အခန်း (၆၂၂-၆၂၄)
Vol. 42 Ch. 622-624
အပိုင်း (၆၂၂) ကြိုးကြာသံ (၂)
တော်ဝင်ကိုယ်ရံတော်တပ်သားများသည် လုမင်ယွိကို တားဆီးရဲခြင်း မရှိသော်ငြားလည်း...
ခေါင်းဆောင်တပ်မှူးက လုမင်ယွိ၏ နောက်ကွယ်ကို အကဲခတ်လိုက်မိလေသည်။
ဒီလူအုပ်စုသည် သန်မာထွားကြိုင်းကာ ကြံ့ခိုင်သန်စွမ်းပြီး လေးနက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေကြလေသည်။
ခေါင်းဆောင်တပ်မှူးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး လက်ကိုယှက်ကာ အရိုအသေပြုလိုက်ပြီး "နန်းတော်ထဲမှာ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိပါတယ်... ထိုက်ဇီဖေးက ဝင်သွားလို့ရပေမဲ့ ဒီလူတွေကတော့ နန်းတော်အပြင်မှာပဲ ကျန်ခဲ့ရပါမယ်"
လုမင်ယွိ၏ မျက်ဝန်းများက အေးစက်ခက်ထန်သွားပြီး ဓားသွားကဲ့သို့ စူးရှစွာ ကြည့်လိုက်လေသည်။ "ထိုက်ဇီဖေးရဲ့ ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့စည်းတာကို ဖုဟွမ်ကိုယ်တိုင် ခွင့်ပြုထားတာပါ... ဖုဟွမ်က ဘယ်တုန်းကမှ ငါ့ရဲ့ ကိုယ်ပိုင်တပ်သားတွေကို နန်းတော်ထဲ ခေါ်မလာရဘူးလို့ မပြောခဲ့ပါဘူး"
တောင်ကြီးတစ်လုံးပမာ ဖိအားများက ဝင်ရောက်လာတော့သည်။
ခေါင်းဆောင်တပ်မှူး၏ နဖူးပေါ်တွင် ချွေးစီးများ ကျဆင်းလာသော်ငြား လေသံကတော့ ခိုင်မာပြတ်သားနေဆဲပင်။ "ကျွန်တော်မျိုးက စစ်သူကြီးလျန်ရဲ့ အမိန့်အရ နန်းတော်တံခါးကို စောင့်ကြပ်နေရတာပါ... သက်ဆိုင်တဲ့လူမဟုတ်ရင် နန်းတော်ထဲကို ပေးမဝင်ရပါဘူး... ထိုက်ဇီဖေးက ဝင်သွားလို့ရပေမဲ့ ဒီကိုယ်ရံတော်တပ်သားတွေ ဝင်မယ်ဆိုရင်တော့ စစ်သူကြီးလျန်ရဲ့ ခွင့်ပြုချက် ရမှဖြစ်ပါမယ်"
လုမင်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်တော့သည်။ "စစ်သူကြီးလျန်က တကယ့်ကို အာဏာပြချင်နေတာပဲ... ငါ မြို့တော်က ထွက်သွားတာ တစ်လကျော်ပဲ ရှိသေးတယ်... နန်းတော်ထဲမှာ ခေါင်းဆောင်အသစ် ပြောင်းလဲသွားပြီလား"
ခေါင်းဆောင်တပ်မှူးမှာ ချွေးစေးများ ပြန်လာပြီး ဒူးထောက်ကာ တောင်းပန်လိုက်တော့သည်။ "ကျွန်တော်မျိုး စကားပြော မှားသွားပါတယ်... စစ်သူကြီးလျန်က အရှင်မင်းကြီးအပေါ် သစ္စာရှိတယ်ဆိုတာ လူတိုင်း သိကြပါတယ်... အခုအချိန်မှာ အရှင်မင်းကြီးက နေမကောင်းဖြစ်ပြီး လဲလျောင်းနေရတော့ စစ်သူကြီးလျန်က နန်းတော်လုံခြုံရေးအတွက် အစွမ်းကုန် ကြိုးစားနေတာပါ... ညန်ညန် စိတ်မချမ်းမြေ့ဖြစ်သွားရင် ဘယ်လိုပဲ အပြစ်ပေးပေး ကျွန်တော်မျိုးမှာ ငြင်းဆန်စရာ မရှိပါဘူး"
စစ်သူကြီးလျန်သည် နှစ်ပေါင်းများစွာ စစ်တပ်ကို ဦးဆောင်လာသူဖြစ်သဖြင့် ထူးချွန်သော အရည်အချင်းများ ရှိနေသည်မှာ အမှန်ပင်။
လုမင်ယွိသည် စိတ်ပူပန်နေရသဖြင့် ကိုယ်ရံတော်ခေါင်းဆောင် တစ်ယောက်နှင့် စကားနိုင်လုနေရန် စိတ်မရှည်တော့ လှည့်ကာ အမိန့်ပေးလိုက်တော့သည်။ "နင်တို့အားလုံး လက်နက်တွေ ဖြုတ်ချထားခဲ့ကြ"
"ဟုတ်ကဲ့"
ထိုက်ဇီဖေး၏ ကိုယ်ရံတော်တပ်သားများ အားလုံးက ပြိုင်တူ ဖြေကြားလိုက်ကြလေသည်။ တစ်ချို့က ဓားများကို လွှတ်ချလိုက်ပြီး တစ်ချို့က လေးမြားများကို ဖြုတ်ချလိုက်ကြလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်တွင် လက်နက်ပေါင်း ရာချီ ပုံသွားလေတော့သည်။ ရန်သူ့သွေးများနှင့် ရင်းနှီးကျွမ်းဝင်နေသော လက်နက်များသည် မြင်ရသူအဖို့ ကြောက်ရွံ့ဖွယ်ရာ အငွေ့အသက်များကို ထုတ်လွှတ်နေလေ၏။
လုမင်ယွိက လှည့်ကြည့်လိုက်ပြီး ခေါင်းဆောင်တပ်မှူးကို စိုက်ကြည့်လိုက်လေသည်။ "နန်းတော်တံခါး ဖွင့်လိုက်"
ခေါင်းဆောင်တပ်မှူးမှာ တကယ်ပင် မတတ်နိုင်တော့ဘဲ အံကြိတ်ကာ ပြန်ဖြေလိုက်ရတော့သည်။ "ကျွန်တော်မျိုး အခုပဲ နန်းတော်တံခါး ဖွင့်ပေးပါ့မယ်... ဒါပေမဲ့ ညန်ညန် ခဏလောက် စောင့်ပေးပါအုံး... ကျွန်တော်မျိုး စစ်သူကြီးဆီကို အရင်ဆုံး သတင်းပို့ရပါမယ်"
လုမင်ယွိက အေးစက်စွာ ပြောလိုက်လေသည်။ "သူတို့က ခဏစောင့်နေလို့ရတယ်... ငါက အရင်ဆုံး ဝင်ရမယ်"
ခေါင်းဆောင်တပ်မှူးမှာ ပြောစရာစကား မရှိတော့သဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်တွင် လူတစ်ယောက်က နန်းတော်တံခါးကို ချက်ချင်း ဖွင့်ပေးလိုက်လေသည်။
လုမင်ယွိသည် ကိုယ်ကိုတိမ်းလိုက်ကာ ကျူးဟုန်နန်းတော်တံခါးအတွင်းသို့ ဝင်ရောက်သွားလေသည်။
ကျန်ရှိနေသော ထိုက်ဇီဖေး၏ ကိုယ်ရံတော်တစ်ရာခန့်မှာမူ နန်းတော်တံခါးအပြင်ဘက်တွင် စုဝေးနေကြပြီး ခေါင်းဆောင်တပ်မှူးကို ကျားရိုင်းတစ်ကောင်သဖွယ် စိုက်ကြည့်နေကြလေသည်။
ခေါင်းဆောင်တပ်မှူးသည် နဖူးမှချွေးများကို လက်ဖြင့်သုတ်ချင်စိတ်ကို အတင်းအကျပ် ထိန်းချုပ်ထားပြီး ကိုယ်ရံတော်တစ်ယောက်ကို ခေါ်ကာ လေသံတိုးတိုးဖြင့် မှာကြားလိုက်လေသည်။ ထိုကိုယ်ရံတော်သည် သတင်းပို့ရန် လျင်မြန်စွာ ပြေးထွက်သွားလေတော့သည်။
ယခုအချိန်တွင် လုမင်ယွိသည် ဒါတွေကို ဂရုစိုက်မနေတော့ချေ။
သူမသည် နန်းတော်တံခါးအတွင်းသို့ ဝင်ရောက်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ လျှောက်လှမ်းသွားလေသည်။
