အခန်း (၆၃၇-၆၃၉)
Vol. 43 Ch. 637-639
အပိုင်း (၆၃၇) လေပြင်းများ စတင်တိုက်ခတ်ခြင်း (၃)
လီဟောက်သည် စိတ်နှလုံး မည်းမှောင်ကာ ရက်စက်ကြမ်းကြုတ်ပြီး သတ္တိကောင်းသူ ဖြစ်သော်လည်း ကွမ်းပင်းနယ်စား၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားရလေသည်။ "ယွဲ့ဖု!"
ကွမ်းပင်းနယ်စားက မျက်ခုံးပင့်လိုက်ပြီး လီဟောက်ကို ပြောလိုက်လေသည်။ "အရှင်မင်းကြီးက ဝန်ကြီးယောင်နဲ့ တရားရေးဝန်ကြီးဌာနက ဒုဝန်ကြီးနှစ်ယောက်ကို စစ်ဆေးခိုင်းထားတာ မင်းကို အပြစ်ပေးဖို့ ဆုံးဖြတ်ထားလို့ပဲ။ အသက်ရှိနေသရွေ့ မျှော်လင့်ချက် ရှိပါသေးတယ်။ ဒီတော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်မှာ ဆက်နေလို့ မဖြစ်တော့ဘူး"
"အကျဉ်းခန်းထဲကနေ အခုချက်ချင်း ထွက်သွားတော့။ ငါ့လူတွေက မင်းကို မုန့်မိသားစုတပ်ဆီ ခေါ်သွားလိမ့်မယ်။ တပ်စခန်းမှာ စစ်သည်အင်အား ရှစ်သောင်း ရှိတယ်။ ငါ့ရဲ့ စစ်တဲထဲမှာ နေရင် ဘယ်သူမှ မင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
လီဟောက်၏ တုံ့ပြန်မှုကို မစောင့်ဘဲ သူက ဆက်ပြောလိုက်လေသည်။ "ငါ ဒီနေ့ ရုတ်တရက် လုပ်လိုက်တာကြောင့် ဘယ်သူမှ ကြိုတင်မျှော်လင့်ထားမှာ မဟုတ်ဘူး။ ငါ စစ်သည်တွေနဲ့ တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို ဝင်စီးပြီး လူလာလုမယ်ဆိုတာ ဘယ်သူမှ ထင်ထားမှာ မဟုတ်ဘူး။ လောလောဆယ်တော့ အားလုံး အဆင်ပြေနေတယ်"
"နန်းတော်ထဲကို မကြာခင် သတင်းရောက်သွားလိမ့်မယ်။ ရှင်းယန်ဝမ်လည်း စစ်တပ်နဲ့ လမ်းတစ်ဝက် ရောက်နေလောက်ပြီ။ အချိန်သိပ်မရှိတော့ဘူး။ စကားပြောနေဖို့ အချိန်မရှိဘူး။ အခုချက်ချင်း သွားတော့။ မဟုတ်ရင် ငါ ဒီနေ့ လုပ်သမျှ အလကား ဖြစ်သွားလိမ့်မယ်"
လီဟောက်၏ မျက်ဝန်းအိမ်များ နီရဲသွားပြီး ဒူးထောက်ချလိုက်ကာ ကွမ်းပင်းနယ်စားကို သုံးကြိမ်တိုင် ဦးခိုက်လိုက်လေသည်။ "ယွဲ့ဖုရဲ့ ကျေးဇူးတရားကို ကျွန်တော် တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး။ နောက်နောင် ယွဲ့ဖုကို သေချာ ပြုစုစောင့်ရှောက်ပါ့မယ်။ ဘာကိစ္စပဲ ဖြစ်ဖြစ် ယွဲ့ဖုရဲ့ ဆန္ဒအတိုင်း လိုက်နာပါ့မယ်"
ကွမ်းပင်းနယ်စား၏ မျက်ဝန်းများ လက်ကနဲ ဖြစ်သွားလေသည်။ "အခုက အပိုစကားတွေ ပြောနေရမယ့်အချိန် မဟုတ်ဘူး။ မိန်းမကြီးတစ်ယောက်လို ငိုကြွေးမနေနဲ့တော့။ မြန်မြန် သွားတော့"
လီဟောက်သည် အံကို တင်းတင်းကြိတ်ကာ ခေါင်းညိတ်လိုက်လေသည်။
ကွမ်းပင်းနယ်စား ပြောသကဲ့သို့ပင် အချိန်က အလွန် အရေးကြီးနေလေသည်။ စက္ကန့်တိုင်းသည် တန်ဖိုးရှိလှသည်။ ဤသည်မှာ သူ တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်မှ ထွက်ခွာနိုင်မည့် အကောင်းဆုံး အခွင့်အရေး ဖြစ်လေသည်။
ဘာမှ ဆက်ပြောနေစရာ မလိုတော့ပေ။ ကိုယ့်အသက်ကိုယ် အရင် ကယ်တင်ပြီးမှ ရှေ့ဆက်မည့်လမ်းကို ကြံစည်ရမည်။
လီဟောက်သည် နောက်ထပ် သုံးကြိမ် ဦးခိုက်လိုက်ပြန်သည်။ "ယွဲ့ဖုကို ဒုက္ခပေးမိသလို ဖြစ်သွားပြီ။ ကျွန်တော် ယွဲ့ဖုကို နောက်ထပ် သုံးကြိမ် ဦးခိုက်ပါရစေ"
ဦးခိုက်ပြီးသည်နှင့် သူ မတ်တပ်ထရပ်ကာ ထွက်ခွာသွားလေသည်။ ကွမ်းပင်းနယ်စား ခေါ်ဆောင်လာသော ကိုယ်ရံတော်များသည်လည်း ချက်ချင်း လိုက်ပါသွားကြလေသည်။
ကွမ်းပင်းနယ်စားသည် လီဟောက်၏ အေးစက်သော သဘောထားကို အပြစ်မမြင်မိပေ။
ရှေးယခင်ကတည်းက ကိစ္စကြီးများကို လုပ်ဆောင်အောင်မြင်ခဲ့သူများသည် သနားကြင်နာတတ်သော သူတော်ကောင်းများ မဟုတ်ကြပေ။
ယုံးကျားဧကရာဇ်ကိုပဲ ကြည့်ကြည့်... ထိုစဉ်က သူသာ တွန့်ဆုတ်နေပြီး ကိုယ်ပိုင်ထီးနန်း တည်ထောင်ရန် မကြိုးစားခဲ့ပါက၊ နယ်မြေချဲ့ထွင်ရန် ကိုယ်တိုင် ဦးဆောင်၍ မတိုက်ခိုက်ခဲ့ပါက ယနေ့အချိန်တွင် သာ့ဝေတိုင်းပြည်ကြီးကို တည်ထောင်နိုင်သည့် အောင်မြင်မှုမျိုး ရှိလာပါမည်တဲ့လား။
ယခုအခါ ယုံးကျားဧကရာဇ်သည် မသန်စွမ်းသူတစ်ဦး ဖြစ်သွားပြီဖြစ်ရာ တိုင်းပြည်အရှင်အဖြစ် ဆက်လက်ရှိနေရန် မထိုက်တန်တော့ပေ။
ထီးနန်းဆိုသည်မှာ အရည်အချင်းရှိသူသာ ရယူထိုက်သည်။
သူသည် ဤအခွင့်အရေးကောင်းကို အသုံးချပြီး တတိယမင်းသား လီဟောက်ကို နန်းတင်ပေးရမည်။ နောင်တစ်ချိန်ကျမှ လီဟောက်ကို ဖြုတ်ချပြီး ကိုယ်တိုင် ဧကရာဇ်လုပ်မလား၊ သို့မဟုတ် နောက်ကွယ်မှ ကြိုးကိုင်မလား ဆိုသည်မှာ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ရပေမည်။
ကွမ်းပင်းနယ်စား၏ စိတ်ထဲတွင် အတွေးများ တရစပ် ဝင်ရောက်လာပြီး ခေါင်းကို လှည့်ကာ အေးအေးဆေးဆေးပင် အပြင်သို့ ထွက်လာခဲ့လေသည်။
လီဟောက်သည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားပြီး အကျဉ်းခန်းထဲမှ ဦးစွာ ထွက်ခွာသွားလေသည်။
