အခန်း (၆၃၁-၆၃၃)
Vol. 43 Ch. 631-633
အပိုင်း (၆၃၁) နံ့သာပြယ်လွင့်ခြင်း (၂)
ဝန်ကြီးယွီသည် မျက်ရည်များ စီးကျလျက် တုန်တုန်ယင်ယင် ဒူးထောက်လိုက်လေသည်။ "ထိုက်ဇီဖေးရဲ့ စေတနာ မေတ္တာအတွက် ကျွန်တော်မျိုး ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်"
လီချန်သည် အမှားကြီးတစ်ခု ကျူးလွန်ခဲ့ပြီး ထိုက်ဇီကို လုပ်ကြံမှုနှင့် ပတ်သက်နေလေသည်။ လင်မယားဟူသည် တစ်သားတည်းဖြစ်သဖြင့် ယွီရှီ ဤအခြေအနေ ရောက်ရသည်မှာ လီချန်ကြောင့်ပင်။
ယွီရှီ အသက်ရှင်နေလျှင်တောင်မှ ပဉ္စမမင်းသားအိမ်တော်ထဲတွင် တစ်သက်လုံး အကျဉ်းချခံရမည်ဖြစ်ပြီး နေရောင်ခြည် မြင်ရမည် မဟုတ်တော့ပေ။
လုမင်ယွိ ကိုယ်တိုင် ပါးစပ်ဟပြီး ပဉ္စမမင်းသားအိမ်တော်အတွက် ကလေးတစ်ယောက် မွေးစားခွင့်ပြုခဲ့သဖြင့် ယွီရှီအတွက် နောင်ရေး စိတ်အေးရပြီဖြစ်သည်။ ဤကျေးဇူးကို ဝန်ကြီးယွီသည် အလွန်ပင် ကျေးဇူးတင်မိလေသည်။
လုမင်ယွိသည် ဝန်ကြီးယွီကို တွဲထူပေးလိုက်ပြီး သက်ပြင်းချလိုက်သည်။ "ဝူတိမေ့ ဒီလို ထွက်သွားရတာ ကျွန်မလည်း အရမ်း စိတ်မကောင်းဖြစ်ရပါတယ်။ ဝူတိမေ့အတွက် ကျွန်မ လုပ်ပေးနိုင်တာ ဒါပဲ ရှိပါတယ်"
ဝန်ကြီးယွီသည် မျက်လုံးများ နီရဲလျက် ပြောလိုက်သည်။ "ထိုက်ဇီဖေးရဲ့ ကျေးဇူးတရားက ကျွန်တော်တို့ ယွီမိသားစုအတွက် အလွန် ကြီးမားလှပါတယ်။ နောင်တစ်ချိန် ထိုက်ဇီဖေး လိုအပ်တာရှိရင် ကျွန်တော်မျိုး အစွမ်းကုန် ကူညီပေးပါ့မယ်"
လုမင်ယွိသည် ဝန်ကြီးယွီကို နှစ်သိမ့်စကား ပြောကြားပြီးနောက် ယွီကတော်ကိုပါ တွဲထူပေးလိုက်သည်။
ယွီကတော်သည် ကလေးမွေးစားခွင့်ရသည်ဟု ကြားပြီးနောက် ငိုသံများ တိတ်သွားပြီး မျက်လုံးများ မို့အစ်လျက် ကျေးဇူးတင်စကား ဆိုလေသည်။
လုမင်ယွိသည်လည်း ကျောက်ရုပ်မဟုတ်သဖြင့် ဝန်ကြီးယွီ ဇနီးမောင်နှံ၏ အဖြစ်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။
စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လီချန်သည် သူ့ဘာသာ သေချင်လျှင် ထားတော့။ ယွီရှီကိုပါ တမလွန်သို့ ခေါ်သွားရသည်အထိ ဒုက္ခပေးခဲ့သည်။
လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင် ထားပြီး ပဉ္စမမင်းသားအိမ်တော်မှ အိမ်တော်ထိန်းကို ခေါ်ကာ အမိန့်ပေးလိုက်၏။ "ဈာပနအခမ်းအနားကို ချက်ချင်း ပြင်ဆင်လိုက်ပါ။ ဝူတိမေ့ကို အဝတ်အစား လဲပေးပြီး ခေါင်းတလားထဲ ထည့်လိုက်ပါ။ ပြီးတော့ တခြားအိမ်တော်တွေကို နာရေးသတင်း ပို့လိုက်ပါ"
အိမ်တော်ထိန်းများ အားလုံး အမိန့်နာခံလိုက်ကြသည်။
ရှောင်ချွန်းကုန်းကုန်းသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တိုးတိုးလေး လျှောက်တင်လေသည်။ "ကျွန်တော်မျိုး သတ္တိမွေးပြီး လျှောက်တင်ပါရစေ။ ထိုက်ဇီဖေး စိတ်မဆိုးပါနဲ့။ အရှင်မင်းကြီးက နှုတ်မိန့်ပေးပြီး မင်းသားအိမ်တော်တွေ၊ မင်းသမီးအိမ်တော်တွေ အားလုံးကို ပိတ်ထားခိုင်းတာပါ။ အခု နာရေးသတင်း သွားပို့ရင် သင့်တော်ပါ့မလား"
လုမင်ယွိက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဝူတိမေ့ ဆုံးသွားပြီဆိုတော့ မောင်နှမတွေ၊ ယောက်မတွေ အားလုံး လာပို့ဆောင်သင့်တာပေါ့။ ငါ ပြောတဲ့အတိုင်းသာ လုပ်ပါ။ နန်းတော်က အပြစ်တင်လာရင် ငါ တာဝန်ယူမယ်"
ရှောင်ချွန်းကုန်းကုန်းသည် ခေါင်းညိတ်ပြီး ပြန်ထွက်သွားကာ ကုန်းကုန်းများကို နာရေးသတင်း ပို့ဆောင်ခိုင်းလိုက်သည်။
မင်းသားအိမ်တော်များနှင့် မင်းသမီးအိမ်တော်များသည် အနီးအနားတွင်သာ ရှိကြသည်။
တစ်နာရီမပြည့်မီမှာပင် အားလုံး ရောက်ရှိလာကြသည်။
ပထမဆုံး ရောက်လာသူမှာ စတုတ္ထမင်းသား ဇနီးမောင်နှံ ဖြစ်သည်။
စတုတ္ထမင်းသားသည် ရက်အနည်းငယ် အကျယ်ချုပ်ခံထားရသဖြင့် အနည်းငယ် ပိန်သွားသည်။
စတုတ္ထမင်းသားကြင်ရာတော် ကျောက်ယွီသည် ခေါင်းတလားထဲတွင် လဲလျောင်းနေသော ယွီရှီကို မြင်လိုက်ရသည်နှင့် မျက်ရည်များ ကျလာလေသည်။ "ဝူတိမေ့က တကယ့်ကို မိုက်မဲလွန်းတယ်။ သေတာထက်စာရင် ရှင်နေတာက ပိုကောင်းပါသေးတယ်။ ဝူတိ အမှားလုပ်လို့ ဝဋ်လည်တာလေ။ သူက ဘာလို့ လိုက်သေရတာလဲ"
လုမင်ယွိသည် သက်ပြင်းရှည်ကြီးတစ်ချက်သာ ချလိုက်မိသည်။
မကြာမီ ပထမမင်းသား ဇနီးမောင်နှံ၊ ဟွေ့အန်းကုန်းကျူ၊ ကျင့်အန်းကုန်းကျူတို့ ရောက်ရှိလာကြသည်။ ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ အားလုံး ဝမ်းနည်းပူဆွေးနေကြသည်။ ပထမမင်းသား ကြင်ရာတော်သည်လည်း မျက်လုံးများ နီရဲနေသည်။ ဟွေ့အန်းကုန်းကျူနှင့် ကျင့်အန်းကုန်းကျူတို့သည် လက်ကိုင်ပုဝါဖြင့် မျက်လုံးကို အုပ်ကာ တိုးတိုးလေး ငိုကြွေးနေကြသည်။
