အခန်း (၆၄၉-၆၅၁)
Vol. 44 Ch. 649-651
အပိုင်း (၆၄၉) ရုန်းကန်လှုပ်ရှားမှု (၂)
ဖူယန်မြို့စားကတော်သည် ရှို့နဉ်နန်းဆောင်တွင် နေ့လယ်စာစားပြီးနောက် နန်းတော်မှ ထွက်ခွာသွားလေသည်။
မယ်တော်ကြီးကျောက်သည် နေ့လယ်စာစားပြီးနောက် အိပ်မနေတော့ဘဲ နန်းတွင်းအပျိုတော်များကို တွဲကူခိုင်းကာ ဝမ်ဟွားနန်းဆောင်သို့ သွားရောက်လိုက်၏။
မယ်တော်ကြီးကျောက်၏ ကျန်းမာရေးသည် ယခင်က ကောင်းမွန်ခဲ့သည်။ သို့သော် ယုံးကျားဧကရာဇ် လဲကျသွားပြီးနောက် မယ်တော်ကြီးကျောက်သည် စိုးရိမ်ပူပန်ပြီး အစားမဝင် အိပ်မပျော်ဖြစ်ကာ လျင်မြန်စွာ အိုစာသွားခဲ့သည်။ လမ်းလျှောက်လျှင်ပင် နန်းတွင်းအပျိုတော်များက တွဲထူပေးရန် လိုအပ်နေပြီး ဆံပင်ဖြူများသည်လည်း တုန်ယင်နေလေသည်။
ယုံးကျားဧကရာဇ်သည် နဂါးကုတင်ပေါ်တွင် လဲလျောင်းနေရပြီး မလှုပ်ရှားနိုင်သော သူ၏ သနားစဖွယ် အခြေအနေကို မယ်တော်ကြီးကျောက်တစ်ဦးတည်းကိုသာ မြင်တွေ့ခွင့်ပြုလေသည်။
တကယ်တမ်းတွင် ယုံးကျားဧကရာဇ်သည် မိခင်အရင်းကိုပင် သိပ်မတွေ့ချင်ပေ။ သို့သော် မယ်တော်ကြီးကျောက်က ဇွတ်အတင်း လာတွေ့သဖြင့် မိခင်အရင်းကို တံခါးပိတ် မောင်းထုတ်၍ မရနိုင်ပေ။ ထို့ကြောင့် နေ့စဉ် တစ်နာရီခန့် သည်းခံနေရလေသည်။
ကုတင်ပေါ်တွင် လဲလျောင်းနေရပြီး မလှုပ်ရှားနိုင်သည့်အပြင် မိခင်ဖြစ်သူ၏ "သားရေ... နောက်ဆို သားက ကုတင်ပေါ်က မဆင်းနိုင်တော့ဘူး။ ညီလာခံလည်း မတက်နိုင်တော့ဘူး။ ဘယ်လိုလုပ်မလဲ" ဟူသော ငိုချင်းကိုလည်း နားထောင်နေရပြီး ထိုအရသာကို ယုံးကျားဧကရာဇ် ကိုယ်တိုင်သာ အသိဆုံးပင်။
ယနေ့တွင် မယ်တော်ကြီးကျောက်သည် မငိုဘဲ ကုတင်ဘေးတွင် ထိုင်ကာ ဖူယန်မြို့စားအကြောင်း တတွတ်တွတ် ပြောနေလေသည်။
ယုံးကျားဧကရာဇ်သည် ခဏနားထောင်ပြီးနောက် တစ်ခုခု လွဲနေသည်ကို သတိထားမိလိုက်သည်။ မျက်မှောင်ကြုတ်ကာ မယ်တော်ကြီးကျောက်ကို ကြည့်ပြီး အသံအနည်းငယ် မာလျက် မေးလိုက်လေသည်။ "မူဟုပ်... ဒီနေ့ ဖူယန်မြို့စားကတော် နန်းတော်ထဲ ဝင်လာသေးလား"
ယုံးကျားဧကရာဇ်၏ စကားပြောနှုန်းသည် နှေးကွေးပြီး ပြောရသည်မှာ အားစိုက်နေရသည်။ ယခင်ကကဲ့သို့ ချောမွေ့ခြင်း မရှိပေ။
မယ်တော်ကြီးကျောက်သည် သားဖြစ်သူ မကျေမနပ်ဖြစ်နေသည်ကို သတိမထားမိဘဲ "ဟုတ်တယ်... မင်းရဲ့ ဝမ်းကွဲညီလေးက တစ်နေ့ကုန် မင်းရဲ့ ကျန်းမာရေးကို စိတ်ပူနေတာ။ သူကိုယ်တိုင်က တပ်စခန်းက ထွက်လို့မရဘူး။ နန်းတော်ထဲဝင်ပြီး လာမတွေ့နိုင်ဘူး။ ဒါကြောင့် မိန်းမကိုပဲ လွှတ်လိုက်ရတာ"
"ကွမ်းပင်းနယ်စားနဲ့ ရှင်းယန်ဝမ်က လူကောင်းတွေ မဟုတ်ဘူး။ မင်း သံသယဝင်ပြီး သတိထားတာ လက်ခံလို့ ရတယ်။ ဒါပေမဲ့ ဖူယန်မြို့စားက အိုက်ကျားရဲ့ တူအရင်း၊ မင်းရဲ့ ညီအစ်ကိုဝမ်းကွဲအရင်းလေ။ ဒီလောက်နှစ်တွေအကြာကြီး မင်းပြောသမျှ နာခံပြီး သစ္စာအရှိဆုံး နေလာခဲ့တာ"
"မင်း သူ့ကို ဘာမယုံစရာ ရှိလို့လဲ။ အမိန့်မြန်မြန်ထုတ်ပြီး သူ့ကို မြို့တော်ပြန်ခေါ်လိုက်စမ်းပါ။ အိုက်ကျားလည်း သူနဲ့ မတွေ့ရတာ ကြာပြီ။ တကယ် လွမ်းနေပြီ"
ယုံးကျားဧကရာဇ်၏ မျက်လုံးထဲတွင် ဒေါသများ တဖြည်းဖြည်း စုဝေးလာပြီး တစ်လုံးချင်းစီ မေးလိုက်လေသည်။ "ဖူယန်မြို့စားက နန်းတော်ထဲ ဝင်ပြီး ဘာလုပ်ချင်လို့လဲ"
မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ် မကျေမနပ် ဖြစ်နေသည်ကို သိရှိသွားပြီး အနည်းငယ် စိတ်ဆိုးသွားလေသည်။ "သူက နန်းတော်ထဲ ဝင်ပြီး ဘာလုပ်မှာမို့လို့လဲ။ မင်းကို စိတ်မချလို့ ကိုယ်တိုင် လာကြည့်ချင်တာပေါ့"
"မင်းက သူ့ကိုတောင် မယုံဘူး။ လျန်ကျန်းကိုကျတော့ ယုံလိုက်တာ။ ဒီရက်ပိုင်း မင်းက တာဝန်မှန်သမျှ လျန်ကျန်းကိုပဲ ပေးနေတာ။ လျန်ကျန်း ဖောက်ပြန်မှာ မင်း မကြောက်ဘူးလား"
ယုံးကျားဧကရာဇ် "..."
