← Chapters

အခန်း (၆၄၃-၆၄၅)

Vol. 43 Ch. 643-645

အခန်း (၆၄၃-၆၄၅)

Vol. 43 Ch. 643-645

အပိုင်း (၆၄၃) တိုက်ဆိုင်မှု

လုမင်ယွိသည် ပါးစပ်အဟောင်းသားဖြင့် ကြောင်အသွားသော ပုံစံမျိုး ဖြစ်ခဲလှပေသည်။

လုလင်းသည် သမီးဖြစ်သူ၏ ပုံစံကြောင့် သဘောကျသွားပြီး လုမင်ယွိ၏ လက်ဖမိုးကို လှမ်းပုတ်ကာ မေးလိုက်လေသည်။ "အရမ်း တိုက်ဆိုင်မနေဘူးလား"

တိုက်ဆိုင်ရုံမျှမက ကောင်းကင်ဘုံက လီဟောက်ကို သေစေချင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

လုလင်းသည် ကိုယ်ရံတော် သုံးထောင်ကို ဦးဆောင်ပြီး မြို့တော်သို့ ဒုန်းစိုင်းချီတက်လာခဲ့သည်။ လမ်းခုလတ်အရောက်တွင် မျက်နှာချင်းဆိုင်မှ လာနေသော မုန့်မိသားစုတပ်ဖွဲ့တစ်ဖွဲ့နှင့် ဆုံတွေ့လိုက်ရလေသည်။

ထိုလူစုသည် (၂၀၀)ခန့်ရှိပြီး မြင်းများကို အရှိန်ပြင်းပြင်း မောင်းနှင်လာကြသည်။ လမ်းမကြီးပေါ်တွင် လူများ၏ မျက်နှာကို သဲကွဲစွာ မမြင်ရသော်လည်း ဤကဲ့သို့သော အရှိန်အဝါမျိုး ရှိနေသည်မှာ သာမန်လူများ မဟုတ်တန်ရာ။

လုလင်းသည် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ထိုလူများကို တားဆီးကာ ဝိုင်းထားခိုင်းလိုက်လေသည်။ ထို့နောက် ရှေ့သို့ မြင်းစီးထွက်သွားပြီး ဦးဆောင်လာသော လူငယ်၏ မျက်နှာကို စိုက်ကြည့်လိုက်လေသည်။

ထိုလူငယ်သည် ထူထဲရှည်လျားသော မျက်ခုံး၊ နက်မှောင်သော မျက်ဝန်း၊ ဖြောင့်စင်းသော နှာတံတို့ဖြင့် ရုပ်ရည်ချောမောကာ သာမန်ကိုယ်ရံတော် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အရှိန်အဝါမှာမူ သာမန်မဟုတ်ပေ။

တကယ်ပင် တတိယမင်းသား လီဟောက် ဖြစ်နေလေသည်။

လီဟောက်သည် ကံဆိုးသည်ဟု ဆိုရပေမည်။ သူသည် တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်မှ ထွက်ပြေးလာပြီးနောက် အဝတ်အစားများ လဲလှယ်လိုက်သည်။ မုန့်မိသားစုတပ်စခန်းသို့ ရောက်ရှိလျှင် ဘေးကင်းပြီဟု တွေးထင်ထားခဲ့သည်။ လမ်းခုလတ်တွင် ရှင်းယန်ဝမ်နှင့် တွေ့ဆုံမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

လက်ဖက်ရည်တစ်အိုး တည်ချိန်ခန့် မိုင်အနည်းငယ်သာ လိုတော့သည်။ လမ်းခွဲသို့ရောက်ရန် အချိန်အနည်းငယ်သာ လိုတော့ပြီး မုန့်မိသားစုတပ်စခန်းဘက်သို့ ချိုးကွေ့သွားနိုင်လျှင် ရှင်းယန်တပ်နှင့် လွဲသွားနိုင်ပြီ ဖြစ်လေသည်။

သို့သော် တိုက်ဆိုင်ချင်တော့ လုလင်း၏ လူများနှင့် ပက်ပင်းတိုးမိလေတော့သည်။

ကိုယ်ရံတော် (၂၀၀)သည် ရှင်းယန်တပ်သား (၃၀၀၀)နှင့် ရင်ဆိုင်လိုက်ရသောအခါ ဓားဆွဲထုတ်ရန် သတ္တိပင် မရှိတော့ချေ။

လီဟောက်သည်လည်း သတ္တိကောင်းသူ ဟု ဆိုရပေမည်။ ရှင်းယန်တပ်သားများ ဝိုင်းရံထားခြင်း ခံရသော်လည်း တည်ငြိမ်နေဆဲပင် ဖြစ်ပြီး လုလင်းကို လက်နှစ်ဖက်ယှက်ကာ ပြောလိုက်လေသည်။ "တကယ့်ကို တိုက်ဆိုင်တာပါပဲ။ ဒီနေရာမှာ ရှင်းယန်ဝမ်နဲ့ တွေ့ရမယ်လို့ ထင်မထားမိဘူး"

လုလင်းသည် လီဟောက်ကို မြင်လိုက်သည့် ခဏမှာပင် ကွမ်းပင်းနယ်စား မည်သည့် ပြဿနာရှာလိုက်သည်ကို ရိပ်မိလိုက်ပြီး နှုတ်ခမ်းထောင့်ကို တွန့်ကွေးကာ သရော်ကာ ပြောလိုက်၏။ "တတိယမင်းသားက တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ထဲမှာ အဖမ်းခံထားရတာ မဟုတ်လား။ ဘာလို့ ရုတ်တရက် အပြင်ရောက်နေတာလဲ။ ကွမ်းပင်းနယ်စားက သမက်ကို ချစ်လွန်းလို့ တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို ဝင်စီးပြီး အရှင်မင်းသားကို လုယူလာတာများလား"

လီဟောက်၏ ရင်ထဲတွင် သွေးစက်ကျမတတ် မုန်းတီးနေသော်လည်း မျက်နှာမပျက်ဘဲ ပြောလိုက်လေသည်။ "ယောက္ခမက သမက်ကို ချစ်တဲ့စိတ်ကို ရှင်းယန်ဝမ် အနားလည်ဆုံး ဖြစ်မှာပါ"

လုလင်းက အေးဆေးစွာ ပြောလိုက်လေသည်။ "တကယ် နှမြောစရာပဲ။ ကျွန်တော်နဲ့ လာတွေ့မှတော့ ကွမ်းပင်းနယ်စားရဲ့ စေတနာကို ဖြုန်းတီးပစ်ရတော့မှာပဲ။ လာကြစမ်း... အရှင်မင်းသားကို ရှင်းယန်တပ်စခန်းဆီ ပင့်ဖိတ်လိုက်ကြ"

လီဟောက် လန့်သွားပြီး လုလင်းကို စိုက်ကြည့်လိုက်လေသည်။ "ခင်ဗျား ဘာသဘောလဲ"

မြို့တော်ကို ပြန်မပို့ဘဲ ရှင်းယန်တပ်စခန်းကို ပို့တယ်ဆိုတာ ဘာသဘောလဲ။

ငါ့ကို တိတ်တဆိတ် လုပ်ကြံချင်နေတာလား။

လုလင်းသည် လီဟောက်၏ အတွေးကို ရိပ်မိသော်လည်း ရှင်းပြမနေတော့ဘဲ ကိုယ်ရံတော် (၁၀၀၀)ကို ရွေးထုတ်ကာ လီဟောက်အား ရှင်းယန်တပ်စခန်းသို့ "လိုက်ပါပို့ဆောင်" ရန် အမိန့်ပေးလိုက်တော့သည်။