တစ်လကျော်ကြာ နေရောင်ခြည်နှင့် ကင်းကွာခဲ့ပြီး ကိုးပေပတ်လည်သာရှိသော အကျဉ်းခန်းထဲတွင် ပိတ်မိနေခဲ့ရသည်။ ယခုအခါ လှောင်ချိုင့်ထဲမှ လွတ်မြောက်လာပြီး ကောင်းကင်အပြည့် ကြယ်များကို မြင်လိုက်ရသောအခါ လီဟောက်၏ နှာခေါင်းထဲတွင် စပ်ဖျင်းဖျင်း ဖြစ်သွားပြီး မျက်ရည်များ ဝဲတက်လာတော့သည်။
သူ့တွင် သက်ပြင်းချ ဝမ်းနည်းနေရန် အချိန်မရှိသဖြင့် အလျင်အမြန်ပင် အပြင်သို့ ထွက်ခွာသွားလေသည်။
ခြေလှမ်းအနည်းငယ် လျှောက်လိုက်သည်နှင့် စစ်သည်များ ဝိုင်းရံပိတ်ဆို့ထားခြင်း ခံနေရသော တုံးပင်ကျွင်းနှင့် ဝန်ကြီးယောင်တို့ကို တွေ့လိုက်ရလေသည်။
တုံးပင်ကျွင်းသည် အရပ်ရှည်သဖြင့် လီဟောက်၏ ရင်းနှီးသော ပုံရိပ်ကို တစ်ချက်ကြည့်လိုက်သည်နှင့် မှတ်မိသွားပြီး စိုးရိမ်စိတ်နှင့် ဒေါသစိတ်များ ရောထွေးကာ အော်ဟစ်လိုက်လေသည်။ "လီဟောက်... ရပ်လိုက်စမ်း"
"အရှင်မင်းကြီးက မင်းကို တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်မှာ ချထားတာလေ။ မင်းက ဒီတိုင်း ထွက်ပြေးသွားတော့ နောက်ဆို မင်းရဲ့ဖုဟွမ်ကို ဘယ်မျက်နှာနဲ့ သွားတွေ့တော့မလဲ"
ဝန်ကြီးယောင်ကလည်း အော်ဟစ်လိုက်လေသည်။ "တတိယမင်းသား... အရှင်မင်းကြီးက အရှင်မင်းသားကို ဘာအပြစ်ကြောင့် ဖမ်းထားလဲဆိုတာ တိုင်းပြည်ကို ကြေညာထားတာ မရှိသေးဘူး။ အရှင်မင်းသားက ဒီလို ထွက်ပြေးသွားတာဟာ အပြစ်ရှိကြောင်း ဝန်ခံပြီး ထွက်ပြေးတာနဲ့ အတူတူပဲ။ နောက်ပိုင်း ပြန်စစ်ဆေးတဲ့အခါ အပြစ်က ပိုကြီးသွားလိမ့်မယ်"
ဝန်ကြီးကျူးနှင့် ဝန်ကြီးမင်းတို့သည်လည်း လီဟောက်ကို ရပ်တန့်ရန် အော်ဟစ်တားမြစ်ကြလေသည်။
လီဟောက်သည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးကာ အေးစက်စွာ ပြုံးလိုက်ပြီး လုံးဝ ဂရုမစိုက်ဘဲ ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားတော့သည်။
တုံးပင်ကျွင်းသည် လီဟောက် ထွက်ခွာသွားသော နေရာကို ကြည့်ပြီး မျှော်လင့်ချက်မဲ့စွာ ငိုချင်လာတော့သည်။ "သွားပါပြီ... တတိယမင်းသားက ဒီတိုင်း ထွက်သွားပြီဆိုတော့ အရှင်မင်းကြီးက ငါ့ကို အရင်ဆုံး အပြစ်ပေးတော့မှာပဲ"
သူ၏ တော်ဝင်မျိုးနွယ်ရုံးတော်အကျဉ်းထောင် တာဝန်ခံရာထူးတော့ လုံးဝ ဆုံးခန်းတိုင်သွားလေပြီ။
ဝန်ကြီးယောင်၏ မျက်နှာသည်လည်း အလွန် ရှုံ့မဲ့နေပြီး အံကြိတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "ကွမ်းပင်းနယ်စားက သတ္တိကောင်းလွန်းတယ်။ တတိယမင်းသားကို ဒီတိုင်း လာလုသွားတာ ရည်ရွယ်ချက် မကောင်းတာ သေချာတယ်။ နောက်ထပ် ပိုကြီးမားတဲ့ မုန်တိုင်းတွေ လာတော့မယ် ထင်တယ်"
ပိုကြီးမားတဲ့ မုန်တိုင်း?
ဒီစကားက ဘာအဓိပ္ပာယ်လဲ။
တုံးပင်ကျွင်း၏ မျက်ခွံများ လှုပ်ခါသွားပြီး ဝန်ကြီးယောင်ကို လှမ်းကြည့်လိုက်လေသည်။
ဝန်ကြီးယောင်ကလည်း သူ့ကို ပြန်ကြည့်လိုက်လေသည်။ "ကျွင်းဝမ်... အရှင်မင်းကြီး ကျန်းမာရေးကောင်းနေရင် အားလုံး အေးဆေးငြိမ်းချမ်းနေမှာပါ။ အခု အရှင်မင်းကြီးက လေဖြတ်သွားပြီး နဂါးကုတင်ပေါ်က မဆင်းနိုင်တော့ဘူးဆိုတာ သိတဲ့လူတွေ မနည်းပါဘူး။ လူတချို့က မငြိမ်မသက်ဖြစ်နေတဲ့ စိတ်တွေကို မထိန်းနိုင်ကြတော့ဘူး"
အကယ်၍ ယုံးကျားဧကရာဇ်သာ ကျန်းမာရေး ကောင်းမွန်နေပါက ကွမ်းပင်းနယ်စားသည် ဤကဲ့သို့ ပုန်ကန်သော အပြုအမူမျိုး လုပ်ရဲပါမည်လော။
တုံးပင်ကျွင်း၏ ရင်ထဲတွင် အေးခဲသွားလေသည်။
ထိုအချိန်တွင် ကွမ်းပင်းနယ်စားသည်လည်း ရောက်ရှိလာလေသည်။
"ကွမ်းပင်းနယ်စား... ခင်ဗျား တတိယမင်းသားကို လွှတ်ပေးလိုက်ပြီဆိုတော့ ကျွန်တော်လည်း နန်းတော်ထဲဝင်ပြီး ဒီညဖြစ်ပျက်ခဲ့တာတွေကို အရှင်မင်းကြီးဆီ လျှောက်တင်ရလိမ့်မယ်" ဝန်ကြီးယောင်သည် အရပ်ဘက်အမတ် ဖြစ်သော်လည်း တုံးပင်ကျွင်းထက် သတ္တိပိုကောင်းလေသည်။ ခါးကို မတ်မတ်ထားပြီး ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
ကွမ်းပင်းနယ်စားက လှောင်ပြောင်သရော်လိုက်သည်။ "အဲဒါအတွက် ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော် ကိုယ်တိုင် နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးဆီမှာ အပြစ်သွားခံယူလိုက်ပါ့မယ်"
ပြောပြီးသည်နှင့် သူသည် မောက်မာစွာ ထွက်ခွာသွားလေသည်။
တကယ်ကို အတင့်ရဲလွန်းလှသည်!
တုံးပင်ကျွင်း၏ နဖူးမှ သွေးကြောများ ထောင်ထလာပြီး သည်းမခံနိုင်တော့ဘဲ အော်ဟစ်ဆဲဆိုလိုက်လေသည်။ "မုန့်ဟွေး... ခင်ဗျား သတ္တိတွေ အရမ်းကောင်းနေပါလား။ ခင်ဗျားက သေလမ်းရှာနေတာပဲ။ အရှင်မင်းကြီးက ခင်ဗျားကို ခွင့်လွှတ်မှာ မဟုတ်ဘူး..."
ကံမကောင်းစွာဖြင့် သူ အသံကုန် အော်ဟစ်ဆဲဆိုနေသော်လည်း ကွမ်းပင်းနယ်စားသည် ခြေလှမ်းတစ်လှမ်းမျှ ရပ်တန့်ခြင်း မရှိခဲ့ချေ။
...
