်ထောက်ကာ ဝပ်နေပြီး ယုံးကျားဧကရာဇ်သည် လျိုကုန်းကုန်း၏ ကျောပေါ်တွင် တောင့်တောင့်ကြီး လဲကျနေလေသည်။ သမားတော်ချုပ်ကျိုးသည် တည်ကြည်သော မျက်နှာထားဖြင့် ဒူးထောက်လျက် ယုံးကျားဧကရာဇ်ကို ရွှေအပ်ဖြင့် ကုသပေးနေသည်။

တတိယမင်းသားနှင့် ပဉ္စမမင်းသားတို့သည် ဘေးတွင် ဒူးထောက်နေကြပြီး တရားရေးဝန်ကြီးယောင်သည်လည်း ဘေးတွင် ဒူးထောက်နေလေသည်။

ဒါ တကယ် ဘာဖြစ်သွားကြတာလဲ။

မယ်တော်ကြီးကျောက်သည် ရှေ့သို့ ပြေးတက်သွားပြီး ယုံးကျားဧကရာဇ်၏ ဖြူဖပ်ဖြူရော မျက်နှာကို မြင်လိုက်ရသည်နှင့် မျက်ရည်များ ဝေါခနဲ ကျဆင်းလာတော့သည်။ စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ အော်ဟစ်ငိုကြွေးလေတော့သည်။

မုန့်ဖေးနှင့် ချင်ဖေးတို့သည်လည်း အတူတကွ ငိုကြွေးလိုက်ကြသည်။

ယုံးကျားဧကရာဇ်သည် အားနည်းချက်အချို့ ရှိသော်လည်း ခြုံကြည့်လျှင် ထက်မြက်သော ဧကရာဇ်တစ်ပါးပင်။ သားတော်များကို ကောင်းမွန်စွာ ပျိုးထောင်ပေးခဲ့ပြီး သူမတို့ကိုလည်း ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ပေ။

အကယ်၍ ယုံးကျားဧကရာဇ် တစ်ခုခု ဖြစ်သွားခဲ့လျှင် သူမတို့၏ ကောင်းကင် ပြိုကျသွားသလို ဖြစ်ပေလိမ့်မည်။

စူးရှသော ငိုကြွေးသံ သုံးခုသည် နားထဲတွင် ပဲ့တင်ထပ်နေလေသည်။ သမားတော်ချုပ်ကျိုးသည် အာရုံစိုက်ရန် ခက်ခဲနေသဖြင့် မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။

ဝန်ကြီးယောင်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်လေသည်။ "အရှင်မင်းကြီးက ဒေါသအရမ်းထွက်ပြီး သတိမေ့သွားတာပါ။ သမားတော်ချုပ်ကျိုးက အရှင်မင်းကြီးကို အရေးပေါ် ကုသပေးနေတာမို့ တိတ်ဆိတ်ဖို့ လိုအပ်ပါတယ်။ မယ်တော်ကြီးနဲ့ ညန်ညန်တို့ကို နည်းနည်းလောက် ထိန်းသိမ်းပေးဖို့ မေတ္တာရပ်ခံပါတယ်"

မယ်တော်ကြီးကျောက်သည် ရှိုက်ကြီးတငင် ငိုကြွေးနေပြီး ချက်ချင်း မရပ်တန့်နိုင်သော်လည်း အသံတော့ အတော်လေး တိုးသွားခဲ့သည်။ မုန့်ဖေးနှင့် ချင်ဖေးတို့သည်လည်း အသံတိတ် ရှိုက်ငိုနေကြပြီး ဆူညံသံများ တိတ်ဆိတ်သွားတော့သည်။

သမားတော်ချုပ်ကျိုးသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ရွှေအပ်ဖြင့် ဆက်လက် ကုသပေးနေလေသည်။

မယ်တော်ကြီးကျောက်သည် သမားတော်ချုပ်ကျိုးကို အနှောင့်အယှက် မပေးရဲသဖြင့် ဘေးတွင် ဒူးထောက်နေသော တတိယမင်းသားနှင့် ပဉ္စမမင်းသားဘက်သို့ လှည့်လိုက်လေသည်။ "အားဟောက်၊ အားချန်၊ မင်းတို့နှစ်ယောက် ဘာလို့ ဒီမှာ ဒူးထောက်နေရတာလဲ။ မင်းတို့အဖေ မေ့လဲသွားတာ မင်းတို့နဲ့ ပတ်သက်နေတာလား"

လီဟောက်၏ မျက်ဝန်းများ မှေးမှိန်သွားပြီး ဘယ်ကစ ပြောရမှန်း မသိ ဖြစ်နေလေသည်။

လီချန်သည်လည်း ယခင်ကလို ရင်ကော့ခေါင်းမော့ပြီး ဝန်ခံရဲသော သတ္တိ မရှိတော့ဘဲ ခေါင်းငုံ့ကာ တိတ်ဆိတ်နေလေသည်။

မယ်တော်ကြီးကျောက်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး အသံမာမာဖြင့် မေးလိုက်လေသည်။ "တကယ်ပဲ ဘာဖြစ်ကြတာလဲ"

မုန့်ဖေးသည် ဘေးတစ်ဖက်ရှိ သွေးကွက်များကို မြင်လိုက်ရပြီး အတွေးများစွာ ဝင်ရောက်လာတော့သည်။

ထိုအချိန်တွင် ဝန်ကြီးယောင်က လေးလေးနက်နက် ဖြေကြားလိုက်လေသည်။ "မယ်တော်ကြီးကို လျှောက်တင်ပါတယ်။ တတိယမင်းသားနဲ့ ပဉ္စမမင်းသားတို့က ထိုက်ဇီလုပ်ကြံခံရတဲ့အမှုနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။ အရှင်မင်းကြီးက အဲဒါကြောင့် ဒေါသထွက်ပြီး မေ့လဲသွားတာပါ"

မုန့်ဖေးနှင့် ချင်ဖေးတို့သည် ပြိုင်တူ လေတစ်ချက် ရှူသွင်းလိုက်မိကြသည်။

ထိုက်ဇီ လုပ်ကြံခံရသည့်ကိစ္စကို သူမတို့ သံသယ ဝင်ခဲ့ဖူးကြသည်။

သို့သော် တကယ်တမ်း လီဟောက် ညီအစ်ကိုနှစ်ယောက်နှင့် ပတ်သက်နေလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

မယ်တော်ကြီးကျောက်သည် ပို၍ပင် ဒေါသထွက်သွားတော့သည်။ သူမသည် မြေးတော်များကို အမြဲတမ်း ချစ်ခင်ပြီး ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလေ့ မရှိပေ။ သို့သော် ယခုအချိန်တွင်တော့ ဆဲရေးတိုင်းထွာလိုက်လေတော့သည်။ "နင်တို့နှစ်ကောင် တိရစ္ဆာန်ကောင်တွေ။ ထိုက်ဇီက နင်တို့ရဲ့ အစ်ကိုအရင်းလေ။ အမေမတူပေမယ့် အဖေတူတူပဲဟာကို"