ကွမ်းပင်းနယ်စား၏ ကိုယ်ရံတော်များထဲမှ တစ်စုံတစ်ယောက်သည် မနေနိုင်တော့ဘဲ ဓားကို ဆွဲထုတ်လိုက်ရာ ချက်ချင်းပင် ကန်ကျောက်ခံလိုက်ရပြီး မေ့လဲသွားလေသည်။ ဓားရှည်သည် မြေကြီးပေါ်သို့ ကျသွားပြီး ကျယ်လောင်ပြတ်သားသော အသံ ထွက်ပေါ်လာကာ ရင်တုန်ဖွယ် ဖြစ်သွားစေသည်။

ကျန်ရစ်သော ကိုယ်ရံတော်များသည် ဓားရိုးကို ဆုပ်ကိုင်ထားသော လက်များကို လွှတ်လိုက်ကြလေသည်။

လူ(၂၀၀)နှင့် (၃၀၀၀) ယှဉ်ရသည်မှာ နိုင်ချေ လုံးဝ မရှိပေ။

ရှင်းယန်ဝမ်က တတိယမင်းသားကို တိတ်တဆိတ် သတ်ဖြတ်ရဲမှာ မဟုတ်ဘူး။ ဒါဆိုရင်လည်း ရှင်းယန်တပ်စခန်းကို လိုက်သွားလိုက်တာပဲ ကောင်းပါတယ်။

လီဟောက်သည် မျက်နှာမည်းမှောင်လျက် လုလင်းကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။ "ရှင်းယန်ဝမ်ရဲ့ ကျေးဇူးတရားကို ကျွန်တော် လီဟောက် မှတ်သားထားပါ့မယ်"

လုလင်းက သဘောကျစွာ ပြုံးပြီး ပြောလိုက်ကာ "ကျွန်တော် ဒီလိုလုပ်တာ အရှင်မင်းသားရဲ့ ဘေးကင်းရေးအတွက်ပါ။ မိုးချုပ်နေပြီဆိုတော့ အပြင်မှာ လျှောက်သွားနေရင် အရမ်း အန္တရာယ်များတယ်။ ရှင်းယန်တပ်စခန်းထဲ ရောက်သွားရင် ဘယ်သူမှ အရှင်မင်းသားကို လာမထိခိုက်နိုင်အောင် အာမခံပါတယ်။ အရှင်မင်းသား စိတ်ချလက်ချသာ ကြွပါ"

လီဟောက် "..."

လီဟောက်သည် အံကြိတ်ပြီး မြင်းကို မောင်းနှင်ကာ ရှင်းယန်တပ်သားများ၏ "အစောင့်အရှောက်" ဖြင့် ရှင်းယန်တပ်စခန်းသို့ မလိုက်မနေရ လိုက်ပါသွားရတော့သည်။

"အဖေက မြို့တော်ရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ မသိဘူးလေ။ ကွမ်းပင်းနယ်စားက ဘယ်အချိန် မြို့တံခါးကနေ ထွက်လာမလဲဆိုတာလည်း မသိဘူး။ တကယ်လို့ လမ်းမှာ ဆုံပြီး တိုက်ပွဲဖြစ်ရင် လီဟောက်က ရှုပ်ထွေးနေတဲ့ကြားကနေ ထွက်ပြေးသွားမှာ စိုးရိမ်ရတယ်"

"ဒါကြောင့် အဖေက လီဟောက်ကို ရှင်းယန်တပ်စခန်းဆီ 'ပို့' ခိုင်းလိုက်တာ။ အဖေ့နယ်မြေထဲ ရောက်သွားရင် ဘယ်သူမှ လုယူလို့ မရတော့ဘူး။ ကွမ်းပင်းနယ်စား တပ်စခန်းပြန်ရောက်ပြီး လီဟောက် အဖေ့လက်ထဲ ရောက်နေမှန်း သိတဲ့အချိန်ဆို မိုးလင်းနေလောက်ပြီ"

"အဖေက ကိုယ်ရံတော်နှစ်ထောင်ကို ခေါ်ပြီး မြို့တော်ထဲ ဝင်ခဲ့တယ်။ ပြီးတော့ နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးကို သွားတွေ့တယ်။ ဒီအကြောင်းကို လျှောက်တင်ပြီး အပြစ်တောင်းပန်လိုက်တယ်။ အရှင်မင်းကြီးက အဖေ တတိယမင်းသားကို ဖမ်းမိထားတယ်ဆိုတာ သိတော့ သဘောကျသွားပြီး အဖေ စိတ်ထင်သလို စစ်တပ်သုံးမိတဲ့အပြစ်ကို ဗွေမယူတော့ဘူး။ သမီးနဲ့ လာတွေ့ဖို့တောင် အထူးတလည် မှာလိုက်သေးတယ်"

နားထောင်ပြီးနောက် လုမင်ယွိသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်လေသည်။ "မနေ့ညက ကွမ်းပင်းနယ်စား အပြစ်လာတောင်းပန်တော့ လီဟောက်ကို ကယ်သွားမှန်း သိလိုက်ရတယ်။ သမီး ဒေါသထွက်လွန်းလို့ သူ့ကို အပြင်းအထန် ရိုက်နှက်ဆုံးမလိုက်မှပဲ ဒေါသပြေသွားတော့တယ်"

"တကယ်လို့ အဖေက လမ်းတစ်ဝက်မှာ လီဟောက်ကို ဖမ်းမိထားမှန်းသာ စောစောသိရင် မနေ့ညက အိပ်မပျော်ဘဲ ဖြစ်နေမှာ မဟုတ်ဘူး"

လုလင်း၏ မျက်နှာထား ပြောင်းလဲသွားပြီး စိတ်မကောင်းစွာ မေးလိုက်လေသည်။ "သမီး မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူးလား"

ဖခင်အရင်း၏ ရှေ့မှောက်တွင် ဟန်ဆောင်တင်းခံနေစရာ မလိုပေ။

လုမင်ယွိက ခေါင်းညိတ်လိုက်ကာ "ဟုတ်တယ်... ကောင်းကောင်း အိပ်မပျော်ဘူး။ ကွမ်းပင်းနယ်စားက ရည်မှန်းချက်ကြီးတယ်။ လီဟောက်ကလည်း လူကောင်း မဟုတ်ဘူး။ သူတို့ သားမက်နဲ့ ယောက္ခမ ပေါင်းမိသွားရင် ဘာပြဿနာတွေ ရှာဦးမလဲဆိုတာ မသိနိုင်ဘူး။ ဖုဟွမ်က မြို့တော်ကို မငြိမ်မသက် မဖြစ်စေချင်သလို သမီးလည်း မဖြစ်စေချင်ဘူး။ မဟုတ်ရင် မနေ့ညက ကွမ်းပင်းနယ်စားကို ဖမ်းထားလိုက်ပြီ"

လုလင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ပြောလိုက်လေသည်။ "သမီး စိတ်ချပါ။ အဖေ ရှိနေသရွေ့ ကွမ်းပင်းနယ်စား ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"

လုမင်ယွိက သက်ပြင်းအသာချလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဖုဟွမ်က အာ့ကောကို ကျန်းနန်မှာ ထားခဲ့ပြီး ထိုက်ဇီကို မြို့တော်ပြန်ခိုင်းနေတယ်။ ဒီလိုဆိုရင် ရှင်းယန်တပ်ရဲ့ စစ်အင်အားက တစ်ဝက်ပဲ ကျန်တော့မှာ"

လုလင်းသည် ဉာဏ်ရည်ထက်မြက်သူ ဖြစ်သဖြင့် လုမင်ယွိ၏ စကားအဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်လေသည်။

သူသည် လုမင်ယွိကို လေးနက်စွာ ကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်လေသည်။ "အရှင်မင်းကြီးက လုမိသားစုကို သံသယဝင်မှာ စိုးရိမ်နေတာလား"

