အခန်း (၆၂၈-၆၃၀)
Vol. 42 Ch. 628-630
အပိုင်း (၆၂၈) စစ်ဆေးခြင်း (၁)
တော်ဝင်မိသားစုရေးရာရုံး။
အကျဉ်းထောင်။
တစ်ချောင်းတည်းသော ဖယောင်းတိုင်မီးက မှိန်ဖျော့ဖျော့ အလင်းရောင်ကို ပေးနေသည်။
တတိယမင်းသား လီဟောက်သည် ကုတင်ပေါ်တွင် လှဲလျောင်းကာ အတွင်းဘက်သို့ မျက်နှာမူထားပြီး စိတ်ထဲတွင် ရက်ရေတွက်နေလေသည်။
ဆယ့်ငါးရက်။ ဒီနေ့ဆို ဆယ့်ငါးရက် ရှိပြီ။
အချိန်တွက်ကြည့်လျှင် ချန်မိသားစုဝင်တွေရဲ့ အလောင်းကို ရှာတွေ့လောက်ရောပေါ့။ တရားစီရင်ရေးဝန်ကြီးဌာနက လူတွေက လီချန်ကို သွားမေးပြီးကြပြီလား မသိဘူး။ လီချန်က သူ မှာထားတဲ့အတိုင်း ကျောက်စိမ်းသရဖူထဲက "အဆိပ်အတု" ကို ထုတ်သောက်လိုက်ပြီလား မသိဘူး။
လွန်ခဲ့သော သုံးနှစ်ကတည်းက သူသည် လူမသိအောင် တိတ်တဆိတ် အစီအစဉ်များ ရေးဆွဲခဲ့သည်။ ချန်မိသားစုနှင့် ဆက်သွယ်ကာ ကျန်းနန်ဒေသက မိသားစုဟောင်းများနှင့် ချိတ်ဆက်ခဲ့သည်။
လီကျင့်ကတော့ ကံကောင်းထောက်မစွာဖြင့် ထိုညက လုပ်ကြံမှုမှ လွတ်မြောက်သွားခဲ့သည်။ လူသတ်သမားများ ဝိုင်းရံတိုက်ခိုက်နေချိန်တွင်ပင် လုမင်ယွိက မိုင်ထောင်ချီဝေးသော နေရာမှ စစ်တပ်ကို ဦးဆောင်လာပြီး ခင်ပွန်းသည်ကို ကယ်တင်နိုင်ခဲ့သည်။ လူတစ်ယောက်နှင့် တစ်ယောက်၏ ကံကြမ္မာသည် တကယ်ပင် မတူညီကြပေ။
တူညီသော မင်းသားများ ဖြစ်ကြသော်လည်း သူသည် လီကျင့်ထက် လပိုင်းသာ ငယ်သော်ငြား ကံကြမ္မာ ကွာခြားချက်က မိုးနှင့် မြေကြီးပမာ ဖြစ်နေသည်။
ဇနီးသည်ကို လုယူသွားသည့် အမုန်းတရား၊ မိခင်ကို သတ်သွားသည့် အငြိုးအတေးနှင့် နှုတ်မှ ထုတ်ဖော်မပြောနိုင်သော မနာလိုဝန်တိုမှုတို့ကြောင့် သူသည် လီကျင့်ကို အရိုးထဲစွဲအောင် မုန်းတီးနေလေသည်။ လီကျင့်ကို သတ်ဖြတ်ရန် ကိစ္စသည် သူ့စိတ်ထဲတွင် စွဲလမ်းမှုကြီးတစ်ခု ဖြစ်လာခဲ့သည်။ ထို့အတွက်ကြောင့် သူသည် လီချန်၏ အသက်ကိုပါ စတေးရန် ဝန်မလေးတော့ချေ။
လီချန်အပေါ်ထားရှိသော သူ့သံယောဇဉ်သည် အလွန် ရှုပ်ထွေးလှသည်။ လီချန်ကို ဂရုစိုက်ခြင်းသည် အရိုးထဲစွဲနေသော အလေ့အကျင့်တစ်ခု ဖြစ်နေပြီး သူ မည်မျှပင် မုန်းတီးပါစေ ပြောင်းလဲ၍ မရနိုင်ပေ။
ဒီနှစ်ပိုင်းတွေမှာ သူ လီချန်အပေါ် အထူးသဖြင့် ကောင်းပေးခဲ့သည်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့ကျရင် သူ လီချန်ကို သေမင်းဆီ ပို့ပေးရတော့မှာကို ကြိုသိနေလို့ပဲ။
လီချန် အရင်ဘဝက လုပ်ခဲ့တဲ့ မကောင်းမှုတွေကို တွေးကြည့်ရင် ဒီလို အဆုံးသတ်မျိုးနဲ့ ထိုက်တန်ပါတယ်။
ဒီဆယ်ရက်ကျော် ကာလအတွင်း သူသည် မြေတိုက်ခန်းထဲတွင် တစ်ဦးတည်း အကျဉ်းချခံထားရသည်။ အပြင်လောကတွင် ဘာတွေဖြစ်ပျက်နေသည်ကို လုံးဝ မသိရှိရပေ။ ခန့်မှန်းတွက်ချက်မှုဖြင့်သာ အခြေအနေကို သုံးသပ်နေရသည်။
တိတ်ဆိတ်နေသော ညဉ့်နက်သန်းခေါင်တွင် ရုတ်တရက် ထွက်ပေါ်လာသော ခြေသံများသည် နားထဲတွင် စူးရှနေလေသည်။
လီဟောက်၏ နှလုံးခုန်သံ မြန်ဆန်သွားသော်လည်း လှည့်ကြည့်ချင်စိတ်ကို ထိန်းချုပ်ကာ အိပ်ပျော်နေဟန် ဆောင်လိုက်သည်။
ဂျောက် ဂျောက်။
သံတံခါးသော့ ဖွင့်သံဖြစ်သည်။
ဒီအချိန်ထိ အိပ်ချင်ယောင်ဆောင်နေရင် သိပ်မကောင်းတော့ဘူး။
လီဟောက်သည် လန့်နိုးသွားဟန်ဆောင်ကာ ကုတင်ကျဉ်းလေးပေါ်တွင် တစ်ဖက်သို့ လှည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် သတိထားကြည့်ရှုကာ အေးစက်စွာ မေးလိုက်သည်။ "ဒီလောက် ညဉ့်နက်နေပြီ။ ဦးရီးတော်နဲ့ ဝန်ကြီးယောင်တို့ ဘာလာလုပ်ကြတာလဲ"
လာသူများမှာ တုန်းပင်ကျွင်းနှင့် ဝန်ကြီးယောင်တို့ ဖြစ်ကြသည်။
တုန်းပင်ကျွင်း၏ မျက်နှာသည် နာကျင်ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေပြီး မယုံနိုင်စရာ ကောင်းလောက်အောင် တုန်လှုပ်ချောက်ချားနေသော အကြည့်များဖြင့် ကြည့်လိုက်သည်။ "လီဟောက်... မင်း လီချန်ကို ဒီလို ရက်ရက်စက်စက် လုပ်လိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး"
ဒုန်း ဒုန်း ဒုန်း။
