← Chapters

အခန်း (၆၁၃-၆၁၅)

Vol. 41 Ch. 613-615

အခန်း (၆၁၃-၆၁၅)

Vol. 41 Ch. 613-615

အပိုင်း (၆၁၃) လှုပ်ရှားမှု

လူဆိုတာ တခါတလေကျတော့ အချော့ကြိုက်တတ်တဲ့ အမျိုး။

စတုတ္ထမင်းသားက မျက်နှာချိုသွေးတော့ ပထမမင်းသားက ပြန်ပြီး မာထန်နေခဲ့သည်။ စတုတ္ထမင်းသားက မျက်နှာထား တင်းလိုက်တော့မှ ပထမမင်းသား၏ သဘောထားက ပျော့ပြောင်းသွားခဲ့သည်။

ပထမမင်းသားသည် ခြေလှမ်းရပ်တန့်လိုက်ပြီး ပြောလိုက်လေသည်။ "ဒီည ငါ့အိမ်ကို လာပြီး အရက်သောက်ပါလား။ ငါတို့ညီအစ်ကိုတွေ စကားကောင်းကောင်း ပြောရအောင်"

ကိုယ့်အစ်ကိုအရင်းပဲလေ။ လုံးဝ ဂရုမစိုက်ဘဲ နေလို့မှ မရတာ။

စတုတ္ထမင်းသားသည် မျက်စောင်းထိုးချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး လက်ခံလိုက်တော့သည်။

မင်းသားအိမ်တော်များသည် ကပ်လျက် တည်ရှိကြသည်။ ညဘက်ရောက်သောအခါ စတုတ္ထမင်းသားသည် မြင်းမစီးတော့ဘဲ လမ်းလျှောက်ကာ ပထမမင်းသားအိမ်တော်သို့ ရောက်လာခဲ့သည်။

ပထမမင်းသားကြင်ရာတော်သည် လီထန်ကို ခေါ်ဆောင်လာပြီး စတုတ္ထမင်းသားကို နှုတ်ဆက်လိုက်လေသည်။

လီထန်သည် ယခုနှစ်တွင် ၈နှစ် ရှိနေပြီဖြစ်ပြီး ဖြူဖြူသန့်သန့် ချောမောသူလေး ဖြစ်သည်။ သူသည် ရွယ်တူများထက် ပိုမို ရင့်ကျက်ပုံ ပေါက်နေသည်။ ဦးလေးဖြစ်သူကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်ပြီးနောက် စကားတစ်ခွန်းမျှ မဆိုဘဲ ငြိမ်နေလေသည်။ ပထမမင်းသားကြင်ရာတော်က မတတ်သာသည့်ဟန်ဖြင့် ပြုံးကာ ပြောလိုက်ရသည်။ "ထန်အာက စကားနည်းပြီး ငြိမ်ငြိမ်လေး နေတတ်တယ်။ စစ်တိ နားလည်ပေးပါ"

စတုတ္ထမင်းသားက ရယ်မောကာ ပြန်ပြောလိုက်၏။ "ဒီလို တည်ငြိမ်တာ ကောင်းတာပေါ့။ ကျွန်တော့်သား ချန်းအာထက် အများကြီး သာတယ်"

သားအဖဆိုတော့ စရိုက်ချင်း တူကြသည်။ စတုတ္ထမင်းသား၏ သားအကြီးဆုံး လီချန်းသည် သွက်လက်ချက်ချာပြီး အငြိမ်မနေသူ ဖြစ်သည်။ ပါးစပ်ဟလိုက်သည်နှင့် စကားမဆုံးနိုင်အောင် ပြောတတ်သူ ဖြစ်သည်။

ကံကောင်းစွာနှင့် ဒီနေ့ ခေါ်မလာခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက သူ့တစ်ယောက်တည်း အသံနှင့်ပင် နားငြီးနေတော့မည်။

ပထမမင်းသားသည် စကားပြောချင်နေပြီ ဖြစ်သဖြင့် စိတ်မရှည်စွာ ပြောလိုက်လေသည်။ "ငါနဲ့ စစ်တိ နှစ်ယောက်တည်း သောက်ရင်း စကားပြောချင်လို့။ မင်းတို့ သားအမိ ထွက်သွားကြတော့"

ပထမမင်းသားကြင်ရာတော်က အသံတိုးတိုးဖြင့် ခေါင်းညိတ်ပြီး လီထန်ကို ခေါ်ကာ ထွက်ခွာသွားတော့သည်။

စတုတ္ထမင်းသားက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "သာ့ကော၊ သာ့စောင်က နူးညံ့သိမ်မွေ့ပြီး ကျင့်ဝတ်သိတတ်တယ်။ သာ့ကောက သာ့စောင်ကို ကောင်းကောင်း ဆက်ဆံသင့်ပါတယ်"

ဒါ့အပြင် ယုံးကျားဧကရာဇ် နေမကောင်းဖြစ်သွားကတည်းက စစ်သူကြီးလျန်သည် ဝမ်ဟွားနန်းဆောင်ကို နေ့ရောညပါ စောင့်ကြပ်နေခဲ့သည်။ ယုံးကျားဧကရာဇ်ကို တွေ့ခွင့်ရသော တစ်ဦးတည်းသော စစ်သူကြီး ဖြစ်သည်။ စစ်သူကြီးလျန်အပေါ် ယုံးကျားဧကရာဇ်၏ ယုံကြည်မှုကို တွေ့မြင်နိုင်ပေသည်။

ဒီလို ယောက္ခမမျိုး ရှိနေတာ၊ ပထမမင်းသားကြင်ရာတော်ကို ကောင်းကောင်း ဆက်ဆံပေးသင့်တယ် မဟုတ်လား။

ပထမမင်းသားသည် အောင့်ထားရတာ ကြာပြီဖြစ်ရာ စတုတ္ထမင်းသားကို ရင်ဖွင့်လိုက်လေသည်။ "စစ်တိ၊ ငါက မင်းလောက် ကံမကောင်းပါဘူး။ မင်းမိန်းမက မင်းအပေါ် တစ်စိတ်တစ်ဝမ်းတည်း ရှိတယ်။ မင်းယောက္ခမအိမ်ကလည်း မင်းနဲ့ ရင်းနှီးကြတယ်။ ငါ့ယောက္ခမကို ကြည့်ပါဦး။ သူ့မျက်လုံးထဲမှာ ဖုဟွမ်ပဲ ရှိတာ။ ပါးစပ်ဖွင့်လိုက်တာနဲ့ သစ္စာရှိဖို့ပဲ ပြောနေတာ။ ငါ့လို သမက်ကို မျက်လုံးထဲတောင် ထည့်တာ မဟုတ်ဘူး"

စတုတ္ထမင်းသားက ခပ်တိုးတိုး ရယ်မောလိုက်၏။ "ယောက္ခမအကြောင်း ပြောကြကြေးဆိုရင် အာ့ကောကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး"

ဟုတ်တယ်လေ။

သမက်ကို အလိုလိုက်တာ ပြောကြကြေးဆိုရင် ရှင်းယန်ဝမ်ကို ဘယ်သူမှ မမီဘူး။

ပထမမင်းသား၏ မျက်ဝန်းထဲတွင် မနာလိုစိတ်များ ဖြတ်ပြေးသွားပြီး လေသံပျော့သွားလေသည်။ "ဟုတ်ပါတယ်။ ထိုက်ဇီမှာ ယောက္ခမကောင်း ရှိတာပဲ။ မင်းရော ငါရော ယှဉ်လို့မရဘူး"