ခြေလှမ်းကျဲသည်ဟု ဆိုသော်လည်း သာမန်လူတစ်ယောက်က အနောက်မှ ပြေးလိုက်လျှင်ပင် မီနိုင်မည် မဟုတ်ချေ။ လမ်းတစ်လျှောက်ရှိ နန်းတွင်းအပျိုတော်များနှင့် ကုန်းကုန်းများသည် မျက်စိရှေ့တွင် အရိပ်တစ်ခု ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရပြီး မိမိတို့ မျက်စိများ ပြာသွားလေသလားဟုပင် သံသယဝင်မိသွားကြလေသည်။
ပုံမှန်အချိန်ဆိုလျှင် အမွှေးတိုင်တစ်တိုင်စာ လျှောက်ရမည့် ခရီးကို လုမင်ယွိက လက်ဖက်ရည်တစ်ခွက်စာအချိန်အတွင်း အိမ်ရှေ့စံနန်းဆောင်ရှေ့သို့ ရောက်ရှိသွားလေသည်။
အိမ်ရှေ့စံနန်းဆောင်ကို စောင့်ကြပ်နေသော တော်ဝင်ကိုယ်ရံတော်တပ်သားများသည် မျက်နှာထားတင်းမာကာ သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသော ထိုက်ဇီဖေးကို မြင်လိုက်ရသည်တွင် အသံပင် မထွက်ရဲကြဘဲ နန်းတော်တံခါးကို လျင်မြန်စွာ ဖွင့်ပေးလိုက်ကြ၏။
လုမင်ယွိသည် အိမ်ရှေ့စံနန်းဆောင်တံခါးခုံကို ကျော်ဖြတ်လိုက်သည်နှင့် အရပ်အမောင်း မတူညီသော အရိပ်သုံးခု ပြေးထွက်လာကြလေသည်။
"မေမေ" အကျယ်လောင်ဆုံး အော်ဟစ်လိုက်သူမှာ လီဟန် ဖြစ်လေသည်။
သို့သော် အမြန်ဆုံး ပြေးထွက်လာသူမှာတော့ လီရွှမ်း ဖြစ်နေပြန်သည်။
လီရွှမ်းသည် လုမင်ယွိ၏ ရင်ခွင်ထဲသို့ ပထမဆုံး ဝင်ရောက်လာပြီးနောက် လီရွှီက ဒုတိယလိုက်ပါလာလေသည်။ လီဟန်မှာမူ ခြေထောက်တိုသဖြင့် ပြေးရသည်မှာလည်း အနှေးဆုံးဖြစ်နေသည်။ သူ ပြေးလာသည့်အချိန်တွင် အမေဖြစ်သူ၏ ရင်ခွင်ကို အစ်ကိုနှင့်အစ်မက ဦးအောင်နေရာယူထားပြီး ဖြစ်နေလေသည်။ လီဟန်သည် နှုတ်ခမ်းဆူကာ ငိုတော့မည့်ဟန် ပြင်လိုက်၏။
လုမင်ယွိသည် ရင်ထဲမှ ဝမ်းနည်းမှုကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး နူးညံ့စွာ ချော့မော့လိုက်လေသည်။ "ဟန်အာ... မငိုနဲ့... မေမေ့ဆီ လာခဲ့"
လီဟန်သည် နှာခေါင်းရှုံ့လိုက်ပြီး အစ်ကိုနှင့်အစ်မကြားမှ တိုးဝင်လိုက်၏။ လုမင်ယွိ၏ လက်မောင်းတံရှည်များကြောင့်သာ ကလေးသုံးယောက်စလုံးကို ရင်ခွင်ထဲ ထည့်ထားနိုင်ခြင်း ဖြစ်လေသည်။
ချီယွင်သည်လည်း မျက်ရည်များ ဝဲလာကာ "ညန်ညန်" ဟု ရှိုက်သံဖြင့် ခေါ်လိုက်လေသည်။
ယောကျာ်းရင့်မကြီးဖြစ်သော ကျောက်ရွေ့သည်လည်း သားအမိများ ပြန်လည်ဆုံစည်းသည့် စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းကြောင့် မျက်ရည်များဖြင့် မျက်လုံးများ နီရဲလာတော့သည်။
လုမင်ယွိက ခေါင်းငုံ့ကာ ကလေးများကို တစ်ယောက်ပြီးတစ်ယောက် နမ်းလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မေမေက အဘွားတော်ဆီ သွားတွေ့ရအုံးမယ်... သားတို့သမီးတို့က လိမ်လိမ်မာမာနဲ့ ဒီမှာပဲ မေမေပြန်လာတာကို စောင့်နေကြနော်"
လီဟန်သည် အမေနှင့် မခွဲခွာလိုသဖြင့် မယ်တော်၏ ခြေထောက်ကို ဖက်ထားလိုက်လေသည်။ "မေမေ... သားလည်း လိုက်မယ်"
လီရွှီနှင့် လီရွှမ်းတို့သည် မျက်ရည်များကို သုတ်လိုက်ကြပြီး လီဟန်ကို ချော့မော့လိုက်ကြလေသည်။ "မဆိုးနဲ့လေ... မေမေက အလုပ်လုပ်ရအုံးမယ်... မိုးချုပ်ရင် ပြန်ရောက်လာလိမ့်မယ်"
ချီယွင်က ရှေ့သို့ လျင်မြန်စွာ တိုးလာပြီး နှာသံဖြင့် ပြောလိုက်လေသည်။ "ညန်ညန်... နန်းတော်ထဲမှာ အကြီးအကျယ် ပြဿနာတက်နေပြီ... မင်းသား၅..."
"သူက မျိုးနွယ်စုထိန်းသိမ်းရေးအဖွဲ့ရဲ့ မြေအောက်ထောင်ထဲမှာ အဆိပ်မိပြီး သေသွားတာလေ" လုမင်ယွိက စကားဖြတ်ပြောလိုက်လေသည်။ "ဒီကိစ္စကို ငါ သိပြီးသားပါ... ဖုဟွမ်က ဒေါသထွက်ပြီး နန်းတော်ထဲကလူတိုင်းကို အကျယ်ချုပ်ချထားတယ်... ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားတယ်ဆိုတာတွေလည်း ငါ အကုန်သိတယ်... စိတ်ချပါ... ငါ ပြန်ရောက်လာပြီဆိုတော့ ဘယ်သူမှ နင်တို့ကို ထိခိုက်အောင် မလုပ်နိုင်စေရဘူး"
လူတစ်ချို့သည် ဘာမှလုပ်စရာမလို ဘာမှပြောစရာမလိုဘဲ ထိုနေရာတွင် ရပ်နေလိုက်ရုံဖြင့် မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးတစ်ပင်ကဲ့သို့ ဘေးနားရှိလူများကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးနိုင်ပြီး စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်လေသည်။
ချီယွင်သည် လက်ဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
လုမင်ယွိက ကျောက်ရွေ့ဘက်သို့ လှည့်ကြည့်လိုက်ကာ "ဒီရက်ပိုင်း ရှင် ပင်ပန်းသွားပြီ"
ကျောက်ရွေ့သည် လက်မောင်းစဖြင့် မျက်နှာကို ပွတ်သပ်လိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်လေသည်။ "ကျွန်တော်မျိုး မစွမ်းဆောင်နိုင်လို့ မင်းသားလေးတွေကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ပါဘူး... မင်းသားလေးတွေကို ဝမ်းနည်းအောင် လုပ်မိသွားတယ်"
လုမင်ယွိသည် စကားအများကြီး ပြောရန် အချိန်မရှိသလို စိတ်လည်းမရှိတော့သဖြင့် "နင်တို့ ဒီမှာပဲ စောင့်နေကြ... ငါ အခုပဲ ကျောင်းဖန်နန်းဆောင်ကို သွားလိုက်အုံးမယ်" ဟု ပြောပြီး လှည့်ထွက်သွားလေတော့သည်။
...
