အခန်း (၆၄၀-၆၄၂)
Vol. 43 Ch. 640-642
အပိုင်း (၆၄၀) အင်အားနည်းပါးလာခြင်း
ပိတ်ကားနောက်ကွယ်တွင် တိတ်ဆိတ်ငြိမ်သက်သွား၏။
လုမင်ယွိသည်လည်း မလောဘဲ အရိုအသေပြုနေသည့် ပုံစံအတိုင်း ဆက်လက်ရှိနေလေသည်။
အာဏာဟူသော စကားလုံးသည် အလွန်သိမ်မွေ့နက်နဲလှပေ၏။
ယုံးကျားဧကရာဇ်သည် တိုင်းပြည်သစ်ကို တည်ထောင်ခဲ့ပြီး စစ်တိုက်ကာ နိုင်ငံကို ရယူခဲ့သည်။ အရပ်ဘက် အမတ်များနှင့် စစ်ဘက်အရာရှိများအားလုံးက လေးစားကြည်ညိုခဲ့ကြသည်။ အာဏာကို လက်ဝယ်ပိုင်ဆိုင်ထားပြီး မည်သူမျှ ယုံးကျားဧကရာဇ်ကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိခဲ့ချေ။
သို့သော် ယခုအခါတွင် ယုံးကျားဧကရာဇ်သည် လေဖြတ်ဝေဒနာ ခံစားနေရပြီး နှစ်ကြိမ်တိုင်တိုင် သတိမေ့မြောခဲ့ရသည်။ နေ့စဉ် အိပ်ရာထက်တွင် လဲလျောင်းနေရပြီး တစ်ကိုယ်လုံးတွင် ဦးခေါင်းနှင့် ပါးစပ်သာ လှုပ်ရှားနိုင်တော့သည်။
ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မလှုပ်ရှားနိုင်သော အရှင်မင်းကြီးတစ်ပါးသည် မူးမတ်များ၏ စိတ်နှလုံးထဲတွင် ကြီးမြတ်သောအရှိန်အဝါကို မည်သို့ ဆက်လက်ထိန်းသိမ်းထားနိုင်မည်နည်း။
စစ်အင်အား အများအပြားကို ပိုင်ဆိုင်ထားသော ကွမ်းပင်းနယ်စားသည် ပထမဆုံး ထွက်ပေါ်လာခဲ့သည်။ ဖူယန်မြို့စားကရော လှုပ်ရှားလာနိုင်မလား။ ရှင်းယန်ဝမ်၏ လက်အောက်တွင် အထက်တန်းစား စစ်သည်တစ်သိန်း ရှိရာ စစ်အင်အားကို အသုံးပြုပြီး ထိုက်ဇီကို ထီးနန်းဆက်ခံစေရန် ထောက်ခံလာမည်လား။
စစ်သူကြီးလျန်သည်ပင် ယခုအချိန်၌ သစ္စာရှိနေသော်လည်း အချိန်ကြာလာလျှင် အခြားစိတ်ကူးများ ဝင်ရောက်လာနိုင်မည်လား။
အရှင်မင်းကြီး၏ အာဏာကျဆင်းလာခြင်းသည် ပြုပြင်မရနိုင်သော အမှန်တရားတစ်ခု ဖြစ်နေချေပြီ။
ခေတ္တမျှ ကြာပြီးနောက် ယုံးကျားဧကရာဇ်၏ အသံ ထွက်ပေါ်လာလေသည်။ "ထတော့... ကွမ်းပင်းနယ်စားက အရင် အမှားလုပ်ခဲ့တာပါ။ မင်းက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ သူ့ကို လက်ပါခဲ့တာဆိုတော့ ခွင့်လွှတ်ပေးလို့ ရပါတယ်။ ကျန်း မင်းကို အပြစ်မတင်ပါဘူး"
ယုံးကျားဧကရာဇ်သည် အသက်ရှူမှန်အောင် အစွမ်းကုန် ကြိုးစားနေရကြောင်း နားထောင်ရုံဖြင့် သိသာလှသည်။ သို့သော် အားအင်မရှိသဖြင့် စကားပြောနှုန်း နှေးကွေးနေပြီး အရှိန်အဝါ မရှိဘဲ ဟန်လုပ်ထားသော တည်ငြိမ်မှုသာ ဖြစ်နေသဖြင့် ရယ်ချင်စရာ ကောင်းနေလေသည်။
လုမင်ယွိသည် စိတ်ထဲတွင် လှောင်ပြောင်လိုက်သော်လည်း နှုတ်မှ ပြောလိုက်လေသည်။ "ဖုဟွမ်က သဘောထားကြီးတဲ့အတွက် အာရှီ အများကြီး ကျေးဇူးတင်ပါတယ်"
ကျေးဇူးတင်စကား ဆိုပြီးနောက် လုမင်ယွိသည် မတ်မတ်ပြန်ရပ်လိုက်လေသည်။
ပိတ်ကားနောက်ကွယ်တွင် တိတ်ဆိတ်သွားပြန်သည်။
ယုံးကျားဧကရာဇ်သည် စိတ်ကိုငြိမ်အောင်ထားပြီး အသက်ရှူညှိနေပြန်သည်။
လုမင်ယွိသည် အမူအရာမပျက် ဆက်လက်စောင့်ဆိုင်းနေလိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် ယုံးကျားဧကရာဇ်က ပြောလာလေသည်။ "လုရှီ... မင်း ထိုက်ဇီဆီ စာရေးလိုက်။ ထိုက်ဇီကို မြို့တော်စောစောပြန်လာဖို့ ပြောလိုက်"
လုမင်ယွိ၏ မျက်ခုံးများ မသိမသာ တွန့်သွားပြီး ပြောလိုက်လေသည်။ "ဖုဟွမ်... အာရှီ မြို့တော်မပြန်ခင်တုန်းက အရှင်မင်းသားက ကုတင်ပေါ်က မဆင်းနိုင်သေးပါဘူး။ အခုမှ လဝက်ပဲ ရှိပါသေးတယ်။ အရှင်မင်းသားရဲ့ ကျန်းမာရေးက အားနည်းနေဦးမှာပါ။ ခရီးပန်းဒဏ်ကို ခံနိုင်မှာ မဟုတ်သေးပါဘူး။ နောက်ထပ် တစ်လ နှစ်လလောက်နေမှ အရှင်မင်းသားကို မြို့တော်ပြန်လာခိုင်းတာ ပိုကောင်းပါလိမ့်မယ်"
နားထောင်ရ ဆိုးမည်ဆိုလျှင်တောင် လီကျင့်က အခုချက်ချင်း မြို့တော်ပြန်ရောက်လာလည်း အရှေ့နန်းဆောင်ထဲတွင် အနာရောဂါကုသရင်း အနားယူနေရမည်သာ။ ညီလာခံလည်း မတက်နိုင်၊ တိုင်းပြည်ရေးရာများကိုလည်း ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ အရှင်မင်းကြီးရော ထိုက်ဇီပါ အတူတကွ လဲလျောင်းအနားယူနေရပြီး လူလုံးမပြနိုင်ခြင်းသည် ကောင်းသော နိမိတ်တစ်ခု မဟုတ်ပေ။ ကျန်းနန်တွင် ဆက်နေသည်ကမှ ပိုကောင်းဦးမည်။
ယုံးကျားဧကရာဇ်က ပြောလိုက်လေသည်။ "လုဖေးကို ကျန်းနန်မှာ နေခိုင်းလိုက်။ ထိုက်ဇီကို မြို့တော် ပြန်ခိုင်းလိုက်"
လုမင်ယွိ၏ မျက်လုံးများ အရောင်လက်သွားပြီး ရင်ထဲတွင် ဒေါသမီးများ တောက်လောင်လာလေသည်။ အသံများ အေးစက်သွား၏။ "ဖုဟွမ်မှာ ဖုဟွမ်ရဲ့ အစီအစဉ်တွေ ရှိမှာပါ။ ဒါပေမဲ့ အာရှီရဲ့ စိတ်ထဲမှာတော့ အရှင်မင်းသားရဲ့ ကျန်းမာရေးထက် ဘာကိစ္စမှ ပိုအရေးမကြီးပါဘူး။ ဒီစာကို အာရှီ မရေးနိုင်ပါဘူး။ ဖုဟွမ် ခွင့်လွှတ်ပါ"