ရင်ဘတ်ကို ကျောက်တုံးကြီးဖြင့် ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဝှက်ထားသော လျှို့ဝှက်ချက် ရုတ်တရက် ပေါ်ပေါက်သွားသဖြင့် လီဟောက် မည်မျှပင် ဟန်ဆောင်ကောင်းစေကာမူ မျက်နှာ အရောင်ပြောင်းသွားသည်ကို မထိန်းချုပ်နိုင်တော့ပေ။
ဝန်ကြီးယောင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ လီဟောက်၏ ချောမောသော မျက်နှာကို စူးစိုက်ကြည့်နေလေသည်။
တုန်းပင်ကျွင်းသည် လီဟောက်၏ တုံ့ပြန်မှုကို မစောင့်ဘဲ ဆက်ပြောလိုက်သည်။ "ချန်မိသားစု တစ်ခုလုံး အသတ်ခံလိုက်ရပြီး ကယ်ကုန်းကုန်းရဲ့ အိမ်မှာ အလောင်းတွေ တွေ့တယ်။ တရားစီရင်ရေးက ကယ်ကုန်းကုန်းကို သွားဖမ်းတော့ ကယ်ကုန်းကုန်းက အဆိပ်သောက် သေသွားတယ်။ ဝန်ကြီးယောင် ကိုယ်တိုင် တော်ဝင်မိသားစုရေးရာရုံးကို လာပြီး ပဉ္စမမင်းသားကို စစ်ဆေးမေးမြန်းခဲ့တယ်"
ဤအဖြစ်အပျက်များသည် တကယ်ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်ခန့်က ဖြစ်ပျက်ခဲ့ခြင်းသာ။
မည်သို့ပင်ဖြစ်စေ လီဟောက်သည် မြေတိုက်ထောင်ထဲတွင် တစ်ယောက်တည်း အကျဉ်းချခံထားရသဖြင့် လီချန် တကယ်သေသွားသည်ကို မသိရှိနိုင်ပေ။ တုန်းပင်ကျွင်းသည် ဝန်ကြီးယောင် မှာကြားထားသည့်အတိုင်း ဆက်ပြောလိုက်သည်။
"ပဉ္စမမင်းသားက အပြစ်ကို ဝန်မခံဘဲ အဆိပ်သောက်သေဖို့ ကြိုးစားခဲ့တယ်။ ကံကောင်းလို့ လူတွေက သူ့ကို အမြဲ စောင့်ကြည့်နေကြတာမို့ အဆိပ်မသောက်ခင်မှာပဲ တားဆီးနိုင်ခဲ့တယ်။ ပဉ္စမမင်းသား မသေဘဲ အကုန်လုံးကို ဖွင့်ပြောလိုက်ပြီ"
"လီဟောက် မင်း တကယ်ကို ရက်စက်လွန်းတယ်။ မင်းရဲ့အပြစ် လွတ်ဖို့အတွက် ပဉ္စမမင်းသားကို လိမ်ညာပြီး အပြစ်ပုံချဖို့ လုပ်တယ်။ ပြီးတော့ အဆိပ်က အတုပါလို့ လိမ်ပြောသေးတယ်။ ဝန်ကြီးယောင်က အဲဒီအဆိပ်ကို စစ်ဆေးကြည့်တော့ အရမ်းပြင်းထန်တဲ့ အဆိပ်ဖြစ်နေတယ်။ ပါးစပ်ထဲရောက်တာနဲ့ ခဏလေးအတွင်း ဒွာရခုနစ်ပေါက်လုံးကနေ သွေးထွက်ပြီး သေစေနိုင်တယ်"
"ကိုယ့်ညီအရင်းခေါက်ခေါက်ကို ဒီလိုလုပ်ရက်တယ်နော်"
တုန်းပင်ကျွင်းသည် ရင်နာစွာ ပြောဆိုရင်း မျက်လုံးများ နီရဲလာပြီး အသံများပါ အက်ကွဲလာသည်။
လီဟောက်၏ စိတ်နှလုံးသည် ချက်ချင်း လေးလံသွားပြီး မျက်နှာ ဖြူဖျော့သွားကာ ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးနေတော့သည်။
လီချန် မသေဘူးလား။
လီချန်ရဲ့ တုံးအမှုကို ကြည့်ရင် အဆိပ်သောက်ဖို့ လုပ်တုန်း လူမိသွားတာ ဖြစ်နိုင်တယ်။ လီချန် ပါးစပ်ဟလာပြီဆိုရင်တော့ သူ လုပ်ခဲ့သမျှ အကုန်ပေါ်ကုန်တော့မယ်။
နေဦး... တုန်းပင်ကျွင်း ပြောတာ အမှန်လား။ ဒါမှမဟုတ် သူ့ကို လိမ်နေတာလား။
လီဟောက်သည် ဝမ်းနည်းပူဆွေးနေသော တုန်းပင်ကျွင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော ဝန်ကြီးယောင်ကို လှမ်းကြည့်လိုက်သည်။
ဝန်ကြီးယောင်၏ မျက်နှာတွင် မည်သည့် ခံစားမှုမျှ မပေါ်လွင်ပေ။ မျက်လုံးများကတော့ သူ့ကို စိုက်ကြည့်နေပြီး မျက်နှာအမူအရာ ပြောင်းလဲမှုကို ဖမ်းဆုပ်ရန် ကြိုးစားနေပုံရသည်။
လီဟောက်၏ ရင်ဘတ်ထဲတွင် ထပ်မံ၍ ဒိန်းခနဲ ခုန်သွားပြန်သည်။
မဟုတ်ဘူး။
သူတို့ သူ့ကို လိမ်နေကြတာ။
လီချန်က သူ့ကို သစ္စာဖောက်မှာ မဟုတ်ဘူး။
လီချန် အဆိပ်သောက်ပြီး သေလောက်ရောပေါ့။ သက်သေမရှိတော့လို့ သူတို့က သူ့ကို ခြိမ်းခြောက်ပြီး ဝန်ခံခိုင်းနေကြတာ။
"ဦးရီးတော်... ကျွန်တော် ဝူတိအပေါ် ဘယ်လိုဆက်ဆံသလဲဆိုတာ ဦးရီးတော် သိပါတယ်" လီဟောက်သည် စိတ်ကို ငြိမ်အောင်ထားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ထိုက်ဇီကို လုပ်ကြံတဲ့ကိစ္စကို ကျွန်တော် ဝန်ခံပြီးသားပါ။ ဝူတိနဲ့ မဆိုင်ပါဘူး။ ဝူတိကို လိမ်ညာပြီး အပြစ်ပုံချတယ်တို့ အဆိပ်သောက်ခိုင်းတယ်တို့ ဆိုတာတွေက ယုတ္တိမရှိပါဘူး"
"ဒီလို လုပ်ဇာတ်ခင်း ပြောနေတာတွေကို ကျွန်တော် တစ်လုံးမှ မယုံဘူး"
"ဝူတိ ဘယ်မှာလဲ။ သူ့ကို ကျွန်တော့်ဆီ ခေါ်လာခဲ့။ ကျွန်တော် အခု သူ့ကို တွေ့ချင်တယ်"
တုန်းပင်ကျွင်း "..."