အိမ်ရှေ့စံနန်းဆောင်တွင် အကျယ်ချုပ်အမိန့် ရှိနေလေသည်။
သို့သော် ဘယ်သူကမှ ထိုက်ဇီဖေးကို တားဆီးရဲခြင်း မရှိကြချေ။
လုမင်ယွိသည် အိမ်ရှေ့စံနန်းဆောင်မှ ထွက်ခွာလာပြီး ကျောင်းဖန်နန်းဆောင်သို့ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လှမ်းသွားလေသည်။ ကျောင်းဖန်နန်းဆောင် အပြင်ဘက်တွင်လည်း တော်ဝင်ကိုယ်ရံတော်တပ်သားများ စောင့်ကြပ်နေကြသည်။ ဒါသည် အနောက်နန်းဆောင်တွင် တစ်ခါမှ မကြုံဖူးသော ဖြစ်ရပ်မျိုးပင်။
ပုံမှန်အကျယ်ချုပ်အမိန့်ဆိုသည်မှာ နှုတ်မိန့်တစ်ခုသာ ဖြစ်လေသည်။
ဒီတစ်ကြိမ်တွင်တော့ အစစ်အမှန် အကျယ်ချုပ်ပင်။ တော်ဝင်ကိုယ်ရံတော်တပ်သားများကို အနောက်နန်းဆောင်သို့ စေလွှတ်ထားပြီး နန်းဆောင်တိုင်း၏ အပြင်ဘက်တွင် သီးသန့်စောင့်ကြပ်နေသော လူများ ရှိနေကြလေသည်။
လုမင်ယွိက ကျောင်းဖန်နန်းဆောင်ထဲ ဝင်မည်လုပ်သောအခါ တားဆီးခံလိုက်ရပြန်လေသည်။
ကိုယ်ရံတော်တပ်သားက စကားမပြောရသေးမီမှာပင် လုမင်ယွိက အေးစက်စွာ ပြောလိုက်သည်။ "ဖုဟွမ်က ငါ့လို ထိုက်ဇီဖေးတစ်ယောက်ကို ကျောင်းဖန်နန်းဆောင်ထဲ ပေးမဝင်ရဘူးလို့ အမိန့်ထုတ်ထားလို့လား"
ဒါကတော့ မရှိပါပေ။ ယုံးကျားဧကရာဇ် အကျယ်ချုပ်အမိန့် ထုတ်ပြန်ချိန်တွင် ထိုက်ဇီဖေးသည် နန်းတော်ထဲတွင် ရှိမနေခဲ့ချေ။
ထိုခေါင်းဆောင်တပ်မှူးသည်လည်း စစ်သူကြီးလျန်၏ လက်အောက်မှဖြစ်ပြီး နန်းတော်တံခါးစောင့်နေသော တပ်မှူးနှင့် ပုံစံတူပင်။ ချက်ချင်းပင် ဒူးထောက်လိုက်လေသည်။ "ကျွန်တော်မျိုးက အမိန့်အရ နန်းတော်တံခါးကို စောင့်ကြပ်နေရတာပါ... ညန်ညန်အနေနဲ့ ကျွန်တော်မျိုးကို အခက်တွေ့အောင် မလုပ်ပါနဲ့"
လုမင်ယွိသည် အပိုစကား ပြောနေချင်စိတ် မရှိတော့ဘဲ ခေါင်းဆောင်တပ်မှူးကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်တော့သည်။ ထို့နောက် ကျောင်းဖန်နန်းဆောင်ထဲသို့ ဝင်ရောက်သွားလေသည်။
ကျန်ရှိနေသော ကိုယ်ရံတော်တပ်သားများမှာလည်း သူမနှင့် တကယ်လက်ပါရဲခြင်းမရှိသဖြင့် မျက်လုံးပြူးကာ ကြည့်နေရုံသာ တတ်နိုင်ကြ၏။ ထိုအထဲမှ ဉာဏ်ကောင်းသောတစ်ယောက်က ကန်ထုတ်ခံလိုက်ရသည့် ခေါင်းဆောင်တပ်မှူးကို တွဲထူလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။ "အခု ဘယ်လိုလုပ်မလဲ"
ခေါင်းဆောင်တပ်မှူးမှာ နာကျင်နေသော ရင်ဘတ်ကို ပွတ်သပ်ရင်း အံကြိတ်ကာ ပြောလိုက်လေသည်။ "ဘယ်လိုလုပ်ရမှာလဲ... စစ်သူကြီးဆီကို လူလွှတ်ပြီး သတင်းပို့လိုက်လေ"
လုမင်ယွိသည် ကျောင်းဖန်နန်းဆောင်ထဲသို့ ခြေလှမ်းသွက်သွက်ဖြင့် ဝင်ရောက်သွားလေသည်။
သူမသည် ကျောင်းဖန်နန်းဆောင်သို့ မကြာခဏ ဝင်ထွက်သွားလာဖူးသဖြင့် ဤနေရာနှင့် အလွန် ရင်းနှီးကျွမ်းဝင်ပြီးသားပင်။ ချောင်မိဖုရားခေါင်၏ အိပ်ဆောင်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားပြီး နန်းတွင်းအပျိုတော်များသည် အံ့သြဝမ်းသာစွာဖြင့် ဒူးထောက်အရိုအသေ ပြုလိုက်ကြလေသည်။
လုမင်ယွိသည် အိပ်ဆောင်တံခါးကို တွန်းဖွင့်လိုက်၏။ ပြတင်းပေါက်နားတွင် ငေးငိုင်စွာ ထိုင်နေသော ချောင်မိဖုရားခေါင်သည် အသံကြားသဖြင့် လှည့်ကြည့်လိုက်လေသည်။ ထို့နောက် ရုတ်တရက် ထရပ်လိုက်ပြီး မျက်ရည်များ စီးကျလာလေတော့သည်။ "မင်ယွိ... မင်း ပြန်ရောက်လာပြီပဲ!"
ဝမ်းနည်းပက်လက်ဖြစ်နေသော ကလေးတစ်ယောက်က မိမိဘက်မှ ကာကွယ်ပေးမည့် လူကြီးတစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ပင်။
လုမင်ယွိ၏ နှာခေါင်းထိပ်များ ရှုံ့မဲ့သွားပြီး ရှေ့သို့ လျင်မြန်စွာ တိုးသွားကာ ချောင်မိဖုရားခေါင်ကို ဖက်ထားလိုက်လေတော့သည်။ "မူဟုပ်... အာရှီ ပြန်ရောက်ပါပြီ"
...