ကွမ်းပင်းနယ်စား ပြောခဲ့သကဲ့သို့ပင် သူသည် ရုတ်တရက် စစ်သည်များကို ဦးဆောင်ပြီး တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို ဝင်စီးကာ လီဟောက်ကို လွှတ်ပေးလိုက်ခြင်းသည် တစ်နာရီခန့်သာ ကြာမြင့်ခဲ့လေသည်။
ဤလုပ်ရပ်သည် လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့လေသည်။
ထိုအချိန်တွင် ရှင်းယန်ဝမ် လုလင်းသည် စစ်သည်များကို ဦးဆောင်ပြီး လမ်းတွင် ခရီးနှင်နေဆဲ ဖြစ်လေသည်။ ရောက်ရှိရန် အနည်းဆုံး နှစ်နာရီခန့် လိုသေးသည်။
ထိုအချိန်တွင် တော်ဝင်မျိုးနွယ်ရုံးတော်အကျဉ်းထောင်မှ ထူးခြားဖြစ်စဉ် သတင်းသည် နန်းတော်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။
စစ်သူကြီးလျန်သည် သတင်းကြားပြီးနောက် အလွန် ဒေါသထွက်သွားပြီး တည်ကြည်အေးစက်သော မျက်နှာထားသည် ရေခဲရိုက်ထားသကဲ့သို့ ဖြစ်သွားလေသည်။ သူသည် အနည်းငယ်မျှ နှောင့်နှေးခြင်း မရှိဘဲ အရှင်မင်းကြီး၏ အိပ်ဆောင်ထဲသို့ ချက်ချင်း ဝင်ရောက်သွားလေသည်။
ထိုအချိန်တွင် သမားတော်ချုပ်ကျိုးသည် ယုံးကျားဧကရာဇ်ကို အပ်စိုက်ကုသပေးနေလေသည်။
အိပ်ဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ စစ်သူကြီးလျန်၏ အလျင်အမြန် ဝင်ရောက်လာသော ခြေသံများသည် ရေကန်ထဲသို့ ကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်လေသည်။
သမားတော်ချုပ်ကျိုးသည် အပ်စိုက်ကုသနေချိန်တွင် နှောင့်ယှက်ခံရသည်ကို အမုန်းဆုံးဖြစ်သဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး စစ်သူကြီးလျန်ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။
လောကကြီးတွင် မည်သည့်အရာကမျှ နဂါးခန္ဓာကိုယ်လောက် အရေးမကြီးပေ။
ယုံးကျားဧကရာဇ်သည် မူလက မျက်လုံးမှိတ်ထားသော်လည်း ယခုအခါ ဖွင့်ကြည့်လိုက်လေသည်။ "ဘာဖြစ်လို့လဲ"
စစ်သူကြီးလျန်သည် တည်ငြိမ်ရင့်ကျက်သူ တစ်ဦးဖြစ်ပြီး စကားနည်းသူ ဖြစ်လေသည်။ သူ၏ စိတ်ကို လှုပ်ရှားစေနိုင်သော ကိစ္စဆိုလျှင် ကိစ္စသေးသေးမွှားမွှား မဟုတ်တန်ရာ။
စစ်သူကြီးလျန်သည် ဖုံးကွယ်မထားရဲဘဲ လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်လေသည်။ "ကျွန်တော်မျိုး သတင်းတစ်ခု ရထားပါတယ်။ ကွမ်းပင်းနယ်စားက လူတွေခေါ်ပြီး တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို ဝင်စီးပြီး တတိယမင်းသားကို ကယ်ထုတ်သွားပါတယ်တဲ့"
ယုံးကျားဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခန္ဓာကိုယ်သည် သိသာထင်ရှားခြင်း မရှိသော်လည်း ပြင်းထန်စွာ တုန်ယင်သွားလေသည်။ စိတ်ခံစားချက် အတက်အကျ ပြင်းထန်နေကြောင်း သိသာလှပေသည်။
သမားတော်ချုပ်ကျိုးသည် အခြေအနေ မကောင်းကြောင်း တွေ့ရှိလိုက်သဖြင့် ချက်ချင်း ပြောလိုက်လေသည်။ "အရှင်မင်းကြီး... ကျန်းမာရေးကို ဂရုစိုက်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားပါ"
လေဖြတ်ထားသော လူနာသည် ရောဂါထဖောက်ခြင်းကို အကြောက်ဆုံး ဖြစ်လေသည်။ တစ်ကြိမ် ထပ်ဖြစ်လျှင် ရောဂါအခြေအနေ ပိုဆိုးသွားတတ်သည်။ သို့သော် မကြာသေးမီက ကိစ္စရပ်များ ဆက်တိုက် ဖြစ်ပေါ်နေပြီး ယုံးကျားဧကရာဇ်သည်လည်း ဒေါသကြီးသူ ဖြစ်သဖြင့် စိတ်ကို တည်ငြိမ်အောင်ထား၍ အနားယူရန် မဖြစ်နိုင်ပေ။
ဤအတိုင်း ဆက်သွားလျှင် နတ်ဆေးသမားတော်ပင်လျှင် ယုံးကျားဧကရာဇ်၏ ရောဂါကို ကုသနိုင်မည် မဟုတ်ပေ။
စစ်သူကြီးလျန်သည်လည်း ထိတ်လန့်သွားပြီး အလျင်အမြန် ပြောလိုက်လေသည်။ "အရှင်မင်းကြီး စိတ်လျှော့ပါ။ ကျွန်တော်မျိုး အခုပဲ တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို သွားပြီး ကွမ်းပင်းနယ်စားကို ဖမ်းခေါ်လာခဲ့ပါ့မယ်"
စကားဆုံးသည်နှင့် အတွင်းနန်းဆောင်ကုန်းကုန်းတစ်ဦး ဝင်ရောက်လာပြီး လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီး... ကွမ်းပင်းနယ်စားက အဆောင်တော်အပြင်ဘက်မှာ အခစားဝင်ဖို့ စောင့်နေပါတယ်"
...
အပိုင်း (၆၃၈) လေပြင်းများ စတင်တိုက်ခတ်ခြင်း (၄)
သတ္တိကောင်းလှချည်လား။ ကွမ်းပင်းနယ်စားဆိုတဲ့ကောင်!
နန်းတော်ထဲထိ ဝင်လာပြီး သူ့ကို လာတွေ့ရဲသေးတာပဲ!