စိုးရိမ်နေစရာ လိုသေးလို့လား။

ဒါက ရှင်းရှင်းလင်းလင်းကြီး ဖြစ်နေတာပဲ။

လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီး မျက်လုံးထဲတွင် လှောင်ပြောင်ရိပ်များ ပြည့်နှက်နေ၏။ "တိုင်းပြည်ထူထောင်တုန်းက အဖေက စစ်တိုက်ပြီး သာ့ဝေတိုင်းပြည်အတွက် အသက်နဲ့ရင်း ကြိုးစားခဲ့တယ်။ အခု တိုင်းပြည်အေးချမ်းသွားပြီ။ စစ်သည်အင်အား အများကြီးက အဖေ့လက်ထဲမှာ ရှိနေတယ်။ ဖုဟွမ်ကလည်း လေဖြတ်ပြီး လှုပ်ရှားလို့ မရတော့ဘူး။ သမီးကလည်း လုမိသားစုက ဆင်းသက်လာတဲ့ ထိုက်ဇီဖေး ဖြစ်နေတယ်။ ပြီးတော့ ကိုယ်ခံပညာ ကောင်းလွန်းပြီး စိတ်ကြီးတယ်ဆိုတော့ ဖုဟွမ်က ဘယ်လိုလုပ် သတိမထားဘဲ နေမလဲ"

လုလင်း၏ မျက်ဝန်းများ လက်ကနဲ ဖြစ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "အရှင်မင်းကြီးက နဂါးပလ္လင်ပေါ် ထိုင်ပြီး အာဏာကို ဆုပ်ကိုင်ထားတဲ့သူလေ။ အမြင့်ရောက်လေ လေတိုက်ကြမ်းလေ ဆိုတော့ သံသယစိတ်များတာ မဆန်းပါဘူး။ သားအဖနှစ်ယောက်လုံး လိပ်ပြာလုံနေရင် ပြီးတာပါပဲ"

ခဏရပ်တန့်လိုက်ပြီး သူက ဆက်ပြောလိုက်သည်။ "လောလောဆယ် အခြေအနေက မတည်ငြိမ်ဘူး။ လူထုက စိတ်တွေ လှုပ်ရှားနေတယ်။ ဒီအတိုင်း ဆက်သွားရင် မကြာခင် ပုန်ကန်မှုတွေ ဖြစ်လာလိမ့်မယ်။ အရှင်မင်းကြီးက ထိုက်ဇီကို မြို့တော်ပြန်ခေါ်တာဟာ တိုင်းပြည် တည်ငြိမ်ရေးအတွက်ပါ။ စစ်ဘက်အရာရှိတွေ စိတ်လှုပ်ရှားနေတာ မဟုတ်ဘူး။ စာပေပညာရှင် အမတ်တွေလည်း အတူတူပဲ။ ပထမမင်းသားနဲ့ စတုတ္ထမင်းသားမှာလည်း ကိုယ်ပိုင်အင်အားတွေ ရှိကြတယ်။ ထိုက်ဇီ ပြန်မလာရင် သူတို့ ထီးနန်းကို မျှော်မှန်းလာကြလိမ့်မယ်"

"သမီးက ထိုက်ဇီကို သနားမှန်း အဖေ သိပါတယ်။ အဖေလည်း ထိုက်ဇီကို ဒုက္ခမခံစေချင်ပါဘူး။ ဒါပေမဲ့ သာ့ဝေတိုင်းပြည်ရဲ့ အိမ်ရှေ့စံတစ်ယောက်အနေနဲ့ တာဝန်ယူရမယ့်အချိန်မှာ နောက်ဆုတ်နေလို့ မဖြစ်ဘူး။ ဘယ်လောက် ပင်ပန်းပါစေ ကြိတ်မှိတ်သည်းခံရမယ်။ သူ ပြန်လာမှပဲ လူထုစိတ်ကို တကယ် ငြိမ်သက်စေနိုင်မှာ"

သရဖူ ဆောင်းချင်ရင် သရဖူရဲ့ အလေးချိန်ကို ခံနိုင်ရမယ်။

ဒီသဘောတရားကို လုမင်ယွိ ဘယ်လိုလုပ် နားမလည်ဘဲ နေမလဲ။

လုမင်ယွိသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အချိန်အတော်ကြာမှ သက်ပြင်းချကာ ပြောလိုက်လေသည်။ "အဖေ ပြောတာ မှန်ပါတယ်"

လုလင်းက လေသံတိုးတိုးဖြင့် နှစ်သိမ့်ပေးလိုက်၏။ "သမီး သိပ် စိတ်မပူပါနဲ့။ အမိန့်တော် ကျန်းနန်ကို ရောက်ဖို့ ရက်နည်းနည်းလောက် ကြာဦးမှာပါ။ ထိုက်ဇီရဲ့ ဘေးနားမှာ သမားတော်တွေ ရှိတာပဲ။ မြင်းလှည်းစီးပြီး ပြန်လာရင် ကိစ္စမရှိပါဘူး။ အရင်တုန်းက ဒဏ်ရာအပြင်းအထန် ရတုန်းကလည်း ဒီလိုပဲ မြို့တော်ကို ပြန်လာခဲ့တာပဲ။ နောက်မှ ဖြည်းဖြည်းချင်း အနားယူလိုက်လို့ ရပါတယ်"

ဒီလိုစကားမျိုးကို ဖခင်အရင်းက ပြောမှပဲ နားဝင်တာ ဖြစ်သည်။

လုမင်ယွိလည်း နှုတ်ဆိတ်ကာ ခေါင်းညိတ်လိုက်ရတော့သည်။

...

အပိုင်း (၆၄၄) ပဋိပက္ခ

လုလင်းသည် အရှေ့နန်းဆောင်တွင် နေ့လယ်စာစားပြီးနောက် နေ့လယ်ပိုင်းတွင် ပြန်သွားခဲ့သည်။

လုလင်း ထွက်ခွာသွားပြီးမကြာမီတွင် ချောင်မိဖုရားခေါင် ရောက်ရှိလာလေသည်။

"လီဟောက်ကို တကယ်ပဲ ရှင်းယန်တပ်စခန်းကို ခေါ်သွားပြီလား" ချောင်မိဖုရားခေါင်သည် မနေ့ကကဲ့သို့ စိတ်ဓာတ်ကျနေခြင်း မရှိတော့ဘဲ မျက်လုံးများ အရောင်လက်နေလေ၏။

လုမင်ယွိသည်လည်း စိတ်ကြည်နူးနေပြီး ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။ "ဟုတ်ပါတယ်”

ထို့နောက် မနေ့ညက အဖြစ်အပျက်များကို ချောင်မိဖုရားခေါင်အား အသေးစိတ် ပြောပြလိုက်လေသည်။

ချောင်မိဖုရားခေါင်သည် စိတ်လှုပ်ရှားပြီး ပျော်ရွှင်စွာ လက်ခုပ်တီးကာ ပြောလိုက်သည်။ "ကောင်းတယ်။ အရမ်းကောင်းတာပဲ။ ကောင်းကင်ကြီးက မျက်နှာသာပေးတာပဲ။ ကွမ်းပင်းနယ်စား ဘယ်လောက်ကြိုးစားကြိုးစား အလကား ဖြစ်သွားပြီ။ ဟားဟား"

ပုံမှန်အချိန်တွင် တည်ငြိမ်ရင့်ကျက်သော ချောင်မိဖုရားခေါင်သည် ယခုအချိန်တွင်မူ အားရပါးရ ရယ်မောနေတော့သည်။