အပိုင်း (၆၂၃) သံသယ
ချောင်မိဖုရားခေါင်သည် ဒီရက်ပိုင်းအတွင်း မျက်ရည်မကျအောင် စိတ်ထိန်းထားသော်လည်း ချွေးမတော်၏ ပွေ့ဖက်မှုအောက်တွင်မူ မျက်ရည်များသည် မျက်လုံးအိမ်ထဲမှ တသွင်သွင် စီးကျလာလေတော့သည်။ မျက်ရည်များသည် လုမင်ယွိ၏ ပခုံးထက်ရှိ အဝတ်များကို လျင်မြန်စွာ စိုစွတ်သွားစေလေသည်။
လုမင်ယွိ၏ ရင်းနှီးသော အသံက နားထဲသို့ တိုးဝင်လာခဲ့သည်။ "အဖေက ကျွန်မဆီကို စာအရင်ကြိုပို့လိုက်ပါတယ်... ကျွန်မ စာရတာနဲ့ ချက်ချင်း ခရီးထွက်လာပြီး မြို့တော်ကို ပြန်လာခဲ့တာပါ... လမ်းခရီးတစ်လျှောက်လုံး ခဏလေးတောင် မနားခဲ့ပါဘူး"
"ဒီမနက်အစောပိုင်းမှာ မြို့တော်ကပို့လိုက်တဲ့ အရေးပေါ်သတင်းကို လက်ခံရရှိပါတယ်... လီချန်က မျိုးနွယ်စုထိန်းသိမ်းရေးအဖွဲ့ရဲ့ ထောင်ထဲမှာ အဆိပ်မိပြီး သေဆုံးသွားတယ်ဆိုတာရယ်... ဖုဟွမ် ဒေါသအမျက်ခြောင်းခြောင်း ထွက်နေတယ်ဆိုတာရယ် သိရပါတယ်"
နှစ်ယောက်သား အလွမ်းသယ်ရန် အချိန်မရှိသဖြင့် အဓိကအကြောင်းအရာကို တန်းပြောလိုက်ကြသည်။
ချောင်မိဖုရားခေါင်သည် မျက်ရည်များကို လက်မောင်းစဖြင့် သုတ်လိုက်ပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဟုတ်တယ်... လီချန် သေသွားတာက အရမ်း ထူးဆန်းတယ်... အရှင်မင်းကြီးက ဒေါသထွက်လွန်းလို့ ရောဂါပြန်ထဖောက်လာတယ်... သတိပြန်ရလာတော့ သံသယရောဂါ ဝင်လာပြီး ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူး... စစ်သူကြီးလျန်က အရှင်မင်းကြီးရဲ့ ဘေးနားမှာ ကိုယ်တိုင်စောင့်ကြပ်နေပြီး အနောက်နန်းဆောင်တစ်ခုလုံးကို ပိတ်ထားလိုက်တယ်"
ခဏရပ်ပြီး သက်ပြင်းချလိုက်လေသည်။ "ရှို့နဉ်နန်းဆောင်အပြင်ဘက်မှာတောင် တော်ဝင်ကိုယ်ရံတော်တပ်သားတွေ ရှိနေတယ်... မယ်တော်ကြီးရဲ့ လုံခြုံရေးအတွက်လို့ ပြောပေမဲ့ တကယ်တမ်းကျတော့ မယ်တော်ကြီးကိုတောင် မယုံတော့တာပဲ"
စိတ်ဓာတ်များ တင်းမာနေပြီး လူတိုင်းကို ရန်သူလို သံသယဝင်နေသော ဧကရာဇ်မင်းတစ်ပါးသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
အနောက်နန်းဆောင်တစ်ခုလုံး၏ လေထုသည် အသက်ရှူရခက်လောက်အောင် တင်းမာနေလေတော့သည်။
လုမင်ယွိသည် ချောင်မိဖုရားခေါင်ကို စိုက်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်၏။ "တကယ်ပဲ မူဟုပ် လက်ချက် မဟုတ်ဘူးလား"
ချောင်မိဖုရားခေါင် "..."
ချောင်မိဖုရားခေါင်သည် မတတ်သာသည့်အပြုံးဖြင့် ပြုံးလိုက်လေသည်။ "ဒီစကားကို ငါကလည်း မင်းကို ပြန်မေးချင်နေတာ"
ဒါကြောင့်လည်း ယုံးကျားဧကရာဇ် ဒီလောက် သံသယဝင်နေတာ အပြစ်ပြောလို့မရပေ။
ဘယ်လိုပဲ ကြည့်ကြည့် လီချန်ကို သတ်ဖို့ အကြောင်းပြချက်ရှိပြီး လုပ်နိုင်စွမ်းရှိသူမှာ ကျောင်းဖန်နန်းဆောင်နှင့် အိမ်ရှေ့စံနန်းတော်သာ ရှိလေသည်။ မုန့်ဖေးနှင့် ချင်ဖေးတို့က လီချန်ကို အဆိပ်ခတ်သတ်ချင်လျှင်တောင်မှ ဒီလောက်လုပ်ရည်ကိုင်ရည် ရှိချင်မှ ရှိပေမည်။
လုမင်ယွိ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး ညာလက်ညှိုးသည် မသိစိတ်ဖြင့် ခုံကို အသာအယာ ခေါက်နေမိလေသည်။
ဒါသည် လုမင်ယွိ စိတ်ထဲတွင် သံသယဖြစ်စရာ သို့မဟုတ် အဖြေရှာမရသည့် ကိစ္စများ ရှိလာလျှင် ပြုလုပ်တတ်သည့် အကျင့်တစ်ခုပင်။
ချောင်မိဖုရားခေါင်သည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မနေ့က လီချန်သေပြီဆိုတဲ့ သတင်းကြားကတည်းက ငါ ဒီကိစ္စကို စဉ်းစားနေခဲ့တာ... ငါ မလုပ်ခဲ့သလို မင်းနဲ့ အားကျင့်ကလည်း ကျန်းနန်မှာ ရောက်နေတာဆိုတော့ သတင်းရဖို့တောင် မလွယ်ဘူး... လုပ်ဖို့ဆိုတာ ပိုဝေးသေးတယ်... ဒါဆို ဘယ်သူ့လက်ချက် ဖြစ်နိုင်မလဲ"
"ငါက မုန့်ဖေးနဲ့ ပထမမင်းသားကို သံသယဝင်ခဲ့သလို ချင်ဖေးနဲ့ စတုတ္ထမင်းသားကိုလည်း သံသယဝင်ခဲ့တယ်... ယန်ဖင်နဲ့ ဝမ်ကျဲယွီကိုတောင် ငါ တစ်ယောက်ချင်းစီ စဉ်းစားကြည့်သေးတယ်... အရှင်မင်းကြီးက ပဥ္စမမင်းသား သေဆုံးမှုကြောင့် ဒေါသထွက်နေပြီး ငါတို့ သားအမိကို ပထမဆုံး သံသယဝင်မှာပဲ... ဒါဆို အကျိုးအမြတ် အများဆုံးရသွားမယ့်သူက ဘယ်သူလဲ... အဲဒီလူက တရားခံပဲ!"
သက်သေအထောက်အထား မရှိသည့် အခြေအနေတွင် ဤကဲ့သို့ တွေးတောခြင်းသည် အမှန်ကန်ဆုံး နည်းလမ်းပင်။
လုမင်ယွိသည် မသိစိတ်က အလိုလို ခေါင်းညိတ်လိုက်လေသည်။ "မူဟုပ် ပြောတာ အဓိပ္ပာယ်ရှိပါတယ်... တကယ်လို့ ဖုဟွမ်က ဒီကိစ္စကြောင့် အိမ်ရှေ့စံကို ဖယ်ရှားလိုက်မယ်ဆိုရင် ဘယ်သူ့ကို အိမ်ရှေ့စံအသစ်အဖြစ် တင်မြှောက်မလဲ"
ပထမမင်းသားက ခြေထောက်မသန်တော့သဖြင့် သူ့ကို ဖယ်ထုတ်ထားလိုက်နိုင်သည်။
ကျန်ရှိနေသည်မှာ တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့ပင်။
"ဒီနှစ်တွေမှာ စတုတ္ထမင်းသားက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို တော်တော်လေး ရထားတယ်... ပြီးတော့ ချင်ဖေးက နန်းတော်ထဲမှာ မယ်တော်ကြီးရဲ့ ကျောထောက်နောက်ခံ ရှိသလို နန်းတော်အပြင်မှာလည်း ဖူယန်မြို့စားရဲ့ ထောက်ခံမှု ရှိထားတယ်" ချောင်မိဖုရားခေါင်သည် သေချာစဉ်းစားပြီးပြီ ဖြစ်သဖြင့် ချင်ဖေး သားအမိကို သံသယဝင်နေလေသည်။ "တကယ်လို့ အရှင်မင်းကြီးက အိမ်ရှေ့စံအသစ် တင်မြှောက်မယ်ဆိုရင် စတုတ္ထမင်းသား ဖြစ်လာနိုင်ခြေ အများဆုံးပဲ"
လုမင်ယွိသည် ခေါင်းညိတ်လိုက်ပြန်သော်လည်း သူမ၏ ခေါင်းထဲတွင် မယုံကြည်နိုင်စရာ အတွေးတစ်ခု လျင်မြန်စွာ ဖြတ်သန်းသွားလေသည်။
လုမင်ယွိ၏ မျက်ဝန်းအိမ်များ ကျုံ့သွားလေသည်။
ချောင်မိဖုရားခေါင်သည် လုမင်ယွိ၏ ထူးခြားမှုကို သတိမထားမိဘဲ ဆက်ပြောနေလေသည်။ "အရှင်မင်းကြီးက စတုတ္ထမင်းသားကိုလည်း ကြားကနေ အမြတ်ထုတ်ချင်နေတယ်လို့ သံသယဝင်နေပုံရတယ်... ဒါကြောင့် အမိန့်တော်ထုတ်ပြန်ပြီး ပထမမင်းသားနဲ့ စတုတ္ထမင်းသားကိုပါ အကျယ်ချုပ်ချထားလိုက်တယ်"
"တုံးပင်ကျွင်းနဲ့ ဝန်ကြီးယောင်တို့လည်း နန်းတော်ထဲက ထောင်ထဲမှာ အဖမ်းခံထားရတယ်... အမှုစစ်ဆေးတဲ့ တာဝန်ကိုလည်း စစ်သူကြီးလျန်ကို လွှဲပေးထားတယ်"
"လျန်ကျန်းက တကယ်ပဲ သစ္စာရှိပြီး စစ်တိုက်တဲ့နေရာမှာလည်း ကျွမ်းကျင်တယ်... ဒါပေမဲ့ အမှုစစ်ဆေးတာက သူ ကျွမ်းကျင်တဲ့အရာ မဟုတ်ဘူး... အခုအချိန်မှာ အရှင်မင်းကြီးက ဘယ်သူ့ကိုမှ မယုံတော့ဘဲ သူ့တစ်ယောက်တည်းကိုပဲ ယုံကြည်နေတာ... ဒါကြောင့် ဒီအမှုက သူ့လက်ထဲ ရောက်သွားတာပဲ"
"လျန်ကျန်းရဲ့ စိတ်နေသဘောထားအရဆိုရင်တော့ မဟုတ်မမှန် လုပ်ကြံပြီး စွပ်စွဲမယ့်သူ မဟုတ်ပါဘူး... ငါ မလုပ်ခဲ့တဲ့ကိစ္စအတွက်လည်း ငါ့မှာ လိပ်ပြာမလုံစရာ မရှိပါဘူး... ငါ စိတ်ပူတာက အချိန်ကြာလာလို့ သက်သေမတွေ့ရင် ဒီအမှုက ပဟေဠိအဖြစ် ကျန်ရစ်ခဲ့မှာကိုပဲ... နောက်ဆုံးကျရင် ငါတို့ သားအမိ ခေါင်းပေါ်ပဲ ပုံကျလာလိမ့်မယ်..."