သူ့ကို လေဖြတ်ပြီး အိပ်ရာထဲလဲနေသော မသန်စွမ်းတစ်ယောက်အဖြစ် သဘောထားပြီး အနိုင်ကျင့်နေတာပဲ။
ယုံးကျားဧကရာဇ်၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာပြီး မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်လာလေသည်။ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲလာပြီး အသက်ရှူသံများလည်း မြန်ဆန်လာကာ ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည် ဖြစ်လာတော့သည်။
သမားတော်ချုပ်ကျိုးသည် အလွန်အမင်း ထိတ်လန့်သွားပြီး အံကြိတ်ကာ လျှောက်တင်လိုက်ရလေသည်။ "အရှင်မင်းကြီး... အရှင်မင်းကြီး လုံးဝ ဒေါသမထွက်ပါနဲ့။ နောက်တစ်ကြိမ် ထပ်ပြီး သတိမေ့သွားရင် ကျွန်တော်မျိုး ပြန်နှိုးနိုင်ဖို့ အာမ မခံနိုင်တော့ပါဘူး"
ထို့နောက် စစ်သူကြီးလျန်ဘက်သို့ အလျင်အမြန် လှည့်ကာ ပြောလိုက်လေသည်။ "စစ်သူကြီးလျန်... အရှင်မင်းကြီးကို အပ်စိုက်ကုသနေတာ မပြီးသေးပါဘူး။ အနည်းဆုံး နာရီဝက်လောက် လိုသေးတယ်။ အခု မိုးပြိုကျရင်တောင် ခင်ဗျားပဲ အရင်ထွက်ပြီး ဖြေရှင်းလိုက်ပါ"
စစ်သူကြီးလျန်၏ ရင်ထဲတွင် လေးလံသွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ခုနက ကျွန်တော်မျိုး စိတ်လောသွားပြီး အရှင်မင်းကြီးရဲ့ အနားယူမှုကို နှောင့်ယှက်မိပါတယ်။ ကျွန်တော်မျိုး အခုပဲ ထွက်ပြီး ကွမ်းပင်းနယ်စားကို ပြန်လွှတ်လိုက်ပါ့မယ်"
ယုံးကျားဧကရာဇ်သည် သမားတော်ချုပ်ကျိုး၏ သတိပေးစကားကို ကြားပြီးနောက် မမှန်မကန် ဖြစ်နေသော အသက်ရှူသံကို ကြိုးစားထိန်းချုပ်လိုက်လေသည်။ လေပူများကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ပြီး စကားလုံးအနည်းငယ်ကို ညှစ်ထုတ်လိုက်လေသည်။ "အရှေ့နန်းဆောင်ကို သတင်းပို့လိုက်။ ထိုက်ဇီဖေးကို လာခိုင်းလိုက်"
ကွမ်းပင်းနယ်စား၏ ခက်ထန်ကြမ်းတမ်းသော စိတ်နေစိတ်ထားအရ စစ်သူကြီးလျန် တစ်ယောက်တည်းဖြင့် ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
နန်းတော်ထဲတွင် ကွမ်းပင်းနယ်စားကို နိုင်သောသူ မည်သူ ရှိသနည်း။
ထိုက်ဇီဖေး လုမင်ယွိ၏ ပုံရိပ်သည် သူ့ခေါင်းထဲသို့ ရုတ်ခြည်း ဝင်ရောက်လာလေသည်။
စစ်သူကြီးလျန်သည် အရိုအသေပေးပြီး အမိန့်ကို လက်ခံလိုက်ကာ အလျင်အမြန် ထွက်ခွာသွားလေသည်။ သမားတော်ချုပ်ကျိုးသည် နှစ်သိမ့်စကား မပြောတော့ဘဲ ရွှေအပ်ကို ချက်ချင်း ယူဆောင်ကာ ယုံးကျားဧကရာဇ်၏ ဦးခေါင်းကို စိုက်လိုက်လေသည်။
ယုံးကျားဧကရာဇ်သည် ရင်ထဲမှ ပြင်းထန်သော ဒေါသများကို ဖိနှိပ်ထားပြီး မျက်လုံးများကို အတင်းအကြပ် မှိတ်လိုက်ရလေသည်။
စစ်သူကြီးလျန်သည် အပြင်သို့ ထွက်ရင်း ဘေးနားရှိ ကိုယ်ရံတော်ကို အရှေ့နန်းဆောင်သို့ သတင်းသွားပို့ရန် အမိန့်ပေးလိုက်လေသည်။ ကိုယ်ရံတော်သည် အလျင်အမြန် ပြေးသွားလေသည်။ စစ်သူကြီးလျန်သည် ဝမ်ဟွားနန်းဆောင်၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး အပြစ်လာတောင်းပန်သော ကွမ်းပင်းနယ်စားနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်လေသည်။
ယခုအခါ နန်းတော်အတွင်းတွင် လုံခြုံရေး တင်းကျပ်ထားသဖြင့် မည်သူမျှ လက်နက်ကိုင်ဆောင်ပြီး ဝင်ရောက်ခွင့် မရှိပေ။ ထိုနေ့က လုမင်ယွိ နန်းတော်သို့ ပြန်လာချိန်တွင် ခေါ်ဆောင်လာသော ကိုယ်ရံတော် တစ်ရာကျော်သည်ပင် တစ်ယောက်ချင်းစီ စစ်ဆေးခံပြီးမှ ဝင်ရောက်ခွင့် ရခဲ့လေသည်။
ကွမ်းပင်းနယ်စားသည် မည်မျှပင် ရာထူးကြီးမြင့်ပြီး အာဏာရှိစေကာမူ နန်းတော်စည်းကမ်းကို လိုက်နာရပေသည်။ သူ၏ ရတနာဓားကို ယူဆောင်လာခွင့် မရရှိခဲ့ပေ။ ကိုယ်ရံတော် လေးဦးသာ ခေါ်ဆောင်လာခဲ့လေသည်။
လူအင်အား မများသော်လည်း ကွမ်းပင်းနယ်စား၏ အရှိန်အဝါသည် ပြင်းထန်နေဆဲ။ သူသည် မတ်မတ်ရပ်နေပြီး ခေါင်းကို အနည်းငယ် မော့ထားကာ မျက်လုံးထောင့်ဖြင့် စစ်သူကြီးလျန်ကို တစ်ချက်ကြည့်လိုက်ပြီး မောက်မာသော လေသံဖြင့် ပြောလိုက်လေသည်။ "ငါ အရှင်မင်းကြီးကို တွေ့ပြီး ကိုယ်တိုင် အပြစ်တောင်းပန်မလို့"
ဒါက အပြစ်လာတောင်းပန်တာလား၊ ယုံးကျားဧကရာဇ်ကို လာပြီး ဒေါသထွက်အောင် လုပ်တာလား။
စစ်သူကြီးလျန်သည် ဒေါသထွက်သွားပြီး ဖိနှိပ်မရနိုင်သော ဒေါသသံဖြင့် ပြောလိုက်လေသည်။ "ကွမ်းပင်းနယ်စား... ခင်ဗျားက ကိုယ့်သဘောနဲ့ကိုယ် စစ်တပ်ကို အသုံးပြုတယ်။ တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို ကျူးကျော်ဝင်ရောက်တယ်။ တတိယမင်းသားကို ခေါ်ထုတ်သွားတယ်။ ဘယ်မျက်နှာနဲ့ အရှင်မင်းကြီးကို လာတွေ့တာလဲ"
"ငါ့မှာ ငါ့အကြောင်းပြချက်နဲ့ငါ ရှိတယ်" ကွမ်းပင်းနယ်စားက အေးစက်စွာ ပြောလိုက်လေသည်။ "အရှင်မင်းကြီးနဲ့ တွေ့ရင် ငါ့ဘာသာငါ လျှောက်တင်မယ်။ မင်းက ဘာကောင်မို့လို့ ငါ့ကို လာတားရတာလဲ"
စစ်သူကြီးလျန်သည် ယခင်က ယုံးကျားဧကရာဇ်၏ ကိုယ်ရံတော် ဖြစ်ခဲ့ဖူးသည်။ ကွမ်းပင်းနယ်စားနှင့် ယုံးကျားဧကရာဇ်တို့သည် ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာသူများ ဖြစ်ပြီး လီအိမ်တော်သို့ မကြာခဏ ဝင်ထွက်လေ့ရှိသဖြင့် စစ်သူကြီးလျန်နှင့် အလွန် ရင်းနှီးလေသည်။
အခြားသူများက စစ်သူကြီးလျန်ကို ကြောက်ရွံ့ကြသော်လည်း ကွမ်းပင်းနယ်စားကမူ လုံးဝ မကြောက်ရွံ့ပေ။
စစ်သူကြီးလျန်၏ မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်သွားပြီး အသံများ လေးနက်သွားလေသည်။ "ကျွန်တော်က နိမ့်ကျတဲ့ မျိုးရိုးကနေ ဆင်းသက်လာပေမဲ့ ကံကောင်းလို့ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ခံရပြီး တော်ဝင်ကိုယ်ရံတော်တပ်မှူး ဖြစ်လာခဲ့တယ်။ နန်းတော်ရဲ့ လုံခြုံရေးကို တာဝန်ယူထားရတယ်။ ကျွန်တော်က ဘာကောင်မှ မဟုတ်ပေမဲ့ ကျွန်တော် ရှိနေသရွေ့ ကွမ်းပင်းနယ်စား ဝမ်ဟွားနန်းဆောင်ထဲ ဝင်ဖို့ စိတ်ကူးမယဉ်နဲ့"
ကွမ်းပင်းနယ်စားသည် မျက်ခုံးပင့်လိုက်ပြီး အေးစက်စွာ ရယ်မောကာ ပြောလိုက်လေသည်။ "ငါက ကိုယ်ရံတော် လေးယောက်ပဲ ခေါ်လာတာ။ လက်နက်လည်း မပါဘူး။ အရှင်မင်းကြီးကို လာတွေ့တာလေ။ ဘယ်လိုလုပ် ဝမ်ဟွားနန်းဆောင်ကို ကျူးကျော်ဝင်ရောက်တယ် ဖြစ်သွားရတာလဲ။ ငါက အရှင်မင်းကြီးနဲ့ သာ့ဝေတိုင်းပြည်အပေါ် သစ္စာရှိတယ်။ မင်း ဒီလိုပြောတာ ငါ့ကို စော်ကားတာပဲ"
"အခု အရှင်မင်းကြီးက အိပ်ရာထဲလဲနေတော့ မင်းတစ်ယောက်တည်းပဲ ဝမ်ဟွားနန်းဆောင်ကို ဝင်ထွက်ခွင့်ရပြီး အရှင်မင်းကြီးရဲ့ ဘေးနားမှာ နေခွင့်ရနေတယ်။ ကြားတာတော့ မင်းက မကြာခဏ အရှင်မင်းကြီးရဲ့ ကိုယ်စား အမိန့်တော်တွေ ထုတ်ပြန်ပေးနေတယ်ဆို။ အဲဒီလို အာဏာရနေတော့ မောက်မာလာတာ မဆန်းပါဘူး။ ငါလို ကွမ်းပင်းနယ်စားကိုတောင် မျက်လုံးထဲ မထည့်တော့ဘူးပေါ့"
"ငါ အရှင်မင်းကြီးနဲ့ တွေ့ရင် သေချာပေါက် လျှောက်တင်ရမယ်။ သစ္စာရှိပြီး စိတ်ချရတဲ့ တခြားတစ်ယောက်ကို အရှင်မင်းကြီးရဲ့ ဘေးနားမှာ ထားခိုင်းရမယ်။ မဟုတ်ရင် စစ်သူကြီးလျန်က အချစ်ခံရလို့ ဘဝင်မြင့်ပြီး ဖောက်ပြန်တဲ့စိတ် ဝင်လာရင် ကြီးမားတဲ့ ဘေးဒုက္ခ ဖြစ်လာလိမ့်မယ်"
စစ်သူကြီးလျန် "..."
