← Chapters

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အပိုင်း (၆၁၉) ဒေါသအမျက် (၁)

ယုံးကျားဧကရာဇ်၏ အေးစက်သော လေသံကြောင့် မယ်တော်ကြီးကျောက်ပင် ထိတ်လန့်သွားခဲ့သည်။

မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်၏ အင်္ကျီစကို ဆွဲကိုင်လိုက်ပြီး စိုးရိမ်တကြီး တိုးတိုးလေး ပြောလိုက်၏။ "အရှင်မင်းကြီး စိတ်မလောပါနဲ့။ အခုထိ ဘာမှ မသိရသေးဘူး။ အားချန်ကို ဘယ်သူက အဆိပ်ခတ်သွားလဲ မသိရသေးဘဲနဲ့ သံသယဝင်ရုံနဲ့ ဟွမ်ဟုပ်ကို အပြစ်ပေးလို့ မဖြစ်ဘူး"

ယုံးကျားဧကရာဇ်၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိဘဲ အသံကလည်း ရေခဲရိုက်ထားသကဲ့သို့ အေးစက်နေလေသည်။ "ကျန်း ဘာလုပ်ရမယ်ဆိုတာ ကျန်း သိတယ်"

မယ်တော်ကြီးကျောက် "..."

မယ်တော်ကြီးကျောက်သည် သားဖြစ်သူ၏ မျက်ဝန်းများထဲတွင် အေးစက်ပြီး ရက်စက်သော အရိပ်အယောင်များကို တွေ့လိုက်ရသဖြင့် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ပါးစပ်ဖျားအထိ ရောက်နေသော စကားများကို ပြန်မျိုချလိုက်ရသည်။

ချောင်မိဖုရားခေါင် ဝင်ရောက်လာခဲ့သည်။

သူမ ပါးစပ်ဟပြီး စကားမပြောရသေးခင် ယုံးကျားဧကရာဇ်က အေးစက်စွာ ပြောလိုက်လေသည်။ "လီချန်ရဲ့ သေဆုံးမှုကို ရှင်းရှင်းလင်းလင်း မစုံစမ်းရသေးသရွေ့ ဟွမ်ဟုပ်ကို ကျောင်းဖန်နန်းဆောင်ကနေ အပြင်ထွက်ခွင့် မပြုဘူး"

ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသော်လည်း အသံကတော့ တည်ငြိမ်နေလေသည်။ "ပဉ္စမမင်းသားက နန်းတွင်းအကျဉ်းထောင်ထဲမှာ အဆိပ်သင့်သေဆုံးသွားတာဆိုတော့ အရှင်မင်းကြီးက ချန်ချဲ့ကို သံသယဝင်တာ မဆန်းပါဘူး။ ချန်ချဲ့ ဘာမှ မပြောလိုပါဘူး"

"ရိုးသားတဲ့သူက ရိုးသားတာပါပဲ။ ချန်ချဲ့ ကျောင်းဖန်နန်းဆောင်ထဲမှာပဲ နေပြီး အမှန်တရား ပေါ်လာမယ့်နေ့ကို စောင့်နေပါ့မယ်"

ပြောပြီးသည်နှင့် ကုတင်ကို ဦးညွှတ်နှုတ်ဆက်ကာ လှည့်ထွက်သွားလေတော့သည်။

မယ်တော်ကြီးကျောက် သက်ပြင်းမချရသေးခင် ယုံးကျားဧကရာဇ်က ထပ်မံ အမိန့်ပေးလိုက်လေသည်။ "ကျန်းရဲ့ အမိန့်ကို ထုတ်ပြန်လိုက်။ ပထမမင်းသားနဲ့ စတုတ္ထမင်းသားကို သူတို့ရဲ့ အိမ်တော်တွေဆီ ပြန်ပို့လိုက်။ ကျန်းရဲ့ ခွင့်ပြုချက်မရဘဲ အိမ်တော်အပြင်ကို ခြေတစ်လှမ်းမှ မထွက်စေနဲ့"

ပထမမင်းသားနဲ့ စတုတ္ထမင်းသားကိုပါ သံသယဝင်နေတာကိုး။

ယုံးကျားဧကရာဇ်သည် မင်းသမီးနှစ်ပါးကိုလည်း အိမ်တော်ပြန်ခိုင်းလိုက်ပြီး မုန့်ဖေးနှင့် ချင်ဖေးကိုလည်း မိမိတို့၏ နန်းဆောင်များသို့ ချက်ချင်း ပြန်ခိုင်းကာ ခေါ်ယူခြင်း မရှိဘဲ အပြင်ထွက်ခွင့် ပိတ်ပင်လိုက်လေသည်။

အတိုချုပ်ပြောရလျှင် မယ်တော်ကြီးကျောက်မှလွဲ၍ ကျန်သူအားလုံး အကျယ်ချုပ်ကျသွားကြသည်။

မယ်တော်ကြီးကျောက်သည် စကားပြောချင်သော်လည်း ယုံးကျားဧကရာဇ်၏ မျက်နှာထားကို ကြည့်ပြီး ဘာမှ မပြောရဲတော့ပေ။

"အရှင်မင်းကြီး၊ တုန်းပင်ကျွင်းနဲ့ ဝန်ကြီးယောင်တို့က အပြင်မှာ ဒူးထောက်ပြီး အပြစ်ပေးခံယူနေကြပါတယ်။ အရှင်မင်းကြီး သူတို့ကို တွေ့မလား" လျိုကုန်းကုန်းက တိုးတိုးလေး မေးလိုက်လေသည်။

တုန်းပင်ကျွင်း။

ဝန်ကြီးယောင်။

ယုံးကျားဧကရာဇ်၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "မတွေ့ဘူး"

မတွေ့ဘူးဆိုပေမယ့် ပြန်လွှတ်လိုက်တာလည်း မဟုတ်ဘူး။

ဒါဆိုရင် ဆက်ပြီး ဒူးထောက်နေစေဆိုတဲ့ သဘောပေါ့။

လျိုကုန်းကုန်းသည် သဘောပေါက်သွားပြီး ထပ်မံ လျှောက်တင်လိုက်လေသည်။ "ချောင်ကောလောင်နဲ့ ဝန်ကြီးတွေ ရောက်နေကြပါတယ်။ အရှင်မင်းကြီး တွေ့မလား"

ယုံးကျားဧကရာဇ်သည် မည်သူ့ကိုမျှ တွေ့ချင်စိတ် မရှိပေ။

သို့သော် မင်းသားများ အားလုံး အကျယ်ချုပ်ကျနေပြီ ဖြစ်ရာ တိုင်းပြည်အရေးကို ဝန်ကြီးအဖွဲ့အား လွှဲအပ်ရလိမ့်မည်။ တစ်ယောက်မှ မတွေ့ဘဲ နေ၍ မဖြစ်ပေ။ ယုံးကျားဧကရာဇ်သည် လျိုကုန်းကုန်းကို ကြည့်ပြီး ပြောလိုက်လေသည်။ "ချောင်ကောလောင်ကို ဝင်ခိုင်းလိုက်"