လုမင်ယွိသည် အလိုအလျောက်ပင် ဦးဆောင်သူ ဖြစ်လာသည်။ ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည်ပင် နောက်ဆုတ်ပေးလိုက်ကြပြီး နေရာလုခြင်း မပြုကြပေ။
နောက်ဆုံးမှ ရောက်လာသူမှာ တတိယမင်းသားကြင်ရာတော် မုန့်ယွင်လော်ပင်။
မုန့်ယွင်လော်၏ မျက်နှာသည် ဖြူဖျော့နေပြီး သွေးရောင်မရှိပေ။ မျက်ရည်များက ဒလဟော စီးကျနေသည်။ လမ်းလျှောက်နေပုံမှာလည်း ယိုင်နဲ့နဲ့နှင့်။ ဈာပနခန်းမထဲ ရောက်သည်နှင့် ခေါင်းတလားပေါ် မှောက်ချပြီး အော်ဟစ်ငိုကြွေးလေသည်။ "ဝူတိမေ့... ညီမလေး ဘာလို့ ဒီလို ထွက်သွားရတာလဲ"
ယွီရှီ သေဆုံးသွားခြင်းကို အခံစားရဆုံးသူမှာ မုန့်ယွင်လော်ပင်။
လီဟောက်တို့ ညီအစ်ကိုနှစ်ယောက်လုံး တော်ဝင်မိသားစုရေးရာရုံးတွင် အဖမ်းခံထားရသည်။ သူမနှင့် ယွီရှီတို့လည်း အိမ်တွင် အသီးသီး အကျဉ်းချခံထားရသည်။ တော်ဝင်မိသားစုရေးရာရုံးတွင် ဖြစ်ပျက်နေသည်များကို သူမ လုံးဝမသိရပေ။ စိုးရိမ်သောကများဖြင့် တစ်လကျော်ကြာ နေထိုင်ခဲ့ပြီးနောက် လီချန်၏ သေဆုံးသတင်းနှင့် ယွီရှီ၏ သတ်သေမှုသတင်းကိုသာ ကြားလိုက်ရသည်။
နှုတ်ခမ်းတောင့်တင်းနေလျှင် သွားက အေးရသည်။
မုန့်ယွင်လော်သည် စိတ်ဓာတ်ကျဆင်းနေပြီး ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေတော့သည်။ ခေါင်းတလားပေါ် မှောက်ကာ သေလုမတတ် ငိုကြွေးနေလေသည်။
လုမင်ယွိသည် အခွင့်ကောင်းယူပြီး နှိပ်ကွပ်ခြင်း မပြုဘဲ မုန့်ယွင်လော်ကို တစ်ချက်သာ ကြည့်လိုက်သည်။
ကျောက်ယွီသည် ပုံမှန်အားဖြင့် မုန့်ယွင်လော်နှင့် မတည့်သော်လည်း ယခုအချိန်တွင် မုန့်ယွင်လော် ငိုကြွေးနေသည်ကို မြင်ရသောအခါ စိတ်မကောင်းဖြစ်သွားပြီး ကိုယ်ကိုကိုင်းကာ တွဲထူပေးလိုက်သည်။ "စန်းစောင်... အရမ်းကြီး မငိုပါနဲ့။ ကျန်းမာရေး ထိခိုက်ကုန်ရင် ဘယ်လိုလုပ်မလဲ"
မုန့်ယွင်လော်က ငိုရင်း ပြောလိုက်သည်။ "ဝူတိနဲ့ ဝူတိမေ့ သေကုန်ပြီ။ အရှင်မင်းသားကလည်း တော်ဝင်မိသားစုရေးရာရုံးမှာ အဖမ်းခံထားရတယ်။ ဘယ်တော့မှ ပြန်လာရမလဲ မသိဘူး။ ကျွန်မ ဒီလို ရှင်သန်နေရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"
အားလုံးသည် လုမင်ယွိကို အမှတ်တမဲ့ လှမ်းကြည့်လိုက်ကြသည်။
လုမင်ယွိကတော့ ဘာမှ ဝင်မပြောပေ။
မုန့်ယွင်လော်ကို ကြောက်နေစရာ မလိုပေ။ ယွီမိသားစုဝင်များ၏ မျက်နှာကို ထောက်ထားပြီး ယွီရှီ၏ ဈာပနပွဲတွင် ပြဿနာမဖြစ်ချင်ရုံသာ။
...
တစ်နာရီအကြာတွင်။
"ထိုက်ဇီဖေးကို လျှောက်တင်ပါတယ်... တုန်းပင်ကျွင်းက ပဉ္စမမင်းသားကို ပြန်ပို့ပေးလာပါတယ်" ရှောင်ချွန်းကုန်းကုန်းသည် မျက်လုံးများ နီရဲလျက် လာရောက်သတင်းပို့သည်။
သူသည် လီချန်ကို နှစ်ပေါင်းများစွာ ပြုစုခဲ့ရသည်။ လီချန်သည် စိတ်သဘောထား ကောက်ကျစ်ပြီး သူ့ကို မကြာခဏ အနိုင်ကျင့်လေ့ရှိသည်။ သူသည် ကြောက်ရွံ့သလို မုန်းလည်းမုန်းသည်။ သို့သော် လီချန် တော်ဝင်မိသားစုရေးရာရုံးတွင် သေဆုံးသွားသောအခါ စိတ်ထဲတွင် အလွန် ဝမ်းနည်းမိပြန်သည်။ သူ့ဘဝသည် လေထဲတွင် ဝဲနေသကဲ့သို့ ဖြစ်နေပြီး မှီခိုရာမဲ့နေတော့၏။
လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး ရှေ့ဆုံးမှ ထွက်ကာ ကြိုဆိုလိုက်သည်။
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့လည်း ချက်ချင်း လိုက်ပါသွားကြသည်။ ဟွေ့အန်းကုန်းကျူနှင့် ကျင့်အန်းကုန်းကျူတို့လည်း နောက်မှ လိုက်ပါသွားကြသည်။ မုန့်ယွင်လော်မှာ ငိုရင်း သတိမေ့သွားသဖြင့် အဆောင်တစ်ခုတွင် အနားယူခိုင်းထားလိုက်ရသည်။
ပထမမင်းသား ကြင်ရာတော်နှင့် စတုတ္ထမင်းသားကြင်ရာတော်တို့က နောက်ဆုံးမှ လိုက်ပါလာကြသည်။
"တကယ့်ကို ကံဆိုးတာပဲ" ပထမမင်းသား ကြင်ရာတော်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "လွန်ခဲ့တဲ့ တစ်လလောက်ကထိ ကောင်းကောင်းကြီး ရှိနေသေးတာ။ ရုတ်တရက်ကြီး သေသွားကြရှာပြီ"
လီဟောက်လည်း အခုထိ ပြန်လွတ်မလာသေးဘူး။ အခြေအနေကြည့်ရတာ လီချန် သေဆုံးမှုက လီဟောက်နဲ့ ပတ်သက်နေတာ သေချာသလောက်ပဲ။
ကျောက်ယွီသည် ပါးစပ်သရမ်းတတ်သော်လည်း လီချန် သေပြီးနောက်ပိုင်း ဤအကြောင်းများကို ထုတ်မပြောတော့ဘဲ တိုးတိုးလေး သက်ပြင်းချလိုက်သည်။ "သနားစရာကောင်းတဲ့ ဝူတိမေ့... ပဉ္စမမင်းသားအိမ်တော် ရောက်ပြီးကတည်းက စိတ်ချမ်းသာရတယ်လို့ကို မရှိပါဘူး"