"မူဟုပ်" လုမင်ယွိက ရုတ်တရက် ဝင်ပြောလိုက်လေသည်။ "မူဟုပ် စဉ်းစားဖူးလား... ဒီကိစ္စရဲ့ တရားခံက စတုတ္ထမင်းသား မဟုတ်သလို ပထမမင်းသားလည်း မဟုတ်နိုင်ဘူးဆိုတာ"
ချောင်မိဖုရားခေါင် ကြောင်အသွားလေသည်။ "ဒါဆို ဘယ်သူ ဖြစ်နိုင်မှာလဲ... ဟွေ့အန်းနဲ့ ကျင့်အန်းတော့ မဖြစ်နိုင်ပါဘူးနော်"
ထို့နောက် ဖြစ်နိုင်ခြေရှိသည်ကို တွေးမိလိုက်ပြီး လေအေးတစ်ချက် ရှူသွင်းလိုက်မိကာ အသံများပင် တုန်ရီလာလေသည်။ "ဟွေ့အန်းတော့ မဖြစ်လောက်ပါဘူးနော်... သူက ငယ်ငယ်ကတည်းက သတ္တိကောင်းပြီး ထင်ရာစိုင်းတတ်တယ်... ပြီးတော့ အားကျင့်ကို အရမ်းချစ်တာ... တကယ်လို့ အားကျင့်ကို လုပ်ကြံတာ လီချန်လို့ သူ သတ်မှတ်လိုက်ရင် သူက..."
မောင်လေးအတွက် လက်စားချေဖို့ လီချန်ကို အဆိပ်ခတ်သတ်တာမျိုး ဟွေ့အန်းကုန်းကျူ မလုပ်ရဲဘူးဟု ပြောမရပေ။
လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ တုန်ရီနေသော လက်ကို ဆုပ်ကိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ကျွန်မ ဟွမ်ကျဲကို ယုံကြည်ပါတယ်... သူ့လက်ချက် မဟုတ်ပါဘူး"
ချောင်မိဖုရားခေါင်သည် စိတ်ရှုပ်ထွေးသွားပြီး လုမင်ယွိကို မော့ကြည့်လိုက်လေသည်။ "ဒါလည်း မဟုတ်... ဟိုလူလည်း မဟုတ်ဆိုရင် ဘယ်သူ ဖြစ်နိုင်မှာလဲ... တုံးပင်ကျွင်း လက်ချက်တော့ မဖြစ်နိုင်ပါဘူး"
တုံးပင်ကျွင်းကတော့ ဒီကိစ္စနှင့် ကင်းရှင်းမည်မဟုတ်။ သို့သော် လီချန်ကို သတ်သူမှာ တုံးပင်ကျွင်းဟု ပြောရလျှင် အနည်းငယ် မဖြစ်နိုင်ပေ။
တုံးပင်ကျွင်းက အိမ်ရှေ့စံဘက်ကို ယိမ်းပြီး တခြားမင်းသားများနှင့်လည်း ဆက်ဆံရေး ကောင်းမွန်လေသည်။ တုံးပင်ကျွင်းလို ပါးနပ်သောလူက အိမ်ရှေ့စံအတွက် ဒီလို အန္တရာယ်များသော ကိစ္စကို လုပ်ပေးပါမည်လော။
လုမင်ယွိ၏ မျက်ဝန်းနက်များသည် ရေကန်ကဲ့သို့ နက်ရှိုင်းပြီး အရိုးထဲထိ အေးစက်သွားစေသော အကြည့်မျိုး ရှိလေသည်။ "နောက်ထပ် တစ်ယောက်ကို မူဟုပ် မေ့နေတယ်"
ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် လျှပ်စီးလက်သွားသလို ဖြစ်သွားပြီး လေအေးတစ်ချက် ရှူသွင်းလိုက်မိလေသည်။ "မင်း ဆိုလိုတာ လီဟောက်လား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"လီဟောက်နဲ့ လီချန်က သီးခြားစီ အချုပ်ခံထားရတာ... တွေ့ဖို့ အခွင့်အရေးတောင် မရှိဘူး... ပြီးတော့ မျိုးနွယ်စုထိန်းသိမ်းရေးအဖွဲ့ထဲ ဝင်တုန်းကလည်း သူတို့ကို တစ်ကိုယ်လုံး ရှာဖွေစစ်ဆေးခဲ့တာပဲ... အဆိပ် ယူလာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"ဒါ့အပြင် လီဟောက်က လီချန်အပေါ် ညီအစ်ကိုသံယောဇဉ် ကြီးမားတယ်ဆိုတာ လူတိုင်း သိကြတာပဲ... မဖြစ်နိုင်ဘူး... လီဟောက်က လီချန်ကို ဘယ်လိုနည်းနဲ့မှ သတ်မှာမဟုတ်ဘူး"
လုမင်ယွိသည် ချောင်မိဖုရားခေါင်ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "မူဟုပ်... မူဟုပ်တောင် ဒါကို မဖြစ်နိုင်ဘူးလို့ ထင်နေမှတော့ ဖုဟွမ်ဆိုရင် လီဟောက်ကို ပိုပြီးတော့တောင် သံသယဝင်မှာ မဟုတ်ဘူး... ဒါပေမဲ့ တကယ်တမ်းကျတော့ လီဟောက်က ဒီကိစ္စမှာ အကျိုးအမြတ် အများဆုံး ရသွားတဲ့သူပဲ"
"လီချန် သေသွားတော့ အိမ်ရှေ့စံကို အဆိပ်ခတ်သတ်ချင်တယ်ဆိုတဲ့ နာမည်ဆိုးကို အပြီးတိုင် ယူသွားရပြီ... လီဟောက်က အရာအားလုံးကို လီချန်အပေါ် ပုံချလိုက်လို့ရသွားပြီ... ဖုဟွမ်က လီချန်သေဆုံးမှုအတွက် စိတ်ထိခိုက်နေပြီး လီဟောက်အပေါ် ပိုပြီး သဘောထားကြီးလာလိမ့်မယ်... မကြာခင် လီဟောက်ကို မျိုးနွယ်စုထိန်းသိမ်းရေးအဖွဲ့ကနေ ပြန်လွှတ်ပေးလိုက်ဖို့တောင် ရှိတယ်"
"ဖုဟွမ်က အိမ်ရှေ့စံကို ဖြုတ်ချပြီး အိမ်ရှေ့စံအသစ် တင်မြှောက်ချင်နေတာ... ဘာဖြစ်လို့ လီဟောက်ကို မတင်မြှောက်နိုင်ရမှာလဲ"
"လီဟောက်မှာ အားကိုးရတဲ့ မယ်တော်ဘက်က ဆွေမျိုးမရှိပေမဲ့ စစ်အင်အားကြီးမားတဲ့ ယောက္ခမ ကွမ်ပင်းနယ်စား ရှိနေတယ်... ပြီးတော့ လီချန်ရဲ့ ယောက္ခမဘက်ကလည်း လီဟောက်ရဲ့ အားကိုးစရာ ဖြစ်လာမှာပဲ... လီဟောက်က စာပေရော စစ်ရေးပါ ထူးချွန်ပြီး ဒီနှစ်တွေမှာ တာဝန်ထမ်းဆောင်တာလည်း အရည်အချင်းရှိတယ်လို့ နာမည်ရထားတယ်"
"ဖုဟွမ်က လီဟောက်ကို အိမ်ရှေ့စံအဖြစ် တင်မြှောက်လိုက်မယ်ဆိုရင် သဘာဝမကျဘူးလား"
ချောင်မိဖုရားခေါင်သည် လေအေးများကို ဆက်တိုက် ရှူသွင်းမိပြီး စကားတစ်ခွန်းမှ ပြောမထွက်တော့ချေ။
လုမင်ယွိ၏ အကြည့်များသည် ပိုမို နက်ရှိုင်းလာပြီး မျက်ဝန်းထဲက မီးတောက်များ ပိုမို တောက်လောင်လာလေသည်။ "ငွေကြေးဥစ္စာနဲ့ လူမိုက်ငှားပြီး အိမ်ရှေ့စံကို လုပ်ကြံတာ လီဟောက်ပဲ... တကယ်လို့ အိမ်ရှေ့စံသာ လုပ်ကြံခံရပြီး သေသွားခဲ့ရင် လီဟောက်က အကျိုးအမြတ် အများဆုံး ရရှိမယ့်သူ ဖြစ်လာမှာ... လုပ်ကြံမှု မအောင်မြင်တော့ လီဟောက်က လီချန်ကို ဓားစာခံလုပ်လိုက်တာပဲ... ပြီးတော့ လီချန်ရဲ့ သေဆုံးမှုကို အသုံးချပြီး လက်ရှိအခြေအနေကို သူ့အတွက် အကောင်းဆုံးဖြစ်အောင် ဖန်တီးလိုက်တာ"