လျိုကုန်းကုန်းသည် အမိန့်နာခံပြီး ထွက်ခွာသွားလေသည်။

ခဏအကြာတွင် ချောင်ကောလောင်သည် တုန်တုန်ယင်ယင်ဖြင့် ဝင်ရောက်လာခဲ့သည်။

နှစ်ပေါင်းများစွာ တိုင်းပြည်အရေးကို ထမ်းဆောင်လာခဲ့သော ချောင်ကောလောင်သည် အိုမင်းရင့်ရော်နေပြီ ဖြစ်သည်။ ယခုအချိန်တွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လွင်နေပြီး အလွန်အမင်း အိုစာနေပုံ ပေါက်နေလေသည်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" ချောင်ကောလောင်သည် လက်ယှက်နှုတ်ဆက်လိုက်ရာ အသံများ တုန်ရီနေလေသည်။ "ပဉ္စမမင်းသား မတော်တဆ သေဆုံးသွားတာကို ကြားပြီး ကျွန်တော်မျိုး ရင်ထဲမှာ နာကျင်ရပါတယ်။ အရှင်မင်းကြီးက သားတော်ကို ဆုံးရှုံးလိုက်ရတာဆိုတော့ ခံစားရတဲ့ ဝမ်းနည်းပူဆွေးမှုက ကျွန်တော်မျိုးထက် အဆတစ်ရာမက ပိုမှာပါ။ အရှင်မင်းကြီးကို ဘယ်လို နှစ်သိမ့်ပေးရမလဲဆိုတာ ကျွန်တော်မျိုး မသိပါဘူး။ ဒါပေမဲ့ တိုင်းပြည်နဲ့ လူထုအတွက် အရှင်မင်းကြီး ကျန်းမာရေး ဂရုစိုက်ပါ"

ပြောပြီးသည်နှင့် ဒူးထောက်လိုက်လေသည်။

ယုံးကျားဧကရာဇ်က မျက်လုံးများကို မှိတ်လိုက်လေသည်။

ဟုတ်တယ်လေ။ ဘယ်လောက်ပဲ ဒေါသထွက်ထွက်၊ ဘယ်လောက်ပဲ မုန်းမုန်း အဲဒါက သူ့သားအရင်းပဲ။ လီချန်က ထိုက်ဇီကို တိတ်တဆိတ် လုပ်ကြံရင်တောင် သူက လီချန်ကို သတ်မှာ မဟုတ်ဘူး။ တစ်သက်လုံး အကျဉ်းချထားရုံလောက်ပဲ လုပ်မှာ။

လီချန် အဆိပ်သင့်သေဆုံးသွားတယ်ဆိုတဲ့ သတင်းကို ရုတ်တရက် ကြားလိုက်ရတာက ကိုယ့်အသားကို ကိုယ်ပြန်လှီးလိုက်သလို နာကျင်ရတယ်။ ဒီလို နာကျင်မှုကို ဖခင်ဖြစ်တဲ့သူမှပဲ နားလည်နိုင်မှာ။

ပူနွေးသော အရည်များသည် မျက်လုံးထောင့်မှ စီးကျလာလေသည်။ ဘေးတွင် ပြုစုနေသော လျိုကုန်းကုန်းသည် စိတ်မကောင်းဖြစ်ရပြီး လက်ကိုင်ပဝါဖြင့် မျက်ရည်များကို သုတ်ပေးလိုက်လေသည်။

အတော်ကြာမှ ယုံးကျားဧကရာဇ်သည် မျက်လုံးပြန်ဖွင့်လိုက်သည်။ မျက်ဝန်းထဲမှ အနီရောင်များ အနည်းငယ် လျော့ပါးသွားပြီး အသံအက်အက်ဖြင့် ပြောလိုက်လေသည်။ "ဒီအမှုကို အသေးစိတ် စုံစမ်းရမယ်"

ချောင်ကောလောင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်လေသည်။ "မင်းသားတစ်ပါးကို သတ်ဖြတ်ရဲတယ်ဆိုတာ ခွင့်လွှတ်ပေးလို့မရတဲ့ အပြစ်ကြီးပါပဲ။ နောက်ကွယ်က တရားခံကို မမိမိအောင် ဖမ်းပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရပါမယ်"

"ကျွန်တော်မျိုး ရဲဝံ့စွာ လျှောက်တင်ပါရစေ။ ဒီအမှုနဲ့ ပတ်သက်ဆက်နွယ်သူတွေ၊ ဟွမ်ဟုပ်ညန်ညန် အပါအဝင် အားလုံးကို အကျယ်ချုပ် ချထားသင့်ပါတယ်။ တုန်းပင်ကျွင်းနဲ့ ဝန်ကြီးယောင်ကိုလည်း ထောင်ချပြီး စစ်ဆေးသင့်ပါတယ်"

ဝန်ကြီးချုပ်ပီသစွာ ပြတ်သားသော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်လေသည်။ သမီးဖြစ်သူအတွက် မျက်နှာသာပေးရန် တောင်းဆိုခြင်း မရှိပေ။

ယုံးကျားဧကရာဇ်သည် ခေါင်းကို ခက်ခက်ခဲခဲ လှည့်ပြီး ချောင်ကောလောင်ကို ကြည့်လိုက်ကာ "တိုင်းပြည်အရေးကို ကောလောင်ဆီ အပ်လိုက်ပါမယ်"

ချောင်ကောလောင်သည် တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။ "ကျွန်တော်မျိုး အသက်သေတဲ့အထိ ကြိုးစားဆောင်ရွက်ပါ့မယ်"

ကုတင်ဘေးတွင် ဒူးထောက်နေသူမှာ သူ့ယောက္ခမ။ တိုင်းပြည်အတွက် ၁၀ နှစ်ကျော် အလုပ်လုပ်ပေးခဲ့ပြီး အာဏာမက်မောခြင်း မရှိခဲ့သူ။

ယုံးကျားဧကရာဇ်သည် ဒေါသကြောင့် အသိစိတ်လွတ်မသွားသေးပေ။ လျိုကုန်းကုန်းကို မျက်ရိပ်ပြလိုက်၏။ လျိုကုန်းကုန်းသည် ခေါင်းညိတ်လိုက်ပြီး ချောင်ကောလောင်ကို ထူပေးလိုက်လေသည်။

"ကောလောင် အရင် ပြန်လိုက်ပါ။ အရေးကြီးကိစ္စ ရှိရင် ပြန်လာလျှောက်တင်ပါ" ယုံးကျားဧကရာဇ်သည် ပင်ပန်းနွမ်းနယ်နေပြီး စကားတစ်လုံးချင်းစီ ပြောပြီးနောက် မျက်လုံးပြန်မှိတ်လိုက်လေသည်။

ချောင်ကောလောင်သည် အရိုအသေပေးပြီး ထွက်ခွာသွားလေသည်။

ဘေးနန်းဆောင်တွင် စောင့်ဆိုင်းနေကြသော ဝန်ကြီးများသည် ဝိုင်းအုံလာကြပြီး မေးမြန်းကြလေသည်။ "အရှင်မင်းကြီး ဘယ်လိုနေသေးလဲ။ စိုးရိမ်ရလား"

"ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ"

ချောင်ကောလောင်သည် ဝန်ကြီးများကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "အရှင်မင်းကြီး သတိရလာပါပြီ။ ဦးနှောက်က ကြည်လင်နေပြီး ရှုပ်ထွေးမှု မရှိပါဘူး။ ကျွန်တော်တို့ ပုံမှန်အတိုင်းပဲ လုပ်စရာရှိတာ ဆက်လုပ်ကြရအောင်"

ဝန်ကြီးလော်က စိတ်မရှည်စွာ မေးလိုက်လေသည်။ "ဒါဆိုရင် ပဉ္စမမင်းသား အဆိပ်သင့်သေဆုံးတဲ့ကိစ္စက ဘယ်လိုလဲ"

"အရှင်မင်းကြီးက အဲဒီကိစ္စကို သေချာ စုံစမ်းဖို့ အမိန့်ပေးလိမ့်မယ်" ချောင်ကောလောင်က ပြောလိုက်သည်။ "အဲဒီကိစ္စကို ကျွန်တော်တို့ ဝင်ပါလို့ မရပါဘူး။ ဝင်လည်း မပါသင့်ဘူး။ အားလုံး ကိုယ့်ရုံးခန်းကိုယ် ပြန်ကြပါတော့"

...