ယုံးကျားဧကရာဇ်သည်လည်း ဒေါသထွက်လာပုံရပြီး စကားလုံး အနည်းငယ်ကို ညှစ်ထုတ်လိုက်လေသည်။ "မင်း မရေးရင် ကျန်း တိုက်ရိုက် အမိန့်ထုတ်လိုက်မယ်"
ဒါက ဘာသဘောလဲ။
တိုင်းပြည်အရှင်သခင်ရဲ့ အရှိန်အဝါနဲ့ အာဏာကို ထိန်းသိမ်းဖို့အတွက် သားတော်ရဲ့ ကျန်းမာရေးကို လုံးဝ ထည့်မစဉ်းစားတော့ဘူးလား။
လုမင်ယွိ၏ မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်လာပြီး အသံများ အေးစက်သွားလေသည်။ "ဖုဟွမ်က အမိန့်ချချင်တယ်ဆိုရင်တော့ အာရှီလည်း မတားနိုင်ပါဘူး"
ယုံးကျားဧကရာဇ်သည် နှာခေါင်းရှုံ့လိုက်သည်။
လေထုသည် ရုတ်တရက် တင်းမာသွားလေသည်။
နဂါးကုတင်ဘေးတွင် ရပ်နေသော လျိုကုန်းကုန်းသည် အခြေအနေ မကောင်းသည်ကို မြင်သောအခါ ဒေါသထွက်နေသော ယုံးကျားဧကရာဇ်ကို လေသံတိုးတိုးဖြင့် ချော့မော့လိုက်လေသည်။ "အရှင်မင်းကြီး... သမားတော်ချုပ်ကျိုးက အထပ်ထပ် မှာကြားထားပါတယ်။ အရှင်မင်းကြီး စိတ်ကိုအေးအေးထားပါ။ လုံးဝ ဒေါသမထွက်ပါနဲ့"
ဘေးနားရှိ စစ်သူကြီးလျန်ကလည်း လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ထိုက်ဇီဖေး ညန်ညန်နဲ့ ထိုက်ဇီ အရှင်မင်းသားတို့က လင်မယားသံယောဇဉ် နက်ရှိုင်းတော့ အရှင်မင်းသားအတွက်ပဲ စိတ်ပူနေတာပါ။ ဒီလို လင်မယားမေတ္တာမျိုးက လေးစားစရာ ကောင်းပါတယ်။ အရှင်မင်းကြီး စိတ်လျှော့ပါ"
ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် ကြည့်မကောင်းဖြစ်နေသည်။ သို့သော် လုမင်ယွိသည် အိမ်ထောင်ကျပြီးကတည်းက နူးညံ့သိမ်မွေ့သော စိတ်သဘောထားမျိုး မရှိခဲ့ပေ။ ဒေါသထွက်ရသည်မှာလည်း တစ်ကြိမ်တစ်ခါ မဟုတ်တော့ချေ။
ယုံးကျားဧကရာဇ်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ "ကျန်း နောက်မှ စဉ်းစားလိုက်ပါ့မယ်။ မင်း အရှေ့နန်းဆောင်ကို အရင်ပြန်လိုက်တော့"
လုမင်ယွိက အေးဆေးစွာ ပြောလိုက်လေသည်။ "အာရှီ သွားခွင့်ပြုပါဦး" ခေတ္တရပ်တန့်ပြီး သူမက ဆက်ပြောလိုက်သည်။ "အာရှီ အရှေ့နန်းဆောင်ကို ပြန်ဖို့ မလောသေးပါဘူး။ ဝမ်ဟွားနန်းဆောင် အပြင်ဘက်မှာပဲ ခဏနေလိုက်ဦးမယ်။ ကွမ်းပင်းနယ်စား ပြန်သွားမှပဲ အာရှီ အရှေ့နန်းဆောင်ကို ပြန်လိုက်ပါ့မယ်"
ယုံးကျားဧကရာဇ်၏ မျက်နှာသည် ပူထူသွားပြီး မျက်နှာဖုံးကို ခွာချလိုက်သကဲ့သို့ ခံစားလိုက်ရကာ ရှက်ရွံ့ပြီး နေရခက်သွားလေသည်။
လုမင်ယွိသည် အရိုအသေပြု နှုတ်ဆက်ပြီးနောက် လှည့်ထွက်သွားလေသည်။
ယုံးကျားဧကရာဇ်၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး တစ်စုံတစ်ခု ပြောချင်သော်လည်း အောင့်အီးသည်းခံလိုက်ရသည်။
စစ်သူကြီးလျန်သည် ဘေးမှ ကြည့်နေပြီး စိတ်မကောင်း ဖြစ်မိလေသည်။
ယခင်က ယုံးကျားဧကရာဇ် မည်မျှ ထက်မြက်ခဲ့ကြောင်း ပြန်တွေးကြည့်မိသည်။ မျက်လုံးတစ်ချက် ဝင့်ကြည့်လိုက်သည်နှင့် မူးမတ်များ ကြောက်ရွံ့တုန်လှုပ်ခဲ့ရသည်။ ယခု လဲကျသွားသည်နှင့် မူးမတ်များ၏ စိတ်နှလုံး လှုပ်ရှားလာကြသည်။ ကွမ်းပင်းနယ်စားဆိုလျှင် နန်းတော်ထဲအထိ လာရောက် သောင်းကျန်းနေပြီ။ ထိုက်ဇီဖေး ညန်ညန်အပေါ် အားကိုးပြီး ကွမ်းပင်းနယ်စားကို ခြိမ်းခြောက်နေရသည့် အဖြစ်...
အို...
တကယ်ကို ဆွေးမြေ့ဖွယ် ကောင်းလှသည်။
"ကွမ်းပင်းနယ်စားကို ဝင်ခိုင်းလိုက်" ယုံးကျားဧကရာဇ်က တစ်လုံးချင်းစီ အမိန့်ပေးလိုက်လေသည်။
စစ်သူကြီးလျန်က လေသံတိုးတိုးဖြင့် အမိန့်နာခံလိုက်လေသည်။
ခေတ္တမျှ ကြာပြီးနောက် ကွမ်းပင်းနယ်စားသည် အရှင်မင်းကြီး၏ အိပ်ဆောင်ထဲသို့ ဝင်ရောက်လာလေသည်။
ကွမ်းပင်းနယ်စားတွင် ယခင်က မောက်မာသော အရှိန်အဝါများ မရှိတော့ပေ။ ပခုံးနှင့် ခြေထောက်တို့မှ နာကျင်မှုကြောင့် လမ်းလျှောက်ရာတွင် သိပ်အဆင်မပြေတော့ချေ။ ပိတ်ကားအပြင်ဘက်သို့ ရောက်သောအခါ ကွမ်းပင်းနယ်စား ဒူးထောက်လိုက်လေသည်။ "ကျွန်တော်မျိုး မုန့်ဟွေး... အရှင်မင်းကြီးဆီမှာ အပြစ်လာတောင်းပန်ပါတယ်"
ယုံးကျားဧကရာဇ်သည် ပိတ်ကားပေါ်ရှိ အရိပ်ကို စိုက်ကြည့်ရင်း ပြင်းထန်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ "မုန့်ဟွေး... မင်း သတ္တိတွေ တယ်ကောင်းနေပါလား"
ထိုဒေါသတကြီး အော်ဟစ်သံသည် နှေးကွေးနေပြီး အားအင်မပါပေ။
ကွမ်းပင်းနယ်စားသည် ခေါင်းငုံ့ထားသော်လည်း မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ပါးစပ်မှ ပြောလိုက်လေသည်။ "ကျွန်တော်မျိုး စိတ်မြန်လက်မြန်နဲ့ တတိယမင်းသားကို အကျဉ်းခန်းထဲက ကယ်ထုတ်ခဲ့မိပါတယ်။ အရှင်မင်းကြီး ရိုက်နှက်မလား၊ အပြစ်ပေးမလား ကျွန်တော်မျိုး ခံယူပါ့မယ်။ ဒါပေမဲ့ ကျွန်တော်မျိုးက တတိယမင်းသားကို ကယ်ထုတ်ရုံပဲ ကယ်ထုတ်ခဲ့တာပါ။ တော်ဝင်မျိုနွယ်ရုံးတော် အကျဉ်းထောင်ထဲက လူတွေကို မထိခိုက်စေခဲ့ပါဘူး။ တုံးပင်ကျွင်း၊ ဝန်ကြီးယောင်နဲ့ ဒုဝန်ကြီးနှစ်ပါးလုံး ဘာဒဏ်ရာမှ မရခဲ့ပါဘူး"
