အခန်း (၆၅၂-၆၅၄)
Vol. 44 Ch. 652-654
အပိုင်း (၆၅၂) ရူးသွပ်ခြင်း (၂)
ယုံးကျားဧကရာဇ်သည် ခုတင်ထက်၌ တောင့်တောင့်ကြီး ပက်လက်လဲလျောင်းနေပြီး မိမိ၏အထက် ၃ ပေခန့်အကွာတွင် ရူးသွပ်သော အမူအရာဖြင့် ရယ်မောနေသည့် သားဦးဖြစ်သူ လီယိကို မော့ကြည့်ရင်း နှလုံးသားတစ်ခုလုံးမှာ အေးစက်သော ရေကန်ထဲသို့ နစ်မြုပ်သွားလေသည်။ ပထမမင်းသားသည် အတော်ကြာအောင် ရယ်မောပြီးမှ ရပ်တန့်လိုက်သည်။
သူသည် ကန်လန့်ကာကို ပတ်၍ လျန်စစ်သူကြီးနှင့် လျိုကုန်းကုန်းတို့ကို စကားမပြောနိုင်စေရန် အကြောပိတ်လိုက်ပြီးနောက် တစ်ယောက်ချင်းစီကို ဆွဲယူကာ ကန်လန့်ကာဘေးတွင် ယှဉ်လျက် ထားလိုက်လေသည်။ ထို့နောက် စိတ်မချသဖြင့် သတိမေ့မြောနေစေရန် ထပ်မံ၍ အကြောပိတ်လိုက်ပြန်လေသည်။ ယုံးကျားဧကရာဇ်သည် ရှိသမျှအားအင်ကို စုစည်းကာ ခေါင်းကိုစောင်းကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲ၌ ပြင်းထန်သော ဒေါသမီးများ တောက်လောင်နေတော့သည်။ အကယ်၍ အကြည့်ဖြင့် လူသတ်နိုင်ပါက ပထမမင်းသားသည် အပိုင်းပိုင်းအပြတ်ပြတ် အဆွဲဖြဲခံလိုက်ရသည်မှာ ကြာလှပေလိမ့်မည်။
အလုပ်များ ပြီးစီးသွားသောအခါ ပထမမင်းသားသည် နဂါးခုတင်ဘေးသို့ တစ်ဖန် ပြန်ရောက်လာခဲ့လေသည်။ သူသည် ယုံးကျားဧကရာဇ်၏ လူကိုဝါးစားမတတ် ဒေါသထွက်နေသည့် အကြည့်ကို ကြည့်ရင်း ရင်ထဲ၌ ထူးဆန်းသော တုန်လှုပ်မှုနှင့်အတူ စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ပထမမင်းသားက ကိုယ်ကို အနည်းငယ်ကိုင်းကာ ယုံးကျားဧကရာဇ်နှင့် မျက်လုံးချင်းဆုံကြည့်ရင်း ရက်စက်ခက်ထန်သော အပြုံးဖြင့် ပြောလိုက်လေသည်။
“ဖုဟွမ်၊ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး မဟုတ်ပါလား”
ဟုတ်တယ်။ ငါမထင်ထားခဲ့ဘူး။ မင်းလို တိရစ္ဆာန်မျိုးကို မွေးမိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး!