ကံဆိုးသော တုန်းပင်ကျွင်းသည် နာရီပေါင်းများစွာ ဒူးထောက်ခဲ့ရသဖြင့် ဒူးခေါင်းများ ရောင်ရမ်းနေသော်လည်း ယုံးကျားဧကရာဇ်ကို တွေ့ခွင့်မရခဲ့ပေ။ စစ်သူကြီးလျန်သာ ရောက်လာခဲ့သည်။

"အရှင်မင်းကြီး အမိန့်ရှိပါတယ်။ တုန်းပင်ကျွင်း နန်းတွင်းအကျဉ်းထောင်ထဲမှာ ခဏလောက် သွားနေပေးပါ" စစ်သူကြီးလျန်သည် မျက်နှာထား တင်းမာလျက် လေးနက်စွာဖြင့် ပြောလိုက်လေသည်။

တုန်းပင်ကျွင်း၏ မျက်နှာသည် မြေကြီးရောင် ပေါက်သွားပြီး စိတ်ဓာတ်ကျကာ ပြောလိုက်တော့၏။ "ဟုတ်ကဲ့၊ အမိန့်နာခံပါတယ်"

ယုံးကျားဧကရာဇ်က လှုပ်ရှားလို့ မရသေးလို့သာ။ မဟုတ်ရင် အရင်တုန်းက စိတ်ထားနဲ့ဆိုရင် ကိုယ်တိုင် ဆင်းလာပြီး သူ့ကို ရိုက်နှက်နေလောက်ပြီ။

သူက တော်ဝင်မျိုးနွယ် မိသားစုခေါင်းဆောင်လေ။ လီချန်က နန်းတွင်းအကျဉ်းထောင်ထဲမှာ အချုပ်ခံထားရရင်း အဆိပ်သင့်သေဆုံးသွားတာ။ ဘယ်သူ့လက်ချက်ပဲဖြစ်ဖြစ် သူ တာဝန်ကင်းလွတ်ခွင့် မရှိဘူး။

စစ်သူကြီးလျန်သည် ကိုယ်ရံတော်နှစ်ဦးကို မျက်ရိပ်ပြလိုက်ရာ ကိုယ်ရံတော်များသည် တုန်းပင်ကျွင်းကို နန်းတွင်းအကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြတော့သည်။

ထို့နောက် ဝန်ကြီးယောင်ကိုလည်း ထိုနည်းတူပင် နန်းတွင်းအကျဉ်းထောင်သို့ ပို့ဆောင်လိုက်လေသည်။ သူတို့နှစ်ဦးကို သီးခြားစီ ချုပ်နှောင်ထားသဖြင့် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံခွင့် မရကြပေ။

ထိုကိစ္စများ ပြီးစီးသောအခါ စစ်သူကြီးလျန်သည် ဝမ်ဟွားနန်းဆောင်သို့ ပြန်လာပြီး အစီရင်ခံလေသည်။

ယုံးကျားဧကရာဇ်သည် ကုတင်ပေါ်တွင် လဲလျောင်းလျက် စစ်သူကြီးလျန်ကို ပြောလိုက်လေသည်။ "လျန်ကျန်း၊ ငါ ဘယ်သူ့ကိုမှ မယုံတော့ဘူး"

ထိုစကားထဲတွင် ပါဝင်နေသော ပင်ပန်းနွမ်းနယ်မှုနှင့် ဝမ်းနည်းမှုများကြောင့် စစ်သူကြီးလျန်၏ နှာခေါင်းထဲတွင် ရှုံ့တွသွားပြီး မျက်ရည်များ ဝဲလာတော့သည်။ "အရှင်မင်းကြီး"

"ပဉ္စမမင်းသားကို ဘယ်သူ သတ်လိုက်တာလဲ" ယုံးကျားဧကရာဇ်၏ အသံသည် နှေးကွေးလေးလံနေလေသည်။ "ဟွမ်ဟုပ်လား၊ ထိုက်ဇီလား။ ဒါမှမဟုတ် ငါ့ရဲ့ သားအကြီးဆုံးလား၊ စတုတ္ထသားတော်လား။ မုန့်ဖေးလား၊ ချင်ဖေးလား"

"သူတို့အားလုံးက သံသယဖြစ်စရာတွေချည်းပဲ"

"ဟွေ့အန်းနဲ့ ကျင့်အန်းကိုတောင် ငါ မယုံတော့ဘူး"

"အားချန် အဆိပ်သင့်သေဆုံးသွားတာကို တွေးလိုက်တိုင်း ငါ့တစ်ကိုယ်လုံး အေးခဲသွားသလိုပဲ။ မျက်လုံးမှိတ်ထားရင်တောင် စိတ်မချရဘူး။ ငါ အခု ယုံကြည်ရတာ မင်းတစ်ယောက်တည်းပဲ ရှိတော့တယ်"

စစ်သူကြီးလျန်၏ မျက်ရည်များ စီးကျလာပြီး ကုတင်ဘေးတွင် ဒူးထောက်လိုက်လေသည်။ "အရှင်မင်းကြီး၊ ကျွန်တော်မျိုး အခုအချိန်ကစပြီး အရှင်မင်းကြီးဘေးမှာပဲ စောင့်ရှောက်နေပါ့မယ်။ ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးခိုင်းပါဘူး"

...

အပိုင်း (၆၂၀) ဒေါသအမျက် (၂)

တစ်ညတာအတွင်း အခြေအနေများ ပြောင်းလဲသွားပြီး နန်းတွင်းနှင့် နန်းပြင်တွင် မတည်မငြိမ် ဖြစ်သွားတော့သည်။ လူတိုင်း ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်နေကြရသည်။

တုန်းပင်ကျွင်းဝမ်ဖေးသည် သတင်းဆိုးကို ကြားလိုက်ရသဖြင့် အော်ဟစ်ပြီး မေ့လဲသွားလေသည်။

လုမင်ယွဲ့သည်လည်း ထိတ်လန့်သွားခဲ့သည်။ သို့သော် ယခုအချိန်တွင် ထိတ်လန့်နေ၍ မဖြစ်ပေ။ သူမသည် ယောက္ခမကို တွဲထူလိုက်ပြီး သမားတော်တစ်ဦး သွားခေါ်ခိုင်းလိုက်လေသည်။

ယခင်ကဆိုလျှင် တုန်းပင်ကျွင်းအိမ်တော်၏ အဆင့်အတန်းအရ တော်ဝင်သမားတော်တစ်ဦးကို ခေါ်ယူရန်မှာ မခက်ခဲပေ။ သို့သော် ယခုအခါ ယုံးကျားဧကရာဇ်သည် အိပ်ရာထဲတွင် လဲလျောင်းနေပြီး တော်ဝင်သမားတော်အားလုံးသည် ဝမ်ဟွားနန်းဆောင်တွင် ရှိနေကြသည်။ ထို့အပြင် တုန်းပင်ကျွင်းဝမ်သည် ကြီးမားသော အမှားကို ကျူးလွန်ထားပြီး နန်းတွင်းအကျဉ်းထောင်ထဲတွင် အချုပ်ခံထားရသဖြင့် တော်ဝင်သမားတော် ခေါ်ရန် မျက်နှာမရှိတော့ပေ။

သမားတော် ရောက်လာပြီးနောက် တုန်းပင်ကျွင်းဝမ်ဖေးကို အပ်စိုက်ပြီး ကုသပေးလိုက်သည်။

အပ် ၁၀ ချောင်းကျော် စိုက်ပြီးနောက် တုန်းပင်ကျွင်းဝမ်ဖေး သတိရလာခဲ့သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် အော်ဟစ်ငိုကြွေးလေတော့သည်။ "ဒါ ဘယ်လိုလုပ်ကြမလဲ။ ငါတို့ ဘာလုပ်ရတော့မလဲ"