ပထမမင်းသား ကြင်ရာတော်က အံကြိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ငါ့သဘောပြောရရင်တော့ အသက်ရှင်နေတာ အကောင်းဆုံးပဲ။ ယောကျ်ားက အမှားလုပ်တာ မိန်းမက ဘာလို့ လိုက်သေပေးရမှာလဲ"
ကျောက်ယွီက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ "ဒီအချိန်ရောက်မှတော့ ဒါတွေ ပြောနေလို့ ဘာထူးမှာလဲ"
ယွီရှီ၏ အလောင်းသည် အေးစက်နေပြီဖြစ်ပြီး လီချန်၏ အလောင်းနှင့်အတူ သင်္ဂြိုဟ်ရန် စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။
လုမင်ယွိနှင့်အဖွဲ့သည် အိမ်တော်တံခါးဝသို့ ရောက်ရှိသွားကြသည်။
မြင်ကွင်းထဲတွင် ကြီးမားကျယ်ဝန်းသော မြင်းလှည်းတစ်စီးကို တွေ့လိုက်ရသည်။ မြင်းလှည်းဘေးတွင် ရပ်နေသော တုန်းပင်ကျွင်း၏ နှာခေါင်းတွင် ပတ်တီးများ အထပ်ထပ် ပတ်ထားပြီး မျက်နှာတစ်ဝက်လောက် ဖုံးအုပ်ထားသဖြင့် ထူးဆန်းပြီး ရယ်စရာကောင်းနေသည်။
အားလုံးသည် ရက်အနည်းငယ်ကြာ အိမ်တွင်းအောင်းနေခဲ့ရသည်။ ထို့အပြင် ယုံးကျားဧကရာဇ်က သတင်းပိတ်ပင်ထားသဖြင့် တော်ဝင်မိသားစုရေးရာရုံးတွင် ဖြစ်ပျက်ခဲ့သည်များကို သိရှိသူ နည်းပါးလှသည်။
တုန်းပင်ကျွင်း၏ ပုံစံကို မြင်လိုက်ရသောအခါ အားလုံး အံ့အားသင့်သွားကြသည်။
"ဦးရီးတော်... ဘယ်သူက ဦးရီးတော်ကို လက်ပါရဲတာလဲ" ပထမမင်းသားက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
တုန်းပင်ကျွင်းက အသေးစိတ် မပြောလိုဘဲ ဝါးတားတား ဖြေလိုက်သည်။ "မပြောပါနဲ့တော့" ထို့နောက် လေသံကို နှိမ့်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီး အမိန့်တော်အရ ပဉ္စမမင်းသားကို ပြန်ပို့ပေးတာပါ။ ပဉ္စမမင်းသားကြင်ရာတော်နဲ့အတူ သင်္ဂြိုဟ်ပေးလိုက်ပါ"
မည်မျှပင် စိတ်ဆိုးဒေါသထွက်ပါစေ လီချန်သည် သားအရင်း ဖြစ်သည်။ လူသေသွားပြီဖြစ်၍ အရာရာ ပြီးဆုံးသွားပြီဖြစ်ရာ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးရလိမ့်မည်။
မြင်းလှည်းတံခါး ပွင့်သွားပြီး ကိုယ်ရံတော်လေးဦးက ခေါင်းတလားကို ထမ်းထုတ်လာကြသည်။
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည် ခေါင်းတလားကို ကိုင်ကာ မျက်ရည်ကျကြလေသည်။
ပထမမင်းသား ကြင်ရာတော်နှင့် အခြားသူများလည်း လက်ကိုင်ပုဝါဖြင့် မျက်နှာအုပ်ကာ တိုးတိုးလေး ငိုကြွေးကြသည်။
လုမင်ယွိတစ်ယောက်သာ တည်ငြိမ်စွာ ရပ်နေပြီး တောက်ပသော မျက်ဝန်းများဖြင့် ထူထဲသော ခေါင်းတလားကြီးကို ကြည့်နေလေသည်။
လီချန်... အရင်ဘဝတုန်းက နင် လီဟောက်ရဲ့ မှာကြားချက်ကို ဖောက်ဖျက်ခဲ့တယ်။ ဒီဘဝမှာ သူ့လက်ချက်နဲ့ သေရတာ ဝဋ်လည်တာပဲ။
...
အပိုင်း (၆၃၂) တောင်းပန်ခြင်း
လီချန်၏ ခေါင်းတလားကို ဈာပနခန်းမထဲသို့ သယ်ဆောင်လာပြီး ယွီရှီ၏ ခေါင်းတလားနှင့် ဘေးချင်းယှဉ်လျက် ထားရှိလိုက်သည်။
နာရေးထုံးစံအရ ခေါင်းတလားကို ဖွင့်ကာ နောက်ဆုံး နှုတ်ဆက်ခွင့် ပေးရမည်ဖြစ်သည်။
သို့သော် တုန်းပင်ကျွင်းက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလိုက်\။ "အရှင်မင်းကြီး အမိန့်ပေးထားတာကတော့ ပဉ္စမမင်းသားရဲ့ ခေါင်းတလားကို ဖွင့်စရာ မလိုဘူးတဲ့"
မှုခင်းသမားတော်က အလောင်းကို ခွဲစိတ်စစ်ဆေးပြီး ပြန်ချုပ်ထားသဖြင့် အလောင်းအခြေအနေမှာ သိပ်ကြည့်ကောင်းမည် မဟုတ်ပေ။ ထို့ကြောင့် မကြည့်ကြလျှင် ပိုကောင်းမည်။
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည် လီချန်နှင့် ညီအစ်ကိုအရင်းများ ဖြစ်ကြသည်။ လီချန်ကို မည်မျှပင် မကြိုက်၊ မုန်းတီးကြစေကာမူ ယခုအချိန်တွင်မူ ဝမ်းနည်းပူဆွေးနေကြပြီး မျက်လုံးများ နီရဲလာကြသည်။
ကျင့်အန်းကုန်းကျူက မနေနိုင်တော့ဘဲ မေးလိုက်သည်။ "စန်းကော ရော... သူ ဘာလို့ လာမပို့တာလဲ"
အားလုံးသည် တုန်းပင်ကျွင်းကို ပြိုင်တူ ကြည့်လိုက်ကြ၏။
လီဟောက်အကြောင်း ပြောလိုက်လျှင် တုန်းပင်ကျွင်း၏ နှာခေါင်းရိုးက နာကျင်လာတော့သည်။
တရားစီရင်ရေးဝန်ကြီးဌာနမှ ဝန်ကြီးယောင်၊ လက်ထောက်ဝန်ကြီးကျူးနှင့် လက်ထောက်ဝန်ကြီးမင်တို့သည် တော်ဝင်မိသားစုရေးရာရုံး အကျဉ်းထောင်ထဲတွင် လီဟောက်ကို စစ်ဆေးမေးမြန်းနေကြသည်။ သို့သော် လီဟောက်၏ ပါးစပ်သည် ကျောက်တုံးထက်ပင် မာကျောနေပြီး မည်သို့မျှ ဝန်မခံပေ။ ပါးစပ်ဟလျှင် ယုံးကျားဧကရာဇ်နှင့် တွေ့ခွင့်တောင်းသည်၊ မဟုတ်လျှင် တစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေတတ်သည်။