"စူးဖေးဆိုတဲ့ မိန်းမယုတ်က အဲဒီလို ယုတ်မာတဲ့ကိစ္စ လုပ်ခဲ့တာ သေသွားတာ ဘာနှမြောစရာ ရှိလို့လဲ။ နင်တို့ညီအစ်ကိုနှစ်ယောက်က ဘာကို အငြိုးအတေး ထားနေကြတာလဲ။ နင်တို့ အခု ရနေတဲ့ ရာထူးတွေ၊ သာ့ဝေတိုင်းပြည်ရဲ့ မင်းသားတွေအဖြစ် စည်းစိမ်ခံစားနေရတာတွေ အကုန်လုံးက နင်တို့အဖေ ပေးထားတာတွေချည်းပဲ"

"သူက နင်တို့ညီအစ်ကိုတွေ သင့်မြတ်ဖို့ မျှော်လင့်နေတာ။ နင်တို့က ဒီလိုကိစ္စမျိုး လုပ်ပြီး သူ့နှလုံးသားကို ခွဲနေကြတာပေါ့လေ။ ငါ..."

စိတ်လှုပ်ရှားလွန်းသဖြင့် မယ်တော်ကြီးကျောက်၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်လာတော့သည်။

"မယ်တော်ကြီး" ချင်ဖေးသည် ထိတ်လန့်သွားပြီး မယ်တော်ကြီးကျောက်ကို အလျင်အမြန် တွဲကူလိုက်လေသည်။

မယ်တော်ကြီးကျောက်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်နှာတွင် ဒေါသကြောင့် နီရဲလာကာ စိုက်ကြည့်လိုက်လေသည်။ "လာကြစမ်း။ အိုက်ကျားရဲ့ အမိန့်ကို နာခံပြီး တုန်းပင်ကျွင်းကို နန်းတော်ထဲ ဝင်ဖို့ ချက်ချင်း ခေါ်လိုက်။ နင်တို့နှစ်ယောက် ဒီမှာ ဒူးထောက်နေကြ။ တုန်းပင်ကျွင်း ရောက်လာရင် နင်တို့နှစ်ယောက်ကို နန်းတွင်းအကျဉ်းထောင်ထဲ သွားထည့်ထားလိုက်မယ်"

"နင်တို့အဖေ သတိပြန်ရလာမှ ဆက်ပြီး အပြစ်ပေးခိုင်းမယ်"

လီဟောက်သည် လီချန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။ "ဟုတ်ကဲ့၊ မြေးတော် အမိန့်နာခံပါတယ်။ မယ်တော်ကြီး စိတ်လျှော့တော်မူပါ"

မယ်တော်ကြီးကျောက်သည် သတိမေ့နေသော သားဖြစ်သူကို ကြည့်ပြီး မျက်ရည်များ ဝဲနေကာ ဒေါသထွက်လွန်း၍ မည်သို့မျှ စိတ်မလျှော့နိုင်တော့ဘဲ နှာခေါင်းရှုံ့ကာ လှည့်မကြည့်တော့ချေ။

အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ဝမ်ဟွားနန်းဆောင်အတွင်းတွင် စိတ်မသက်မသာ ဖြစ်ဖွယ် တိတ်ဆိတ်မှုများ လွှမ်းခြုံနေလေ၏။

သနားစရာကောင်းသော လျိုကုန်းကုန်းသည် ဖိထားခြင်းခံရသဖြင့် အသက်ရှူပင် မဝတော့သော်လည်း မလှုပ်ရဲဘဲ အသားကူရှင်အဖြစ် ငြိမ်သက်နေရလေသည်။ ယုံးကျားဧကရာဇ်၏ ဦးခေါင်းပေါ်တွင် ရွှေအပ်များ ပြည့်နှက်နေသော်လည်း သတိပြန်ရလာမည့် အရိပ်အယောင် မတွေ့ရပေ။ သမားတော်ချုပ်ကျိုး၏ မျက်နှာထားသည်လည်း ပိုမို တည်ကြည်လေးနက်လာသည်။

မယ်တော်ကြီးကျောက်သည် စိတ်ပူလွန်း၍ မျက်ရည်များ ကျဆင်းလာတော့သည်။

မုန့်ဖေးသည် သည်းမခံနိုင်တော့ဘဲ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်လေသည်။ "သမားတော်ချုပ်ကျိုး၊ အရှင်မင်းကြီး ဘာလို့ သတိမရလာသေးတာလဲ"

ရွှေအပ်တွေ ဒီလောက်များတာ စိုက်ထားတာတောင် ဘာလို့ တုံ့ပြန်မှု မရှိရတာလဲ။

ဆေးပညာ နားမလည်လျှင်ပင် အခြေအနေ မကောင်းမှန်း သိသာလှသည်။

သမားတော်ချုပ်ကျိုးတွင် ပြန်ဖြေရန် အချိန်မရှိပေ။

မယ်တော်ကြီးကျောက်သည် အသက်ရှူပင် မဝတော့ဘဲ မျက်ရည်များ ဒလဟော စီးကျလာလေသည်။

ဝန်ကြီးယောင်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေလေသည်။ "မယ်တော်ကြီးရဲ့ အမိန့်နဲ့ တော်ဝင်သမားတော် အားလုံးကို ခေါ်လိုက်ပါ။ နောက်ပြီး ချောင်ကောလောင်နဲ့ ကျန်တဲ့ ဝန်ကြီးတွေကိုပါ ခေါ်လိုက်ပါ။ ရှင်းယန်ဝမ်၊ ကွမ်းပင်းနယ်စား၊ ဖူယန်နယ်စား တို့ကိုပါ တစ်ခါတည်း နန်းတော်ထဲ ဝင်ခိုင်းလိုက်ပါ"

ချင်ဖေး၏ ကျောပြင်တွင် အေးစက်စက် ခံစားလိုက်ရပြီး မည်သည့်အတွေး ဝင်လာသည်မသိ ပါးစပ်က ဦးနှောက်ထက် မြန်ဆန်စွာ ပြောလိုက်မိသည်။ "စတုတ္ထမင်းသားကိုပါ ချက်ချင်း နန်းတော်ထဲ ဝင်ခိုင်းလိုက်ပါ"

ဝန်ကြီးယောင် "..."

...

