အခန်း (၆၃၄-၆၃၆)
Vol. 43 Ch. 634-636
အပိုင်း (၆၃၄) ထိပ်တိုက်ရင်ဆိုင်ခြင်း
မုန့်ယွင်လော်သည် အားနည်ချက်ကို ထိုးနှက်ခံလိုက်ရသဖြင့် မျက်ဝန်းအိမ်များ ရုတ်တရက် နီရဲလာပြီး အသံများ အက်ကွဲလာတော့သည်။ "လုမင်ယွိ... နင် တကယ်ပဲ ရက်စက်လွန်းတယ်။ အကြင်နာတရားလည်း မရှိဘူး။ အရှင်မင်းသားက နင့်အပေါ် ဘယ်လိုဆက်ဆံခဲ့လဲ။ နင်က အခု သူ အပြစ်ပေးခံရတာကို မျှော်လင့်နေတာလား"
လုမင်ယွိက အေးစက်စွာ ပြုံးလိုက်လေသည်။ "နင် ပြောလိုက်တဲ့စကားကို ငါ တကယ် နားမလည်ဘူး"
"လီဟောက်က ချန်မိသားစုနဲ့ ပူးပေါင်းပြီး ကျန်းနန်က ရှေးဟောင်းမျိုးနွယ်ကြီးတွေကို လှုံ့ဆော်ပြီး ထိုက်ဇီကို လုပ်ကြံခိုင်းခဲ့တယ်။ နောက်ကွယ်ကနေ ချန်မိသားစုကို စေခိုင်းပြီး ကျန်းနန်စစ်တပ်ရဲ့ တပ်မှူးကို ဝယ်ခဲ့တယ်။ လော့ဝူက အကူအညီတောင်းတဲ့သတင်းကို ရပေမဲ့ တမင်သက်သက် အချိန်ဆွဲနေခဲ့တယ်။ တကယ်လို့သာ ငါ အချိန်မီ ရောက်မသွားရင် ထိုက်ဇီနဲ့အတူပါသွားတဲ့ အရာရှိတွေ၊ ကိုယ်ရံတော်တွေအားလုံး ဘုရင်ခံအိမ်တော်မှာတင် အသက်ဆုံးရှုံးသွားကြမှာ"
"ကိစ္စတွေ ပေါ်ပေါက်လာတော့မယ်ဆိုတာ မြင်တော့ သူက လီချန်ကို ချော့မော့ပြီး အပြစ်ကို ခေါင်းခံခိုင်းတယ်။ လီချန် ထောင်ထဲမဝင်ခင်မှာ လီချန်ကို အဆိပ်ဆေး ပေးလိုက်တယ်။ လီချန်က သူ့ကို လုံးဝ ယုံကြည်နေတော့ အကျဉ်းထောင်ထောင်ထဲမှာ အဆိပ်သောက်လိုက်တယ်။ အဆိပ်မိပြီး သေသွားတဲ့အချိန်အထိ လီချန်က ဟန်ဆောင်နေတယ်လို့ ထင်နေမှာပဲ။ အဲဒီလိုနဲ့ မရေမရာ ဝေဝါးဝါးနဲ့ သေမင်းဆီ ရောက်သွားရတာ"
"ရက်စက်ပြီး အကြင်နာတရား မရှိတဲ့လူက ငါ မဟုတ်ဘူး။ နင့်ယောက်ျား လီဟောက်ပဲ"
မုန့်ယွင်လော်၏ မျက်နှာသည် သွေးဆုတ်ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်နေတော့သည်။ "နင်... နင် မဟုတ်တာတွေ လျှောက်ပြောနေတာ။ အရှင်မင်းသားက ဝူတိကို အချစ်ဆုံးပဲ။ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး လုပ်နိုင်မှာလဲ။ နင်က ယုတ္တိမရှိတာတွေ လျှောက်ပြောပြီး တမင်သက်သက် အရှင်မင်းသားရဲ့ ကိုယ်ပေါ် ရေပုပ်နဲ့ လောင်းချနေတာ"
"ငါ မယုံဘူး။ ငါ လုံးဝ မယုံဘူး"
လုမင်ယွိသည် လက်ကို နောက်တစ်ကြိမ် ထပ်မံ အားထည့်လိုက်သဖြင့် ရူးသွပ်မတတ် အော်ဟစ်နေသော မုန့်ယွင်လော်မှာ နာကျင်စွာ ညည်းညူလိုက်ရလေသည်။ "ယုံတာ မယုံတာက နင့်အပိုင်းပဲ။ အမှန်တရားက လူတွေရဲ့ စိတ်နှလုံးထဲမှာ ရှိပြီးသား"
"ဖုဟွမ်က အမိန့်တော်ချပြီး အပြစ်ပေးတဲ့အချိန်ကျရင် နင် လီဟောက်ကို တွေ့ရလိမ့်မယ်။ အဲဒီကျရင် နင် ကိုယ်တိုင် မေးကြည့်ပေါ့။ သူ ဒီကိစ္စတွေ လုပ်တုန်းက သူ့ရဲ့ ဇနီးနဲ့ သားသမီးနှစ်ယောက်ကို ထည့်စဉ်းစားခဲ့ရဲ့လားလို့"
"သူက ထိုက်ဇီကို လုပ်ကြံဖို့ စီစဉ်တုန်းက အဲဒါ သူ့ရဲ့ အစ်ကိုအရင်းပဲဆိုတာ တွေးခဲ့ဖူးလား"
"သူ လီချန်ကို အသုံးချပြီး အပြစ်ခေါင်းခံခိုင်းတုန်းက အမေတူ ညီအစ်ကို သံယောဇဉ်ကို ငဲ့ညှာခဲ့ရဲ့လား"
"ဒီလို ကျေးဇူးကန်းပြီး ယုတ်မာတဲ့ယောက်ျားကိုမှ နင်က လောကရတနာလို သဘောထားနေတာ။ ငါ့မျက်လုံးထဲမှာတော့ သူက ဘာကောင်မှ မဟုတ်ဘူး"
"မုန့်ယွင်လော်... နင်နဲ့ငါ သိကျွမ်းလာတာ နှစ်တွေကြာပြီ။ သမီးယောက်မ လုပ်လာတာလည်း နှစ်အတော်ကြာပြီ။ ငါ့စိတ်နေစိတ်ထား ဘယ်လိုရှိလဲ နင် အသိဆုံးပါ။ လူက ငါ့ကို မထိပါးရင် ငါလည်း လူကို မထိပါးဘူး။ လူက ငါ့ကို လာထိပါးရင်တော့ ငါ သေချာပေါက် ဆယ်ဆပြန်ပေးဆပ်ခိုင်းမယ်"
ပြောပြီးသည်နှင့် သူမ လက်ကို လွှတ်လိုက်လေသည်။
မုန့်ယွင်လော်သည် ရုတ်တရက် အမှီအခို ကင်းမဲ့သွားပြီး ခြေထောက်များ ပျော့ခွေကာ မြေကြီးပေါ်သို့ လဲကျသွားပြီး မျက်ရည်များ မိုးရွာသကဲ့သို့ ကျဆင်းလာတော့သည်။
လုမင်ယွိ ပြောလိုက်သော စကားလုံးတိုင်းသည် ဓားသွားကဲ့သို့ သူမ၏ နှလုံးသည်းပွတ်ကို ထိုးစိုက်လိုက်သကဲ့သို့ သွေးချင်းချင်းနီသွားစေသည်။
လုမင်ယွိသည် မြေကြီးပေါ်တွင် ပျော့ခွေလဲကျနေပြီး ပြန်ထရန် အားမရှိတော့သော မုန့်ယွင်လော်ကို ငုံ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။ "ငါသာ နင်ဆိုရင် အခုအချိန်မှာ လီဟောက်ကို ဘယ်လို ကယ်ရမလဲဆိုတာ တွေးနေမှာ မဟုတ်ဘူး။ အိမ်တော်ကို ချက်ချင်းပြန်ပြီး ကိုယ့်သားသမီးနှစ်ယောက်ကို ကာကွယ်ဖို့ပဲ တွေးမိမှာ။ လီဟောက်ကြောင့် နင်တို့ သားအမိသုံးယောက် ဒုက္ခမရောက်စေနဲ့"
မုန့်ယွင်လော်သည် ဝတ်ရုံလက်ဖြင့် မျက်ရည်များကို ပရမ်းပတာ သုတ်နေသော်လည်း သုတ်လေလေ မျက်ရည်များ ပိုများလာလေလေပင်။
လုမင်ယွိသည်လည်း သူမ မရပ်မနား ငိုကြွေးနေသည်ကို ဆက်ကြည့်ရန် စိတ်မပါတော့သဖြင့် လှည့်ထွက်သွားခဲ့သည်။
...