"ကျွန်တော်မျိုး ဒီနေ့ နန်းတော်ထဲ ဝင်လာတာ ပထမအချက်က အပြစ်လာတောင်းပန်တာပါ။ ဒုတိယအချက်ကတော့ တတိယမင်းသားအတွက် မခံမရပ်နိုင်ဖြစ်လို့ လာပြောတာပါ"
"ထိုက်ဇီကို လုပ်ကြံတဲ့အမှုမှာ ပဥ္စမမင်းသားက ကိုယ်တိုင် အပြစ်ဝန်ခံခဲ့ပါတယ်။ မြေတိုက်ခန်းထဲမှာ အပြစ်ကြောက်ပြီး အဆိပ်သောက်ခဲ့တယ်။ အဆိပ်မိပြီး သေဆုံးသွားခဲ့ရတယ်။ အဆိပ်ဆေးကို ပဥ္စမမင်းသား ကိုယ်တိုင် တော်ဝင်မျိုနွယ်ရုံးတော် အကျဉ်းထောင်ထဲ ယူလာခဲ့တာပါ။ ဘာသက်သေမှ မရှိဘဲနဲ့ ဘာဖြစ်လို့ အရှင်မင်းကြီးက တတိယမင်းသား လက်ချက်လို့ သတ်မှတ်နေရတာလဲ"
"တတိယမင်းသားနဲ့ ပဥ္စမမင်းသားက မိခင်တူ အစ်ကိုညီအစ်ကိုအရင်းတွေပါ။ သူ ဝူတိကို ဘယ်လောက်ချစ်လဲဆိုတာ မျက်မြင်သက်သေတွေ အများကြီး ရှိပါတယ်။ တတိယမင်းသားက ပဥ္စမမင်းသားကို ချောက်ချတယ်ဆိုတာ ကျွန်တော်မျိုး လုံးဝ မယုံပါဘူး။ ဒါက တစ်ယောက်ယောက်က တတိယမင်းသားကို တမင်သက်သက် စွပ်စွဲပြီး သူတို့ညီအစ်ကိုနှစ်ယောက်လုံးကို ဖယ်ရှားပစ်ချင်နေတာ သေချာပါတယ်"
"ကျွန်တော်မျိုး အသက်နဲ့ရင်းပြီး တတိယမင်းသားအတွက် အာမခံပါတယ်။ တတိယမင်းသားက ဖြူစင်ရိုးသားပါတယ်"
"တရားရေးဝန်ကြီးဌာနက ဝန်ကြီးယောင်တို့ အမှုစစ်ချင်ရင် တတိယမင်းသားအိမ်တော်နဲ့ ပဥ္စမမင်းသားအိမ်တော်မှာ သွားစစ်ပါစေ။ သက်သေတွေ့တာနဲ့ ကျွန်တော်မျိုး စကားတစ်ခွန်းမှ မပြောဘဲ တတိယမင်းသားကို အရှင်မင်းကြီးရဲ့ ရှေ့မှောက် ခေါ်လာပြီး အရှင်မင်းကြီး သဘောအတိုင်း အရေးယူခံပါ့မယ်"
"တကယ်လို့ ဘာသက်သေမှ မတွေ့ဘူးဆိုရင်တော့ ကျွန်တော်မျိုး ကိုယ့်လူကိုယ် ကာကွယ်တယ်လို့ပဲ သဘောထားပြီး ခွင့်လွှတ်ပေးပါ။ တတိယမင်းသားကို စစ်တပ်စခန်းထဲမှာပဲ ဆက်ထားပါရစေ။ အရှင်မင်းကြီးက ဒီသားတော်ကို မချစ်ပေမဲ့ ကျွန်တော်မျိုးကတော့ ကိုယ့်သမက်ကို ချစ်ပါတယ်"
တကယ့်ကို ယုတ္တိမရှိဘဲ ဇွတ်ပြောနေခြင်းပင်။
စစ်သူကြီးလျန်သည် အလွန် ဒေါသထွက်သွားပြီး ယုံးကျားဧကရာဇ်ကို ကြည့်လိုက်လေသည်။
ယုံးကျားဧကရာဇ်၏ နဂါးမျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေလေသည်။
ကွမ်းပင်းနယ်စား ဗရုတ်သုတ်ခ လုပ်နေမှန်း သူ မသိဘဲ နေမည်တဲ့လား။ သို့သော် ကွမ်းပင်းနယ်စား ပြောသည့်အချက်တစ်ချက်က မှန်ကန်နေသည်။ လောလောဆယ်တွင် လီဟောက် လုပ်ဆောင်ခဲ့သည်ဟု သက်သေပြနိုင်မည့် တိုက်ရိုက်သက်သေ အထောက်အထား မရှိသေးပေ။
ထို့ပြင် ကွမ်းပင်းနယ်စားက ဗြောင်ကျကျ နန်းတော်ထဲ ဝင်လာရဲခြင်းမှာ သူက တိုင်းပြည်အခြေအနေနှင့် လူထုစိတ်ကို တည်ငြိမ်စေချင်ကြောင်း သေချာပေါက် တွက်ချက်ထားသောကြောင့် ဖြစ်သည်။ အကယ်၍ မုန့်မိသားစုတပ်မှ စစ်သည် ရှစ်သောင်း ပုန်ကန်ထကြွလျှင်၊ ဖူယန်မြို့စားနှင့် ရှင်းယန်ဝမ်တို့ကပါ အခွင့်ကောင်းယူပြီး ထကြွလာလျှင် မြို့တော်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပေလိမ့်မည်။
ယခုအချိန်သည် မျက်နှာပျက်ခံပြီး ရန်ဖြစ်ရမည့်အချိန် မဟုတ်သေးပေ။
ယုံးကျားဧကရာဇ်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်လေသည်။ "လီဟောက်ကို စစ်တပ်စခန်းထဲမှာပဲ နေခိုင်းလိုက်ပါ။ ကျန်း အမိန့်ထုတ်ပြီး တရားရေးဝန်ကြီးဌာနကို ဒီအမှုကို ဆက်လက်စစ်ဆေးခိုင်းမယ်"
ကွမ်းပင်းနယ်စား၏ မျက်ဝန်းထဲတွင် ကျေနပ်အားရသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လေးစားစွာ ပြောလိုက်လေသည်။ "အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်"
...
အပိုင်း (၆၄၁) မထင်မှတ်ထားသော ကိစ္စ (၁)
ကွမ်းပင်းနယ်စားသည် အရိုအသေပြု နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် ပိတ်ကားနောက်ကွယ်ရှိ ဝေဝါးသော အရိပ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် လှောင်ပြောင်လိုက်ပြန်သည်။
စစ်တိုက်ပြီး တိုင်းပြည်ထူထောင်ခဲ့သော ဧကရာဇ်သည် ယခုအခါ အိပ်ရာထဲ လဲလျောင်းနေရသော အခြေအနေသို့ ရောက်ရှိနေလေပြီ။ ထိုအခြေအနေနှင့်ပင် ဧကရာဇ်၏ အရှိန်အဝါကို အသုံးပြုပြီး လူများကို ဖိနှိပ်ရန် ကြိုးစားနေသေးသည်။ တကယ် ရယ်ချင်စရာပင်။
သူ နှစ်ပေါင်းများစွာ သည်းခံလာခဲ့ပြီးပြီ။ ယခု ဘာကြောင့် ဆက်လက် သည်းခံနေရဦးမည်နည်း။
သို့သော် ရှင်းယန်ဝမ်ကတော့ တကယ့် ပြဿနာကောင်ပင်။ ဂုဏ်ပုဒ်အရဆိုလျှင် ထိုက်ဇီ၏ ယောက္ခမ ဖြစ်သည်။ စစ်အင်အားအရဆိုလျှင် မုန့်မိသားစုတပ်ထက် စစ်သည် နှစ်သောင်း ပိုများသည်။ ထို့အပြင် သောက်ကျိုးနည်း ထိုက်ဇီဖေး လုမင်ယွိလည်း ရှိနေသေးသည်...
