အခန်း (၆၂၅-၆၂၇)
Vol. 42 Ch. 625-627
အပိုင်း (၆၂၅) သစ်ရွက်တစ်ရွက် (၂)
ယခင်က အထက်စီးတွင် မြင့်မြတ်စွာ နေထိုင်ခဲ့သော ဧကရာဇ်မင်းမြတ်သည် ယခုအခါတွင် ကုတင်ပေါ်တွင် လှဲလျောင်းနေရလေသည်။ ဘေးတစ်စောင်းလှည့်ချင်လျှင်ပင် ဘေးနားမှ လူများ၏ အကူအညီ လိုအပ်နေသည်။ ဧကရာဇ်မင်း၏ ဟိတ်ဟန်ထုတ်ပြချင်လျှင်ပင် ကြောက်ရွံ့စရာမရှိဘဲ ရယ်စရာကောင်းနေတော့သည်။
လုမင်ယွိသည် စိတ်ထဲတွင် ရယ်မောလိုက်သော်လည်း မျက်နှာတွင်တော့ အမူအရာမပျက်ဘဲ ပြောလိုက်သည်။ "အာရှီက ကျန်းနန်ကနေ မြို့တော်ကို ခရီးပြင်းနှင်ပြီး ပြန်လာခဲ့တာပါ... နန်းတော်ထဲက ကိစ္စတွေကို ကြားပြီး စိတ်ပူနေခဲ့တာ... ဖုဟွမ်ကို ကိုယ်တိုင်တွေ့ရမှ စိတ်ချနိုင်မှာပါ"
ယုံးကျားဧကရာဇ် ဘာမှမပြောရသေးမီ သူမက ဆက်ပြောလိုက်ပြန်သည်။ "ဖုဟွမ်က စစ်သူကြီးလျန်ကို ယုံကြည်ပြီး နန်းတော်လုံခြုံရေးကို သူ့လက်ထဲ အပ်ထားတာ... ဘယ်သူ့ကိုမှ ပေးမဝင်ဘဲ စစ်သူကြီးလျန်ကိုပဲ နဂါးသလွန်ဘေးမှာ စောင့်ကြပ်ခိုင်းထားတာ..."
"ဒီလို ယုံကြည်မှုမျိုးက တကယ်ပဲ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်"
"ဒါပေမဲ့ အာရှီ အထင်တော့ ဒီကိစ္စက မသင့်တော်ပါဘူး... စစ်သူကြီးလျန်ရဲ့ ဖုဟွမ်နဲ့ တိုင်းပြည်အပေါ်ထားတဲ့ သစ္စာတရားကို အာရှီ သံသယမဝင်ပါဘူး... ဒါပေမဲ့ မလိုလားအပ်တဲ့ ကောလာဟလတွေ ထွက်လာပြီး စစ်သူကြီးလျန်ကို ထိခိုက်မှာ စိုးရိမ်လို့ပါ"
"ဖုဟွမ်က စစ်သူကြီးလျန်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် သူ့ရဲ့ဂုဏ်သိက္ခာနဲ့ အနာဂတ်အတွက် ထည့်စဉ်းစားပေးသင့်ပါတယ်... အနည်းဆုံးတော့ စစ်သူကြီးလျန်ကို ထိန်းချုပ်နိုင်မယ့်လူတစ်ယောက် ထားရှိသင့်ပါတယ်"
ဓားသွားကဲ့သို့ ထက်မြက်သော စကားလုံးများကို စကားပြောမကောင်းသော စစ်သူကြီးလျန် မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ယုံးကျားဧကရာဇ်သည် စိတ်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "မင်းပြောသလိုဆိုရင် ငါက ဘယ်သူ့ကို စစ်သူကြီးလျန်ကို ထိန်းချုပ်ခိုင်းရင် ကောင်းမလဲ... မင်းကိုယ်မင်း အဆိုပြုချင်နေတာလား"
လုမင်ယွိသည် ယုံးကျားဧကရာဇ်၏ လှောင်ပြောင်မှုကို နားမလည်သလို ဟန်ဆောင်ကာ ပွင့်လင်းစွာ ပြောလိုက်လေသည်။ "အာရှီလည်း အဲဒီလို ရည်ရွယ်ထားပါတယ်"
ယုံးကျားဧကရာဇ် "..."
စစ်သူကြီးလျန် "..."
"အာရှီက သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီဖေးပါ... အိမ်ရှေ့စံက ကျန်းနန်မှာ ရောက်နေတော့ အာရှီက နန်းတော်ထဲမှာ သူ့ကိုယ်စား စကားပြောဆို လုပ်ကိုင်ပေးလို့ ရပါတယ်" လုမင်ယွိက ရှင်းလင်းပြတ်သားစွာ ပြောလိုက်လေသည်။ "ဒါက ပထမအချက်ပါ... ဒုတိယအချက်ကတော့ အာရှီမှာ ကိုယ်ပိုင်တပ်သားတွေ ရှိပါတယ်... စစ်သူကြီးလျန်လောက် မစွမ်းဆောင်နိုင်ရင်တောင် မတိမ်းမယိမ်း ရှိပါတယ်... တကယ်လို့ အရေးပေါ်အခြေအနေ ဖြစ်လာခဲ့ရင် အာရှီက ဖုဟွမ်ကို လာကယ်နိုင်ပါတယ်"
"အာရှီရဲ့ စေတနာကို ဖုဟွမ် နားလည်ပေးပါ"
ယုံးကျားဧကရာဇ်သည် ချွေးမ၏ "စေတနာ" ကြောင့် အသက်ရှူပင် ကြပ်သွားလေသည်။
စစ်သူကြီးလျန်သည် လေပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မမျှော်လင့်ဘဲ ထောက်ခံလိုက်လေသည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး ရဲရဲတင်းတင်း လျှောက်တင်ပါရစေ... ထိုက်ဇီဖေး ပြောတာ အဓိပ္ပာယ်ရှိပါတယ်"
ယုံးကျားဧကရာဇ်သည် စစ်သူကြီးလျန်ကို မျက်စောင်းထိုးလိုက်လေသည်။
လုမင်ယွိ ရှိနေသဖြင့် အချို့စကားများကို ပြောမထွက်တော့ချေ။ သို့သော် ယုံးကျားဧကရာဇ်၏ ဒေါသနှင့် မကျေနပ်မှုများကိုတော့ ရှင်းလင်းစွာ ဖော်ပြနေလေသည်။
လုမင်ယွိသည် ဒီကိစ္စကို ဆက်ပြီး အချိန်မဆွဲတော့ဘဲ ပြောလိုက်လေသည်။ "ပဥ္စမမင်းသား မျိုးနွယ်စုထိန်းသိမ်းရေးအဖွဲ့ထဲမှာ အဆိပ်မိပြီး သေသွားတာ သံသယဖြစ်စရာတွေ အများကြီး ရှိပါတယ်... အာရှီမှာ ခန့်မှန်းချက်တချို့ ရှိလို့ ဖုဟွမ်ကို လျှောက်တင်ချင်ပါတယ်"
ယုံးကျားဧကရာဇ်၏ မျက်ဝန်းများ မည်းမှောင်သွားလေသည်။ "ဟော... မင်းမှာ ဘာခန့်မှန်းချက်တွေ ရှိလဲ... ပြောပါအုံး... ငါ နားထောင်ကြည့်မယ်"
လုမင်ယွိသည် ယုံးကျားဧကရာဇ်ကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။ "အာရှီ အထင်တော့ အိမ်ရှေ့စံကို လုပ်ကြံတာ ပဥ္စမမင်းသား လက်ချက် မဟုတ်ပါဘူး... ပဥ္စမမင်းသားက အစကနေအဆုံးထိ တစ်ယောက်ယောက်ရဲ့ လှည့်စားမှုကို ခံရပြီး အသုံးချခံလိုက်ရတာပါ... အဲဒီလူအတွက် အပြစ်ခံပေးလိုက်ရတာ... မျိုးနွယ်စုထိန်းသိမ်းရေးအဖွဲ့ထဲ ဝင်တုန်းကလည်း အဆိပ်ကို တိတ်တဆိတ် ယူဆောင်သွားခဲ့တာပါ"
"ကယ်ကုန်းကုန်းရဲ့ အိမ်မှာ ချန်မိသားစုဝင်တွေရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်... ပဥ္စမမင်းသားနဲ့ ပတ်သက်နေတယ်ဆိုတော့ တရားစီရင်ရေးဌာနက လူတွေက ထောင်ထဲကို သွားပြီး စစ်ဆေးမေးမြန်းမှာ သေချာတယ်... ပဥ္စမမင်းသားက ဒီအချိန်မှာ အဆိပ်သောက်ပြီး သေသွားတော့ လူတိုင်းက မူဟုပ်နဲ့ အိမ်ရှေ့စံတို့က လက်စဖျောက်လိုက်တယ်လို့ ထင်ကြမှာပဲ"
"အဲဒီလူက ပဥ္စမမင်းသားကို အသုံးချပြီး ဒီလို ထောင်ချောက်ကြီးကို ဆင်လိုက်တာ... ဖုဟွမ်တောင်မှ သစ်ရွက်တစ်ရွက်ကြောင့် မျက်စိကွယ်သွားပြီး အဲဒီလူကို သံသယမဝင်မိတော့ဘူး"
ယုံးကျားဧကရာဇ်၏ မျက်ဝန်းအိမ်များ ကျုံ့သွားပြီး အကြည့်များ အေးစက်သွားလေသည်။ "လုရှီ... မင်းရဲ့ သံသယက ရယ်စရာကောင်းလွန်းတယ်"
"အားဟောက်က အားချန်ကို ဘယ်လောက်ချစ်လဲ... ညီအစ်ကိုသံယောဇဉ် ဘယ်လောက်ကြီးလဲဆိုတာ လူတိုင်း သိကြတာပဲ... တခြားလူတွေက အားချန်ကို ဒုက္ခပေးချင်ရင်တောင် အားဟောက်ကတော့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး!"