နှုတ်မှုရေးရာ တိုက်ပွဲတွင် စစ်သူကြီးလျန်သည် ကွမ်းပင်းနယ်စား၏ ပြိုင်ဘက် မဟုတ်ပေ။
စစ်သူကြီးလျန်သည် ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားပြီး စကားတစ်ခွန်းသာ ညှစ်ထုတ်နိုင်တော့သည်။ "အရှင်မင်းကြီးအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ သစ္စာတရားကို နေမင်းလမင်းကြီးက သက်သေပါပဲ။ ခင်ဗျားက အသားလွတ် စွပ်စွဲနေတာ"
ကွမ်းပင်းနယ်စားသည် စစ်သူကြီးလျန် ဒေါသထွက်နေပုံကို ကြည့်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။ "ငါက အသားလွတ် စွပ်စွဲတာလား၊ မင်း ကိုယ်တိုင် လိပ်ပြာမလုံ ဖြစ်နေတာလားဆိုတာ မင်းစိတ်မင်း အသိဆုံးပါ"
"ငါ့ကို ဘာလို့ ပြူးကြည့်နေတာလဲ။ ငါ့ကိုများ ကိုယ်ထိလက်ရောက် လုပ်ချင်နေတာလား။ ဟက်! စွမ်းဆောင်နိုင်ရင် လာစမ်းပါ။ ငါ မင်းကို ကြောက်နေရင် ငါ့မျိုးရိုး နာမည် ပြောင်းလိုက်မယ်"
စစ်သူကြီးလျန်၏ သစ္စာရှိမှုနှင့်ဆိုလျှင် ဝမ်ဟွားနန်းဆောင် အပြင်ဘက်တွင် မည်သို့လုပ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ရဲပါမည်နည်း။
ကွမ်းပင်းနယ်စားသည် စစ်သူကြီးလျန်၏ စိတ်နေစိတ်ထားကို ကောင်းစွာ သိရှိသဖြင့် တမင်သက်သက် ရန်စနေခြင်း ဖြစ်လေသည်။
မျှော်လင့်ထားသည့်အတိုင်း စစ်သူကြီးလျန်သည် တစ်ကိုယ်လုံး တုန်ယင်နေအောင် ဒေါသထွက်နေသော်လည်း ကိုယ်ထိလက်ရောက် မကျူးလွန်ရဲပေ။ မျက်လုံး ပြူးကျယ်စွာဖြင့် ကွမ်းပင်းနယ်စားကို စိုက်ကြည့်နေပြီး အခြေအနေ တင်းမာနေလေသည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာလေသည်။ "ကွမ်းပင်းနယ်စားက တပ်စခန်းထဲမှာ မနေဘဲ ဘာလို့ နန်းတော်ထဲ ဝင်လာတာလဲ"
...
ရင်းနှီးသော အသံကို ကြားလိုက်ရသည်နှင့် စစ်သူကြီးလျန်၏ စိတ်ထဲတွင် သက်သာရာရသွားလေသည်။
ထိုက်ဇီဖေး လုမင်ယွိ ရောက်လာပြီ!
သာမန်အချိန်များတွင် သူသည် ဤထက်မြက်သော ထိုက်ဇီဖေးကို အလွန် ကြောက်ရွံ့သော်လည်း ယခုအချိန်တွင်တော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိလေသည်။ သူမ မရောက်လာလျှင် မောက်မာပြီး ပြဿနာရှာနေသော ကွမ်းပင်းနယ်စားကို မည်သူက နှိမ်နင်းနိုင်ပါမည်နည်း။
ကွမ်းပင်းနယ်စား၏ မျက်ခုံးများ လှုပ်ခါသွားပြီး လှည့်ကြည့်လိုက်လေသည်။
ကောင်းကင်သည် မှောင်စပျိုးနေပြီး နေမင်း၏ နောက်ဆုံးရောင်ခြည်သည်လည်း ပျောက်ကွယ်သွားလေပြီ။
အမိုးအောက်ရှိ နန်းတွင်းမီးအိမ်များကို ထွန်းညှိထားသဖြင့် မီးရောင်များသည် လုမင်ယွိ၏ မျက်ဝန်းထဲသို့ ကျရောက်နေပြီး အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေလေသည်။
ကွမ်းပင်းနယ်စား၏ မောက်မာသော အရှိန်အဝါသည် အလိုလို လျော့ကျသွားလေသည်။ "ကျွန်တော် အရှင်မင်းကြီးကို လာတွေ့တာပါ။ အရေးကြီးကိစ္စ လျှောက်တင်စရာ ရှိလို့ပါ။ ထိုက်ဇီဖေးက အရှေ့နန်းဆောင်မှာ မနေဘဲ ဘာလို့ ဝမ်ဟွားနန်းဆောင်ကို ရောက်လာတာလဲ"
လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သော်လည်း မျက်လုံးထဲတွင် အပြုံးအရိပ်အယောင် လုံးဝ မရှိပေ။ "ကွမ်းပင်းနယ်စားက အမိန့်မရဘဲ တပ်စခန်းကနေ စစ်သည်တွေ ခေါ်ထုတ်လာတယ်။ တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို ကျူးကျော်ဝင်ရောက်တယ်။ တတိယမင်းသားကို ခွင့်ပြုချက်မရဘဲ ခေါ်ထုတ်သွားတယ်။ အခုလည်း နန်းတော်ထဲ ကျူးကျော်ဝင်ရောက်ပြီး စစ်သူကြီးလျန်ကို အော်ဟစ်ဆူပူနေတယ်။ ဒီလောကကြီးမှာ ကွမ်းပင်းနယ်စား မလုပ်ရဲတာ ဘာမှ မရှိပါလား။ ကျွန်မ အရှေ့နန်းဆောင်ကနေ ဝမ်ဟွားနန်းဆောင်ကို လာတာက စစ်သူကြီးလျန်နဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ပါဘူး"
ကွမ်းပင်းနယ်စား၏ မျက်ခွံများ လှုပ်ခါသွားပြီး ပြန်လည်တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် လုမင်ယွိက ဆက်ပြောလိုက်လေသည်။ "ကွမ်းပင်းနယ်စားက အပြစ်လာတောင်းပန်တာ ဆိုပေမဲ့ အပြစ်တောင်းပန်တဲ့ ပုံစံ လုံးဝ မတွေ့ရပါလား"
"အရင်တုန်းက တုံးပင်ကျွင်းနဲ့ ဝန်ကြီးယောင်တို့ ဝူတိ အဆိပ်မိတဲ့ကိစ္စအတွက် အရှင်မင်းကြီးဆီ အပြစ်လာတောင်းပန်တုန်းက အရှင်မင်းကြီး ထခိုင်းတဲ့အထိ ဒူးထောက်နေခဲ့ကြတာ"
"ကွမ်းပင်းနယ်စားက အပြစ်ကြီး ကျူးလွန်ထားတာတောင် ဘာလို့ ဒူးမထောက်သေးတာလဲ"
ကွမ်းပင်းနယ်စား "..."