ယုံးကျားဧကရာဇ်သည် စစ်ဆေးရန် သုံးရက်အချိန်သာ ပေးထားသည်။ လက်ရှိအခြေအနေအရ သုံးရက်မက သုံးဆယ်ရက်ကြာလျှင်ပင် အဖြေထွက်မည် မဟုတ်ပေ။
ဤအကြောင်းများကို တုန်းပင်ကျွင်းက ထုတ်ဖော်ပြောပြ၍ မရသဖြင့် ဖြေလိုက်သည်။ "အရှင်မင်းကြီး အမိန့်ပေးထားတယ်။ အမှုမပြီးမချင်း တတိယမင်းသားကို အကျဉ်းထောင်ထဲက ထွက်ခွင့်မပေးဘူးတဲ့"
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည် မျက်လုံးချင်းဆုံလိုက်ကြသည်။
ကြည့်ရတာ ထိုက်ဇီကို လုပ်ကြံတဲ့ကိစ္စက လီဟောက်လက်ချက် ဖြစ်ပုံရတယ်။
မဟုတ်ရင် ယုံးကျားဧကရာဇ်က ဒီလောက်ထိ ရက်စက်မှာ မဟုတ်ဘူး။
ပြောရရင် သူတို့အားလုံး လီဟောက်ကြောင့် ဒုက္ခရောက်ခဲ့ကြရသည်။ နေအိမ်အကျယ်ချုပ် ကျရုံသာမက အိမ်တော်ထဲရှိ လူတိုင်း စစ်ဆေးမေးမြန်းခံခဲ့ရသည်။ တွေးမိတိုင်း စိတ်ပျက်စရာ ကောင်းလှသည်။
ရုတ်တရက် အရိပ်တစ်ခု ပြေးဝင်လာပြီး တုန်းပင်ကျွင်း၏ ရှေ့တွင် ဒူးထောက်လိုက်ကာ စူးရှစွာ အော်ဟစ်တောင်းပန်လေသည်။ "ဦးရီးတော်... သမီး တောင်းပန်ပါတယ်။ အရှင်မင်းသားကို လွှတ်ပေးပါနော်။ ဦးရီးတော်ကို ကန်တော့ပါ့မယ်။ တောင်းပန်ပါတယ်"
ငိုယိုအော်ဟစ်ရင်း ခေါင်းနှင့် ကြမ်းပြင် ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။
အားလုံး အံ့ဩသွားကြသည်။
အထူးသဖြင့် တုန်းပင်ကျွင်းသည် ထိတ်လန့်သွားပြီး ရှောင်ဖယ်လိုက်ရသည်။ "တတိယမင်းသားကြင်ရာတော် မြန်မြန်ထပါ။ ဒီလောက်ထိ လုပ်စရာ မလိုပါဘူး"
လီဟောက် အပြစ်ရှိကြောင်း အမိန့်မချသေးသရွေ့ မုန့်ယွင်လော်သည် မင်းသားကြင်ရာတော် ဖြစ်နေဆဲပင်။ မင်းသားကြင်ရာတော်က အမတ်တစ်ဦးကို ဒူးထောက်ကန်တော့သည်မှာ မဖြစ်သင့်ပေ။
မုန့်ယွင်လော်၏ မျက်လုံးများ နီရဲနေပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်။ ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ အားကုန်သုံး၍ ခေါင်းဖြင့် ကြမ်းပြင်ကို ဆောင့်နေသည်။ ဒုန်း ဒုန်း ဒုန်း ဟူသော အသံများနှင့်အတူ နဖူးမှ သွေးများ စီးကျလာလေသည်။ "အရှင်မင်းသားက တော်ဝင်မိသားစုရေးရာရုံးမှာ အဖမ်းခံထားရတယ်။ ဦးရီးတော်က တော်ဝင်မိသားစုရေးရာရုံးရဲ့ အကြီးအကဲလေ။ အရှင်မင်းသားကို လွှတ်ပေးဖို့ဆိုတာ ဦးရီးတော်ရဲ့ ပါးစပ်ဖျားလေးပဲ ရှိတာပါ။ တောင်းပန်ပါတယ် ဦးရီးတော်ရယ်"
တုန်းပင်ကျွင်းသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေသည်။
ဒါက တောင်းပန်တာ မဟုတ်ဘူး။ သူ့ကို မီးထဲ တွန်းပို့နေတာပဲ။ သူက တော်ဝင်မိသားစုရေးရာရုံးရဲ့ အကြီးအကဲ ဆိုပေမဲ့ ဒီလောက် လုပ်ပိုင်ခွင့်အာဏာ ဘယ်ရှိမလဲ။
ဈာပနခန်းမထဲရှိ ယွီမိသားစုဝင်များလည်း ဒေါသထွက်နေကြသည်။
မုန့်ယွင်လော်၏ လုပ်ရပ်သည် ဈာပနပွဲကို ဖျက်ဆီးနေခြင်းနှင့် တူနေ၏။ ယွီရှီ သေသွားတာတောင် အေးအေးဆေးဆေး မနေရဘူး။ တကယ့်ကို အနိုင်ကျင့်လွန်းတာပဲ။
ယွီကတော်သည် ဒေါသထွက်သော်လည်း ထုတ်မပြောရဲရှာပေ။
ဟွေ့အန်းကုန်းကျူသည် မျက်ခုံးပင့်လိုက်ပြီး ဝင်ပြောရန် ပြင်လိုက်စဉ်မှာပင် အရိပ်တစ်ခုသည် လျင်မြန်စွာ ရွေ့လျားသွားပြီး မုန့်ယွင်လော်၏ လည်ပင်းကို တိုက်ခိုက်လိုက်သည်။
မုန့်ယွင်လော်သည် အသံပင် မထွက်နိုင်ဘဲ မျက်ဖြူလန်ကာ လဲကျသွားတော့သည်။
အားလုံး "..."
လုမင်ယွိက လုမင်ယွိပါပဲ။ လက်ပါစရာရှိရင် စကားအများကြီး မပြောတတ်ဘူး။
လုမင်ယွိသည် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ "လာကြစမ်း။ တတိယမင်းသားကြင်ရာတော်ကို အဆောင်မှာ ပြန်နားခိုင်းလိုက်။" ခဏရပ်ပြီး ဆက်ပြောသည်။ "ငါ့အမိန့်မရဘဲ တံခါးမဖွင့်ပေးနဲ့"
နန်းတွင်းသူနှစ်ဦးသည် ကြောက်လန့်တကြားဖြင့် သတိမေ့နေသော မုန့်ယွင်လော်ကို တွဲခေါ်သွားကြသည်။
ဈာပနခန်းမသည် နောက်ဆုံးတော့ တိတ်ဆိတ်သွားလေသည်။
တုန်းပင်ကျွင်းခမျာ သက်ပြင်းချလိုက်ပြီး နဖူးမှ ချွေးများကို လက်ဖြင့် သုတ်လိုက်သည်။
ဝန်ကြီးယွီနှင့် ယွီကတော်တို့သည် တုန်တုန်ယင်ယင်ဖြင့် လာရောက် ကျေးဇူးတင်စကား ဆိုကြသည်။ "ထိုက်ဇီဖေးကို ကျေးဇူးတင်ပါတယ်"
လုမင်ယွိသည် သက်ပြင်းချလိုက်ပြီး သူတို့ကို တွဲထူလိုက်သည်။ "နှစ်ယောက်လုံး ထကြပါ။ ကျွန်မ ပေါ့ဆသွားလို့ စန်းစောင် ဒီမှာ လာရမ်းကားတာပါ။ စိတ်ချပါ။ နောက်ရက်တွေကျရင် ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး"
ဝန်ကြီးယွီနှင့် ယွီကတော်တို့၏ ကျေးဇူးတင်ရှိမှုသည် ပြောစရာမလိုတော့ပေ။
...