အား!
လုမင်ယွိအကြောင်း တွေးလိုက်သည်နှင့် ပခုံးမှ ဒဏ်ရာက တဆစ်ဆစ် နာကျင်လာတော့သည်။
ကွမ်းပင်းနယ်စားသည် နာကျင်မှုကို အောင့်အီးကာ အပြင်သို့ ထွက်ခွာလာခဲ့\။
ကောင်းကင်သည် မည်းမှောင်နေသော်လည်း နန်းတော်အတွင်း မီးအိမ်များ၏ အလင်းရောင်ကြောင့် ဝမ်ဟွားနန်းဆောင် အပြင်ဘက်သည် လင်းထိန်နေလေသည်။
လုမင်ယွိသည် ပြန်မသွားသေးဘဲ အေးအေးလူလူ ရပ်နေလေသည်။
ကွမ်းပင်းနယ်စားသည် လည်ချောင်းထဲမှ အရှက်တရားနှင့် ဒေါသများကို မျိုချလိုက်ပြီး မျက်နှာသေဖြင့် ထွက်ခွာသွား၏။ အနောက်မှ လှောင်ပြောင်ရယ်မောသံကို ကြားလိုက်ရလေသည်။ သူ့ကို လှောင်ပြောင်သရော်လိုက်သည်က သိသာသည်။
ကွမ်းပင်းနယ်စားသည် ဆက်လက် သည်းခံလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် အဝေးသို့ ထွက်ခွာသွားတော့သည်။
ကွမ်းပင်းနယ်စား ထွက်ခွာသွားသည်နှင့် လုမင်ယွိ၏ မျက်နှာသည်လည်း မည်းမှောင်သွားလေသည်။
သူမသည် အပြင်ပန်းတွင် ပြသထားသကဲ့သို့ တည်ငြိမ်အေးဆေးနေခြင်း မဟုတ်ပေ။
လီဟောက်ကို တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်မှ ကယ်ထုတ်သွားပြီး မုန့်မိသားစုတပ်စခန်းသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။ ကွမ်းပင်းနယ်စားသည် ရည်မှန်းချက်ကြီးမားသူ ဖြစ်ပြီး လီဟောက်သည်လည်း ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ ဤသားမက်နှင့် ယောက္ခမ နှစ်ဦး ပေါင်းလိုက်လျှင် ကောင်းကျိုးတစ်ခုမှ ဖြစ်လာမည် မဟုတ်ပေ။
စစ်တပ်စခန်းတွင် လှုပ်ရှားမှု ဖြစ်ပေါ်လာပါက မြို့တော်သည်လည်း မငြိမ်မသက် ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် ယုံးကျားဧကရာဇ်သည် လီကျင့်ကို မြို့တော်သို့ ပြန်ခေါ်ရန် ဆုံးဖြတ်ထားပုံ ရသည်။ လီကျင့်၏ ခန္ဓာကိုယ်သည် ခရီးပန်းဒဏ်ကို ခံနိုင်ပါမည်တဲ့လား။
လေးလံသော အတွေးများသည် ရင်ထဲတွင် ကျောက်တုံးကြီး ဖိထားသကဲ့သို့ မွန်းကျပ်နေစေတော့သည်။
လုမင်ယွိသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး အရှေ့နန်းဆောင်သို့ ပြန်လာခဲ့လိုက်သည်။ အရှေ့နန်းဆောင်သို့ ရောက်သည်နှင့် စာတစ်စောင် ရေးသားလိုက်ပြီး ကိုယ်ရံတော်တစ်ဦးကို ခေါ်ကာ တိုးတိုးလေး မှာကြားလိုက်လေသည်။ "အရှေ့နန်းဆောင်ရဲ့ ခွင့်ပြုမိန့်ပြားကို ယူပြီး အခုချက်ချင်း နန်းတော်ထဲက ထွက်သွား။ ရှင်းယန်တပ်စခန်းကို သွားပြီး စာပို့ပေး။ ဒီစာကို ငါ့အဖေ လက်ထဲ အရောက်ပို့ရမယ်"
ကိုယ်ရံတော်သည် အမိန့်ကို နာခံပြီး ထွက်ခွာသွားလေသည်။
လုမင်ယွိ သက်ပြင်းတစ်ချက် မမှုတ်ထုတ်ရသေးခင်မှာပင် ချောင်မိဖုရားခေါင် ရောက်ရှိလာလေသည်။
"မင်ယွိ..." ချောင်မိဖုရားခေါင်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်နေလေသည်။ "ဝမ်ဟွားနန်းဆောင်ဘက်မှာ ဘာတွေ ဖြစ်ကုန်တာလဲ။ ကွမ်းပင်းနယ်စားက ဘာလို့ ရုတ်တရက် နန်းတော်ထဲ ဝင်လာတာလဲ။ အရှင်မင်းကြီးက ဘာလို့ မင်းကို ခေါ်တာလဲ"
လီဟောက်ကို ကယ်ထုတ်သွားသည့်ကိစ္စကို ဖုံးကွယ်ထား၍ မရပေ။
လုမင်ယွိသည် သက်ပြင်းတိတ်တိတ်ချလိုက်ပြီး အဖြစ်အပျက် အလုံးစုံကို ပြောပြလိုက်လေသည်။
ချောင်မိဖုရားခေါင်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာပြီး မျက်နှာ ဖြူဖျော့သွားတော့သည်။ "ဒီ မုန့်ဟွေးက တကယ်ကို အနိုင်ကျင့်လွန်းတယ်။ တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို ဝင်စီးပြီး လူကို လုသွားရုံမကဘူး။ နန်းတော်ထဲထိ ဝင်ပြီး အရှင်မင်းကြီးကို လာတွေ့ရဲသေးတယ်။ အရှင်မင်းကြီးကို လုံးဝ မျက်လုံးထဲ မထည့်တာပဲ။ ငါ့ရဲ့ အမိန့်တော်ကိုလည်း အလေးမထားဘူး"
လုမင်ယွိက ချောင်မိဖုရားခေါင်ကို နှစ်သိမ့်ပေးလိုက်၏။ "မူဟုပ်... စိတ်မဆိုးပါနဲ့တော့။ ကျွန်မ ကွမ်းပင်းနယ်စားကို အပြင်းအထန် ရိုက်နှက်ဆုံးမလိုက်ပါပြီ။ ဝမ်ဟွားနန်းဆောင် အပြင်ဘက်မှာလည်း ဒူးထောက်ခိုင်းလိုက်သေးတယ်။ မူဟုပ်အတွက် လက်စားချေပေးလိုက်တာပါ"
ချောင်မိဖုရားခေါင်က အံကြိတ်ကာ ပြောလိုက်သည်။ "ရိုက်တာ မှန်တယ်။ ရိုက်တာ ကောင်းတယ်။ ဒီကောင်က အရှင်မင်းကြီးနဲ့အတူ တိုင်းပြည်ထူထောင်ခဲ့တဲ့ အကျိုးဆောင်မှုကို အကြောင်းပြပြီး မောက်မာနေတာ။ အခု အရှင်မင်းကြီး လေဖြတ်နေတာကို အခွင့်ကောင်းယူပြီး ပိုသောင်းကျန်းနေတာပေါ့"
ချောင်မိဖုရားခေါင်သည် နိုင်ငံရေးကို နားမလည်သော်လည်း ယခုအချိန်တွင် အရေးအကြီးဆုံးမှာ အခြေအနေနှင့် လူထုစိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းရန် ဖြစ်ကြောင်း သိနေသည်။