ယှဉ်မရတာက ယောက္ခမတစ်ခုတည်း မဟုတ်ဘူးလေ။

လုမင်ယွိက ခင်ပွန်းကို ကယ်တင်ဖို့အတွက် ခရီးဝေး နှင်ပြီး လိုက်သွားရဲတယ်။ ဒီလိုစွမ်းရည်မျိုး ပထမမင်းသားကြင်ရာတော်နဲ့ စတုတ္ထမင်းသားကြင်ရာတော်တို့မှာ မရှိကြဘူး။

စတုတ္ထမင်းသားသည် ပထမမင်းသား၏ စိတ်နေစိတ်ထားကို သိရှိပြီးဖြစ်ရာ ရယ်မောကာ ပြောလိုက်လေသည်။ "အာ့စောင်က တော်လွန်းပါတယ်။ မိန်းမသား မပြောနဲ့၊ ကျွန်တော်တို့ ယောကျ်ားတွေတောင် လက်ဖျားခါရတယ်"

ညီအစ်ကိုနှစ်ယောက် ထိုင်ပြီး အရက်သောက်ရင်း စကားစမြည် ပြောဆိုနေကြသည်။

အရက်တစ်ဝက်လောက် ကုန်သွားပြီးနောက် အရှိန်ရလာသဖြင့် ပထမမင်းသားသည် ပွင့်ပွင့်လင်းလင်း မေးလိုက်လေသည်။ "စစ်တိ၊ မင်းအမြင်အရ ဖုဟွမ်ရဲ့ ရောဂါက ပျောက်ကင်းနိုင်ပါ့မလား"

စတုတ္ထမင်းသားသည် အရက်ကို မော့သောက်လိုက်ပြီး သက်ပြင်းချလိုက်ကာ "ကျွန်တော်က ဆေးပညာ နားမလည်ပေမယ့် လေဖြတ်တာက ဘယ်လောက် ဆိုးဝါးလဲဆိုတာ ကြားဖူးပါတယ်။ ဖုဟွမ် ကောင်းကောင်း အနားယူရင် နောက်ပိုင်း လမ်းလျှောက်နိုင် စကားပြောနိုင်ရုံလောက်ပဲ ရှိမှာပါ။ အရင်တုန်းကလို မြင်းစီးမြားပစ် လုပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး"

ပထမမင်းသားက အင်း ဟု ပြောလိုက်ပြီး ဘာတွေ တွေးနေမှန်း မသိရဘဲ မျက်လုံးများ မှေးမှိန်သွားလေသည်။

စတုတ္ထမင်းသားက သတိထားမိလိုက်သည်ဖြစ်စေ၊ မထားမိသည်ဖြစ်စေ အရက်တစ်ခွက် ထပ်သောက်ပြီး ပြောလိုက်ပြန်သည်။ "ဒါပေမဲ့ ဒီကိစ္စတွေက ကျွန်တော်တို့ ပူပန်ရမယ့် ကိစ္စတွေ မဟုတ်ပါဘူး။ အာ့ကော ပြန်ရောက်လာရင် ဖုဟွမ်ကိုယ်စား တိုင်းပြည်ကို အုပ်ချုပ်ပါလိမ့်မယ်"

ပထမမင်းသားက နှာခေါင်းရှုံ့လိုက်သလို အသံပြုပြီး တိတ်တဆိတ် အရက်သောက်လိုက်လေသည်။

စတုတ္ထမင်းသားသည် ပထမမင်းသား၏ မျက်နှာထား မကောင်းသည်ကို မြင်လိုက်ရသဖြင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။ "သာ့ကော၊ အစ်ကို မကျေနပ်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အာ့ကောက ထိုက်ဇီဖြစ်နေတာ နှစ်တွေ ကြာပြီ။ စစ်တိုက်ဖူးတယ်၊ တိုင်းရေးပြည်ရာ စီမံခန့်ခွဲဖူးတယ်။ အများပြည်သူကြားမှာလည်း နာမည်ကောင်း ရှိတယ်"

"ဒီ ထီးနန်းက နောက်ဆုံးကျရင် အာ့ကော လက်ထဲ ရောက်မှာပဲ။ အစ်ကိုရော ကျွန်တော်ရော ယှဉ်လို့မရပါဘူး"

"စန်းကောနဲ့ အာ့ကောကြားမှာ အငြိုးအတေးတွေ ရှိခဲ့တယ်။ နောက်ကွယ်မှာ ဘာတွေ လုပ်ခဲ့လဲမသိပေမယ့် ဖုဟွမ်ကို ဒေါသထွက်စေခဲ့တာတော့ အမှန်ပဲ။ အခု သူနဲ့ ဝူတိ နန်းတွင်းအကျဉ်းထောင်ထဲမှာ အပိတ်ခံထားရပြီး ဘယ်သူနဲ့မှ တွေ့ခွင့်မရဘူး။ ဖုဟွမ် လှုပ်ရှားနိုင်လာရင် သူတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"

"ကျွန်တော်တို့နှစ်ယောက်က သင်ခန်းစာ ယူသင့်တယ်။ ရိုးရိုးသားသားနဲ့ အရှင်မင်းကြီးကို ပြုစုပြီး နေကြတာ ပိုကောင်းတယ်။ အာ့ကော ပြန်လာရင် ကျွန်တော် စာတင်ပြီး နယ်စားအဖြစ် သွားနေဖို့ တောင်းဆိုလိုက်မယ်။ မိန်းမနဲ့ သားသမီးတွေကို ခေါ်ပြီး နယ်စားအဖြစ် သွားနေလိုက်တော့မယ်။ မြို့တော်ဆိုတဲ့ ပြဿနာအိုးကြီးနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ"

ပထမမင်းသားသည် လှုပ်ရှားမှု ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လိုက်ကာ "ဖုဟွမ် နေမကောင်းဖြစ်နေတုန်းမှာ သားသမီးတွေအနေနဲ့ ဖုဟွမ်အတွက် ဝေမျှခံစားပေးသင့်တာပေါ့။ ဒီအချိန်မှာ ဘယ်လိုလုပ် နယ်စားအဖြစ် ထွက်သွားဖို့ တောင်းဆိုရမှာလဲ"

စတုတ္ထမင်းသားက ပြန်ပြောလိုက်သည်။ "ထိုက်ဇီ ရှိနေမှတော့ ဖုဟွမ်အတွက် ဝေမျှခံစားပေးဖို့က ကျွန်တော်တို့ အလှည့်မရောက်ပါဘူး။ နည်းနည်းပြောပြီး နည်းနည်းလုပ်ရင် သံသယဝင်ခံရတာ သက်သာတာပေါ့။ သာ့ကော၊ ဟုတ်တယ်မလား"