သွားပြီ။ လုံးဝ လိမ်လို့မရဘူး။ ခုနက သူ ပြောခဲ့သမျှ အလကား ဖြစ်ကုန်ပြီ။
တုန်းပင်ကျွင်း စိတ်ထဲတွင် ညည်းတွားလိုက်မိပြီး ဝန်ကြီးယောင်ကို အကြည့်ဖြင့် အကူအညီတောင်းလိုက်သည်။
ဘယ်လို ဆက်လုပ်မလဲ။
ဆက်ပြောဦးမလား။
ဝန်ကြီးယောင်သည် မျက်နှာအမူအရာ မပျက်ဘဲ အကြည့်ပြန်ပို့လိုက်သော်လည်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
သူ့အတွေ့အကြုံအရ လီဟောက် လိမ်ပြောနေမှန်း သိသာသည်။ သို့သော် လီဟောက်သည် စိတ်ဓာတ်ကြံ့ခိုင်ပြီး ဉာဏ်ကောင်းကာ ဟန်ဆောင်ကောင်းသူ ဖြစ်သဖြင့် အပြစ်ဝန်ခံအောင် လုပ်ရန် ခက်ခဲလှသည်။
တုန်းပင်ကျွင်းသည် ဆက်ပြောရတော့သည်။ "ကျွန်တော်တို့ ပဉ္စမမင်းသားရဲ့ ခန္ဓာကိုယ်ကို သေသေချာချာ ရှာဖွေခဲ့တယ်။ သူ့ရဲ့ ကျောက်စိမ်းသရဖူထဲက လျှို့ဝှက်ခန်းကို တွေ့ခဲ့တယ်။ ပဉ္စမမင်းသားက ဝန်ခံပြီးပြီ။ ကျောက်စိမ်းသရဖူက မင်း ပေးထားတာတဲ့။ အဲဒီအထဲက အဆိပ်လုံးကလည်း မင်း ပေးတာတဲ့။ အဲဒီအဆိပ်က အတုပါ၊ သောက်ပြီးရင် လာကယ်မယ့်သူ ရှိတယ်၊ အဲဒီကျရင် ဟွမ်ဟုပ်နဲ့ ထိုက်ဇီ အဆိပ်ခတ်တယ်လို့ စွပ်စွဲလို့ရပြီလို့ မင်း ပြောခဲ့တယ်မလား"
ထို့နောက် အသံကုန်ဟစ်ကာ ပြောလိုက်သည်။ "သက်သေအထောက်အထား ခိုင်လုံနေပြီ။ လီဟောက် မင်း ငြင်းချင်သေးလား"
ကျောက်စိမ်းသရဖူ ဆိုသော စကားလုံးကို ကြားလိုက်ရသည့်အခါ လီဟောက်၏ မျက်ခွံများ လှုပ်ရှားသွားပြီး စိတ်နှလုံး လေးလံသွားတော့သည်။
သို့သော် ဒီအချိန်ရောက်မှတော့ ဝန်ခံဖို့ မဖြစ်နိုင်တော့ပေ။
လီဟောက် သက်ပြင်းချလိုက်ပြီး နာကျင်စွာ ပြောလိုက်သည်။ "ဦးရီးတော် ပြောတာတွေက ပိုပြီး ယုတ္တိမရှိတော့ဘူး။ မလုပ်တဲ့ကိစ္စကို ကျွန်တော် ဘယ်လိုလုပ် ဝန်ခံရမှာလဲ"
"ဦးရီးတော် ကျွန်တော့်ကို မယုံရင် လီချန်ကို ခေါ်လာပြီး မျက်နှာချင်းဆိုင် မေးကြည့်ပါ"
လီချန် သေတာ နှစ်ရက်ရှိပြီ။ အလောင်းတောင် ခွဲစိတ်စစ်ဆေးပြီးလို့ ပြန်ချုပ်ထားရတာ။ ဘယ်လိုလုပ် မျက်နှာချင်းဆိုင် မေးမလဲ။
တုန်းပင်ကျွင်း ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။ "လီဟောက် ငါ မင်းကို မျက်နှာသာပေးချင်လို့ ဒီလောက်ပြောနေတာ။ အကောင်းပြောမရရင် အဆိုးနဲ့တွေ့မယ်နော်"
လီဟောက်သည် တုန်းပင်ကျွင်းကို စိုက်ကြည့်နေပြီး စကားမပြောပေ။
ရုတ်တရက် လီဟောက်သည် ရှေ့သို့ တိုးဝင်လာပြီး တုန်းပင်ကျွင်း၏ ရင်ဘတ်ကို ဆွဲကိုင်ကာ ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည်။ "လီချန် ဘယ်မှာလဲ။ သူ... မင်းတို့လက်ချက်နဲ့ သေသွားပြီမလား"
လီဟောက်၏ မျက်လုံးများ နီရဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များ ထွက်ပေါ်နေကာ လည်ပင်းကို ကိုက်ဖြတ်တော့မည့် သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
တုန်းပင်ကျွင်း တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ယောင်ယမ်းကာ ပြောလိုက်မိသည်။ "သူက အဆိပ်သောက်ပြီး သေတာ။ ငါတို့နဲ့ မဆိုင်ဘူး"
ဝန်ကြီးယောင် "..."
...
အပိုင်း (၆၂၉) စစ်ဆေးခြင်း (၂)
လီချန် တကယ် သေသွားပြီလား!
လီဟောက်၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များ စီးကျလာလေသည်။
သူ့စိတ်ထဲတွင် လီချန်ကို မုန်းတီးသည်က အမှန်ဖြစ်သော်လည်း ချစ်ခင်ကာကွယ်ပေးခဲ့သည်မှာလည်း ဟန်ဆောင်မှုသက်သက် မဟုတ်ချေ။ အစ်ကိုကြီးသည် ဖခင်သဖွယ် ဖြစ်ရာ နှစ်ပေါင်းများစွာ သူသည် လီချန်အတွက် အစ်ကိုကြီးတစ်ယောက် သာမက ဖခင်တစ်ဝက်သဖွယ် ဖြစ်ခဲ့သည်။
ရင်ထဲတွင် ဒေါသနှင့် ကြောက်ရွံ့မှုများ ရောနှောကာ ဆူပွက်လာပြီး သူ့ကို ဆုတ်ဖြဲပစ်လုမတတ် ဖြစ်နေသည်။
လီဟောက်သည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ တုန်းပင်ကျွင်း၏ မျက်နှာကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။
တုန်းပင်ကျွင်းသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့ လန်ကျသွားကာ နှာခေါင်းသွေးများ ဒလဟော စီးကျလာလေသည်။ နှာခေါင်းရိုး ကျိုးသွားသည်လား မသိနိုင်ပေ။
လီဟောက်က နောက်ထပ်တစ်ချက် ထပ်ထိုးရန် ပြင်လိုက်စဉ် ဘေးနားရှိ ကိုယ်ရံတော်များ ပြေးဝင်လာပြီး ဝိုင်းဝန်း တားဆီးလိုက်ကြသည်။ လီဟောက်သည် ဒေါသကြောင့် စိတ်လွတ်နေပုံရပြီး မျက်လုံးများ နီရဲကာ ကိုယ်ရံတော်များနှင့် အတင်း ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။
တုန်းပင်ကျွင်းသည် မျက်နှာကို အုပ်ကာ ညည်းညူအော်ဟစ်နေသည်။