စစ်သူကြီးလျန်သည် ပိတ်ကားအပြင်ဘက်တွင် စောင့်ကြပ်နေလေသည်။
မယ်တော်ကြီးကျောက်က ဒီလိုစကားမျိုး ဘယ်လိုလုပ် ပြောထွက်ရတာလဲ။
မျှော်လင့်ထားသည့်အတိုင်း စစ်သူကြီးလျန်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် ကြောက်ရွံ့တုန်လှုပ်စွာ ဒူးထောက်လိုက်လေသည်။ "ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ခံစားနေရသူပါ။ အရှင်မင်းကြီးအပေါ် သစ္စာရှိပါတယ်။ မယ်တော်ကြီး ဒီလိုစကားမျိုး ပြောတာ ကျွန်တော်မျိုး တကယ် ကြောက်ပါတယ်"
ထိုအခါမှ မယ်တော်ကြီးကျောက်သည် မိမိစကားလွန်သွားမှန်း သတိထားမိပြီး အနည်းငယ် ရှက်သွားတော့သည်။
စစ်သူကြီးလျန်သည် (၁၂)နှစ်သားအရွယ်ကတည်းက ယုံးကျားဧကရာဇ်၏ ကိုယ်ရံတော် ဖြစ်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း (၃၀)ကျော် ရှိလေပြီ။ တာဝန်ထမ်းဆောင်ရာတွင် အမှားအယွင်း မရှိခဲ့ပေ။ သူမ စောစောက ပြောလိုက်သည်မှာ အနည်းငယ် လွန်သွားခဲ့လေသည်။
"အိုက်ကျားက ပါးစပ်ထဲ ရှိတာ ပြောလိုက်တာပါ။ စိတ်ထဲ မထားပါနဲ့" မယ်တော်ကြီးကျောက်သည် ချောင်းဟန့်လိုက်ပြီး သူမ၏ အမှားကို ပြန်လည်ပြင်ဆင်ရန် ကြိုးစားလိုက်၏။
ယုံးကျားဧကရာဇ်သည် လက်မြှောက်ပြီး နဖူးကို နှိပ်နယ်ရန်ပင် အားမရှိတော့သဖြင့် ပြောလိုက်ရလေသည်။ "လျန်ကျန်း... ကျန်းနဲ့ မယ်တော်ကြီး စကားပြောမလို့။ မင်း ခဏ ထွက်နေလိုက်"
စစ်သူကြီးလျန်သည် အမိန့်ကို နာခံပြီး ထွက်ခွာသွား၏။
ယုံးကျားဧကရာဇ်သည် လေပူများကို အားကုန် မှုတ်ထုတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။ "မူဟုပ်... ကျန်း အခုလို ဖြစ်နေတော့ မကာကွယ်လို့ မရဘူး။ ဖူယန်မြို့စားကို တပ်စခန်းထဲမှာပဲ ဆက်နေခိုင်းလိုက်ပါ။ ကွမ်းပင်းနယ်စားနဲ့ ရှင်းယန်ဝမ်လည်း အတူတူပါပဲ"
မယ်တော်ကြီးကျောက်သည် သားဖြစ်သူ ဒေါသထွက်နေသည်ကို မြင်သောအခါ အနည်းငယ် တွန့်ဆုတ်သွားလေသည်။ "အိုက်ကျားလည်း တွေးမိလို့ပါ။ ဖူယန်မြို့စား နန်းတော်ထဲ ရောက်လာရင် မင်းအတွက် အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်မယ်လေ။ နန်းတော်ရဲ့ လုံခြုံရေးက လျန်ကျန်း လက်ထဲမှာ ရှိနေတာ။ တကယ်လို့... အိုက်ကျား ပြောတာ တကယ်လို့ပါ... တစ်ခုခု ဖြစ်လာရင် လျန်ကျန်းကို ထိန်းချုပ်နိုင်မယ့်သူ တစ်ယောက်မှ မရှိဘူး"
မယ်တော်ကြီးကျောက်က အာဏာဟန်ချက်ညီမှုကို နားလည်နေသေးတာပဲ။
ယုံးကျားဧကရာဇ်သည် မည်သို့သော မျက်နှာထားမျိုး လုပ်ရမှန်း မသိတော့ဘဲ အချိန်အတော်ကြာမှ စကားလုံးအနည်းငယ် ညှစ်ထုတ်လိုက်လေသည်။ "လုရှီ ရှိတယ်လေ"
လုမင်ယွိအကြောင်း ပြောလိုက်သည်နှင့် မယ်တော်ကြီးကျောက် ပြောစရာ မရှိတော့ပေ။ တိုးတိုးလေး ညည်းညူလိုက်လေသည်။ "ဒီ လုရှီကလည်း အရမ်း တော်လွန်းတယ်။ သူ့နောက်မှာ လုမိသားစု ရှိတယ်။ ရှင်းယန်တပ်သား တစ်သိန်း ရှိတယ်။ ထိုက်ဇီကလည်း သူ့စကား နားထောင်တယ်။ အရှင်မင်းကြီးက လုမိသားစု အင်အားကြီးလာပြီး နောက်ပိုင်း တိုင်းပြည်ကို လုမိသားစုက အုပ်ချုပ်သွားမှာ မပူဘူးလား"
ယုံးကျားဧကရာဇ် "..."
မယ်တော်ကြီးကျောက်သည် ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦးပင်။
တစ်ခါတစ်ရံတွင် ရှုပ်ထွေးနေပြီး ကျောက်မိသားစုဝင်များ ပြောသမျှကို ယုံကြည်တတ်သည်။
တစ်ခါတစ်ရံတွင် အလွန် ရှင်းလင်းပြတ်သားသော စကားလုံးများ ထွက်ပေါ်လာတတ်သည်။
ယုံးကျားဧကရာဇ်သည် နှလုံးသားကို ထိုးနှက်ခံလိုက်ရသဖြင့် ခေတ္တမျှ တိတ်ဆိတ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကျန်း ကွမ်းပင်းနယ်စားကို ထားထားတာ လုမိသားစုကို ထိန်းချုပ်ဖို့ပဲ"
မယ်တော်ကြီးကျောက်က ချက်ချင်း ပြောလိုက်လေသည်။ "ကွမ်းပင်းနယ်စားက ဖူယန်မြို့စားလောက် ဘယ်သစ္စာရှိမလဲ"
ယုံးကျားဧကရာဇ်သည် ရှုပ်ထွေးသော မျက်လုံးများဖြင့် မယ်တော်ကြီးကျောက်ကို ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်လေသည်။ "ကျန်းသာ ရုတ်တရက် မျက်လုံးမှိတ်သွားရင် ဖူယန်မြို့စားက စတုတ္ထမင်းသားကို ထောက်ခံလိမ့်မယ်။ အဲဒီကျရင် မူဟုပ် ဘယ်လိုလုပ်မလဲ"
မယ်တော်ကြီးကျောက်သည် ကြောင်အသွားပြီး လွှတ်ခနဲ ထွက်သွားတော့၏။ "ထိုက်ဇီ ရှိနေတာပဲ။ ဘာလို့ ရှောင်စစ်(စတုတ္ထမင်းသား)ဆီ ရောက်သွားရတာလဲ။ ဒါက ကျောက်မိသားစုနဲ့ ဘာဆိုင်လို့လဲ" ဟု ဗလောင်ပေါက်
မယ်တော်ကြီးကျောက်သည် စတုတ္ထမင်းသားကို အချစ်ဆုံးဖြစ်သော်လည်း ထိုက်ဇီ လီကျင့်ကိုလည်း ချစ်ခင်လေသည်။ စတုတ္ထမင်းသားကို နန်းတင်ရန် မည်သည့်အခါမှ မတွေးခဲ့ဖူးပေ။
ယုံးကျားဧကရာဇ်သည် ဝမ်းသာရမလား၊ ဝမ်းနည်းရမလား မသိတော့ပေ။ အချိန်အတော်ကြာမှ ပြောလိုက်လေသည်။ "ဒီကိစ္စတွေကို မူဟုပ် စိတ်ပူစရာ မလိုပါဘူး။ ထိုက်ဇီ မကြာခင် မြို့တော် ပြန်ရောက်လာတော့မှာပါ။ ဒီကိစ္စတွေကို နောက်ပိုင်း ထိုက်ဇီကိုပဲ လွှဲပေးလိုက်ပါတော့မယ်"
...