ပဉ္စမမင်းသားက နန်းတွင်းအကျဉ်းထောင်ထဲမှာ သေသွားတာလေ။

တုန်းပင်ကျွင်းကတော့ ဒုက္ခရောက်ပြီ။ ပါးစပ်ပေါက်တစ်ရာပါရင်တောင် ရှင်းလို့ရမှာ မဟုတ်တော့ဘူး။

အခု နန်းတွင်းအကျဉ်းထောင်ထဲမှာ အချုပ်ခံထားရပြီ။

အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား မသိတော့ဘူး။

ထိုအကြောင်းကို တွေးမိသည်နှင့် တုန်းပင်ကျွင်းဝမ်ဖေးသည် ရင်ကွဲမတတ် ခံစားလိုက်ရပြီး ကုတင်ကို လက်သီးဖြင့် ထုနှက်ကာ ငိုကြွေးလေတော့သည်။ ငိုသံက ကုတင်ထုသံထက်ပင် ကျယ်လောင်နေသေးသည်။

ဒီလောက် အားကောင်းမောင်းသန် ဖြစ်နေတာ အသက် ၁၀၀ လောက်ထိ နေရမှာ သေချာပါတယ်။ သေချင်ယောင်ဆောင်နေတာတော့ မဟုတ်လောက်ပါဘူး။

လုမင်ယွဲ့သည် နှုတ်ခမ်းမဲ့ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး တိုးတိုးလေး နှစ်သိမ့်ပေးလိုက်လေသည်။ "ယွဲ့မူ(ယောက္ခမ) စိတ်မပူပါနဲ့။ ယွဲ့ဖုလုပ်တာမှ မဟုတ်တာ။ ဒီကိစ္စက မကြာခင် အမှန်တရား ပေါ်လာမှာပါ။ အဲဒီကျရင် ယွဲ့ဖု ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မှာပါ"

တုန်းပင်ကျွင်းဝမ်ဖေးသည် ဆက်လက် ငိုကြွေးနေလေသည်။ "နင်က ဘာနားလည်လို့လဲ"

"လုပ်ရဲတဲ့လူက တကယ်ပဲ ရက်စက်လွန်းတယ်။ ပြောမရဘူး၊ အဲဒီလူက နန်းတော်ထဲမှာ ရှိနေတာ ဖြစ်နိုင်တယ်။ အရှင်မင်းကြီး လှုပ်ရှားလို့မရတာကို အခွင့်ကောင်းယူပြီး လူသတ်နှုတ်ပိတ်လိုက်တာ ဖြစ်နိုင်တယ်။ အပြစ်အားလုံးကို သူ့အပေါ် ပုံချလိုက်ရင် ဘယ်လိုလုပ်မလဲ"

လုမင်ယွဲ့သည် ကျောချမ်းသွားပြီး အသံများ တုန်ရီလာလေသည်။ "မဖြစ်နိုင်လောက်ပါဘူး"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ" တုန်းပင်ကျွင်းဝမ်ဖေးသည် မျက်ရည်သုတ်လိုက်ပြီး မျက်နှာထား မည်းမှောင်ကာ အံကြိတ်ပြီး ပြောလိုက်လေသည်။ "ငါသာဆိုရင် လုပ်မှာပဲ။ မင်းသားတစ်ပါးကိုတောင် သတ်ရဲတာ၊ နယ်စားတစ်ယောက်လောက် ထပ်သတ်လိုက်တာ ဘာအရေးပါလို့လဲ။ ကိုယ့်အပြစ်ကို သူများအပေါ် လွှဲချဖို့ အကောင်းဆုံး အခွင့်အရေးပဲလေ"

တုန်းပင်ကျွင်းဝမ်ဖေးသည် တွေးလေ ကြောက်လေ ဖြစ်လာပြီး အသံများ တုန်ရီနေတော့သည်။ "မဖြစ်ဘူး။ ငါ အခုပဲ နန်းတော်ထဲ ဝင်ရမယ်။ မယ်တော်ကြီးဆီမှာ သွားပြီး ဒူးထောက်တောင်းပန်မယ်။ အရှင်မင်းကြီးကို လျှောက်တင်ပြီး သခင်ကြီးကို ပြန်လွှတ်ပေးဖို့ ပြောခိုင်းမယ်။ နန်းတော်ထဲမှာ နေလို့မဖြစ်ဘူး။ အသက်အန္တရာယ် ရှိတယ်"

ပြောပြီးသည်နှင့် ကုတင်ပေါ်မှ ကုန်းရုန်းဆင်းလိုက်လေသည်။

လုမင်ယွဲ့သည် မျက်စိလျင်ပြီး လက်မြန်သဖြင့် မျက်လုံးနီရဲနေသော ယောက္ခမကို အလျင်အမြန် တားဆီးလိုက်ကာ "မဖြစ်ပါဘူး ယွဲ့မူရယ်။ နန်းတွင်းအခြေအနေကို ကျွန်မတို့ ဘာမှ မသိရသေးဘဲနဲ့ နန်းတော်ထဲ ဇွတ်ဝင်သွားလို့ မဖြစ်ပါဘူး။ တကယ်လို့ မတော်တဆ ယွဲ့ဖုကို ဒုက္ခရောက်အောင် လုပ်လိုက်သလို ဖြစ်သွားရင် နောင်တရလို့ ဆုံးမှာ မဟုတ်ဘူး"

တုန်းပင်ကျွင်းဝမ်ဖေးသည် အကြံအဉာဏ်မဲ့နေပြီး ခေါင်းထဲတွင် ရှုပ်ထွေးနေလေသည်။ မျက်လုံးနီရဲလျက် လုမင်ယွဲ့ကို မေးလိုက်လေသည်။ "ဒါဆိုရင် ဘာလုပ်ရမလဲ။ ဒီအတိုင်းပဲ ထိုင်ကြည့်နေရမှာလား"

လုမင်ယွဲ့သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ယောက္ခမ၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။ "ကျွန်မတို့ အခု ဘာမှ လုပ်လို့မရပါဘူး။ အိမ်မှာပဲ ငြိမ်ငြိမ်လေး စောင့်နေကြရအောင်။ ကျွန်မ ထင်တာမမှားရင် ထိုက်ဇီဖေး မကြာခင် မြို့တော်ကို ပြန်ရောက်လာတော့မှာပါ။ အဲဒီကျရင် အမှန်တရား ပေါ်လာမှာပါ"

တုန်းပင်ကျွင်းဝမ်ဖေးသည် ကြမ်းပြင်ပေါ်သို့ ခွေခနဲ လဲကျသွားပြီး ဆက်လက်၍ သည်းထန်စွာ ငိုကြွေးနေတော့သည်။

လုမင်ယွဲ့၏ စိတ်နှလုံး လေးလံနေပြီး တိတ်တဆိတ် ဆုတောင်းလိုက်မိသည်။

စစ်ကျဲ၊ မြန်မြန် ပြန်လာပါတော့။

...