ဝန်ကြီးယောင်သည် မျက်မှောင်ကြုတ်လျက် တုန်းပင်ကျွင်းကို တွဲထူလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "ဝမ်ရယ် အဆင်ပြေရဲ့လား"
တုန်းပင်ကျွင်းက အော်ဟစ်နေသည်။ "နာတယ်... နာလိုက်တာ။ ငါ့နှာခေါင်း ကျိုးသွားပြီထင်တယ်"
ဝန်ကြီးယောင်လည်း မတတ်နိုင်တော့ဘဲ သမားတော်ကို ချက်ချင်း သွားခေါ်ခိုင်းလိုက်ရသည်။
အရိုက်ခံရသူ မဟုတ်သောကြောင့်လား သို့မဟုတ် စိတ်ဓာတ်ခိုင်မာသူ ဖြစ်သောကြောင့်လား မသိသော်လည်း ဝန်ကြီးယောင်သည် လျင်မြန်စွာ တည်ငြိမ်သွားသည်။ သူသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အသံကုန်ဟစ်ကာ တားလိုက်သည်။ "ရပ်လိုက်စမ်း"
ကိုယ်ရံတော်များသည် ဆက်လက် တိုက်ခိုက်ခြင်းမပြုရဲတော့ဘဲ နောက်ဆုတ်သွားကြသည်။
လီဟောက်သည် ရူးသွပ်နေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ကိုယ်ရံတော်တစ်ဦးကို လိုက်မီသွားကာ ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ ကံဆိုးသော ကိုယ်ရံတော်သည် နာကျင်စွာ အော်ဟစ်ပြီး လဲကျသွားလေသည်။
ဝန်ကြီးယောင် ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။ "တတိယမင်းသား ရပ်လိုက်ပါ"
လီဟောက်သည် လုံးဝ မကြားသကဲ့သို့ ဆက်လက် တိုက်ခိုက်နေသည်။
ဝန်ကြီးယောင်သည် ဒေါသထွက်လွန်းသဖြင့် အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။ "မင်းတို့ကောင်တွေ မြန်မြန်လုပ်ကြ။ တတိယမင်းသားကို ဖမ်းချုပ်လိုက်စမ်း"
ကိုယ်ရံတော်များလည်း ဒေါသထွက်နေကြပြီ ဖြစ်သည်။ ဝန်ကြီးယောင်၏ အမိန့်ကို ကြားလိုက်ရသဖြင့် အားနာနေစရာမလိုတော့ဘဲ လီဟောက်ကို ဝိုင်းရံကာ အားကုန်သုံး၍ တိုက်ခိုက်ကြတော့သည်။
ဤကိုယ်ရံတော်များသည် တော်ဝင်မိသားစုရေးရာရုံး၏ အတော်ဆုံး လက်ရွေးစင်များ ဖြစ်ကြသည်။ တစ်ယောက်ချင်း တိုက်ခိုက်လျှင် လီဟောက်ကို နိုင်ချင်မှ နိုင်မည်ဖြစ်သော်လည်း ၅ယောက် ဝိုင်းတိုက်သောအခါ လီဟောက်သည် မကြာမီ အရေးနိမ့်သွားတော့သည်။ အမွှေးတိုင်တစ်တိုင်စာ အချိန်ကြာပြီးနောက် ကိုယ်ရံတော်တစ်ဦးက လီဟောက်၏ ဇက်ပိုးကို ရိုက်ချလိုက်ရာ သတိမေ့လဲကျသွားလေသည်။
လီဟောက်ကို ရိုက်ချလိုက်သော ကိုယ်ရံတော်သည် တုန်းပင်ကျွင်း၏ ကိုယ်ရံတော်ဖြစ်သည်။
"ဝန်ကြီးယောင်... ကျွန်တော်မျိုး တတိယမင်းသားကို ရိုက်ပြီး သတိမေ့အောင် လုပ်လိုက်မိပါပြီ" ကိုယ်ရံတော်သည် သူရဲကောင်းပီသသော မျက်နှာပေးဖြင့် ပြောလိုက်သည်။ "မင်းသားကို စော်ကားမိတဲ့အတွက် ကျွန်တော်မျိုးကို အပြစ်ပေးပါ"
ဝန်ကြီးယောင်သည် ကိုယ်ရံတော်ကို အပြစ်ပေးရန် စိတ်မပါတော့ဘဲ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ငါ အမိန့်ပေးလိုက်တာပါ။ တစ်ယောက်ယောက်က အပြစ်ရှာလာရင် ငါပဲ တာဝန်ယူလိုက်မယ်"
ထိုအချိန်တွင် သမားတော် ရောက်ရှိလာပြီး သွေးများပေကျံနေသော တုန်းပင်ကျွင်းကို ကုသပေးနေလေသည်။
ဝန်ကြီးယောင်သည် သတိမေ့နေသော လီဟောက်ကို ကုတင်ပေါ်သို့ တင်ခိုင်းလိုက်ပြီး မြေတိုက်ခန်းအပြင်သို့ ထွက်လာခဲ့သည်။ ထို့နောက် သက်ပြင်းချလိုက်မိသည်။
တကယ့်ကို ရှုပ်ထွေးကုန်ပြီ။
အမှုစစ်ဆေးရာတွင် အမှုရှုပ်ထွေးခြင်းကို မကြောက်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးကိုတော့ အကြောက်ဆုံးပင်။ လူသေသွားပြီ ဖြစ်သလို သက်သေပစ္စည်းလည်း မရှိတော့ပေ။ တရားခံက ဂုဏ်မြင့်မားသူဖြစ်သဖြင့် နှိပ်စက်ညှဉ်းပန်း၍ စစ်ဆေးခြင်း ပြုလုပ်၍မရဘဲ ဝန်ခံလာအောင် လုပ်ရမည်။
မူလက လီဟောက်ကို လှည့်စားပြီး ရုတ်တရက် ဝန်ခံလာအောင် လုပ်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။
သို့သော် လီဟောက်သည် ဉာဏ်များပြီး ကောက်ကျစ်စဉ်းလဲသူ ဖြစ်နေသည်။ ဝန်မခံသည့်အပြင် တုန်းပင်ကျွင်းကိုပါ ရိုက်နှက်လိုက်သေးသည်။
သမားတော်သည် ကျွမ်းကျင်စွာဖြင့် တုန်းပင်ကျွင်း၏ နှာခေါင်းရိုးကို ပြန်ဆက်ပေးပြီး ဆေးလိမ်းကာ ပတ်တီးများဖြင့် အထပ်ထပ် ပတ်ပေးလိုက်သည်။ တုန်းပင်ကျွင်းသည် နာကျင်လွန်းသဖြင့် အော်ဟစ်နေသည်။
ကုသမှု ပြီးဆုံးသွားသောအခါ တစ်နာရီနီးပါး ကြာမြင့်သွားခဲ့ပြီ။
"ဝန်ကြီးယောင် တကယ်တောင်းပန်ပါတယ်" တုန်းပင်ကျွင်း၏ မျက်နှာပေါ်တွင် ပတ်တီးများ အထပ်ထပ် ပတ်ထားသဖြင့် ရယ်စရာကောင်းသော ပုံစံ ဖြစ်နေပြီး အသံမှာလည်း ကျောက်တုံးဖြင့် ဖိထားသကဲ့သို့ အက်ကွဲနေသည်။ "ကျွန်တော် စိတ်လှုပ်ရှားပြီး ပါးစပ်က လွတ်ထွက်သွားမိတယ်"
"ဒီအချိန်ရောက်မှတော့ ဒါတွေ ပြောမနေပါနဲ့တော့" ဝန်ကြီးယောင်က သက်ပြင်းချလိုက်သည်။ "နောက်ထပ် ဘယ်လို စစ်ဆေးမလဲဆိုတာပဲ စဉ်းစားကြရအောင်"
...