ယုံးကျားဧကရာဇ်၏ အသက်ရှူသံမှာ မြန်ဆန်လာပြီး ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ မျက်နှာတစ်ခုလုံးလည်း နီမြန်းနေတော့သည်။ ပထမမင်းသားသည် ယုံးကျားဧကရာဇ်၏ မျက်ဝန်းထဲမှ ပြောလိုသည့် စကားများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသဖြင့် ပြုံးလျက် ထပ်မံရယ်မောလိုက်ပြန်လေသည်။
“သားတော်က ဖုဟွမ်ရဲ့ သားဦးပါ။ မွေးကင်းစကတည်းက ဖုဟွမ်ရဲ့ အချစ်ဆုံးသား ဖြစ်ခဲ့တယ်။ ဖုဟွမ်က သားတော်ကို စာသင်ပေးတယ်၊ သိုင်းသင်ပေးတယ်၊ မြင်းစီး မြားပစ်တာတွေလည်း သင်ပေးခဲ့တယ်။ အဲဒီအရာတွေကို သားတော် အကုန်မှတ်မိနေပါတယ်။ ဖုဟွမ်က သားတော်ကို ဒီလောက်ချစ်နေမှတော့ နောက်ဆို သာ့ဝေတိုင်းပြည်ရဲ့ ထီးနန်းကိုလည်း သားတော်ကိုပဲ လွှဲပေးလိမ့်မယ်လို့ အမြဲယုံကြည်ခဲ့တာ”
“ဒါပေမဲ့ မထင်မှတ်ထားတာက ဖုဟွမ်က လီကျင့်ကို ထိုက်ဇီအဖြစ် ချက်ချင်းတင်မြှောက်လိုက်တာပဲ။ အဲဒီနှစ်တွေက အချစ်တွေက အတုအယောင်တွေ ဖြစ်နေတာကိုး။ ဖုဟွမ်ရဲ့ စိတ်ထဲမှာတော့တရားဝင်သားကပဲ အရေးအကြီးဆုံး ဖြစ်နေတာပဲ”
တရားဝင်သားက အိမ်တော်ရဲ့ အမွေကို ဆက်ခံတာက သဘာဝတရားပဲလေ။ ငါက မင်းအပေါ် ဘာများ မှားခဲ့လို့လဲ။
ယုံးကျားဧကရာဇ်သည် လီယိကို စိုက်ကြည့်နေပြီး သူ၏မျက်ဝန်းထဲမှ ဒေါသမီးများသည် ပေါက်ကွဲထွက်တော့မည့်အလား ရှိနေလေသည်။ ပထမမင်းသားမှာမူ ထိုအရာများကို ဂရုမစိုက်ဘဲ ဆက်ပြောနေတော့သည်။
“နောက်ပိုင်းမှာ သားတော် ဖုဟွမ်နဲ့အတူ စစ်မြေပြင်မှာ ရန်သူတွေကို တိုက်ခိုက်ခဲ့တယ်။ သားတော်က ဖုဟွမ်ကို သားတော်ဟာ အတော်ဆုံးနဲ့ အထက်မြက်ဆုံး သားတစ်ယောက် ဖြစ်ကြောင်း ပြသချင်ခဲ့တာ။ ဒီထီးနန်းက သားတော်နဲ့ပဲ ထိုက်တန်တာပါ”
“ဒါပေမဲ့ မထင်မှတ်ဘဲ သားတော်က စစ်ရှုံးခဲ့ပြီး ညာဘက်ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်။ အသက်ရှင်ခဲ့ရင်တောင် ခြေမသန်သူ တစ်ယောက် ဖြစ်သွားခဲ့ရတယ်။ ဖုဟွမ်ရဲ့ မျက်စိထဲမှာတော့ သားတော်က အသုံးမကျတဲ့ လူပိုတစ်ယောက် ဖြစ်သွားခဲ့တာပဲ။ သားတော်သာ ညီလာခံတက်ဖို့ ဇွတ်မတောင်းဆိုခဲ့ရင် ဖုဟွမ်က သားတော်ကို အိမ်တော်ထဲကနေ အပြင်တောင် ထွက်ခိုင်းမှာ မဟုတ်ဘူး”
မင်း ရမ်းမပြောနဲ့! ငါက မင်းကို သနားလို့၊ မင်းရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်စေချင်လို့ပဲ။
ယုံးကျားဧကရာဇ်၏ မျက်လုံးများမှာ နီရဲလာတော့သည်။ ပထမမင်းသားက ရူးသွပ်သလို ရယ်မောလိုက်ပြန်လေသည်။