ပထမမင်းသားသည် ဘာမှ ပြန်မပြောဘဲ အေးစက်စက် ရယ်မောလိုက်လေသည်။

ငါ ပြောသင့်တာတွေ ပြောပြီးပြီ။ မင်း ဆက်မိုက်မဲချင်ရင်တော့ ငါ တားလို့ မရတော့ဘူး။

"သာ့ကော၊ ကျွန်တော် တစ်ခွက် ငှဲ့ပေးမယ်" စတုတ္ထမင်းသားသည် ဆက်မပြောတော့ဘဲ ပထမမင်းသားအတွက် အရက်ထည့်ပေးလိုက်လေသည်။

ပထမမင်းသားက ခွက်ကို မြှောက်ကာ ပါးစပ်နား တေ့ပြီး ဖြည်းညှင်းစွာ သောက်လိုက်၏။

ယိမ်းထိုးနေသော ဖယောင်းတိုင်မီးသည် ပထမမင်းသား၏ မျက်ဝန်းနက်များထဲတွင် အရိပ်ထင်နေကာ သူ၏ မျက်ဝန်းအိမ်ထဲတွင် မီးတောက်နှစ်ခု တောက်လောင်နေသကဲ့သို့ပင်။

ထိုအချိန်တွင် ကိုယ်ရံတော်တစ်ဦး ဝင်ရောက်လာပြီး ပထမမင်းသား၏ နားနားကပ်ကာ တိုးတိုးလေး လျှောက်တင်လိုက်သည်။

ပထမမင်းသားသည် အံ့သြသွားပြီး ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်လေသည်။ "မင်း ဘာပြောလိုက်တယ်။ ဒီသတင်းက အမှန်ပဲလား"

ကိုယ်ရံတော်က တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။ "သေချာပါတယ်"

စတုတ္ထမင်းသားသည် ထိတ်လန့်သွားပြီး မေးလိုက်လေသည်။ "သာ့ကော၊ ဘာဖြစ်လို့လဲ"

ပထမမင်းသား၏ မျက်နှာထား လေးနက်နေလေသည်။ "ချန်မိသားစု သတင်းရပြီ"

ကောလာဟလများအရ ချန်မိသားစုသည် တတိယမင်းသားနှင့် ပူးပေါင်းကာ ကျန်းနန်မှ မိသားစုဟောင်းများကို ထိုက်ဇီလုပ်ကြံရန် လှုံ့ဆော်ခဲ့သည်ဟု ဆိုကြသည်။ ကျူး၊ ဝေ၊ ရှန်၊ ဝမ် မိသားစု ၄စုလုံး အဖမ်းခံခဲ့ရသော်လည်း ချန်မိသားစုမှ အမျိုးသားများသည် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထိုက်ဇီက နေရာအနှံ့ လိုက်လံဖမ်းဆီးသော်လည်း မမိခဲ့ပေ။

အခုမှ သတင်းရလာလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။

စတုတ္ထမင်းသားက မနေနိုင်ဘဲ မေးလိုက်၏။ "ချန်မိသားစုက အခု ဘယ်မှာလဲ"

ပထမမင်းသားက လေးနက်သည့်လေသံဖြင့် ပြောလိုက်လေသည်။ "ချန်မိသားစုက အမျိုးသား ၃၂ယောက်လုံး အိမ်တစ်လုံးထဲမှာ ပုန်းနေကြတာ။ အဲဒီအိမ်က ဝူတိအိမ်တော်က အတွင်းနန်းဆောင်ကုန်းကုန်းတစ်ယောက်ရဲ့ နာမည်နဲ့ ပိုင်ဆိုင်တာ။ မြို့တော်ဆင်ခြေဖုံးက လူသူကင်းမဲ့တဲ့ နေရာမှာ ရှိတယ်"

စတုတ္ထမင်းသားသည် လေတစ်ချက် ရှူသွင်းလိုက်ပြီး လွှတ်ခနဲ ပြောလိုက်မိသည်။ "ဒါဆိုရင် ချန်မိသားစု ထိုက်ဇီကို လုပ်ကြံတာက တကယ်ပဲ ဝူတိရဲ့ လက်ချက်ပေါ့"

ပထမမင်းသားက မျက်နှာသေဖြင့် ပြောလိုက်လေသည်။ "ဟုတ်တယ် မဟုတ်ဘူးဆိုတာ အခု ဘယ်သူမှ ရှင်းရှင်းလင်းလင်း မပြောနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ချန်မိသားစု ၃၂ယောက်လုံး သေကုန်ကြပြီ"

စတုတ္ထမင်းသား "..."

စတုတ္ထမင်းသားသည် လေတစ်ချက် ထပ်မံ ရှူသွင်းလိုက်မိသည်။

ရက်စက်လိုက်တာ။

လူအယောက် ၃၀ ကျော်ရဲ့ အသက်လေ။

ဘယ်သူ့လက်ချက်လဲ။

စတုတ္ထမင်းသား၏ ဦးနှောက်ထဲတွင် ရှုပ်ထွေးသွားပြီး အဖြေရှာမရ ဖြစ်နေတော့သည်။ သူသည် တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။ "ဝူတိက နန်းတွင်းအကျဉ်းထောင်ထဲမှာ။ စန်းကောလည်း အတူတူပဲ။ အာ့ကောက ကျန်းနန်မှာ။ ချန်မိသားစုကို ဘယ်သူက အဆိပ်ခတ်သတ်လိုက်တာလဲ"

ပထမမင်းသား မျက်မှောင်ကြုတ်ထားလိုက်ပြီး "ငါတောင် သတင်းရတယ်ဆိုတော့ ဖုဟွမ်ဆီကိုလည်း သတင်းရောက်လောက်ပြီ။ ဖုဟွမ် ဘယ်လို ဆုံးဖြတ်မလဲ မသိဘူး"

...

အပိုင်း (၆၁၄) ရက်စက်ခြင်း

ဝမ်ဟွားနန်းဆောင်။

တရားရေးဝန်ကြီးယောင်သည် လေးနက်သော မျက်နှာထားဖြင့် နန်းဆောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေလေသည်။

ခဏအကြာတွင် လျိုကုန်းကုန်းသည် အခက်တွေ့နေသော မျက်နှာထားဖြင့် ထွက်လာခဲ့ပြီး ဝန်ကြီးယောင်ကို တိုးတိုးလေး ပြောလိုက်လေသည်။ "ဝန်ကြီးယောင်၊ အရှင်မင်းကြီးက အခုလေးတင် အပ်စိုက်ထားလို့ အားနည်းနေပါတယ်။ လူတွေ့လို့ မဖြစ်သေးပါဘူး။ ဝန်ကြီးယောင် ပြန်လိုက်ပါတော့"

ဒီရက်ပိုင်းအတွင်း ယုံးကျားဧကရာဇ်သည် အိပ်ရာထဲတွင် လဲလျောင်းနေပြီး ချောင်ကောလောင်မှလွဲ၍ ကျန်သော ဝန်ကြီးများကို လုံးဝ တွေ့ခွင့်မပေးပေ။

ဝန်ကြီးယောင်သည် ဤရလဒ်ကို မျှော်လင့်ထားပြီးဖြစ်ရာ စိတ်မပူဘဲ အသံကို နှိမ့်ကာ ပြောလိုက်လေသည်။ "အရှင်မင်းကြီးရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပါ။ ဒါပေမဲ့ ကျွန်တော်မျိုးမှာ အရေးကြီးတဲ့ ကိစ္စတစ်ခု လျှောက်တင်စရာ ရှိလို့ပါ"