လီဟောက်သည် တစ်ညလုံး သတိမေ့နေပြီး နောက်တစ်နေ့ မိုးလင်းမှ နိုးလာခဲ့သည်။
တုန်းပင်ကျွင်းသည် ဆေးထပ်ထည့်ထားသော်လည်း နှာခေါင်းရိုးက နာကျင်နေဆဲပင်။ ကံကောင်းသည်မှာ နှာခေါင်းရိုး မကျိုးသွားခြင်းဖြစ်သည်။
ဝန်ကြီးယောင်သည် တော်ဝင်မိသားစုရေးရာရုံးတွင် နှစ်နာရီခန့်သာ အိပ်စက်ခဲ့ပြီး တရားစီရင်ရေးဌာနမှ လက်ထောက်ဝန်ကြီးကျူးကို ခေါ်ယူကာ အတူတကွ စစ်ဆေးမေးမြန်းရန် ပြင်ဆင်လိုက်သည်။ ထို့အပြင် ကျန်းနန်သို့ သွားရောက်ခဲ့သော လက်ထောက်ဝန်ကြီးမင်လည်း ပြန်ရောက်လာပြီဖြစ်ရာ မနက်စောစောတွင် တော်ဝင်မိသားစုရေးရာရုံးသို့ ရောက်ရှိလာခဲ့သည်။
မင်းသားအချင်းချင်း သတ်ဖြတ်ခြင်းသည် တော်ဝင်မိသားစု၏ အရှက်ရစရာ ကိစ္စဖြစ်သဖြင့် အပြင်သို့ မပေါက်ကြားစေလိုပေ။ ထို့ကြောင့် ဝန်ကြီးယောင်သည် အကြီးအကျယ် မလုပ်ဆောင်လိုဘဲ လက်ထောက်ဝန်ကြီးနှစ်ဦးနှင့်အတူ တိတ်တဆိတ် စစ်ဆေးရန် စီစဉ်လိုက်ခြင်းဖြစ်သည်။
သို့သော် သူတို့ ဘာမေးမေး လီဟောက်သည် တစ်ခွန်းမှ ပြန်မဖြေဘဲ တိတ်ဆိတ်နေလေသည်။
ဝန်ကြီးယောင်လည်း စိတ်မလောဘဲ တစ်နေ့လုံး ထပ်တလဲလဲ မေးမြန်းနေသည်။
နှိပ်စက်ညှဉ်းပန်း၍ မရသဖြင့် လီဟောက်၏ စိတ်ဓာတ်ကို ချိုးနှိမ်ဖျက်ဆီးရန်သာ ကြိုးစားရမည်။
"ခင်ဗျားတို့ ဘာမှ မေးမနေနဲ့တော့" လီဟောက် နောက်ဆုံးတော့ ပါးစပ်ဟလာခဲ့သည်။ "လီချန်က ကျုပ်ရဲ့ ညီရင်းအစ်ကိုပါ။ သူ ဘာပဲလုပ်လုပ် ကျုပ် သူ့ကို သတ်မှာ မဟုတ်ဘူး"
"သူ ကျုပ်ကို မပတ်သက်စေချင်လို့ ကိုယ့်ဘာသာ အဆိပ်သောက် သေသွားတာ ဖြစ်မှာပါ"
"ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ ကြိုသိခဲ့ရင် အပြစ်အားလုံးကို ကျုပ် ခံယူလိုက်မှာပါ"
"ခင်ဗျား နန်းတော်ထဲဝင်ပြီး ဖုဟွမ်ကို လျှောက်တင်လိုက်ပါ။ ကျုပ် လီဟောက်က လီချန်အပေါ် ဘယ်တော့မှ မကောင်းတာ မလုပ်ခဲ့ပါဘူးလို့။ ဖုဟွမ် ဒေါသထွက်ပြီး သတ်ချင်သတ်၊ ခုတ်ချင်ခုတ် ကျုပ် ခံပါ့မယ်။ ဒါပေမဲ့ ဒီအပြစ်ကိုတော့ လုံးဝ ဝန်မခံနိုင်ဘူး"
ဤစကားများကို မှတ်တမ်းတင်ထားပြီး နာရီဝက်ခန့်အကြာတွင် ယုံးကျားဧကရာဇ်ထံသို့ ရောက်ရှိသွားသည်။
ဝန်ကြီးယောင်သည် သလွန်တော်ရှေ့ ကိုးပေအကွာတွင် ဒူးထောက်ကာ လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်သည်။ "... ကျွန်တော်မျိုး အရည်အချင်းညံ့ဖျင်းတာကို ခွင့်လွှတ်ပေးပါ။ မနေ့ညက တော်ဝင်မိသားစုရေးရာရုံးကို သွားခဲ့ပေမဲ့ အခုချိန်ထိ တတိယမင်းသား ဝန်ခံလာအောင် မလုပ်နိုင်သေးပါဘူး"
လျိုကုန်းကုန်းသည် မှတ်တမ်းကို ဖွင့်ကာ ကိုယ်ကိုကိုင်းလျက် ယုံးကျားဧကရာဇ် ဖတ်ရှုနိုင်ရန် ပြသလိုက်သည်။
မှတ်တမ်းမှာ စုစုပေါင်း သုံးမျက်နှာ ရှိသည်။
ယုံးကျားဧကရာဇ်သည် လှုပ်ရှားနိုင်ခြင်း မရှိသော်လည်း မျက်လုံးအမြင်အာရုံ ကောင်းမွန်သဖြင့် တစ်မျက်နှာပြီး တစ်မျက်နှာ ဖတ်ရှုသွားသည်။ သုံးမျက်နှာလုံး ဖတ်ပြီးသောအခါ ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် ပိုမို အုံ့မှိုင်းသွားလေသည်။
ဝန်ကြီးယောင်သည် ဒူးထောက်လျက်ပင် ရှိနေသေးသည်။
ခဏအကြာတွင် ယုံးကျားဧကရာဇ်က ပြောလိုက်သည်။ "နောက်ထပ် သုံးရက်အချိန်ပေးမယ်။ အမှန်တရား ပေါ်ပေါက်အောင် စစ်ဆေးပေးပါ"
ခဏရပ်ပြီးနောက် အသံကို လျှော့ကာ မေးလိုက်သည်။ "မင်းက တရားစီရင်ရေးဝန်ကြီး လုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီ။ အမှုပေါင်းများစွာလည်း စစ်ဆေးခဲ့ဖူးတယ်။ ငါ မင်းကို မေးချင်တာက မင်းအမြင်အရ လီချန် သေဆုံးမှုက လီဟောက် လက်ချက် ဟုတ်သလား"
ဝန်ကြီးယောင် ခေါင်းမော့လာပြီး တည်ငြိမ်စွာ ဖြေလိုက်သည်။ "သက်သေအထောက်အထား မရှိဘဲ ကျွန်တော်မျိုး ထင်ကြေးမပေးရဲပါဘူး"
ဝန်ကြီးယောင်၏ အမြင်အရ ဆိုလျှင်တော့ ဆယ်ပုံ ရှစ်ပုံ ကိုးပုံလောက်က လီဟောက်၏ လက်ချက်ပင်။
သို့သော် ယုံးကျားဧကရာဇ်ရှေ့တွင် ထိုကဲ့သို့ ပြော၍မဖြစ်ပေ။
သူက အမတ်တစ်ယောက်သာ ဖြစ်ပြီး အသက်ကို မနှမြောဘဲ မင်းသားချင်း ဖြစ်ပျက်သည့်ကိစ္စကို ဝင်ရောက်စွပ်ဖက် ဝေဖန်၍ မရပေ။
ယုံးကျားဧကရာဇ်သည် ဆက်လက် စကားမပြောတော့ပေ။
ဝန်ကြီးယောင်သည် နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
ဝန်ကြီးယောင် ထွက်သွားပြီးနောက် ယုံးကျားဧကရာဇ်သည် သလွန်တော်ဘေးရှိ စစ်သူကြီးလျန်ကို ကြည့်ကာ ဖြည်းညှင်းစွာ မေးလိုက်သည်။ "လျန်ကျန်း... မင်း ငါ့ကို ပြောပြစမ်း။ လီချန်ကို ဘယ်သူ သတ်လိုက်တာလဲ"
စစ်သူကြီးလျန်သည် ရိုးသားဖြောင့်မတ်သူ ဖြစ်သော်လည်း ရမ်းကားသူ မဟုတ်ပေ။ အချို့စကားများသည် ထိုက်ဇီဖေး ပြောနိုင်သော်လည်း သူကဲ့သို့ တော်ဝင်ကိုယ်ရံတော်တပ်မှူးက ပြော၍မရပေ။
"ကျွန်တော်မျိုး ဉာဏ်နည်းတာမို့ လျှောက်ရမ်းပြီး မခန့်မှန်းရဲပါဘူး"
ယုံးကျားဧကရာဇ်သည် သက်ပြင်းချလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
မကြာမီ မိုးချုပ်သွား၏။
လျိုကုန်းကုန်းသည် ဆေးခွက်ကို ကိုင်ဆောင်ကာ ယုံးကျားဧကရာဇ်ကို ဆေးတိုက်ရန် ပြင်ဆင်နေသည်။ ယုံးကျားဧကရာဇ်သည် စိတ်အခြေအနေ မကောင်းသဖြင့် ခါးသက်သော ဆေးရည်ကို သောက်ရင်း ရုတ်တရက် ဒေါသထွက်လာကာ "ငါ မသောက်ဘူး။ ယူသွားလိုက်" ဟု ပြောလိုက်သည်။
လျိုကုန်းကုန်းသည် ဒူးထောက်ကာ တောင်းပန်လိုက်ရသည်။
ထိုအချိန်တွင် မျက်နှာဖြူဖျော့နေသော အတွင်းနန်းဆောင်ကုန်းကုန်းတစ်ဦး ဝင်ရောက်လာပြီး တုန်ရီစွာဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ပဉ္စမမင်းသားအိမ်တော်က သတင်းပို့လာပါတယ်။ ပဉ္စမမင်းသားကြင်ရာတော်... ကြိုးဆွဲချ သေဆုံးသွားပါပြီတဲ့"
...