တတိယမင်းသားအိမ်တော်နှင့် ပဉ္စမမင်းသားအိမ်တော်တို့ကို ချိပ်ပိတ်ထားလိုက်ပြီ ဖြစ်သည်။

အနီရောင်တံခါးကြီးများကို ပိတ်ထားပြီး တံဆိပ်တုံးများ ခတ်နှိပ်ထားလေသည်။ မည်သူမျှ ဝင်ထွက်ခွင့် မရှိကြပေ။

မုန့်ယွင်လော်နှင့် ယွီရှီတို့သည် နေ့စဉ် စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်နေရသည်။ မုန့်ယွင်လော်က သားဖြစ်သူ ရှိနေသဖြင့် အားတင်းထားနိုင်သေးသော်လည်း ယွီရှီကတော့ အစားအသောက်ပျက်ပြီး နေ့စဉ် ပိန်ချုံးလာခဲ့သည်။

အိမ်စေမလေး ချူချင်းက မျက်ရည်စက်လက်ဖြင့် သခင်မကို နားချလိုက်၏။ "ညန်ညန် အစာမစားတာ တစ်ရက်ရှိနေပြီ။ ဒီတိုင်းဆိုရင် ကျန်းမာရေး ထိခိုက်ကုန်ပါလိမ့်မယ်"

ယွီရှီသည် ပိန်လှီနေသော ပါးပြင်ကို ပွတ်သပ်လိုက်ပြီး ခါးသက်သက် ပြုံးလိုက်ကာ "ငါ လုံးဝ ဗိုက်မဆာဘူး။ စားချင်စိတ် မရှိဘူး" ခဏရပ်ပြီး သူမက တိုးတိုးလေး ဆက်ပြောလိုက်လေသည်။ "ဒီမနက် အစောကြီးကတည်းက တကိုယ်လုံး နေလို့မကောင်းဘူး။ ရင်ဘတ်ထဲမှာ ကျောက်တုံးကြီး ဖိထားသလိုပဲ။ တစ်နေကုန် ရင်တုန်နေတယ်။ ချူချင်း၊ ငါ ထင်တာတော့ တစ်ခုခု ဖြစ်နေပြီ"

သခင်မနှင့် အိမ်စေမလေးတို့သည် ပဉ္စမမင်းသားအိမ်တော်၏ အတွင်းဆောင်တွင် အပိတ်ခံထားရပြီး အပြင်သို့ မထွက်ရသဖြင့် အပြင်လောကတွင် ဘာတွေ ဖြစ်ပျက်နေသည်ကို မသိကြပေ။

သို့သော် ယွီရှီသည် မနက်စောစောကတည်းက မကောင်းသော နိမိတ်များကို ခံစားနေရပြီး တစ်နေ့လုံး စိတ်ဂဏာမငြိမ် ဖြစ်နေလေသည်။

ချူချင်းသည် အကြာကြီး နှစ်သိမ့်ပေးပြီးနောက် ဆန်ပြုတ်တစ်ပန်းကန် ယူလာပေးလိုက်သည်။

ယွီရှီသည် မနည်းမျိုချလိုက်သော်လည်း လည်ချောင်းထဲတွင် တစ်ဆို့နေလေသည်။

ထိုအချိန်တွင် အပျိုတော်တစ်ဦး ဝင်ရောက်လာပြီး မျက်နှာ ဖြူဖပ်ဖြူရောဖြင့် ဒူးထောက်လိုက်လေသည်။ "ညန်ညန်၊ နန်းတော်ထဲက သတင်းရောက်လာပါတယ်။ ပဉ္စမမင်းသား... နန်းတွင်းအကျဉ်းထောင်ထဲမှာ အဆိပ်သင့်ပြီး သေဆုံးသွားပါပြီတဲ့"

ယွီရှီ "..."

ခွမ်း...

ယွီရှီ၏ လက်ထဲမှ ပန်းကန်လုံးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျပြီး ကွဲကြေသွားကာ ဆန်ပြုတ်များ ပြန့်ကျဲသွားလေသည်။

ယွီရှီသည် မျက်လုံးများ ပြာဝေသွားပြီး ခြေထောက်များ ပျော့ခွေကာ မေ့လဲသွားလေတော့သည်။

ချူချင်းသည်လည်း မေ့လဲလုနီးပါး ဖြစ်သွားသော်လည်း အားတင်းပြီး သခင်မကို တွဲကူထားရသည်။ "မြန်မြန်... သမားတော် သွားခေါ်ကြစမ်း"

ထိုသတင်းဆိုးသည် တတိယမင်းသားအိမ်တော်သို့လည်း ရောက်ရှိသွားခဲ့သည်။

မုန့်ယွင်လော်သည် မူးဝေသွားပြီး ကုလားထိုင်လက်တန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိသည်။ ဘေးနားရှိ အိမ်တော်ပါ အစေခံမလေး ဝမ်ရှို့၏ မျက်နှာသည်လည်း ဖြူစွတ်သွားလေသည်။ "ညန်ညန်... ညန်ညန်"

မုန့်ယွင်လော်သည် အသက်ရှူရ ခက်ခဲနေပြီး ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေလေ၏။ သူမသည် ဝမ်ရှို့၏ လက်ကို ဆွဲကိုင်လိုက်ရာ လက်သည်းရှည်များက ဝမ်ရှို့၏ လက်ဖမိုးထဲသို့ စိုက်ဝင်သွားတော့သည်။

ဝမ်ရှို့သည် နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ သခင်မကို တွဲကူလိုက်လေသည်။ "ညန်ညန် စိတ်ထိန်းပါ"

မုန့်ယွင်လော်၏ မျက်ရည်များ စီးကျလာပြီး အသံများ တုန်ရီနေတော့သည်။ "ဝူတိက ဘယ်လိုလုပ် ရုတ်တရက်... ရုတ်တရက် သေသွားရတာလဲ"

သူမသည် လီချန်ဆိုသော မတ်ဖြစ်သူကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပေ။ သို့သော် နှစ်ပေါင်းများစွာ အတူတကွ ရှိနေခဲ့သဖြင့် သံယောဇဉ် အနည်းငယ်တော့ ရှိလေသည်။ ထို့အပြင် လီချန်နှင့် လီဟောက်သည် နန်းတွင်းအကျဉ်းထောင်သို့ အတူတူ အဖမ်းခံရခြင်း ဖြစ်သည်။ လီချန် ရုတ်တရက် သေဆုံးသွားခြင်းက လီဟောက်အတွက် အန္တရာယ်ရှိနေနိုင်မလား။

ထိုအကြောင်းကို တွေးမိသည်နှင့် မုန့်ယွင်လော်သည် ကျောချမ်းသွားတော့သည်။

သူမက တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။ "ငါ အခုချက်ချင်း နန်းတွင်းအကျဉ်းထောင်ကို သွားပြီး အရှင်မင်းသားကို သွားတွေ့မယ်"

ဝမ်ရှို့က မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်ရတော့သည်။ "ညန်ညန်၊ အိမ်တော်တံခါးကို ချိပ်ပိတ်ထားလို့ အပြင်ထွက်လို့ မရပါဘူး။ ပြီးတော့ နန်းတွင်းအကျဉ်းထောင်မှာ ဒီလောက် ကိစ္စကြီး ဖြစ်ထားတာ လုံခြုံရေး ပိုတင်းကျပ်နေမှာပါ။ ကျွန်မတို့ သွားရင်တောင် အရှင်မင်းသားကို တွေ့ရမှာ မဟုတ်ပါဘူး"

မုန့်ယွင်လော်သည် နားမဝင်တော့ပေ။ "ငါ အခုချက်ချင်း သွားမယ်။ ဘယ်သူ တားရဲလဲ ကြည့်ရသေးတာပေါ့"

ပြောပြီးသည်နှင့် အပြင်သို့ ပြေးထွက်သွားလေသည်။

ဝမ်ရှို့သည် ထိတ်လန့်သွားပြီး အနောက်မှ အလျင်အမြန် လိုက်ပါသွားလေသည်။

မုန့်ယွင်လော်သည် အိမ်တော်တံခါးဝအထိ ပြေးသွားလိုက်သည်။ တံခါးဝတွင် စောင့်နေကြသူများမှာ နန်းတော်မှ စေလွှတ်လိုက်သော ကိုယ်ရံတော်များ ဖြစ်ကြပြီး သူတို့၏မျက်နှာအမူအရာမှာ တင်းမာလို့နေ၏။ "ကျွန်တော်မျိုးတို့က အမိန့်အရ စောင့်ကြပ်နေရတာပါ။ နန်းတော်က အမိန့်မရဘဲ ဘယ်သူမှ အပြင်ထွက်ခွင့် မရှိပါဘူး။ ညန်ညန် ပြန်ဝင်ပါ"

မုန့်ယွင်လော်သည် အတင်း တိုးထွက်ရန် ကြိုးစားသော်လည်း ကိုယ်ရံတော်များက တန်းစီကာ ပိတ်ဆို့ထားလိုက်ကြသည်။

မုန့်ယွင်လော်သည် အော်ဟစ်ဆဲဆိုသော်လည်း ကိုယ်ရံတော်များသည် တုပ်တုပ်မျှ မလှုပ်ကြပေ။ မုန့်ယွင်လော်သည် အသံဝင်သွားသည်အထိ အော်ဟစ်ငိုကြွေးသော်လည်း အပြင်ထွက်ခွင့် မရသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ငိုကြွေးနေရတော့သည်။

...