ယုံးကျားဧကရာဇ်က ပြတ်ပြတ်သားသား ပြောလိုက်၏။ လုမင်ယွိက အေးစက်စွာ ပြန်ပြောလိုက်လေသည်။ "ဒါက ဒီထောင်ချောက်ရဲ့ ကြောက်စရာအကောင်းဆုံး အချက်ပဲ... လီဟောက်က ဒီထောင်ချောက်ကို ဆင်တာ တစ်ရက်နှစ်ရက် မကတော့ပါဘူး... လွန်ခဲ့တဲ့ နှစ်နှစ်... ဒါမှမဟုတ် သုံးလေးနှစ်လောက်ကတည်းက ကြိုတင်စီစဉ်ထားတာ နေမှာ"
"အိမ်ရှေ့စံကို လုပ်ကြံတာ အောင်မြင်ရင် အကောင်းဆုံးပေါ့... မအောင်မြင်ရင်တောင် သူ့မှာ နောက်ဆက်တွဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိသေးတယ်"
"အာရှီ ခန့်မှန်းတာ မမှားဘူးဆိုရင် ပဥ္စမမင်းသား သေခါနီးအချိန်ထိ အဲဒီအဆိပ်က အစစ်မှန်း သိသွားမှာ မဟုတ်ဘူး... လီဟောက်က သူ့ကို လိမ်ခဲ့တာနေမှာ... အဲဒီအဆိပ်က အတုပါ... သောက်လိုက်ရင် အဆိပ်မိတဲ့လက္ခဏာပဲ ပြပြီး အသက်အန္တရာယ် မရှိပါဘူးဆိုပြီး ပြောခဲ့မှာ... အဲဒီကျရင် အပြစ်အားလုံးကို မူဟုပ်နဲ့ အိမ်ရှေ့စံအပေါ် ပုံချလိုက်ရင် သူတို့ညီအစ်ကို လွတ်မြောက်သွားနိုင်တယ်လို့ ပြောခဲ့မှာပဲ"
ထို့နောက် စစ်သူကြီးလျန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ "စစ်သူကြီးလျန်... ဒီအမှုကို ဖုဟွမ်က ရှင့်လက်ထဲ အပ်ထားတာ... ရှင်က အမှုစစ်ဆေးတာ မကျွမ်းကျင်ပေမဲ့ တရားစီရင်ရေးဌာနက ကျွမ်းကျင်တဲ့ မှုခင်းဆေးပညာရှင်တွေကို ခေါ်ပြီး ပဥ္စမမင်းသားရဲ့ အလောင်းကို စစ်ဆေးခိုင်းလို့ရပါတယ်... အလောင်းပေါ်မှာ အဆိပ်ဝှက်ထားတဲ့ နေရာကို ရှာတွေ့ရင် မူဟုပ်နဲ့ အိမ်ရှေ့စံတို့ အပြစ်ကင်းတယ်ဆိုတာ သက်သေပြလို့ရပြီ"
စစ်သူကြီးလျန်သည်လည်း အံ့သြထိတ်လန့်သွားပြီး စကားတစ်ခွန်းမှ ပြောမထွက်တော့ချေ။
ထိုက်ဇီဖေးရဲ့ စကားတွေက ရုတ်တရက် နားထောင်လိုက်ရင် ယုတ္တိမရှိဘူးလို့ ထင်ရပေမဲ့ သေချာစဉ်းစားကြည့်ရင် အဓိပ္ပာယ် ရှိနေပြန်တယ်။
ဒါပေမဲ့ မှုခင်းဆေးပညာရှင်တွေက အလောင်းကို စစ်ဆေးရင် ခွဲစိတ်ရမှာဖြစ်ပြီး နောက်ဆုံးမှ ပြန်ချုပ်ပေးရမှာ...
လီချန်က အသက်ရှင်စဉ်မှာ အဆိပ်မိခဲ့ပြီး သေဆုံးသွားတော့လည်း ခွဲစိတ်စစ်ဆေးခံရအုံးမည်ဆိုတော့ သနားစရာ ကောင်းလှသည်။
ယုံးကျားဧကရာဇ်၏ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်လာပြီး တစ်လုံးချင်း ပြောလိုက်လေသည်။ "ကောင်းပြီ... ငါ အခုပဲ အမိန့်ထုတ်ပြီး တရားစီရင်ရေးဌာနက ပဥ္စမမင်းသားရဲ့ အလောင်းကို သေသေချာချာ စစ်ဆေးခိုင်းလိုက်မယ်"
"လုရှီ... မင်းပြောတာ မှန်တယ်ဆိုရင် ကျောင်းဖန်နန်းဆောင်နဲ့ အိမ်ရှေ့စံနန်းတော်ကို အကျယ်ချုပ်ကနေ လွှတ်ပေးမယ်... တကယ်လို့ မဟုတ်ဘူးဆိုရင်တော့ မင်းကို မဟုတ်မမှန် စွပ်စွဲမှုနဲ့ အပြစ်ပေးမယ်"
လုမင်ယွိ၏ မျက်လုံးများ တည်ငြိမ်နေလေသည်။ "တကယ်လို့ အာရှီရဲ့ ခန့်မှန်းချက် မှားယွင်းပြီး ပဥ္စမမင်းသားရဲ့ အလောင်းကို ထိခိုက်စေခဲ့တယ်ဆိုရင် အာရှီ အပြစ်ပေးခံရတာကို ကျေကျေနပ်နပ် ခံယူပါ့မယ်"
ယုံးကျားဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးမှိတ်လိုက်လေသည်။ "ထွက်သွားတော့"
လုမင်ယွိသည် အရိုအသေပြုပြီး ထွက်ခွာသွားလေသည်။
လုမင်ယွိ ထွက်သွားပြီးနောက် အိပ်ဆောင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
အချိန်အတော်ကြာမှ ယုံးကျားဧကရာဇ်က စကားတစ်ခွန်း ပြောလိုက်လေသည်။ "လျန်ကျန်း... ငါ့အမိန့်နဲ့ တရားစီရင်ရေးဌာနက ဒုတိယဝန်ကြီးကျူးကို မှုခင်းဆေးပညာရှင်တွေ ခေါ်ပြီး ပဥ္စမမင်းသားရဲ့ အလောင်းကို စစ်ဆေးခိုင်းလိုက်"
စစ်သူကြီးလျန်က လက်ကိုယှက်ကာ အမိန့်နာခံလိုက်လေသည်။
ယုံးကျားဧကရာဇ်၏ မျက်နှာထား အလွန် ဆိုးရွားနေပြီး စကားအနည်းငယ်ကို ထပ်မံညှစ်ထုတ်လိုက်လေသည်။ "မင်းအထင်ဆိုရင် ဒီကိစ္စက အားဟောက်လက်ချက် ဖြစ်နိုင်လား"
လုမင်ယွိ၏ စကားများကို ယုံးကျားဧကရာဇ် နားထဲဝင်သွားပုံရသည်။
တကယ်လို့ လီဟောက်က ညီအရင်းကိုတောင် သတ်ရဲတယ်ဆိုရင် ဒါက အရမ်း ကြောက်စရာကောင်းနေပြီ။ စစ်သူကြီးလျန်သည် ယုံးကျားဧကရာဇ်၏ မျက်နှာကို မကြည့်ရက်ဘဲ လေသံတိုးတိုးဖြင့် ဖြေလိုက်လေသည်။ "ကျွန်တော်မျိုး မစဉ်းစားရဲပါဘူး"
ယုံးကျားဧကရာဇ်က မျက်လုံးမှိတ်လိုက်လေသည်။ "သွားတော့"
စစ်သူကြီးလျန်သည် အရိုအသေပြုပြီး ထွက်ခွာသွားလေသည်။
...