ကွမ်းပင်းနယ်စားသည် စောစောက စစ်သူကြီးလျန်အပေါ်တွင် မောက်မာဝင့်ကြွားပြီး စကားလုံး ရိုင်းစိုင်းခဲ့လေသည်။
ယခု အခြေအနေ ပြောင်းပြန်ဖြစ်သွားပြီး အပြောခံရသူမှာ ကွမ်းပင်းနယ်စား ဖြစ်သွားတော့သည်။
စစ်သူကြီးလျန်သည် ကွမ်းပင်းနယ်စား၏ အရုပ်ဆိုးနေသော မျက်နှာကို ကြည့်ပြီး စိတ်ထဲတွင် အလွန် ကျေနပ်သွားလေသည်။ သူက လေးနက်သော အသံဖြင့် ဝင်ပြောလိုက်လေသည်။ "ထိုက်ဇီဖေး ညန်ညန် ပြောတာ မှန်ပါတယ်။ ကွမ်းပင်းနယ်စား အပြစ်တောင်းပန်ချင်ရင် ဝမ်ဟွားနန်းဆောင် အပြင်ဘက်မှာ အရင် ဒူးထောက်လိုက်ပါ။ အရှင်မင်းကြီး ခေါ်တွေ့တဲ့အထိ စောင့်ပါ"
ကွမ်းပင်းနယ်စားသည် ဒူးမထောက်လိုသဖြင့် အေးစက်စွာ ပြောလိုက်လေသည်။ "အရှင်မင်းကြီးနဲ့ တွေ့ရင် ကျွန်တော့်ဘာသာ ဒူးထောက်ပြီး အပြစ်တောင်းပန်ပါ့မယ်။ ခင်ဗျား စိတ်ပူစရာ မလိုပါဘူး"
စကားပြောနေစဉ်မှာပင် လုမင်ယွိသည် ရှေ့သို့ တိုးလာခဲ့လေသည်။
မည်သည့် နှုတ်ဆက်စကားမျှ မပြောဘဲ ရုတ်တရက် လှုပ်ရှားလိုက်ပြီး ကွမ်းပင်းနယ်စား၏ ပခုံးကို လက်သီးဖြင့် ထိုးလိုက်လေတော့သည်။
...
အပိုင်း (၆၃၉) အပြင်းအထန် ရိုက်နှက်ခြင်း
လုမင်ယွိ ရောက်လာသည်နှင့် ကွမ်းပင်းနယ်စားသည် သတိအပြည့် ထားလိုက်လေသည်။
လုမင်ယွိ အစွမ်းပြခဲ့သည့် အကြိမ်အရေအတွက်မှာ မများလှသော်လည်း အားလုံးသိကြသော အကြိမ်နှစ်ကြိမ် ရှိလေသည်။ ညဉ့်နက်သန်းခေါင် စစ်တပ်စခန်းကို ဝင်ရောက်စီးနင်းပြီး ယန်ထော်ကို ဓားဖြင့်ထိုးသတ်ခဲ့သည့် အကြိမ်နှင့် မိုင်ထောင်ချီ ခရီးနှင်ပြီး ကျန်းနန်ဘုရင်ခံရုံးသို့ သွားရောက်ကာ အသေခံလုပ်ကြံသူ အများအပြားကို သုတ်သင်ခဲ့သည့် အကြိမ်တို့ ဖြစ်လေသည်။
ထိုနှစ်ကြိမ်တည်းဖြင့် သူမ၏ အမည်သည် တိုင်းပြည်အနှံ့ ကျော်ကြားသွားခဲ့ပြီး နန်းတွင်းရှိ စစ်သူကြီးများ၏ ဂုဏ်သတင်းကိုပင် လွှမ်းမိုးသွားခဲ့သည်။
လုမင်ယွိ၏ စစ်တပ်ကို ဦးဆောင်နိုင်စွမ်းသည် သူတို့ထက် သာလွန်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူမ၏ ကိုယ်ပိုင် တိုက်ခိုက်နိုင်စွမ်းရည်သည် လူတိုင်း အသိအမှတ်ပြုရလောက်အောင် အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်လေသည်။ ထို့အပြင် သူမသည် အမျိုးသမီးတစ်ဦး ဖြစ်နေသေးသည်။
ဤကဲ့သို့ သိသာထင်ရှားသော ကွာခြားမှုကြောင့် လူတိုင်းသည် လုမင်ယွိကို ပိုမို လေးစားကြောက်ရွံ့ကြလေသည်။
ကွမ်းပင်းနယ်စားသည်ပင် လုမင်ယွိကို အတော်အတန် ရွံ့မိလေသည်။
ထို့ကြောင့် လုမင်ယွိ ရောက်လာပြီးနောက် ကွမ်းပင်းနယ်စားသည် အမူအရာမပျက် နေနေသော်လည်း အတွင်းစိတ်ထဲတွင် သတိထားနေခဲ့သည်။ သို့သော် သူ မည်သို့မျှ မျှော်လင့်မထားခဲ့သည်မှာ လုမင်ယွိသည် နှုတ်ဆက်စကားပင် မပြောဘဲ ရုတ်တရက် တိုက်ခိုက်လာခြင်းပင်။
တားဆီး၍ မရနိုင်သော ကြီးမားသည့် အားအင်တစ်ခု ဝင်ရောက်လာလေသည်။
ကွမ်းပင်းနယ်စား၏ ပခုံးသည် ရုတ်တရက် ပြင်းထန်စွာ နာကျင်သွားပြီး အော်ဟစ်ညည်းညူရန် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်သည် အလိုအလျောက် နောက်သို့ ရှောင်တိမ်းလိုက်ရလေသည်။ ဒုတိယလက်သီးချက်ကို ရှောင်လွှဲနိုင်ခဲ့သည်။
"ထိုက်ဇီဖေး ဖြစ်ပြီးတော့ အလစ်ဝင်တိုက်တယ်လား။ တောက်!" စကားလုံးအနည်းငယ် ပြောနေရင်းနှင့်ပင် ကွမ်းပင်းနယ်စားသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး လေတိုးသံ တဝေါဝေါဖြင့် ဝင်ရောက်လာသော လက်သီးချက်များကို မနည်း ရှောင်တိမ်းနေရလေသည်။
လုမင်ယွိသည် ကွမ်းပင်းနယ်စား၏ ဒေါသတကြီး အော်ဟစ်နေမှုကို လုံးဝ ဂရုမစိုက်ဘဲ ဆက်လက်၍ လက်သီးဖြင့် ထိုးနှက်နေလေသည်။
လီချန် သေဆုံးသွားပြီး ယွီရှီ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။ ထိုအသက်နှစ်ချောင်းလုံးသည် လီဟောက်၏ ခေါင်းပေါ်သို့ ရောက်ရှိသွားခဲ့ပြီ။ လီဟောက် အနေဖြင့် အပြစ်မဝန်ခံ၍ မရတော့ပေ။ ဤသည်မှာ လီဟောက်ကို အပြီးတိုင် ချေမှုန်းနိုင်မည့် အခွင့်အရေးကောင်း ဖြစ်လေသည်။
ယခု ကွမ်းပင်းနယ်စားက လီဟောက်ကို တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်မှ ကယ်ထုတ်သွားသဖြင့် နောင်တစ်ချိန်တွင် ပြဿနာပေါင်း မည်မျှ ပေါ်ပေါက်လာဦးမည်ကို မသိနိုင်ချေ။
ထိုသို့ တွေးမိသည်နှင့် လုမင်ယွိ၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်လာတော့သည်။ ဒေါသအားလုံးသည် လက်သီးနှင့် ခြေထောက်များတွင် စုဝေးသွားလေသည်။ သူမသည် အားကုန်ထုတ်ကာ တိုက်ခိုက်လေတော့သည်။