"လီဟောက်က တကယ့်လူပဲ... တကယ်ကို သွေးအေးရက်စက်ပြီး ယုတ်မာလိုက်တာ... လီချန်ကိုတောင် ဒီလို ရက်ရက်စက်စက် သတ်ရဲတယ်!"
...
အပိုင်း (၆၂၄) သစ်ရွက်တစ်ရွက် (၁)
မထင်မှတ်ထားသော တချို့အရာများသည် မစဉ်းစားမိသရွေ့ ဘယ်လိုမှ ပေါ်လာမည် မဟုတ်ပေ။
သို့သော် စဉ်းစားမိလိုက်သည်နှင့် အဖြစ်နိုင်ဆုံးသော ခန့်မှန်းချက်သည် အမှန်တရားနှင့် အနီးစပ်ဆုံး ဖြစ်နေတတ်သည်။
ချောင်မိဖုရားခေါင်သည် အချိန်အကြာကြီး နှုတ်ဆိတ်နေပြီး မျက်နှာထားမှာလည်း ပိုမို ဆိုးရွားလာလေသည်။
လုမင်ယွိသည်လည်း ဘာမှဝင်မပြောဘဲ အတန်ကြာမှ သက်ပြင်းတစ်ချက် ချလိုက်လေသည်။ "ဒါက ခန့်မှန်းချက် သက်သက်ပါပဲ... လီဟောက်ကို အပြစ်ပေးချင်ရင် ခိုင်လုံတဲ့ သက်သေအထောက်အထား လိုအပ်ပါတယ်"
"လီဟောက်နဲ့ လီချန်က မျိုးနွယ်စုထိန်းသိမ်းရေးအဖွဲ့ထဲကို အတူတူ အကျယ်ချုပ်ချခံထားရပေမဲ့ ၁၀ရက်အတွင်း တစ်ခါမှ တွေ့ဆုံခွင့် မရခဲ့ပါဘူး... တကယ်လို့ လီချန်ကို လီဟောက်က လှည့်စားပြီး မြှောက်ပေးခဲ့တာဆိုရင် အကျယ်ချုပ် မကျခံရခင်ကတည်းက ဖြစ်လိမ့်မယ်"
"လီချန်က အဆိပ်မိပြီး သေသွားတာ... အစားအသောက်ထဲ အဆိပ်ခတ်ခံရလို့ မဟုတ်ဘူး... ကြိုတင်ပြင်ဆင်ထားတဲ့ အဆိပ်ကို ကိုယ်တိုင် သောက်လိုက်တာ"
လုမင်ယွိသည် ခန့်မှန်းပြောဆိုနေခြင်းသာ ဖြစ်သော်ငြား လေသံကတော့ အလွန် ပြတ်သားနေလေသည်။
ချောင်မိဖုရားခေါင်သည် စိတ်လှုပ်ရှားပြီး အတွေးများ ရှုပ်ထွေးသွားကာ မေးခွန်းထုတ်လိုက်လေသည်။ "မင်းက လီဟောက် လက်ချက်လို့ ဘာဖြစ်လို့ ဒီလောက်တောင် သေချာနေရတာလဲ"
အကြောင်းမှာကား သူမ တစ်ယောက်တည်းသာ လီဟောက်၏ လီချန်အပေါ်ထားရှိသော စိတ်ရင်းမှန်ကို သိနေခြင်းကြောင့်ပင်။
လီဟောက်သည် အပြင်ပန်းတွင် ပြသနေသကဲ့သို့ ညီအစ်ကိုသံယောဇဉ် ကြီးမားသူတစ်ယောက် မဟုတ်ကြောင်း သူမ တစ်ယောက်တည်းသာ သိနေခြင်းကြောင့်ပင်။
လုမင်ယွိသည် ချောင်မိဖုရားခေါင်ကို လေးနက်စွာ ကြည့်လိုက်လေသည်။ "အခုအချိန်မှာ ဒါတွေအားလုံးက သံသယဝင်နေတာပါ... သက်သေအထောက်အထား ရှာဖို့ လိုအပ်ပါတယ်... မြန်နိုင်သမျှ မြန်မြန် ရှာတွေ့မှ ဖြစ်ပါမယ်... ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင် သက်သေအထောက်အထားက လီချန်ရဲ့ အလောင်းမှာ ရှိနေပါလိမ့်မယ်... လီချန်က မျိုးနွယ်စုထိန်းသိမ်းရေးအဖွဲ့ထဲ ဝင်တုန်းက တစ်ကိုယ်လုံး စစ်ဆေးခံထားရတာဆိုတော့ အဆိပ်ကို ပေါ်တင်ကြီး သယ်သွားလို့ မရဘူး... ဒီအဆိပ်ကို သူ့ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ ဝှက်ထားတာ နေမှာ"
ချောင်မိဖုရားခေါင်သည် စိတ်လှုပ်ရှားနေပြီး အကြံဉာဏ် မရှိတော့သဖြင့် မေးလိုက်လေသည်။ "ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ"
"ကျွန်မ အခုပဲ ဖုဟွမ်ကို သွားတွေ့လိုက်ပါ့မယ်" လုမင်ယွိက လေးနက်စွာ ပြောလိုက်လေသည်။ "ဒီအမှုကို စစ်သူကြီးလျန်က တာဝန်ယူထားတာလေ... ကျွန်မရဲ့ ခန့်မှန်းချက်တွေကို သူ့ကို ပြောပြပြီး လီချန်ရဲ့ အလောင်းကို သေသေချာချာ စစ်ဆေးခိုင်းရမယ်"
"သက်သေအထောက်အထား ရှာတွေ့ရင် အနည်းဆုံးတော့ မူဟုပ်နဲ့ အိမ်ရှေ့စံတို့ အပြစ်ကင်းတယ်ဆိုတာ သက်သေပြလို့ရပြီ"
ချောင်မိဖုရားခေါင်သည် စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင်ထားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းကြီးက အခု ဘယ်သူ့ကိုမှ မယုံတော့ဘူး... နန်းတော်ထဲကလူတိုင်း အကျယ်ချုပ်ကျနေကြတာ... အိပ်ဆောင်ထဲက ထွက်လို့ရတာဆိုလို့ မယ်တော်ကြီး တစ်ယောက်ပဲ ရှိတယ်"
"မင်း တစ်ယောက်တည်း ဝမ်ဟွားနန်းဆောင်ကို သွားရင် အရှင်မင်းကြီးကို တွေ့ခွင့်ရချင်မှ ရမှာ"
လုမင်ယွိက ပြန်ပြောလိုက်လေသည်။ "ဖုဟွမ်ကို မတွေ့ရလည်း ကိစ္စမရှိပါဘူး... စစ်သူကြီးလျန်နဲ့ တွေ့ရရင်လည်း အတူတူပါပဲ"
ချောင်မိဖုရားခေါင်သည် လုမင်ယွိကို မတားဆီးနိုင်သဖြင့် ခေါင်းညိတ်လိုက်ရပြီး အထပ်ထပ် မှာကြားလိုက်လေသည်။ "မင်းရဲ့ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့အကျင့်ကိုတော့ လျှော့ပါ... ဒီလိုအချိန်မျိုးမှာ စစ်သူကြီးလျန်နဲ့ ပြဿနာ မဖြစ်စေနဲ့... ဖုဟွမ်ကိုလည်း ဒေါသထွက်အောင် မလုပ်နဲ့နော်"
အဖြစ်အပျက်များစွာ ကြုံတွေ့ပြီးနောက် ယုံးကျားဧကရာဇ်၏ စိတ်နေသဘောထားသည် မှောင်မိုက်ပြီး ဒေါသထွက်လွယ်နေသဖြင့် မျက်နှာချင်းဆိုင် တွေ့ဆုံပါက အခက်တွေ့နိုင်လေသည်။
လုမင်ယွိက ခေါင်းအနည်းငယ် ညိတ်ပြလိုက်လေသည်။ "မူဟုပ် စိတ်ချပါ... ကျွန်မ အခြေအနေကို ကြည့်ပြီး လုပ်ပါ့မယ်"
...