ထိုက်ဇီ မကြာမီ မြို့တော်သို့ ပြန်လာတော့မည့်သတင်းသည် တိုင်းပြည်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
မူလက စိုးရိမ်ပူပန်နေကြသော မြို့တော်ပြည်သူများသည် သက်ပြင်းချလိုက်ကြလေသည်။ "တကယ် ကောင်းတာပဲ။ ထိုက်ဇီ အရှင်မင်းသား ပြန်လာတော့မယ်"
"ထိုက်ဇီ အရှင်မင်းသားနဲ့ ထိုက်ဇီဖေး ညန်ညန် ရှိနေရင် သာ့ဝေတိုင်းပြည်က မငြိမ်မသက် ဖြစ်မှာ မဟုတ်ဘူး"
"ဟုတ်တယ်။ အားလုံး လူစုခွဲကြ။ လုပ်စရာရှိတာ သွားလုပ်ကြ"
မူးမတ်များပင်လျှင် ထိုက်ဇီ ပြန်လာတော့မည်ကို သိရှိလိုက်ရသဖြင့် စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားကြလေသည်။
အရှင်မင်းကြီး မစွမ်းဆောင်နိုင်တော့ရင်တောင် ထိုက်ဇီ အရှင်မင်းသား ရှိနေသေးတာပဲ!
စတုတ္ထမင်းသားကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။ "ကောင်းလိုက်တာ။ အာ့ကော ပြန်လာတော့မယ်"
ပထမမင်းသားသည် စတုတ္ထမင်းသားကို မျက်စောင်းထိုးလိုက်ပြီး လှောင်ပြောင်သရော်လိုက်လေသည်။ "ထိုက်ဇီ ပြန်လာမှ သူ့မျက်နှာချင်းဆိုင် ပြောလိုက်။ ငါ့ရှေ့မှာ လာပြောနေတော့ ငါက မင်းအစား စကားသွားပြန်ပြောပေးရမှာလား။ မင်း ဖားနေတာတွေ အလကား ဖြစ်ကုန်မှာပေါ့"
ပဥ္စမမင်းသားကို မြေချပြီးနောက် ကွမ်းပင်းနယ်စားက ရှေ့တော်မှောက် အကျဉ်းထောင်ကို ဝင်စီးသည့် ပြဿနာ ဖြစ်ပွားခဲ့သည်။ ထို့နောက် လီဟောက်သည် ရှင်းယန်ဝမ်၏ "ဖိတ်ခေါ်မှု" ဖြင့် ရှင်းယန်တပ်စခန်းသို့ ရောက်ရှိသွားခဲ့သည်။
ကိစ္စများ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေလေသည်။
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည် သံသယ ကင်းရှင်းစေရန်အတွက် အိမ်တော်ထဲတွင်သာ နေထိုင်ကြလေသည်။ နန်းတော်ထဲသို့ မဝင်သလို ရုံးလည်း မတက်ကြပေ။ သူများ ပါးစပ်ဖျားတွင် လမ်းဆုံးနေမည်ကို စိုးရိမ်သောကြောင့်ပင်။
ညီအစ်ကိုနှစ်ဦးသည် မကြာခဏ အတူတကွ အရက်သောက်ကြပြီး ညည်းညူလိုက်၊ ရန်ဖြစ်လိုက် လုပ်လေ့ရှိသည်။
စတုတ္ထမင်းသားကလည်း ပြန်လည် မျက်စောင်းထိုးလိုက်လေသည်။ "နောင်တစ်ချိန်ကျရင် ဒီတိုင်းပြည်က အာ့ကောပိုင်တာပဲလေ။ ဖားတာ မပြောနဲ့၊ ဒူးထောက်ဦးချရင်တောင် လုပ်သင့်တာပဲ။ သာ့ကောက မကျေနပ်လို့လား"
ပထမမင်းသားသည် ဒေါသထွက်ပြီး မျက်လုံး ပြူးကျယ်သွားကာ "တောက်! ဖားကောင်"
စတုတ္ထမင်းသားကတော့ ဒေါသမထွက်ဘဲ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "ကျွန်တော် မနက်ဖြန် နန်းတော်ထဲဝင်ပြီး ဖုဟွမ်ကို တွေ့ဖို့ စီစဉ်ထားတယ်။ နယ်မြေအပ်နှင်းပေးဖို့နဲ့ နယ်မြေကို သွားဖို့ ခွင့်တောင်းမလို့။ သာ့ကော လိုက်ဦးမလား"
ပထမမင်းသား တစ်ကိုယ်လုံး တုန်ယင်သွားပြီး စကားက ဦးနှောက်ထက် ပိုမြန်သွားလေသည်။ "လီရှန်း... မင်း ရူးနေလား"
စတုတ္ထမင်းသားက သက်ပြင်းချလိုက်လေသည်။ "ထားလိုက်ပါတော့... သာ့ကော မလိုက်ချင်ရင်လည်း အတင်း မခေါ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မနက်ဖြန် ဖုဟွမ်ကို သွားတွေ့မယ်"
...
အပိုင်း (၆၅၀) အရက်မူးပြီး ရမ်းကားခြင်း
စတုတ္ထမင်းသားသည် ပထမမင်းသားကို ပြောမရသဖြင့် ညီအစ်ကိုနှစ်ယောက် အဆင်မပြေဖြစ်ကာ လူစုခွဲလိုက်ကြလေသည်။
စတုတ္ထမင်းသား ထွက်ခွာသွားပြီးနောက် ပထမမင်းသားသည် မျက်နှာမည်းမှောင်လျက် အရက်နံ့တလှိုင်လှိုင်ဖြင့် ပထမမင်းသားကြင်ရာတော်၏ အိပ်ဆောင်သို့ ဝင်ရောက်သွားခဲ့သည်။
လင်မယားနှစ်ယောက်သည် အတူတကွ မအိပ်စက်သည်မှာ ကြာမြင့်နေလေပြီ။
ပထမမင်းသား ထိခိုက်ဒဏ်ရာရခဲ့သည်မှာ ညာဘက်ခြေထောက်သာမက ယောက်ျားစွမ်းရည်ပါ ပျောက်ဆုံးသွားခဲ့သည်။ အစပိုင်းတွင် ပင်ပန်းသည်ဟု အကြောင်းပြကာ ဖုံးကွယ်ထားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပထမမင်းသားကြင်ရာတော်သည်လည်း ဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့သည်။
ပထမမင်းသားကြင်ရာတော်သည် အခိုက်တန့်ခဏတော့ ဝမ်းနည်းကြေကွဲခဲ့သော်လည်း မကြာမီ စိတ်ကို ပြန်လည်တင်းထားပြီး မယားငယ်၏ သားဖြစ်သူ လီထန်ကို ပိုမို ဂရုစိုက်လာခဲ့သည်။
သူမသည် ဤဘဝတွင် ကိုယ်ပိုင်သားသမီး မွေးဖွားနိုင်တော့မည် မဟုတ်ရာ ပထမမင်းသားအိမ်တော်တွင် လီထန်တစ်ယောက်သာ ရှိတော့သည်။ သူမ လီထန်ကို ကောင်းကောင်း ပြုစုပျိုးထောင်လျှင် နောင်တစ်ချိန် သူမအတွက် အားကိုးရာ ဖြစ်လာပေလိမ့်မည်။
ပထမမင်းသားကိုတော့ သူမ မျှော်လင့်ချက် မထားတော့ပေ။
လင်မယားနှစ်ယောက်၏ ဆက်ဆံရေးသည် သူစိမ်းများကဲ့သို့ အေးစက်နေလေသည်။ လူရှေ့တွင် ဟန်ဆောင်နေသော်လည်း အိမ်တော်ထဲတွင်မူ ရက်အနည်းငယ်ကြာမှ တစ်ကြိမ်တွေ့ရသည်မှာ ပုံမှန်ပင်။
"အရှင်မင်းသား ဘာလို့ ရုတ်တရက် ရောက်လာတာလဲ" ပထမမင်းသားကြင်ရာတော်သည် အိပ်ရာဝင်ရန် ပြင်ဆင်နေပြီဖြစ်ရာ အံ့သြသွားပြီး မတ်တပ်ထရပ်ကာ ကြိုဆိုလိုက်လေသည်။
ပထမမင်းသားသည် အေးစက်သော အကြည့်ဖြင့် ကြင်ရာတော်၏ တည်ငြိမ်နေသော မျက်နှာကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်လေသည်။ "ဘာလဲ... ငါ လာလို့ မရဘူးလား"
ပထမမင်းသားကြင်ရာတော် "..."