ကွမ်းပင်းနယ်စားသည် နောက်သို့ ဆက်တိုက် ဆုတ်ခွာနေရပြီး ဆက်မဆုတ်နိုင်တော့သဖြင့် ပြန်လည်ခုခံကာကွယ်ရလေသည်။ လက်သီးနှင့် ခြေထောက်များ ထိမိတိုင်း ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။
အကွက်ပေါင်းများစွာ ကြာပြီးနောက် ကွမ်းပင်းနယ်စားသည် ခံနိုင်ရည်မရှိတော့ဘဲ ဆက်လက်၍ ရှောင်တိမ်းဆုတ်ခွာနေရလေသည်။ စိတ်ထဲတွင် ခံပြင်းနေရသည်မှာ ပြောမပြတတ်အောင်ပင်။
သူသည် စစ်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့သူ ဖြစ်ပြီး တိုက်ပွဲအကြီးအသေး အစုံအလင် ကြုံတွေ့ခဲ့ဖူးသည်။ ယခုကဲ့သို့ လူတစ်ယောက်၏ လိုက်လံရိုက်နှက်မှုကို ခံရခြင်းမျိုးသည် တစ်ခါမျှ မကြုံဖူးချေ။
စစ်သူကြီးလျန်သည် ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲတွင် အလွန် ကျေနပ်အားရနေမိကာ လက်သီးကို ဆုပ်ကိုင်လျက် အသံတိတ် ကောင်းချီးပေးနေမိသည်။
သာမန်အချိန်များတွင် ထိုက်ဇီဖေးသည် သိပ်ကို ရက်စက်ပြီး ဗိုလ်ကျလွန်းသည်ဟု ထင်မြင်မိခဲ့သည်။ အရေးကြီးသော အချိန်ရောက်မှသာ ထိုက်ဇီဖေး ရှိနေခြင်းသည် မည်မျှ စိတ်ချရကြောင်း သိရှိရတော့သည်။ မဟုတ်လျှင် ကွမ်းပင်းနယ်စား သောင်းကျန်းလာပါက သူ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့သည်လည်း ကြက်ကလေးတစ်ကောင်ကိုပင် မဖမ်းနိုင်သူများ ဖြစ်ကြရာ ရောက်လာလျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။ ထိုက်ဇီဖေးကသာ စွမ်းဆောင်နိုင်သူ ဖြစ်ပြီး ရောက်လာသည်နှင့် ကွမ်းပင်းနယ်စား၏ အရှိန်အဝါကို ဖိနှိပ်နိုင်ခဲ့လေသည်။
အလစ်ဝင်တိုက်သည် ဆိုသည်မှာတော့ အဓိပ္ပာယ်မရှိသော စကားပင်။
ထိုက်ဇီဖေး ညန်ညန်က ဆိုးသွမ်းမိုက်ရိုင်းသော စစ်သူကြီးတစ်ဦးကို ဆုံးမခြင်းသည် မည်သို့လျှင် အလစ်ဝင်တိုက်သည် မည်ပါသနည်း။
လုမင်ယွိသည် ဒေါသဖြင့် တိုက်ခိုက်နေသဖြင့် ညှာတာမှု လုံးဝ မရှိပေ။ ကွမ်းပင်းနယ်စားသည် တရွေ့ရွေ့ နောက်ဆုတ်နေရပြီး အခြေအနေ ဆိုးရွားနေလေသည်။
ကွမ်းပင်းနယ်စား ခေါ်ဆောင်လာသော ကိုယ်ရံတော် လေးဦးသည် မနေနိုင်တော့ဘဲ သူတို့၏ သခင်ကို ဝင်ရောက်ကူညီရန် ပြင်လိုက်ကြသည်။ စစ်သူကြီးလျန်သည် နှာခေါင်းရှုံ့လိုက်ပြီး ဓားသွားကဲ့သို့ ထက်ရှသော အကြည့်ဖြင့် ကိုယ်ရံတော်များကို ကြည့်လိုက်လေသည်။
သူသည် ကွမ်းပင်းနယ်စားကို မတိုက်ခိုက်နိုင်သော်လည်း ကိုယ်ရံတော်အနည်းငယ်ကို ဖမ်းဆီးရန်မှာ မခဲယဉ်းလှပေ။
ကိုယ်ရံတော်များသည် စစ်သူကြီးလျန်၏ အေးစက်သော အကြည့်ကြောင့် နောက်ဆုတ်သွားကြပြီး ထောင့်တစ်နေရာသို့ ကပ်ကာ သူတို့၏ သခင် ထိုက်ဇီဖေး ညန်ညန်၏ အပြင်းအထန် ရိုက်နှက်မှုကို ခံနေရသည်ကို လက်ပိုက်ကြည့်နေရတော့သည်။
ဝမ်ဟွားနန်းဆောင် အပြင်ဘက်တွင် စောင့်ကြပ်နေသော တော်ဝင်ကိုယ်ရံတော်များသည် စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြလေသည်။ သူတို့သည် ကွမ်းပင်းနယ်စားကို မတိုက်ခိုက်ရဲကြပေ။ စောစောက စစ်သူကြီးလျန် အရှက်ရသည်ကို ကြည့်နေခဲ့ရသည်။ ယခု ထိုက်ဇီဖေး ညန်ညန်က သူတို့အတွက် လက်စားချေပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်းတွင်ပင် အကွက်ပေါင်း တစ်ရာကျော် ကုန်လွန်သွားခဲ့လေသည်။
လုမင်ယွိ၏ မျက်လုံးများသည် လျှပ်စီးကဲ့သို့ လက်နေပြီး ကွမ်းပင်းနယ်စား၏ ဟာကွက်ကို မြင်လိုက်သည်နှင့် လျင်မြန်စွာ ခြေထောက်ဖြင့် ကန်လိုက်လေသည်။ ကွမ်းပင်းနယ်စားသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မီတာအတော်ဝေးဝေးသို့ လွင့်စင်သွားကာ မြေကြီးပေါ်သို့ ဘုန်းခနဲ ကျသွားတော့သည်။
အား!
တော်ဝင်ကိုယ်ရံတော်များသည် ကွမ်းပင်းနယ်စားအတွက် တိတ်တဆိတ် နာကျင်ပေးနေမိသည်။
ကွမ်းပင်းနယ်စားသည် အားတင်းပြီး ပြန်ထလာလေသည်။ မျက်နှာသည် ဖြူဖျော့ရာမှ စိမ်းသွားပြီး မျက်လုံးများက ရက်စက်ကြမ်းကြုတ်နေသော်လည်း အတွင်းစိတ်ထဲတွင် ကြောက်ရွံ့နေသည်မှာ သိသာလှသည်။ "လုမျိုးနွယ်... မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့"
လုမင်ယွိသည် ဒေါသအနည်းငယ် ပြေသွားပြီဖြစ်ရာ အေးဆေးစွာ ပြောလိုက်လေသည်။ "ရှင်က အရင် အမှားလုပ်ပြီး ရိုင်းစိုင်းခဲ့တာလေ။ ကျွန်မ ကြည့်မရလို့ ဒူးထောက်ပြီး အပြစ်တောင်းပန်ခိုင်းတာ။ ရှင်က ဒူးမထောက်ချင်ဘူးဆိုလို့ ကျွန်မ ဝင်ပါလိုက်ရတာ။ ဖုဟွမ် အားတဲ့အချိန်ကျရင် ကျွန်မ ကိုယ်တိုင်ဝင်ပြီး ဖုဟွမ်ဆီ အပြစ်တောင်းပန်လိုက်မယ်"
ထို့နောက် အသံမာမာဖြင့် ပြောလိုက်လေသည်။ "ကွမ်းပင်းနယ်စား... အခုထိ လာပြီး ဒူးမထောက်သေးဘူးလား"
ကွမ်းပင်းနယ်စား "..."