အပိုင်း (၆၀၂) သတိလစ်မေ့မြောခြင်း (၂)

ဝန်ကြီးယောင်သည် ချင်ဖေးကို အဓိပ္ပါယ်ပါပါဖြင့် တစ်ချက် ကြည့်လိုက်လေသည်။

အနောက်နန်းဆောင်တွင် ချောင်မိဖုရားခေါင်နှင့် ထိုက်ဇီဖေးတို့ မရှိကြသောအခါ လူအများ စိတ်လှုပ်ရှားနေကြသည်မှာ မဆန်းတော့ပေ။ ဒီလိုအချိန်မှာတောင် ချင်ဖေးက စတုတ္ထမင်းသားအတွက် နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေသေးသည်။

မယ်တော်ကြီးကျောက်သည် ချက်ချင်း သဘောမပေါက်ဘဲ ခေါင်းညိတ်လိုက်လေသည်။ "အရှင်မင်းကြီး သတိမရသေးဘူးဆိုတော့ သားတော်သမီးတော်တွေ နန်းတော်ထဲဝင်ပြီး ပြုစုသင့်တာပေါ့။ အိုက်ကျားရဲ့ အမိန့်ကို နာခံပြီး ပထမမင်းသား၊ စတုတ္ထမင်းသားနဲ့ ဟွေ့အန်း၊ ကျင့်အန်း ညီအစ်မနှစ်ယောက်လုံးကို နန်းတော်ထဲ ဝင်ခိုင်းလိုက်"

မုန့်ဖေးသည် ထိတ်လန့်နေဆဲ ဖြစ်သော်လည်း ချင်ဖေးကို မဲ့ရွဲ့ပြလိုက်လေသည်။

ချင်ဖေးကလည်း မျက်နှာပြောင်တိုက်ပြီး မမြင်ချင်ယောင် ဆောင်နေလိုက်သည်။

ဝန်ကြီးယောင်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး မယ်တော်ကြီးကျောက်ကို လျှောက်တင်လိုက်၏။ "ဟွမ်ဟုပ်ညန်ညန် နေမကောင်းလို့ အနားယူနေရတာ ကြာပါပြီ။ အခု အရှင်မင်းကြီးက သတိမရသေးဘူး။ မယ်တော်ကြီးကလည်း အသက်အရွယ် ကြီးရင့်နေပြီဆိုတော့ ပင်ပန်းလို့ မဖြစ်ပါဘူး။ ဟွမ်ဟုပ်ညန်ညန်ကို နာမကျန်းဖြစ်နေပေမယ့် ဝမ်ဟွားနန်းဆောင်ကို ကြွလာပြီး အခြေအနေကို ထိန်းသိမ်းပေးဖို့ ဖိတ်ခေါ်သင့်ပါတယ်"

မယ်တော်ကြီးကျောက် ခေါင်းမညိတ်ရသေးမီ မုန့်ဖေးသည် ပထမဆုံး ဒေါသထွက်သွားခဲ့သည်။

မုန့်ဖေးသည် ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး ရန်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန် နေမကောင်းလို့ အနားယူနေရတယ်ဆိုတာ ဝန်ကြီးယောင်လည်း သိနေတာပဲ။ အခုမှ ဘာလို့ ဒီလို အကြံပေးရတာလဲ။ ပန်ကုံးကို မယုံကြည်လို့လား"

ငါ ဒီမှာ ရှိနေတာပဲ။ ဘာဖြစ်လို့လဲ။

ဝန်ကြီးယောင်သည် တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။ "မုန့်ဖေးညန်ညန် စိတ်လျှော့တော်မူပါ။ အနောက်နန်းဆောင်က ကိစ္စအဝဝကို ညန်ညန် ကိုယ်စား စီမံတာ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ အခု အရှင်မင်းကြီး သတိမရသေးဘူး။ သတိရလာရင်လည်း အနားယူဖို့ လိုအပ်ဦးမှာပါ။ ထိုက်ဇီအရှင်မင်းသားကလည်း မြို့တော်မှာ မရှိဘူး။ တိုင်းပြည်အရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ကိစ္စတွေ ပေါ်လာရင် တစ်ယောက်ယောက်က ဆုံးဖြတ်ချက် ချပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်မျိုး အမြင်ကတော့ ဟွမ်ဟုပ်ညန်ညန်က အသင့်တော်ဆုံးပါပဲ"

ဇနီးသည်ဆိုတာ ခင်ပွန်းသည်နဲ့ တန်းတူအခွင့်အရေး ရှိတာလေ။

အချစ်တော် ကိုယ်လုပ်တော်ပဲဖြစ်ဖြစ် ကိုယ်လုပ်တော်က ကိုယ်လုပ်တော်ပါပဲ။

တရားဝင် ဇနီးသည်တစ်ယောက်တည်းသာ လူရှေ့သူရှေ့ ထွက်ပြီး စီမံခန့်ခွဲပိုင်ခွင့်နဲ့ အခွင့်အာဏာ ရှိတာပါ။

မုန့်ဖေးသည် ပါးစပ်ပိတ်သွားပြီး မျက်နှာက ပြာလိုက် ဖြူလိုက် ဖြစ်ကာ ရင်ထဲတွင် ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်နေလေသည်။

ချင်ဖေးကတော့ ကြည့်ကောင်းလိုက်တာဟု တွေးရင်း တစ်ဖက်တွင်လည်း ကိုယ်ချင်းစာသလို ခံစားနေရသည်။

မယ်တော်ကြီးကျောက်သည် လုံးဝ စိတ်နှလုံး ထွေပြားခြင်း မရှိသေးပေ။ ခေါင်းညိတ်လိုက်ပြီး "ဝန်ကြီးယောင် ပြောတာ အကြောင်းသင့်ပါတယ်" ဟု ပြောကာ အပျိုတော်ကို အမိန့်ပေးလိုက်လေသည်။ "ကျောင်းဖန်နန်းဆောင်ကို သွားပြီး ဟွမ်ဟုပ်ကို ဝမ်ဟွားနန်းဆောင်ကို အခုချက်ချင်း လာခဲ့ဖို့ ပြောလိုက်"

အပျိုတော်သည် အမိန့်ကို နာခံပြီး ထွက်ခွာသွားလေသည်။

ထိုအချိန်တွင် တုန်းပင်ကျွင်းသည် အလျင်စလို ဝင်ရောက်လာခဲ့သည်။

မျက်စိရှေ့မှ မြင်ကွင်းကြောင့် တုန်းပင်ကျွင်းသည် အလွန်အမင်း ထိတ်လန့်သွားလေသည်။ ပါးစပ်ဟပြီး မမေးရသေးမီ ဝန်ကြီးယောင်က ဘေးသို့ ဆွဲခေါ်သွားပြီး တိုးတိုးတိတ်တိတ် မှာကြားလိုက်လေသည်။

တုန်းပင်ကျွင်းသည် အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးဖြစ်သော်လည်း ယခုအချိန်တွင် ပါးစပ်အဟောင်းသားဖြင့် ကြောင်အသွားရတော့သည်။

"မင်းသားနှစ်ပါးကို နန်းတွင်းအကျဉ်းထောင်ဆီ အရင် ခေါ်သွားပေးပါ" ဝန်ကြီးယောင်သည် တုန်းပင်ကျွင်းကို လေးနက်စွာ ကြည့်လိုက်လေသည်။ "မင်းသားနှစ်ပါးကို ကောင်းကောင်း စောင့်ရှောက်ထားပါ။ အရှင်မင်းကြီး သတိရလာရင် ကိုယ်တိုင် စစ်ဆေးမေးမြန်းပါလိမ့်မယ်။ ဘာအမှားအယွင်းမှ မဖြစ်ပါစေနဲ့"