“လီဟောက်က ကချေသည်မွေးတဲ့ အောက်တန်းစား တစ်ယောက်ပါ။ ဖုဟွမ်က သူ့ကို ဘာလို့ ဒီလောက်အထိ မျက်နှာသာပေးရတာလဲ။ ပြီးတော့ လီရှန်း၊ သူက မြှောက်ပင့်ပြောဆိုတတ်တဲ့ ပါးစပ်ကလွဲလို့ သားတော်ထက် ဘာများ သာလို့လဲ”
“ထိုက်ဇီကလည်း အားနွဲ့တဲ့ အသုံးမကျသူ တစ်ယောက်ပါ။ တကယ်လို့ သူသာ အစွမ်းထက်တဲ့ ထိုက်ဇီဖေးကို မယူခဲ့ရင်၊ လုအိမ်တော်ရဲ့ ထောက်ခံမှုသာ မရှိရင် သူက ဘာလို့ ထိုက်ဇီ ဖြစ်နေရဦးမှာလဲ”
“ငါ မကျေနပ်ဘူး! ငါ လီယိကပဲ သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီ၊ ဒီထီးနန်းက ငါ့ဟာပဲ ဖြစ်ရမယ်”
ပထမမင်းသားသည် စိတ်လှုပ်ရှားလာကာ မထင်မှတ်ဘဲ လက်ကိုဆန့်ထုတ်၍ ယုံးကျားဧကရာဇ်၏ လည်ပင်းကို ညှစ်လိုက်လေသည်။ ယုံးကျားဧကရာဇ်သည် လည်ချောင်း၌ နာကျင်သွားပြီး အသက်ရှူရ ခက်ခဲလာကာ ကြောက်ရွံ့မှုနှင့် ဒေါသတို့က တစ်ကိုယ်လုံးကို လွှမ်းမိုးသွားတော့သည်။
လီယိ၊ မင်း ရူးနေပြီလား။ မင်းက ကိုယ့်အဖေအရင်းကို သတ်ဖို့ ကြံနေတာလား!
ပထမမင်းသားမှာမူ အမှန်တကယ်ပင် ရူးသွပ်နေလေပြီ။ သူသည် လက်ကို ပို၍ ညှစ်လိုက်ရာ ယုံးကျားဧကရာဇ်၏ မျက်နှာမှာ အသက်ရှူမရသဖြင့် ခရမ်းရောင် သန်းလာလေသည်။ သူ၏ စိတ်ထဲ၌ ထူးဆန်းသော ကျေနပ်မှုများ ပေါ်ပေါက်လာပြီး မျက်နှာမှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် ရှုံ့မဲ့နေတော့သည်။
“ဖုဟွမ်က အမြဲတမ်း သားတော်ကို မျက်စိထဲ မထည့်ခဲ့ဘူး။ တစ်နေ့မှာ အသုံးမကျတဲ့ ဒီသားရဲ့ လက်ထဲကို ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး မဟုတ်လား။ ဟားဟားဟား”
ပထမမင်းသားက ရုတ်တရက် အားရပါးရ ရယ်မောလိုက်လေသည်။
လွှတ်စမ်း! ငါ့ကို လွှတ်! သားမိုက်!
လည်ချောင်းမှ နာကျင်မှုကြောင့် ယုံးကျားဧကရာဇ်၏ မျက်စိရှေ့တွင် မှောင်အတိ ကျလာလေသည်။ သေခြင်းတရားကို ရင်ဆိုင်ရချိန်တွင် ယုံးကျားဧကရာဇ်သည် ရှိသမျှ အားအင်ဖြင့် ရုန်းကန်လေသည်။ တစ်ချိန်လုံး မလှုပ်နိုင်ခဲ့သော ယုံးကျားဧကရာဇ်သည် သူ၏ ညာလက်ကို ခက်ခက်ခဲခဲ မြှောက်ကာ ပထမမင်းသား၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။
ပထမမင်းသားသည် ထိုအပြုအမူကြောင့် ပို၍ စိတ်လှုပ်ရှားသွားကာ လက်ကို ပို၍ တင်းကျပ်စွာ ညှစ်လိုက်လေသည်။ ယုံးကျားဧကရာဇ်၏ စကားမပြောနိုင်သည့် အကြောမှာ ပိတ်ထားသဖြင့် အော်ဟစ်ချင်သော်လည်း အသံတစ်စုံတစ်ရာ ထွက်မလာတော့ချေ။