လုမင်ယွိသည်လည်း လိုက်ရယ်လိုက်မိ၏။ "ကျွန်မလည်း ဒီလိုအလှည့်အပြောင်း ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိပါဘူး" ခဏရပ်တန့်လိုက်ပြီး သူမက ဆက်ပြောလိုက်သည်။ "အဖေက အရှင်မင်းကြီးကို သွားပြီး အပြစ်တောင်းပန်တော့ အရှင်မင်းကြီးက စိတ်မဆိုးတဲ့အပြင် ခွင့်လွှတ်ပေးလိုက်တယ်။ အခု အဖေက တပ်စခန်းကို ပြန်သွားပါပြီ။ နောက်ဆိုရင် အမိန့်မရဘဲ တပ်စခန်းက ထွက်လာမှာ မဟုတ်တော့ပါဘူး"

ခွင့်ပြုချက်မရဘဲ စစ်တပ်ကို အသုံးပြုခြင်းသည် ကြီးမားသော တားမြစ်ချက် ဖြစ်လေသည်။

ရည်ရွယ်ချက်ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အမှားသည် အမှားပင် ဖြစ်သည်။ သို့သော် မောက်မာဝင့်ကြွားသော ကွမ်းပင်းနယ်စားနှင့် ယှဉ်လိုက်လျှင် ရှင်းယန်ဝမ်၏ အပြစ်တောင်းပန်မှုသည် ပိုမို ရိုးသားဟန် ရှိနေသည်။

ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်၏။ "နောက်တစ်ကြိမ် မလုပ်ရင် ပြီးတာပါပဲ" ထို့နောက် လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "ရှင်းယန်ဝမ်က လီဟောက်ကို ဘယ်လို ဆက်ထားမလဲဆိုတာ ပြောပြသေးလား"

လီဟောက်၏ နာမည်ကို ကြားလိုက်ရသည်နှင့် လုမင်ယွိ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်လေသည်။ "တရားရေးဝန်ကြီးဌာနက သက်သေရှာမတွေ့မချင်း လီဟောက်ကို အပြစ်ပေးလို့ မရသေးပါဘူး။ ရှင်းယန်တပ်ကလည်း သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံလို့ မရပါဘူး။ အဖေက သူ့ရဲ့ စစ်တဲကို ဖယ်ပေးထားပြီး အထူးစစ်သည်တွေကို နေ့ညမပြတ် စောင့်ကြပ်ခိုင်းထားတယ်လို့ ပြောပါတယ်။ လူဆိုးတွေ မင်းသားကို လုပ်ကြံမှာစိုးလို့ပါတဲ့"

လုလင်းသည် အလုပ်လုပ်ရာတွင် အလွန် စေ့စပ်သေချာသူ ဖြစ်လေသည်။ ကိုယ်ပိုင်စစ်တဲကို ဖယ်ပေးထားသဖြင့် မင်းသားကို နှိပ်စက်သည်ဟု မည်သူကမျှ မပြောနိုင်ပေ။ ထို့ပြင် "တင်းတင်းကျပ်ကျပ် ကာကွယ်ပေးထား" သဖြင့် မည်သူကမျှ အပြစ်ရှာ၍ မရနိုင်ပေ။

ဤကဲ့သို့သော ယောက္ခမမျိုး ရှိထားခြင်းသည် ထိုက်ဇီ၏ ကံကောင်းမှုပင်။

ချောင်မိဖုရားခေါင်သည် သားဖြစ်သူအတွက် ဝမ်းမြောက်မိပြီး ခေါင်းညိတ်လိုက်လေသည်။ "ရှင်းယန်ဝမ်ရဲ့ အစီအစဉ်က တော်တော် ကောင်းတာပဲ"

ရှားရှားပါးပါးပင် ယုံးကျားဧကရာဇ်ကလည်း ထိုကိစ္စကို ခွင့်ပြုပေးခဲ့လေသည်။

ယုံးကျားဧကရာဇ်သည်လည်း ကောင်းစွာ သိရှိထားပုံရသည်။ ရှင်းယန်တပ်ကသာ မုန့်မိသားစုတပ်ကို ဖိနှိပ်ထားနိုင်မည်။ လီဟောက်သည် ရှင်းယန်တပ်စခန်းတွင် အကျဉ်းချခံထားရလျှင် ကွမ်းပင်းနယ်စား မည်မျှပင် စွမ်းဆောင်နိုင်ပါစေ၊ လူသွားကယ်ရဲမည် မဟုတ်ပေ။

...

ထိုအချိန်တွင် ကွမ်းပင်းနယ်စားသည် ဒေါသခြောင်းခြောင်း ထွက်နေတော့သည်။

သူသည် နန်းတော်မှ ထွက်ခွာလာပြီးနောက် တစ်မိနစ်မျှ အချိန်မဆွဲဘဲ ကိုယ်ရံတော်များကို ဦးဆောင်ကာ တပ်စခန်းသို့ ပြန်လာခဲ့ရသည်။

သို့သော် တပ်စခန်းသို့ ပြန်ရောက်သည်နှင့် "အံ့အားသင့်ဖွယ်ရာ" တစ်ခုက သူ့ကို စောင့်ကြိုနေလေသည်။

သူ ခက်ခက်ခဲခဲ ကယ်ထုတ်လာခဲ့သော တတိယမင်းသား လီဟောက်သည် မုန့်မိသားစုတပ်စခန်းသို့ ရောက်မလာခဲ့ပေ။ လိုက်ပါပို့ဆောင်ခဲ့သော ကိုယ်ရံတော် နှစ်ရာသည်လည်း ပျောက်ချင်းမလှ ပျောက်သွားခဲ့လေသည်။

သူသည် အခြေအနေ မကောင်းသည်ကို ချက်ချင်း သိရှိလိုက်၏။ လူလွှတ်ပြီး ရှာဖွေခိုင်းရန် ပြင်ဆင်နေစဉ်မှာပင် ရှင်းယန်တပ်မှ လူရောက်ရှိလာလေသည်။

"ကျွန်တော်မျိုး ကျန်းကျုံး... ကွမ်းပင်းနယ်စားကို ဂါရဝပြုပါတယ်" ကျန်းကျုံးသည် လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်လေသည်။

ကျန်းကျုံးသည် လုလင်း၏ သားမက်ကြီး ဖြစ်ပြီး ရှင်းယန်တပ်မှ လူငယ်စစ်သူကြီးတစ်ဦး ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်တွင် လုဖေးထက် အနည်းငယ်သာ နိမ့်ကျသူ ဖြစ်သည်။ ထို့ပြင် ဉာဏ်များပြီး လည်ဝယ်သူအဖြစ် စစ်တပ်တွင် နာမည်ကြီးလေသည်။

လုဖေးက စစ်သည်ငါးသောင်းကို ဦးဆောင်ပြီး ကျန်းနန်သို့ ထွက်ခွာသွားရာ ကျန်းကျုံးသည် တပ်စခန်းတွင် ကျန်ရစ်ခဲ့ပြီး လုလင်း၏ လက်ရုံးတစ်ဆူ ဖြစ်လာခဲ့လေသည်။

သူက ဘာကိစ္စကြောင့် မုန့်မိသားစုတပ်စခန်းကို ရောက်လာရတာလဲ။

ကွမ်းပင်းနယ်စား၏ မျက်ခွံများ မရပ်မနား လှုပ်ခါနေပြီး မကောင်းသော နိမိတ်ကို ခံစားလိုက်ရ၏။ သူက ဟန်ဆောင်ပြုံးလိုက်ပြီး မေးလိုက်လေသည်။ "ဒုတပ်မှူးကျန့်က ဘာကိစ္စရှိလို့ ရောက်လာတာလဲ"

ကျန်းကျုံးကလည်း ဖော်ရွေစွာ ပြုံးလိုက်ကာ "ကျွန်တော်မျိုး ရောက်လာတာက ကွမ်းပင်းနယ်စားရဲ့ ကိုယ်ရံတော် နှစ်ရာကို ပြန်လာပို့ပေးတာပါ"