ထွက်မပြေးပါစေနဲ့။

တုန်းပင်ကျွင်းသည် ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်လေသည်။ "သတိပေးတဲ့အတွက် ကျေးဇူးပါ ဝန်ကြီးယောင်"

ထို့နောက် တုန်းပင်ကျွင်းသည် မယ်တော်ကြီးကျောက်၏ ရှေ့သို့ သွားကာ လက်ကို ယှက်ပြီး ပြောလိုက်လေသည်။ "မယ်တော်ကြီး ကျန်းမာရေး ဂရုစိုက်ပါ။ ကျွန်တော်မျိုး မင်းသားနှစ်ပါးကို နန်းတွင်းအကျဉ်းထောင်ဆီ ခေါ်သွားလိုက်ပါဦးမယ်"

မယ်တော်ကြီးကျောက်သည် မျက်ရည်သုတ်ရင်း မှာကြားလိုက်လေသည်။ "ဒီ သေသင့်တဲ့ တိရစ္ဆာန်ကောင်နှစ်ကောင်... သူတို့သာ မဟုတ်ရင် အရှင်မင်းကြီးက ဒီလို ဖြစ်လာမှာ မဟုတ်ဘူး။ သူတို့ကို ယဉ်ကျေးနေစရာ မလိုဘူး"

တုန်းပင်ကျွင်းသည် မျက်နှာထား တည်ကြည်စွာဖြင့် လက်ခံလိုက်ပြီး လီဟောက်နှင့် လီချန်တို့၏ ရှေ့သို့ လျှောက်သွားလိုက်သည်။ "အရှင်မင်းသားတို့၊ ကျွန်တော်မျိုးနဲ့အတူ နန်းတွင်းအကျဉ်းထောင်ကို လိုက်ခဲ့ကြပါ"

လီဟောက်သည် ထရပ်ရင်း လီချန်ကို ဆွဲထူလိုက်လေသည်။ လီချန်သည် ရင်ဘတ်အောင့်နေသဖြင့် လီဟောက်၏ အကူအညီဖြင့် အနိုင်နိုင် မတ်တပ်ရပ်လိုက်ရသည်။

ညီအစ်ကိုနှစ်ယောက်သည် တုန်းပင်ကျွင်း၏ နောက်မှ လိုက်ပါလျက် ဝမ်ဟွားနန်းဆောင်ထဲမှ ဖြည်းညှင်းစွာ ထွက်ခွာသွားကြလေသည်။

တောက်ပသော နေရောင်ခြည်က မျက်လုံးကို ကျိန်းစပ်စေလေသည်။

လီချန်၏ မျက်လုံးများက မူလကတည်းက သေးငယ်ရာ မျက်မှောင်ကြုတ်လိုက်သည့်အခါ လုံးဝ ပျောက်ကွယ်သွားတော့သည်။

"ရင်ဘတ် အောင့်နေလား" လီဟောက်က တိုးတိုးလေး မေးလိုက်သည်။

လီချန်သည် စကားပြန်ပြောရန် အားမရှိသဖြင့် ခေါင်းသာ ညိတ်ပြလိုက်လေသည်။

လီဟောက်၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြတ်ပြေးသွားပြီး ဘာမှ ထပ်မပြောတော့ပေ။

...

"ဘာပြောလိုက်တယ်"

ကျောင်းဖန်နန်းဆောင်ထဲမှ ချောင်မိဖုရားခေါင်၏ အံ့သြတကြီး အသံ ထွက်ပေါ်လာခဲ့သည်။

ချိုင်လန်သည် မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "သတင်းလာပို့တာက မယ်တော်ကြီးကျောက်ရဲ့ လူပါ။ အမှားမဖြစ်နိုင်ပါဘူး။ ကြားတာတော့ အရှင်မင်းကြီးက တတိယမင်းသားနဲ့ ပဉ္စမမင်းသားတို့ကြောင့် ဒေါသထွက်ပြီး မေ့လဲသွားတယ်တဲ့"

ချောင်မိဖုရားခေါင်သည် ထပ်မံ ထိတ်လန့်သွားပြီး ရုတ်တရက် ထရပ်လိုက်လေသည်။

ချိုင်လန်က တိုးတိုးလေး မေးလိုက်သည်။ "မယ်တော်ကြီးက ဟွမ်ဟုပ်ညန်ညန်ကို အခုချက်ချင်း ဝမ်ဟွားနန်းဆောင်ကို လာခဲ့ဖို့ မှာလိုက်ပါတယ်။ ညန်ညန် သွားမှာလား"

သွားရမှာပေါ့။

ချောင်မိဖုရားခေါင်သည် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်လေသည်။ "ချိုင်လန်၊ နန်းဆောင်တံခါး ဖွင့်ခိုင်းလိုက်။ ပန်ကုံး အခုချက်ချင်း ဝမ်ဟွားနန်းဆောင်ကို သွားမယ်"

ချိုင်လန်က ပြန်ပြောလိုက်သည်။ "ညန်ညန် အဝတ်အစားလဲပြီး မျက်နှာချေလိမ်းဦးမလား"

ချောင်မိဖုရားခေါင်သည် အကျယ်ချုပ်ကျနေစဉ် ကာလအတွင်း နေ့စဉ် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ပြီး မျက်နှာကို မျက်နှာချေမလိမ်းဘဲ နေလေ့ရှိသည်။ ဒီပုံစံအတိုင်း ထွက်သွားလျှင် အလွန် ရိုးရှင်းလွန်းနေပေလိမ့်မည်။

ချောင်မိဖုရားခေါင်သည် ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဒီပုံစံနဲ့ သွားတာပဲ ကောင်းပါတယ်။ ပန်ကုံး ဘယ်လောက် စိတ်ပူနေလဲဆိုတာ ပေါ်လွင်တာပေါ့"

အဲဒါလည်း ဟုတ်တာပဲ။

ချိုင်လန်သည် ဘာမှ ထပ်မပြောတော့ဘဲ အပျိုတော် ၄ယောက်ကို ခေါ်လိုက်သည်။

ချောင်မိဖုရားခေါင်သည် ကျောင်းဖန်နန်းဆောင်မှ ထွက်လာသည့်အခါ တောက်ပသော နေရောင်ခြည်ကြောင့် မျက်လုံး ကျိန်းစပ်သွားပြီး အလိုအလျောက် မျက်မှောင်ကြုတ်လိုက်မိ၏။ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ အနည်းဆုံး လအနည်းငယ်လောက် အကျယ်ချုပ်ကျရမည်ဟု ထင်ထားခဲ့ပြီး တစ်လမပြည့်ခင်မှာပင် နန်းဆောင်မှ ပြန်ထွက်လာရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူမတို့အဖွဲ့သည် ဝမ်ဟွားနန်းဆောင်သို့ အလျင်အမြန် ရောက်ရှိလာကြသည်။