"လျိုကုန်းကုန်း ကျွန်တော်မျိုးကိုယ်စား လျှောက်တင်ပေးပါ။ ချန်မိသားစုရဲ့ သတင်းရပါပြီ။ ပဉ္စမမင်းသားအိမ်တော်က အိမ်တော်ထိန်းပိုင်တဲ့ အိမ်တစ်လုံးမှာ တွေ့တာပါ။ ဒါပေမဲ့ အဲဒီ လူ ၃၂ ယောက်လုံး အဆိပ်ခတ်ခံရပြီး သေကုန်ကြပါပြီ"

လျိုကုန်းကုန်းသည် ဗဟုသုတ ကြွယ်ဝသူ ဖြစ်သော်လည်း ဤသတင်းကို ကြားသောအခါ အံ့သြသွားပြီး လွှတ်ခနဲ ပြောလိုက်မိသည်။ "တစ်ယောက်မှ အရှင်မကျန်ဘူးလား"

"အကုန် သေကုန်ပါပြီ" ဝန်ကြီးယောင်၏ အသံသည် လေးနက်နေလေသည်။ "ပြီးတော့ မှုခင်းသမားတော် စစ်ဆေးချက်အရ ဒီလူ ၃၂ ယောက်လုံး သေတာ ၇ရက် ၈ရက်လောက် ရှိနေပြီတဲ့။ အလောင်းတွေကို အိမ်ထဲမှာ ဖွက်ထားခဲ့တာ ဒီနေ့မှ တွေ့တာပါ။ အိမ်မှာ အလုပ်လုပ်တဲ့ အစေခံတွေလည်း အကုန် အဆိပ်ခတ် သတ်ခံလိုက်ရတယ်"

ချန်မိသားစု သတင်းအစအန ပျောက်နေတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ အကုန်လုံး အသတ်ခံလိုက်ရတာကိုး။

နောက်ကွယ်က ကြိုးကိုင်တဲ့လူက တကယ် ရက်စက်လွန်းတာပဲ။

လျိုကုန်းကုန်း၏ မျက်နှာထားသည်လည်း မည်းမှောင်သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ကျွန်တော်မျိုး အခုပဲ ဝင်ပြီး အရှင်မင်းကြီးကို လျှောက်တင်လိုက်ပါ့မယ်"

ဝန်ကြီးယောင်က လက်နှစ်ဖက်ကို ယှက်ကာ "ကျေးဇူးပါ လျိုကုန်းကုန်း"

လျိုကုန်းကုန်းသည် ခြေလှမ်းသွက်သွက်ဖြင့် အိပ်ခန်းထဲသို့ ဝင်သွားပြီး ယုံးကျားဧကရာဇ်၏ ကုတင်ဘေးသို့ ရောက်သွားခဲ့သည်။

ယုံးကျားဧကရာဇ်က ခြေသံကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်၏။

လျိုကုန်းကုန်းသည် မနှောင့်နှေးရဲဘဲ အလျင်အမြန် လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီး၊ ဝန်ကြီးယောင်ကိုယ်စား ကျွန်တော်မျိုး လျှောက်တင်ပါရစေ။ ချန်မိသားစုက အမျိုးသား ၃၂ယောက်လုံးကို ရှာတွေ့ပါပြီ။ ဒါပေမဲ့ သူတို့ သေတာ ၇ရက် ၈ရက်လောက် ရှိနေပါပြီ။ အလောင်းတွေကို ပဉ္စမမင်းသားအိမ်တော်က အိမ်တော်ထိန်းပိုင်တဲ့ အိမ်မှာ တွေ့တာပါ။ အိမ်က အစေခံတွေလည်း အကုန် အသတ်ခံလိုက်ရပါတယ်"

"ဒီလောက် အရေးကြီးတဲ့ကိစ္စကို ဝန်ကြီးယောင်က ဖုံးကွယ်မထားရဲလို့ ကိုယ်တိုင် လာလျှောက်တင်တာပါ။ အခု ဝန်ကြီးယောင် အပြင်မှာ စောင့်နေပါတယ်။ ဒီကိစ္စကို ဘယ်လို စီစဉ်မလဲဆိုတာ အရှင်မင်းကြီး ဆုံးဖြတ်ပေးပါ"

ယုံးကျားဧကရာဇ်၏ မျက်နှာသည် ရုတ်တရက် နီရဲလာပြီး နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာကာ မျက်လုံးထဲတွင် ဒေါသအလင်းရောင်များ တောက်ပလာလေသည်။

လျိုကုန်းကုန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်တော့၏။ "လာကြစမ်း၊ သမားတော်ချုပ်ကျိုးကို မြန်မြန် သွားခေါ်စမ်း"

သမားတော်ချုပ်ကျိုးသည် အပြင်ခန်းတွင် ရှိနေသဖြင့် ချက်ချင်း ပြေးဝင်လာသည်။ ယုံးကျားဧကရာဇ်၏ စိတ်လှုပ်ရှားနေသော ပုံစံကို မြင်သောအခါ ထိတ်လန့်သွားပြီး အပ်ကို အလျင်အမြန် ထုတ်ယူကာ ကုသပေးလိုက်လေသည်။

လျိုကုန်းကုန်းသည် စိတ်ပူလွန်း၍ ချွေးစေးများ ပြန်လာပြီး ကျောင်းဖန်နန်းဆောင်သို့ ချက်ချင်း သတင်းပို့ခိုင်းလိုက်လေသည်။

အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးပြီးနောက် ချောင်မိဖုရားခေါင် ရောက်ရှိလာခဲ့သည်။

"ဒါ ဘာဖြစ်တာလဲ" ချောင်မိဖုရားခေါင်သည် အလျင်စလို ဝင်ရောက်လာပြီး နဖူးပေါ်တွင် ချွေးသီးများ တွဲခိုနေကာ အသံများပင် မောပန်းနေလေသည်။ "အရှင်မင်းကြီး နေ့ခင်းတုန်းက ကောင်းကောင်းမွန်မွန် ရှိနေသေးတာ။ ဘာလို့ ရုတ်တရက် ဒီလို ဖြစ်သွားရတာလဲ"

လျိုကုန်းကုန်းသည် သက်ပြင်းချလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်လေသည်။ "... အရှင်မင်းကြီးက သတင်းကြားပြီး ဒေါသထွက်လွန်းလို့ စိတ်မထိန်းနိုင် ဖြစ်သွားတာပါ။ ကျွန်တော်မျိုး သမားတော်ချုပ်ကျိုးကို ကုသခိုင်းပေမယ့် စိတ်မချလို့ ဟွမ်ဟုပ်ညန်ညန်ကို အကြောင်းကြားလိုက်တာပါ"

သူက ကျွန်တစ်ယောက်ပဲလေ။ အရှင်မင်းကြီး တစ်ခုခု ဖြစ်သွားရင် ချောင်မိဖုရားခေါင်ကပဲ ဆုံးဖြတ်ချက် ချရမှာ။

ချောင်မိဖုရားခေါင်၏ မျက်နှာထားသည်လည်း ပြောင်းလဲသွားပြီး အံကြိတ်ကာ ပြောလိုက်လေသည်။ "သက်သေဖျောက်ဖို့ လူသတ်တာပေါ့။ တကယ့်ကို ရက်စက်လွန်းပါလား"