လုမင်ယွိသည် အိမ်ရှေ့စံနန်းတော်သို့ ပြန်ရောက်လာခဲ့သည်။
ထိုက်ဇီဖေး၏ ကိုယ်ရံတော် ၁၀၀သည်လည်း အိမ်ရှေ့စံနန်းတော်ထဲသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့တွင် လက်နက်မရှိကြသော်လည်း အရပ်ရှည်ပြီး သန်မာထွားကြိုင်းကာ သတ်ဖြတ်လိုစိတ်များ ရှိနေသဖြင့် အိမ်ရှေ့စံနန်းတော်ကို စောင့်ကြပ်နေသော တော်ဝင်ကိုယ်ရံတော်တပ်သားများပင် ထိတ်လန့်သွားကြလေသည်။
အိမ်ရှေ့စံနန်းတော်ထဲတွင် ကိုယ်ရံတော်များ ရောက်ရှိလာသဖြင့် ကျောက်ရွေ့လည်း စိတ်အေးသွားတော့သည်။
လီကျင့် ကျန်းနန်သို့ သွားစဉ်က လူအကုန် ခေါ်သွားခဲ့ပြီး အိမ်ရှေ့စံနန်းတော်တွင် ကိုယ်ရံတော် ဒါဇင်အနည်းငယ်သာ ချန်ထားခဲ့သည်။ ယခု လူအင်အား ဖြည့်တင်းလိုက်သဖြင့် ပိုပြီး လုံခြုံစိတ်ချရသည်ဟု ခံစားလိုက်ရသည်။
လုမင်ယွိက ကျောက်ရွေ့ကို ကိုယ်ရံတော်များ နေရာချထားပေးရန် မှာကြားလိုက်၏။
တကယ်တော့ သူမ မြို့တော်သို့ ပြန်ခေါ်လာသော ကိုယ်ရံတော် အရေအတွက်မှာ နှစ်ထောင်ကျော် ရှိလေသည်။ သို့သော် လူအများကြီးကို နန်းတော်ထဲ ခေါ်လာ၍ မဖြစ်သဖြင့် အကောင်းဆုံး လက်ရွေးစင် တစ်ရာကိုသာ ရွေးချယ်ခေါ်ဆောင်လာခဲ့ခြင်းပင်။
ခရီးဝေး နှင်လာခဲ့ရသဖြင့် ယခုမှ စိတ်အနည်းငယ် လျှော့ချလိုက်ရသောအခါ ပင်ပန်းနွမ်းနယ်မှုများ ဝင်ရောက်လာလေတော့သည်။
ကလေးများသည် သူမ၏ ဘေးနားတွင် ဝိုင်းရံနေပြီး စကားများ ပြောနေကြလေသည်။
လုမင်ယွိသည် အားတင်းပြီး ကလေးများနှင့် စကားပြောနေသော်လည်း ပြောရင်းပြောရင်းဖြင့် ကုလားထိုင်ပေါ်တွင် အိပ်ပျော်သွားလေတော့သည်။
...
အပိုင်း (၆၂၆) အမှန်တရား (၁)
လီဟန်သည် ပထမဆုံးအနေဖြင့် အခြေအနေ မူမမှန်သည်ကို သတိထားမိလိုက်သည်။ "မေမေ" ဟု တိုးတိုးလေး ခေါ်လိုက်လေသည်။
သူ့ကို ပြန်ဖြေလိုက်သည်က တိုးညှင်းသော ဟောက်သံသဲ့သဲ့သာ။
လီရွှီနှင့် လီရွှမ်းတို့သည် မိခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်သွားကြပြီး မျက်ဝန်းအိမ်များ နီရဲလာကြကာ လေသံတိုးတိုးဖြင့် ပြောလိုက်ကြသည်။ "မေမေက အရမ်းပင်ပန်းနေတာပဲ"
"ယွင်မားမားတို့ကို သွားခေါ်ပြီး မေမေ့ကို ကုတင်ပေါ် တွဲပို့ခိုင်းလိုက်မယ်"
လုမင်ယွိသည် အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်၏။ ကုတင်ပေါ်သို့ တွဲကူပို့ဆောင်ခံရပြီးနောက် တစ်ဖက်သို့လှည့်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။ လီဟန်သည် ထွက်မသွားရက်နိုင်ဘဲ ကုတင်ခြေရင်းတွင် ကပ်နေတော့သည်။ "သား ဒီမှာ ခဏလောက် နေလိုက်ဦးမယ်"
လီရွှမ်းက လက်ဆန့်တန်းလိုက်ပြီး လီဟန်ကို ပွေ့ချီလိုက်လေသည်။ "မေမေ အေးအေးဆေးဆေး အိပ်ပါစေ"
အိပ်ပျော်နေစဉ် တွန့်ချိုးထားမိသော လုမင်ယွိ၏ မျက်ခုံးတန်းလေးများသည် မသိမသာ ဖြန့်ကားပြေလျော့သွားလေတော့သည်။
ဤတစ်ရေးအိပ်စက်ခြင်းသည် နောက်တစ်နေ့ မိုးလင်းသည်အထိ ကြာမြင့်သွားခဲ့လေသည်။
မနက်ခင်း ၉နာရီလောက်မှ နေရောင်ခြည်သည် ကုတင်ပေါ်သို့ ကျရောက်နေသည်။ အိပ်ရေးဝသွားသော လုမင်ယွိသည် ကုတင်ပေါ်တွင် တစ်ဖက်သို့လှည့်လိုက်ကာ အကြောဆန့်လိုက်ပြီးနောက် မျက်လုံးများကို ဖွင့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင် လီဟန်၏ ဖောင်းအစ်နေသော မျက်နှာလေးက မြင်ကွင်းထဲသို့ ဦးစွာ ဝင်ရောက်လာခဲ့သည်။
"မေမေ" လီဟန်က မိခင်ဖြစ်သူကို သနားစဖွယ် မော့ကြည့်လိုက်သည်။ "မေမေက ထွက်သွားတာ အကြာကြီးကြာမှ ပြန်လာတယ်။ သား မေမေ့ကို အရမ်းလွမ်းနေတာ"
လီဟန် မွေးဖွားလာပြီးနောက်ပိုင်း လုမင်ယွိသည် သူ့အနားမှ တစ်ခါမျှ ခွဲခွာဖူးခြင်း မရှိပေ။ ယခုတစ်ကြိမ်တွင် တစ်လကျော်ကြာအောင် ထွက်ခွာသွားခဲ့ရာ လီဟန်သည် ဘယ်နှကြိမ်လောက် ငိုကြွေးခဲ့သည်ကိုပင် မသိနိုင်တော့ချေ။