ဒါက စိတ်မကြည်လို့ အရက်အရှိန်နဲ့ လာရစ်နေတာပဲ။
ပထမမင်းသားကြင်ရာတော်၏ ရင်ထဲတွင် မွန်းကျပ်သွားသော်လည်း ခေါင်းငုံ့ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ကျွန်မ စကားမှားသွားပါတယ်။ အရှင်မင်းသား ရေချိုးဖို့ ရေနွေးပြင်ခိုင်းလိုက်ပါ့မယ်"
ပထမမင်းသားသည် ရေချိုးရန် စိတ်မပါသဖြင့် နှာခေါင်းရှုံ့လိုက်ပြန်ပြီး ထေ့ငေါ့ကာ ပြောလိုက်လေသည်။ "ငါက မင်းကို ကလေးမပေးနိုင်တော့တာ မင်းအိပ်ရာပေါ် လာအိပ်ဖို့ ဘယ်မျက်နှာရှိတော့မလဲ"
ပထမမင်းသားကြင်ရာတော်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အရှက်တရားကို သည်းခံကာ ပြောလိုက်လေသည်။ "အရှင်မင်းသားကို ပြုစုရတာ ကျွန်မတာဝန်ပါ။ အရှင်မင်းသား ဘာလို့ ဒီလို ပြောရတာလဲ"
ပထမမင်းသားသည် ကြင်ရာတော်၏ မေးစေ့ကို ရုတ်တရက် ဆွဲဖျစ်လိုက်ပြီး အော်ဟစ်လိုက်လေသည်။ "မင်းကအစ ငါ့ကို အထင်သေးနေတာ မဟုတ်လား။ ငါက ခြေထောက်မသန်တော့ လူတိုင်းရဲ့ မျက်လုံးထဲမှာ အသုံးမကျတဲ့ကောင် ဖြစ်နေပြီ။ ဖုဟွမ်က ငါ့ကို အရေးမလုပ်ဘူး။ ညီအစ်ကိုတွေက ငါ့ကို အထင်သေးကြတယ်။ မင်းကအစ ငါ့ကို မျက်လုံးထဲ မထည့်တော့ဘူး"
ပထမမင်းသားကြင်ရာတော်သည် မေးစေ့မှ နာကျင်မှုကို ခံစားလိုက်ရပြီး မျက်ရည်များ စီးကျလာကာ ရှိုက်ကြီးတငင်ဖြင့် "အရှင်မင်းသား... နာတယ်။ လွှတ်ပါဦး"
ပထမမင်းသားသည် ရူးသွပ်နေသူကဲ့သို့ ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မွန်းနေပြီး ညာလက်ဖြင့် ကြင်ရာတော်၏ မေးစေ့ကို ဆွဲထားဆဲဖြစ်ကာ ဘယ်လက်ကို လေထဲတွင် ဝှေ့ယမ်းနေလေသည်။ "မင်းတင် မကဘူး။ မင်းအစ်ကို၊ မင်းအဖေ၊ လျန်မိသားစု တစ်ခုလုံး ငါ့လို သမက်ကို မျက်လုံးထဲ မထည့်ကြဘူး"
"ရှင်းယန်ဝမ်က ထိုက်ဇီကို ဘယ်လို ဆက်ဆံလဲ ကြည့်ဦး။ ကွမ်းပင်းနယ်စားတောင် စန်းတိကို ကယ်ဖို့ တော်ဝင်မျိုးနွယ်ရုံးတော် အကျဉ်းထောင်ကို ဝင်စီးရဲတယ်။ ငါသာ အဖမ်းခံရရင် မင်းအဖေက ငါ့ကို လာကယ်မှာလား။ ပြောစမ်း... မင်းအဖေက ငါ့ကို လာကယ်မှာလားလို့"
သူ ရူးနေပြီလား။
ပထမမင်းသားကြင်ရာတော်သည် နာကျင်ကြောက်ရွံ့ပြီး ဒေါသထွက်လာသဖြင့် ငိုကြွေးရင်း ပထမမင်းသားကို တွန်းထုတ်လိုက်လေသည်။ "လွှတ်... ကျွန်မကို လွှတ်"
ပထမမင်းသားသည် အရက်အရှိန်တက်လာပြီး မျက်လုံးများ နီရဲလာကာ ရုတ်တရက် လက်လွှတ်လိုက်လေသည်။ ပထမမင်းသားကြင်ရာတော်သည် ယိုင်နဲ့နဲ့ဖြင့် နောက်ဆုတ်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ နာကျင်လွန်းသဖြင့် မျက်ရည်များ ကျဆင်းလာတော့သည်။
ရင်ထဲမှ ဝမ်းနည်းမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အမြဲတမ်း သိမ်မွေ့နူးညံ့သော ပထမမင်းသားကြင်ရာတော်သည် သည်းမခံနိုင်တော့ဘဲ ငိုကြွေးရင်း ပြောလိုက်တော့သည်။ " လျန်မိသားစုက အရှင်မင်းသားကို အထင်သေးတယ်လို့ပဲ အရှင်မင်းသားက ပြောနေတယ်။ အရှင်မင်းသားရဲ့ စိတ်ထဲမှာရော လျန်မိသားစုကို ယောက္ခမအိမ်တော်လို့ သဘောထားဖူးလို့လား။ အရှင်မင်းသားက ကျွန်မအစ်ကိုကို အေးစက်စက် ဆက်ဆံတယ်။ ကျွန်မအဖေနဲ့ဆို ပိုတောင် အဆင်မပြေသေး"
"ကျွန်မအဖေက တော်ဝင်ကိုယ်ရံတော်တပ်မှူးပါ။ သူက အရှင်မင်းကြီးအပေါ် သစ္စာရှိတယ်။ တာဝန်ကျေတယ်။ ဘာမှားလို့လဲ။ အရှင်မင်းသားအတွက် ပုန်ကန်မှုကြီး လုပ်ပေးမှ သမက်ကို ချစ်တယ်လို့ ခေါ်မှာလား"
ထိုစကားတစ်ခွန်းက ပထမမင်းသား၏ နှလုံးသားကို ထိမှန်သွားပုံရသည်။
ပထမမင်းသား၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များ လက်ကနဲ ဖြစ်သွားလေသည်။
သူသည် ကြင်ရာတော်၏ ဘေးနားသို့ ပြေးသွားပြီး သူမ၏ လည်ပင်းမှ ကျောက်စိမ်းဆွဲကြိုးကို ဆွဲဖြုတ်လိုက်လေသည်။ ကြင်ရာတော်သည် မတုံ့ပြန်နိုင်လိုက်ဘဲ သူမ၏ ကိုယ်ငွေ့နွေးနွေးလေး ရှိနေသေးသော ကျောက်စိမ်းဆွဲကြိုး ပါသွားလေသည်။
လည်ပင်းတွင် သွေးစို့နေသော အစင်းရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
ပထမမင်းသားကြင်ရာတော်သည် နာကျင်စွာ အော်ဟစ်လိုက်လေသည်။
ပထမမင်းသားသည် လှည့်မကြည့်တော့ဘဲ ကျောက်စိမ်းဆွဲကြိုးကို ရင်ဘတ်ထဲ ထည့်ကာ လှည့်ထွက်သွားလေသည်။ ထော့နဲ့ထော့နဲ့ ဖြစ်နေသော ညာဘက်ခြေထောက်သည် အလျင်အမြန် လမ်းလျှောက်သောအခါ ပိုမို သိသာနေလေသည်။
ပထမမင်းသားကြင်ရာတော်သည် ဝတ်ရုံလက်ဖြင့် မျက်နှာကိုအုပ်ကာ ဝမ်းနည်းပက်လက် ငိုကြွေးလေတော့သည်။
အိမ်တော်ပါ အပျိုတော် လင်းလော့သည် မျက်လုံးများ နီရဲလျက် သခင်မကို တွဲထူပေးလိုက်လေသည်။ "ညန်ညန်... ကျွန်မ သမားတော် သွားခေါ်လိုက်ပါ့မယ်"