ယုံးကျားဧကရာဇ် ဒီလောက် ဒေါသထွက်တာ မဆန်းပါဘူး။

သူမတောင်မှ ဒေါသထွက်လွန်းလို့ သွေးဆူလာသလို ခံစားရတယ်။

လျိုကုန်းကုန်းက မျက်နှာငယ်ဖြင့် ပြောလိုက်၏။ "ဝန်ကြီးယောင် အပြင်မှာ စောင့်နေတုန်းပါပဲ"

ချောင်မိဖုရားခေါင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်လေသည်။ "ပန်ကုံး အမိန့်ပေးလိုက်မယ်။ ဝန်ကြီးယောင်ကို ဒီအမှုကို အသေးစိတ် စုံစမ်းခိုင်းလိုက်။ နောက်ကွယ်က တရားခံအစစ်ကို ရှာတွေ့မှ ပြန်လာလျှောက်တင်ခိုင်းလိုက်"

လျိုကုန်းကုန်းသည် အမိန့်နာခံပြီး ထွက်ခွာသွားတော့သည်။

ချောင်မိဖုရားခေါင်သည် ကုတင်ဘေးသို့ လျှောက်သွားပြီး မျက်နှာ နီရဲနေသော ယုံးကျားဧကရာဇ်ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။

ယုံးကျားဧကရာဇ်သည် စကားမပြောနိုင်သော်လည်း နားကတော့ ကောင်းမွန်စွာ ကြားနေရသည်။

ချောင်မိဖုရားခေါင်၏ အသံသည် နားထဲသို့ ဝင်ရောက်လာသည်။ "ခုနက ချန်ချဲ့ ပြောတာကို အရှင်မင်းကြီး ကြားမှာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချန်ချဲ့ နောက်ကွယ်က တရားခံကို လုံးဝ အလွတ်ပေးမှာ မဟုတ်ပါဘူး။ ဒီအမှုကို ရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းခိုင်းမှာပါ"

"ထိုက်ဇီကို လုပ်ကြံရဲတဲ့သူကို ချန်ချဲ့ အသက်ပြန်ပေးရအောင် လုပ်မယ်"

ယုံးကျားဧကရာဇ်၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး မျက်လုံးသူငယ်အိမ် ကျုံ့သွားကာ စကားလုံးအချို့ကို ညှစ်ထုတ်လိုက်လေသည်။ "ဟွမ်ဟုပ်... မင်း... ဘာ... လုပ်... မလို့... လဲ"

ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် အေးစက်နေပြီး အသံတွင်လည်း အေးစက်မှုများ ပါဝင်နေလေသည်။ "တစ်ယောက်ယောက်က ထိုက်ဇီကို ဖယ်ရှားဖို့ ကြံစည်နေတာ။ ချန်ချဲ့က ဒီလို စိတ်ထားယုတ်မာတဲ့လူကို ဆက်ပြီး အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ဘူး"

ယုံးကျားဧကရာဇ်သည် သွေးတိုးလာပြီး စကားပြောရတာ အနည်းငယ် သွက်လက်လာလေသည်။ "သေချာ... မစစ်ဆေး... ရသေးဘဲ... မင်း... မလှုပ်ရှား... နဲ့"

ချောင်မိဖုရားခေါင်သည် ယုံးကျားဧကရာဇ်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "သက်သေအထောက်အထား ခိုင်လုံမှ ဖမ်းဆီးရမယ်ဆိုတာ ချန်ချဲ့ နားလည်ပါတယ်။ ချန်ချဲ့မှာ သည်းခံနိုင်စွမ်း ရှိပါတယ်။ ဝန်ကြီးယောင် အမှုမှန် ဖော်ထုတ်နိုင်တဲ့အထိ ချန်ချဲ့ စောင့်ပါ့မယ်"

"အဲဒီအချိန်ကျရင် သက်သေအထောက်အထား ခိုင်လုံပြီဆိုတော့ တရားခံအစစ်ကို အပြစ်ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါ့မယ်"

ယုံးကျားဧကရာဇ်၏ မျက်ဝန်းထဲတွင် ဒေါသအလင်းရောင်များ တောက်ပသွားတော့သည်။

လီဟောက်နှင့် လီချန် ညီအစ်ကိုနှစ်ယောက်ကို တွေးမိသောကြောင့်လား။ သို့တည်းမဟုတ် ချောင်မိဖုရားခေါင်၏ စကားကြောင့် ဒေါသထွက်လို့လား ဆိုတာ မသိနိုင်ပေ။

ချောင်မိဖုရားခေါင်သည် စကားဆက်မပြောတော့ဘဲ ကုတင်ဘေးတွင် ထိုင်လိုက်၏။

ယုံးကျားဧကရာဇ်သည် မျက်လုံးမှိတ်ထားလိုက်သည်။

အိပ်ခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

...

ဝန်ကြီးယောင်သည် ချောင်မိဖုရားခေါင်၏ အမိန့်ကို ရရှိပြီးနောက် တရားရေးဌာနသို့ ချက်ချင်း ပြန်သွားလေသည်။

တရားရေးဌာနမှ အမှုစစ်ရာတွင် ကျွမ်းကျင်သော ဒုဝန်ကြီးမင်သည် လုရွှမ်းနှင့်အတူ ကျန်းနန်သို့ ပါသွားခဲ့ပြီး ယခုအချိန်ထိ လမ်းခရီးတွင် ရှိနေသေးသည်။ တွေ့ရှိရသော အလောင်း ၃၂ လောင်းကို ဒုဝန်ကြီးကျူး ကိုယ်တိုင် ဦးဆောင်ပြီး မှုခင်းသမားတော်များဖြင့် စစ်ဆေးခဲ့ရသည်။

ကောင်းကင်ကြီး မှောင်မိုက်နေပြီ ဖြစ်သော်လည်း တရားရေးဌာနရုံးခန်းတွင် မီးများလင်းထိန်နေပြီး လူတိုင်း အလုပ်ရှုပ်နေကြသည်။

ဝန်ကြီးယောင် ရုံးခန်းထဲသို့ ဝင်လာသည်နှင့် ဒုဝန်ကြီးကျူးက ကြိုဆိုလိုက်ကာ "ဝန်ကြီးယောင်၊ အရှင်မင်းကြီးက ဘာအမိန့်ပေးလိုက်လဲ"

ဝန်ကြီးယောင်သည် သက်ပြင်းချလိုက်လေသည်။ "အရှင်မင်းကြီးက အိပ်ရာထဲမှာ လဲနေတော့ ငါ အရှင်မင်းကြီးကို မတွေ့ခဲ့ရဘူး။ ဒါပေမဲ့ ဟွမ်ဟုပ်ညန်ညန်က ဒီအမှုကို သေချာ စုံစမ်းဖို့ အမိန့်ပေးလိုက်တယ်"

ဒုဝန်ကြီးကျူးသည် မျက်နှာထား လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ "ကျွန်တော် သိပါပြီ"

စစ်ပွဲတစ်ခုတွင် သေဆုံးသူ ထောင်ချီ ရှိတတ်သည်။ သို့သော် အရပ်ဘက်အရာရှိများ အနေဖြင့် အလောင်းများ ပြန့်ကျဲနေသော မြင်ကွင်းကို မြင်တွေ့ခွင့် မရကြပေ။