လုမင်ယွိသည် သနားခြင်းနှင့် ဝမ်းနည်းခြင်းကို တစ်ပြိုင်နက် ခံစားလိုက်ရပြီး လက်ကမ်းကာ လီဟန်ကို ကုတင်ပေါ်သို့ ပွေ့တင်လိုက်လေသည်။ လီဟန်သည် ဖိနပ်ကို ကန်ထုတ်လိုက်ပြီး မိခင်ဖြစ်သူ၏ နွေးထွေးသော ရင်ခွင်ထဲသို့ တိုးဝင်လိုက်တော့သည်။ လက်သေးသေးလေးနှစ်ဖက်က မိခင်၏ လည်ပင်းကို တင်းကြပ်စွာ ဖက်တွယ်ထားပြီး လွှတ်ပေးမည့်ပုံ မပေါ်ချေ။
ကုတင်ဘေးတွင် ရပ်နေကြသော လီရွှီနှင့် လီရွှမ်းတို့သည် အားကျသွားသော်ငြား သူတို့ကိုယ်သူတို့ အရွယ်ရောက်နေပြီဟု ခံယူထားကြသဖြင့် လီဟန်ကဲ့သို့ ပြုမူရန် ရှက်ရွံ့နေကြလေသည်။
လုမင်ယွိသည် သားသမီးနှစ်ယောက်ကို ကြင်နာစွာ ငေးကြည့်လိုက်သည်။ "ရွှီအာ ရွှမ်းအာ... ဒီရက်ပိုင်းတွေမှာ သားတို့သမီးတို့ ပင်ပန်းသွားကြပြီ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရုံတင်မကဘဲ ညီလေးကိုပါ ကောင်းကောင်း စောင့်ရှောက်ပေးခဲ့ကြတာပဲ"
လီရွှမ်းက ရင်ကိုကော့လိုက်ပြီး အလုအယက် ဝင်ပြောလေသည်။ "အစပိုင်းရက်တွေတုန်းက မောင်လေးက ခဏခဏ ငိုပြီး ဂျီကျနေတာ။ သမီးက နေ့တိုင်း သူ့ကို အဖော်လုပ်ပြီး ကစားပေးရတယ်"
လီရွှီကလည်း စကားထောက်ပေးလိုက်သည်။ "သားက နေ့တိုင်း စာကြည့်ဆောင်သွားပြီး စာဖတ်နေရတာဆိုတော့ ညီမလေးကပဲ ညီလေးကို ပြုစုပေးတာပါ။ ညဘက်ရောက်ရင် ညီလေးက ပိုပြီးဆိုးတာနဲ့ သားတို့နှစ်ယောက်လုံး သူ့ကိုသိပ်ပြီး အတူတူအိပ်ပေးကြတယ်"
လုမင်ယွိ၏ မျက်ဝန်းအိမ်များ နီရဲလာပြီး လီရွှီနှင့် လီရွှမ်းကို ကြည့်ကာ ပြုံးလိုက်လေသည်။ "သားတို့သမီးတို့က တကယ့်ကို အစ်ကိုကောင်း အစ်မကောင်းတွေပါပဲ"
မောင်နှမနှစ်ယောက်သည် ချီးကျူးခံလိုက်ရသဖြင့် မျက်နှာလေးများ နီရဲသွားကြပြီး ကြည်နူးစွာဖြင့် ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ကြတော့သည်။
ထူးဆန်းသော အသံတစ်သံသည် ရုတ်တရက် နားထဲသို့ တိုးဝင်လာခဲ့သည်။
"ဟင် ဘာသံလဲ" လီဟန်က ခေါင်းမော့လိုက်ပြီး စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။ "မေမေ့ဗိုက်ထဲက မြည်တဲ့အသံနဲ့ တူလိုက်တာ"
လုမင်ယွိက ပြုံးလိုက်ကာ "ဟုတ်တယ်လေ။ မေမေက ခရီးသွားနေရလို့ ရက်အများကြီး ထမင်းကောင်းကောင်း မစားခဲ့ရဘူး"
လီရွှီသည် ချက်ချင်း ထရပ်ကာ ထမင်းပွဲပြင်ရန် ထွက်သွားတော့သည်။ လီရွှမ်းကတော့ အဝတ်အစားသစ်တစ်စုံကို သွားရောက်ရှာဖွေလာပြီး မိခင်ဖြစ်သူကို အဝတ်အစား လဲလှယ်ပေးမည်ဟု ဇွတ်အတင်း ပြောဆိုနေလေသည်။ လီဟန်ကလည်း ပျော်ရွှင်စွာဖြင့် ဖိနပ်သွားရှာလေတော့သည်။
လုမင်ယွိသည် ကလေးများ၏ ဂရုစိုက်မှုနှင့် ချစ်ခင်မြတ်နိုးမှုတို့ကို ခံယူရင်း စိတ်နှလုံးသားတစ်ခုလုံး နူးညံ့ပျော့ပျောင်းသွားရတော့သည်။
သူတို့အတွက်ဆိုလျှင် မည်မျှပင် ပင်ပန်းပါစေ တန်ပါသည်။
ဆာလောင်မွတ်သိပ်နေသော လုမင်ယွိသည် လူသုံးယောက်စာ ပမာဏရှိသော မနက်စာကို ကုန်စင်အောင် စားသောက်လိုက်လေသည်။
ဘေးတွင်ရှိနေသော ချီယွင်သည် ကြည့်မနေနိုင်တော့ဘဲ အစာကြေဆေးလုံးများကို အလျင်အမြန် ယူဆောင်လာခဲ့သည်။ "ထိုက်ဇီဖေး ရုတ်တရက်ကြီး အများကြီးစားလိုက်ရင် အစာမကြေဖြစ်ပြီး ဗိုက်နာနေပါဦးမယ်။ အစာကြေဆေးလုံးလေး သုံးဆောင်ပါဦး"
လုမင်ယွိက ပြုံးကာ အင်းဟု ဖြေလိုက်ပြီး ဆေးလုံးနှစ်လုံးကို စားလိုက်လေသည်။ ထို့နောက်တွင် ပြောလိုက်၏။ "ငါ ကလေးတွေကိုခေါ်ပြီး ကျောင်းဖန်နန်းဆောင်ကို သွားဂါရဝပြုလိုက်ဦးမယ်"