"မနေ့ညက ယွဲ့ဖုက စစ်သည်တွေနဲ့ မြို့တော်ကို သွားတဲ့လမ်းမှာ တတိယမင်းသားနဲ့ တွေ့ခဲ့ပါတယ်။ အဲဒါနဲ့ တတိယမင်းသားကို ရှင်းယန်တပ်စခန်းဆီ အလည်ဖိတ်လိုက်တော့ တတိယမင်းသားက ဝမ်းပန်းတသာ လက်ခံလိုက်ပါတယ်။ မိုးလင်းတော့ ရှင်းယန်တပ်စခန်းကို ရောက်သွားပါတယ်။ ကျွန်တော်တို့ ရှင်းယန်တပ်မှာ အထူး စစ်သည်တွေ အများကြီးရှိတော့ အရှင်မင်းသားရဲ့ လုံခြုံရေးကို ကောင်းကောင်း တာဝန်ယူပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကိုယ်ရံတော် နှစ်ရာကို ကိုယ်တိုင် ပြန်လာပို့ပေးတာပါ"

ကွမ်းပင်းနယ်စား "..."

သောက်ကျိုးနည်း!

ဘယ်လိုလုပ် ဒီလောက် တိုက်ဆိုင်ရတာလဲ။

လီဟောက်တို့အဖွဲ့က ဘယ်သူနဲ့မဆို တွေ့လို့ရရဲ့သားနဲ့ ဘာလို့ လုလင်းနဲ့ သွားတွေ့ရတာလဲ။ အခု လူက ရှင်းယန်တပ်စခန်းထဲ ရောက်နေပြီဆိုတော့ ငါက လူသွားလုလို့ ရမှာတဲ့လား။

လုလင်းက တုံးပင်ကျွင်းလို အသုံးမကျတဲ့ကောင် မဟုတ်ဘူး။ အသုံးမကျဖို့ နေနေသာသာ တိုက်ခိုက်ရေးစွမ်းရည်မှာဆိုရင် ရှင်းယန်တပ်က သာ့ဝေတိုင်းပြည်ရဲ့ နံပါတ်တစ် အထူး စစ်တပ်ပဲ။ မုန့်မိသားစုတပ်ထက်တောင် နည်းနည်း သာလွန်သေးတယ်။

ဒီအချက်ကိုတော့ ကွမ်းပင်းနယ်စားတစ်ယောက် ဝန်မခံချင်လည်း ဝန်ခံရပေမည်။

ကွမ်းပင်းနယ်စား၏ မျက်ခွံများ မလှုပ်တော့ဘဲ မျက်နှာကြွက်သားများ တုန်ခါနေတော့သည်။ မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်နေပြီး ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

သို့သော် ကျန်းကျုံးကိုတော့ ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။

ကျန်းကျုံးသည် နောက်တစ်ကြိမ် ပြုံးပြီး လက်နှစ်ဖက်ယှက်ကာ "ကျွန်တော် လူလာပို့တာ ပြီးပါပြီ။ ပြန်ပါတော့မယ်။ အချိန်တွက်ကြည့်ရသလောက်ဆိုရင် ယွဲ့ဖုလည်း ပြန်ရောက်လောက်ပါပြီ။ ကွမ်းပင်းနယ်စား ပြောစရာရှိရင် ကျွန်တော်မျိုးကို ပြောပြလိုက်ပါ။ ယွဲ့ဖုဆီ ပြန်ရောက်ရင် ပြန်ပြောပြပေးပါ့မယ်"

ကွမ်းပင်းနယ်စား၏ မျက်လုံးထဲမှ ဒေါသမီးများသည် အပြင်သို့ပင် ထွက်ကျလာမတတ် ဖြစ်နေပြီး အေးစက်စွာ ရယ်မောလိုက်တော့သည်။ "တတိယမင်းသားက ငါ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တော်ကွ။ ရှင်းယန်ဝမ်က လမ်းတစ်ဝက်မှာ ဖြတ်လုသွားတာ ငါ့ကို လုံးဝ မျက်လုံးထဲ မထည့်တာပဲ"

"မင်း ပြန်သွားပြီး ရှင်းယန်ဝမ်ကို ပြောလိုက်။ တတိယမင်းသား ဆံပင်တစ်ချောင်း ပြတ်သွားတာနဲ့ အားလုံး သူ့တာဝန်ပဲလို့"

ပြောရင်းနှင့် ဆဲဆိုကြိမ်းမောင်းလိုက်လေသည်။

ဒေါသထွက်နေသော လူတစ်ယောက် အနေဖြင့် ရက်စက်ကြမ်းကြုတ်သော စကားအနည်းငယ်တော့ ပြောခွင့်ရှိပေသည်။

ကျန်းကျုံးသည် ကွမ်းပင်းနယ်စားနှင့် ဖက်ပြိုင်ငြင်းခုံမနေတော့ဘဲ သိမ်မွေ့စွာ ပြောလိုက်၏။ "ကွမ်းပင်းနယ်စားရဲ့ စကားတွေကို ကျွန်တော်မျိုး မှတ်သားထားပါတယ်။ ယွဲ့ဖုကို တစ်လုံးမကျန် ပြန်ပြောပြလိုက်ပါ့မယ်"

"တကယ်တော့ ကွမ်းပင်းနယ်စား စိတ်ပူစရာ မလိုပါဘူး။ တတိယမင်းသားလို ဧည့်သည်တော်မျိုးကို ကျွန်တော်တို့ ရှင်းယန်တပ် တစ်ခုလုံးက လုံးဝ ပေါ့ဆမှာ မဟုတ်ပါဘူး"

ကွမ်းပင်းနယ်စားသည် ဒေါသအထွတ်အထိပ် ရောက်နေပြီး ကျန်းကျုံးကို တစ်ချက်ကြည့်ကာ ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်လေသည်။ "ကျန်းကျုံး... မင်း သတ္တိ တော်တော်ကောင်းတာပဲ။ လူကို ကိုယ်တိုင် လာပို့ရဲတယ်။ ငါ မင်းကို ဖမ်းထားပြီး တတိယမင်းသားနဲ့ ပြန်လဲမယ်ဆိုတာ မင်း မကြောက်ဘူးလား"

"ရှင်းယန်ဝမ်က သမက်ကို အချစ်ဆုံးဆို။ မင်းက ရှင်းယန်ဝမ်ရဲ့ သမက်ကြီးပဲ။ ရှင်းယန်ဝမ်က တတိယမင်းသား တစ်ယောက်နဲ့ မင်းကို လဲဖို့ နှမြောနေမှာ မဟုတ်လောက်ပါဘူး"

စကားဆုံးသည်နှင့် ကွမ်းပင်းနယ်စား၏ အနောက်မှ ကိုယ်ရံတော်များသည် ကျန်းကျုံးတို့ကို ဝိုင်းထားလိုက်ကြလေသည်။

ကျန်းကျုံးသည် ကိုယ်ရံတော် နှစ်ရာ ခေါ်လာခဲ့သည်။ ထောင်ချီသော လူများ ဝိုင်းထားခြင်း ခံလိုက်ရသည်။

ကွမ်းပင်းနယ်စား၏ မျက်လုံးများ အေးစက်နေပြီး နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးများ ချိတ်ဆွဲထားလေသည်။

ကျန်းကျုံး၏ အနောက်မှ ကိုယ်ရံတော်များသည် လက်နက်များကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ကျန်းကျုံးကို အလယ်တွင် ထားကာ ကာကွယ်လိုက်ကြလေသည်။