အပိုင်း (၆၃၀) နံ့သာပြယ်လွင့်ခြင်း (၁)
ဘာ...
ပဉ္စမမင်းသားကြင်ရာတော်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီ။
ကျောင်းဖန်နန်းဆောင်ထဲတွင် ချောင်မိဖုရားခေါင်သည် ဆိုးရွားသော သတင်းကို ကြားလိုက်ရသဖြင့် ချက်ချင်း ထရပ်လိုက်မိပြီး အသံပါ ကျယ်လောင်သွားလေသည်။ "မင်း ဘာပြောလိုက်တာလဲ။ နောက်တစ်ခေါက် ပြန်ပြောစမ်း"
လုမင်ယွိလည်း ထိတ်လန့်သွားပြီး ချောင်မိဖုရားခေါင်နှင့်အတူ ထရပ်လိုက်ကာ လျိုကုန်းကုန်းကို ကြည့်လိုက်သည်။
သတင်းလာပို့သော လျိုကုန်းကုန်းသည် မျက်နှာမဲ့ကာ သက်ပြင်းချလိုက်သည်။ "ဒီလို ကိစ္စကြီးကို ကျွန်တော်မျိုးက ဘယ်လိုလုပ် လျှောက်ပြောရဲမှာလဲ။ လွန်ခဲ့တဲ့ အမွှေးတိုင်တစ်တိုင်စာ အချိန်တုန်းက ပဉ္စမမင်းသားအိမ်တော်ကနေ နာရေးသတင်း ရောက်လာတယ်။ ပဉ္စမမင်းသားကြင်ရာတော်က ကြိုးဆွဲချ သတ်သေသွားပြီတဲ့။ အသက်တောင် မရှိတော့ဘူး။ အရှင်မင်းကြီးက ဒီသတင်းဆိုးကို ကြားတော့ ထိတ်လန့်ပြီး ဒေါသထွက်နေတယ်။ ဒါကြောင့် ကျွန်တော်မျိုးကို ကျောင်းဖန်နန်းဆောင်ဆီ ချက်ချင်း လွှတ်လိုက်တာ။ ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးကို ဒီကိစ္စ ဖြေရှင်းပေးဖို့ အမိန့်ပေးလိုက်ပါတယ်"
ဂုဏ်သရေရှိလှသော မင်းသားကြင်ရာတော်တစ်ပါးက မင်းသားအိမ်တော်ထဲတွင် ကြိုးဆွဲချ သေဆုံးသွားခဲ့ပြီ။
ဒီသတင်း ပြန့်သွားရင် တော်ဝင်မိသားစု ညီအစ်ကိုတွေ မသင့်မြတ်တဲ့ အရှုပ်တော်ပုံထဲ နောက်ထပ် ပြောစရာ ခေါင်းစဉ်တစ်ခု တိုးလာတာပေါ့။ တော်ဝင်မိသားစုရဲ့ သိက္ခာတွေ အကုန်ကျကုန်တော့မယ်။
ပဉ္စမမင်းသားကြင်ရာတော်၏ နာရေးကိစ္စကို စီစဉ်ရမည်။ ယွီမိသားစုဘက်ကိုလည်း နှစ်သိမ့်ပေးမည့်သူ လိုအပ်သည်။ ဤကဲ့သို့သော ကိစ္စများကို တာဝန်ယူဖြေရှင်းပေးမည့်သူ လိုအပ်လေသည်။ ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့သည် အသင့်တော်ဆုံး လူများပင်။
ထို့ကြောင့် လျိုကုန်းကုန်းသည် အမိန့်တော်အတိုင်း ရောက်လာခြင်းဖြစ်သည်။
ချောင်မိဖုရားခေါင်သည် သတင်းဆိုးကြောင့် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။
လုမင်ယွိ၏ မျက်လုံးများ အရောင်လက်သွားပြီး ရုတ်တရက် မေးလိုက်သည်။ "လျိုကုန်းကုန်း... ဖုဟွမ်က အရင်တုန်းက အမိန့်ထုတ်ပြီး မူဟုပ်ကို ကျောင်းဖန်နန်းဆောင်ကနေ အပြင်ထွက်ခွင့် ပိတ်ထားတယ်လေ။ အခု ဒီနှုတ်မိန့် ရောက်လာပြန်ပြီ။ ဒါဆို မူဟုပ်က ကျောင်းဖန်နန်းဆောင်ကနေ ထွက်လို့ရပြီလား"
လျိုကုန်းကုန်း "..."