ချီယွင်သည် အံ့အားသင့်သွားပြီး လေသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။ "အိမ်ရှေ့စံနန်းဆောင်က အသွားအလာ ပိတ်ပင်ခံထားရတာလေ။ ကျောင်းဖန်နန်းဆောင် အပြင်ဘက်မှာလည်း ကိုယ်ရံတော်တွေ စောင့်ကြပ်နေကြတယ်။ မနေ့က ထိုက်ဇီဖေး ပထမဆုံးရက် ပြန်ရောက်လာတာဆိုတော့ ဘယ်သူမှ မတားရဲကြဘူး။ ဒီနေ့ ထပ်ထွက်မယ်ဆိုရင်တော့ အဲဒီကိုယ်ရံတော်တွေက လမ်းဖယ်ပေးပါ့မလား မသိဘူး"
လုမင်ယွိက တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ မနေ့က စစ်သူကြီးလျန်နဲ့ တွေ့ပြီးပြီ။ ဖုဟွမ်နဲ့လည်း တွေ့ပြီးပြီ။ စစ်သူကြီးလျန်က သူ့နာမည်ဂုဏ်သတင်းကို လိုချင်သေးရင် ငါ့ကို တားရဲမှာ မဟုတ်ဘူး"
ထင်ထားသည့်အတိုင်းပင် လုမင်ယွိသည် ကလေးများကို ခေါ်ဆောင်ကာ အိမ်ရှေ့စံနန်းဆောင်မှ ထွက်လာသည့်အခါ တော်ဝင်ကိုယ်ရံတော်များ အားလုံး အသံမထွက်ရဲကြချေ။
ကျောင်းဖန်နန်းဆောင်သို့ ရောက်ရှိချိန်တွင်လည်း တားဆီးပိတ်ပင်မှု တစ်စုံတစ်ရာ မရှိဘဲ နန်းဆောင်ထဲသို့ ဝင်ရောက်နိုင်ခဲ့လေသည်။
ချောင်မိဖုရားခေါင်သည် လုမင်ယွိတို့ သားအမိလေးယောက်ကို မြင်လိုက်ရသည်နှင့် ချက်ချင်း မျက်လုံးများ နီရဲလာကာ ကလေးများကို ရင်ခွင်ထဲ ဆွဲသွင်းဖက်ထားပြီး အားပါးတရ ငိုကြွေးလေတော့သည်။
ကလေးများ၏ ရှေ့မှောက်ဖြစ်သဖြင့် လုမင်ယွိသည် စကားအများကြီး မပြောတော့ဘဲ ဆိုလိုက်သည်။ "မနေ့က ကျွန်မ ပြောသင့်တာတွေကို ဖုဟွမ်ကို ပြောခဲ့ပြီးပါပြီ။ မနေ့ညကနေ အခုအချိန်ထိဆိုရင် မှုခင်းသမားတော်တွေ အလောင်းစစ်ဆေးတာလည်း အဖြေထွက်လောက်ပါပြီ။ မူဟုပ်အနေနဲ့ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်နေလိုက်ပါ"
"တကယ်လို့ ကျွန်မ ခန့်မှန်းတာ မှားသွားခဲ့ရင် ဖုဟွမ်က ဒီနေ့ ကျွန်မကို အပြစ်ပေးဖို့ အမိန့်ထုတ်မှာ သေချာတယ်"
"တကယ်လို့ ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင်တော့ လီချန်ရဲ့ အလောင်းပေါ်မှာ သဲလွန်စ ရှာတွေ့သွားမှာပဲ။ ဒီနေ့ ဝမ်ဟွားနန်းဆောင်ကတော့ တိတ်ဆိတ်ငြိမ်သက်နေလိမ့်မယ်"
လီချန်တို့ ညီအစ်ကိုများ ထိုက်ဇီကို လုပ်ကြံသည့်အမှုတွင် ပါဝင်ပတ်သက်နေခြင်းက တော်ဝင်မိသားစုအတွက် အရှက်ရစရာ ဖြစ်နေပါပြီ။ အကယ်၍ လီချန်သာ သူ့အစ်ကိုအရင်း၏ အသုံးချခံရပြီး အဆိပ်ခတ်သတ်ခံလိုက်ရခြင်းဖြစ်ပါက တော်ဝင်မိသားစု၏ သိက္ခာများ အကုန်ကျဆင်းသွားတော့မည်။
ယုံးကျားဧကရာဇ်၏ စိတ်နေစိတ်ထားအရဆိုလျှင် ဆယ်ပုံလျှင် ရှစ်ပုံကိုးပုံလောက်က အမှန်တရားကို ဖုံးကွယ်ထားဖို့ ကြိုးစားလိမ့်မည်။
ချောင်မိဖုရားခေါင်သည် ယုံးကျားဧကရာဇ်အကြောင်း ကောင်းစွာ နားလည်သူဖြစ်သဖြင့် လုမင်ယွိ၏ စကားထဲက အဓိပ္ပာယ်ကို သဘောပေါက်လိုက်လေသည်။
ချောင်မိဖုရားခေါင်သည် ခေတ္တမျှ နှုတ်ဆိတ်သွားပြီး စကားလမ်းကြောင်း လွှဲလိုက်၏။ "မင်း ကလေးတွေကို ခေါ်ပြီး ကျောင်းဖန်နန်းဆောင်ကို လာတာ ဘယ်သူမှ မတားကြဘူးလား"
လုမင်ယွိက မျက်ခုံးပင့်လိုက်ပြီး သူမ၏လေသံတွင် မာန်ပါသော အရှိန်အဝါတို့ ပါဝင်နေလေသည်။ "ဒီနေရာက ကျွန်မရဲ့အိမ်လေ။ ကျွန်မသွားချင်တဲ့နေရာကို သွားမှာပေါ့။ ဘယ်သူက လာတားရဲမှာလဲ"
စိတ်သောကရောက်နေသော ချောင်မိဖုရားခေါင်သည် ထိုစကားကြောင့် သဘောကျသွားကာ ပြုံးလိုက်မိတော့သည်။ လုမင်ယွိ ပြန်ရောက်လာသည်နှင့် သူမ၏စိတ်နှလုံးသည် တည်ငြိမ်သွားခဲ့ရလေသည်။
"မင်း ဒီနေ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ"
"ဘယ်မှ မသွားပါဘူး။ စာသင်ဆောင်ကလည်း ပိတ်ထားတယ် မဟုတ်လား။ ကလေးတွေလည်း အားရခဲတာမို့ ကောင်းကောင်း အနားယူခိုင်းလိုက်မယ်။ ကျွန်မ ကလေးတွေကို ခေါ်ပြီး ဒီမှာပဲ မူဟုပ်အနားမှာ နေလိုက်တော့မယ်"
ချောင်မိဖုရားခေါင်က ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။
...