ကျန်းကျုံးသည် လုံးဝ ထိတ်လန့်ခြင်း မရှိဘဲ မတ်မတ်ရပ်ကာ အေးဆေးစွာ ပြောလိုက်လေသည်။ "ကွမ်းပင်းနယ်စားကို အကြံပေးချင်တာက ဒီလို မိုက်မဲတဲ့ အကြံမျိုး မတွေးတာ ပိုကောင်းပါလိမ့်မယ်"

"ကျွန်တော်က ရှင်းယန်တပ်က ဒုတပ်မှူးတစ်ယောက်ပါ။ တတိယမင်းသားနဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမလဲ"

"ကွမ်းပင်းနယ်စားက ကျွန်တော့်ကို အတင်းအကြပ် ဖမ်းထားရင် ယွဲ့ဖုကို ဒေါသထွက်အောင် ဆွသလို ဖြစ်သွားလိမ့်မယ်။ ယွဲ့ဖု ဒေါသထွက်လာရင် ဘယ်သူမှ တားလို့မရဘူး။ အဲဒီကျရင် တပ်နှစ်တပ် ရန်ဖြစ်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကုန်ရင် မကောင်းပါဘူး"

ကွမ်းပင်းနယ်စားသည် အေးစက်စွာ ရယ်မောလိုက်ပြီး ညာလက်ကို ခါးကြားရှိ ဓားရိုးပေါ်သို့ တင်လိုက်လေသည်။ "မကောင်းဘူးဆိုတာ ဘာလဲဆိုတာ ငါ ဒီနေ့ သိချင်လိုက်တာကွာ"

ကျန်းကျုံး နောင်တရသည်၊ မရသည်၊ ကြောက်သည်၊ မကြောက်သည်ကို မည်သူမျှ မသိကြပေ။ မည်သို့ပင်ဆိုစေ သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု လုံးဝ မတွေ့ရပေ။

အချိန်အတော်ကြာ ထိပ်တိုက်ရင်ဆိုင်နေကြပြီး လေထုသည် ခဲသွားမတတ် ဖြစ်နေလေသည်။

ကွမ်းပင်းနယ်စား၏ အနောက်မှ လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး ကွမ်းပင်းနယ်စား၏ နားနားကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

...

အပိုင်း (၆၄၅) သားမက်နှင့် ယောက္ခမ (၁)

ကွမ်းပင်းနယ်စား၏ ဘေးနားတွင် ပေါ်လာသော သူသည် ကွမ်းပင်းနယ်စား၏ ညီဝမ်းကွဲ မုန့်ယောင် ဖြစ်သည်။ မုန့်ယောင်သည် စစ်တိုက်သည့် အရည်အချင်း သာမန်သာ ရှိသော်လည်း ဉာဏ်ရည်ထက်မြက်သူ ဖြစ်သဖြင့် ကွမ်းပင်းနယ်စား၏ ယုံကြည်အားထားခြင်းကို ခံရလေသည်။

ကွမ်းပင်းနယ်စား အလွန်အမင်း ဒေါသထွက်နေချိန်တွင် မုန့်ယောင် တစ်ယောက်တည်းသာ သူ့ကို ဖျောင်းဖျနိုင်သည်။

"ဟိုရယ် စိတ်လျှော့ပါ။ ကျွန်တော့်စကားကို နားထောင်ပါဦး။ ဟိုရယ်က တတိယမင်းသားကို ကယ်ဖို့ စစ်တပ်သုံးလိုက်တာကို သမက်ကို ချစ်လို့ပါလို့ ပြောပြီး အရှင်မင်းကြီးဆီမှာ ဖြေရှင်းချက်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ကျန်းကျုံးကို ထိခိုက်လိုက်ရင်တော့ အရှင်မင်းကြီးကို ဘယ်လို ဖြေရှင်းချက်ပေးမလဲ။ ရှင်းယန်ဝမ်ကိုရော ဘယ်လို ဖြေရှင်းချက်ပေးမလဲ"

ကျန်းကျုံးသည် တရားဝင် ခန့်အပ်ထားသော စစ်သူကြီးဖြစ်ပြီး ရှင်းယန်တပ်မှ လူဖြစ်သည်။

ယနေ့ လက်ပါမိလိုက်သည်နှင့် ရှင်းယန်တပ်နှင့် ဗြောင်ကျကျ ရန်ဖြစ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

နောက်ဆုံး စကားနှစ်ခွန်းကို မုန့်ယောင် ဖွင့်မပြောခဲ့သော်လည်း စိုးရိမ်ပူပန်သော လေသံတွင် အထင်းသား ပေါ်နေလေသည်။

ဒေါသထွက်နေသော ကွမ်းပင်းနယ်စားသည် ထိုစကားအနည်းငယ်ကြောင့် အနည်းငယ် စိတ်အေးသွားလေသည်။

ယခုအချိန်သည် ရန်ဖြစ်ရမည့်အချိန် မဟုတ်သေးပေ။ သူ လိုချင်သည်မှာ တတိယမင်းသားကို အသုံးချပြီး ထီးနန်းအာဏာကို ရယူရန် ဖြစ်သည်။ ဤနည်းလမ်းသည် ပုန်ကန်ခြင်းထက် ပိုမို စိတ်ချရသည်။ ထို့အပြင် ရှင်းယန်တပ်နှင့် တကယ်တိုက်ခိုက်ကြလျှင် မည်သူနိုင်မည်၊ မည်သူရှုံးမည်ကို ပြောပြ၍ မရနိုင်ပေ။

ကွမ်းပင်းနယ်စား၏ မျက်နှာထား လျော့ကျသွားသည်ကို မြင်သောအခါ မုန့်ယောင်က လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်လေသည်။ "သူ့ကို ပြန်လွှတ်ပေးလိုက်တာ ပိုကောင်းပါတယ်။ တတိယမင်းသားက ရှင်းယန်တပ်စခန်းထဲမှာ ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ပါဘူး။ ဟိုရယ် စိတ်ချပါ"

ကွမ်းပင်းနယ်စားသည် လေပူများကို မှုတ်ထုတ်လိုက်ပြီး ညာလက်ကို ဖယ်လိုက်ကာ အေးစက်စွာ ပြောလိုက်လေသည်။ "စောစောက တပ်မှူးကျန်းနဲ့ စနောက်လိုက်တာပါ။ တပ်မှူးကျန်း ကြောက်ပြီး ခြေထောက်ပျော့မသွားပါဘူးနော်"

ကျန်းကျုံးသည် တကယ်ပင် သတ္တိကောင်းသူ ဖြစ်ကာ မျက်နှာမပျက်ဘဲ ပြုံးလိုက်၏။ "ကွမ်းပင်းနယ်စားက တကယ် ဟာသဉာဏ်ရွှင်တာပဲ။ ကျွန်တော်မျိုး ဒီမှာ မတ်မတ်ရပ်နေတာပဲလေ" ထို့နောက် လက်နှစ်ဖက်ကို ယှက်လိုက်လေသည်။ "ကိုယ်ရံတော်တွေကို လာပို့တာ ပြီးပါပြီ။ ကျွန်တော်မျိုး တပ်စခန်းပြန်ပြီး ယွဲ့ဖုဆီ သတင်းပို့လိုက်ပါဦးမယ်။ သွားခွင့်ပြုပါဦး"

ကွမ်းပင်းနယ်စားသည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ပြည့်နှက်နေ၏။ "တပ်မှူးကျန်းအတွက် လမ်းဖယ်ပေးလိုက်ကြ"

အမိန့်သံ ပေါ်ထွက်လာသည်နှင့် ကိုယ်ရံတော်များသည် လမ်းဖယ်ပေးလိုက်ကြလေသည်။

လူတိုင်းသည် ကျန်းကျုံးကို စူးစူးရဲရဲ စိုက်ကြည့်နေကြပြီး ဓားကို ဆွဲထုတ်ကာ သတ်ဖြတ်ရန် အသင့်ဖြစ်နေသကဲ့သို့ပင်။

ကျန်းကျုံးကလည်း လောမကြီးဘဲ လူအုပ်ကြားမှ ဖြတ်လျှောက်သွားလိုက်သည်။ ကွမ်းပင်းနယ်စား၏ မြင်ကွင်းမှ ပျောက်ကွယ်သွားမှသာ ခြေလှမ်းများကို မြှင့်လိုက်ပြီး မြင်းပေါ်သို့ အလျင်အမြန် ခုန်တက်ကာ ဒုန်းစိုင်း ထွက်ခွာသွားလေတော့သည်။

အနောက်မှ ကိုယ်ရံတော် နှစ်ရာသည်လည်း ချွေးစေးများ ပြန်နေကြပြီး မြင်းများကို မောင်းနှင်ကာ လိုက်ပါသွားကြလေသည်။

...