အပိုင်း (၆၂၁) ကြိုးကြာသံ (၁)

"အစ်မ" လီဟန်သည် သမ်းဝေလိုက်ကာ မျက်လုံးများကို ပွတ်သပ်ရင်း ကုတင်ပေါ်မှ လှိမ့်ဆင်းလာလေသည်။ "အစ်ကို"

လီရွှမ်းနှင့် လီရွှီတို့သည် မူလက မျက်မှောင်ကြုတ်ထားကြသော်ငြား လီဟန်၏အသံကို ကြားလိုက်ရသည်တွင် မောင်နှမနှစ်ယောက်စလုံးက အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်ကြလေသည်။ "နိုးလာပြီလား... ထပ်ပြီး မအိပ်ချင်တော့ဘူးလား"

လီဟန်သည် မျက်လုံးကို ထပ်မံပွတ်သပ်လိုက်ပြီး လျင်မြန်စွာပင် အိပ်ချင်ပြေသွားကာ တက်ကြွလန်းဆန်းလာတော့သည်။ "မအိပ်ချင်တော့ပါဘူး... သား အဘွားတော်ကို သွားရှာချင်တယ်"

လီရွှမ်း၏ မျက်ဝန်းထဲတွင် ပြင်းထန်သော စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လေသံတိုးတိုးဖြင့် ချော့မော့ပြောဆိုလိုက်လေသည်။ "အဘွားတော်က နေမကောင်းဖြစ်နေတယ်လေ... နန်းဆောင်ထဲမှာ အနားယူနေရတာ... နောက်ရက်နည်းနည်းလောက်နေလို့ အဘွားတော် နေကောင်းလာမှ အစ်မက မောင်လေးကို အဘွားတော်ဆီ ခေါ်သွားပေးမယ်နော်"

လီဟန်သည် ဒီရက်ပိုင်းအတွင်း အတော်လေး လိမ်မာလာခဲ့ပြီး ဆူပူသောင်းကျန်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပါပြီ... သား မမ စကားကို နားထောင်ပါ့မယ်"

လီရွှမ်းသည် ရင်ထဲတွင် စိတ်မကောင်းဖြစ်မိကာ ကြက်သိုက်ကဲ့သို့ ရှုပ်ပွနေသော လီဟန်၏ ဆံပင်များကို လက်ဖြင့် လှမ်းပွတ်သပ်လိုက်လေသည်။ "မောင်လေးက လိမ်မာလိုက်တာ"

လီရွှီက အားတင်းကာ ပြုံးလိုက်လေသည်။ "စာသင်ဆောင်ကလည်း ပိတ်ထားတော့ အစ်ကိုက စာသွားသင်စရာမလိုတော့ဘူး... ဒီနေ့ တစ်နေ့လုံး မင်းနဲ့အတူတူ ကစားပေးမယ်"

လီဟန်၏ မျက်လုံးများ အရောင်တောက်သွားပြီး ဝမ်းသာအားရ အော်ဟစ်လိုက်တော့သည်။ "သိပ်ကောင်းတာပဲ" လက်များခြေများဖြင့် ကခုန်မြူးထူးနေပြီးမှ မေးရန်မမေ့တော့ချေ။ "ရက်ဘယ်လောက် ပိတ်မှာလဲဟင်"

"အတိအကျ ရက်ဘယ်လောက်လဲဆိုတာတော့ အစ်ကိုလည်း မသိဘူး" လီရွှီက မရေမရာ ပြန်ဖြေလိုက်လေသည်။ "အစ်ကို ထင်တာတော့ အဘွားတော် နေကောင်းလာမှပဲ စာပြန်သင်ရလောက်မယ် ထင်တယ်"

လီဟန်သည် ထိုအကြောင်းအရာနှစ်ခုကြားက ဆက်စပ်မှုကို လုံးဝနားမလည်ဘဲ ဆက်လက်၍ ပျော်ရွှင်မြူးထူးနေတော့သည်။

လီရွှမ်းသည် လီဟန်ကို မတတ်နိုင်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ "တုံးလိုက်တာ... ဘာမှလည်း နားမလည်ဘူး"

လီရွှီက အသံတိုးတိုးဖြင့် သက်ပြင်းချလိုက်၏။ "ဘာမှ နားမလည်တာကလည်း ကောင်းပါတယ်"

သို့မဟုတ်ပါက လီဟန်သာ ငိုယိုပြီး အိမ်ရှေ့စံနန်းတော်ထဲကနေထွက်ကာ ကျောင်းဖန်နန်းဆောင်ကို သွားမည်ဟု ပူဆာနေလျှင် ဘယ်လိုလုပ်ကြမည်နည်း။

ယုံးကျားဧကရာဇ်သည် မနေ့က အမိန့်တော်တစ်ရပ် ထုတ်ပြန်လိုက်ပြီး နန်းတော်အတွင်းရှိ လူတိုင်းကို အကျယ်ချုပ်ချထားလိုက်လေသည်။ လီချန်၏ သေဆုံးရသည့် အကြောင်းရင်းကို စုံစမ်း၍ မပေါ်မချင်း ဘယ်သူမှ နန်းဆောင်အပြင်သို့ ထွက်ခွင့်မရှိကြချေ။ အိမ်ရှေ့စံနန်းတော်သည်လည်း ပိတ်ပင်ထားခြင်း ခံလိုက်ရသည်။

သူတို့ မောင်နှမသုံးယောက်သည်လည်း အိမ်ရှေ့စံနန်းတော်ထဲတွင်သာ နေထိုင်ရလေသည်။

မျက်နှာတွင် စိုးရိမ်ရိပ်များ လွှမ်းခြုံထားသည့် ချီယွင် ဝင်ရောက်လာပြီး လီဟန်ကို ပွေ့ချီကာ အဝတ်အစားလဲလှယ် ဆေးကြောသန့်စင်ပေးလိုက်လေသည်။

လီရွှီနှင့် လီရွှမ်း မောင်နှမနှစ်ယောက်သည် လူကြီးပေါက်စလေးများကဲ့သို့ ခေါင်းချင်းဆိုင်ကာ စကားပြောနေကြသည်။ လီရွှီက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "နင့်အထင်ဆိုရင် ဘယ်သူက ဝူရှူး(ဦးလေး၅)ကို အဆိပ်ခတ်လိုက်တာ ဖြစ်မလဲ"

လီရွှမ်းက ခဏလောက် စဉ်းစားလိုက်ပြီး "ငါလည်း စဉ်းစားလို့မရဘူး... ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဘွားတော် မဟုတ်တာပါပဲ... အဘွားတော်က စိတ်သဘောထား အနူးညံ့ဆုံးပဲ... ဒီလို ရက်စက်ယုတ်မာတဲ့ကိစ္စမျိုးကို လုပ်မှာမဟုတ်ပါဘူး"