လုမင်ယွိသည် သားသမီးသုံးယောက်နှင့်အတူ ကျောင်းဖန်နန်းဆောင်ထဲတွင် အချိန်ကုန်ဆုံးနေလိုက်သည်။
ညနေစောင်းသည်အထိ ဝမ်ဟွားနန်းဆောင်သည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
ချောင်မိဖုရားခေါင်သည် တိကျသော သတင်းအချက်အလက် ဘာမျှမကြားရသဖြင့် စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်နေမိသည်။
လုမင်ယွိကတော့ တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး ဘာစကားမျှ မဟချေ။ သူမက ချိုင်လန်ကို ပြုံးကာ ပြောလိုက်သည်။ "မိုးချုပ်တော့မယ်။ ညစာ ပြင်ဆင်ခိုင်းလိုက်ပါ"
ချိုင်လန်က ပြုံးကာ လက်ခံလိုက်ပြီး ထွက်သွားလေသည်။ ခဏအကြာတွင် ပြန်ရောက်လာပြီး မျက်ဝန်းထဲတွင် ထူးကဲသော စိတ်လှုပ်ရှားမှုတို့ဖြင့် လျှောက်တင်လေသည်။ "ဟွမ်ဟုပ်ညန်ညန် ထိုက်ဇီဖေးကို လျှောက်တင်ပါတယ်... အရှင်မင်းကြီးက တုန်းပင်ကျွင်းနဲ့ ဝန်ကြီးယောင်တို့ကို ဝမ်ဟွားနန်းဆောင်ကို လာဖို့ အမိန့်ပေးလိုက်ပါတယ်"
ချောင်မိဖုရားခေါင်သည် စိတ်လှုပ်ရှားသွားပြီး ဝုန်းခနဲ ထရပ်လိုက်သည်။ "ဒါ ဘယ်တုန်းက ဖြစ်တာလဲ"
ချိုင်လန်က လေသံတိုးတိုးဖြင့် ဖြေလိုက်သည်။ "လွန်ခဲ့တဲ့ တစ်နာရီလောက်ကပါ"
ကျောင်းဖန်နန်းဆောင်သည် အသွားအလာ ပိတ်ပင်ခံထားရသဖြင့် သတင်းစီးဆင်းမှုက ပုံမှန်ထက် များစွာနှေးကွေးနေသည်။ လွန်ခဲ့သည့် တစ်နာရီခန့်က ကိစ္စကို ယခုမှ နန်းဆောင်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
လုမင်ယွိ၏ မျက်ဝန်းများ အရောင်လက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ဝမ်ဟွားနန်းဆောင်ကို ဆက်ပြီး စောင့်ကြည့်ခိုင်းထားလိုက်။ ထူးခြားတာရှိရင် ချက်ချင်း လာလျှောက်တင်ခိုင်းပါ"
ချောင်မိဖုရားခေါင်သည် ရင်ထဲတွင် လှိုင်းထန်လာသလို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ လုမင်ယွိကို တိုးတိုးလေး ပြောလိုက်လေသည်။ "ကြည့်ရတာ အလောင်းစစ်ဆေးတဲ့နေရာမှာ တကယ်ပဲ သဲလွန်စ ရှာတွေ့သွားပုံရတယ်။ မဟုတ်ရင် အရှင်မင်းကြီးက တုန်းပင်ကျွင်းနဲ့ ဝန်ကြီးယောင်တို့ကို ခေါ်တွေ့မှာ မဟုတ်ဘူး"
"တကယ်လို့များ လီဟောက် လက်ချက်ဆိုရင်တော့... ဒီလီဟောက်က တကယ့်ကို ရက်စက်လွန်းတာပဲ"
"အရှင်မင်းကြီးက လီဟောက်ကို ဘယ်လိုများ အပြစ်ပေးမလဲ မသိဘူး"
လုမင်ယွိက ခပ်ပါးပါးလေး ပြုံးလိုက်ပြီး စိတ်လှုပ်ရှားလွန်း၍ တုန်ယင်နေသော ချောင်မိဖုရားခေါင်၏ လက်ကို ဆုပ်ကိုင်ထားလိုက်ကာ "ဘယ်လိုပဲဖြစ်ဖြစ်ပါ... သဲလွန်စရှာတွေ့ပြီး အဆိပ်ခတ်တဲ့ကိစ္စက မူဟုပ်နဲ့ အရှင်မင်းသားတို့ မပတ်သက်ဘူးဆိုတာ သက်သေပြနိုင်ရင် ပြီးတာပါပဲ"
ချောင်မိဖုရားခေါင်က စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ "မင်းပြောတာ မှန်တယ်"
ညစာစားပွဲတွင် ချောင်မိဖုရားခေါင်သည် အရသာမခံစားနိုင်တော့ဘဲ ဟင်းအနည်းငယ်ကိုသာ မြည်းစမ်းပြီး ဆက်မစားနိုင်တော့ချေ။
လုမင်ယွိကတော့ ခံတွင်းတွေ့နေပြီး ကလေးသုံးယောက်နှင့်အတူ စားပွဲပေါ်ရှိ ဟင်းပွဲများကို ပြောင်စင်အောင် စားသောက်လိုက်လေသည်။
မိုးချုပ်ပြီးနောက်တွင် ဝမ်ဟွားနန်းဆောင်မှ သတင်းထပ်မံ ရောက်ရှိလာခဲ့ပြန်သည်။
တုန်းပင်ကျွင်းနှင့် ဝန်ကြီးယောင်တို့ကို ယုံးကျားဧကရာဇ်က နန်းတော်ထဲမှ ပြန်လည်ထွက်ခွာခွင့် ပေးလိုက်ပြီဖြစ်သည်။
ယုံးကျားဧကရာဇ်က အမိန့်တော်ချမှတ်လိုက်ပြီး လီချန် အဆိပ်ခတ်ခံရသည့်အမှုကို ဝန်ကြီးယောင်အား ဦးဆောင်စစ်ဆေးရန် တာဝန်ပေးအပ်လိုက်လေသည်။
...
အပိုင်း (၆၂၇) အမှန်တရား (၂)
ဝန်ကြီးယောင်ကို နန်းတော်အကျဉ်းထောင်ထဲမှ ပြန်လွှတ်ပေးပြီး အမှုစစ်ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် လီချန် အဆိပ်ခတ်ခံရသည့်အမှုတွင် အဓိက သက်သေအထောက်အထား ရှာတွေ့သွားပြီဖြစ်ကြောင်း ထင်ရှားနေလေသည်။
ချောင်မိဖုရားခေါင်သည် စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ရပ်တန့်၍ပင် မရနိုင်တော့ချေ။
လုမင်ယွိသည်လည်း စိတ်ပေါ့ပါးသွားရသည်။
ယခင်က သူမ တည်ငြိမ်စွာ နေပြခဲ့သည်မှာ တစ်ဝက်လောက် ဟန်ဆောင်ထားခြင်း ဖြစ်သည်။ ခန့်မှန်းချက်ဆိုသည်မှာ သက်သေမရှိသရွေ့ အနှစ်မဲ့သော စကားလုံးများသာပင်။ ကံကောင်းထောက်မစွာ သက်သေအထောက်အထား ရှာတွေ့ခဲ့ပြီဖြစ်ရာ ချောင်မိဖုရားခေါင်နှင့် အိမ်ရှေ့စံတို့၏ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်တော့မည်။
လီဟန်သည် ငယ်ရွယ်သေးသဖြင့် ထိုအကြောင်းအရာများကို နားမလည်သေးပေ။ လီရွှီနှင့် လီရွှမ်းတို့ကတော့ ဝိုးတဝါး နားလည်လိုက်ကြပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ လုမင်ယွိကို မေးလိုက်ကြသည်။ "မေမေ သားတို့ စာသင်ဆောင်ကို ပြန်သွားလို့ရပြီလား"
လုမင်ယွိက အသာအယာ ပြုံးလိုက်သည်။ "ခဏလောက် သည်းခံပြီး စောင့်ပါဦး"
ဤလူသတ်မှုကြီး၏ အမှန်တရား ပေါ်ပေါက်လာမှသာလျှင် ယုံးကျားဧကရာဇ်သည် နန်းတော်ကို ပိတ်ထားသည့်အမိန့်ကို ပြန်လည်ရုပ်သိမ်းပေးလိမ့်မည်။