ထိုက်ဇီဖေးက တကယ့်ကို ကိုင်တွယ်ရ ခက်တာပဲ။ ဒီလိုအချိန်မျိုးမှာတောင် ဒီလိုမေးခွန်းမျိုး မေးတတ်သေးတယ်။
လျိုကုန်းကုန်း စိတ်ထဲတွင် ကျိတ်ဆဲလိုက်သော်လည်း မျက်နှာတွင် မပေါ်စေဘဲ ရိုသေစွာ ပြန်ဖြေလိုက်သည်။ "အရှင်မင်းကြီးက နှုတ်မိန့်တော် လာပေးဖို့ပဲ မှာလိုက်တာပါ။ ကျန်တာ ဘာမှ မပြောပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးက ဟွမ်ဟုပ်ညန်ညန်ကို အပြင်ထွက်ဖို့ ခွင့်ပြုလိုက်တဲ့ သဘောပါပဲ"
လုမင်ယွိက အေးစက်စွာ ပြောလိုက်သည်။ "အရှင်မင်းကြီးရဲ့ သဘောကို ကိုယ့်သဘောနဲ့ကိုယ် ဘယ်လိုလုပ် ခန့်မှန်းလို့ရမလဲ။ ရှင် အခုပဲ ဝမ်ဟွားနန်းဆောင်ကို ပြန်ပြီး ရှင်းရှင်းလင်းလင်း သွားမေးလိုက်ပါ။ ပြီးမှ နှုတ်မိန့် ပြန်လာပြန်ပေးပါ"
လျိုကုန်းကုန်းလည်း မတတ်သာဘဲ ပြန်ထွက်သွားရတော့သည်။
ထိုအချိန်ကျမှ ချောင်မိဖုရားခေါင်သည် ထိတ်လန့်မှုမှ သက်သာလာပြီး လုမင်ယွိ၏လက်ကို ဆွဲကိုင်လိုက်လေသည်။ "မင်ယွိ... ယွီရှီ တကယ် သေသွားတာလား"
လုမင်ယွိ၏ မျက်လုံးများ မှေးမှိန်သွားပြီး သက်ပြင်းချလိုက်သည်။ "လျိုကုန်းကုန်း လာပြောတာဆိုတော့ သတင်းက အမှားမဖြစ်နိုင်ပါဘူး။ ဝူတိမေ့က တကယ့်ကို မိုက်မဲလွန်းတယ်"
လီချန်လို လူမိုက်တစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာ တကယ် မတန်ပါဘူး။
ယွီရှီသည် လီချန်နှင့် လက်ထပ်ခဲ့သည်မှာ သုံးနှစ်ကျော်ပြီ ဖြစ်သော်လည်း လင်မယားသံယောဇဉ် နည်းပါးလှသည်။ ယွီရှီသည် အရိုက်ခံရဖူးသဖြင့် စိတ်ဆိုးပြီး မိဘအိမ် ပြန်ပြေးဖူးသေးသည်။ ဒီတစ်နှစ်< နှစ်နှစ်အတွင်း လင်မယားနှစ်ယောက် မျက်နှာချင်းဆိုင် တွေ့ဆုံခြင်းပင် နည်းပါးလှပြီး ရေခဲတုံးများကဲ့သို့ အေးစက်နေကြသည်။
လီချန် လုပ်ခဲ့တဲ့ မကောင်းမှုတွေက ယွီရှီနဲ့ ဘာမှမဆိုင်ပါဘူး။ လီချန် သေသွားရင်တောင် ယွီရှီက အေးအေးဆေးဆေး ဆက်ရှင်သန်လို့ ရသားပဲ။
ယွီရှီ ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူး။
ချောင်မိဖုရားခေါင်သည် စိတ်နှလုံး နူးညံ့သူဖြစ်သဖြင့် ဤကဲ့သို့သော ကိစ္စများကို ကြားရသောအခါ မျက်ရည်ဝဲလာပြီး ခေါင်းကို စောင်းကာ တိတ်တဆိတ် မျက်ရည်ကျလေသည်။
လုမင်ယွိက တိုးတိုးလေး နှစ်သိမ့်လိုက်သည်။ "ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ ဝမ်းနည်းနေလို့လည်း အပိုပါပဲ။ ကျွန်မ ခဏနေရင် နန်းတော်ထဲကထွက်ပြီး ပဉ္စမမင်းသားအိမ်တော်ကို သွားလိုက်မယ်။ ဝူတိမေ့ရဲ့ နာရေးကိစ္စကို စီစဉ်ပြီး ယွီမိသားစုကို နှစ်သိမ့်ပေးလိုက်ပါ့မယ်"
ချောင်မိဖုရားခေါင်သည် နန်းတော်ထဲတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး နန်းတော်ပြင်ပသို့ တစ်ခါမှ မထွက်ခဲ့ဖူးပေ။ မယားငယ်က မွေးသောသား၏ ဇနီးသည် သေဆုံးမှုအတွက် မိဖုရားခေါင်ကိုယ်တိုင် သွားရောက်ပို့ဆောင်ရန် မလိုအပ်ပေ။
ချောင်မိဖုရားခေါင်သည် လက်ကိုင်ပုဝါဖြင့် မျက်ရည်သုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "မင်းရဲ့ ဖုဟွမ်က နှုတ်မိန့်ပေးလိုက်တာက မင်းကို ပဉ္စမမင်းသားအိမ်တော် သွားခိုင်းချင်လို့ပါ။ မင်း ဘာလို့ လျိုကုန်းကုန်းကို အခက်တွေ့အောင် လုပ်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်ခိုင်းနေရတာလဲ"
လုမင်ယွိက ပြောလိုက်သည်။ "မြင်းကို ပြေးစေချင်ပေမဲ့ မြင်းကို မြက်မကျွေးချင်ဘူးဆိုတာ ဘယ်ဖြစ်မလဲ။ လောကကြီးမှာ ဒီလို အချောင်လိုချင်လို့ ဘယ်ရမလဲ။ ဒီအခွင့်အရေးကို သုံးပြီး ဖုဟွမ်ကို ကျောင်းဖန်နန်းဆောင်ရဲ့ အသွားအလာကန့်သတ်မှုကို ပယ်ဖျက်ခိုင်းရမယ်။ အဲဒီ တော်ဝင်ကိုယ်ရံတော်တွေ နေ့တိုင်း နန်းဆောင်အပြင်မှာ စောင့်နေတာ မျက်စိနောက်စရာ ကောင်းလွန်းတယ်"
ချောင်မိဖုရားခေါင်လည်း ဆက်မပြောတော့ပေ။
ထင်ထားသည့်အတိုင်းပင် မကြာမီ လျိုကုန်းကုန်းသည် မောကြီးပန်းကြီးဖြင့် ပြန်ရောက်လာသည်။ "အရှင်မင်းကြီး အမိန့်ပေးလိုက်ပါပြီ။ ဒီနေ့ကစပြီး ကျောင်းဖန်နန်းဆောင် အပြင်ဘက်က တော်ဝင်ကိုယ်ရံတော်တွေကို ရုပ်သိမ်းလိုက်ပါပြီ။ ဟွမ်ဟုပ်ညန်ညန် စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်ပါပြီ။ ပဉ္စမမင်းသားကြင်ရာတော်ရဲ့ နာရေးကိစ္စအတွက် ထိုက်ဇီဖေးကို နန်းတော်ပြင်ပ ထွက်ပေးဖို့ တောင်းဆိုပါတယ်"
ကြည့်ပါလား... ဒီနည်းလမ်းက တော်တော် ထိရောက်သားပဲ။
လုမင်ယွိနှင့် ချောင်မိဖုရားခေါင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ပြိုင်တူ အမိန့်နာခံလိုက်ကြသည်။
...