မိုးမချုပ်ခင်တွင် ကျန်းကျုံးနှင့်အဖွဲ့သည် ရှင်းယန်တပ်စခန်းသို့ ပြန်ရောက်လာကြလေသည်။

အဝေးမှ လှမ်းကြည့်လိုက်သည်နှင့် ရှင်းယန်တပ်၏ အလံကို မြင်လိုက်ရသဖြင့် ကျန်းကျုံးသည် မျက်ရည်ကျမတတ် စိတ်လှုပ်ရှားသွားတော့၏။ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသည်မှာ ယောက္ခမ လုလင်း ကိုယ်တိုင် ထွက်ကြိုနေခြင်းပင်။

ယောက္ခမက သူ့ကို အချစ်ဆုံးပဲ။

ကျန်းကျုံးသည် မြင်းပေါ်မှဆင်းပြီး ရှေ့သို့ အလျင်အမြန် တိုးသွားလေသည်။ စကားတစ်ခွန်းမျှ မပြောရသေးခင်မှာပင် လုလင်း၏ ကန်ကျောက်ခြင်းကို ခံလိုက်ရလေသည်။ "သောက်ကောင်စုတ်လေး... ဘယ်သူက မင်းကို မုန့်မိသားစုတပ်စခန်းဆီ ကိုယ်တိုင် သွားခိုင်းလို့လဲ"

"ငါ မင်းကို ပုံမှန် ဘယ်လို သင်ပေးထားလဲ။ မင်းက ပါးစပ်အရသာခံဖို့အတွက်နဲ့ ကွမ်းပင်းနယ်စားရှေ့ သွားရဲတယ်ပေါ့။ ကွမ်းပင်းနယ်စား ဒေါသထွက်ပြီး မင်းကို အပြစ်ပေးမှာ မကြောက်ဘူးလား။ သွားပြီးရင် ပြန်မလာနိုင်တော့မှာ မကြောက်ဘူးလား"

လုလင်းသည် စစ်တပ်ကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်သော်လည်း သီးသန့်အချိန်တွင် သဘောကောင်းပြီး ဟာသဉာဏ်ရွှင်လေသည်။ သားသမီးများကို ချစ်ခင်သလို သားမက်များကိုလည်း ကောင်းမွန်စွာ ဆက်ဆံသည်။ ကျန်းကျုံးသည် ငယ်စဉ်ကတည်းက သူ့လက်ပေါ်တွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် သားမက်နှင့် ယောက္ခမ ဆက်ဆံရေးသည် သားအဖအရင်းကဲ့သို့ နက်ရှိုင်းလှသည်။

သာမန်အချိန်တွင် လုလင်းသည် ကျန်းကျုံးကို အသံကျယ်ကျယ်နှင့်ပင် ပြောခဲလေသည်။ ယခုကဲ့သို့ ဒေါသတကြီး ကန်ကျောက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။

လုလင်း အမှန်တကယ် ဒေါသထွက်နေကြောင်း သိသာလှသည်။

ကျန်းကျုံးသည် နာကျင်သွားသော်လည်း အော်ဟစ်မညည်းညူရဲဘဲ ခေါင်းငုံ့ကာ အပြစ်ဝန်ခံလိုက်၏။ "ယွဲ့ဖု... ကျွန်တော် မှားသွားပါတယ်"

လုလင်းသည် တစ်ချက်ကန်လိုက်ရုံဖြင့် အားမရသေးဘဲ လက်ကိုဆန့်ကာ ကျန်းကျုံး၏ ခေါင်းကို ရိုက်လိုက်ပြန်သည်။ "မှားမှန်းသိရဲ့သားနဲ့ သွားသေးတယ်"

ကျန်းကျုံးသည် နာကျင်သွားပြီး သွားများကို စေ့ကာ လေပူများ ရှူသွင်းလိုက်မိသည်။ ထို့နောက် အလျင်အမြန် ပြုံးကာ ပြောလိုက်လေသည်။ "ယွဲ့ဖု စိတ်မဆိုးပါနဲ့။ ကျွန်တော်က လူငယ်စိတ်နဲ့ ကွမ်းပင်းနယ်စား ဒေါသထွက်နေတဲ့ ပုံစံကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်လို့ သွားလိုက်တာပါ။ သိပ်မစဉ်းစားမိဘဲ လူခေါ်ပြီး သွားလိုက်မိတာ။ ကွမ်းပင်းနယ်စား တကယ် ရန်ရှာမယ်လို့ မထင်ထားဘူး။ နောက်ဆိုရင် သေချာစဉ်းစားပြီးမှ လုပ်ပါ့မယ်။ ဘယ်တော့မှ စိတ်မြန်လက်မြန် မလုပ်တော့ပါဘူး။ ယွဲ့ဖု စိတ်လျှော့ပါ"

လုလင်းက မျက်စောင်းထိုးလိုက်ကာ "စကားတတ်မနေနဲ့။ ငါ့နောက်လိုက်ခဲ့။ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေ အကုန်ပြောပြ"

လုလင်းသည် သူ၏ ကိုယ်ပိုင်စစ်တဲကို တတိယမင်းသား လီဟောက်အား "ဖယ်ပေး" ထားလေသည်။ မလှမ်းမကမ်းတွင် အခြားစစ်တဲတစ်ခု ထပ်မံ ဆောက်လုပ်ထားလိုက်သည်။

ကျန်းကျုံးသည် ယောက္ခမ၏ အနောက်သို့ ခေါင်းငိုက်စိုက်ချကာ လိုက်ပါသွားပြီး ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်၏။

လုလင်းသည် မကြာမီ ဒေါသပြေသွားပြီး မျက်နှာထား လေးနက်သွားကာ "တကယ်လို့ ကွမ်းပင်းနယ်စားက မင်းကို တကယ် လက်ပါခဲ့ရင် ငါ လုံးဝ သည်းခံမှာ မဟုတ်ဘူး။ သူက ဒီဒေါသကို မျိုချလိုက်နိုင်တယ်ဆိုတော့ သူ့ရဲ့ ရည်မှန်းချက်က မသေးလှဘူး"

ကျန်းကျုံးသည် မျက်မှောင်ကြုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "ယွဲ့ဖု ဆိုလိုတာက ကွမ်းပင်းနယ်စားက ပုန်ကန်ချင်နေတာလား"

လုလင်းက အေးစက်စွာ ရယ်မောလိုက်လေသည်။ "သူ တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို ဝင်စီးပြီး လီဟောက်ကို လုသွားတာ လီဟောက်ကို အသုံးချပြီး အာဏာလုချင်လို့ပဲ။ မဟုတ်ရင် သူက သမက်ကို တကယ် ချစ်လို့ ဒီလိုလုပ်တယ်လို့ မင်း ထင်နေလား"