ထိုအချိန်တွင် တော်ဝင်သမားတော်များ အားလုံးသည် နန်းဆောင်အတွင်းသို့ ရောက်ရှိနေကြလေပြီ။ ဆေးပညာ ကျွမ်းကျင်သော သမားတော်လီ၊ သမားတော်ဝူ တို့သည် ယုံးကျားဧကရာဇ်၏ ဘေးတွင် ဝိုင်းရံနေကြသည်။ ကျန်သော သမားတော်များသည် ဘေးတွင် ရပ်နေကြပြီး နန်းဆောင်တစ်ခုလုံး လူများဖြင့် ပြည့်နှက်နေလေသည်။

မုန့်ဖေးနှင့် ချင်ဖေးတို့သည် မျက်လုံးများ နီရဲလျက် မျက်ရည်စက်လက်ဖြစ်နေသော မယ်တော်ကြီးကျောက်၏ ဘေးတွင် ရပ်နေကြသည်။

ဝန်ကြီးယောင်တစ်ယောက်တည်းသာ တည်ငြိမ်နေပြီး ရှေ့သို့ တိုးလာကာ ဂါရဝပြုလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်"

ချောင်မိဖုရားခေါင်သည် နန်းတွင်းကိစ္စများကို စိတ်ပူစရာ မလိုဘဲ စားကောင်းအိပ်ပျော် နေခဲ့သဖြင့် ယခင်ကထက်ပင် ကျန်းမာဝဖြိုးနေလေသည်။ ကြည့်ရသည်မှာ နာတာရှည်ရောဂါသည် တစ်ယောက်နှင့် လုံးဝ မတူချေ။

"ဝန်ကြီးယောင် ထပါ" ချောင်မိဖုရားခေါင်သည် ရောက်သည်နှင့် ချက်ချင်း အခြေအနေကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်လေသည်။ "ဘာဖြစ်သွားတာလဲ။ ဝန်ကြီးယောင် ပြောပြပါဦး"

ဝန်ကြီးယောင်သည် အကြောင်းစုံကို အတိုချုပ် ရှင်းပြလိုက်လေသည်။ "... ထိုက်ဇီ လုပ်ကြံခံရတဲ့အမှုမှာ တတိယမင်းသား ပါဝင်နေသလား၊ ပဉ္စမမင်းသား ပါဝင်နေသလား ဆိုတာ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အရှင်မင်းကြီး သတိရလာပြီး သေချာ စစ်ဆေးမေးမြန်းမှပဲ အဖြေပေါ်မှာပါ"

ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် တင်းမာသွားပြီး မျက်လုံးထဲတွင် ဒေါသများ တောက်လောင်လာတော့သည်။

လီဟောက်...

လီချန်...

ဒီ တိရစ္ဆာန်ကောင်တွေ။

ချောင်မိဖုရားခေါင်သည် ဒေါသကို ထိန်းချုပ်လိုက်ပြီး ဝန်ကြီးယောင်ကို ခေါင်းညိတ်ပြလိုက်လေသည်။ "ပန်ကုံး သိပါပြီ။ ကျေးဇူးပါ ဝန်ကြီးယောင်"

ထို့နောက် မယ်တော်ကြီးကျောက်၏ ဘေးသို့ လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်လေသည်။ "ဒီလို ကိစ္စကြီး ဖြစ်ပျက်ခဲ့လို့ မယ်တော်ကြီး ဝမ်းနည်းပူဆွေးနေတာကို အာရှီ နားလည်ပါတယ်။ ဒါပေမဲ့ အခု အရှင်မင်းကြီးက သတိမရသေးဘူး။ ဝန်ကြီးတွေကလည်း မကြာခင် ရောက်လာကြတော့မယ်။ အခုအချိန်က ထိတ်လန့်ပြီး ငိုနေရမယ့်အချိန် မဟုတ်ပါဘူး။ မယ်တော်ကြီး စိတ်အားတင်းထားပါ"

မယ်တော်ကြီးကျောက်သည် ငိုနေရာမှ ရပ်တန့်သွားပြီး ချောင်မိဖုရားခေါင်ကို မော့ကြည့်လိုက်လေသည်။

ချောင်မိဖုရားခေါင်၏ တည်ငြိမ်မှုသည် ကူးစက်လွယ်လှသည်။ မယ်တော်ကြီးကျောက်သည် အငိုရပ်လိုက်ပြီး အင်္ကျီဖြင့် မျက်ရည်များကို သုတ်လိုက်လေသည်။ "အိုက်ကျားက အသက်ကြီးပြီဆိုတော့ တိုင်းရေးပြည်ရေးအကြောင်းတွေ နားမလည်ပါဘူး။ ဝန်ကြီးတွေ ရောက်လာရင် ဟွမ်ဟုပ်ပဲ တာဝန်ယူပေးပါတော့"

ချောင်မိဖုရားခေါင်သည် နိုင်ငံရေးတွင် ကျွမ်းကျင်သူ မဟုတ်သော်လည်း အဖေဖြစ်သူ ချောင်ကောလောင်သည် ဝန်ကြီးချုပ် ဖြစ်သည်။ ခမည်းခမက်ဖြစ်သူ ရှင်းယန်ဝမ်လည်း ရှိနေသည်။ ချောင်မိဖုရားခေါင် ရှိနေပါက လူအများ၏ စိတ်ကို တည်ငြိမ်စေပြီး အခြေအနေကို ထိန်းသိမ်းနိုင်ပေလိမ့်မည်။

မယ်တော်ကြီးကျောက်သည် ထိုအချက်ကိုတော့ ကောင်းစွာ သဘောပေါက်လေသည်။

ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်ကာ "အာရှီ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"

မုန့်ဖေးကျနာ့ မနာလိုစိတ်နှင့် ဒေါသစိတ်များ ဖြစ်ပေါ်လာပြီး အံကို တိတ်တဆိတ် ကြိတ်ထားလိုက်မိ၏။

ချောင်မိဖုရားခေါင်သည် မယ်တော်ကြီးကျောက်ကို နှစ်သိမ့်ပေးပြီးနောက် ယုံးကျားဧကရာဇ်၏ ဘေးသို့ လျှောက်သွားလိုက်သည်။ ယုံးကျားဧကရာဇ်၏ ဖြူဖပ်ဖြူရော မျက်နှာကို စိုက်ကြည့်လိုက်လေသည်။

တကယ်ပဲ ကောင်းကင်ကြီးက မျက်နှာသာ ပေးတာပဲ။

ဝဋ်လည်ပြီလေ။

...