အချိန်အနည်းငယ် ကြာပြီးနောက်တွင် ယုံးကျားဧကရာဇ်သည် ရုန်းကန်ခြင်း မပြုတော့ဘဲ သူ၏ ညာလက်မှာ ဖြည်းညှင်းစွာ ပြုတ်ကျသွားလေသည်။ သူ၏ ခရမ်းရောင် သန်းနေသော မျက်နှာပေါ်တွင် ဒေါသ၊ ဝမ်းနည်းမှုနှင့် မျှော်လင့်ချက် ကင်းမဲ့သော အမူအရာများ ထင်ကျန်ရစ်နေတော့သည်။ သူ၏ မျက်လုံးအစုံမှာမူ ရှေ့တွင်ရှိသော လီယိကို စိုက်ကြည့်နေဆဲပင်။
ပထမမင်းသားသည် ဆက်လက် ရယ်မောနေဆဲပင်။ သူ၏ လက်အောက်မှ လူမှာ အသက်မရှိတော့ကြောင်းကို သူ သတိမပြုမိလိုက်ချေ။ အချိန်အတော်ကြာမှ ပထမမင်းသားသည် သတိပြန်ဝင်လာလေသည်။ သူသည် သေဆုံးသွားသော ယုံးကျားဧကရာဇ်ကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်လာပြီး ဦးနှောက်ထဲ၌လည်း ဘာမှ တွေးတောမရ ဖြစ်သွားတော့သည်။
ငါ ခုနက ဘာလုပ်လိုက်မိတာလဲ။ ငါက ဖုဟွမ်ကိုပဲ မေးခွန်းထုတ်ချင်ခဲ့တာလေ။ ဘယ်လိုဖြစ်ပြီး ကိုယ့်အဖေအရင်းကို သတ်မိသွားရတာလဲ။
ပထမမင်းသား၏ မျက်နှာမှာ ဖြူလျော့သွားပြီး ယုံးကျားဧကရာဇ်၏ နှာခေါင်းနားသို့ လက်ကမ်းကြည့်လိုက်ရာ အေးစက်နေပြီး အသက်ရှူသံ လုံးဝ မရှိတော့ကြောင်း သိလိုက်ရသည်။ ယုံးကျားဧကရာဇ်၏ မျက်လုံးများမှာလည်း သူ့ကို စိုက်ကြည့်နေဆဲပင်။
ထိတ်လန့်မှုများ အထွတ်အထိပ်သို့ ရောက်သွားသည့်အခါ ပထမမင်းသားသည် ဆန့်ကျင်ဘက်အနေဖြင့် တည်ငြိမ်သွားလေသည်။ သူသည် လက်ကိုဆန့်ကာ ယုံးကျားဧကရာဇ်၏ မျက်လုံးများကို ပိတ်ပေးလိုက်ပြီး မျက်နှာကို အတွင်းဘက်သို့ လှည့်ထားလိုက်လေသည်။ ထို့နောက် ယုံးကျားဧကရာဇ်၏ ခေါင်းအုံးဘေး၌ ရှာဖွေကြည့်ရာ ဓားမြှောင်တစ်စင်းကို တွေ့လိုက်ရလေသည်။ ယုံးကျားဧကရာဇ်သည် ဓားမြှောင်ဆောင်တတ်သည့် အလေ့အထကို မဖျောက်သေးဘဲ ခုတင်ပေါ်၌ မလှုပ်နိုင်သည့် တိုင်အောင် ခေါင်းအုံးအောက်၌ ဓားမြှောင် ဝှက်ထားဆဲပင်။
ပထမမင်းသားသည် ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ လျိုကုန်းကုန်း ရှိရာသို့ လျှောက်သွားလိုက်လေသည်။ ထို့နောက် ဓားဖြင့် လျိုကုန်းကုန်း၏ ပခုံးကို ထိုးလိုက်တော့သည်။ ပြင်းထန်သော နာကျင်မှုကြောင့် လျိုကုန်းကုန်းသည် သတိပြန်ဝင်လာလေသည်။ သူ၏ စကားမပြောနိုင်သည့် အကြောမှာ ပိတ်ထားသဖြင့် အော်ဟစ်သော်လည်း အသံထွက်မလာဘဲ ပခုံးမှ သွေးများသာ တသွင်သွင် ထွက်လာတော့သည်။