မိုးမချုပ်ခင်မှာပင် လုမင်ယွိ နန်းတော်သို့ ပြန်ရောက်လာသည်။
နန်းတော်ရောက်သည်နှင့် ယုံးကျားဧကရာဇ်ထံသို့ ဦးစွာ သွားရောက် တွေ့ဆုံလေသည်။
ယခုတစ်ကြိမ်တွင် မည်သူမျှ လုမင်ယွိကို မတားဆီးကြပေ။ သူမသည် ယုံးကျားဧကရာဇ်၏ အိပ်ဆောင်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။
ယုံးကျားဧကရာဇ်၏ သလွန်တော်ရှေ့တွင် လိုက်ကာတစ်ခု ချထားသည်။ အသံကိုသာ ကြားရပြီး လူကို မမြင်ရပေ။
ကြည့်ရတာ ယုံးကျားဧကရာဇ်သည် သူ ရေရှည် အိပ်ရာထဲ လဲနေရမည့် အဖြစ်မှန်ကို လက်ခံလိုက်ပုံရသည်။ အမတ်များနှင့် လုံးဝ မတွေ့ဘဲ နေ၍မရသဖြင့် ဤနည်းလမ်းကို သုံးလိုက်ခြင်း ဖြစ်မည်။
လုမင်ယွိသည် လိုက်ကာအနောက်မှ အရိုအသေပေးလိုက်၏။ အာရှီ လုရှီ... ဖုဟွမ်ကို ဂါရဝပြုပါတယ်"
လိုက်ကာနောက်မှ ယုံးကျားဧကရာဇ်၏ အသံထွက်ပေါ်လာသည်။ "ထပါ"
"ကျေးဇူးတင်ပါတယ် ဖုဟွမ်" လုမင်ယွိသည် မတ်တပ်ရပ်ပြီးနောက် ယုံးကျားဧကရာဇ် မမေးမြန်းခင်မှာပင် ယနေ့ ဖြစ်ပျက်ခဲ့သည်များကို အစီရင်ခံလိုက်သည်။ မုန့်ယွင်လော် ပြဿနာရှာသည့် ကိစ္စကို အနည်းငယ်သာ ထည့်ပြောပြီး ကလေးမွေးစားသည့် ကိစ္စကို အဓိကထား ပြောလိုက်သည်။
"... ဝန်ကြီးယွီနဲ့ ယွီဖူရန်တို့ သမီးဆုံးရှုံးလိုက်ရလို့ အရမ်းဝမ်းနည်းနေကြတယ်။ ဒါကြောင့် ချွေးမတော်က ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ပြီး လီမျိုးနွယ်ထဲက ကလေးတစ်ယောက်ကို ပဉ္စမမင်းသားတို့ လင်မယားအတွက် မွေးစားပေးမယ်လို့ ကတိပေးလိုက်မိပါတယ်။ ဒါမှ သူတို့အတွက် ဦးချကန်တော့မယ့် ကလေးရှိမှာ၊ လမ်းကြောင်းပြပေးမယ့် သားရှိမှာပါ။ ဖုဟွမ် သဘောတူပေးပါ"
လိုက်ကာနောက်မှ တိတ်ဆိတ်နေသည်။
လုမင်ယွိလည်း စိတ်မလောဘဲ သည်းခံစောင့်ဆိုင်းနေသည်။
သူမ ဒီလိုလုပ်တာက အတိတ်ကို အပြစ်မယူဘဲ ခွင့်လွှတ်ပေးလိုက်တဲ့ သဘောပါ။ ယုံးကျားဧကရာဇ်အနေနဲ့ ငြင်းစရာအကြောင်း မရှိပါဘူး။
ဘယ်ဖခင်မဆို ကိုယ့်သားသေပြီး မျိုးဆက်ပြတ်သွားတာကို မလိုလားကြဘူးလေ။
ကျောက်စိမ်းလိုက်ကာ နောက်ကွယ်မှ သွယ်လျသော ပုံရိပ်တစ်ခုကို ဝိုးတဝါး မြင်နေရသည်။ ယုံးကျားဧကရာဇ်သည် ထိုပုံရိပ်ကို တိတ်တဆိတ် စိုက်ကြည့်နေပြီး စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသည်။
"ဒီကိစ္စကို မင်း လုပ်တာ ကောင်းတယ်" ယုံးကျားဧကရာဇ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ငါ ခွင့်ပြုတယ်"
"တုန်းပင်ကျွင်းက တော်ဝင်မိသားစုရေးရာရုံးရဲ့ အကြီးအကဲဆိုတော့ သူ့ဆီမှာ ဆွေစဉ်မျိုးဆက် စာရင်းရှိတယ်။ ဒီကိစ္စကို သူ့ကို လွှဲပေးလိုက်ပါ။ လီမျိုးနွယ်ထဲက ကလေးတစ်ယောက် ရွေးပြီး လီချန်တို့ လင်မယားနာမည်အောက်မှာ မွေးစားခိုင်းလိုက်။ နာရေးကိစ္စပြီးရင် အဲဒီကလေးကို ကျွင်းဝမ် ရာထူး ပေးလိုက်မယ်"
ထုံးစံအရ မင်းသားများသည် နောင်တစ်ချိန်တွင် ဖန်းဝမ် (နယ်စားမင်း) ဖြစ်လာပြီး သားအကြီးဆုံးက ဆက်ခံသူအဖြစ် သတ်မှတ်ခံရသည်။ ကျန်သော သားများကို ကျွင်းဝမ်(မြို့စားမင်းသား) ရာထူး ပေးအပ်လေ့ရှိသည်။
မွေးစားကလေးတစ်ယောက်အတွက် ကျွင်းဝမ် ရာထူးရခြင်းသည် တစ်သက်တာ ချမ်းသာကြွယ်ဝမှုပင်။
လုမင်ယွိသည် အမိန့်ကို နာခံပြီး ထွက်ခွာလာခဲ့သည်။
ချောင်မိဖုရားခေါင်က ဒီကိစ္စကို သိပြီးနောက် လုမင်ယွိကို ချီးကျူးလေသည်။ "လီချန်က သေသွားပြီ။ အပြစ်တွေ ဘယ်လောက်များများ အသက်ပေးလိုက်ရပြီဆိုတော့ လုံလောက်ပါပြီ။ ကလေးတစ်ယောက် မွေးစားပေးပြီး မျိုးဆက်မပြတ်အောင် လုပ်ပေးတာ ကောင်းပါတယ်"
ဘာပဲဖြစ်ဖြစ် ကျွင်းဝမ် ရာထူးတစ်ခုပဲလေ။ ငွေကြေးအနည်းငယ် ကုန်ကျရုံပါပဲ။ နယ်မြေပေးပြီး အုပ်ချုပ်ခိုင်းဖို့တော့ မဖြစ်နိုင်တော့ဘူး။
လုမင်ယွိက ခေါင်းညိတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းသားက သဘောထားကြီးပြီး ကြင်နာတတ်သူလို့ နာမည်ကြီးတာလေ။ ကျွန်မက ထိုက်ဇီဖေး တစ်ယောက်အနေနဲ့ အရှင်မင်းသားရဲ့ ဂုဏ်သိက္ခာကျအောင် မလုပ်သင့်ပါဘူး"
ချောင်မိဖုရားခေါင် သဘောကျသွားပြီး လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ဂုဏ်သိက္ခာမကျအောင် လုပ်ရုံတင်မကဘူး။ တကယ့်ကို အားကိုးရတဲ့ ဇနီးကောင်းပါပဲ"
လုမင်ယွိက ပြုံးလိုက်၏။
စကားအနည်းငယ် ပြောပြီးနောက် ချောင်မိဖုရားခေါင်က သတိပေးလိုက်သည်။ "ကလေးမွေးစားတဲ့ကိစ္စက မင်း အကြံပေးတာဆိုတော့ ယွီမိသားစုက မင်းကို ကျေးဇူးတင်နေမှာပါ။ အသေးစိတ် ကိစ္စတွေကိုတော့ မင်း ဝင်မပါနဲ့တော့။ တုန်းပင်ကျွင်းကိုပဲ လွှဲပေးလိုက်ပါ"
အရမ်း ကြိုးစားပမ်းစား လုပ်ပြနေရင် ယုံးကျားဧကရာဇ် သံသယဝင်လိမ့်မယ်။
လုမင်ယွိ ခေါင်းညိတ်လိုက်သည်။ "မူဟုပ် စိတ်ချပါ။ ကျွန်မ နားလည်ပါတယ်"
...