ခဏအကြာတွင် လုမင်ယွိသည် ကျောင်းဖန်နန်းဆောင်မှ ထွက်ခွာလာပြီး ဝမ်ဟွားနန်းဆောင်သို့ သွားရောက်ခဲ့လေသည်။
ကလေးသုံးယောက်နှင့် ချောင်မိဖုရားခေါင်ကို တွေ့ဆုံပြီးနောက် သူတို့အားလုံး အဆင်ပြေကြောင်း သိလိုက်ရသဖြင့် လုမင်ယွိ၏ ပူလောင်နေသော စိတ်နှလုံးသည် အနည်းငယ် တည်ငြိမ်သွားလေသည်။ ခြေလှမ်းများကို လျှော့ချလိုက်ပြီး ယခင်ကလောက် အရှိန်အဟုန် ပြင်းထန်ခြင်း မရှိတော့ပေ။
ဝမ်ဟွားနန်းဆောင်အပြင်ဘက်သို့ ရောက်သောအခါ မထင်မှတ်ထားသည့်အတိုင်း စစ်သူကြီးလျန်သည် နန်းဆောင်အပြင်ဘက်တွင် ရပ်စောင့်နေလေသည်။
သူမ နန်းတော်ထဲဝင်လာသည်မှာ နာရီဝက်ကျော်ခန့် ရှိပြီဖြစ်သဖြင့် သတင်းစကားသည် စစ်သူကြီးလျန်၏ နားထဲသို့ စောစောစီးစီး ရောက်ရှိနေလောက်ပေသည်။
"ကျွန်တော်မျိုး ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်" စစ်သူကြီးလျန်က လက်ကိုယှက်ကာ အရိုအသေပြုလိုက်လေသည်။ သူ၏ အသံမှာ တည်ငြိမ်လေးနက်ပြီး စူးရှသော မျက်လုံးများက လုမင်ယွိ၏ မျက်နှာပေါ်သို့ ကျရောက်လာလေသည်။
လုမင်ယွိက တည်ငြိမ်စွာ ပြောလိုက်လေသည်။ "စစ်သူကြီးလျန် မတ်တပ်ရပ်ပါ... ကျွန်မ ကျန်းနန်ကနေ အဝေးကြီး ခရီးနှင်ပြီး ပြန်လာတာ ဖုဟွမ်ကို လျှောက်တင်စရာ အရေးကြီးကိစ္စ ရှိလို့ပါ... စစ်သူကြီးလျန် ဝင်ပြီး လျှောက်တင်ပေးပါ"
စစ်သူကြီးလျန်သည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် ချက်ချင်းပင် ပြန်ဖြေလိုက်လေသည်။ "အရှင်မင်းကြီးက ကျန်းမာရေးမကောင်းလို့ အိပ်ဆောင်ထဲမှာ အနားယူနေရပါတယ်... ဘယ်သူ့ကိုမှ မတွေ့ပါဘူး... ထိုက်ဇီဖေး အိမ်ရှေ့စံနန်းတော်ကို ပြန်လိုက်ပါ"
"ဒီနေ့တော့ ထားလိုက်ပါတော့... ထိုက်ဇီဖေးက နန်းတော်ထဲကို ရုတ်တရက် ပြန်ရောက်လာပြီး မင်းသားလေးသုံးယောက်နဲ့ ဟွမ်ဟုပညန်ညန်ကို တွေ့ချင်ဇောနဲ့ ဝင်သွားတာ နားလည်ပေးလို့ရပါတယ်... အခုကစပြီး အရှင်မင်းကြီးရဲ့ အမိန့်မရှိဘဲ ထိုက်ဇီဖေးက အိမ်ရှေ့စံနန်းတော်ထဲမှာပဲ နေပါ... အပြင်ကို သဘောရှိ ထွက်မလာပါနဲ့"
ဒီလို ပြောဆိုလာမည်ကို လုမင်ယွိ ကြိုတင် မျှော်လင့်ထားပြီးသားပင်။
သို့သော် ကိုယ်တိုင် ကြားလိုက်ရသည့်အခါ လုမင်ယွိ၏ ရင်ထဲတွင် ဒေါသများ ထွက်ပေါ်လာလေသည်။
သူမ၏ မျက်လုံးများထဲတွင် မီးတောက်များ တောက်လောင်လာပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ အေးစက်စွာ ပြုံးလိုက်လေသည်။ "စစ်သူကြီးလျန်က ဖုဟွမ် ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးလို့ ပြောတယ်... ပြီးတော့ ဖုဟွမ်ကိုယ်စား အမိန့်ထုတ်ပြန်တယ်... တကယ်လို့ စစ်သူကြီးလျန်သာ သစ္စာဖောက်ပြီး အရှင်မင်းကြီးကို ဓားစာခံလုပ်ကာ မှူးမတ်တွေကို အမိန့်ပေးပြီး နန်းတော်ကို မွှေနှောက်မယ်ဆိုရင် ဘယ်သူက တားဆီးနိုင်မှာလဲ"
စစ်သူကြီးလျန် "..."