လီရွှီကလည်း လေးနက်စွာ သဘောတူလိုက်ပြီး ပြတ်သားသော လေသံဖြင့် ပြောလိုက်လေသည်။ "ငါလည်း ဒီလိုပဲ တွေးမိတယ်" ထို့နောက်တွင် သူက သက်ပြင်းချလိုက်ပြန်သည်။ "ဒါပေမဲ့ အဘိုးတော်ကတော့ ဒီလို တွေးမှာမဟုတ်ဘူး"

မောင်နှမနှစ်ယောက်သည် အဘွားတော်နှင့် အမြဲတမ်း ရင်းနှီးကျွမ်းဝင်ကြသော်ငြား ယုံးကျားဧကရာဇ်အပေါ်ထားရှိသော သံယောဇဉ်မှာတော့ ရှုပ်ထွေးပွေလီလှလေသည်။

ယုံးကျားဧကရာဇ်သည် သူတို့ကို အလွန် ချစ်မြတ်နိုးသည်မှာ အမှန်ပင်။ သို့သော်ငြား အဘိုးတော်သည် သူတို့၏ အဖေနှင့် အမေတို့ကို သိပ်ပြီးသဘောမကျကြောင်းနှင့် အဘွားတော်နှင့်လည်း မရင်းနှီးကြောင်းကို သူတို့ ရိပ်မိနေကြသည်။

မောင်နှမနှစ်ယောက်၏ စိတ်နှလုံးသည် သဘာဝကျစွာပင် အဘွားတော်နှင့် အဖေအမေတို့ဘက်သို့ ပိုပြီး ယိမ်းယိုင်လေသည်။ ယုံးကျားဧကရာဇ်နှင့်မူ တစ်လွှာခြားနေသလို ဖြစ်နေတော့၏။

ယုံးကျားဧကရာဇ်သည် နဂါးသလွန်ထက်တွင် လဲလျောင်းနေရသော်ငြား သူတို့ ပိုပြီး စိုးရိမ်ပူပန်နေရသည်မှာ အကျယ်ချုပ်ကျခံနေရသော အဘွားတော်အတွက်သာ ဖြစ်လေသည်။

"အမေ ဘယ်အချိန်လောက်မှ ပြန်ရောက်လာမလဲ မသိဘူးနော်" လီရွှမ်းက သက်ပြင်းချလိုက်လေသည်။ "အမေသာ နန်းတော်ထဲမှာရှိရင် ကောင်းမှာပဲ... အမေသာရှိရင် ဘယ်သူမှ အဘွားတော်ကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး"

လီရွှီက ပိုပြီး စေ့စပ်သေချာကာ အကဲခတ်ကောင်းသူဖြစ်သဖြင့် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဒီတစ်ခေါက်က ပုံမှန်အချိန်တွေနဲ့ မတူဘူး... ဝူရှူးက ဒီအတိုင်းကြီး အဆိပ်ခတ်ခံရပြီး သေဆုံးသွားတာ... အဘိုးတော်က သူ့ဘေးနားကလူတွေကို သံသယဝင်နေတာ... ငါ စိတ်ပူတာက အမေ့ရဲ့ စိတ်ကြီးတဲ့အကျင့်နဲ့ ပြန်ရောက်လာပြီးရင် ပိုကြီးတဲ့ ပြဿနာတွေ ဖြစ်လာမှာကိုပဲ"

လီရွှမ်းက နှုတ်ခမ်းဆူထားလိုက်ကာ "ငါ ဂရုမစိုက်ဘူး... ဘာပဲဖြစ်ဖြစ် ငါက အမေ့ကို မြန်မြန်ပြန်လာစေချင်တယ်"

"ငါလည်း အတူတူပါပဲ" လီရွှီက သက်ပြင်းချလိုက်ပြီး ကျန်းနန်ဒေသရှိရာဘက်သို့ အမှတ်တမဲ့ လှည့်ကြည့်လိုက်မိလေသည်။

ရက်တွေဒီလောက်ကြာနေပြီ... အမေ ဘာလို့ ပြန်မရောက်လာသေးတာလဲ...

ချီယွင်သည် ဆေးကြောသန့်စင်ပြီးသားဖြစ်သည့် လီဟန်ကို ခေါ်ဆောင်ကာ ပြန်ရောက်လာခဲ့သည်။ လီဟန်သည် ဘာကိုမှ နားမလည်ဘဲ ပျော်ရွှင်စွာဖြင့် အစ်ကိုနှင့်အစ်မ၏ လက်ကို လှမ်းဆွဲလိုက်ကာ "အစ်ကို... အစ်မ... သားတို့ မနက်စာ သွားစားကြမယ်"

လီရွှီနှင့် လီရွှမ်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ရင်ထဲက စိုးရိမ်ပူပန်မှုများကို ဖိနှိပ်ထားလိုက်ကာ ပြုံး၍ ခေါင်းညိတ်လိုက်ကြလေသည်။

ချီယွင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် နာကျင်သွားတော့၏။

တခြားအိမ်က အသက် ၇နှစ်အရွယ် ကလေးများဆိုလျှင် ဆော့ကစားပြီး ဆူပူသောင်းကျန်းနေကြမည့် အရွယ်ပင်။ လီရွှီနှင့် လီရွှမ်းတို့က နန်းတော်ထဲတွင် ကြီးပြင်းလာရသူများပီပီ သာမန်လူထက် ဉာဏ်ရည်ထက်မြက်ကြသလို အသက်အရွယ်နှင့်မလိုက်အောင်လည်း ရင့်ကျက်သိတတ်ကြလေသည်။ လက်ရှိအခြေအနေအတွက် တွေးတောပူပန်တတ်နေကြပြီ။

ချီယွင်သည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ရှေ့သို့တိုးကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ကျွန်မ ထိုက်ဇီဖေးကို နားလည်သလောက်ဆိုရင်တော့ ညန်ညန်က မြို့တော်ကသတင်းကို ရတာနဲ့ အမြန်ဆုံးအရှိန်နဲ့ ပြန်လာမှာ သေချာပါတယ်... စိတ်ရှည်ရှည်ထားပြီး စောင့်လိုက်ပါအုံး... ညန်ညန် မကြာခင် ပြန်ရောက်လာပါလိမ့်မယ်"

မောင်နှမသုံးယောက်စလုံး ပြိုင်တူ ခေါင်းညိတ်လိုက်ကြလေသည်။

...

မနက်စာစားပြီးနောက်တွင် လီရွှီနှင့် လီရွှမ်းတို့သည် စိတ်ရှည်လက်ရှည်ဖြင့် လီဟန်ကို အဖော်ပြုကာ ကစားပေးလိုက်ကြသည်။

နေ့လယ်ခင်းသို့ ရောက်သောအခါ လီဟန်သည် မနေတတ်မထိုင်တတ် ဖြစ်လာပြီး အိမ်ရှေ့စံနန်းတော်အပြင်သို့ ထွက်ချင်ကြောင်း ဆူပူလေတော့သည်။ လီရွှမ်းသည် စိတ်မြန်လက်မြန် ရှိသူပီပီ သည်းမခံနိုင်တော့ဘဲ လီဟန်ကို မျက်စောင်းထိုးကာ ပြောလိုက်လေသည်။ "အိမ်ရှေ့စံနန်းတော်ကို ပိတ်ထားတာ... ငါတို့အားလုံး ထွက်သွားလို့မရဘူး... နင် ထပ်ပြီး ဆူပူနေမယ်ဆိုရင် ငါ ရိုက်တော့မှာနော်"

ပြောရင်းဆိုရင်းဖြင့် သန်မာသော လက်သီးဆုပ်လေးကို ဝှေ့ယမ်းပြလိုက်လေသည်။

လီဟန်သည် အလိုအလျောက် ပါးစပ်ပိတ်သွားသော်လည်း မျက်ဝန်းထဲတွင်တော့ ဝမ်းနည်းစိတ်ကြောင့် မျက်ရည်စများ ဝေ့သီလာတော့၏။

သူက အပြင်ထွက်ပြီး ကစားချင်ရုံလေးပါ... မမက အရမ်းဆိုးတာပဲ!