မုန့်ယွင်လော်သည် မြေကြီးပေါ်တွင် ပုံလျက်သား လဲကျနေပြီး ဝမ်းနည်းပက်လက် ငိုကြွေးနေလေသည်။
အခြားအခန်းတစ်ခန်းတွင် အဖမ်းခံထားရသော အစေခံမိန်းကလေး ဝမ်ရှို့သည်လည်း ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဝမ်ရှို့သည် အလျင်အမြန် ရောက်ရှိလာပြီး မျက်လုံးများ နီရဲလျက် သခင်မကို တွဲထူပေးကာ ရှိုက်သံဖြင့် ပြောလိုက်လေသည်။ "ညန်ညန်... အခု ဘယ်လိုလုပ်ကြမလဲ"
စိတ်ပျက်အားငယ်နေသော မုန့်ယွင်လော်သည် ဝမ်ရှို့၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ငိုကြွေးလိုက်လေသည်။ "ငါလည်း မသိဘူး"
သူမသည် လုမင်ယွိ ပြောသောစကားများကို မယုံကြည်ချင်ပေ။
သို့သော်လည်း သူမ၏ စိတ်ထဲတွင်တော့ လုမင်ယွိ ပြောသမျှ အရာအားလုံး အမှန်တရားတွေ ဖြစ်ကြောင်း သိနေလေသည်။
လုမင်ယွိကဲ့သို့ မာနကြီးသူသည် လိမ်ညာပြောဆိုရန် မည်သည့်အခါမှ စိတ်ကူးမည် မဟုတ်ချေ။
ထိုက်ဇီကို လုပ်ကြံသူမှာ လီဟောက်ပင်။
လီချန်ကို အသုံးချပြီး အပြစ်လွတ်အောင် လုပ်ကာ လီချန်ကို အဆိပ်ခတ်သတ်သူမှာလည်း လီဟောက်ပင်။
သူ ဤအရာအားလုံးကို ပြုလုပ်ချိန်တွင် နောက်ဆုတ်ရန် လမ်းကြောင်းကို မစဉ်းစားခဲ့ပေ။ ကိစ္စရပ်များ ပေါ်ပေါက်လာပါက သူတို့သားအမိသုံးယောက် မည်သို့ ဆက်လက်အသက်ရှင်ရမည်ကိုလည်း မစဉ်းစားခဲ့ပေ။ သူ၏ စိတ်ထဲတွင် မယားလုယူခံရသည့် အမုန်းတရား၊ မိခင် အသတ်ခံရသည့် အမုန်းတရားနှင့် ထီးနန်းအမွေခံ နေရာကိုသာ အာရုံစိုက်နေခဲ့သည်။
သူ့စိတ်ထဲတွင် သူမကို အနည်းငယ်မျှ ရှိနေခဲ့လျှင်၊ သူမကို နည်းနည်းလေးမျှ ငဲ့ညှာခဲ့လျှင် သူမကို ဖုံးကွယ်ထားပြီး ဤမျှလောက် အမှားများစွာကို လုပ်ခဲ့လိမ့်မည် မဟုတ်ပေ။
မုန့်ယွင်လော်သည် တစ်ကိုယ်လုံး တုန်ယင်နေအောင် ငိုကြွေးနေတော့သည်။
ဝမ်ရှို့သည်လည်း စိတ်မကောင်းဖြစ်ပြီး လိုက်ငိုနေမိတော့သည်။
သခင်နှင့်ကျွန် နှစ်ဦးသား ဖက်ကာ အချိန်အတော်ကြာ ငိုကြွေးလိုက်ကြသည်။ မုန့်ယွင်လော်၏ စိတ်ခံစားချက်သည် ကျဆင်းနေပြီး ငြိမ်သက်သွားခြင်း မရှိပေ။
ဝမ်ရှို့က အသံအက်အက်ဖြင့် ပြောလိုက်လေသည်။ "ညန်ညန် အိမ်မပြန်တာ ရက်နည်းနည်း ရှိနေပြီ။ မင်းသားလေးက ညန်ညန်နဲ့ တစ်ရက်မှ မခွဲဖူးဘူး။ ညန်ညန် အရင်ဆုံး အိမ်ပြန်ကြည့်ပါဦး"
မုန့်ယွင်လော်သည် ရှိုက်ကြီးတငင် ငိုကြွေးရင်း ခေါင်းညိတ်လိုက်လေသည်။
တတိယမင်းသား၏ အိမ်တော်မှာ နီးကပ်သဖြင့် ဝေါယာဉ်ဖြင့် သွားလျှင် မကြာမီ ရောက်ရှိသွားလေသည်။ တစ်လကျော်ကြာ ပိတ်ထားသော တတိယမင်းသားအိမ်တော်သည် ခြောက်ကပ်နေပြီး ဆွေးမြေ့ပျက်စီးသော အငွေ့အသက်များ ထွက်ပေါ်နေ၏။
မုန့်ယွင်လော်သည် မြင်းလှည်းပေါ်မှ ဆင်းသောအခါ ခြေထောက်များ ပျော့ခွေနေသဖြင့် ဝမ်ရှို့နှင့် အခြားနန်းတွင်းအပျိုတော်တစ်ဦး၏ တွဲထူမှုဖြင့်သာ အိမ်တော်ထဲသို့ အနိုင်နိုင် ဝင်ရောက်ခဲ့ရလေသည်။
လီကျန်းသည် အသက်(၃)နှစ် မပြည့်သေးသော မောင်ငယ် လီဝေကို ခေါ်ဆောင်ကာ ငိုကြွေးရင်း ပြေးထွက်လာကြလေသည်။
မုန့်ယွင်လော်သည် သဘာဝကျကျပင် ကိုယ်ကိုငုံ့ကာ သားဖြစ်သူကို ပွေ့ဖက်လိုက်လေသည်။ လီဝေသည် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ အော်ဟစ်ငိုကြွေးတော့သည်။ "အမေ... အမေ ဘာလို့ ပြန်မလာတာလဲ"
မုန့်ယွင်လော်သည် သားဖြစ်သူကို ပွေ့ဖက်ကာ ငိုကြွေးလိုက်သည်။ "အမေ လူဆိုးတွေ ဖမ်းထားလို့ အခန်းထဲမှာ ပိတ်မိနေပြီး ပြန်မလာနိုင်ခဲ့တာပါ။ ဒီနေ့မှ ပြန်လွတ်လာတာ။ ဒီရက်ပိုင်း အမေလည်း သားတို့ကို အမြဲတမ်း သတိရနေတာပါ"
လီကျန်းသည်လည်း (၆)နှစ်အရွယ်သာ ရှိသေးရာ မိခင်ဖြစ်သူက မောင်လေးကိုသာ ဂရုစိုက်နေသည်ကို မြင်သောအခါ စိတ်ထဲတွင် ဝမ်းနည်းအားငယ်လာပြီး လက်ခုံဖြင့် မျက်လုံးကို ပွတ်သပ်ကာ မျက်ရည်များ တသွင်သွင် ကျဆင်းလာတော့သည်။
အမေ စိတ်ပူတာ မောင်လေး တစ်ယောက်တည်းပဲ။
အမေက သူ့ကို လုံးဝ မချစ်ဘူး။
မုန့်ယွင်လော်သည် ခေတ္တမျှ ငိုကြွေးပြီးမှ လီကျန်းကို သတိရသွားပြီး လက်လှမ်းကာ လီကျန်းကိုလည်း ဆွဲယူလိုက်လေသည်။
လီကျန်းသည် ခေတ္တမျှ ရှိုက်ငိုပြီးမှ တိုးတိုးလေး မေးလိုက်လေသည်။ "အမေ... အဖေ ဘယ်တော့မှ ပြန်လာမှာလဲ"
မုန့်ယွင်လော်၏ ရင်ထဲတွင် ဆို့နင့်ကြေကွဲသွားပြီး မျက်ရည်များ တသွင်သွင် စီးကျလာပြန်သည်။
လီကျန်းသည် အတော်အတန် နားလည်တတ်စအရွယ် ရောက်နေပြီဖြစ်ရာ မိခင်ဖြစ်သူက ဤကဲ့သို့ ငိုကြွေးနေသည်ကို မြင်သောအခါ စိတ်ထဲတွင် ကြောက်လန့်သွားပြီး အသံများ မြန်ဆန်လာတော့သည်။ "အမေ... အဖေ ဘာဖြစ်သွားတာလဲ။ ဘာဖြစ်လို့ ရုံးတော်က အကျဉ်းထောင်မှာ အမြဲတမ်း အဖမ်းခံထားရတာလဲ။ အဖေ ပြန်မလာနိုင်တော့ဘူးလား"
လီဝေသည် ငယ်သေးသဖြင့် အစ်မဖြစ်သူ အော်ဟစ်လိုက်သည်နှင့် သူကလည်း လိုက်လံငိုယိုလေတော့သည်။ "အဖေ... အဖေကို လိုချင်တယ်"
မုန့်ယွင်လော်သည် ကလေးများ ငိုကြွေးသံကြောင့် အသည်းနှလုံး ကွဲကြေမတတ် ဖြစ်သွားပြီး စိတ်ခံစားမှု အတက်အကျ ပြင်းထန်လွန်းသဖြင့် မျက်ဖြူလန်ကာ ချက်ချင်း သတိမေ့သွားလေတော့သည်။
ပြန်လည် နိုးထလာချိန်တွင် မိုးချုပ်နေလေပြီ။
လီကျန်း မောင်နှမနှစ်ယောက်သည် မျက်လုံးများ မို့အစ်နေအောင် ငိုကြွေးထားပြီး နို့ထိန်းသည်များက ချော့သိပ်ထားကြလေပြီ။