အပိုင်း (၆၀၃) ပရမ်းပတာ အခြေအနေ (၁)

ဇနီးမောင်နှံ သံယောဇဉ်သည် ဤအခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ပြောပလောက်စရာ သံယောဇဉ်ကြိုး မကျန်ရှိတော့ပေ။

ယုံးကျားဧကရာဇ် ဒေါသထွက်ပြီး ဒီလိုပုံစံ ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် အမုန်းပြေလျော့ပြီး ကျေနပ်အားရနေမိသည်။ မျက်နှာပေါ်တွင်တော့ အချိန်ကိုက်ပင် ဝမ်းနည်းပူဆွေးဟန် ဆောင်လိုက်ပြီး "အရှင်မင်းကြီး... အရှင်မင်းကြီး" ဟု တိုးတိုးလေး ခေါ်လိုက်လေသည်။

ခွေးသေတစ်ကောင်လို ဖြစ်နေသော ယုံးကျားဧကရာဇ်သည် တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။

ချောင်မိဖုရားခေါင်သည် ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး မျက်ရည်များကို တိတ်တဆိတ် ထိန်းချုပ်နေသယောင် ပြုမူလိုက်၏။ ပြန်လည် လှည့်ကြည့်လာသောအခါ မျက်ဝန်းအိမ်တွင် သဲ့သဲ့လေး နီရဲနေပြီး ဝမ်းနည်းနေသော်လည်း ကြံ့ခိုင်သော အရှိန်အဝါမျိုး ပေါ်လွင်နေလေသည်။

ဝန်ကြီးယောင်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ချောင်မိဖုရားခေါင်ကို ဖိတ်ခေါ်ပြီး အခြေအနေကို ထိန်းသိမ်းခိုင်းလိုက်ခြင်းသည် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ပင်။ မယ်တော်ကြီးကျောက်သည် ငိုရုံသာ တတ်သည်။ မုန့်ဖေးနှင့် ချင်ဖေးတို့က ကိုယ်ကျိုးကြည့်ကြပြီး ဂုဏ်ဒြပ်နှင့် အရှိန်အဝါ မရှိကြပေ။

ပရမ်းပတာ ဖြစ်နေသော အခြေအနေကို ထိန်းသိမ်းနိုင်သူမှာ ချောင်မိဖုရားခေါင် တစ်ပါးတည်းသာ ရှိလေသည်။

ချောင်မိဖုရားခေါင်က စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ဝန်ကြီးယောင်ကို ပြောလိုက်သည်။ "အရှင်မင်းကြီး ဒီမှာ ကုသမှု ခံယူနေရတာမို့ အနှောင့်အယှက် ဖြစ်လို့ မဖြစ်ပါဘူး။ ခဏနေရင် ဝန်ကြီးတွေ နန်းတော်ထဲ ရောက်လာကြလိမ့်မယ်။ သူတို့ကို ဘေးနန်းဆောင်ကို သွားခိုင်းလိုက်ပါ။ ဝန်ကြီးယောင်လည်း ဘေးနန်းဆောင်မှာပဲ အရင် သွားစောင့်နေပေးပါ။ လူစုံပြီဆိုမှ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဝန်ကြီးတွေကို သေသေချာချာ ရှင်းပြလိုက်ပါ"

ဝန်ကြီးယောင်သည် မျက်နှာအမူအရာ တည်ကြည်စွာဖြင့် အမိန့်ကို နာခံပြီး ထွက်ခွာသွားခဲ့သည်။

ထို့နောက် ချောင်မိဖုရားခေါင်သည် မယ်တော်ကြီးကျောက်ကို နှစ်သိမ့်လိုက်ပြန်သည်။ "သမားတော်တွေ အကုန်လုံး ရှိနေမှတော့ အရှင်မင်းကြီး ဘေးကင်းမှာပါ။ မယ်တော်ကြီးလည်း အရမ်း ပင်ပန်းမခံပါနဲ့ဦး။ အရင်ဆုံး ထိုင်ပြီး စောင့်နေလိုက်ပါ။ တကယ်လို့ အရှင်မင်းကြီး သတိရလာတဲ့အချိန်မှာ မယ်တော်ကြီး ပင်ပန်းပြီး လဲသွားရင် အရှင်မင်းကြီး ဘယ်လိုလုပ် စိတ်ချလက်ချ ဆေးကုသမှု ခံယူနိုင်ပါ့မလဲ။ အရှင်မင်းကြီးအတွက်ပဲဖြစ်ဖြစ် မယ်တော်ကြီး ကျန်းမာရေး ဂရုစိုက်ပါ"

လူတစ်ယောက်သည် ထိတ်လန့်တုန်လှုပ်နေချိန်တွင် ဦးဆောင်ဆုံးဖြတ်ပေးမည့်သူနှင့် တွေ့ပါက နားထောင်လွယ်တတ်သည်။

မယ်တော်ကြီးကျောက်သည်လည်း ထိုနည်းတူပင်။ ပုံမှန်အချိန်များတွင် ချောင်မိဖုရားခေါင်ကို မနှစ်သက်သော်လည်း ပြဿနာ ကြုံလာသည့်အခါတွင်တော့ ချောင်မိဖုရားခေါင်ကသာ တည်ငြိမ်စွာ ဖြေရှင်းနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

မယ်တော်ကြီးကျောက်သည် သားဖြစ်သူနှင့် ခွဲခွာမသွားချင်သဖြင့် ကုလားထိုင်တစ်လုံး ယူလာခိုင်းပြီး ထိုနေရာတွင်ပင် ထိုင်နေလိုက်၏။

မုန့်ဖေးနှင့် ချင်ဖေးတို့အတွက်မူ ထိုကဲ့သို့ အခွင့်ထူးမရှိဘဲ မယ်တော်ကြီးကျောက်၏ ဘေးတွင် မတ်တပ်ရပ်နေရသည်။

ချောင်မိဖုရားခေါင်သည်လည်း မတ်တပ်ရပ်နေပြီး ယုံးကျားဧကရာဇ်အပေါ်သို့ ရောက်နေသော အကြည့်များတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။

ဟန်ဆောင်ကောင်းလိုက်တာ။

မုန့်ဖေးသည် စိတ်ထဲတွင် တံတွေးထွေးလိုက်မိသည်။

ချင်ဖေးကတော့ မြင်လိုက်ရသည်တွင် စိတ်ထဲ၌ တစ်မျိုး ဖြစ်သွားရသည်။

အားလုံးက အသက် ၄၀ ကျော်လို့ မြေးရနေကြပြီ။ အနောက်နန်းဆောင်တွင် ငယ်ရွယ်နုပျိုသော ကိုယ်လုပ်တော်များ များပြားလာပြီဖြစ်ရာ အချစ်ပြိုင်သည် ဆိုသည်မှာ ရယ်စရာကိစ္စ ဖြစ်နေပြီ။ ဒီတစ်နှစ် နှစ်နှစ်အတွင်း ယုံးကျားဧကရာဇ်သည် သူမ၏ နန်းဆောင်သို့ ရံဖန်ရံခါ လာရောက်လေ့ ရှိသော်လည်း အိပ်ခန်းဝင်သည့် ကိစ္စမျိုး မရှိတော့ပေ။ ထိုသို့ဖြင့် သူမနှင့် ယုံးကျားဧကရာဇ်၏ ဆက်ဆံရေးသည်လည်း အတော်လေး ဝေးကွာသွားခဲ့သည်။

ချောင်မိဖုရားခေါင်ကို စဉ်းစားကြည့်လျှင် ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်တွင် မအိပ်စက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုက်ဇီဖေး မြို့တော်မှ ခိုးထွက်သွားသည့် ကိစ္စကြောင့်လည်း ချောင်မိဖုရားခေါင်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့သေးသည်။ ဇနီးမောင်နှံ သံယောဇဉ် ဘယ်လောက်များ ကျန်ရှိနေဦးမည်နည်း။