အပိုင်း (၆၃၃) မြေချသင်္ဂြိုဟ်ခြင်း
တုံးပင်ကျွင်းသည် အမိန့်တော်ကို လက်ခံရရှိပြီးနောက်တွင် တစ်ရက်အတွင်းမှာပင် ကလေးတစ်ယောက်ကို ရွေးချယ်လိုက်လေသည်။
ထိုကလေး၏ အမည်မှာ လီကျွယ်ဖြစ်ပြီး လီမျိုးနွယ်၏ ဆွေမျိုးနီးစပ်ထဲမှ မယားငယ်က မွေးဖွားသော သားဖြစ်ကာ ယခုနှစ်တွင် အသက် (၆)နှစ်ရှိပြီဖြစ်၍ ရွှီအာထက် အနည်းငယ် ငယ်သည်။
ဤသည်က တုံးပင်ကျွင်း၏ ထက်မြက်သော လုပ်ဆောင်ချက်ပင် ဖြစ်ပေလိမ့်မည်။ ပဥ္စမမင်းသား၏ အိမ်တော်သို့ မွေးစားရန် ခေါ်ဆောင်လာသော ကလေးသည် မြေးတော် လီရွှီကို သာလွန်၍ မဖြစ်ပေ။
ကျွင်းဝမ်ဘွဲ့ထူးသည် အလိုလိုနေရင်း ခေါင်းပေါ်သို့ ကျရောက်လာသဖြင့် လီကျွယ်၏ မိဘများသည် အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး လီကျွယ်ကို ပဥ္စမမင်းသား၏အိမ်တော်သို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးကြသည်။ လီကျွယ်သည် အဖြူရောင် ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီး အောက်မေ့ဖွယ်ခန်းမဆောင်တွင် ဒူးထောက်ကာ ဈာပနကို စောင့်ရှောက်နေလေ၏။
လူတိုင်းသည် အောက်မေ့ဖွယ်ခန်းမဆောင်ထဲတွင် ရှိနေကြပြီး ကနဦး ထိတ်လန့်မှုနှင့် ဝမ်းနည်းပူဆွေးမှုများ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ စိတ်ခံစားမှုများလည်း အတော်အတန် တည်ငြိမ်သွားကြလေပြီ။ လေသံတိုးတိုးဖြင့် စကားပြောရန် စိတ်ကူးရှိလာကြလေသည်။
ကျောက်ယွီသည် လုမင်ယွိ၏ အနားသို့ တိုးကပ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒီလီကျွယ်က ကြည့်ရတာ ရိုးသားပြီး လိမ်မ္မာမယ့်ပုံပဲနော်"
(၆)နှစ်အရွယ် ယောက်ျားလေးဆိုသည်မှာ ဆော့ကစားရန် မက်မောသည့်အရွယ် ဖြစ်လေသည်။ လီကျွယ်သည် ဈာပနအခမ်းအနားတွင် ဒူးထောက်နေသည်မှာ နေ့ဝက်ခန့် ရှိနေပြီဖြစ်ပြီး ကြားထဲတွင် တကိုယ်ရည်သန့်ရှင်းရေး ပြုလုပ်ရန် တစ်ကြိမ်သာ ထသွားခဲ့လေသည်။ မငိုမယိုဘဲ လိမ်လိမ်မာမာ ဒူးထောက်နေသည်မှာ အမှန်တကယ်ပင် လိမ်မ္မာရေးခြား ရှိလှပေသည်။
လုမင်ယွိက အသာအယာ ခေါင်းညိတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "လိမ္မာတဲ့ကောင်းလေးပါ"
ကျောက်ယွီက လေသံတိုးတိုးဖြင့် ထပ်မံပြောလိုက်ပြန်သည်။ "စန်းစောင်ကို ချုပ်ထားရတာ (၂)ရက်ရှိပြီ။ ကြားတာတော့ သူက မရပ်မနား ငိုယိုအော်ဟစ်နေတယ်တဲ့။ သူ့ကို ပြန်မလွှတ်ပေးသေးဘူးလား"
လုမင်ယွိ၏ မျက်ဝန်းများ အေးစက်သွားပြီး လေသံပြတ်ပြတ်သားသားဖြင့် ပြောလိုက်လေသည်။ "ဈာပနကိစ္စ ပြီးသွားမှပဲ သူ့ကို အိမ်တော်ပြန်ခိုင်းလိုက်တော့မယ်"
လုမင်ယွိ၏ မျက်နှာထားသည် တည်ငြိမ်အေးစက်နေပြီး အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
ကျောက်ယွီသည် လုမင်ယွိကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ဖျားသို့ ရောက်လုနီးပါး စကားများကို ချက်ချင်း ပြန်မျိုချလိုက်လေသည်။
အခု ယုံးကျားဧကရာဇ်က အိပ်ရာထဲမှာ အနားယူနေရတယ်။ ကုတင်ပေါ်က မဆင်းနိုင်ဘူး။ ခဏတဖြုတ်ဆိုရင် ကိစ္စမရှိပေမဲ့ ကြာလာရင်တော့ တိုင်းပြည်ဖခင်က ညီလာခံမတက် လူလုံးမပြဘဲနေတာက နည်းလမ်းကောင်း မဟုတ်ဘူး။ ထိုက်ဇီ ဒဏ်ရာပျောက်ပြီး မြို့တော်ပြန်ရောက်လာရင် ယုံးကျားဧကရာဇ်က ထီးနန်းစွန့်ပြီး ထိုက်ဇီကို လွှဲပေးလောက်တယ်။ ထီးနန်းမလွှဲပေးရင်တောင် ထိုက်ဇီက ညီလာခံမှာ အရှိန်အဝါ ပိုကြီးလာမှာပဲ... ဘာပဲဖြစ်ဖြစ် အရှေ့နန်းဆောင်နဲ့ ဆက်ဆံရေးကောင်းအောင် ထားတာ အကောင်းဆုံးပဲ။
လုမင်ယွိသည် ကျောက်ယွီ၏ ပြောချင်သော်လည်း မပြောဖြစ်လိုက်သည့် အမူအရာကို သတိထားမိလိုက်ပြီး ကျောက်ယွီကို ကြည့်လိုက်လေသည်။ "စန်းတိမေ့က သားသမီးတွေကို စိတ်ပူပြီး ထွက်ချင်လို့ ငိုယိုအော်ဟစ်နေမှန်း ငါ သိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် ထွက်လာပြီးတာနဲ့ အောက်မေ့ဖွယ်ခန်းမဆောင်ထဲကို ဝင်ပြီး သောင်းကျန်းဦးမှာပဲ။ လောလောဆယ်တော့ သူ့ကို ရက်နည်းနည်းလောက် စိတ်ဒုက္ခခံခိုင်းထားလိုက်ဦးမယ်။ ဝူတိနဲ့ ဝူတိမေ့ကို မြေချပြီးမှပဲ သူ့ကို အိမ်တော်ပြန်လွှတ်ပေးလိုက်တော့မယ်"
လုမင်ယွိက ရှင်းပြလိုစိတ် ရှိနေခြင်းသည် သူမအပေါ် ထားရှိသည့် သံယောဇဉ်ကို ပြသနေခြင်းပင်။
ကျောက်ယွီသည် စိတ်ထဲတွင် ကြည်နူးသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "တကယ်တော့ စန်းစောင် ထွက်မလာတာလည်း ကောင်းပါတယ်။ အားလုံး နားအေးပါးအေး နေရတာပေါ့"
လုမင်ယွိသည် စကားထပ်မပြောတော့ချေ။