မုန့်ယွင်လော်သည် ကုတင်ပေါ်တွင် တစ်ယောက်တည်း ငေးငိုင်စွာ လဲလျောင်းနေပြီး မျက်လုံးများက တည်ငြိမ်နေကာ စကားမပြော၊ မရယ်မော၊ မလှုပ်မယှက် ရှိနေလေသည်။
ဝမ်ရှို့သည် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသော ပဥ္စမမင်းသား ကြင်ရာတော် ယွီရှီကို သတိရမိပြီး စိတ်ထဲတွင် အလွန် ထိတ်လန့်သွားတော့သည်။ သူမသည် ကုတင်ဘေးတွင် ခြေတစ်လှမ်းမျှ မခွာဘဲ စောင့်ကြပ်နေပြီး သခင်မကို မျက်တောင်မခတ် စိုက်ကြည့်နေလေသည်။
အချိန်အတော်ကြာမှ မုန့်ယွင်လော်သည် လှုပ်ရှားမှု ရှိလာပြီး ကုတင်ပေါ်မှ ထထိုင်လိုက်လေသည်။ "ဝမ်ရှို့... စာရွက်နဲ့ စုတ်တံ ယူလာခဲ့။ ငါ အခု စာတစ်စောင် ရေးမယ်။ နင် မိုးချုပ်တာကို အခွင့်ကောင်းယူပြီး အိမ်တော်ထဲက ထွက်သွား။ ကွမ်းပင်းနယ်စား အိမ်တော်ကို သွားပို့"
ဝမ်ရှို့သည် သခင်မ၏ အမိန့်ကို မလွန်ဆန်ရဲသဖြင့် စာရွက်နှင့် စုတ်တံကို ယူလာပေးလိုက်လေသည်။
မုန့်ယွင်လော်သည် ကုတင်ပေါ်မှဆင်းပြီး ထိုင်ခုံတွင် ထိုင်ကာ စုတ်တံကိုကိုင်၍ စာတစ်စောင် ရေးလိုက်လေသည်။ စာရွက်နှစ်ရွက်ကို ခေါက်ပြီး စာအိတ်ထဲသို့ ထည့်လိုက်လေသည်။
မုန့်ယွင်လော်သည် စာကို ဝမ်ရှို့အား ပေးလိုက်ပြီး နီရဲမို့အစ်နေသော မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရောင်များ လက်ကနဲ ဖြစ်သွားလေသည်။ "ဝမ်ရှို့... မှတ်ထားနော်။ ဒီစာကို အမေရဲ့ လက်ထဲ အရောက်ပို့ရမယ်"
ဝမ်ရှို့က ခပ်သွက်သွက် ခေါင်းညိတ်လိုက်လေသည်။
နှစ်နာရီခန့် ကြာပြီးနောက်တွင် ထိုစာသည် ကွမ်းပင်းနယ်စားကတော်၏ လက်ထဲသို့ ရောက်ရှိသွားလေသည်။
ကွမ်းပင်းနယ်စားကတော်သည် စာကိုဖွင့်ပြီး လျင်မြန်စွာ ဖတ်ရှုလိုက်၏။ စာကို ဖတ်၍ မပြီးသေးခင်မှာပင် သူမ၏ မျက်နှာ အရောင်ပြောင်းသွားပြီး စာကို ကိုင်ထားသော လက်များလည်း တုန်ယင်လာလေသည်။
စာကို ဖတ်ပြီးသွားချိန်တွင် ကွမ်းပင်းနယ်စားကတော်၏ မျက်နှာသည် သွေးရောင်မရှိတော့ချေ။
အချိန်အတော်ကြာမှ ကွမ်းပင်းနယ်စားကတော်က ပြောလိုက်လေသည်။ "နင် ပြန်သွားပြီး ယွင်လော်ကို ပြောလိုက်။ ကလေးနှစ်ယောက်ကို ကောင်းကောင်း ဂရုစိုက်လို့။ ကျန်တဲ့ကိစ္စတွေကို စိတ်ပူမနေနဲ့လို့"
ထိုနေ့ညတွင်ပင် ကွမ်းပင်းနယ်စားကတော်သည် ကိုယ်ရံတော်များကို မုန့်မိသားစုတပ်၏ စစ်တပ်စခန်းသို့ စေလွှတ်လိုက်လေသည်။
...
အပိုင်း (၆၃၅) လေပြင်းများ စတင်တိုက်ခတ်ခြင်း (၁)
မိုးသောက်ယံ အာရုဏ်ဦးအချိန်တွင် မုန့်မိသားစုတပ်စခန်း၌ စစ်သည်များသည် အိပ်ရာထကာ အဝတ်အစားများ ဝတ်ဆင်ပြီး စစ်ရေးလေ့ကျင့်ရေးကွင်းပြင်သို့ ဝင်ရောက်နေကြပြီ ဖြစ်လေသည်။
ကွမ်းပင်းနယ်စားသည် မုန့်မိသားစုတပ်၏ စစ်သူကြီး ဖြစ်ပြီး နှစ်ပေါင်းများစွာ စစ်ချီခဲ့သူ ဖြစ်ရာ တပ်တွင်း၌ ဩဇာအာဏာ အလွန်ကြီးမားလေသည်။ စစ်သည်များကို လေ့ကျင့်ပေးရာတွင်လည်း အလွန် တင်းကျပ်လေသည်။ နေ့စဉ် ငါးချက်တီးအချိန်၌ အိပ်ရာထပြီး စစ်သည်များနှင့်အတူ စစ်ရေးလေ့ကျင့်ရေးကွင်းပြင်သို့ သွားရောက်ကာ အပြေးလေ့ကျင့်ခြင်း၊ သိုင်းလေ့ကျင့်ခြင်းများကို ပြုလုပ်လေ့ရှိသည်။
ကွမ်းပင်းနယ်စားသည် တပ်စခန်းမှ အပြင်သို့ ထွက်ခွာခွင့် မရှိသော်လည်း မြို့တော်၏ အခြေအနေကို အချိန်တိုင်း စိုးရိမ်ပူပန်နေလေသည်။
ကွမ်းပင်းနယ်စားကတော် စေလွှတ်လိုက်သော ကိုယ်ရံတော် ရောက်ရှိလာသည်နှင့် ကွမ်းပင်းနယ်စား၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ကိုယ်ရံတော်၏ လက်ထဲမှ စာကို ချက်ချင်း လှမ်းယူလိုက်သည်။ စာအိတ်ကို ဖောက်၍ ဖတ်ကြည့်လိုက်ရာ မျက်နှာအမူအရာသည် ရုတ်ခြည်း မည်းမှောင်သွားတော့သည်။
သူသည် သိုင်းလေ့ကျင့်ရန် စိတ်မပါတော့ဘဲ စာကို ကိုင်ဆောင်လျက် စစ်တဲအတွင်းသို့ ပြန်ဝင်သွား၏။ သူ၏ ယုံကြည်စိတ်ချရသော ကိုယ်ရံတော်တစ်ဦးကိုသာ တဲအတွင်း၌ ချန်ထားလိုက်လေသည်။
ကွမ်းပင်းနယ်စားသည် ထိုင်ခုံတွင် ထိုင်ကာ စာကို ဖြည်းဖြည်းချင်း ပြန်ဖတ်လိုက်ရာ မျက်နှာထားသည် တည်ငြိမ်လိုက်၊ ပျက်ယွင်းလိုက် ဖြစ်နေလေ၏။
ယုံကြည်စိတ်ချရသော ကိုယ်ရံတော်က လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "ဟိုရယ်... တစ်ခုခု ဖြစ်လို့လား"
ကွမ်းပင်းနယ်စားက အသာခေါင်းညိတ်လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောချေ။
ထိုကိုယ်ရံတော်လည်း ဆက်၍ အသံမထွက်ရဲတော့ပေ။
ကွမ်းပင်းနယ်စားသည် မတ်တပ်ထရပ်လိုက်ပြီး စစ်တဲအတွင်း၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး မျက်မှောင်များကိုလည်း တွန့်ချိုးထားသည်။ အလွန် အရေးကြီးသော ကိစ္စရပ်တစ်ခုအတွက် စိုးရိမ်ပူပန်နေသည်မှာ ထင်ရှားလှပေသည်။
ဤသို့ဖြင့် သူသည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်မှာ တစ်နာရီနီးပါး ကြာမြင့်သွားလေသည်။ ကိုယ်ရံတော်၏ မျက်လုံးများပင် ပြာဝေသွားချေပြီ။
နောက်ဆုံးတွင် ကွမ်းပင်းနယ်စားသည် ဆုံးဖြတ်ချက် ချလိုက်ပြီး ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ကိုယ်ရံတော်ကို ခေါ်ယူလိုက်ပြီး လေသံတိုးတိုးဖြင့် အမိန့်အချို့ ပေးလိုက်၏။
ကိုယ်ရံတော်သည် ကြားပြီးနောက် မျက်နှာပျက်သွားပြီး သတ္တိမွေးကာ ပြောလိုက်လေသည်။ "ဟိုရယ်... ဒါက သာမန်ကိစ္စသေးသေးလေး မဟုတ်ဘူးနော်။ တကယ်လို့ မအောင်မြင်ရင် နောင်တစ်ချိန် အရှင်မင်းကြီးက အပြစ်ပေးလာလိမ့်မယ်..."