လင်းထိန်နေသော မီးရောင်အောက်တွင် ပထမမင်းသား၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။ “လျိုကုန်းကုန်း၊ ဖုဟွမ်ရဲ့ တော်ဝင်တံဆိပ်တော်က ဘယ်မှာလဲ”
လျိုကုန်းကုန်းသည် မျက်လုံးကို အတင်းဖွင့်ကြည့်သော်လည်း အသံထွက်မလာချေ။ ပထမမင်းသားက အေးစက်စွာ ပြောလိုက်လေသည်။ “ငါ မင်းရဲ့ အကြောကို ပြန်ဖွင့်ပေးမယ်။ တကယ်လို့ မင်းသာ အော်ဖို့ ကြိုးစားရင် ငါ မင်းကို ချက်ချင်း သတ်လိုက်မယ်”
လျိုကုန်းကုန်း၏ မျက်နှာမှာ ဖြူလျော့နေသော်လည်း မလှုပ်ရဲတော့ချေ။ သူ၏ မျက်လုံးများမှာ နဂါးခုတင်ရှိရာသို့သာ ရောက်နေသော်လည်း ယုံးကျားဧကရာဇ်၏ ဘေးတိုက်ပုံရိပ်ကိုသာ မြင်နေရသဖြင့် အခြေအနေကို မသိနိုင်ချေ။
ပထမမင်းသားသည် လျိုကုန်းကုန်း၏ အကြောကို ဖွင့်ပေးလိုက်လေသည်။ လျိုကုန်းကုန်းသည် ဆိုင်းမတွဘဲ အော်ဟစ်လိုက်တော့သည်။ “လူတွေ လာကြပါဦး...”
တတိယမြောက် စကားလုံး မထွက်လာမီမှာပင် ထက်မြက်သော ဓားမြှောင်သည် လျိုကုန်းကုန်း၏ လည်ပင်းကို ဖြတ်သွားလေသည်။ သနားစဖွယ် လျိုကုန်းကုန်းသည် မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားလေတော့သည်။
နန်းဆောင်အပြင်ဘက်ရှိ ဓားလွယ်ရဲမက်များသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး တံခါးကို ဒုန်းဒုန်းမြည်အောင် ထုလိုက်ကြလေသည်။ “လျိုကုန်းကုန်း၊ ဘာဖြစ်တာလဲ”
...
အပိုင်း (၆၅၃) ရူးသွပ်ခြင်း (၃)
အိပ်ဆောင်တံခါးကို အတွင်းဘက်မှ ဂျပ်ထိုး၍ ပိတ်ထားလေသည်။ ဤတံခါးမှာ အလွန်ပင် ထူထဲလေးလံလှသဖြင့် အတင်းအကျပ် ဝင်ရောက်လိုပါက လူအများအပြား စုပေါင်းအားစိုက်၍ တိုက်ခိုက်မှသာ ပွင့်နိုင်လိမ့်မည်။
တံခါးအပြင်ဘက်ရှိ ကိုယ်ရံတော်များသည် လျိုကုန်းကုန်း၏ စူးရှသော အော်ဟစ်သံတစ်ချက်ကိုသာ ကြားလိုက်ရပြီးနောက် မည်သည့်အသံမျှ ထပ်မံထွက်ပေါ်မလာတော့ချေ။ ၎င်းတို့က တံခါးကို အကြိမ်ကြိမ် ခေါက်သော်လည်း အတွင်းမှ ပြန်လည်ထူးသံ မကြားရသဖြင့် မည်သို့လုပ်ဆောင်ရမည်ကို ဝေခွဲမရဖြစ်နေကြတော့သည်။
“တံခါးကို အတင်းတိုက်ဖွင့်ပြီး အထဲကို ဝင်ကြမလား” ဟု ကိုယ်ရံတော်တစ်ဦးက လေသံတိုးတိုးဖြင့် မေးမြန်းလိုက်လေသည်။ ကျန်ရှိသော ကိုယ်ရံတော်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ တွေဝေနေကြ၏။
အိပ်ဆောင်အတွင်း၌ လျိုကုန်းကုန်း၊ လျန်စစ်သူကြီးနှင့် ပထမမင်းသား တို့သာ ရှီကြသည်။ အတွင်း၌ မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်နေသည်ကို မသိရှိဘဲ ဇွတ်အတင်းဝင်ရောက်မိပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြစ်ဒဏ်များကို မည်သူမျှ တာဝန်မခံဝံ့ကြချေ။