သစ္စာရှိသော စစ်သူကြီးလျန်သည် ထိုစကားကြောင့် သွေးအန်လုမတတ် ဒေါသထွက်သွားလေသည်။ မျက်လုံးများထဲတွင် မီးတောက်များ ထွက်ပေါ်လာပြီး အသံထဲတွင် ဖိနှိပ်ထားသော ဒေါသများ ပါဝင်နေလေသည်။ "ထိုက်ဇီဖေး ဆင်ခြင်ပြီး ပြောပါ"
စစ်သူကြီးလျန်သည် အရပ်အလွန်ရှည်ပြီး လုမင်ယွိသည် အမျိုးသမီးများထဲတွင် အရပ်ရှည်သည်ဟု ဆိုနိုင်သော်လည်း စစ်သူကြီးလျန်နှင့် ယှဉ်လိုက်လျှင် ခေါင်းတစ်လုံးခန့် နိမ့်နေလေသည်။ စစ်သူကြီးလျန်သည် အရပ်ရှည်ရုံသာမက သန်မာထွားကြိုင်းပြီး ယခုအချိန်တွင် ငွေရောင်သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားကာ ခါးတွင် ဓားရှည်တစ်ချောင်း ချိတ်ဆွဲထားသည်။ လက်က ဓားရိုးကို ဆုပ်ကိုင်ထားပြီး မျက်နှာထား တင်းမာနေသည်မှာ သတ်ဖြတ်လိုသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
လုမင်ယွိသည် နည်းနည်းလေးမှ ကြောက်ရွံ့ခြင်းမရှိဘဲ ခေါင်းကိုမော့ကာ စစ်သူကြီးလျန်ကို စောင်းငဲ့ကြည့်လိုက်ပြီး "ကျွန်မ ခုနကပြောတဲ့ စကားတွေထဲမှာ ဘယ်နေရာက မဆင်မခြင် ဖြစ်သွားလို့လဲ... ကျွန်မက ဖုဟွမ်ရဲ့ လုံခြုံရေးကို စိတ်ပူလို့ မျက်မြင်ကိုယ်တွေ့ တွေ့ရမှ စိတ်ချနိုင်မှာ"
"ရှင်က ကြားထဲကနေ တားဆီးပြီး ဖုဟွမ်နဲ့ ပေးမတွေ့ဘဲ နန်းတော်ထဲမှာ တစ်ကိုယ်ကောင်းဆန်နေတာ ဘာရည်ရွယ်ချက် ရှိလို့လဲ"
စစ်သူကြီးလျန်သည် စကားအရာ ကျွမ်းကျင်သူ မဟုတ်ချေ။ လုမင်ယွိ၏ စကားများကြောင့် မျက်နှာတစ်ခုလုံး နီရဲလာပြီး ဓားရိုးကို ကိုင်ထားသောလက်များ တင်းကြပ်သွားလေသည်။ သွားကြားထဲမှ စကားလုံးများကို ညှစ်ထုတ်လိုက်ရလေသည်။ "ကျွန်တော်မျိုး ဝင်ပြီး လျှောက်တင်ပေးပါ့မယ်... ထိုက်ဇီဖေး ခဏလောက် စောင့်ပေးပါ"
လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး "ကျွန်မ ဒီမှာပဲ စောင့်နေပါ့မယ်"
စစ်သူကြီးလျန်သည် လည်ချောင်းထဲ ရောက်လာသော သွေးများကို ပြန်မျိုချလိုက်ပြီး မျက်နှာထားတင်းမာစွာဖြင့် လှည့်ထွက်ကာ ယုံးကျားဧကရာဇ်၏ အိပ်ဆောင်ထဲသို့ ဝင်ရောက်သွားလေသည်။
ယုံးကျားဧကရာဇ်သည် ခန္ဓာကိုယ် မလှုပ်ရှားနိုင်သော်လည်း ဦးနှောက်ကတော့ ကြည်လင်နေပြီး စကားပြောရာတွင်လည်း အဆင်ပြေလေသည်။ စစ်သူကြီးလျန် မျက်နှာမည်းဖြင့် ဝင်လာသည်ကို မြင်သောအခါ ယုံးကျားဧကရာဇ်သည် ဘာဖြစ်သည်ကို ခန့်မှန်းမိလိုက်လေသည်။ "လုရှီက ကျန်းကို တွေ့ချင်တယ်လို့ ဇွတ်ပြောနေတာလား... မင်း မတားနိုင်ဘူးလား"
စစ်သူကြီးလျန်၏ မျက်လုံးများထဲတွင် ရှက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းများ ဖြတ်ပြေးသွားပြီး လုမင်ယွိ ပြောခဲ့သော စကားများကို ပြန်ပြောပြလိုက်လေသည်။ "...ထိုက်ဇီဖေးရဲ့ စကားတွေက ဓားသွားလို ထက်မြက်လွန်းလို့ ကျွန်တော်မျိုး တကယ်ပဲ မယှဉ်နိုင်ပါဘူး"
သူသာ လုမင်ယွိကို ပေးမဝင်လျှင် အရှင်မင်းကြီးကို ဓားစာခံလုပ်ပြီး အာဏာပြချင်နေသော သစ္စာဖောက်တစ်ယောက် ဖြစ်သွားပေတော့မည်။
ဒီလို ခေါင်းစဉ်ကြီး တပ်ခံလိုက်ရလျှင် ဘယ်သူက ခံနိုင်ရည်ရှိပါမည်နည်း။
လူတိုင်းတွင် အားနည်းချက် ရှိကြသည်။ စစ်သူကြီးလျန်သည် ငွေကြေးမက်မောခြင်း မရှိ၊ အပျော်အပါး မလိုက်စားဘဲ သစ္စာရှိခြင်းဟူသော ဂုဏ်ပုဒ်ကို အလွန် တန်ဖိုးထားလေသည်။ ဒီလို စော်ကားမှုကို သူ လုံးဝ သည်းမခံနိုင်ချေ။
ယုံးကျားဧကရာဇ်၏ မျက်ဝန်းများ အေးစက်သွားပြီး ခဏမျှ တိတ်ဆိတ်နေကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ထားလိုက်ပါတော့... ကျန်း သူ့ကို တွေ့လိုက်မယ်... သူ ဘာပြောမလဲဆိုတာ ကြည့်ရသေးတာပေါ့"
စစ်သူကြီးလျန်က လျိုကုန်းကုန်းကို ကြည့်လိုက်လေသည်။
လျိုကုန်းကုန်းသည် ချက်ချင်း နောက်ဆုတ် ထွက်ခွာသွားပြီး စိတ်ထဲတွင် ကျိတ်ပြီး ရေရွတ်နေမိလေသည်။
ထိုက်ဇီဖေးရဲ့ စိုးရိမ်ပူပန်မှုက တကယ်တော့ အဓိပ္ပာယ်ရှိသားပဲ... အရှင်မင်းကြီးက စစ်သူကြီးလျန်ကို ယုံကြည်လွန်းနေတာ... တကယ်လို့ စစ်သူကြီးလျန်သာ သစ္စာဖောက်ချင်စိတ် ပေါက်သွားရင် စစ်သူကြီးလျန်ကို တားဆီးနိုင်မယ့်လူတောင် ရှိမှာမဟုတ်ဘူး...
ထိုက်ဇီဖေး ပြန်လာတာ ကွက်တိပဲ!
လျိုကုန်းကုန်းသည် ကိုယ်ကိုကိုင်းကာ အရိုအသေပြုလိုက်လေသည်။ "ကျွန်တော်မျိုး ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီးကို ဝင်ရောက် ဖူးမြော်နိုင်ပါပြီ"
လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး လျိုကုန်းကုန်းနောက်မှ လိုက်ပါကာ အိပ်ဆောင်ထဲသို့ ဝင်ရောက်သွားလေသည်။
ချွေးမတစ်ယောက်အနေဖြင့် ယောက္ခမ၏ အိပ်ဆောင်ထဲသို့ ဝင်ရောက်ခြင်းသည် သင့်တော်လှသည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ယုံးကျားဧကရာဇ်သည် နဂါးသလွန်ထက်တွင် လဲလျောင်းနေရလေသည်။ လုမင်ယွိသည် ဧကရာဇ်၏ အိပ်ဆောင်ထဲသို့ ဝင်ရောက်သွားသော်လည်း အတင်းအဖျင်း ပြောစရာ ဖြစ်လာမည် မဟုတ်ချေ။ ပြင်းထန်ပြီး ခါးသက်သော ဆေးနံ့များနှင့်အတူ ဖော်ပြမတတ်နိုင်သော အောက်သိုးသိုးအနံ့ဆိုးများသည် မျက်နှာချင်းဆိုင် တိုးဝင်လာလေသည်။
လုမင်ယွိသည် မျက်မှောင်ကြုတ်လိုက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ နဂါးသလွန်နှင့် ကိုးပေအကွာတွင် ရပ်တန့်လိုက်၏။ "အာရှီ လုရှီ ဖုဟွမ်ကို ဂါရဝပြုပါတယ်"
ယုံးကျားဧကရာဇ်သည် ကိုယ်ကိုစောင်းလိုက်ပြီး လုမင်ယွိ၏ မျက်နှာပေါ်သို့ အကြည့်ရောက်ရှိလာလေသည်။ "လုရှီ... မင်း ဘာပြောစရာ ရှိလို့လဲ"
...