ထိုအရာသည် ကြီးလေးသော ပြစ်မှုတစ်ခု ဖြစ်ပေသည်။
ကွမ်းပင်းနယ်စားသည် မည်မျှပင် အကျိုးဆောင်မှုများ ပြုလုပ်ခဲ့ပါစေ၊ အရှင်မင်းကြီး၏ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သော ဒေါသကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ ခေါင်းဖြတ်ခံရမည့် အရေးပင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။
ကွမ်းပင်းနယ်စားသည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သော်လည်း မျက်နှာပေါ်တွင် အပြုံးအရိပ်အယောင် လုံးဝ မရှိဘဲ မျက်ဝန်းများက မည်းမှောင်နေသည်။ "ငါ့အမိန့်အတိုင်း လုပ်စမ်း။ အမိန့်ထုတ်ပြန်လိုက်"
ကိုယ်ရံတော်သည် အမိန့်ကို နာခံပြီး ထွက်ခွာသွားရလေတော့သည်။
စစ်တဲထဲတွင် ကွမ်းပင်းနယ်စား တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။
ကွမ်းပင်းနယ်စားသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး မျက်ဝန်းများ ပိုမို အေးစက်လာတော့သည်။
ယုံးကျားဧကရာဇ်သည် လေဖြတ်သွားပြီး နဂါးကုတင်ပေါ်တွင်သာ လဲလျောင်းနေရသည်။ ဤကာလအတွင်း ချောင်ကောလောင်နှင့် ဝန်ကြီးယောင်တို့သာ အရှင်မင်းကြီးကို တွေ့ဆုံခွင့် ရရှိခဲ့သည်။ ကျန်သော မူးမတ်များသည် ယုံးကျားဧကရာဇ်ကို လုံးဝ တွေ့ဆုံခွင့် မရရှိခဲ့ပေ။
ရွှေနန်းတော်ရှိ နဂါးပလ္လင်ပေါ်တွင်ပင် မထိုင်နိုင်တော့သော လူတစ်ယောက်သည် တိုင်းပြည်တစ်ပြည်၏ ဧကရာဇ်အဖြစ် မည်သို့ ဆက်လက် ရပ်တည်နိုင်မည်နည်း။
ယုံးကျားဧကရာဇ် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လမ်းကြောင်းတစ်ခုသာ ကျန်ရှိတော့သည်။ ထိုအရာမှာ ထိုက်ဇီ မြို့တော်သို့ ပြန်ရောက်လာပြီး ထီးနန်းကို ထိုက်ဇီထံ လွှဲပြောင်းပေးရန်ပင်။ မကြာမီ သာ့ဝေတိုင်းပြည်ကြီးသည် အရှင်သခင် ပြောင်းလဲတော့မည် ဖြစ်ပြီး မူးမတ်များသည် ထိုက်ဇီကို ဦးခိုက်ကြရတော့မည်...
အဟက်!
သူ့စိတ်ထဲတွင် သေချာပေါက် မကျေမနပ် ဖြစ်မိပေသည်။
သူ မုန့်ဟွေးသည် ငယ်စဉ်ကတည်းက လီယွမ်၏ နောက်သို့ လိုက်ပါပြီး တိုင်းပြည်ထူထောင်ရန် တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။ သူ သတ်ဖြတ်ခဲ့သော လူအရေအတွက်သည် လီကျင့် စားဖူးသော ဆန်စေ့များထက်ပင် များပြားပေလိမ့်မည်။ သူ တိုက်ခိုက်အောင်မြင်ခဲ့သော စစ်ပွဲများသည်လည်း ရေတွက်၍ မကုန်နိုင်အောင် များပြားလှသည်။
သူသည် လီယွမ်ကို ခေါင်းငုံ့အရိုအသေပြုနိုင်သော်လည်း လီကျင့်ကဲ့သို့ နို့နံ့မစင်သေးသော ကောင်လေးတစ်ယောက်က ဘာအကြောင်းကြောင့် သူ့အပေါ်တွင် ဗိုလ်ကျစိုးမိုးရမည်နည်း။ ထိုက်ဇီ ဖြစ်နေသောကြောင့်လား။
ဟွန်း!
ကွမ်းပင်းနယ်စား၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ညာလက်သီးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။
...
မြို့တော်တွင် စစ်တပ်စခန်းကြီး လေးခု ရှိသည်။ တော်ဝင်ကိုယ်ရံတော်တပ်သည် နန်းတော်မြို့ရိုးအတွင်း၌ ရှိသည်။ မုန့်မိသားစုတပ်၊ ရှင်းယန်တပ်နှင့် ကျောက်မိသားစုတပ်တို့သည် မြို့တော်အပြင်ဘက် သုံးဖက်သုံးတန်တွင် တည်ရှိပြီး နေရာဒေသ ကွဲပြားကြလေသည်။ ရှင်းယန်တပ်နှင့် မုန့်မိသားစုတပ်၏ စခန်းများသည် မိုင်တစ်ရာကျော် ကွာဝေးပြီး မြင်းအမြန်စီးလျှင်ပင် သုံးလေးနာရီခန့် ကြာမြင့်လေသည်။
မုန့်မိသားစုတပ်စခန်းမှ လှုပ်ရှားမှု သတင်းသည် ရှင်းယန်တပ်စခန်းသို့ ရောက်ရှိချိန်တွင် ညနေစောင်းလုနီးပါး ဖြစ်နေလေပြီ။
ကျန်းကျုံးသည် လေးနက်သော မျက်နှာထားဖြင့် လုလင်း၏ စစ်တဲအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာလေသည်။ "စစ်သူကြီး... ကျွန်တော်မျိုး အရေးကြီးကိစ္စ တင်ပြစရာ ရှိပါတယ်"
လုလင်းသည် စစ်ဘက်အရာရှိများကို ခေါ်ယူပြီး အစည်းအဝေး ပြုလုပ်နေချိန် ဖြစ်သည်။ ကျန်းကျုံးသည် ကြိုတင်အကြောင်းကြားခြင်း မပြုဘဲ ရုတ်တရက် ဝင်ရောက်လာခြင်း ဖြစ်သည်။ အရေးကြီးကိစ္စတစ်ခု ဖြစ်ပျက်နေသည်မှာ သေချာလှသည်။
လုလင်း၏ ရင်ထဲတွင် လေးလံသွားပြီး ဒုတိယတပ်မှူးများနှင့် စစ်သူကြီးများကို ဦးစွာ ထွက်ခွာသွားရန် အချက်ပြလိုက်လေသည်။
စစ်တဲထဲတွင် သားမက်နှင့် ယောက္ခမ နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
ကျန်းကျုံးသည် စိတ်မရှည်နိုင်တော့ဘဲ လေသံတိုးတိုးဖြင့် တင်ပြလိုက်လေသည်။ "ယွဲ့ဖု... ပြဿနာ အကြီးကြီး ဖြစ်နေပါပြီ။ လျှို့ဝှက်ကင်းထောက်တွေဆီက သတင်းရတာတော့ ကွမ်းပင်းနယ်စားက ဒီနေ့ ရုတ်တရက် ကိုယ်ရံတော်နှစ်ထောင်ကို ခေါ်ပြီး တပ်စခန်းကနေ ထွက်သွားပါတယ်တဲ့။ အခုဆို မြို့တံခါးကို ဝင်လောက်ပါပြီ"
ဘာ!