လုမင်ယွိသည် မြင်းစီး၍ နန်းတော်မှ ထွက်ခွာလာ\။
အိမ်ရှေ့စံ၏ ကိုယ်ရံတော်တစ်ရာသည် လုမင်ယွိ၏ နောက်မှ ကပ်လိုက်ပါလာကြသည်။ မြင်းတစ်ရာကျော် ဒုန်းစိုင်းစီးနင်းလာကြသည်မှာ လေမုန်တိုင်း တိုက်ခတ်သကဲ့သို့ပင်။ မကြာမီ ပဉ္စမမင်းသားအိမ်တော်သို့ ရောက်ရှိသွားကြသည်။
ပဉ္စမမင်းသားအိမ်တော်သည် ရှုပ်ထွေးကာ ပွက်လောရိုက်နေပြီ ဖြစ်သည်။
လွန်ခဲ့သော သုံးရက်က ပဉ္စမမင်းသားသည် တော်ဝင်မိသားစုရေးရာရုံးတွင် အဆိပ်သင့် သေဆုံးခဲ့သည်။ ယနေ့မနက်တွင် ပဉ္စမမင်းသားကြင်ရာတော်သည် ကြိုးဆွဲချ သေဆုံးခဲ့ပြန်သည်။ ရက်ပိုင်းအတွင်းတွင် သခင်နှစ်ပါးလုံး သေဆုံးသွားခဲ့ရသည်။
ပဉ္စမမင်းသားအိမ်တော်မှ အစေခံများနှင့် နန်းတွင်းသူများသည် ကြောက်လန့်တကြား ဖြစ်နေကြသည်။
သတင်းရပြီးသော ယွီမိသားစုဝင်များသည် ပဉ္စမမင်းသားအိမ်တော်သို့ ဦးစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဦးဆောင်လာသူမှာ ဝန်ကြီးယွီ ဖြစ်၏။ ဝန်ကြီးယွီသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပြီး သမီးဖြစ်သူ ဆုံးရှုံးလိုက်ရသဖြင့် မျက်နှာတွင် သောကမီးများ တောက်လောင်နေသော်လည်း ဟန်မပျက် ထိန်းထားနိုင်သေးသည်။
ယွီကတော်နှင့် အခြားအမျိုးသမီးများသည် ပဉ္စမမင်းသားကြင်ရာတော်၏ အလောင်းဘေးတွင် ဝိုင်းရံကာ မျက်လုံးများ မို့အစ်အောင် ငိုကြွေးနေကြသည်။
လုမင်ယွိ ရောက်ရှိလာချိန်တွင် ထိုကဲ့သို့ ရှုပ်ထွေးနေသော မြင်ကွင်းကို တွေ့လိုက်ရသည်။
ယွီမိသားစုမှ လူကြီးလူငယ် ဒါဇင်ပေါင်းများစွာသည် ဝမ်းနည်းပူဆွေးမှုတွင် နစ်မြုပ်နေကြပြီး ငိုသံများ ဆူညံနေသည်။ မည်သူကမျှ ဒူးထောက်အရိုအသေ မပေးနိုင်ကြပေ။
ယခုအချိန်သည် ယဉ်ကျေးမှု စည်းကမ်းများကို ဂရုစိုက်ရမည့်အချိန် မဟုတ်ပေ။
လုမင်ယွိသည် ရှေ့သို့ တိုးသွားပြီး ယွီရှီ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်လိုက်သည်။
ယွီရှီသည် နူးညံ့သိမ်မွေ့ပြီး ကြောက်တတ်သူဖြစ်ကာ မည်သူနှင့်မျှ ရန်မဖြစ်ဘဲ သင့်မြတ်အောင် နေတတ်သူ ဖြစ်သည်။ လုမင်ယွိသည် လီချန်ကို မုန်းတီးသော်လည်း ယွီရှီအပေါ်တွင်မူ သဘောကျမိသည်။ သမီးယောက်မ နှစ်ယောက်သည် သိပ်မရင်းနှီးသော်လည်း တွေ့သည့်အခါတိုင်း ဖော်ရွေစွာ ဆက်ဆံခဲ့ကြသည်။
ယနေ့တွင် ယွီရှီကို နောက်ဆုံးခရီး ပို့ဆောင်ပေးရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ယွီကတော်သည် မေ့လဲလုနီးပါး ငိုကြွေးနေလေသည်။
လုမင်ယွိသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ကိုယ်ကိုကိုင်းကာ ယွီကတော်ကို တွဲထူလိုက်သည်။ "ဝူတိမေ့က စိတ်လိုက်မာန်ပါနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာပါ။ ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့ ကြွေလွင့်သွားရတာ တကယ့်ကို နှမြောစရာပါပဲ"
"ဖူးရန် ဝမ်းနည်းနေတာကို ကျွန်မ ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ လူသေက သေသွားပါပြီ။ ရှင်နေတဲ့လူတွေ ဘယ်လောက်ပဲ ဝမ်းနည်းပူဆွေးနေပါစေ သေသွားတဲ့လူက ပြန်ရှင်လာမှာ မဟုတ်ပါဘူး။ ဖူးရန် ကျန်းမာရေး ဂရုစိုက်ပါဦး"
ဤကဲ့သို့သော နှစ်သိမ့်စကားမျိုးကို ယွီကတော်က ဘယ်မှာ နားဝင်ပါ့မလဲ။ ဆက်လက်၍ အော်ဟစ်ငိုကြွေးနေလေသည်။ "သနားစရာကောင်းတဲ့ ငါ့သမီးလေး... ဒီလိုဖြစ်မယ်မှန်း ကြိုသိခဲ့ရင် အဲဒီတုန်းက အမိန့်တော်ကို ဖီဆန်ပြီး ငြင်းခဲ့ပါတယ်... သမီးလေးက ဒီလောက်ငယ်ငယ်လေးနဲ့ အသက်ပေးလိုက်ရပြီ။ နောက်ဆို သမီးလေးအတွက် အမွှေးတိုင် ထွန်းပေးမယ့်သူတောင် ရှိမှာ မဟုတ်ဘူး"
ယွီရှီတွင် သားသမီး မရှိသလို လီချန်တွင်လည်း မယားငယ်က မွေးသောသား မရှိပေ။ သားသမီးမရှိလျှင် ကန်တော့မည့်သူ၊ စက္ကူမီးရှို့မည့်သူ မရှိတော့ပေ။
ယွီကတော်သည် ပို၍ ဝမ်းနည်းစွာ ငိုကြွေးလေတော့သည်။
လုမင်ယွိက တိုးတိုးလေး ပြောလိုက်သည်။ "ဖူးရန် စိတ်လျှော့ပါ။ ဝူတိမေ့က ဒီလို ထွက်သွားပေမဲ့ တမလွန်မှာ အမွှေးတိုင်မဲ့အောင်တော့ မထားပါဘူး။ နန်းတော်ကို ပြန်ရောက်ရင် ဖုဟွမ်နဲ့ မူဟုပ်ကို လျှောက်တင်ပြီး ပဉ္စမမင်းသားအိမ်တော်အတွက် ကလေးတစ်ယောက် မွေးစားခွင့် တောင်းပေးပါ့မယ်။ ပဉ္စမမင်းသားနဲ့ ပဉ္စမမင်းသားကြင်ရာတော်ကို အတူတူ သင်္ဂြိုဟ်ပေးပြီး နောင်တစ်ချိန်မှာ မျိုးဆက် ဆက်ခံနိုင်အောင် စီစဉ်ပေးပါ့မယ်"
ယွီကတော်၏ ငိုသံ ရပ်တန့်သွားပြီး မယုံနိုင်စွာ မော့ကြည့်လိုက်သည်။ "ထိုက်ဇီဖေး ပြောတာ တကယ်လား"
ဝန်ကြီးယွီလည်း ဒီစကားကို ကြားလိုက်ရသဖြင့် စိတ်လှုပ်ရှားသွားသည်။ "ထိုက်ဇီဖေးရဲ့ စကားက ရွှေလို တန်ဖိုးရှိပါတယ်။ နှုတ်က ထွက်ပြီးရင် ပျက်စရာ အကြောင်းမရှိပါဘူး"
လုမင်ယွိသည် သမီးဆုံးရှုံးလိုက်ရသော ဝန်ကြီးယွီ၏ အသေးစား ဉာဏ်များမှုကို အပြစ်မယူလိုပေ။ သူမသည် ဝန်ကြီးယွီကို ကြည့်ပြီး လေးနက်စွာ ကတိပေးလိုက်သည်။ "ကျွန်မ ပြောပြီးရင် ပြောတဲ့အတိုင်း ဖြစ်ရပါစေမယ်"
"ဝူတိရဲ့ အလောင်းက တော်ဝင်မိသားစုရေးရာရုံးမှာ ရှိနေတယ်။ မကြာခင် ပြန်ပို့လာလိမ့်မယ်။ ဝူတိမေ့နဲ့အတူ ခုနစ်ရက်ထားပြီးမှ မြေချကြတာပေါ့။ လီမျိုးနွယ်တွေက အများကြီးပဲဟာ။ လိမ်မာပြီး ရိုးသားတဲ့ ကလေးတစ်ယောက်ကို ရွေးပြီး ဝူတိနဲ့ ဝူတိမေ့ နာမည်အောက်မှာ မွေးစားပေးလိုက်ရင် သူတို့ ဝိညာဉ်တွေလည်း ကျေနပ်ကြမှာပါ"
...