"မလိုတော့ဘူး" ပထမမင်းသားကြင်ရာတော်က ရှိုက်သံဖြင့် ပြောလိုက်၏။ "ဒီလောက် ဒဏ်ရာလေးအတွက်နဲ့ သမားတော် မခေါ်နဲ့တော့။ ဒဏ်ရာလိမ်းဆေး သွားယူခဲ့။ လိမ်းလိုက်ရင် ရပြီ"
လင်းလော့သည် သခင်မက သိက္ခာကျမည်စိုးသဖြင့် သမားတော် မပြချင်မှန်း သိသဖြင့် မျက်ရည်များကို အောင့်အီးကာ လက်ခံလိုက်လေသည်။ သခင်မကို ကုတင်ပေါ်သို့ တွဲပို့ပေးပြီးနောက် ဒဏ်ရာလိမ်းဆေး ပုလင်းကို ယူဆောင်လာကာ ဆေးထည့်ပေးလိုက်သည်။
ပထမမင်းသားကြင်ရာတော်သည် ကုတင်ပေါ်တွင် ပက်လက်လှန်လျက် မျက်ရည်များ တသွင်သွင် စီးကျနေလေ၏။
လင်းလော့သည်လည်း လိုက်ငိုမိပြီး လက်ကိုင်ပုဝါဖြင့် မျက်ရည်သုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။ "ညန်ညန် စိတ်ဆင်းရဲနေမှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ တခြားနည်းလမ်းမှ မရှိတာ။ သည်းခံလိုက်ပါနော်"
သည်းမခံလို့ ဘာလုပ်ရမှာလဲ။
မိဘအိမ် ပြန်ပြေးရမလား။
စစ်သူကြီးလျန်က သမီးကို မချစ်တာ မဟုတ်ဘူး။ ဒါပေမဲ့ စစ်သူကြီးလျန်က သမီးအတွက် ရှေ့ထွက် ဖြေရှင်းပေးမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက အရှင်မင်းကြီးရဲ့ ကျွန်လို့ပဲ ကိုယ့်ကိုယ်ကိုယ် သဘောထားလို့လေ။ သူမ ပထမမင်းသားနဲ့ လက်ထပ်ရတာကိုက ကောင်းကင်ဘုံရဲ့ ကျေးဇူးတော်လို့ သတ်မှတ်ထားတာ။
ပထမမင်းသားကြင်ရာတော်သည် ခေါင်းကို အတွင်းဘက်သို့ လှည့်လိုက်ပြီး မျက်ရည်များ ဆက်လက် ကျဆင်းနေလေသည်။
ယခုအချိန်တွင် သူမသည် ပထမမင်းသား၏ ရူးသွပ်ဖွယ်ရာ လုပ်ရပ်များကို ကြိုတင်မှန်းဆနိုင်ခြင်း မရှိသေးပေ။
...
ညအချိန် ရောက်သောအခါ ဝမ်ဟွားနန်းဆောင် အပြင်ဘက်ရှိ တော်ဝင်ကိုယ်ရံတော်များသည် တာဝန်ချိန် လဲလှယ်ကြလေသည်။ ဦးဆောင်လာသူမှာ လျန်အာ့လန် ဖြစ်သည်။
ယုံးကျားဧကရာဇ် လဲကျသွားပြီးနောက် စစ်သူကြီးလျန်သည် ဝမ်ဟွားနန်းဆောင် အတွင်းတွင် ကိုယ်တိုင် စောင့်ကြပ်နေလေသည်။ အဆောင်တော် အပြင်ဘက်တွင်မူ လျန်တာ့လန်နှင့် လျန်အာ့လန် ညီအစ်ကိုနှစ်ဦး စောင့်ကြပ်နေကြသည်။
သားအဖသုံးဦးသည် အရှင်မင်းကြီး၏ ယုံကြည်အားထားခြင်းကို ခံရပြီး မည်သူမျှ သူတို့လောက် မျက်နှာသာ မရရှိကြပေ။
"ညဘက် သတိထားနော်" လျန်တာ့လန်သည် တစ်နေ့ကုန် မတ်တပ်ရပ်ထားရသဖြင့် ပင်ပန်းနေသော်လည်း ထွက်ခွာခါနီးတွင် ညီဖြစ်သူကို မှာကြားလိုက်လေသည်။
လျန်အာ့လန်က သွားဖြဲပြပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "စိတ်ချပါ... ငါ ရှိနေသရွေ့ ဝမ်ဟွားနန်းဆောင်ထဲကို ယင်ကောင်တစ်ကောင်တောင် ပျံမဝင်စေရဘူး"
လျန်တာ့လန်က ပေါက်ကရ ပြောတတ်သော ညီဖြစ်သူကို မျက်စောင်းထိုးလိုက်လေသည်။
လျန်အာ့လန်က ဟီးခနဲ ရယ်မောလိုက်ပြီး ပါးစပ်ပိတ်လိုက်လေသည်။
နန်းတော်တွင် လုံခြုံရေး တင်းကျပ်ထားပြီး ညရောက်သည်နှင့် နန်းတော်တံခါးများကို ပိတ်ထားလေ့ရှိသည်။ သာမန်လူများသည် နန်းတော်တံခါးကို ဝင်ရောက်ခွင့် မရှိပေ။ မင်းသားနှင့် မင်းသမီးများ ဝင်ရောက်လိုလျှင်ပင် လက်နက်ဖြုတ်သိမ်းရပြီး ကိုယ်ရံတော် လေးဦးသာ ခေါ်ဆောင်ခွင့် ရှိသည်။ ဓားကိုင်ဆောင်ထားသော တော်ဝင်ကိုယ်ရံတော် ရာပေါင်းများစွာ၏ အစောင့်အရှောက်အောက်တွင် မည်သူကများ လှိုင်းလုံးထအောင် ပြုလုပ်နိုင်ပါမည်နည်း။
ကွမ်းပင်းနယ်စားတောင် ရှေ့တော်မှောက် အကျဉ်းထောင်မှာ ဗိုလ်ကျခဲ့ပေမဲ့ နန်းတော်ထဲရောက်တော့ ဝမ်ဟွားနန်းဆောင် အပြင်ဘက်မှာ လိမ်လိမ်မ္မာမ္မာ ဒူးထောက်နေရတာပဲ။
လျန်အာ့လန်သည် အဆောင်တော် အပြင်ဘက်တွင် တစ်ပတ်လျှောက်ကြည့်ပြီးနောက် ဝမ်ဟွားနန်းဆောင် တံခါးဝတွင် ရပ်လိုက်သည်။
ညတာဝန်ကျသော ကိုယ်ရံတော်များသည် အလွန် ပင်ပန်းကြရပြီး ညတစ်ဝက်လောက် မတ်တပ်ရပ်နေရသည်။
လျန်အာ့လန်သည် မျက်လုံးဖွင့်လျက် အိပ်နိုင်သော စွမ်းရည်ကို လေ့ကျင့်ထားပြီး ဖြစ်ရာ မတ်မတ်ရပ်လျက် မျက်လုံးမှေးကာ စိတ်ကူးယဉ် ကမ္ဘာထဲသို့ ရောက်လုနီးပါး ဖြစ်နေလေသည်။
ရှေ့ဘက်တွင် လှုပ်ရှားမှုအချို့ ဖြစ်ပေါ်လာ၏။
လျန်အာ့လန်၏ နားရွက်များ လှုပ်ခါသွားပြီး ရုတ်တရက် သတိဝင်လာလေသည်။ သူသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့တိုးသွားပြီး အသံမာမာဖြင့် မေးလိုက်လေသည်။ "ဘယ်သူလဲ"
"ငါပါ"
ရင်းနှီးသော အသံတစ်ခု ကြားလိုက်ရသည်။ ထို့နောက် လူရိပ်တစ်ခုသည် ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လှမ်းလာလေသည်။
လျန်အာ့လန်သည် စိတ်လျှော့လိုက်ပြီး "ဩော်... ပထမမင်းသားပါလား။ ဒီလောက် ညဉ့်နက်ကြီး ဘာလို့ နန်းတော်ထဲ ဝင်လာတာလဲ" ဟု မေးလိုက်လေသည်။
...