မုန့်မိသားစုတပ် မပုန်ကန်မှ ဖြစ်မည်။ မဟုတ်လျှင် မြို့တော် ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။
သာ့ဝေတိုင်းပြည် တည်ထောင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်သာ ရှိသေးပြီး နေရာဒေသအနှံ့အပြားတွင် သူပုန်များ ရှိနေသေးသည်။ ယန်ချူးမင်းဆက်၏ အကြွင်းအကျန်များလည်း ရှိနေသေးသည်။ နေရာဒေသတိုင်း ငြိမ်းချမ်းနေသည် မဟုတ်ပေ။ မြို့တော် မငြိမ်မသက်ဖြစ်ပါက ယုံးကျားဧကရာဇ် ပင်ပင်ပန်းပန်း တည်ထောင်ခဲ့သော သာ့ဝေတိုင်းပြည်ကြီးသည် မကြာမီ ပြိုကွဲပျက်စီးသွားပေလိမ့်မည်။
ဤမကျေနပ်ချက်ကို ယုံးကျားဧကရာဇ် အနေဖြင့် ယာယီ သည်းခံထားရပေမည်။
ကွမ်းပင်းနယ်စားသည်လည်း ထိုအချက်ကို ကောင်းစွာ သိရှိထားသဖြင့် တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို ဝင်စီးပြီး လူလုရဲခြင်းပင်။
လုမင်ယွိ၏ မျက်ဝန်းထဲတွင် အရောင်တစ်ချက် လက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "ကွမ်းပင်းနယ်စားရဲ့ ရည်မှန်းချက် ကြီးမားလွန်းတော့ သတိထားမှ ဖြစ်မယ်။ ရှင်းယန်တပ်စခန်းကို ကျွန်မ စာပို့ခိုင်းလိုက်ပါပြီ။ မြို့တော်အပြင်ဘက်မှာ ရှင်းယန်တပ်နဲ့ ကျောက်မိသားစုတပ် ရှိတယ်။ မြို့တော်ထဲမှာ တော်ဝင်ကိုယ်ရံတော်တပ် ရှိတယ်။ ကွမ်းပင်းနယ်စား တစ်ယောက်တည်းနဲ့တော့ လှိုင်းလုံးကြီးတွေ ဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး"
ချောင်မိဖုရားခေါင်က ခါးသက်သက် ပြုံးလိုက်ကာ "မင်းက ရှင်းယန်တပ်ကို ယုံကြည်တယ်။ ငါလည်း ယုံကြည်တယ်။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ စိတ်ထဲမှာတော့ ရှင်းယန်တပ်ကို မုန့်မိသားစုတပ်လိုပဲ သံသယဝင်နေမှာ စိုးရိမ်ရတယ်"
လုမင်ယွိသည် နှုတ်ဆိတ်နေလိုက်၏။
ဟုတ်ပေသည်။ ဤသည်မှာ အဓိက ပြဿနာပင်။
ယုံးကျားဧကရာဇ်အတွက် အယုံကြည်ရဆုံးမှာ တော်ဝင်ကိုယ်ရံတော်တပ်သာ ဖြစ်သည်။ ရှင်းယန်တပ်၏ အထူးစစ်သည် တစ်သိန်းသည် မုန့်မိသားစုတပ်ထက်ပင် ပိုမို အင်အားကြီးမားရာ ယုံးကျားဧကရာဇ် မည်သို့ စိတ်ချနိုင်ပါမည်နည်း။
ထို့အပြင် ဖူယန်နယ်စားသည်လည်း ပုံမှန်အချိန်တွင် ထူးခြားမှု မရှိသော်လည်း မည်သည့် စိတ်ကူးများ ရှိနေသည်ကို မည်သူ သိနိုင်ပါမည်နည်း။
မုန်တိုင်းလာတော့မည် ဖြစ်ရာ လူတို့၏ စိတ်နှလုံးသည်လည်း ဂယောက်ဂယက် ဖြစ်နေကြလေပြီ။
အချိန်ခဏ ကြာပြီးနောက် လုမင်ယွိက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ "ဖုဟွမ် ဘယ်လိုတွေးလဲဆိုတာ ကျွန်မ ဂရုမစိုက်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မ လုပ်နိုင်တာ မှန်သမျှ လုပ်မယ်။ လုမိသားစု တစ်ခုလုံး လိပ်ပြာလုံဖို့ပဲ လိုတယ်"
ချောင်မိဖုရားခေါင်သည် သက်ပြင်းချလိုက်ပြန်ကာ "အားကျင့် မြို့တော်ကို စောစောပြန်ရောက်လာရင် ကောင်းမှာပဲ"
ထိုက်ဇီက တိုင်းပြည်ကို အုပ်ချုပ်မည်ဆိုလျှင် တရားဝင်ဖြစ်ပြီး လူထုစိတ်ကိုလည်း လျင်မြန်စွာ တည်ငြိမ်စေနိုင်လေသည်။
လုမင်ယွိက အေးဆေးစွာ ပြောလိုက်လေသည်။ "ဖုဟွမ်က အရှင်မင်းသားကို မြို့တော် ပြန်လာစေချင်တဲ့ ဆန္ဒ ရှိနေပါတယ်။ ကျွန်မက မျက်နှာချင်းဆိုင် ငြင်းလိုက်တော့ ဖုဟွမ် သိပ်မကျေနပ်ဘူး။ တိုက်ရိုက် အမိန့်ထုတ်ကောင်း ထုတ်လိမ့်မယ်။ မူဟုပ်လည်း စိတ်ပြင်ဆင်ထားပါ"
ချောင်မိဖုရားခေါင်သည် ထိတ်လန့်သွားပြီး "ထိုက်ဇီက ဒဏ်ရာကုသနေရတုန်းလေ။ ခရီးပန်းဒဏ်ကို ဘယ်ခံနိုင်ပါ့မလဲ" ဟု ချက်ချင်း ပြောလိုက်လေသည်။
လုမင်ယွိ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး အသံများ တည်ငြိမ်နေလေသည်။ "ဖုဟွမ်ရဲ့ စိတ်ထဲမှာ ထီးနန်းတည်မြဲရေးထက် ဘာမှ ပိုအရေးမကြီးပါဘူး"
ယုံးကျားဧကရာဇ်က လီကျင့်ကို မြို့တော် ပြန်ခေါ်ချင်သည်မှာ လူထုစိတ်ကို တည်ငြိမ်စေရန် တစ်ချက်၊ လီကျင့်ကို အသုံးပြုပြီး လုမိသားစုကို ထိန်းချုပ်ရန် တစ်ချက် ရည်ရွယ်ခြင်း ဖြစ်လေသည်။ ဤအချက်ကို လုမင်ယွိ ဖွင့်မပြောသော်လည်း ချောင်မိဖုရားခေါင်သည်လည်း သဘာဝကျကျ တွေးမိ၏။
လုမိသားစုကို အသက်ပေးပြီး ကူညီစေချင်သော်လည်း တစ်ဖက်တွင် အနည်းငယ်မျှ မယုံသင်္ကာ ဖြစ်နေခြင်းသည် တကယ့်ကို စိတ်ပျက်စရာ ကောင်းလှပေသည်။
ချောင်မိဖုရားခေါင်သည် လုမင်ယွိကို အားနာစွာ ကြည့်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။
လုမင်ယွိက အားတင်းပြီး ပြောလိုက်၏။ "မိုးချုပ်နေပြီ။ မူဟုပ် ပြန်နားလိုက်ပါတော့။ မနက်ဖြန်ကျမှ ဆက်တိုင်ပင်ကြတာပေါ့"
ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်လေသည်။
...