ချောင်မိဖုရားခေါင်က ယခုကဲ့သို့ သင့်တော်ကောင်းမွန်သော အမူအရာကို ပြသနိုင်ခြင်းသည် စိတ်ထဲတွင် ဂရုမစိုက်တော့သောကြောင့်ပင်။

ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် ချင်ဖေးသည် အကြောင်းအရင်းမရှိ စိတ်ဓာတ်ကျသွားမိတော့သည်။ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့သော စိတ်ဆန္ဒများသည် လေနှင့်အတူ လွင့်ပါသွားသကဲ့သို့ ဖြစ်သွားတော့သည်။

အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးပြီးနောက်။

အတွင်းနန်းဆောင်ကုန်းကုန်းတစ်ဦးသည် ချောင်မိဖုရားခေါင်၏ ဘေးနားသို့ ရောက်လာပြီး တိုးတိုးလေး လျှောက်တင်လိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ ချောင်ကောလောင်နဲ့ ဝန်ကြီးတွေအားလုံး ဘေးနန်းဆောင်မှာ ရောက်နေကြပါပြီ။ ညန်ညန် ကြွရောက်ပေးပါ"

အရပ်ဘက်အရာရှိများသည် ရောက်လာမှု မြန်ဆန်ကြသည်။ စစ်ဘက်အရာရှိများသည် စစ်တပ်တွင် ရှိနေကြသဖြင့် သတင်းရပြီး လာရောက်ရန် ၁ရက် ၂ရက်ခန့် ကြာမြင့်ပေလိမ့်မည်။

ချောင်မိဖုရားခေါင်သည် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး မယ်တော်ကြီးကျောက်ကို တိုးတိုးလေး ပြောလိုက်လေသည်။ "မယ်တော်ကြီး၊ အာရှီ ခဏလောက် သွားလိုက်ပါဦးမယ်"

မယ်တော်ကြီးကျောက်က ချက်ချင်း ပြောလိုက်လေသည်။ "အရှင်မင်းကြီးက သတိမရသေးဘူး။ တိုင်းပြည်အရေးကို တစ်ယောက်ယောက်ကတော့ တာဝန်ယူရမှာပဲ။ ချောင်ကောလောင်တို့ကို သေချာ မှာကြားခဲ့လိုက်ပါဦး"

ချောင်မိဖုရားခေါင်သည် ယဉ်ကျေးစွာဖြင့် လက်ခံလိုက်လေသည်။

ချောင်မိဖုရားခေါင် ထွက်ခွာသွားပြီးနောက် မယ်တော်ကြီးကျောက်သည် တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ "အရေးကြီးတဲ့အချိန်ရောက်မှပဲ ဟွမ်ဟုပ်က အားကိုးရမှန်း သိတော့တယ်"

မုန့်ဖေးနှင့် ချင်ဖေး "..."

နှစ်ယောက်စလုံး ရင်ထဲတွင် မွန်းကျပ်နေကြ၏။ သို့သော် ယုံးကျားဧကရာဇ်က ထိုနေရာတွင် လဲလျောင်းနေပြီး သတိမရသေးသဖြင့် အသံထွက်ပြီး အနှောင့်အယှက် မပေးရဲကြပေ။ စကားမည်မျှ ပြောချင်နေပါစေ သည်းခံပြီး မျိုသိပ်ထားရတော့သည်။

မကြာမီတွင် မင်းသားနှင့် မင်းသမီးများသည်လည်း သတင်းကြားပြီး ရောက်ရှိလာကြသည်။

ပထမမင်းသား ဇနီးမောင်နှံနှင့် စတုတ္ထမင်းသား ဇနီးမောင်နှံတို့သည် တပြိုင်တည်းလိုလို ရောက်ရှိလာကြသည်။ ဟွေ့အန်းကုန်းကျူနှင့် ကျင့်အန်းတို့ကတော့ ခြေလှမ်းအနည်းငယ် နောက်ကျလေသည်။ သားတော်သမီးတော်များသည် ဖခင်ဖြစ်သူကို ဝိုင်းရံထားကြပြီး မျက်နှာတွင် စိတ်မကောင်းဖြစ်မှုများ အထင်းသား ပေါ်လွင်နေလေသည်။

"မူဖေး၊ ဖုဟွမ်က ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ" ပထမမင်းသားက မုန့်ဖေးကို မေးလိုက်လေသည်။

မုန့်ဖေးသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို လျင်မြန်စွာ ပြောပြလိုက်သည်။

ပထမမင်းသားသည် ဒေါသထွက်လွန်း၍ မျက်လုံးများ နီရဲလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အံကြိတ်ပြီး ပြောလိုက်လေသည်။ "ဒီတိရစ္ဆာန်ကောင်နှစ်ကောင်။ တကယ်လို့ ဖုဟွမ်သာ တစ်ခုခု ဖြစ်သွားရင် အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူတို့ကို ကိုယ်တိုင် အပိုင်းပိုင်း ခုတ်ပစ်မယ်"

စတုတ္ထမင်းသားသည် ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။

ထိုက်ဇီကို လုပ်ကြံတာ သေဒဏ်လေ။

ရန်ငြိုးတွေ ရှိနေရင်တောင်မှ ကိုယ့်ညီအစ်ကိုအရင်းကို ဘယ်လိုလုပ် လက်ရက်စက်နိုင်ရတာလဲ။

ဟွေ့အန်းကုန်းကျူ၏ မျက်နှာတွင်လည်း ဒေါသများ ပြည့်နှက်နေလေသည်။ ကျင့်အန်းကတော့ တိုးတိုးလေး ရှိုက်ငိုနေတော့သည်။

မယ်တော်ကြီးကျောက်သည် အားအင်ကုန်ခမ်းနေပြီး အသံဝင်ဝင်ဖြင့် ပြောလိုက်လေသည်။ "မင်းတို့အားလုံး မင်းတို့အဖေကို ဒီမှာ စောင့်နေပေးကြ။ သူက မင်းတို့ကို အချစ်ဆုံးပဲ။ မင်းတို့ရှိနေရင် သူ မြန်မြန် သတိရလာနိုင်လောက်တယ်"

ပြောရင်းနှင့် မျက်ရည်များ ထပ်မံ စီးကျလာပြန်သည်။

တစ်နာရီကျော်ကြာ ဖိထားခြင်းခံရသဖြင့် အသက်ရှူရ ခက်ခဲနေသော လျိုကုန်းကုန်းသည်လည်း မျက်ရည်ကျလာတော့သည်။

အရှင်မင်းကြီးကို နေရာရွှေ့လို့ မရသဖြင့် သူသည်လည်း လှုပ်ရှား၍ မရပေ။ အကယ်၍ အရှင်မင်းကြီးသာ ဒီအတိုင်း ၁ရက် ၂ရက်လောက် လဲနေဦးမည်ဆိုလျှင် အောက်ကလူအတွက် ခေါင်းတလား ပြင်ထားပေးလို့ ရပြီဖြစ်သည်။

...