လုလင်း၏ မျက်လုံးများထဲမှ အေးစက်သော အလင်းရောင်များ ထွက်ပေါ်လာလေသည်။ "ဟွမ်ဟုပ်ညန်ညန်ရဲ့ အမိန့်တော် ရှိထားတယ်။ စစ်ဘက်အရာရှိတွေ အမိန့်မရဘဲ တပ်စခန်းကနေ ထွက်ခွာခွင့် မရှိဘူးတဲ့။ ကွမ်းပင်းနယ်စားက ညန်ညန်ရဲ့ အမိန့်တော်ကို ဗြောင်ကျကျ ဖောက်ဖျက်ပြီး ကိုယ်ရံတော်တွေ ခေါ်ဆောင်ပြီး မြို့တော်ထဲ ဝင်သွားတာ သူ ဘာလုပ်ချင်လို့လဲ"
နန်းတော်ထဲတွင် တော်ဝင်ကိုယ်ရံတော်တပ်များ အထပ်ထပ် စောင့်ကြပ်နေပြီး စစ်သူကြီးလျန် ကိုယ်တိုင် ဝမ်ဟွားနန်းဆောင်ကို စောင့်ကြပ်နေလေသည်။ ကိုယ်ရံတော် သုံးထောင်မျှဖြင့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ကွမ်းပင်းနယ်စားက အမိန့်တော်ကို ဖောက်ဖျက်ပြီး တပ်စခန်းမှ ထွက်ခွာလာခြင်းသည် အကြောင်းမဲ့ လမ်းလျှောက်ထွက်ခြင်းတော့ မဟုတ်တန်ရာ။
ကျန်းကျုံးသည် မျက်မှောင်ကြုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒါကို ကျွန်တော်လည်း ချက်ချင်း စဉ်းစားလို့ မရဘူး။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ ကွမ်းပင်းနယ်စားက မကောင်းကြံစည်နေတာ သေချာတယ်"
လုလင်းသည် မုတ်ဆိတ်တိုကို လက်ဖြင့် သပ်လိုက်ပြီး လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်လေသည်။ "ကျန်းကျုံး... မင်း အခုချက်ချင်း စစ်သည် သုံးထောင်ကို သွားစုလိုက်။ ငါ ကိုယ်တိုင် ဦးဆောင်ပြီး တပ်စခန်းက ထွက်မယ်"
သတင်းပေးပို့မှု ကြားထဲတွင် အချိန်ကွာဟချက် ရှိနေလေသည်။ ကွမ်းပင်းနယ်စားသည် ယခုအချိန်တွင် မြို့တံခါးကို ဝင်ရောက်နေပြီဖြစ်ရာ ဘာလုပ်မည်ကို တားဆီးရန် အချိန်မမီတော့ပေ။ ယခုအချိန်တွင် စစ်သည်များကို ခေါ်ဆောင်ပြီး မြို့တော်သို့ ဝင်ရောက်ခြင်းသည် မတော်တဆမှုများကို ကာကွယ်ရန်နှင့် လိုအပ်လျှင် အချိန်မီ တုံ့ပြန်နိုင်ရန်အတွက် ဖြစ်လေသည်။
စစ်သည် သုံးထောင်ဆိုသည်မှာ သိပ်မများသော်လည်း လုံးဝ နည်းပါးသည်ဟု မဆိုနိုင်ပေ။ ရုတ်တရက် ဖြစ်ပေါ်လာမည့် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်လေသည်။
ရှင်းယန်တပ်တွင် စစ်သည်အင်အား တစ်သိန်းရှိရာ လုဖေးက ငါးသောင်းကို ဦးဆောင်ပြီး ကျန်းနန်သို့ သွားရောက်ခဲ့လေသည်။ တပ်စခန်းတွင် ငါးသောင်း ကျန်ရစ်ခဲ့လေသည်။ စစ်သည်အားလုံးကို တပ်စခန်းမှ ခေါ်ထုတ်သွားပါက ပုန်ကန်သည်နှင့် တူနေပေလိမ့်မည်။ စစ်သည် သုံးထောင်ကို ခေါ်ဆောင်ပြီး တပ်စခန်းမှ ထွက်ခွာခြင်းသည်လည်း စည်းမျဉ်းကို ဖောက်ဖျက်ခြင်း ဖြစ်လေသည်။ သို့သော်လည်း အရှင်မင်းကြီး ရှေ့ရောက်လျှင် မိမိကိုယ်ကို ခုခံကာကွယ်ပြောဆိုရန် အခွင့်အရေး ရှိနေသေးသည်။
ကွမ်းပင်းနယ်စားက စစ်သည် နှစ်ထောင်ကို ခေါ်ဆောင်ပြီး တပ်စခန်းမှ ထွက်ခွာခြင်းသည်လည်း အလားတူပင်။
ကျန်းကျုံးသည် တွန့်ဆုတ်ခြင်း မရှိဘဲ လက်ခံလိုက်လေသည်။ "ဟုတ်ကဲ့။ ကျွန်တော် အခုပဲ သွားပြီး လူစုလိုက်ပါ့မယ်"
ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ သူက လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်လေသည်။ "ယွဲ့ဖု... ကျွန်တော်ပဲ ဦးဆောင်ပြီး ထွက်သွားလိုက်ပါမယ်။ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင် အရှင်မင်းကြီးက ကျွန်တော့်ကိုပဲ အပြစ်ပေးမှာပါ။ ယွဲ့ဖုကို ထိခိုက်မှာ မဟုတ်ပါဘူး"
လုလင်းက ပြောလိုက်သည်။ "ကွမ်းပင်းနယ်စား ကိုယ်တိုင် ထွက်လာတာ ကိစ္စသေးသေး မဟုတ်ဘူး။ မင်းက ရာထူးနိမ့်တယ်။ အတွေ့အကြုံလည်း နည်းတယ်။ ကွမ်းပင်းနယ်စားလို မြေခွေးအိုကြီး ရှေ့ရောက်ရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ တော်ပြီ... ဘာမှ မပြောနဲ့တော့။ မြန်မြန်သွားပြီး လူစုလိုက်။ ငါ အခုချက်ချင်း သွားမယ်"
ကျန်းကျုံးသည် နောက်ဆုတ် ထွက်ခွာသွားရလေသည်။
လုလင်းသည် သံချပ်ကာအင်္ကျီကို လျင်မြန်စွာ လဲလှယ်ဝတ်ဆင်လိုက်ပြီး ဓားရှည်ကို ပြောင်လက်နေအောင် သုတ်လိုက်လေသည်။
တစ်နာရီခန့် ကြာမြင့်ပြီးနောက်တွင် ရှင်းယန်တပ်သား သုံးထောင်သည် မြင်းစီးလျက် တပ်စခန်းမှ ထွက်ခွာလာကြလေသည်။ မြင်းများ ဒုန်းစိုင်းစီးနင်းလာသဖြင့် ဖုန်မှုန့်များ ကောင်းကင်သို့ ပျံ့လွင့်နေသည်။ လုလင်း၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
...