သူမသည် မနက်ပိုင်းတွင် ပဥ္စမမင်းသား၏ အိမ်တော်သို့ လာရောက်ပြီး ညနေပိုင်းတွင် နန်းတော်သို့ ပြန်လေသည်။ (၇)ရက်ဆက်တိုက် တစ်ရက်မှ မပျက်ကွက်ခဲ့ချေ။
ဤကဲ့သို့သော သဘောထားကြီးမှုသည် ယွီမိသားစုတစ်ခုလုံးကို ကျေးဇူးတင်မျက်ရည် ကျစေခဲ့ပြီး လုမင်ယွိအတွက်လည်း နာမည်ကောင်းတစ်ခု ရရှိစေခဲ့လေသည်။
(၇)ရက် ကြာမြင့်ပြီးနောက်တွင် လီချန်နှင့် ယွီရှီတို့ကို တော်ဝင်သင်္ချိုင်းတော်၌ မြေချသင်္ဂြိုဟ်လိုက်လေသည်။ ဈာပနကိစ္စရပ်များ အားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ လူတိုင်းသည် ရက်အနည်းငယ်ကြာ အလုပ်ရှုပ်ခဲ့ကြသဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်နေကြလေသည်။
ပထမမင်းသားသည် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ စတုတ္ထမင်းသားကို လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "စစ်တိ။ ငါတို့ အတူတူ နန်းတော်ထဲဝင်ပြီး ဖုဟွမ်ကို သွားတွေ့ကြမလား"
နေအိမ်အကျယ်ချုပ် အမိန့် ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး လီချန်တို့လင်မယား၏ ဈာပနလည်း ပြီးဆုံးသွားပြီဖြစ်ရာ သူတို့အနေဖြင့် နန်းတော်သို့ဝင်ကာ အရှင်မင်းကြီးကို သွားရောက်တွေ့ဆုံသင့်ပြီ ဖြစ်လေသည်။
စတုတ္ထမင်းသားက ခါးသက်သက် ပြုံးလိုက်ပြီး သက်ပြင်းချလိုက်၏။ "သာ့ကော။ အမှန်အတိုင်း ပြောရရင် ကျွန်တော် အခု ဖုဟွမ်ကို တွေ့ရမှာ ကြောက်နေမိတယ်။ အရင်တုန်းကဆိုရင် ဖုဟွမ်က ကျွန်တော်တို့ ညီအစ်ကိုတွေကို အမြဲတမ်း ချစ်ခင်ခဲ့တာပါ။ စန်းကောနဲ့ ဝူတိရဲ့ကိစ္စတွေက ဖုဟွမ်ရဲ့ စိတ်နှလုံးကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး ဖုဟွမ်ကို ဒေါသထွက်လွန်းလို့ လေဖြတ်တဲ့အထိ ဖြစ်စေခဲ့တယ်။ ဖုဟွမ်က ကျွန်တော်တို့ကိုပါ တပါတည်း သံသယ ဝင်နေတော့တာပဲ။ အခု နန်းတော်ထဲဝင်ရင် ဖုဟွမ်ကို ဘာပြောရမလဲဆိုတာ ကျွန်တော် မသိတော့ဘူး"
ပထမမင်းသားသည်လည်း မျက်မှောင်ကြုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မပြောပါနဲ့တော့။ ငါတို့က သားတွေပဲ။ အဖေရဲ့ ဆူပူကြိမ်းမောင်းတာ ခံရလည်း ဘာမှ မဖြစ်ပါဘူး"
ဟုတ်ပေသည်။ ခေါင်းတလားထဲတွင် လဲလျောင်းနေသော လီချန်ကို တွေးကြည့်ပြီး မြေတိုက်ထဲတွင် အဖမ်းခံထားရကာ စစ်ဆေးမေးမြန်းခြင်း ခံနေရသည့် လီဟောက်ကို တွေးကြည့်လိုက်လျှင် သူတို့အနေဖြင့် ဤနေရာတွင် ဘေးကင်းစွာ ရပ်နေနိုင်ခြင်းကပင် ကံကောင်းလှပြီ။
ညီအစ်ကိုနှစ်ဦးသည် တိုးတိုးတိတ်တိတ် တိုင်ပင်ဆွေးနွေးလိုက်ကြပြီး မကြာမီတွင် နန်းတော်ထဲသို့ အတူတကွ ဝင်ရောက်သွားကြလေသည်။
...
လုမင်ယွိသည် နန်းတော်သို့ ပြန်ရန် အလျင်မလိုဘဲ ပဥ္စမမင်းသား၏ အိမ်တော်သို့ ဦးစွာ သွားရောက်လိုက်လေသည်။
သေးငယ်သော လီကျွယ်သည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ကြောက်ရွံ့နေသော မျက်ဝန်းများဖြင့် လုမင်ယွိကို ကြည့်နေလေသည်။
လီကျွယ်၏ ဘေးတွင် ရပ်နေသူမှာ သူ၏ ဖခင်အရင်းဖြစ်ပြီး လီမျိုးနွယ်ဝင် ဆွေမျိုးတစ်ဦးဖြစ်ကာ နာမည်တစ်လုံးတည်း တန်ဟု ခေါ်လေသည်။ ဆွေမျိုးတော်စပ်မှုအရ ထိုက်ဇီနှင့် မောင်နှမဝမ်းကွဲ တော်စပ်ပြီး ထိုက်ဇီ လီကျင့်ထက် အသက်အနည်းငယ် ကြီးလေသည်။
သို့သော်လည်း ထိုတော်ဝင်ဆွေမျိုးသည် ဂုဏ်သတင်းကျော်ကြားလှသော ထိုက်ဇီဖေး၏ ရှေ့မှောက်တွင် ခဲအိုကြီးတစ်ယောက်၏ ဟန်ပန်ကို လုံးဝ မပြရဲဘဲ ခေါင်းငုံ့ခါးညွှတ်ကာ အလွန်ပင် မျက်နှာလိုမျက်နှာရ ပြုမူနေလေသည်။ "ထိုက်ဇီဖေး ညန်ညန်... ကျွယ်အာက ဒီနေ့ကစပြီး ပဥ္စမမင်းသားရဲ့ အိမ်တော်မှာ နေထိုင်သွားတော့မှာပါ။ ကျွယ်အာက ငယ်သေးတော့ ဘာမှ နားမလည်ရှာပါဘူး။ နောက်နောင် ညန်ညန်ကပဲ ဂရုစိုက် စောင့်ရှောက်ပေးပါဦး"
ထို့နောက် လီကျွယ်ကို ဒူးထောက်ရန် တိုက်တွန်းလိုက်လေသည်။ "ထိုက်ဇီဖေး ညန်ညန်ကို မြန်မြန် ဒူးထောက်ပြီး ဦးချလိုက်လေ"
လီကျွယ်သည် အလွန် လိမ်မ္မာပြီး ချက်ချင်း ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးခိုက်လိုက်လေသည်။ "ကျွယ်အာက ထိုက်ဇီဖေး ညန်ညန်ကို ဂါရဝပြုပါတယ်"
လုမင်ယွိသည် အသက်အနည်းငယ်သာ ရှိသေးသော ကလေးတစ်ယောက်ကို အခက်တွေ့အောင် လုပ်မည် မဟုတ်ပေ။ လက်ကိုဆန့်တန်းကာ လီကျွယ်ကို တွဲထူပေးလိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည်။ "မင်းက ဝူတိရဲ့ အိမ်တော်ကို မွေးစားရောက်ရှိလာပြီဆိုတော့ နောက်ဆိုရင် အာ့စောင်လို့ ခေါ်ရင် ရပါပြီ။ အရင်ဆုံး ရက်နည်းနည်းလောက် အနားယူလိုက်ဦး။ နောက်ပိုင်းကျရင် နန်းတော်ထဲဝင်ပြီး ထန်အာ၊ ရွှီအာတို့နဲ့အတူ စာသင်ရမယ်"