"ကျွန်တော်မျိုးတို့ ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်"

ဝန်ကြီးများအားလုံး လက်နှစ်ဖက်ကို ယှက်ကာ ချောင်မိဖုရားခေါင်ကို နှုတ်ဆက်လိုက်ကြသည်။

အရပ်ဘက်အရာရှိများ၏ စိတ်ထဲတွင် ချောင်မိဖုရားခေါင်သည် ဧကရာဇ်၏ တရားဝင် ဖူးစာဖက် ဇနီးသည်ဖြစ်ပြီး ထိုက်ဇီ၏ မယ်တော်အရင်း ဖြစ်သည်။ အရှင်မင်းကြီး တစ်ခုခု ဖြစ်သွားသည့်အချိန်တွင် ချောင်မိဖုရားခေါင်က ရှေ့ထွက်ပြီး ဦးဆောင်သည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စပင်။ ချောင်မိဖုရားခေါင်သည် နာမည်ကောင်းရှိပြီး အာဏာကို မက်မောသူ မဟုတ်ချေ။

ထို့ကြောင့် ဝန်ကြီးများ၏ စိတ်ထဲတွင် ငြင်းဆန်လိုစိတ် မရှိကြပေ။

"အားလုံး ထကြပါ" ချောင်မိဖုရားခေါင်က နူးညံ့စွာ ပြောလိုက်လေသည်။

ဝန်ကြီးများသည် ကျေးဇူးတင်စကား ဆိုပြီးနောက် မတ်တပ်ရပ်လိုက်ကြသည်။ ချောင်မိဖုရားခေါင်၏ တည်ငြိမ်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် အတော်လေး အေးဆေးသွားကြသည်။

ချောင်ကောလောင်နှင့် ချောင်မိဖုရားခေါင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် မေးမြန်းလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်၊ ကျွန်တော်မျိုး အတင့်ရဲပြီး မေးတာကို ခွင့်လွှတ်ပါ။ အရှင်မင်းကြီးရဲ့ အခြေအနေက အခု ဘယ်လို ရှိပါသလဲ"

ချောင်မိဖုရားခေါင်က သက်ပြင်းချလိုက်လေသည်။ "မနိုးလာသေးပါဘူး။ သမားတော်ချုပ်ကျိုးက အရှင်မင်းကြီးကို ရွှေအပ်နဲ့ ကုသနေပါတယ်။ သမားတော်အဖွဲ့တစ်ခုလုံး ဝိုင်းဝန်းကုသနေကြပါတယ်။ အရှင်မင်းကြီး အမြန်ဆုံး သတိရလာဖို့ မျှော်လင့်ရတာပါပဲ"

ချောင်ကောလောင် မျက်မှောင်ကြုတ်သွားသည်။

ဝန်ကြီးလော်နှင့် အခြားသူများ၏ စိတ်နှလုံး လေးလံသွားပြီး ခေါင်းထဲတွင် စကားလုံးတစ်လုံး တပြိုင်တည်း ဖြတ်ပြေးသွားကြသည်။

လေဖြတ်ခြင်း။

ဤကဲ့သို့သော ရောဂါမျိုးသည် သက်ကြီးရွယ်အိုများတွင် အဖြစ်များလေသည်။ ရောဂါထဖောက်သည်နှင့် ပြင်းထန်ပါက နေရာတွင်ပင် အသက်ပါသွားနိုင်သည်။ ပေါ့ပါးလျှင် အချိန်မီ ကုသနိုင်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများ ကျန်ရစ်တတ်သည်။ ဥပမာအားဖြင့် အိပ်ရာထဲမှ မထနိုင်တော့ခြင်း၊ တုံ့ပြန်မှု နှေးကွေးခြင်း၊ စကားပြော မပီသတော့ခြင်း စသည်တို့ ဖြစ်နိုင်သည်။

အကောင်းဆုံး အခြေအနေမှာ စိတ်ကို အေးအေးထားပြီး ဖြည်းဖြည်းချင်း အနားယူခြင်းပင်။ သို့သော် ပင်ပန်းခံ၍ လုံးဝ မရတော့ပေ။

တိုင်းပြည်အုပ်ချုပ်သူ မင်းတစ်ပါးအနေဖြင့် လေဖြတ်သွားပါက မည်သို့ လုပ်ပါမည်နည်း။

သာမန်လူဆိုလျှင် ဘာမှဂရုမစိုက်ဘဲ အိပ်ရာထဲတွင် လှဲနေ၍ ရသော်လည်း ဧကရာဇ်တစ်ပါးအနေဖြင့် တိုင်းပြည်အရေးကို ပစ်ထားပြီး အနားယူနေ၍ ရပါမည်တဲ့လား။

အတွေးပေါင်းစုံသည် လူတိုင်း၏ စိတ်ထဲတွင် လှည့်ပတ်နေသော်လည်း မည်သူကမျှ ထုတ်မပြောရဲကြပေ။

ဝန်ကြီးလော်သည် ချောင်းတစ်ချက် ဟန့်ကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။ "ကံကောင်းတဲ့လူတွေကို ကောင်းကင်ဘုံက စောင့်ရှောက်လေ့ ရှိပါတယ်။ အရှင်မင်းကြီးက ကောင်းကင်ဘုံသားတော်မို့လို့ သမားတော်တွေ ဝိုင်းဝန်းကုသပေးနေတာနဲ့ဆိုရင် သေချာပေါက် ဘေးကင်းမှာပါ"

"ဟုတ်ပါတယ်။ ဟွမ်ဟုပ်ညန်ညန် စိတ်မပူပါနဲ့။ အားလုံး အဆင်ပြေသွားမှာပါ" ဝန်ကြီးကောင်းက ဝင်ပြောလိုက်လေသည်။

ဝန်ကြီးများသည် ချောင်မိဖုရားခေါင်ကို တစ်ယောက်တစ်ခွန်း နှစ်သိမ့်ပေးနေကြသည်။

ချောင်မိဖုရားခေါင်သည် စိတ်လှုပ်ရှားသည့်ပုံစံဖြင့် ဝန်ကြီးများကို ကျေးဇူးတင်စကား ဆိုလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "နန်းတွင်း ညီလာခံအရေးကိစ္စတွေကို အခုလောလောဆယ် ဝန်ကြီးအဖွဲ့ကို အပ်ထားပါရစေ။ အထူးသဖြင့် ချောင်ကောလောင် ပိုပြီး ပင်ပန်းရပါလိမ့်မယ်"

ချောင်ကောလောင်သည် တုံ့ဆိုင်းခြင်း မရှိဘဲ လက်ခံလိုက်လေသည်။ "ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်" ခဏရပ်ပြီး သူက သွယ်ဝိုက်သောနည်းဖြင့် သတိပေးလိုက်လေသည်။ "ဒီလောက် ကြီးမားတဲ့ ကိစ္စဖြစ်နေတာ၊ ကျန်းနန်ကို စာပို့ဖို့ကိစ္စကော။ ချက်ချင်း စီစဉ်သင့်တယ် မဟုတ်ပါလား"

...

All Chapters