ကောင်းကင်သည် တဖြည်းဖြည်း မှောင်ရိပ်သန်းလာပြီး တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင် ပတ်ဝန်းကျင်တွင် မီးအိမ်များကို ချိတ်ဆွဲထားလေသည်။ ရာနှင့်ချီသော ကိုယ်ရံတော်များသည် နေရာအနှံ့ ကင်းလှည့်နေကြပြီး လေထုသည် လေးလံကာ အေးစက်နေလေသည်။
တစ်နေ့လုံး စစ်ဆေးမေးမြန်းခဲ့သော ဝန်ကြီးယောင်သည် နဖူးကို နှိပ်နယ်ရင်း အကျဉ်းခန်းထဲမှ ထွက်လာခဲ့သည်။
ဝန်ကြီးမင်နှင့် ဝန်ကြီးကျူးတို့၏ မျက်နှာများမှာလည်း မသာမယာ ဖြစ်နေကြသည်။
တုံးပင်ကျွင်းသည် ရှေ့သို့ တိုးလာပြီး လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "ဝန်ကြီးယောင်... ဒီနေ့ တတိယမင်းသားက အပြစ်ဝန်ခံစကား ပြောသေးလား"
ဝန်ကြီးယောင်သည် ခါးသက်သက် ပြုံးလိုက်ပြီး ခေါင်းခါလိုက်၏။ "တတိယမင်းသားရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက ကျွန်တော် တစ်သက်လုံး မတွေ့ဖူးလောက်အောင်ပါပဲ။ ကျွန်တော်တို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ပေမဲ့ သူ့ကို ပါးစပ်ဟအောင် မလုပ်နိုင်ခဲ့ပါဘူး"
ဝန်ကြီးကျူးသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်မိပြီး လေသံတိုးတိုးဖြင့် ညည်းညူလိုက်မိသည်။ "ညှဉ်းပန်းနှိပ်စက်လို့လည်း မရဘူး။ အတင်းအကြပ် မေးလို့လည်း မရဘူး။ နည်းလမ်းအမျိုးမျိုး သုံးလို့မရဘူး။ သာမန်လူသာဆိုရင် နှစ်ရက်မကြာခင် ပါးစပ်ဟပြီး ဝန်ခံအောင် ကျွန်တော် လုပ်လိုက်လို့ရတယ်"
တရားရေးဌာနတွင် စစ်ဆေးမေးမြန်းမှု ကျွမ်းကျင်သူများစွာ ရှိလေသည်။ ဝန်ကြီးကျူးနှင့် ဝန်ကြီးမင်းတို့သည်လည်း ဝါရင့်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့သော် ယခု ရင်ဆိုင်နေရသူမှာ ဂုဏ်ရည်မြင့်မားသော မင်းသားတစ်ပါး ဖြစ်နေသဖြင့် ညှဉ်းပန်းနှိပ်စက်၍ မရသလို လူကို ဒုက္ခပေးသော နည်းလမ်းများကိုလည်း အသုံးပြု၍ မသင့်တော်ပေ။
ဤကဲ့သို့ ပေါ့ပေါ့ပါးပါး စစ်ဆေးမေးမြန်းခြင်းကို လီဟောက် ခံနိုင်ရည်ရှိနေသည်မှာ အဆန်းမဟုတ်ပေ။
ဝန်ကြီးယောင်သည် ဝန်ကြီးကျူးကို မျက်စောင်းထိုးလိုက်ရာ ဝန်ကြီးကျူးသည် စိတ်ပျက်လက်ပျက်ဖြင့် ပါးစပ်ပိတ်သွားရလေသည်။
တုံးပင်ကျွင်းသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကိုယ်ရံတော်တစ်ဦးသည် ထိတ်လန့်တကြား ပြေးဝင်လာလေသည်။ "ကျွင်းဝမ်... ပြဿနာအကြီးကြီး ဖြစ်နေပါပြီ။ ကွမ်းပင်းနယ်စားက လူတွေကို ခေါ်လာပြီး မျိုးနွယ်စုရုံးတော် အကျဉ်းထောင်ကို ဝိုင်းထားလိုက်ပါပြီ"
...
အပိုင်း (၆၃၆) လေပြင်းများ စတင်တိုက်ခတ်ခြင်း (၂)
ဘာ!
တုံးပင်ကျွင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။ "ကွမ်းပင်းနယ်စားက တပ်စခန်းထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို ရောက်လာရတာလဲ"
ဝန်ကြီးယောင်၏ မျက်နှာသည် ရုတ်ခြည်း မည်းမှောင်သွားလေသည်။ "ဟွမ်ဟုပ်ညန်ညန်ရဲ့ အမိန့်တော်အရ ကွမ်းပင်းနယ်စား၊ ရှင်းယန်ဝမ်၊ ဖူယန်နယ်စားတို့ တပ်စခန်းထဲမှာ နေရမယ်။ အမိန့်တော် မရှိဘဲ စစ်တပ်ကို မလှုပ်ရှားရဘူး။ တပ်စခန်းအပြင်လည်း မထွက်ရဘူး။ ကွမ်းပင်းနယ်စားက ရုတ်တရက် စစ်သည်တွေနဲ့ တော်ဝင်မျိုးနွယ်ရုံးတော်အကျဉ်းထောင်ကို လာဝိုင်းတာ ပုန်ကန်ချင်နေတာလား"
အရပ်ဘက် အမတ်များအနေဖြင့် စစ်ဘက်အရာရှိများက စိတ်ထင်သလို စစ်တပ်ကို အသုံးပြုခြင်းအား အလွန် စိုးရိမ်ကြောက်ရွံ့ကြလေသည်။
တုံးပင်ကျွင်းသည် နဖူးမှ ချွေးများကို ဝတ်ရုံလက်ဖြင့် မရပ်မနား သုတ်လိုက်ပြီး အသံများပင် တုန်ယင်လာလေသည်။ "ကွမ်းပင်းနယ်စားက သစ္စာအရှိဆုံးလူပါ။ ဘယ်လိုလုပ် ပုန်ကန်မှာလဲ။ ဒါ လုံးဝ မဖြစ်နိုင်ပါဘူး။ တစ်ခုခု အထင်လွဲတာ ရှိနေမှာပါ"
ဝန်ကြီးမင်သည် ပင်ကိုသဘာဝအရ ရိုးသားဖြောင့်မတ်သူ ဖြစ်သဖြင့် ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ် ဘာဖြစ်နေတာလဲဆိုတာ အရင်ဆုံး သွားကြည့်ရမယ်။ ကျွင်းဝမ် တစ်ယောက်တည်း သွားရမှာ ကြောက်နေရင် ကျွန်တော် အဖော်လိုက်ခဲ့ပါ့မယ်"
ဝန်ကြီးကျူးကလည်း "ကျွန်တော်လည်း လိုက်မယ်" ဟု ချက်ချင်း ပြောလိုက်လေသည်။
ဝန်ကြီးယောင်ကလည်း "ကျွန်တော်တို့ အတူတူ သွားကြတာပေါ့" ဟု ဝင်ပြောလိုက်လေသည်။
တုံးပင်ကျွင်း "..."