ထိုစဉ် အိပ်ဆောင်အတွင်းမှ ပထမမင်းသား၏ အသံ ထွက်ပေါ်လာလေသည်။
“ငါနဲ့ လျိုကုန်းကုန်း စကားများနေလို့ပါ။ ဘာမှမဖြစ်ဘူး၊ မင်းတို့အားလုံး နောက်ဆုတ်သွားကြတော့”
ပထမမင်းသားမှာ တံခါးအနီးတွင် ရှိနေဟန်တူပြီး ထူထဲသော တံခါးချပ်ကို ဖြတ်ကျော်လာသော သူ၏အသံမှာ ပုံမှန်ထက် အနည်းငယ် ကွဲပြားနေသကဲ့သို့ ရှိနေလေသည်။ ကိုယ်ရံတော်များမှာ ဆုံးဖြတ်ချက်မချနိုင်သဖြင့် လူတစ်ဦးကိုစေလွှတ်၍ လျန်တပ်မှူးထံ သွားရောက်တင်ပြခိုင်းလိုက်ကြတော့သည်။
လျန်တပ်မှူးမှာ လျန်စစ်သူကြီး၏ သားဖြစ်သလို ပထမမင်းသား၏ ယောက်ဖလည်း တော်စပ်သူဖြစ်ရာ အမှန်တကယ် ပြဿနာတစ်စုံတစ်ရာ ရှိခဲ့လျှင် သူကသာ ဆုံးဖြတ်ပေးနိုင်မည်။ အိပ်ဆောင်အတွင်း၌မူ တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားလေတော့သည်။
ပထမမင်းသားသည် နဖူးပေါ်မှ ချွေးအေးများကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး အတွင်းဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ပြန်လည်လျှောက်လှမ်းသွား၏။ သူသည် ဦးစွာ လျန်စစ်သူကြီး၏ စကားမပြောနိုင်သည့် အကြောကို ပိတ်လိုက်ပြီးနောက် ဓားမြှောင်ဖြင့် သူ၏ပခုံးကို ထိုးစိုက်လိုက်လေသည်။
ယခင်က လျန်စစ်သူကြီးနှင့် လျိုကုန်းကုန်းတို့ကို မေ့လဲစေရန် အသုံးပြုခဲ့သော မေ့ဆေးမှာ ပထမမင်းသား သိမ်းသွင်းထားသည့် သိုင်းပညာရှင်တစ်ဦးက ဆက်သထားခြင်းဖြစ်သည်။ ၎င်းဆေးမှာ အလွန်ပင် ပြင်းထန်လှသဖြင့် နွားရိုင်းတစ်ကောင်ပင်ဖြစ်စေ ရှူမိပါက ချက်ချင်း မေ့လဲသွားနိုင်ပြီး အာနိသင်မှာ ၂ နာရီခန့်အထိ ကြာမြင့်နိုင်ကာ နိုးလာလျှင်ပင် အင်အားချိနဲ့နေစေသည်။ ပထမမင်းသားမှာမူ ကြိုတင်၍ အဆိပ်ဖြေဆေး သောက်ထားခဲ့ခြင်းပင်။
ပြင်းထန်သော နာကျင်မှုကြောင့် လျန်စစ်သူကြီးသည် သတိပြန်ဝင်လာ၏။ သူ၏ အကြည့်မှာ သွေးအိုင်ထဲ၌ လဲလျောင်းကာ အသက်မရှိတော့သော လျိုကုန်းကုန်းထံသို့ ရောက်ရှိသွားပြီးနောက် ထိတ်လန့်ဒေါသထွက်မှုများဖြင့် ပြည့်နှက်သွားတော့သည်။ နဂါးခုတင်ပေါ်မှ မလှုပ်မယှက် ရှိနေသော ပုံရိပ်ကို မြင်လိုက်ရသည့်အခါတွင်မူ လျန်စစ်သူကြီးမှာ ရူးမတတ်ပင် ဖြစ်သွားတော့၏။
လီယိ၊ မင်း တကယ်ပဲ ရူးနေပြီ! မင်း ဘာတွေလုပ်နေလဲဆိုတာ မင်းကိုယ်မင်း သိရဲ့လား!