ယခုကဲ့သို့ မိသားစုတစ်စုလုံးကို မျိုးဖြုတ်သတ်ဖြတ်ပြီး အလောင်း ၃၀ ကျော်ကို တွေ့ရှိရခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော ရာဇဝတ်မှုကြီးပင်။

ဝန်ကြီးယောင်က တိုးတိုးလေး မေးလိုက်၏။ "ဟို ကယ်ကုန်းကုန်း၊ ခေါ်လာပြီလား"

အိမ်သည် ကုန်းကုန်းပိုင်ဆိုင်သော အိမ်ဖြစ်သဖြင့် ကုန်းကုန်းသည် သံသယ တရားခံ ဖြစ်နေလေသည်။

ဒုဝန်ကြီးကျူးက မဲ့ရွဲ့ပြုံး ပြုံးလိုက်လေသည်။ "မပြောပါနဲ့တော့။ ပဉ္စမမင်းသားအိမ်တော်ကို လူလွှတ်ပြီး ကယ်ကုန်းကုန်းကို သွားခေါ်ခိုင်းတာ သူက အဆိပ်သောက်ပြီး သေသွားပြီ။ အလောင်းတစ်လောင်းပဲ ပြန်သယ်လာခဲ့ရတယ်။ ကျွန်တော် အခုပဲ မှုခင်းသမားတော်ကို စစ်ဆေးခိုင်းမလို့"

"ကျွန်တော် အမှုတွေ စစ်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ လူဆိုးလူမိုက်တွေ အများကြီး တွေ့ဖူးတယ်။ ဒါပေမဲ့ ဒီလောက် ရက်စက်တဲ့လူမျိုးတော့ မတွေ့ဖူးသေးဘူး"

ဝန်ကြီးယောင်၏ မျက်နှာထားသည်လည်း အလွန် ရှုံ့မဲ့နေတော့သည်။

ချန်မိသားစုဝင်များ၏ အလောင်းများကို တွေ့ရှိရသည့်အချိန်တွင် အိမ်ထဲတွင်ရှိသော အစေခံများသည်လည်း အဆိပ်ခတ်ခံရပြီး သေဆုံးနေကြပြီ ဖြစ်သည်။ ယခု ကယ်ကုန်းကုန်းလည်း သေဆုံးသွားပြီဖြစ်ရာ သဲလွန်စများ ပြတ်တောက်သွားခဲ့ပြီ။

အမှုကို ဆက်လက် စုံစမ်းချင်လျှင် နန်းတွင်းအကျဉ်းထောင်သို့ သွားပြီး ပဉ္စမမင်းသား လီချန်ကို မေးမြန်းရတော့မည်။

ဒုဝန်ကြီးကျူးသည် အနည်းငယ် တုံ့ဆိုင်းနေပြီး ပြောလိုက်လေသည်။ "ဒါဆိုရင် မနက်ဖြန် ကျွန်တော် နန်းတွင်းအကျဉ်းထောင်ကို သွားလိုက်ပါမယ်"

ဝန်ကြီးယောင်က သက်ပြင်းချလိုက်လေသည်။ "တုန်းပင်ကျွင်းက ဆက်ဆံရ အခက်ဆုံးပဲ။ မနက်ဖြန် ငါကိုယ်တိုင်ပဲ သွားလိုက်ပါ့မယ်"

...

အပိုင်း (၆၁၅) ဖုံးကွယ်ခြင်း (၁)

နန်းတွင်းအကျဉ်းထောင်။

တတိယမင်းသား လီဟောက်နှင့် ပဉ္စမမင်းသား လီချန်တို့ အဖမ်းခံရကတည်းက နန်းတွင်းအကျဉ်းထောင်တွင် လုံခြုံရေး သုံးဆ တိုးမြှင့်ထားပြီး အလွန် တင်းကျပ်ထားသည်။

တုန်းပင်ကျွင်းသည် အိမ်တော်သို့ပင် မပြန်တော့ဘဲ နန်းတွင်းအကျဉ်းထောင်တွင် တပ်စွဲထားလေသည်။

နေ့စဉ် မင်းသားနှစ်ပါးအား ထမင်းပို့သူများသည် တုန်းပင်ကျွင်း၏ လူယုံများသာ ဖြစ်ကြသည်။ သူတို့မှလွဲ၍ မည်သူကမျှ အချုပ်ခန်းအနီးသို့ ခြေတစ်လှမ်းပင် မကပ်နိုင်ကြပေ။

ချန်မိသားစု သေဆုံးကြောင်း သတင်းသည် တုန်းပင်ကျွင်း၏ နားထဲသို့ ရောက်ရှိလာသည့်အခါ တုန်းပင်ကျွင်းသည်လည်း လေတစ်ချက် ရှူသွင်းလိုက်မိသည်။

ဒီနည်းလမ်းက ရက်စက်တယ်လို့ ပြောရုံနဲ့ မလုံလောက်ဘူး။

လက်တစ်ချက် လှုပ်လိုက်တာနဲ့ လူအယောက် ၃၀ ကျော်ရဲ့ အသက် ပျောက်သွားတာ။

တကယ်ပဲ လက်သည်က လီချန်လား။

တုန်းပင်ကျွင်းသည် ခေတ္တမျှ တွေဝေနေပြီးမှ အချုပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။

နန်းတွင်းအကျဉ်းထောင်သည် နှစ်ပေါင်းများစွာ လူမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။

ယုံးကျားဧကရာဇ်သည် နိုင်ငံသစ် တည်ထောင်ခဲ့သည်မှာ ၁၀ နှစ်ကျော်သာ ရှိသေးပြီး လီမျိုးနွယ်ဝင်များသည် ယုံးကျားဧကရာဇ်နှင့်အတူ စစ်တိုက်ခဲ့ကြပြီး သေသူသေ၊ ဒဏ်ရာရသူရနှင့် ယနေ့ထက်တိုင် အသက်ရှင်ကျန်ရစ်သူမှာ တစ်ဝက်ပင် မရှိတော့ပေ။ ထို့အပြင် ယခုအချိန်တွင် မျိုးနွယ်စုဝင်များ အမှုထမ်းခွင့်မရှိသည့် စည်းကမ်း မရှိသေးပေ။ ယုံးကျားဧကရာဇ်သည် ကိုယ့်လူကိုယ် ယုံကြည်ပြီး အရည်အချင်းရှိသူများကို နေရာပေးလေ့ရှိသည်။

လီမျိုးနွယ်ဝင်များသည် အလုပ်များနေကြသဖြင့် အချုပ်ခန်းထဲ ရောက်စရာ အကြောင်းမရှိပေ။ လောင်းကစားလုပ်တတ်သော လူငယ်များသည်လည်း အမှားကြီးကြီးမားမား မကျူးလွန်သရွေ့ နန်းတွင်းအကျဉ်းထောင်သို့ ရောက်မလာကြပေ။

ထို့ကြောင့် တုန်းပင်ကျွင်းသည် တော်ဝင်မျိုးနွယ် မိသားစုခေါင်းဆောင် ဖြစ်သော်လည်း ပုံမှန်အားဖြင့် အလုပ်သိပ်မရှိပေ။ ရံဖန်ရံခါ အချုပ်ခန်းထဲတွင် လူတစ်ယောက်နှစ်ယောက် ရောက်လာတတ်သော်လည်း လူသတ်မှု မဟုတ်သရွေ့ မကြာခင် ပြန်လွတ်သွားတတ်ကြသည်။