အရပ်ဘက် အမတ်များသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်ကြပြီး စစ်ဘက်အရာရှိများ ရူးသွပ်လာလျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း လုံးဝ နားမလည်ကြချေ။ အကယ်၍ ကွမ်းပင်းနယ်စားက စစ်သည်များနှင့်အတူ တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို ဝင်စီးလျှင် သူတို့အားလုံး ရှေ့ဆုံးမှ ခံရပြီး ဒုက္ခရောက်ကြပေလိမ့်မည်။
တုံးပင်ကျွင်းသည် နောက်ဆုတ်ချင်သော်လည်း မျက်လုံးသုံးစုံက စိုက်ကြည့်နေကြသည့်အပြင် အပြင်ဘက်မှ ကွမ်းပင်းနယ်စားသည်လည်း ထိုအတိုင်း ပြန်သွားမည့်ပုံ မပေါ်ချေ။ ထို့ကြောင့် မတတ်သာဘဲ ရင်ဆိုင်ရန် ပြင်ဆင်လိုက်ရလေသည်။
တုံးပင်ကျွင်းသည် စိတ်ထဲတွင် ကံဆိုးမိုးမှောင်ကျခြင်းကို ညည်းတွားလိုက်သော်လည်း တာဝန်ယူစိတ် ရှိသေးသဖြင့် ပြောလိုက်လေသည်။ "ကျွန်တော်က တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင် တာဝန်ခံဆိုတော့ ဒီလိုအချိန်မှာ ရှေ့ထွက် ဖြေရှင်းသင့်ပါတယ်။ ဝန်ကြီးယောင်နဲ့ ဝန်ကြီးနှစ်ယောက်ကို ရှေ့ထွက်ခိုင်းလို့ မဖြစ်ပါဘူး။ ခင်ဗျားတို့လည်း တစ်နေကုန် စစ်ဆေးမေးမြန်းထားရတော့ ပင်ပန်းနေမှာပါ။ အရင်ဆုံး သွားနားလိုက်ကြပါ။ ကျွန်တော် ကွမ်းပင်းနယ်စားကို ပြန်လွှတ်ပြီးမှ ခင်ဗျားတို့ကို အိမ်ပြန်ပို့ပေးပါ့မယ်"
ဝန်ကြီးယောင်သည် ခေါင်းမာသူပီပီ ထွက်ခွာသွားရန် ငြင်းဆန်လိုက်သည်။ "လာတဲ့သူက ရည်ရွယ်ချက်ကောင်း မရှိဘူး။ ရည်ရွယ်ချက်ကောင်းရှိတဲ့သူက ဒီလို လာမှာ မဟုတ်ဘူး။ ကျွန်တော်က နန်းတွင်းအမတ် တစ်ယောက်ပါ။ ကိစ္စကြုံလာရင် ရှောင်လွှဲစရာ အကြောင်းမရှိဘူး။ ကျွင်းဝမ် ဘာမှ ပြောမနေပါနဲ့တော့။ ကျွန်တော်တို့ ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်"
ဝန်ကြီးမင်နှင့် ဝန်ကြီးကျူးတို့၏ မျက်နှာထားသည်လည်း ပြတ်သားနေ၏။ "ဝန်ကြီးယောင် ပြောတာ ဟုတ်ပါတယ်"
တုံးပင်ကျွင်းသည် ခေါင်းနပန်းကြီးသွားသော်လည်း ဝန်ကြီးယောင်တို့ သုံးဦးကို ပြောမရသဖြင့် သက်ပြင်းချလိုက်ပြီး သူတို့ကို ခေါ်ဆောင်ကာ တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်၏ အဓိကတံခါးမကြီးဆီသို့ ထွက်လာခဲ့လေသည်။
အဝေးမှ လှမ်းကြည့်လိုက်သည်နှင့် မျက်နှာထား မည်းမှောင်ပြီး ဒေါသထွက်နေသော ကွမ်းပင်းနယ်စားသည် လူအများအပြားကို ဦးဆောင်ကာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရလေသည်။
ကွမ်းပင်းနယ်စားသည် စစ်ပွဲအတွေ့အကြုံများသူ ဖြစ်ပြီး နောက်ပါများသည်လည်း တိုက်ပွဲပေါင်းရာချီ ကြုံတွေ့ဖူးသော ဝါရင့်စစ်သည်များ ဖြစ်ကြသည်။ တစ်ယောက်ချင်းစီတိုင်းသည် ခန္ဓာကိုယ် ထွားကျိုင်းသန်မာပြီး မျက်နှာထား ဆိုးရွားကာ သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေကြသည်။ ကွမ်းပင်းနယ်စား၏ အနောက်တွင် မည်းမည်းသည်းသည်း လူအုပ်ကြီး လိုက်ပါလာသည်မှာ မိုးတိမ်တိုက်ကြီး ဖုံးလွှမ်းလာသကဲ့သို့ ဖြစ်ပြီး ရင်တုန်ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
တုံးပင်ကျွင်းသည် ကြောက်ရွံ့နေရန် အချိန်မရှိတော့ဘဲ ဒေါသတကြီးဖြင့် ရှေ့သို့ တိုးသွားကာ အော်ဟစ်မေးမြန်းလိုက်လေသည်။ "ကွမ်းပင်းနယ်စား... ဒီနေရာက တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်နော်။ ခင်ဗျားက ခွင့်ပြုချက်မရဘဲ စစ်သည်တွေ ခေါ်ပြီး ဝင်လာတာ ဘာလုပ်ချင်လို့လဲ"
ဝန်ကြီးယောင်ကလည်း အေးစက်စွာ ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ရဲ့ အမိန့်တော် ရှိထားတာ ကွမ်းပင်းနယ်စားက တပ်စခန်းထဲမှာပဲ နေရမယ်လို့လေ။ ဘာဖြစ်လို့ ရုတ်တရက် စစ်သည်တွေ ခေါ်လာတာလဲ။ ဒီကိစ္စ အရှင်မင်းကြီး နားထဲ ရောက်သွားရင် ကွမ်းပင်းနယ်စားက အရှင်မင်းကြီးကို ဘယ်လို ဖြေရှင်းချက်ပေးမှာလဲ"
ကွမ်းပင်းနယ်စားက အေးစက်စွာ ရယ်မောလိုက်ပြီး ဝန်ကြီးယောင်၏ မျက်နှာကို ဝေ့ဝဲကြည့်လိုက်လေသည်။ "ဝန်ကြီးယောင်... ကျွန်တော် ဒီနေ့ လာတာ တုံးပင်ကျွင်းနဲ့ ပြောစရာ ကိစ္စရှိလို့။ ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး။ ခင်ဗျား ဝင်မပါနဲ့"
သူ၏ အမူအရာသည် မောက်မာပြီး စကားလုံးများမှာလည်း ရိုင်းစိုင်းလှလေသည်။
ဝန်ကြီးမင်က သည်းခံနိုင်သော်လည်း ဝန်ကြီးကျူးကမူ ဒေါသထွက်လာပြီး မနေနိုင်တော့ဘဲ ဝင်ပြောလိုက်လေသည်။ "ကွမ်းပင်းနယ်စား... ခင်ဗျားက တိုင်းပြည်ရဲ့ အကျိုးဆောင်ပုဂ္ဂိုလ်၊ နယ်စားဘွဲ့ ရထားတဲ့သူပါ။ ကျွန်တော်တို့ ဝန်ကြီးကလည်း နန်းတွင်းအဆင့်မြင့် အရာရှိပါ။ ခင်ဗျား ဝန်ကြီးကို စကားပြောတာ ယဉ်ကျေးပါ..."
စကားမဆုံးသေးခင်မှာပင် ကွမ်းပင်းနယ်စားက ရုတ်တရက် လက်လှမ်းလိုက်ပြီး ဝန်ကြီးကျူး၏ ရင်ဘတ်အင်္ကျီစကို ဆွဲကိုင်လိုက်လေသည်။
ဝန်ကြီးကျူးသည် အရပ်ပုသဖြင့် အားပြင်းပြင်း ဆွဲမခြင်း ခံလိုက်ရသောအခါ ခြေထောက်များ မြေကြီးနှင့် လွတ်လုနီးပါး ဖြစ်သွားလေသည်။ လည်ပင်းကို အင်္ကျီစက ဖိမိနေသဖြင့် အသက်ရှူရ ခက်ခဲလာပြီး မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။
ဝန်ကြီးယောင်သည် ဒေါသခြောင်းခြောင်း ထွက်လာတော့သည်။ "ရပ်လိုက်... ဝန်ကြီးကျူးကို လွှတ်ပေးလိုက်။ ကျွန်တော် အခုပဲ နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးကို လျှောက်တင်မယ်။ ကွမ်းပင်းနယ်စား... ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါ"
ကွမ်းပင်းနယ်စားက အေးစက်စွာ ရယ်မောလိုက်ပြီး ရုတ်တရက် လက်ကို လွှတ်ပေးလိုက်လေသည်။
ဝန်ကြီးကျူးသည် ယိုင်နဲ့နဲ့ဖြင့် နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်သွားရသည်။ ဝန်ကြီးမင်က မျက်စိလျင်လျင်ဖြင့် ဝင်ရောက်တွဲထူပေးလိုက်သဖြင့်သာ ကြမ်းပြင်ပေါ်သို့ အရှက်တကွဲ လဲမကျသွားခြင်း ဖြစ်လေသည်။