ကွမ်းပင်းနယ်စား တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ဒေါသတကြီး စိုက်ကြည့်နေလေသည်။
လုမင်ယွိသည် လုံးဝ မကြောက်ရွံ့ဘဲ အေးစက်စွာ ရယ်မောလိုက်ပြီး ညာလက်သီးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။ "ရှင် ဒူးထောက်ပြီး အပြစ်မတောင်းပန်မချင်း ကျွန်မ ရိုက်မယ်" စကားမဆုံးခင်မှာပင် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။
ကွမ်းပင်းနယ်စား၏ ပခုံးနှင့် ခြေထောက်များသည် အလွန် နာကျင်နေပြီဖြစ်ရာ ရှောင်တိမ်းရသည်မှာ ပိုမို ခက်ခဲလာသည်။ နောက်တစ်ကြိမ် ကန်ခံရတော့မည့်ဆဲဆဲတွင် အံကြိတ်ကာ ခေါင်းငုံ့လိုက်ရတော့သည်။ "ရပ်လိုက်... ငါ အခုပဲ ဒူးထောက်ပြီး အပြစ်တောင်းပန်မယ်"
လုမင်ယွိသည် ကွမ်းပင်းနယ်စား၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်ရာ ကွမ်းပင်းနယ်စားသည် ယိုင်နဲ့နဲ့ဖြင့် နောက်ဆုတ်သွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာလေသည်။ ထိုအခါမှ လုမင်ယွိ လက်ကို ရပ်လိုက်ပြီး မျက်နှာပေါ်တွင် အံ့သြဟန်ဆောင်ကာ ပြောလိုက်လေသည်။ "ရှင်ကလည်း စောစောက မပြောဘူး။ ကျွန်မ လက်သီးက မြန်လွန်းတော့ အချိန်မီ မရပ်နိုင်လိုက်ဘူး။ တောင်းပန်ပါတယ်"
ကွမ်းပင်းနယ်စားသည် စိတ်ထဲတွင် ဆဲဆိုကြိမ်းမောင်းနေသော်လည်း မျက်နှာထား တင်းမာလျက် နာကျင်မှုကို အောင့်အီးကာ ဖြည်းဖြည်းချင်း လျှောက်လာပြီး အဆောင်တော် အပြင်ဘက်တွင် ဒူးထောက်လိုက်လေသည်။
စစ်သူကြီးလျန်သည် သက်ပြင်းချလိုက်ပြီး ရှေ့သို့ တိုးလာကာ လုမင်ယွိကို လက်နှစ်ဖက်ယှက်ပြီး နှုတ်ဆက်လိုက်သည်။ "အချိန်မီ ဝင်ရောက်ကူညီပေးတဲ့အတွက် ထိုက်ဇီဖေး ညန်ညန်ကို ကျေးဇူးတင်ပါတယ်"
လုမင်ယွိသည် စစ်သူကြီးလျန်ကို တစ်ချက်ကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်လေသည်။ "ထိုက်ဇီ အရှင်မင်းသား နန်းတော်ထဲမှာ မရှိတော့ ကျွန်မက အရှင်မင်းသား ကိုယ်စား ပြောဆိုလုပ်ကိုင်ရမှာပေါ့။ ကွမ်းပင်းနယ်စားက နန်းတော်ထဲ ဝင်ပြီး သောင်းကျန်းနေတာကို ကျွန်မ လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူးလေ။ စစ်သူကြီးလျန် ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး"
"စောစောက ကျွန်မ ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်တာ နန်းတော်စည်းကမ်းကို ဖောက်ဖျက်သလို ဖြစ်သွားတယ်။ ခဏနေကျရင် ဖုဟွမ်ဆီ အပြစ်ဝင်တောင်းပန်ရမယ်"
"ကျွန်မ ဒီမှာပဲ စောင့်နေမယ်။ စစ်သူကြီးလျန် ကျွန်မအတွက် သွားပြီး လျှောက်တင်ပေးပါ"
ကွမ်းပင်းနယ်စား ထပ်မံ သောင်းကျန်းမည်ကို စိုးရိမ်သဖြင့် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
စစ်သူကြီးလျန်သည် စကားနည်းသူ ဖြစ်ပြီး ပြောရဆိုရ ခက်ခဲသူ ဖြစ်လေသည်။ စိတ်ထဲတွင် လှုပ်ရှားမှုများ ဖြစ်ပေါ်နေသော်လည်း ဘာမှ မပြောတော့ဘဲ လုမင်ယွိကို လေးလေးနက်နက် ကြည့်ကာ လက်နှစ်ဖက်ယှက်လိုက်ကာ "ဟုတ်ကဲ့။ ကျွန်တော်မျိုး အခုပဲ သွားရောက် လျှောက်တင်လိုက်ပါ့မယ်"
...
စစ်သူကြီးလျန် ထွက်ခွာသွားပြီးနောက် အဆောင်တော် အပြင်ဘက်တွင် ပြန်လည် တိတ်ဆိတ်သွားလေသည်။
ကွမ်းပင်းနယ်စားက ဒူးထောက်နေပြီး လုမင်ယွိက မတ်တပ်ရပ်လျက် အရှင်မင်းကြီး၏ ခေါ်ယူမှုကို အတူတကွ စောင့်ဆိုင်းနေကြလေသည်။
အချိန်အတော်ကြာမှ စစ်သူကြီးလျန် ပြန်ထွက်လာလေသည်။ "အရှင်မင်းကြီးရဲ့ နှုတ်မိန့်တော်အရ ထိုက်ဇီဖေး ညန်ညန် အခစားဝင်ပါတဲ့"
လုမင်ယွိက အသာခေါင်းညိတ်ပြီး အထဲသို့ ဝင်ရောက်သွားလေသည်။
ကွမ်းပင်းနယ်စားသည် မော့ကြည့်လိုက်ပြီး လုမင်ယွိ၏ ကျောပြင်ကို စူးရဲစွာ စိုက်ကြည့်နေလေသည်။ မျက်လုံးထဲတွင် ပြင်းထန်သော အမုန်းတရားနှင့် ရန်ငြိုးများ ပြည့်နှက်နေလေသည်။
လုမင်ယွိသည် သိရှိပုံရပြီး ရုတ်တရက် လှည့်ကြည့်လိုက်ရာ ကွမ်းပင်းနယ်စား၏ ဒေါသတကြီး အကြည့်နှင့် ဆုံသွားလေသည်။
ကွမ်းပင်းနယ်စားသည် မရှောင်တိမ်းဘဲ ဆက်လက် စိုက်ကြည့်နေလေသည်။
လုမင်ယွိသည် မျက်ခုံးပင့်လိုက်ပြီး လှောင်ပြောင်သရော်လိုက်ကာ ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်ရောက်သွားလေသည်။
ယခုတစ်ကြိမ် အရှင်မင်းကြီး၏ အိပ်ဆောင်သို့ ဝင်ရောက်ရာတွင် ပိတ်ကားချထားဆဲ ဖြစ်လေသည်။
ပိတ်ကားချထားသည့် အချိန်မှစ၍ ချောင်ကောလောင်နှင့် ဝန်ကြီးယောင်တို့သည် ပိတ်ကားအပြင်ဘက်မှသာ အခစားဝင်ခဲ့ရသည်။ ပိတ်ကားကိုကျော်ပြီး နဂါးကုတင်အနားသို့ သွားရောက်ခွင့် ရရှိသူမှာ ဘေးနားမှ ပြုစုစောင့်ရှောက်ပေးနေသော သမားတော်ချုပ်ကျိုးနှင့် လျိုကုန်းကုန်းတို့အပြင် မယ်တော်ကြီးကျောက်သာ ရှိလေသည်။
"အာရှီ ဖုဟွမ်ကို ဂါရဝပြုပါတယ်"
လုမင်ယွိသည် ဂါရဝပြု နှုတ်ဆက်လိုက်ပြီး အနည်းငယ် အေးစက်သော အသံသည် ပိတ်ကားကို ကျော်လွန်ကာ ယုံးကျားဧကရာဇ်၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားလေသည်။ "စောစောက ကွမ်းပင်းနယ်စား ရိုင်းစိုင်းလွန်းလို့ အာရှီ စိတ်လိုက်မာန်ပါ လက်ပါမိပြီး ကွမ်းပင်းနယ်စားကို ရိုက်နှက်မိပါတယ်။ သူ့ကို အတင်းအကြပ် ဒူးထောက်ပြီး အပြစ်တောင်းပန်ခိုင်းလိုက်ပါတယ်။ ရိုင်းပျမိတာ ရှိရင် ဖုဟွမ် အပြစ်ပေးပါ"
...