အပိုင်း (၆၅၁) ရူးသွပ်ခြင်း (၁)
ဝမ်ဟွားနန်းဆောင် ပြင်ပတွင် နန်းတော်အတွင်း မီးပုံးများ ထွန်းညှိထားသော်ငြားလည်း ညဉ့်နက်သန်းခေါင်ယံ အချိန်ဖြစ်သဖြင့် ကောင်းကင်ယံတစ်ခုလုံးသည် မည်းမှောင်နေကာ လေးလံစွာ ဖိနှိပ်ထားသကဲ့သို့ ရှိနေလေသည်။ မှေးမှိန်သော အလင်းရောင်အောက်တွင် ပထမမင်းသား၏ မျက်နှာသည် တင်းမာနေပြီး သူ၏မျက်ဝန်းများမှာလည်း အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တောက်ပနေ၏။
ပထမမင်းသားသည် သူ၏ယောက္ခမအိမ်တော်နှင့် ဘယ်တော့မှ ရင်းနှီးကျွမ်းဝင်မှု မရှိလှပေ။ သို့သော်လည်း သွေးသားတော်စပ်မှုအရ ယောက်ဖတော်စပ်သူ လျန်အာ့လန်သည် ပထမမင်းသားကို မြင်တွေ့လိုက်ရသောအခါ အခြားမင်းသားများထက် ပို၍ ရင်းနှီးသည်ဟု ခံစားမိသဖြင့် သူက ပါးစပ်ဟလိုက်သည်နှင့် အနည်းငယ် ရင်းနှီးကျွမ်းဝင်သော လေသံဖြင့် ဆိုလိုက်၏။
ပထမမင်းသားသည် လျန်အာ့လန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။ “ငါ့မှာ အရေးကြီးတဲ့ ကိစ္စရှိလို့ ဖုဟွမ်ကို ချက်ချင်း တွေ့ရမယ်”
အချိန်က သည်လောက်နောက်ကျနေသည်တွင် ပထမမင်းသား အသည်းအသန် နန်းတော်ထဲသို့ ဝင်လာခြင်းမှာ အမှန်တကယ်ပင် အရေးကြီးသည့် ကိစ္စရှိနေကြောင်း ထင်ရှားလှပေသည်။ လျန်အာ့လန်သည် ခေါင်းညိတ်လိုက်ပြီး သတင်းပို့ရန်အတွက် အတွင်းနန်းဆောင်ကုန်းကုန်းကို စေလွှတ်လိုက်တော့၏။
ထိုစဉ် လေပြင်းတစ်ချက် တိုက်ခတ်လာလေသည်။ လျန်အာ့လန်သည် ပထမမင်းသား၏ ကိုယ်ပေါ်မှ အရက်နံ့ကို ရရှိလိုက်သဖြင့် မနေနိုင်ဘဲ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “ပထမအရှင်မင်းသား ဒီည အရက်သောက်ထားတာလား”
ပထမမင်းသားက “အင်း” ဟု တစ်ချက်သာ ပြန်ထူးလိုက်ပြီး “စစ်တိနဲ့ နည်းနည်း သောက်ဖြစ်သွားတာ။ ငါမလာခင် အဝတ်အစားတွေတောင် အထူးတလည် လဲခဲ့သေးတယ်” ဟု ဆိုလိုက်၏။ သူက စကားပြောရန် ပါးစပ်ဟလိုက်သည်နှင့် အရက်နံ့မှာ ပို၍ပင် ပြင်းထန်လာတော့သည်။
သူ မည်မျှအထိ အရက်သောက်ထားသည်ကို မသိနိုင်သော်လည်း စကားပြောပုံမှာမူ အစီအစဉ်ကျနနေဆဲပင်။ လျန်အာ့လန်သည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သော်လည်း နောက်ထပ် စကားမဆိုတော့ချေ။
မကြာမီမှာပင် အတွင်းနန်းဆောင်ကုန်းကုန်း ပြန်ထွက်လာကာ လျှောက်တင်လေသည်။ “အရှင်မင်းကြီးက ပထမအရှင်မင်းသားကို ဝင်ခွင့်ပြုလိုက်ပါပြီ”
လျန်စစ်သူကြီးသည် ဝမ်ဟွားနန်းဆောင်အတွင်းသို့ ဝင်ရောက်ကာ အရှင်မင်းကြီးကို ဂါရဝပြုမည်ဆိုပါက ကိုယ်ခန္ဓာကို ရှာဖွေစစ်ဆေးရမည်ဟူသော စည်းကမ်းကို သတ်မှတ်ထားသော်လည်း ရှေ့တွင်ရှိနေသူမှာ ပထမမင်းသားဖြစ်သလို မိမိ၏ ညီမဖြစ်သူ၏ ခင်ပွန်းလည်း ဖြစ်နေပြန်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ကိုယ်ပေါ်တွင် လက်နက်တစ်စုံတစ်ရာ ပါမလာကြောင်း ထင်ရှားနေသဖြင့် ထပ်မံ ရှာဖွေစစ်ဆေးနေပါက လူမှုရေးအရ အဆင်မပြေ ဖြစ်ပေလိမ့်မည်။
လျန်အာ့လန်သည် ခေတ္တမျှ တွေဝေသွားသော်လည်း ပထမမင်းသားမှာမူ ဝမ်ဟွားနန်းဆောင်အတွင်းသို့ ခြေလှမ်းကျဲများဖြင့် ဝင်ရောက်သွားပြီ ဖြစ်၏။ ထို့ကြောင့် လျန်အာ့လန်သည်လည်း မတားဆီးတော့ချေ။ မည်သို့ပင်ဖြစ်စေ အရှင်မင်းကြီး၏ ဘေးတွင် မိမိ၏ ဖခင်ဖြစ်သူ ကိုယ်တိုင် ရှိနေသည် မဟုတ်ပါလား။ လျန်စစ်သူကြီး၏ သိုင်းပညာစွမ်းရည်ဖြင့်ဆိုလျှင် ယခုခေတ်ကာလတွင် ယှဉ်ပြိုင်နိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်သည်။ အကယ်၍ ထူးခြားသည့် လှုပ်ရှားမှု တစ်စုံတစ်ရာ ရှိလာခဲ့ပါကလည်း နန်းဆောင်အတွင်းအပြင်ရှိ တော်ဝင်ရဲမက်များက ချက်ချင်း ဝင်ရောက်လာမည်သာ။
သို့သော် ပထမမင်းသား၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေပြီး ခြေလှမ်းများမှာလည်း ပုံမှန်ထက် ပို၍ မြန်ဆန်နေသည်ကိုမူ လျန်အာ့လန် သတိမပြုမိလိုက်ချေ။
ဝမ်ဟွားနန်းဆောင်၏ နေရာအနှံ့တွင် တော်ဝင်ရဲမက်များ ရှိနေကြသည်။ အရှင်မင်းကြီး၏ အိပ်ဆောင်အပြင်ဘက်တွင်လည်း ဓားလွယ်ရဲမက် တစ်ဆယ်ကျော် ရှိနေ၏။ ယုံးကျားဧကရာဇ်သည် တိုင်းပြည်၏ ဧကရာဇ်တစ်ပါးဖြစ်ပါလျက် အိပ်ရာပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေရသည့် သနားစဖွယ် အခြေအနေကို အခြားသူများအား မမြင်စေလိုသဖြင့်၊ အိပ်ဆောင်အတွင်း၌ ညစောင့်အဖြစ် လျိုကုန်းကုန်းနှင့် လျန်စစ်သူကြီး နှစ်ဦးတည်းကိုသာ ထားရှိလေသည်။