ဒီရက်ပိုင်းကျမှ အချုပ်ခန်းသည် အသုံးဝင်လာတော့သည်။

လီဟောက်နှင့် လီချန်ကို သီးခြားစီ ချုပ်နှောင်ထားပြီး အချင်းချင်း တွေ့ဆုံခွင့် မပေးထားပေ။

တုန်းပင်ကျွင်းသည် ဥပဒေကို နားလည်သူ ဖြစ်သဖြင့် အချုပ်ခန်းထဲသို့ တစ်ခါမျှ မဝင်ဖူးသလို လီဟောက်၊ လီချန်တို့နှင့်လည်း မျက်နှာချင်း မဆိုင်ဖူးပေ။

သို့သော် ယခုအခါ လီချန်၏ သံသယသည် ကြီးမားလာပြီဖြစ်ရာ တရားရေးဌာနမှ လူများ မကြာမီ ရောက်လာကြတော့မည်။ သူသည် တော်ဝင်မျိုးနွယ် မိသားစုခေါင်းဆောင် ဖြစ်နေ၍ မျက်ကန်းတစ်ယောက်လို နေ၍ မဖြစ်တော့ပေ။

အချုပ်ခန်းသည် မြေအောက်တွင် တည်ရှိပြီး အပြင်ဘက်တွင် အစောင့်အရှောက် ၁၀၀ ကျော် စောင့်ကြပ်နေသည်။ မြေအောက်ခန်းသို့ ဆင်းလိုက်သည်နှင့် ရှည်လျားသော လမ်းမကြီးတစ်ခုကို တွေ့ရပြီး လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် အခန်းငယ်များ ရှိနေလေသည်။

အလယ်သို့ ရောက်သောအခါ ဘယ်ညာလမ်းခွဲ နှစ်ခု ရှိပြီး လမ်းတစ်လျှောက် ကွေ့ကောက်နေကာ အဆုံးကို မမြင်ရပေ။

တုန်းပင်ကျွင်းသည် တုံ့ဆိုင်းခြင်း မရှိဘဲ ဘယ်ဘက်သို့ ကွေ့လိုက်သည်။ လက်ဖက်ရည်တစ်ပွဲ သောက်စာ အချိန်ခန့် လျှောက်သွားပြီးနောက် ရပ်တန့်လိုက်သည်။

လမ်းဆုံးတွင် အခန်းတစ်ခန်း ရှိနေသည်။

ထိုအခန်းသည် ၉ပေ ပတ်လည်ခန့် ကျယ်ဝန်းပြီး ကုတင်ကျဉ်းကျဉ်းလေး တစ်လုံး၊ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးနှင့် အိမ်သာခွက်တစ်ခုသာ ရှိလေသည်။ စားပွဲပေါ်တွင် ပန်းကန်ခွက်ယောက် အလွတ်များ တင်ထားလေသည်။

လီချန်၏ ခံတွင်းကတော့ မဆိုးလှပေ။ ဒီလိုအချိန်မျိုးမှာတောင် ထမင်းတစ်နပ်ကို ကုန်အောင် စားနိုင်သေးသည်။

တုန်းပင်ကျွင်းသည် နှုတ်ခမ်းမဲ့လိုက်ပြီး ဘေးနားရှိ အစောင့်ကို မျက်ရိပ်ပြလိုက်သည်။ အစောင့်သည် သော့ကို ထုတ်ယူကာ တံခါးဖွင့်ပေးလိုက်သည်။ သံကြိုးသံ ကြားလိုက်ရသည်နှင့် ကုတင်ပေါ်တွင် နံရံဘက်လှည့် အိပ်နေသော ဝဝကစ်ကစ် လူသားသည် လှည့်ကြည့်လိုက်လေသည်။

ကုတင်က ကျဉ်းလွန်းပြီး လူက ဝလွန်းသဖြင့် လှည့်လိုက်သည့်အချိန်တွင် ဘုန်းခနဲ အသံမြည်ကာ ကုတင်ပေါ်မှ ပြုတ်ကျသွားလေသည်။

မြေကြီးပင် တုန်ခါသွားသလို ခံစားရသည်။

"အား" လီချန် အော်ဟစ်လိုက်လေသည်။

တုန်းပင်ကျွင်းသည် သူ့နဖူးကို မဖိဘဲ မနေနိုင်အောင် သွားတော့၏။ မျက်စိရှေ့မှ ဒီလူအကို ကြည့်ရသည်မှာ ချန်မိသားစု ၃၀ ကျော်ကို သတ်ဖြတ်နိုင်သူနှင့် လုံးဝ မတူချေ။

လီချန်သည် ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထလိုက်ပြီး လက်ဖမိုးဖြင့် မျက်နှာကို သုတ်ကာ ခေါ်လိုက်လေသည်။ "ဦးရီးတော်"

တုန်းပင်ကျွင်းသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အခန်းထဲသို့ ဝင်သွားလိုက်သည်။

ကိုယ်ရံတော်များသည် အမိန့်ပေးစရာ မလိုဘဲ အခန်းအပြင်ဘက် ၅မီတာ ၆မီတာ အကွာသို့ ဆုတ်ခွာပေးလိုက်ကြသည်။

တုန်းပင်ကျွင်းသည် လီချန်ကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

လီချန်သည် ရက်ပေါင်းများစွာ အပိတ်ခံထားရပြီး မည်သူနှင့်မျှ စကားမပြောရသဖြင့် မွန်းကျပ်နေပြီ ဖြစ်သည်။ ယခု တုန်းပင်ကျွင်းကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။ "ဦးရီးတော်၊ ဖုဟွမ် အခု ဘယ်လိုနေသေးလဲ"

တုန်းပင်ကျွင်းက မျက်နှာသေဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းကြီးက မင်းတို့ညီအစ်ကိုတွေကြောင့် ဒေါသထွက်ပြီး မေ့လဲသွားတာ၊ သတိရလာတော့လည်း အိပ်ရာထဲမှာပဲ လဲနေတုန်းပဲ"

လီချန်သည် နောင်တရခြင်း မရှိသည့်အပြင် မျက်ခုံးပင့်လိုက်ပြီး ဝိုင်းစက်နေသော မျက်နှာပေါ်တွင် ကျေနပ်နေသော အရိပ်အယောင်များ ပေါ်လာလေသည်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သူက အမြဲတမ်း လူရာမဝင်တဲ့သူ၊ သိပ်ပြီး အရေးမပါတဲ့သူ ဖြစ်ခဲ့ရတာ။ ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြဘူး။ ဘယ်သူမှ သူ့ကို အဖက်မလုပ်ကြဘူး။ ဒီတစ်ခါတော့ သူ ကမ္ဘာကျော်မယ့် အလုပ်ကြီးကို လုပ်လိုက်နိုင်ပြီ။