ထိုညတွင် လုမင်ယွိသည် လူးလိမ့်နေပြီး အိပ်မပျော်နိုင်ခဲ့ချေ။
လေးချက်တီးကျော်မှသာ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။
တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့သဖြင့် မနက်မိုးလင်းသောအခါ လုမင်ယွိ၏ မျက်နှာသည် ကြည့်မကောင်းဖြစ်နေပြီး ခေါင်းလည်း ကိုက်ခဲနေလေသည်။
ချီယွင်သည် သခင်မ မျက်နှာမကောင်းသည်ကို မြင်သောအခါ စိတ်မကောင်းဖြစ်သွားပြီး အကောင်းစား မျက်နှာချေများကို ယူဆောင်လာကာ မျက်လုံးအောက်မှ အညိုအမည်းကွက်များကို ဖုံးအုပ်ပေးထားလိုက်သည်။
မျက်နှာချေ လိမ်းခြယ်လိုက်သောအခါ ပုံမှန်ထက်ပင် ပိုမို တောက်ပလှပနေလေသည်။
လုမင်ယွိသည် ကြေးမုံပြင်ထဲမှ လှပနေသော မိမိပုံရိပ်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ပြုံးလိုက်မိ၏။ "မျက်စိတစ်မှိတ်အတွင်းမှာပဲ ငါလည်း မျက်နှာချေလိမ်းရမယ့် အရွယ် ရောက်လာပါရောလား"
ချီယွင်က ပြုံးပြီး ပြောလိုက်လေသည်။ "ညန်ညန်က အရွယ်ကောင်းတုန်း၊ လှပတုန်းပါ။ တစ်ခါတလေ မျက်နှာချေလေးလိမ်းတာကို ဘာလို့ ဝမ်းနည်းနေရတာလဲ"
လုမင်ယွိသည် ချီယွင်က သူမကို ပျော်ရွှင်စေရန် ရည်ရွယ်ချက်ဖြင့် စနောက်နေကြောင်း သိသဖြင့် လိုက်လျောပြီး ရယ်မောလိုက်လေသည်။
ထိုအချိန်တွင် နန်းတွင်းအပျိုတော်တစ်ဦး အလျင်အမြန် ဝင်ရောက်လာပြီး လျှောက်တင်လိုက်လေသည်။ "ထိုက်ဇီဖေး ညန်ညန်... ဝမ်ဟွားနန်းဆောင်က လျိုကုန်းကုန်း လူလွှတ်ပြီး သတင်းလာပို့ပါတယ်။ ရှင်းယန်ဝမ် နန်းတော်ထဲ ရောက်နေပါတယ်တဲ့"
ဘာ!
လုမင်ယွိသည် ယခုတစ်ကြိမ်တွင် အမှန်တကယ် အံ့သြသွားပြီး "အကောင်းကြီးကနေ ဘာလို့ ငါ့အဖေက တပ်စခန်းက ထွက်လာရတာလဲ" ဟု ချက်ချင်း မေးလိုက်လေသည်။
အချိန်ကို တွက်ကြည့်လိုက်လျှင် လုံးဝ မကိုက်ညီပေ။
သူမ စေလွှတ်လိုက်သော ကိုယ်ရံတော် ပြန်မရောက်သေးပေ။ လုလင်းက ဘယ်လိုလုပ် နန်းတော်ထဲ ရောက်နေရတာလဲ။
လုလင်းက မုန့်မိသားစုတပ်ရဲ့ လှုပ်ရှားမှုကို အချိန်တိုင်း စောင့်ကြည့်နေပြီး ကွမ်းပင်းနယ်စား မြို့တော်ထဲ ဝင်သွားတာ သိလို့ လိုက်လာတာလား။
လုမင်ယွိ၏ စိတ်ထဲတွင် အတွေးများစွာ ဝင်ရောက်လာပြီး ခန္ဓာကိုယ်သည် ဦးနှောက်ထက် ပိုမို လျင်မြန်စွာ တုံ့ပြန်လိုက်ကာ အပြင်သို့ ထွက်ခွာသွားလေတော့သည်။
...
အပိုင်း (၆၄၂) မထင်မှတ်ထားသော ကိစ္စ (၂)
လုမင်ယွိသည် ခပ်သွက်သွက် လျှောက်လှမ်းလာပြီး ဝမ်ဟွားနန်းဆောင် အပြင်ဘက်သို့ ရောက်ရှိလာလေသည်။
ဝမ်ဟွားနန်းဆောင်သည် နန်းတော်တွင် လုံခြုံရေး အတင်းကျပ်ဆုံး နေရာဖြစ်သည်။ အဆောင်တော်အပြင်ဘက်တွင် သံချပ်ကာဝတ်ဆင်ထားပြီး ထက်မြက်သော လက်နက်များ ကိုင်ဆောင်ထားသော တော်ဝင်ကိုယ်ရံတော် ငါးရာ စောင့်ကြပ်နေကြသည်။ အဆောင်တော်အတွင်းတွင်လည်း တော်ဝင်ကိုယ်ရံတော် ငါးရာ ရှိနေသေးသည်။
ဝမ်ဟွားနန်းဆောင်အတွင်းသို့ ဝင်ရောက်လိုလျှင် လက်နက် ယူဆောင်ခွင့် မရှိသလို ကိုယ်ရံတော်များ ခေါ်ဆောင်ခွင့်လည်း မရှိပေ။ မနေ့က ကွမ်းပင်းနယ်စားသည် နန်းတော်အပြင်ဘက်တွင် မည်မျှပင် မောက်မာဝင့်ကြွားနေပါစေ၊ နန်းတော်အတွင်းသို့ ရောက်သောအခါ နန်းတွင်းစည်းကမ်းကို လိုက်နာရလေသည်။
လုမင်ယွိသည် နန်းတော်တွင် ဂုဏ်သတင်းကျော်ကြားသူ ဖြစ်သည်။ မနေ့က ကွမ်းပင်းနယ်စားကို အပြင်းအထန် ရိုက်နှက်ဆုံးမခဲ့သည်ကို တော်ဝင်ကိုယ်ရံတော်အားလုံး မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ကိုယ်ရံတော်များသည် ထိုက်ဇီဖေး ညန်ညန်ကို လေးစားသလို ကြောက်ရွံ့ကြလေသည်။ သူတို့သည် သံချပ်ကာဝတ်ဆင်ထားသဖြင့် အရိုအသေပြုရန် မလိုသော်လည်း ခါးကို ပိုမို မတ်မတ်ထားကာ မျက်နှာထား လေးနက်စေပြီး ထိုက်ဇီဖေး ညန်ညန်အပေါ် လေးစားမှုကို ပြသကြလေသည်။
လုမင်ယွိ၏ မျက်နှာပေါ်တွင် မည်သည့် ထူးခြားသော အမူအရာမှ မရှိဘဲ ခြေလှမ်းသွက်သွက်ဖြင့် ရှေ့သို့ တိုးလာခဲ့လိုက်သည်။
အဆောင်တော်အပြင်ဘက်တွင် စောင့်ကြပ်နေသော အတွင်းဆောင်ကုန်းကုန်းသည် ကြိုတင်မှာကြားထားခြင်း ခံရသဖြင့် အလျင်အမြန် ရှေ့သို့ တိုးလာပြီး အရိုအသေပြုလိုက်လေသည်။ "ကျွန်တော်မျိုးမ ထိုက်ဇီဖေး ညန်ညန်ကို ဂါရဝပြုပါတယ်။ လျိုကုန်းကုန်းက ကျွန်တော်မျိုးမကို ဒီမှာ စောင့်ပြီး ညန်ညန်ကို ပြောပြခိုင်းလိုက်ပါတယ်။ ရှင်းယန်ဝမ်က လွန်ခဲ့တဲ့ တစ်နာရီလောက်က အဆောင်တော်ထဲဝင်ပြီး အရှင်မင်းကြီးကို တွေ့နေပါပြီ။ ညန်ညန် စိတ်မချရင် ခဏလောက် စောင့်ပေးပါ"
လုမင်ယွိသည် အဆောင်တံခါးကို တစ်ချက်ကြည့်လိုက်ပြီး ဟွန်းခနဲ အသံထွက်ကာ နှာခေါင်းရှုံ့လိုက်လေသည်။
အတွင်းဆောင်ကုန်းကုန်း၏ ကျောပြင်တွင် အေးစက်သော ချွေးများ ထွက်လာတော့သည်။
ထိုက်ဇီဖေး ညန်ညန်က ဝမ်ဟွားနန်းဆောင်ကို အတင်းဝင်စီးမည့် ပုံစံပေါက်နေပါလား။
သူလို သာမန် အတွင်းဆောင်ကုန်းကုန်းလေးတစ်ယောက်က ဘယ်လိုလုပ် တားနိုင်ပါ့မလဲ။
ကံကောင်းစွာဖြင့် လုမင်ယွိသည် ဒေါသကြောင့် အသိစိတ်လွတ်မသွားခဲ့ပေ။ အသံက အတော်အတန် တည်ငြိမ်နေဆဲပင်။ "ကောင်းပြီ... ငါ ဒီမှာပဲ စောင့်နေမယ်"