ပထမမင်းသားသည် အိပ်ဆောင်အတွင်းသို့ ဝင်ရောက်သွားသော်လည်း ကန်လန့်ကာဖြင့် အခြားတစ်ဖက်တွင်သာ ရှိနေ၏။ သူ၏နောက်ကွယ်မှ လေးလံသော တံခါးမကြီး ပိတ်သွားသည့်အခါ ရှေ့တွင်ရှိနေသော ကန်လန့်ကာသည် တစ်သီးတခြား ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်သွားတော့သည်။
ပထမမင်းသားသည် ဆူပွက်နေသော စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ လက်နှစ်ဖက်ကို ယှက်၍ အရိုအသေပေးလိုက်ရင်း နှုတ်ဆက်လိုက်သည်။ “သားတော် ဖုဟွမ်ကို ဂါရဝပြုပါတယ်”
ကန်လန့်ကာ၏ အနောက်ဘက်မှ ယုံးကျားဧကရာဇ်၏ လေးလံသော အသံ ထွက်ပေါ်လာ၏။ “ဒီလောက် နောက်ကျနေတာကို မနက်ဖြန်အထိတောင် မစောင့်နိုင်ဘဲ ဘာအရေးကြီးတဲ့ ကိစ္စရှိလို့လဲ”
ယုံးကျားဧကရာဇ်သည် ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာနှင့် ဖခင်တစ်ဦး၏ တင့်တယ်မှုကို အစွမ်းကုန် ထိန်းသိမ်းထားသဖြင့် သူ၏စကားမှာ နှေးကွေးနေသော်လည်း တစ်လုံးချင်းစီမှာမူ တော်တော်လေး ရှင်းလင်းနေဆဲပင်။
ပထမမင်းသား၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း သူက ခေါင်းငုံ့ထားသည့်အပြင် ကန်လန့်ကာကလည်း ခြားနေသဖြင့် သူ၏မျက်နှာရိပ်မျက်နှာကဲကို မည်သူမျှ မမြင်နိုင်ကြချေ။ “သားတော်၊ စန်းတိက ထိုက်ဇီကို လုပ်ကြံခဲ့တဲ့ သက်သေကို ရှာတွေ့ခဲ့လို့ပါ”
“ဘာ...”
ကန်လန့်ကာအနောက်တွင် ယုံးကျားဧကရာဇ်သည် နဂါးမျက်လုံးကို ချက်ချင်း ဖွင့်လိုက်တော့၏။ ခုတင်ဘေးတွင်ရှိနေသော လျိုကုန်းကုန်းသည်လည်း လန့်ဖျပ်သွားကာ လျန်စစ်သူကြီးကို ချက်ချင်း လှမ်းကြည့်လိုက်လေသည်။
လျန်စစ်သူကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီး မေးမြန်းလိုက်သည်။ “ရာဇဝတ်ဌာနက ဒီအမှုကို စစ်ဆေးနေတာ ကြာပြီဖြစ်ပေမဲ့ ဘာတိုးတက်မှုမှ မရှိဘူး။ ပထမအရှင်မင်းသားက ဒီသက်သေကို ဘယ်ကနေ ရလာတာလဲ”
ပထမမင်းသားသည် ကန်လန့်ကာ၏ အခြားတစ်ဖက်တွင် ရှိနေသဖြင့် သူ၏အသံကိုသာ ကြားရလေသည်။ “ဖုဟွမ်... စန်းတိက အင်မတန် အသေးစိတ်ကျသူပါ။ သူက နှစ်ပေါင်းများစွာ အချိန်ယူပြီး ဒီအကွက်ကို ဆင်ခဲ့တာ။ သက်သေအထောက်အထား မှန်သမျှကိုလည်း သူက စောစောစီးစီး အစဖျောက်ထားခဲ့ပြီးသား။ သားတော်ရဲ့ အနားမှာလည်း အသုံးကျတဲ့ လူတစ်ချို့ ရှိပါတယ်။ သားတော်က သူတို့ကို ကျန်းနန်ကို တိတ်တဆိတ် စေလွှတ်ပြီး ချန်မိသားစုရဲ့ ချိတ်ပိတ်ထားတဲ့ အိမ်တော်မှာ ရှာဖွေခိုင်းခဲ့တာပါ”
“ချန်မိသားစု အိမ်တော်ရဲ့ နောက်ဖေးက ရေတွင်းတစ်ချို့ထဲမှာ စန်းတိက ချန်မိသားစုဆီ ရေးခဲ့တဲ့ စာကို တွေ့ခဲ့ကြတယ်။ အဲဒီစာကို နွားသားရေနဲ့ အထပ်ထပ် ထုပ်ပိုးပြီး သေတ္တာထဲ ထည့်ထားတာပါ။ ရေတွင်းအောက် ၆ ပေအကွာက နံရံမှာ အပေါက်ဖောက်ပြီး အဲဒီသေတ္တာကို အဲဒီထဲမှာ ဝှက်ထားခဲ့တာ”
“တကယ်လို့ ရေတွင်းအောက်ထဲအထိ တစ်ခုချင်းစီ ဆင်းမရှာခဲ့ရင် ဒါကို လုံးဝ ရှာတွေ့မှာ မဟုတ်ဘူး”
“သားတော် ဒီစာကို ရလိုက်တော့ အလွန်အမင်း ထိတ်လန့်ပြီး ဒေါသထွက်မိပါတယ်။ ဒါကြောင့် ခဏလေးတောင် မဆိုင်းမတွဘဲ နန်းတော်ထဲဝင်ပြီး ဖုဟွမ်ကို လာရောက်တင်ပြတာပါ”
ဤစကားများသည် အခြေအမြစ်ရှိလှသဖြင့် လူများမှာ မယုံကြည်ဘဲ မနေနိုင်လောက်အောင် ဖြစ်သွားကြသည်။
ယုံးကျားဧကရာဇ်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ သွေးလေများ ဆူပွက်လာပြီး နေရာမှာပင် လဲကျသွားလုနီးပါး ဖြစ်သွား၏။ လျိုကုန်းကုန်းမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ယုံးကျားဧကရာဇ်၏ ရင်ဘတ်ကို အမြန်ပင် ပွတ်သပ်ပေးရတော့သည်။
လျန်စစ်သူကြီး၏ စိတ်ထဲတွင် သံသယအချို့ ရှိနေသော်လည်း များများစားစား မတွေးတော့ဘဲ ကန်လန့်ကာရှိရာဘက်သို့ လှေလျှောက်လှမ်းလာခဲ့လေသည်။
ပထမမင်းသားသည် သူ၏ ရင်ခွင်ထဲမှ စာတစ်စောင်ကို ထုတ်ယူကာ ကမ်းပေးသည်ကို တွေ့လိုက်ရ၏။ စာအိတ်မှာ သာမန်မျှသာ ဖြစ်ပြီး ထူးခြားမှု မရှိပေ။ သို့သော် ပထမမင်းသား၏ မျက်နှာမှာမူ ထူးဆန်းစွာ နီရဲနေပြီး မူမမှန်သည့် အခြေအနေ ဖြစ်နေလေသည်။ သူ၏မျက်ဝန်းများမှာလည်း မီးတောက်တော့မည့်အလား တောက်ပနေ၏။
ထို့ပြင် ထိုစာအိတ်ကို လျန်စစ်သူကြီး၏ လက်ထဲသို့ ကမ်းပေးခြင်းမျိုး မဟုတ်ဘဲ သူ၏မျက်စိရှေ့သို့ တည့်တည့်မတ်မတ် ပို့ဆောင်လိုက်ခြင်းပင်။ လျန်စစ်သူကြီး၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားပြီး မကောင်းသော နိမိတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရတော့၏။
သူ ပါးစပ်ဟရန် ပြင်ဆင်နေစဉ်မှာပင် နှာခေါင်းထဲသို့ ထူးဆန်းသော အနံ့တစ်ခု တိုးဝင်လာပြီးနောက် မျက်စိရှေ့တွင် မှောင်အတိ ကျသွားလေတော့သည်။
ဒီလူမိုက်က ဘာလုပ်တာလဲ!