ချောင်မိဖုရားခေါင်သည် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ လုမင်ယွိကို ပြုံးပြလိုက်သည်။ "မိုးလည်း ချုပ်နေပြီ။ ကလေးတွေကိုခေါ်ပြီး အိမ်ရှေ့စံနန်းဆောင်ကို ပြန်နားလိုက်တော့"
"မူဟုပ်လည်း စောစော အနားယူပါ" လုမင်ယွိ၏ မျက်လုံးများ အရောင်လက်သွားပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်တော့သွားသည်။ "ဝန်ကြီးယောင်က တရားစီရင်ရေးဝန်ကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာတာ။ အမှုစစ်ဆေးရာမှာ အကျွမ်းကျင်ဆုံးပဲ။ အခု သက်သေရပြီဆိုမှတော့ မကြာခင် အမှုမှန် ပေါ်ပေါက်လာတော့မှာပါ"
"ငါတို့ ဘာလုပ်ရမလဲ" ချောင်မိဖုရားခေါင်က စိတ်မရှည်စွာ မေးလိုက်သည်။
လုမင်ယွိက တစ်လုံးတည်း ဖြေလိုက်သည်။ "စောင့်"
ဟုတ်ပါသည်။ သူမတို့ ဘာမှလုပ်စရာမလို။ စောင့်နေရုံသာ။
ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်သည်။
လုမင်ယွိသည် ကလေးများကို ခေါ်ဆောင်ကာ ကျောင်းဖန်နန်းဆောင်မှ ထွက်ခွာလာပြီး အိမ်ရှေ့စံနန်းဆောင်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်ပြန်လာခဲ့သည်။ ကိုယ်လက်သန့်စင်ပြီးနောက် သားငယ်ကိုခေါ်ပြီး အိပ်ရာဝင်လိုက်သည်။ လီဟန်သည် မိခင်၏ရင်ခွင်ထဲတွင် ကျေနပ်စွာ လှဲလျောင်းနေလေသည်။
လီရွှီနှင့် လီရွှမ်းတို့သည် ကုတင်ဘေးတွင် ရစ်သီရစ်သီလုပ်နေပြီး ထွက်မသွားချင်ကြပေ။
သူတို့သည် မိခင်ဖြစ်သူနှင့် ခွဲခွာနေရသည်မှာ ကြာပြီဖြစ်သဖြင့် အလွန်လွမ်းဆွတ်နေကြသည်။ သို့သော် သူတို့ကိုယ်သူတို့ လူကြီးပေါက်စလေးများဟု သတ်မှတ်ထားကြသဖြင့် ဖွင့်ပြောရန် ရှက်ရွံ့နေကြခြင်း ဖြစ်သည်။
လုမင်ယွိသည် သဘောကျသွားပြီး သားသမီးများကို လက်ယပ်ခေါ်လိုက်သည်။ "လာကြ။ ကုတင်က အကျယ်ကြီးပဲ။ အတူတူ လာအိပ်ကြ"
လီရွှမ်း၏ မျက်လုံးများ အရောင်လက်သွားပြီး ပျော်ရွှင်စွာ ကုတင်ပေါ်တက်ကာ အတွင်းဘက်သို့ ဝင်အိပ်လိုက်သည်။
လီရွှီကတော့ မူနေသေးသည်။ "ဆရာက ပြောဖူးတယ်။ သမီးမိန်းကလေးက ကြီးလာရင် ဖခင်ကို ရှောင်ရမယ်။ သားယောက်ျားလေးက ကြီးလာရင် မိခင်ကို ရှောင်ရမယ်တဲ့။ သားက ဒီနှစ် ခုနစ်နှစ်တောင် ရှိပြီ။ မေမေနဲ့ အတူအိပ်တာ မသင့်တော်တော့ဘူး ထင်တယ်"
လုမင်ယွိက သားဖြစ်သူကို ပြုံးစစ မျက်စောင်းထိုးလိုက်သည်။ "သားက အခုမှ ခုနစ်နှစ်ပဲ ရှိသေးတာ။ မိခင်ကို ရှောင်ရမယ့်အရွယ် မရောက်သေးပါဘူး။ ပြီးတော့ နေ့တိုင်း အတူအိပ်နေတာမှ မဟုတ်တာ။ တစ်ခါတစ်လေပဲဟာ။ မြန်မြန် လာခဲ့"
လီရွှီသည် ပျော်ရွှင်စွာ ကုတင်ပေါ်သို့ တက်လာလေသည်။
ကုတင်ကြီးသည် ကျယ်ဝန်းလှသဖြင့် သားအမိလေးယောက် အတူအိပ်သော်လည်း ကျပ်ကျပ်တည်းတည်း မဖြစ်ပေ။
လီဟန်သည် မိခင်ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်မောကျနေပြီဖြစ်သည်။ လုမင်ယွိသည် လီဟန်၏ ဆံပင်လေးများကို ပွတ်သပ်ပေးရင်း သားသမီးများနှင့် တိုးတိုးလေး စကားပြောနေသည်။ မကြာမီတွင် သူမပါ အိပ်ပျော်သွားလေတော့သည်။
...
ထိုညတွင် လုမင်ယွိသည် နှစ်ခြိုက်စွာ အိပ်ပျော်နေသော်လည်း လူအများအပြားမှာမူ တစ်ညလုံး အိပ်မပျော်နိုင်ကြချေ။
ယုံးကျားဧကရာဇ်သည် သလွန်တော်ပေါ်တွင် တောင့်တောင့်ကြီး လှဲလျောင်းနေပြီး မျက်လုံးများက ကုတင်အမိုးကို စိုက်ကြည့်နေလေသည်။ တစ်ရက်တည်းနှင့် ယုံးကျားဧကရာဇ်သည် ဆယ်နှစ်ကျော်မျှ အိုမင်းသွားသကဲ့သို့ ဖြစ်နေပြီး သူ၏ ခွန်အားနှင့် စိတ်ဓာတ်တို့ ဆုတ်ယုတ်သွားပုံရသည်။
စစ်သူကြီးလျန်သည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက နန်းတော်ထဲတွင် နေထိုင်ခဲ့သည်။ နေ့ဘက်တွင် သလွန်တော်နားတွင် စောင့်ကြပ်ပြီး ညဘက်တွင် အပြင်ခန်း၌ အိပ်စက်လေသည်။
ညစောင့်တာဝန်ကျသူမှာ လျိုကုန်းကုန်းဖြစ်သည်။
ယုံးကျားဧကရာဇ်သည် အခြားသူများကို မယုံကြည်သဖြင့် လျိုကုန်းကုန်းသည် ညပေါင်းများစွာ ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ရရာ မျက်လုံးများပင် နီရဲနေလေပြီ။ သို့သော် ဤကဲ့သို့ တစ်ဦးတည်းသော ယုံကြည်မှုကို ရရှိထားသဖြင့် လျိုကုန်းကုန်းသည် ငြင်းဆန်ခြင်းမရှိဘဲ ဧကရာဇ်၏ အနားတွင်သာ နေလိုလေသည်။
"အရှင်မင်းကြီး" သန်းခေါင်ယံ အချိန်တွင် လျိုကုန်းကုန်းသည် သတ္တိမွေးကာ ယုံးကျားဧကရာဇ်ကို နှစ်သိမ့်စကား ဆိုလိုက်သည်။ "ကျွန်တော်မျိုး မဝံ့မရဲ လျှောက်တင်ပါရစေ။ အရှင်မင်းကြီး ဒီကိစ္စအတွက် အရမ်း ဝမ်းနည်းပူဆွေးမနေပါနဲ့"
"လောကကြီးမှာ စိတ်တိုင်းမကျစရာတွေက အများကြီးပါပဲ။ ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာမှတော့ အရှင်မင်းကြီး ဘယ်လောက်ပဲ ဒေါသထွက်ထွက် ဘာမှမတတ်နိုင်တော့ပါဘူး။ ကျန်းမာရေးကို ငဲ့ညှာပြီး စိတ်လျှော့ကာ ကောင်းကောင်း အနားယူပါတော့"
ယုံးကျားဧကရာဇ်သည် ဘာမှမကြားသကဲ့သို့ တုံ့ပြန်မှုမရှိပေ။
လျိုကုန်းကုန်းက နောက်ထပ် စကားအနည်းငယ် ထပ်ပြောသော်လည်း တုံ့ပြန်မှုမရှိသဖြင့် ပါးစပ်ပိတ်ထားလိုက်ရသည်။
အချိန်အတော်ကြာမှ ယုံးကျားဧကရာဇ်၏ သက်ပြင်းချသံ ထွက်ပေါ်လာသည်။ ထိုသက်ပြင်းသံသည် အလွန်ဝမ်းနည်းဖွယ် ကောင်းလှသည်။ "ကျန်းက ကိုယ့်ကိုယ်ကိုယ် ဖခင်ကောင်းတစ်ယောက်လို့ အမြဲထင်ခဲ့တာ"