ကျန်းကျုံးကလည်း ချက်ချင်း ပြောလိုက်သည်။ "သမက်ကို ချစ်တဲ့နေရာမှာတော့ ယွဲ့ဖုရဲ့ ခြေဖျားတောင် မမီပါဘူး"

လုလင်းသည် မြှောက်ပင့်စကားကြောင့် သဘောကျသွားပြီး ပြုံးကာ မျက်စောင်းထိုးလိုက်၏။ "ငါ့အထင် စကားတတ်တဲ့နေရာမှာ မင်းကို ဘယ်သူမှ မမီဘူး"

ကျန်းကျုံးက သွားဖြဲပြီး ပြုံးလိုက်လေသည်။

လုလင်းသည် ယနေ့ နန်းတော်ထဲ သွားရောက်ခဲ့သည့် အကြောင်းအရာကို သားမက်ကြီးအား ပြောပြလိုက်လေသည်။ "... အရှင်မင်းကြီးက တတိယမင်းသားအကြောင်း မပြောဘူးဆိုတော့ တတိယမင်းသားကို တပ်စခန်းထဲမှာ ထားဖို့ သဘောတူတယ်လို့ ယူဆရတယ်။ အရှင်မင်းကြီးက မကြာခင် အမိန့်ထုတ်ပြီး ထိုက်ဇီကို မြို့တော်ပြန်ခိုင်းတော့မယ်။ လုဖေးကတော့ ကျန်းနန်မှာ ဆက်နေပြီး အခြေအနေကို ထိန်းသိမ်းရလိမ့်မယ်"

ကျန်းကျုံး့ မျက်မှောင်ကြုတ်လိုက်၏။ "ဒုတိယညီလေးက စစ်သည်ငါးသောင်းနဲ့ ကျန်းနန်ကို ရောက်သွားတာလေ။ အခု ကျန်းနန်မှာ ဆက်နေရမယ်ဆိုတော့ ဘယ်တော့မှ ပြန်လာရမှာလဲ"

လုလင်းက ကျန်းကျုံးကို ကြည့်လိုက်ကာ "အဲဒါကတော့ အရှင်မင်းကြီးရဲ့ သဘောပဲ"

ကျန်းကျုံး "..."

ကျန်းကျုံး သေချာ စဉ်းစားလိုက်သောအခါ သဘောပေါက်သွားပြီး မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာလေသည်။

ယုံးကျားဧကရာဇ်က ရှင်းယန်တပ်ကို သတိထားနေတာပဲ!

"ကျွန်တော်တို့ ရှင်းယန်တပ်က သာ့ဝေတိုင်းပြည်အတွက် အသက်ပေးပြီး တိုက်ခိုက်ခဲ့တာ။ အရှင်မင်းကြီးအပေါ် သစ္စာရှိခဲ့တာ။ စစ်မေ့က ထိုက်ဇီနဲ့ လက်ထပ်ပြီး ထိုက်ဇီဖေး ဖြစ်နေတာတောင် အရှင်မင်းကြီးက ကျွန်တော်တို့ကို သံသယ ဝင်နေတုန်းလား"

သံသယစိတ်က သိပ်များလွန်းအားကြီးတယ်။

လုလင်းက အေးဆေးစွာ ပြောလိုက်၏။ "လုမိသားစု အင်အားကြီးမားနေလို့ အရှင်မင်းကြီး စိတ်မချ ဖြစ်နေတာ။ ထိုက်ဇီကလည်း ဒဏ်ရာရထားတယ်။ ရှောင်ယွိက ထိုက်ဇီဖေး တစ်ယောက်အနေနဲ့ နန်းတော်ထဲမှာ အရှိန်အဝါ ကြီးမားနေတယ်။ လှုပ်ရှားလိုက်တာနဲ့ အခြေအနေကို ပြောင်းလဲနိုင်တဲ့ အရည်အချင်း ရှိတယ်။ အရှင်မင်းကြီးက နောင်တစ်ချိန် တိုင်းပြည်အုပ်ချုပ်မင်းလုပ်မယ့်သူက လုမျိုးနွယ် ဖြစ်သွားမှာ စိုးရိမ်နေတာ"

ဆက်ပြောလျှင် ဆဲဆိုကြိမ်းမောင်းမိတော့မည်။

ကျန်းကျုံးသည် မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လုပ်တော့သည်။

လုလင်းက သက်ပြင်းချလိုက်ပြီး "ဒီနေ့ကစပြီး ငါတို့ ပိုသတိထားရမယ်။ ရှောင်ယွိနဲ့ ထိုက်ဇီကို ဒုက္ခမရောက်စေနဲ့"

ကျန်းကျုံးက ခေါင်းညိတ်လက်ခံလိုက်လေသည်။

လုလင်းက မတ်တပ်ထရပ်လိုက်ပြီး "ငါ တတိယမင်းသားကို သွားကြည့်လိုက်ဦးမယ်"

"ကျွန်တော် ယွဲ့ဖုနဲ့အတူ လိုက်ခဲ့မယ်" ကျန်းကျုံးက ချက်ချင်း ပြောလိုက်လေသည်။

လုလင်းသည် အပျော်ကြိုက်သော သားမက်ကြီးကို တစ်ချက်ကြည့်လိုက်သော်လည်း မငြင်းဆန်ခဲ့ပေ။

သားမက်လေးယောက်တွင် တစ်ယောက်တစ်မျိုးစီ စိတ်သဘောထား ကွဲပြားကြလေသည်။ ကျိုးလီနှင့် လီယန်တို့သည် ကျန်းနန်တွင် ထိုက်ဇီ၏ အနောက်သို့ လိုက်ပါသွားကြသဖြင့် ပြောစရာ မလိုပေ။ သူ့ဘေးနားတွင် တစ်နေကုန် ရှိနေသူမှာ သားမက်ကြီး ကျန်းကျုံး ဖြစ်လေသည်။ ကိုယ်ပိုင်ဆန္ဒအရ ပြောရလျှင် လုလင်းသည် သားမက်ကြီးကို အချစ်ဆုံး ဖြစ်လေသည်။ ကျန်းကျုံးတွင် အပြစ်ကြီးကြီးမားမား မရှိပေ။ နည်းနည်း စပ်စုတတ်ပြီး အပျော်ကြိုက်သည်သာ ရှိသည်။

ကိုယ့်သမက်ပဲ... သည်းခံနိုင်ရင် သည်းခံပေးလိုက်တာပေါ့။

သားမက်နှင့် ယောက္ခမ နှစ်ဦးသား လီဟောက် ရှိနေသော စစ်တဲသို့ အတူတကွ သွားရောက်လိုက်ကြသည်။

စစ်တဲအပြင်ဘက်တွင် စစ်သည် တစ်ရာကျော် စောင့်ကြပ်နေကြလေသည်။ စစ်တဲအတွင်း၌လည်း ဆယ်ယောက်ကျော် ရှိနေသည်။ ရှင်းယန်တပ်မှ စစ်သည်များသည် သတ္တိရှိပြီး ရဲရင့်သူများအဖြစ် နာမည်ကြီးကြသည်။ တစ်ယောက်ချင်းစီတိုင်းသည် အရပ်ရှည်ပြီး သန်မာထွားကျိုင်းကာ လက်နက်များကို ကိုင်ဆောင်ထားပြီး မျက်လုံးများက စူးရှထက်မြက်နေကြသည်။

လီဟောက်သည် စစ်သည်များ ဝိုင်းရံကြည့်ရှုနေသည့်ကြားတွင် ထိုင်နေသော်လည်း ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိဘဲ စစ်ရေးကျမ်းတစ်အုပ်ကို ဖတ်ရှုကာ အချိန်ကုန်ဆုံးနေလေသည်။

ဤကဲ့သို့ တည်ငြိမ်မှု၊ ဤကဲ့သို့ နက်ရှိုင်းမှုသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

...

All Chapters