လူတွေ မြန်မြန်လာကြစမ်း!
သူ့ကို ဖမ်းလိုက်ကြ!
လျန်စစ်သူကြီး၏ ဦးနှောက်ထဲတွင် နောက်ဆုံးအတွေးတစ်ခု ဖြတ်ပြေးသွားပြီးနောက် ချက်ချင်းပင် သတိမေ့မြောသွားလေတော့သည်။
ပထမမင်းသားသည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် လက်နှစ်ဖက်မှာ တုန်ယင်နေကာ လျန်စစ်သူကြီးကို အချိန်မီ ဖမ်းထိန်းလိုက်လေသည်။ သူက ပါးစပ်မှလည်း ဟန်ဆောင်ပန်ဆောင်ဖြင့် အော်ဟစ်လိုက်၏။ “လျန်စစ်သူကြီး... ခင်ဗျား ဘာဖြစ်တာလဲ။ လျိုကုန်းကုန်း... မြန်မြန်လာပါဦး။ ကျွန်တော်နဲ့အတူ လျန်စစ်သူကြီးကို တွဲပြီး ထိုင်ခိုင်းရအောင်”
လျန်စစ်သူကြီးသည် ဝမ်ဟွားနန်းဆောင်တွင် နေ့ညမနား စောင့်ကြပ်နေရသဖြင့် အနားယူချိန်မှာ အလွန်နည်းပါးလှသည်။ သူသည် လျိုကုန်းကုန်းထက်ပင် ပို၍ ပင်ပန်းနွမ်းနယ်နေသူ ဖြစ်၏။ ပထမမင်းသား၏ ဟန်ဆောင် အော်ဟစ်သံကြောင့် လျိုကုန်းကုန်းသည် သံသယတစ်စုံတစ်ရာ မရှိဘဲ ကန်လန့်ကာကို ပတ်၍ လျန်စစ်သူကြီးကို တွဲထူရန် လက်လှမ်းလိုက်လေသည်။ သို့သော် ပထမမင်းသားသည် ထူးဆန်းသော အမူအယာတစ်ခုကို ပြုလုပ်လိုက်ပြီး ထိုစာအိတ်ကို လျိုကုန်းကုန်း၏ မျက်စိရှေ့သို့ ပို့ဆောင်လိုက်ပြန်၏။
လျိုကုန်းကုန်းမှာ ကြောင်အမ်းသွားပြီး “ပထမမင်းသား... အရှင်...”
ထူးဆန်းသော အနံ့တစ်ခုသည် နှာခေါင်းအတွင်းသို့ ပျံ့လွင့်သွားပြန်သည်။ လျိုကုန်းကုန်းသည်လည်း ချက်ချင်းပင် မေ့လဲသွားတော့၏။ ပထမမင်းသားမှာမူ သူ့ကို ဖမ်းထိန်းရန် အချိန်မရလိုက်သဖြင့် လျိုကုန်းကုန်းမှာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားလေတော့သည်။
လျိုကုန်းကုန်း လဲကျသွားသည့် အသံမှာ သိပ်မကျယ်ဘဲ လေးလံသော တံခါးချပ်များက ကာကွယ်ထားသဖြင့် အပြင်သို့ မကြားနိုင်ချေ။ သို့သော် ကန်လန့်ကာအနောက်မှ ယုံးကျားဧကရာဇ်ကမူ ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရ၏။
ယုံးကျားဧကရာဇ်သည် ဒေါသထွက်ကာ ထိတ်လန့်သွားပြီး “လီယိ!” ဟု ဟိန်းဟောက်လိုက်တော့သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ သူသည် လေဖြတ်ထားသူ ဖြစ်သဖြင့် အားအင်မရှိဘဲ အသံမှာ တိုးညင်းလှလေသည်။ သူ၏ ဟိန်းဟောက်သံမှာ သာမန်လူတစ်ဦး၏ အသံလောက်ပင် မကျယ်သဖြင့် အိပ်ဆောင်အပြင်ဘက်ရှိ တော်ဝင်ရဲမက်များကို မည်သို့မျှ မကြားနိုင်စေချေ။
ပထမမင်းသားသည် ကန်လန့်ကာအနောက်မှ ထွက်လာပြီး ခြေလှမ်းကျဲကြီးဖြင့် နဂါးခုတင်ဘေးသို့ ပြေးဝင်လာခဲ့သည်။ သူ၏မျက်ဝန်းထဲတွင် ရူးသွပ်လုနီးပါး ဖြစ်နေသော အလင်းတန်းများ တောက်ပနေ၏။ ယုံးကျားဧကရာဇ် နောက်ထပ် စကားတစ်ခွန်းပင် မပြောရသေးမီမှာပင် ပထမမင်းသားသည် လျင်မြန်စွာ လက်လှမ်းလိုက်ပြီး ယုံးကျားဧကရာဇ်၏ စကားမပြောနိုင်သည့် အကြောကို ပိတ်လိုက်လေတော့သည်။
ယုံးကျားဧကရာဇ်သည် အလွန်အမင်း နာကျည်းဒေါသထွက်နေသဖြင့် သူ၏မျက်လုံးအစုံမှာ အိမ်ပြင်သို့ ထွက်မတတ် ဖြစ်နေ၏။
လီယိ!
မင်းသားမိုက်!
မင်း ဘာလုပ်ချင်တာလဲ?
သို့သော်လည်း စကားပြောနိုင်သည့် အကြော အပိတ်ခံလိုက်ရပြီးနောက်တွင် ယုံးကျားဧကရာဇ်သည် မည်မျှပင် အားစိုက်ထုတ်ပါစေ အသံတစ်စုံတစ်ရာ ထွက်မလာတော့ချေ။
ပထမမင်းသားသည် ဤအရာအားလုံးကို ပြုလုပ်ပြီးနောက်တွင် အိမ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ခုတင်ဘေးတွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်နှင့် အသက်ကို ပြင်းပြင်းထန်ထန် ရှူနေတော့၏။
သူ လုပ်နိုင်ခဲ့ပြီ။
မမျှော်လင့်ထားသည့် အခြေအနေတွင် သူသည် တစ်ကိုယ်တည်းဖြင့် လျန်စစ်သူကြီးနှင့် လျိုကုန်းကုန်းကို နှိမ်နင်းနိုင်ခဲ့ပြီး နဂါးခုတင်ဘေးတွင် ဤသို့ ထိုင်နိုင်ခဲ့ပြီ။ သူသည် အထက်စီးမှနေ၍ သာ့ဝေတိုင်းပြည်၏ ဧကရာဇ်ကို ငုံ့ကြည့်နေလေ၏။
ပထမမင်းသားသည် အသက်ရှူသံများ တည်ငြိမ်သွားသည့်အခါ ရုတ်တရက် ရယ်မောလိုက်တော့၏။ သူ၏ရယ်သံမှာ လည်ချောင်းထဲတွင် တစ်ဆို့နေပြီး နှုတ်ခမ်းထောင့်များမှာမူ ပို၍ပို၍ မြင့်တက်လာကာ ရူးသွပ်နေသည့်အလား ပြောမပြနိုင်အောင် ထူးဆန်းကြောက်မက်ဖွယ် ကောင်းနေတော့သည်။
...