လျန်စစ်သူကြီးမှာ ပါးစပ်ကို အကြိမ်ကြိမ် ဟသော်လည်း အသံတစ်စုံတစ်ရာ ထွက်မလာတော့ချေ။ ပထမမင်းသားမှာ ရက်စက်စွာ ပြုံးလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
“လျိုကုန်းကုန်း သေပြီ၊ ဖုဟွမ်လည်း အသက်ထွက်သွားပြီ။ ကျွန်တော့်ရဲ့ ယွဲ့ဖု၊ ခင်ဗျားလည်း ဒါကို လုံးဝ ထင်မထားဘူး မဟုတ်လား”
လျန်စစ်သူကြီး၏ ဦးနှောက်ထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာမှာ ဖြူလျော့သွားတော့သည်။ ပထမမင်းသားက ဆက်ပြီး ပြောလိုက်၏။ “အခုချိန်မှာ ကျွန်တော့်အတွက် နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး။ ဒါကြောင့် ယွဲ့ဖုရဲ့ အကူအညီ ကျွန်တော် လိုအပ်တယ်။ ဖုဟွမ်ရဲ့ တော်ဝင်တံဆိပ်တော် ဘယ်မှာထားလဲဆိုတာ ခင်ဗျားသွားယူပေးပါ။ ပြီးရင် ချောင်ကောလောင်နဲ့ ဝန်ကြီး ၆ ပါးကို နန်းတော်ထဲ လာဖို့ အမိန့်ထုတ်ပါ။ သူတို့ ရောက်လာတာနဲ့ တော်ဝင်ကိုယ်ရံတော်တွေကို တံခါးတွေ ပိတ်ခိုင်းပြီး ဘယ်သူ့ကိုမှ အဝင်မခံနဲ့”
“ကျွန်တော် အခုပဲ ဖုဟွမ်ကိုယ်စား သေတမ်းစာ ရေးမယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက ဖုဟွမ်နဲ့ အတူတူ စာရေးကျင့်ခဲ့တာ။ သူ့ရဲ့ လက်ရေးကို ဘယ်လောက်တူအောင် တုပနိုင်လဲဆိုတာ သူကိုယ်တိုင်တောင် မသိဘူး။ အဲဒီစာကို ယွဲ့ဖုက လူကြီးမင်းတို့ ရှေ့မှာ ဖတ်ပြပါ။ ခင်ဗျားက ဖုဟွမ် အယုံကြည်ရဆုံးလူ ဆိုတော့ သူတို့ မယုံဘဲ မနေနိုင်ပါဘူး”
လျန်စစ်သူကြီးမှာ ဤတိရစ္ဆာန်ထက် မိုက်သောလူကို ချက်ချင်း သတ်ပစ်ချင်နေတော့သည်။ ယုံးကျားဧကရာဇ်သည် ပထမမင်းသားအပေါ် ၁၀ နှစ်ကျော်တိုင် ချစ်ခင်ခဲ့ပြီး သူခြေမသန်ဖြစ်သွားချိန်မှာပင် လစ်လျူမရှုဘဲ နောင်တွင် ချမ်းသာသော နယ်မြေကို ပေးအပ်ရန်ပင် စီစဉ်ထားခဲ့သူဖြစ်သည်။ သို့သော် လီယိကမူ ထီးနန်းအတွက်နှင့် ဤကဲ့သို့ ယုတ်မာရက်စက်ခဲ့လေသည်။
ဒုန်း! ဒုန်း! ဒုန်း!