စာသင်ဆောင်သို့ ဝင်ရောက်ပြီး စာသင်ခွင့်ရသည်မှာ ကောင်းသော ကိစ္စပင်။
လီတန်သည် မျှော်လင့်မထားသော ဝမ်းသာမှုကို ရရှိလိုက်သဖြင့် လီကျွယ်ကို နောက်ထပ် ဒူးထောက်ဦးချခိုင်းရန် ပြုလုပ်လိုက်သော်လည်း လုမင်ယွိက တားဆီးလိုက်လေသည်။ "မိသားစုတွေပဲ ဖြစ်သွားကြပြီဆိုတော့ ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး"
ခဏရပ်တန့်လိုက်ပြီးမှ သူမက ဆက်ပြောလိုက်သည်။ "ကျွယ်အာက ငယ်သေးပေမဲ့ အခုဆိုရင် ပဥ္စမမင်းသားအိမ်တော်ရဲ့ သခင်ဖြစ်နေပါပြီ။ နောက်ရက်နည်းနည်းကြာရင် ဖုဟွမ်က အမိန့်တော်ချပြီး ကျွယ်အာကို ကျွင်းဝမ်ရာထူး ပေးအပ်လိမ့်မယ်။ ရှင်က ကျွယ်အာရဲ့ အဖေအရင်းဆိုတော့ စိတ်ပူရင် မကြာခဏ လာကြည့်လို့ ရပါတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းအရတော့ သူက ရှင့်ကို ဘကြီးလို့ပဲ ခေါ်ရတော့မယ်။ အဖေလို့ ခေါ်ခွင့်မရှိတော့ဘူး"
ထိုစကား၏ ဆိုလိုရင်းမှာ ကလေးက ပဥ္စမမင်းသား၏ အိမ်တော်သို့ မွေးစားရောက်ရှိသွားပြီဖြစ်၍ ရှင်က နေရာတိုင်းတွင် ကလေးအဖေအရင်းဟု ဆိုကာ ဝင်ပါမနေနှင့်တော့ ဟူ၍ပင်။ အကျိုးအမြတ်များကို အချိန်တိုင်း ရယူနိုင်ရန်လည်း မျှော်လင့်မနေနှင့်တော့ဟု ဆိုလိုခြင်း ဖြစ်လေသည်။
တောက်ပပြီး စူးရှထက်မြက်သော မျက်ဝန်းအိမ်များဖြင့် အကြည့်ခံလိုက်ရသဖြင့် လီတန်၏ ကျောပြင်တွင် ချွေးစေးများ ထွက်လာတော့သည်။ သူက အလျင်အမြန် ပြန်ဖြေလိုက်လေသည်။ "ညန်ညန် စိတ်ချပါ။ ဒီအထဲက စည်းမျဉ်းစည်းကမ်းတွေကို တုံးပင်ကျွင်းက ကျွန်တော်မျိုးကို တစ်ခုချင်းစီ ပြောပြထားပြီးပါပြီ။ ကျွန်တော်မျိုး စည်းကမ်းအတိုင်းပဲ နေထိုင်ပါ့မယ်။ လုံးဝ စည်းကျော်မှာ မဟုတ်ပါဘူး"
တုံးပင်ကျွင်း၏ မျက်လုံးထဲ ဝင်နိုင်မှတော့ လီတန်သည်လည်း မောက်မာပြီး ဆိုးသွမ်းမည့်သူမျိုး မဟုတ်တန်ရာ။
ပြောရမည်ဆိုလျှင် ပဥ္စမမင်းသား၏ အိမ်တော်တွင် လှိုင်းလုံးများထအောင် ပြုလုပ်ချင်လျှင်ပင် သူမ၏ သဘောတူခွင့်ပြုချက် ရမှဖြစ်ပေလိမ့်မည်။
လုမင်ယွိသည် အသာခေါင်းညိတ်လိုက်ပြီး လီကျွယ်ကို စကားအနည်းငယ် မှာကြားလိုက်ကာ ဘေးခန်းဆောင်သို့ ထွက်ခွာသွားခဲ့လေသည်။
လီတန်သည် ဝတ်ရုံလက်ဖြင့် နဖူးပေါ်က ချွေးစေးများကို သုတ်လိုက်ပြီး လီကျွယ်ကို ထပ်ခါတလဲလဲ မှာကြားလေတော့သည်။ "နောက်ဆိုရင် နန်းတော်ထဲဝင်ပြီး စာသင်တဲ့အခါ ထိုက်ဇီဖေး ညန်ညန်ရဲ့ စကားကို သေချာ နားထောင်နော်"
လီကျွယ်က လိမ်လိမ်မ္မာမ္မာ ခေါင်းညိတ်လက်ခံလိုက်လေသည်။
လုမင်ယွိ တံခါးကို တွန်းဖွင့်လိုက်သည့် ခဏတွင် ပြင်းထန်သော နေရောင်ခြည်သည်လည်း တပါတည်း ဝင်ရောက်သွားလေသည်။
မုန့်ယွင်လော်သည် အလင်းပြန်သဖြင့် မျက်လုံးကို မှေးလိုက်ပြီးမှ ချက်ချင်း အခြေအနေကို သဘောပေါက်သွားကာ ရုတ်တရက် ထရပ်ပြီး ရှေ့သို့ ပြေးဝင်လာတော့သည်။
လုမင်ယွိ၏ မျက်နှာထားသည် ပြောင်းလဲခြင်း မရှိဘဲ လျင်မြန်စွာ လက်လှမ်းလိုက်ကာ မုန့်ယွင်လော်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။
သူမသည် အားအင်၏ ထက်ဝက်ခန့်ကို အသုံးပြုထားလေသည်။
မုန့်ယွင်လော်သည် လက်ကောက်ဝတ်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး အသံကုန် အော်ဟစ်လိုက်တော့သည်။ "လုမင်ယွိ... ငါ့ကို လွှတ်စမ်း။ ငါ့လက်ကျိုးတော့မယ်။ ငါ့ကို လွှတ်ပေး"
မျက်ရည်များလည်း စီးကျလာတော့သည်။
လုမင်ယွိသည် အားကို အနည်းငယ် လျှော့ပေးလိုက်သည်။
မုန့်ယွင်လော်သည် လက်ကောက်ဝတ်မှ နာကျင်မှု သက်သာသွားသည်နှင့် မျက်ဝန်းထဲတွင် ဒေါသမီးများ တောက်လောင်လာတော့သည်။ "လုမင်ယွိ... နင်က ဘာသဘောနဲ့ ငါ့ကို အချိန်အကြာကြီး ဖမ်းချုပ်ထားရတာလဲ။ ငါကလည်း တော်ဝင်မင်းသားရဲ့ ကြင်ရာတော်ပဲ။ နင်က ဘာသဘောနဲ့ ငါ့ကို ဒီလို လာဆက်ဆံရတာလဲ"
သူတို့နှစ်ဦးသည် အလွန် နီးကပ်စွာ ရှိနေကြပြီး မျက်လုံးချင်း ဆုံနေကြလေသည်။
မုန့်ယွင်လော်၏ အသံသည် စူးရှနေပြီး နားစည်ကိုပင် ကွဲထွက်သွားမတတ် ဖြစ်နေသည်။ မျက်နှာထားသည်လည်း ရှုံ့မဲ့နေပြီး ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
လုမင်ယွိ၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်နေပြီး အေးစက်စွာ ပြောလိုက်လေသည်။ "နင်က အခုအချိန်မှာတော့ မင်းသားကြင်ရာတော် ဖြစ်နေသေးတာပေါ့။ နောက်ရက်နည်းနည်း ကြာရင်တော့ ဖြစ်ချင်မှ ဖြစ်တော့မှာ"
မုန့်ယွင်လော် "..."
...