ဒီလောက်ဆိုရင် လူတွေ သူ့ကို လျစ်လျူရှုလို့ မရတော့ဘူး မဟုတ်လား။

ဟားဟား။

တုန်းပင်ကျွင်းသည် လီချန်၏ မျက်နှာထားကို မြင်ပြီး အံ့သြသွားလေသည်။ "လီချန်၊ မင်း ဘာလုပ်ခဲ့လဲဆိုတာ သိရဲ့လား။ မင်းက အခုချိန်ထိ ကျေနပ်နေသေးတာလား"

မင်း တကယ် သေချင်နေတာလား။

လီချန်သည် ခါးကို မတ်လိုက်ရာ ဖယောင်းတိုင်မီးရောင်အောက်တွင် မောက်မာသော ပုံစံ ပေါက်နေလေသည်။ "ကျွန်တော် ဘာလုပ်ခဲ့လဲဆိုတာ ကျွန်တော် ကောင်းကောင်း သိတာပေါ့"

"ဦးရီးတော်၊ ကျွန်တော့်အမေက ဒီအတိုင်း အလကား သေသွားလို့ မဖြစ်ဘူးလေ။ ကျွန်တော် အမေ့အတွက် ကလဲ့စားချေပေးရမယ်"

တုန်းပင်ကျွင်း၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာပြီး ပုဆိန်ဖြင့် လီချန်၏ ခေါင်းကို ခွဲကာ ဦးနှောက်ထဲတွင် ဘာတွေ ရှိနေသလဲဟု ကြည့်ချင်စိတ်ပင် ပေါက်သွားလေသည်။ "စူးဖေး သေသွားတာ ၄နှစ် ရှိနေပြီ။ မင်းလည်း မိန်းမရပြီး အေးအေးဆေးဆေး နေနေရတာကို ဘာကလဲ့စား ထပ်ချေချင်နေရတာလဲ။ ကလဲ့စားချေချင်ရင်တောင် ချန်မိသားစုနဲ့ ပေါင်းပြီး ထိုက်ဇီကို လုပ်ကြံစရာ လိုလို့လား"

လီချန်၏ မျက်လုံးများထဲတွင် အမုန်းတရားများ တောက်လောင်လာတော့၏။ "ကျွန်တော် သူ့ကို အမုန်းဆုံးပဲ။ သူသာ လုမင်ယွိကို မြှောက်ပေးမထားရင် လုမင်ယွိက ကျွန်တော့်အမေကို အဆိပ်ခတ်ရဲမှာ မဟုတ်ဘူး"

"သူသာ သေသွားရင် ထိုက်ဇီဖေးက ဘာလုပ်နိုင်တော့မှာလဲ"

တုန်းပင်ကျွင်းသည် လီချန်ကို စိုက်ကြည့်လိုက်လေသည်။ "လီချန်၊ စကားကို လျှောက်မပြောနဲ့။ ထိုက်ဇီကို လုပ်ကြံတာ တကယ်ပဲ မင်းလက်ချက်လား။ မင်း လီဟောက်အစား အပြစ်ခံပေးနေတာ မဟုတ်လား"

လီချန်က ခေါင်းမော့လိုက်ပြီး မောက်မာစွာ ပြောလိုက်လေသည်။ "ယောကျ်ားကောင်းဆိုတာ ကိုယ်လုပ်တဲ့အလုပ် ကိုယ်တာဝန်ယူရတယ်။ အားလုံး ကျွန်တော့်လက်ချက်ပဲ။ စန်းကောနဲ့ မဆိုင်ဘူး။ သတ်ချင်ဖြတ်ချင်ရင် ကျွန်တော့်ကိုပဲ လုပ်ကြ"

တုန်းပင်ကျွင်းက ရုတ်တရက် မေးလိုက်လေသည်။ "ချန်မိသားစု သေကုန်ပြီဆိုတာ မင်း သိလား"

လီချန်က အေးစက်စက် ရယ်မောလိုက်လေသည်။ "ချန်မိသားစုက အသုံးမဝင်တော့မှတော့ ထားထားပြီး ဘာလုပ်မှာလဲ။ သေတာ ကောင်းတာပေါ့"

တုန်းပင်ကျွင်း၏ ရင်ထဲတွင် သံသယများ ပိုမို ကြီးထွားလာတော့သည်။

လီချန်က ချန်မိသားစု သေဆုံးမှုအပေါ် နည်းနည်းလေးမှ မအံ့သြဘူး။ တကယ်ပဲ လီချန်က အမိန့်ပေးပြီး သတ်ခိုင်းလိုက်တာလား။

လီချန်သည် တုန်းပင်ကျွင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ စိတ်ထဲတွင် ကျေနပ်သွားလေသည်။ "ဦးရီးတော်၊ ဒီအထိ လာတာ ဒါလေးမေးဖို့ပဲလား"

တုန်းပင်ကျွင်းသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ပြောလိုက်လေသည်။ "ဒီလူသတ်မှုက လူအယောက် ၃၀ ကျော် သေဆုံးခဲ့ပြီး ထိုက်ဇီလုပ်ကြံခံရမှုနဲ့လည်း ဆက်စပ်နေတယ်။ တရားရေးဌာနက မကြာခင် လာပြီး စစ်ဆေးလိမ့်မယ်။ ငါ မင်းကို သတိလာပေးတာ။ စိတ်လိုက်မာန်ပါနဲ့ လီဟောက်အစား အပြစ်မခံပါနဲ့"

လီချန်သည် နှာခေါင်းရှုံ့လိုက်လေသည်။ "ယောကျ်ားကောင်းဆိုတာ လုပ်ရဲရင် ခံရဲရမယ်။ ကျွန်တော် လုပ်တဲ့ကိစ္စကို စန်းကောကို ပေးမခံနိုင်ဘူး။ တရားရေးဌာနက အသုံးမကျတဲ့ကောင်တွေ လာချင်ရင် လာပါစေ။ ကျွန်တော် မျက်တောင်တစ်ချက် ခတ်ရင် လီချန် မဟုတ်ဘူး"

တုန်းပင်ကျွင်း "..."

တုန်းပင်ကျွင်းလည်း ပြောစရာ စကားမရှိတော့ပေ။

သူသည် လီချန်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။

ကိုယ်ရံတော်များသည် တုန်းပင်ကျွင်းနောက်မှ လိုက်ပါသွားကြသည်။ နှစ်ယောက်သာ ကျန်ရစ်ပြီး အခန်းဝတွင် စောင့်နေလိုက်ကြသည်။

ကိုယ်ရံတော်နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်မိကြသည်။

အရင်တုန်းက ပဉ္စမမင်းသားကို အထင်သေးခဲ့မိတယ်။ ပဉ္စမမင်းသားအကြောင်း ပြောရင် အမြဲတမ်း သူက ကြောက်တတ်တယ်၊ အသုံးမကျဘူး၊ တုံးအတယ် လို့ပဲ ထင်ခဲ့တာ။

ပဉ္စမမင်းသားက ဒီလောက် လူအများကြီးကို သတ်ရဲလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။

လီချန်သည် ကိုယ်ကို လှည့်ပြီး ကုတင်ပေါ်သို့ ပြန်တက်သွားလေသည်။ သူသည် နံရံဘက်သို့ လှည့်အိပ်လိုက်သဖြင့် မည်သူကမျှ သူ၏ မျက်နှာအမူအရာကို မမြင်ရသလို သူ ဘာတွေ တွေးနေလဲဆိုတာ မသိနိုင်ကြပေ။

...

All Chapters