အတွင်းဆောင်ကုန်းကုန်းသည် ချွေးသုတ်ချင်စိတ်ကို အောင့်အီးထားပြီး ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "မနက်ခင်းနေက ပူပါတယ်။ ရာသီဥတုကလည်း ပူလာပါပြီ။ နေရောင်ခြည်ကလည်း စူးရှနေတော့ ညန်ညန် ဘေးနားက အဆောင်မှာ ခဏ သွားထိုင်နေပါလား"
လုမင်ယွိက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။ "မလိုပါဘူး။ ငါ ဒီမှာပဲ စောင့်မယ်"
အတွင်းဆောင်ကုန်းကုန်းသည် ဆက်ပြီး စကားမများရဲတော့ပေ။
ကောင်းကင်သည် ပိုမို လင်းလက်လာပြီး ပြင်းထန်သော နေရောင်ခြည် ကျရောက်လာသဖြင့် ဝမ်ဟွားနန်းဆောင်၏ ကျောက်စိမ်းကြမ်းခင်းသည် တောက်ပနေလေသည်။
တကယ်ပင် မျက်စိကျိန်းစရာ ကောင်းလှသည်။
လုမင်ယွိသည် လှုပ်ရှားခြင်း မရှိဘဲ မျက်လုံးကို မှေးထားကာ အကြည့်များကို ဝမ်ဟွားနန်းဆောင်၏ တံခါးခုံပေါ်တွင်သာ မခွာတမ်း အကြည့်ပို့ထားလိုက်သည်။
အတွင်းဆောင်ကုန်းကုန်းသာမက တော်ဝင်ကိုယ်ရံတော်များသည်ပင် မမြင်ရသော ဖိအားကို ခံစားနေရပြီး အသက်ရှူကျပ်သလို ဖြစ်နေကြရသည်။
စောင့်ဆိုင်းရသော အချိန်သည် အလွန်ပင် ခက်ခဲလှသည်။
လုမင်ယွိအတွက် ခက်ခဲသည် မခက်ခဲသည်ကို ကိုယ်ရံတော်များနှင့် အတွင်းဆောင်ကုန်းကုန်းများ မသိကြပေ။ မည်သို့ပင်ဆိုစေ သူတို့အားလုံးအတွက်တော့ အလွန် ခက်ခဲနေလေသည်။
အချိန်မည်မျှ ကြာသွားသည်မသိ။ လျိုကုန်းကုန်း၏ ပုံရိပ်သည် လူအများ၏ ရှေ့မှောက်တွင် ပေါ်လာလေသည်။ တံခါးစောင့် အတွင်းဆောင်ကုန်းကုန်းသည် စိတ်သက်သာရာရသွားပြီး အလျင်အမြန် ရှေ့တိုးသွားလေသည်။ "ကုန်းကုန်း ရောက်လာပါပြီ"
လျိုကုန်းကုန်းသည် ချွေးများရွှဲနေသော မွေးစားသားကို တစ်ချက်ကြည့်လိုက်ပြီး အသုံးမကျဘူးဟု စိတ်ထဲတွင် ဆဲဆိုလိုက်၏။ ထို့နောက် လုမင်ယွိ၏ ရှေ့သို့ လျှောက်သွားပြီး ရိုသေစွာ ပြောလိုက်လေသည်။ "ထိုက်ဇီဖေး ညန်ညန် အကြာကြီး စောင့်လိုက်ရပါပြီ။ အရှင်မင်းကြီးနဲ့ ရှင်းယန်ဝမ် စကားပြောနေကြပါတယ်။ စကားပြောပြီးရင် ရှင်းယန်ဝမ်ကို အရှေ့နန်းဆောင် သွားခိုင်းပြီး ထိုက်ဇီဖေး ညန်ညန်နဲ့ တွေ့ခိုင်းပါ့မယ်။ အရှင်မင်းကြီးက ရှင်းယန်ဝမ်ကို အရှေ့နန်းဆောင်မှာ နေ့လယ်စာစားပြီးမှ ပြန်ဖို့ အထူးတလည် မှာကြားထားပါတယ်။ ထိုက်ဇီဖေး ညန်ညန် အရှေ့နန်းဆောင်ကို အရင်ပြန်ပြီး စောင့်နေပေးပါ"
လုမင်ယွိသည် စိတ်မလျှော့ဘဲ လျိုကုန်းကုန်းကို စိုက်ကြည့်နေလေသည်။ "ဒါ တကယ်ပဲ ဖုဟွမ်ရဲ့ အမိန့်လား"
ဓားသွားကဲ့သို့ ထက်ရှသော မျက်လုံးများဖြင့် စိုက်ကြည့်ခံရသော ဖိအားသည် သာမန်မဟုတ်ပေ။ မွေးစားသား အသုံးမကျသည်မှာ မဆန်းပေ။ သူ့နဖူးပေါ်တွင်ပင် ချွေးစေးများ ထွက်နေလေပြီ။ "ဟုတ်ပါတယ်။ ကျွန်တော်မျိုးက ဘယ်လိုလုပ် အမိန့်တော်ကို လိမ်ညာပြောရဲပါ့မလဲ"
လုမင်ယွိ မလှုပ်မယှက် ဖြစ်နေသည်ကို မြင်သောအခါ လျိုကုန်းကုန်းသည် သတ္တိမွေးပြီး စကားပိုပြောလိုက်လေသည်။ "ရှင်းယန်ဝမ် နန်းတော်ထဲ ဝင်ပြီး အရှင်မင်းကြီးကို တွေ့တော့ အရှင်မင်းကြီး တော်တော် အံ့သြသွားပါတယ်။ ဒါပေမဲ့ ရှင်းယန်ဝမ်က အိပ်ဆောင်ထဲဝင်ပြီး စကားပြောလိုက်တော့ အရှင်မင်းကြီး စိတ်ပျော်သွားပါပြီ"
ဘာတွေ ပြောခဲ့သည်ကိုတော့ လျိုကုန်းကုန်း ပြန်ပြောပြ၍ မရပေ။
ဤမျှ သိသာထင်ရှားသော အရိပ်အမြွက် ပေးလိုက်သည်မှာ လုံလောက်နေပြီ ဖြစ်သည်။
လုမင်ယွိ၏ ရင်ထဲမှ အလုံးကြီး ကျသွားပြီး ခေါင်းညိတ်လိုက်တော့သည်။ "ကောင်းပြီ... ငါ အရှေ့နန်းဆောင်ကို အရင်ပြန်ပြီး စောင့်နေလိုက်မယ်" ခေတ္တရပ်တန့်ပြီး သူမက ဆက်ပြောလိုက်သည်။ "နှစ်နာရီအတွင်း ရှင်းယန်ဝမ် ရောက်မလာရင် ငါ ဝမ်ဟွားနန်းဆောင်ကို ပြန်လာမယ်"
လျိုကုန်းကုန်း "..."
...
"အမေ... အဘိုး တကယ် လာမှာလား"
လုမင်ယွိ အရှေ့နန်းဆောင်သို့ ပြန်ရောက်သောအခါ ကလေးသုံးယောက် ဝိုင်းလာကြလေသည်။ ရှင်းယန်ဝမ် အရှေ့နန်းဆောင်သို့ လာမည်ကို သိရသဖြင့် ကလေးများ အလွန် ပျော်ရွှင်နေကြသည်။ လီဟန်သည် အငယ်ဆုံးဖြစ်ပြီး အဘိုးနှင့် သိပ်မတွေ့ရပေ။ ပြီးခဲ့သော တစ်ခေါက်က လုမင်ယွိ မိဘအိမ်ပြန်ရောက်စဉ် လီဟန်ကို ခေါ်သွားပြီး လုအိမ်တော်တွင် ရက်အနည်းငယ် နေထိုင်ခဲ့ဖူးသည်။ ထိုစဉ်က လီဟန်နှင့် အဘိုး ရင်းနှီးသွားခဲ့ခြင်း ဖြစ်လေသည်။
လုလင်းသည် အမှန်ပင် ကလေးချစ်တတ်သူ ဖြစ်လေသည်။ ရက်အနည်းငယ်အတွင်းမှာပင် လီဟန်သည် အဘိုးကို စိတ်ထဲတွင် မှတ်မိနေပြီး မကြာခဏ မေးမြန်းလေ့ရှိသည်။
လုမင်ယွိသည် ဖခင်ဖြစ်သူကို မတွေ့ရသည်မှာ ကြာပြီဖြစ်၍ ပြုံးကာ ပြောလိုက်၏။ "ဟုတ်တယ်... သားတို့အဘိုး ခဏနေရင် အရှေ့နန်းဆောင်ကို ရောက်လာလိမ့်မယ်။ ဒီနေ့ နေ့လယ်စာကို အရှေ့နန်းဆောင်မှာ စားသွားမှာ"
ကလေးများသည် အတူတကွ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြလေသည်။
ချီယွင်သည်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး တော်ဝင်မီးဖိုဆောင်သို့ ကိုယ်တိုင်သွားရောက်ကာ ရှင်းယန်ဝမ် ကြိုက်နှစ်သက်သော ဟင်းလျာများကို ပြင်ဆင်ရန် မှာကြားလိုက်သည်။
တစ်နာရီကျော်ခန့် စောင့်ဆိုင်းပြီးနောက် လုလင်းသည် အရှေ့နန်းဆောင်သို့ ရောက်ရှိလာလေသည်။
လုမင်ယွိသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ကလေးများကို ခေါ်ဆောင်ကာ ရှေ့ထွက် ကြိုဆိုလိုက်သည်။ "အဖေ!"