တကယ်ပင် လာသူက ရည်ရွယ်ချက်ကောင်း မရှိ၊ ရည်ရွယ်ချက်ကောင်း ရှိသူက လာမည် မဟုတ်ပေ။
တုံးပင်ကျွင်း၏ ရင်ထဲတွင် အေးခဲသွားပြီး ဘေးနားရှိ ကိုယ်ရံတော်ကို မျက်လုံးဖြင့် အချက်ပြလိုက်လေသည်။
မြန်မြန်... မြန်မြန် နန်းတော်ထဲ သွားပြီး သတင်းပို့လိုက်။
ကိုယ်ရံတော်က အသာခေါင်းညိတ်ပြီး နောက်သို့ တိတ်တဆိတ် ဆုတ်သွားလေသည်။ စတင် လှုပ်ရှားလိုက်သည်နှင့် ကွမ်းပင်းနယ်စား၏ အနောက်ဘက်မှ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် စစ်သည်အချို့ ထွက်ပေါ်လာပြီး ထိုကိုယ်ရံတော်၏ လက်မောင်းကို ဖမ်းချုပ်လိုက်လေသည်။
ကိုယ်ရံတော်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး လှုပ်ရှား၍ မရတော့ပေ။
တုံးပင်ကျွင်း၏ နှလုံးသားသည် ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤအခြေအနေ ရောက်မှတော့ ကြောက်လန့်နေလည်း အပိုပင်။ တုံးပင်ကျွင်းသည် တည်ငြိမ်သွားပြီး မေးလိုက်လေသည်။ "ကွမ်းပင်းနယ်စား... ခင်ဗျား ဘာလုပ်မလို့လဲ"
ကွမ်းပင်းနယ်စားက တည်ငြိမ်စွာ ပြောလိုက်သည်။ "တတိယမင်းသားက တော်ဝင်မျိုးနွယ်ရုံးတော်အကျဉ်းထောင် အကျဉ်းခန်းထဲမှာ အချိန်အကြာကြီး အဖမ်းခံထားရတယ်။ ပဥ္စမမင်းသားကလည်း အကျဉ်းခန်းထဲမှာ အဆိပ်မိပြီး သေသွားတယ်။ ဘယ်သူ လက်ချက်လဲဆိုတာ မသိရဘူး။ ကျွန်တော်က ယောက္ခမတစ်ယောက်အနေနဲ့ တတိယမင်းသားရဲ့ ဘေးကင်းရေးကို စိတ်ပူတယ်။ အခု သူ့ကို ခေါ်သွားတော့မယ်။ ပြီးရင် ကျွန်တော် ကိုယ်တိုင် နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးဆီမှာ အပြစ်တောင်းပန်မယ်"
"ဒါပေမဲ့ ဒီကိစ္စက ကျွင်းဝမ်နဲ့ မဆိုင်ပါဘူး။ အခု ကျွင်းဝမ်... တတိယမင်းသားကို ကျွန်တော့်ရှေ့ အရောက် ခေါ်လာပေးပါ"
တုံးပင်ကျွင်းသည် အလွန်အမင်း ဒေါသထွက်သွားလေသည်။ "အရှင်မင်းကြီးက အမိန့်ချပြီး တတိယမင်းသားကို အကျဉ်းခန်းထဲ ထည့်ထားတာ။ ဝန်ကြီးယောင်နဲ့ ဝန်ကြီးနှစ်ပါးကိုလည်း ကိုယ်တိုင် စစ်ဆေးခိုင်းထားတာ။ ခင်ဗျားက အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ဖောက်ဖျက်ပြီး တတိယမင်းသားကို ခေါ်ထုတ်သွားချင်တယ်ပေါ့။ ခင်ဗျား ရူးနေပြီလား"
ကွမ်းပင်းနယ်စားက အေးစက်စွာ ရယ်မောလိုက်လေသည်။ "ကျုပ် ရောက်လာမှတော့ တတိယမင်းသားကို မပါပါအောင် ခေါ်သွားမှာပဲ။ ခင်ဗျား ပူးပေါင်းဆောင်ရွက်ရင် အထိနာ သက်သာမယ်။ မဟုတ်ရင်တော့ ကျုပ် မညှာတာဘူးလို့ သဘောထားလိုက်"
တုံးပင်ကျွင်း၏ နှာခေါင်းရိုးကျိုးသည့်ဒဏ်ရာ မသက်သာသေးသဖြင့် ပတ်တီးစည်းထားရလေသည်။ ဒေါသထွက်လိုက်သည်နှင့် မျက်လုံးထဲတွင် မီးပွားများ ထွက်ပေါ်လာပြီး နှာခေါင်းမှ ပတ်တီးသည်လည်း လှုပ်ခါနေတော့သည်။ "အရှင်မင်းကြီးရဲ့ နှုတ်မိန့်တော်မပါဘဲ ဘယ်သူမှ တတိယမင်းသားကို ခေါ်ထုတ်သွားလို့ မရဘူး"
ဝန်ကြီးယောင်ကလည်း ဒေါသတကြီး ပြောလိုက်လေသည်။ "ကွမ်းပင်းနယ်စား... ခင်ဗျား ဒီလိုလုပ်တာ အရှင်မင်းကြီးကို စိတ်ဆိုးဒေါသထွက်စေလိမ့်မယ်။ နောက်ဆက်တွဲ အကျိုးဆက်ကို ခင်ဗျား တွေးဖူးရဲ့လား"
နောက်ဆက်တွဲ အကျိုးဆက်?
ကွမ်းပင်းနယ်စား၏ မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များ လက်ကနဲ ဖြစ်သွားပြီး ရုတ်တရက် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်လေသည်။ "လာကြစမ်း... ကျွင်းဝမ်နဲ့ ဝန်ကြီးသုံးပါးကို ဘေးမှာ ခဏ 'နားနေ' ခိုင်းလိုက်။ ငါ ကိုယ်တိုင် အကျဉ်းခန်းထဲ ဝင်ပြီး တတိယမင်းသားကို သွားကြိုမယ်"
အနောက်မှ ကိုယ်ရံတော်များသည် တညီတညွတ်တည်း အော်ဟစ်လိုက်ပြီး ရှေ့သို့ ပြေးဝင်ကာ တုံးပင်ကျွင်းနှင့် ဝန်ကြီးယောင်တို့ကို ဝိုင်းထားလိုက်ကြလေသည်။ သူတို့သည် ကိုယ်ထိလက်ရောက် မကျူးလွန်သော်လည်း တုံးပင်ကျွင်းတို့ကို အလွှာလိုက် ဝိုင်းရံထားကြလေသည်။
ထို့နောက် ကွမ်းပင်းနယ်စားသည် တုံးပင်ကျွင်းနှင့် ဝန်ကြီးယောင်တို့၏ ဆဲဆိုကြိမ်းမောင်းသံများအကြားတွင် အကျဉ်းခန်း အဝင်ဝဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေသည်။
အကျဉ်းခန်းအဝင်ဝကို စောင့်ကြပ်နေသော ကိုယ်ရံတော်တစ်ရာကျော်သည် ဓားများကို ဆွဲထုတ်လိုက်ကြလေသည်။
သို့သော်လည်း ကွမ်းပင်းနယ်စား၏ လူအင်အားမှာ များပြားလှပြီး တစ်ယောက်ချင်းစီတိုင်းသည် တိုက်ရည်ခိုက်ရည် ပြည့်ဝသော စစ်သည်ဟောင်းများ ဖြစ်ကြလေသည်။ လူအင်အား အချို့ကို ခွဲထုတ်ပြီး အစောင့်များကို တားဆီးထားလိုက်လေသည်။ ကွမ်းပင်းနယ်စားသည် မကြာမီ အကျဉ်းခန်းထဲသို့ ဝင်ရောက်သွားလေသည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ"
"ဘာလို့ ရုတ်တရက် အကျဉ်းခန်းထဲ ဝင်လာကြတာလဲ"
"အား... "
အကျဉ်းခန်းထဲတွင် အစောင့်မများသဖြင့် မကြာမီ အားလုံးကို နှိမ်နင်းလိုက်နိုင်လေသည်။
မျက်လုံးမှိတ်ပြီး အနားယူနေသော လီဟောက်သည် စောစောစီးစီးကတည်းက အသံများကို ကြားနေရလေသည်။
လီဟောက်သည် ကုတင်ပေါ်မှ လှိမ့်ဆင်းလိုက်ပြီး သံတိုင်များနားသို့ ပြေးကပ်သွားလေသည်။ ပိန်လှီနွမ်းနယ်နေသော မျက်နှာချောချောလေးပေါ်တွင် မယုံကြည်နိုင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။ "ယွဲ့ဖု... ခင်ဗျား ဘယ်လိုလုပ် ရောက်လာတာလဲ"
ကွမ်းပင်းနယ်စားသည် သော့ကို လိုက်ရှာရန် စိတ်မရှည်တော့သဖြင့် လီဟောက်ကို ပြောလိုက်လေသည်။ "ခဏနေမှ ပြောကြတာပေါ့။ အရှင်မင်းသား နောက်ကို ခြေလှမ်းနှစ်လှမ်းလောက် ဆုတ်ပေးပါ။ ကျွန်တော် ဒီသံကြိုးကို ခုတ်ဖြတ်လိုက်ဦးမယ်"
ကွမ်းပင်းနယ်စား အသုံးပြုလေ့ရှိသော ဓားသည် သံကို ရွှံ့ကဲ့သို့ ဖြတ်တောက်နိုင်သော ရတနာဓားတစ်လက် ဖြစ်လေသည်။ သူသည် ဓားကို မြှောက်လိုက်ပြီး အားကုန်ခုတ်ချလိုက်ရာ ကြီးမားသော သံကြိုးသည် ကျယ်လောင်စွာ မြည်ဟည်းသွားပြီး နှစ်ပိုင်းပြတ်ကာ ကြမ်းပြင်ပေါ်သို့ ကျသွားလေတော့သည်။
...