လီရွှီက ညီလေးကို သနားသွားပြီး မနိုင်မနင်းဖြင့် လီဟန်ကို ပွေ့ချီလိုက်ကာ ချော့မော့လိုက်လေသည်။ "အစ်ကိုတို့အားလုံး အပြင်မထွက်ဘဲ ဒီမှာပဲ မင်းကို အဖော်လုပ်ပေးမယ်လေ... လိမ်လိမ်မာမာ နေနော်"

လီဟန်သည် အစ်ကိုဖြစ်သူ၏ ပါးလွှာသော ရင်ခွင်ထဲတွင် ခေါင်းမှီလိုက်ပြီး တိုးတိုးလေး ရှိုက်ငိုလေတော့သည်။

ဘေးနားရှိ ချီယွင်သည်လည်း မျက်ရည်များ ဝဲလာကာ ခေါင်းကို ငုံ့လိုက်ပြီး မျက်ရည်စများကို လက်ကိုင်ပုဝါဖြင့် တိတ်တဆိတ် သုတ်လိုက်မိလေသည်။

ထိုအချိန်မှာပင် အိမ်ရှေ့စံနန်းတော်မှ အရာရှိကျောက်ရွေ့သည် ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လှမ်းလာခဲ့သည်။

အိမ်ရှေ့စံနန်းတော် ပိတ်သိမ်းခံလိုက်ရသဖြင့် ကျောက်ရွေ့သည် လီရွှီတို့မောင်နှမများကို စိတ်မချနိုင်ဖြစ်ကာ အိမ်ရှေ့စံနန်းတော်ထဲတွင်ပင် ဝင်ရောက်နေထိုင်လိုက်တော့သည်။ ကျောက်ရွေ့သည် အရည်အချင်း ကြီးကြီးမားမား မရှိသော်ငြား ဆွေကြီးမျိုးကြီးမှ ဆင်းသက်လာသူ ဖြစ်သောကြောင့် နန်းတော်ထဲတွင် သွားလာလှုပ်ရှားရသည်မှာ အခြားသူများထက် ပိုမို အဆင်ပြေလွယ်ကူလေသည်။

ယခုအချိန်တွင် ကျောက်ရွေ့သည် ပျံသန်းမတတ် လျှောက်လှမ်းလာခဲ့ပြီး သန့်ပြန့်ချောမောသော မျက်နှာထက်တွင် ဖော်ပြမတတ်နိုင်လောက်အောင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေတော့၏။

ချီယွင်၏ နှလုံးခုန်သံများ မြန်ဆန်သွားပြီး အလုအယက် မေးလိုက်လေသည်။ "ထိုက်ဇီဖေးဆီက သတင်းရလို့လား"

"ဟုတ်ပါတယ်" ကျောက်ရွေ့၏ မျက်လုံးများက အရောင်လက်နေတော့သည်။ "ထိုက်ဇီဖေးက မြို့တော်ကို ပြန်ရောက်နေပါပြီ... အခုဆိုရင် မြင်းစီးပြီး နန်းတော်ထဲ ဝင်လာနေပါပြီ... သတင်းပို့တဲ့ ကိုယ်ရံတော်တပ်သားက ခြေတစ်လှမ်း ဦးအောင်ဝင်လာပြီး သတင်းပို့တာပါ... နောက်ထပ် နှစ်နာရီအတွင်းမှာ မင်းသားလေးတို့ ညန်ညန်နဲ့ တွေ့ရတော့မှာပါ"

အမေ ပြန်လာတော့မယ်!

လီဟန်သည် ဆက်ပြီးငိုကြွေးမနေတော့ဘဲ အစ်ကိုဖြစ်သူ၏ ရင်ခွင်ထဲမှ လျင်မြန်စွာ ဆင်းလိုက်ကာ ကျောက်ရွေ့၏ ရှေ့သို့ ပြေးသွားလိုက်ကာ "ဦးလေး သားကို မလိမ်ဘူးနော်... အမေ တကယ်ပြန်ရောက်လာပြီလား"

လီရွှီနှင့် လီရွှမ်းတို့သည်လည်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ကြတော့ဘဲ ကျောက်ရွေ့ကို ပြိုင်တူ ကြည့်လိုက်ကြလေသည်။

ကျောက်ရွေ့၏ မျက်ဝန်းအိမ်များ နီရဲနေပြီး ပါးစပ်ကတော့ ပြုံးဖြီးနေတော့သည်။ "တကယ့်ကို အစစ်အမှန်ပါပဲ... မင်းသားလေးတို့ ခဏလောက် ထပ်ပြီး သည်းခံစောင့်ဆိုင်းပေးပါအုံး"

လီရွှီနှင့် လီရွှမ်းတို့သည် လက်ဖမိုးဖြင့် မျက်လုံးများကို အသီးသီး ပွတ်သပ်လိုက်ကြလေသည်။

လီဟန်ကတော့ ထိုမျှလောက် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ခဏလောက် ရယ်မောလိုက်ပြီးမှ ပါးစပ်ဖြဲကာ ငိုကြွေးလိုက်ပြန်လေသည်။ "မေမေ... သား မေမေကို လိုချင်တယ်"

...

နှစ်နာရီခန့် ကြာမြင့်ပြီးနောက် နန်းတော်တံခါးဝတွင် မြင်းခွာသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ အသံကို နားထောင်ရသည်မှာ အနည်းဆုံး မြင်းကောင်ရေ တစ်ရာကျော်ခန့် ရှိလောက်ပေသည်။

နန်းတံခါးစောင့်နေသော တော်ဝင်ကိုယ်ရံတော်တပ်သားများသည် သတိကြီးစွာထားကာ မော့ကြည့်လိုက်ကြလေသည်။

မြင်းခွာသံများနှင့်အတူ အဝေးမှနေ၍ နီးကပ်လာသော လူတစ်ရာခန့်ရှိသည့် လူအုပ်ကြီးကို မြင်လိုက်ရသည်။ ဦးဆောင်လာသူမှာ ငယ်ရွယ်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစား ကျနလှပကာ မျက်ဝန်းများမှာ ကြယ်ရောင်များကဲ့သို့ တောက်ပနေပြီး ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။ စည်းနှောင်ထားသော ဆံနွယ်ရှည်များသည် မြင်းစီးလာသည့် အရှိန်ကြောင့် နောက်သို့ လွင့်ပျံနေတော့သည်။

ထိုမြင်းသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် နန်းတော်တံခါးဝသို့ ရောက်ရှိလာခဲ့လေသည်။

တော်ဝင်ကိုယ်ရံတော်တပ်သား ဒါဇင်ပေါင်းများစွာသည် ညီညာစွာ လက်ကိုယှက်၍ အရိုအသေပြုလိုက်ကြလေသည်။ "ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်"

ရက်ပေါင်းများစွာ အနားမယူဘဲ မြင်းဒုန်းစိုင်းစီးနင်းလာခဲ့သော လုမင်ယွိ၏ မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် စိုးစိမျှမရှိဘဲ သွက်လက်စွာဖြင့် မြင်းပေါ်မှ ခုန်ဆင်းလိုက်လေသည်။ သူမ၏ အကြည့်များသည် ကိုယ်ရံတော်တပ်သားများ၏ မျက်နှာပေါ်သို့ ဖြတ်ကျော်သွားတော့သည်။

"နန်းတော်တံခါး ဖွင့်လိုက်"

...

All Chapters