"အဘိုး!"
လီဟန်သည် ပထမဆုံး အဘိုး၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားလေသည်။ လီရွှီနှင့် လီရွှမ်းက အနည်းငယ် ကြီးနေပြီဖြစ်၍ အဘိုးရင်ခွင်ထဲသို့ ပြေးမဝင်တော့ဘဲ ကိုယ်စီ အရိုအသေပြုလိုက်ကြသည်။
လုလင်း၏ မျက်နှာပေါ်တွင် ညလုံးပေါက် ခရီးနှင်ခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှု လုံးဝ မတွေ့ရဘဲ ပျော်ရွှင်စွာ ရယ်မောလျက် လီဟန်ကို ပွေ့ချီလိုက်ပြီး လီရွှီနှင့် လီရွှမ်းတို့၏ ခေါင်းကို ပွတ်သပ်ပေးကာ ချစ်ခင်ကြင်နာစွာ ပြောလိုက်လေသည်။ "လိမ္မာတဲ့ မြေးလေးတွေ... အဘိုးက မြေးတို့ကို နေ့တိုင်း သတိရနေတာ"
ထို့နောက် လုမင်ယွိကို ကြည့်လိုက်ကာ "ရှောင်ယွိ... အဖေ သမီးကိုလည်း နေ့တိုင်း သတိရတယ်"
လုမင်ယွိကလည်း ရယ်မောလိုက်ကာ "သမီးက ကလေးသုံးယောက်အမေ ဖြစ်နေပြီ။ အဖေက ဘာလို့ ကလေးကို ပြောသလို လာပြောနေတာလဲ"
လုလင်းက မျက်ခုံးပင့်ပြီး ရယ်မောလိုက်၏။ "သမီးက အဘွားကြီး ဖြစ်သွားရင်တောင် အဖေ့သမီးပဲ။ အဖေက ကိုယ့်သမီးကိုယ် စကားပြောတာ ဒီလေသံမသုံးရင် ဘာလေသံ သုံးရမှာလဲ"
လုမင်ယွိက တဟားဟား ရယ်မောလိုက်လေသည်။
လီရွှီနှင့် လီရွှမ်းတို့က တိတ်တိတ်လေး ခိုးရယ်ကြလေသည်။
အဘိုးက ကြည့်ရတာ ခံ့ညားထည်ဝါသော်လည်း တကယ်တမ်းတွင် ဟာသဉာဏ်ရွှင်ပြီး လူချစ်လူခင် များသူ ဖြစ်လေသည်။ အမေက ပုံမှန်အချိန်တွင် မျက်နှာထား တင်းမာသဖြင့် ဘယ်သူတွေ့တွေ့ ကြောက်ရွံ့ကြလေသည်။ အဘိုးရှေ့ရောက်မှသာ မိန်းကလေးတစ်ယောက်၏ ချွဲနွဲ့ဟန်ပန်မျိုး ပေါ်လာတော့သည်။
လုမင်ယွိသည် မူလက စိတ်ပူပင်နေသော်လည်း ဖခင်အရင်းကို တွေ့လိုက်ရသောအခါ စိတ်သက်သာရာ ရသွားလေသည်။
သူမသည် ကလေးများ၏ အားကိုးရာ၊ ချောင်မိဖုရားခေါင်၏ ကျောထောက်နောက်ခံ၊ အနောက်နန်းဆောင်ရှိ လူအများ၏ စိတ်လုံခြုံမှု ဖြစ်လေသည်။
ဖခင်ဖြစ်သူ၏ ရှေ့မှောက်တွင်မူ သူမ ဘာမှ တွေးတောနေစရာ မလိုပေ။ အကြောင်းမှာ လုလင်းသည် သူမ၏ ခေါင်းပေါ်ရှိ သစ်ပင်ကြီးဖြစ်ပြီး မည်သည့်အချိန်မဆို သူမအတွက် ကောင်းကင်ပြာကြီးကို ထောက်ပံ့ပေးထားသောကြောင့်ပင်။
လုလင်းသည် ကလေးများနှင့် ခဏတာ ရယ်မောကစားပြီးနောက် ပြုံးပြီး ပြောလိုက်လေသည်။ "အဖေ သမီးနဲ့ ပြောစရာ စကားတချို့ ရှိတယ်။ သားတို့ သမီးတို့ အပြင်ထွက်ပြီး ခဏ ဆော့နေကြနော်"
လီရွှီနှင့် လီရွှမ်းတို့က လိမ်လိမ်မာမာ ခေါင်းညိတ်လက်ခံလိုက်ကြသည်။ လီဟန်က မသွားချင်သော်လည်း အစ်ကိုနှင့် အစ်မ ဆွဲခေါ်သွားခြင်း ခံလိုက်ရလေသည်။
သားအဖ နှစ်ယောက် အကြည့်ချင်း ဆုံသွားပြီး ပြိုင်တူ ပြောလိုက်ကြလေသည်။ "အဖေ/သမီး အဆင်ပြေရဲ့လား"
"အဖေ ဘာလို့ ရုတ်တရက် နန်းတော်ထဲ ဝင်လာတာလဲ"
လုမင်ယွိက စိတ်မရှည်တော့ဘဲ အရင်မေးလိုက်လေသည်။ "သမီး မနေ့ညက ကိုယ်ရံတော်လွှတ်ပြီး စာပို့ခိုင်းလိုက်တာ အခုမှ ရှင်းယန်တပ်စခန်းကို ရောက်လောက်ရုံပဲ ရှိဦးမှာ။ အဖေက နန်းတော်ထဲမှာ ပြဿနာဖြစ်နေတာကို ဘယ်လိုသိပြီး ကြိုရောက်နေတာလဲ"
လုလင်း၏ မျက်ဝန်းများ လက်ကနဲ ဖြစ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အဖေက မုန့်မိသားစုတပ်စခန်းကို အမြဲတမ်း စောင့်ကြည့်ခိုင်းထားတာလေ။ ကွမ်းပင်းနယ်စား စစ်သည်တွေနဲ့ တပ်စခန်းက ထွက်သွားတာ သိတာနဲ့ အခြေအနေ မကောင်းမှန်း ရိပ်မိပြီး မြို့တော်မှာ ပြဿနာဖြစ်မှာ စိုးလို့ ချက်ချင်း စစ်သည်တွေ ခေါ်ပြီး လိုက်လာခဲ့တာ"
"မထင်မှတ်ဘဲ လမ်းတစ်ဝက်မှာ ငါးကြီးတစ်ကောင်နဲ့ တွေ့ခဲ့တယ်"
လုမင်ယွိ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေသည်။ "ဘာငါးကြီးလဲ"
လုလင်းက အေးအေးဆေးဆေး ပြုံးလိုက်လေသည်။ "တတိယမင်းသား လီဟောက်နဲ့ တွေ့ခဲ့တာ"
လုမင်ယွိ "..."
...