"ကျန်း မှားသွားတယ်။ ကျန်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့တယ်"
လျိုကုန်းကုန်းသည် ရင်ထဲတွင် နာကျင်သွားပြီး ကုတင်ဘေးတွင် ဒူးထောက်လိုက်သည်။ "အရှင်မင်းကြီး စိတ်ထဲ မသက်မသာဖြစ်ရင် ကျွန်တော်မျိုးကို ဆဲဆိုပြီး ဒေါသဖြေလိုက်ပါ"
ယုံးကျားဧကရာဇ်သည် ခေါင်းကို ခဲယဉ်းစွာ စောင်းလိုက်ပြီး လျိုကုန်းကုန်းကို ပြောလိုက်သည်။ "ကျန်းက သားတွေကြောင့် ဒေါသထွက်ရတာ။ မင်းနဲ့ ဘာဆိုင်လို့လဲ။ ထပါ"
လျိုကုန်းကုန်းက မထဘဲ ဆက်လက် ဒူးထောက်နေသည်။ "အရှင်မင်းကြီး ဒီလိုဖြစ်နေတာကို ကြည့်ရတာ ကျွန်တော်မျိုး စိတ်မကောင်းပါဘူး။ ကျွန်တော်မျိုး ဒီမှာပဲ ဒူးထောက်နေပါမယ်။ အရှင်မင်းကြီး ဆဲချင်ရင် ဆဲလိုက်ပါ။ ရင်ထဲ ပေါ့သွားအောင်လို့ပါ"
ဒါမှ တကယ့် သစ္စာရှိသော အစေခံပေတည်း။
ဘေးတွင် တိတ်ဆိတ်စွာ စောင့်ကြပ်နေသော လျန်ကျန်း ကဲ့သို့ပင်။
ယုံးကျားဧကရာဇ်သည် လက်ကို မြှောက်ချင်သော်လည်း ခန္ဓာကိုယ်က မလိုက်နာဘဲ မလှုပ်ရှားနိုင်သဖြင့် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ရသည်။
ယနေ့တွင် တရားစီရင်ရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီးကျူး နန်းတော်သို့ ဝင်ရောက်လာပြီး အစီရင်ခံခဲ့သည်။ မှုခင်းသမားတော်သည် လီချန်၏ အလောင်းကို အသေးစိတ် စစ်ဆေးခဲ့ရာ အဆိပ်မိပြီး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထိုအဆိပ်သည် အလွန်ပြင်းထန်ပြီး လည်ချောင်းကို ပိတ်ဆို့စေကာ အဆိပ်သောက်ပြီးသည်နှင့် အသက်ရှူရပ်ရန် အချိန်အနည်းငယ်သာ ကြာမြင့်လေသည်။ အဆိပ်တက်ချိန်တွင် ဒွါရခုနစ်ပေါက်လုံးမှ သွေးများထွက်ကာ သေဆုံးပုံ အလွန်ဆိုးရွားလှသည်။
မှုခင်းသမားတော်သည် လီချန်၏ ခေါင်းမှ ကျောက်စိမ်းသရဖူထဲတွင် လျှို့ဝှက်အခန်းငယ်တစ်ခုကို တွေ့ရှိခဲ့သည်။ ထိုအခန်းငယ်သည် ဆန်စေ့တစ်စေ့စာ ဆေးလုံးလေး တစ်လုံး ထည့်နိုင်သည့် အရွယ်အစား ရှိလေသည်။
ထို့ကြောင့် လီချန်သည် ကိုယ့်ဘာသာ အဆိပ်သောက်ခဲ့ခြင်းဖြစ်ပြီး တုန်းပင်ကျွင်း၊ ဝန်ကြီးယောင်တို့နှင့် မသက်ဆိုင်ပေ။ ချောင်မိဖုရားခေါင်နှင့် အိမ်ရှေ့စံတို့နှင့်လည်း ပတ်သက်မှု မရှိချေ။
လီချန် ဘာကြောင့် အဆိပ်သောက်ခဲ့ရတာလဲ။
ဤမေးခွန်းသည် ယုံးကျားဧကရာဇ်၏ လည်ချောင်းတွင် စူးတစ်ချောင်းကဲ့သို့ စိုက်ဝင်နေလေသည်။
သူ့စိတ်ထဲတွင် အဖြေရပြီးသားပင်။
သို့သော်လည်း ဤအမှုကို စစ်ဆေးရန် ဝန်ကြီးယောင်ကို တာဝန်ပေးအပ်လိုက်သည်။
ခိုင်လုံသော သက်သေအထောက်အထား ရှာတွေ့မှ ဖြစ်မည်။ အနည်းဆုံးတော့ လီဟောက် ကိုယ်တိုင် ဝန်ခံလာအောင် လုပ်ရမည်။
...
ဝန်ကြီးယောင်နှင့် တုန်းပင်ကျွင်းတို့သည် နန်းတော်မှ ထွက်လာပြီးနောက် အိမ်မပြန်ကြဘဲ တော်ဝင်မိသားစုရေးရာရုံးသို့ အတူသွားကြသည်။
နှစ်ရက်နှင့် တစ်ညကြာ အကျဉ်းချခံထားရသဖြင့် တုန်းပင်ကျွင်းသည် ယခင်ကကဲ့သို့ ဟိတ်ဟန်ထုတ်နိုင်ခြင်း မရှိတော့ဘဲ မျက်နှာဖြူဖျော့ကာ လည်ပင်းညှစ်ခံထားရသော ဘဲတစ်ကောင်ကဲ့သို့ အသက်ထွက်လုနီးပါး ဖြစ်နေသည်။
သူနှင့်ယှဉ်လျှင် ဝန်ကြီးယောင်က ပိုပြီး လန်းဆန်းနေသည်။ သူသည် တရားစီရင်ရေးဝန်ကြီးဌာနကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာသူဖြစ်ပြီး လူသတ်မှုပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးသူ ဖြစ်သည်။ စိတ်ဓာတ်ကြံ့ခိုင်မှုတွင် တုန်းပင်ကျွင်းက သူ့ကို မယှဉ်နိုင်ပေ။
နှစ်ယောက်သား မြင်းလှည်းတစ်စီးတည်း အတူစီးလာကြရာ အပြန်အလှန် စကားပြောဖြစ်ကြသည်။
"ဒီရလဒ်က တကယ်ပဲ မထင်မှတ်ထားဘူး" တုန်းပင်ကျွင်းက သက်ပြင်းချလိုက်သည်။ "ပဉ္စမမင်းသားက ကိုယ့်ဘာသာ အဆိပ်သောက်သေသွားလိမ့်မယ်လို့ ကျွန်တော် ဘယ်လိုမှ မထင်ထားဘူး"
ဝန်ကြီးယောင်၏ မျက်လုံးများ အရောင်လက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ပဉ္စမမင်းသားက သူများလိမ်တာကို ခံလိုက်ရပြီး အဆိပ်မှားသောက်မိတာပါ။ သေတဲ့အထိတောင် ဘာမှန်းမသိဘဲ သေသွားရရှာတာ"
တုန်းပင်ကျွင်း၏ မျက်နှာသည် တည်ကြည်လေးနက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ "တတိယမင်းသားနဲ့ ပဉ္စမမင်းသားက အမေတူအဖေတူ ညီအစ်ကိုအရင်းတွေလေ။ သံယောဇဉ်ကြီးတယ်ဆိုတာ လူတိုင်းသိတာပဲ။ တတိယမင်းသားက ပဉ္စမမင်းသားကို အဆိပ်သောက်ဖို့ လိမ်ညာပြောဆိုတယ်ဆိုတာ တကယ် ယုံရခက်လိုက်တာ"
ဝန်ကြီးယောင်က တုန်းပင်ကျွင်းကို တစ်ချက်ကြည့်လိုက်သည်။ "တတိယမင်းသားကို တိုက်ရိုက်သွားမေးရင် သူငြင်းဖို့ အကြောင်းပြချက်တွေ အများကြီး ရှိနေမှာပဲ။ ဒါကြောင့် တခြားနည်းလမ်းသုံးပြီး တတိယမင်းသား ဝန်ခံလာအောင် လုပ်ရမယ်"
တုန်းပင်ကျွင်း ကြောင်သွားသည်။ "ဘာနည်းလမ်းလဲ"
ဝန်ကြီးယောင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဒီကိစ္စကို ဝမ်ရယ်က ပူးပေါင်းကူညီပေးရမယ်..."
ထိုသို့ဖြင့် အစီအစဉ်များကို ပြောပြလိုက်သည်။
တုန်းပင်ကျွင်းသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ခေါင်းညိတ်သဘောတူလိုက်သည်။ "ကောင်းပြီ။ ဝန်ကြီးယောင် ပြောတဲ့အတိုင်း လုပ်ကြတာပေါ့"
...