တံခါးခေါက်သံ ထပ်မံထွက်ပေါ်လာပြီး လျန်အာ့လန်၏ အသံကို ကြားလိုက်ရသည်။
“အရှင်မင်းကြီးကို တွေ့ခွင့်ပြုဖို့ တောင်းဆိုပါတယ်”
အာ့လန်၊ မြန်မြန်ဝင်လာပြီး ဒီတိရစ္ဆာန်ကို သတ်စမ်း! ဟု လျန်စစ်သူကြီးက စိတ်ထဲမှ အော်ဟစ်နေမိသည်။
ပထမမင်းသားသည် ဓားမြှောင်ကို အင်္ကျီလက်အတွင်း ဝှက်လိုက်ပြီး တံခါးကို ဖွင့်ပေးလိုက်ရာ အပြင်ဘက်၌ လျန်အာ့လန်ကို တွေ့လိုက်ရသည်။ သူသည် လျန်အာ့လန်ကို တစ်ဦးတည်းသာ အထဲဝင်ခိုင်းပြီး ကျန်သူများကို နောက်ဆုတ်ခိုင်းလိုက်၏။ လျန်အာ့လန်မှာမူ ပထမမင်းသား ဖခင်ဖြစ်သူကို စိတ်ဆိုးအောင် လုပ်မိ၍ အခြေအနေ တင်းမာနေသည်ဟုသာ ထင်မှတ်နေခဲ့သည်။
လျန်အာ့လန် အထဲသို့ ရောက်ရှိလာပြီး အရိုအသေပေးရန် ပြင်ဆင်စဉ်မှာပင် အဆိပ်နံ့ကို ရှူမိကာ သတိမေ့လဲသွားတော့သည်။ ပထမမင်းသားက သူ့ကိုပါ အကြောပိတ်၍ ပခုံးဖြင့် ထမ်းကာ ကန်လန့်ကာအနောက်သို့ ခေါ်ဆောင်သွားလေသည်။
ပထမမင်းသားသည် ဓားမြှောင်ကို လျန်အာ့လန်၏ လည်ပင်းတွင် တေ့ထားပြီး လျန်စစ်သူကြီးကို ခြိမ်းခြောက်လိုက်တော့သည်။
“ယွဲ့ဖု၊ ကျွန်တော် ထီးနန်းရအောင် ကူညီပါ။ ဒါဆိုရင် လျန်ရှီကို မိဖုရားခေါင်အဖြစ် တင်မြှောက်ပြီး ခင်ဗျားကိုလည်း နိုင်ငံတော်ရဲ့ ဂုဏ်ထူးဆောင် ယောက္ခမကြီး ဖြစ်စေရမယ်။ တကယ်လို့ ခင်ဗျားက ငြင်းဆန်မယ်ဆိုရင်တော့ ခင်ဗျားရဲ့သား အခုပဲ အသက်ပျောက်သွားလိမ့်မယ်”
“တစ်ဖက်မှာက သေဆုံးသွားတဲ့ သားအဖ၊ နောက်တစ်ဖက်မှာက လက်တစ်ကမ်းမှာ ရှိနေတဲ့ စည်းစိမ်ချမ်းသာ... ခင်ဗျား ဘယ်လိုရွေးမလဲဆိုတာ သေချာစဉ်းစားပါ”
“ငါ ၁၀ အထိ ရေတွက်ပြီးရင် မင်းရဲ့ အကြောကို ဖွင့်ပေးမယ်။ မှတ်ထား၊ အသက်ရှင်ချင်ရင် ငြိမ်ငြိမ်နေပြီး ငါခိုင်းတာလုပ်။ အော်ဖို့ ကြိုးစားရင်တော့ လျိုကုန်းကုန်းရဲ့ အဖြစ်မျိုး ခင်ဗျားတို့ သားအဖ ကြုံရလိမ့်မယ်”
“၁ ... ၂ ... ၃ ...”
ပထမမင်းသားမှာ နံပါတ်များကို ဖြည်းဖြည်းချင်း ရေတွက်နေရင်း လျန်စစ်သူကြီး၏ မျက်နှာကို စိုက်ကြည့်နေသည်။ ထိုက်ဇီ မြို့တော်သို့ ပြန်မရောက်မီ သူ နန်းတက်နိုင်ခဲ့လျှင် အရာအားလုံးက သူ၏လက်ဝယ်သို့ ရောက်ရှိလာလိမ့်မည်။
“၇ ... ၈ ... ၉ ... ၁၀!”
ပထမမင်းသားသည် လျန်စစ်သူကြီး၏ အကြောကို ဖွင့်ပေးလိုက်ပြီး လက်က ဓားမြှောင်ကိုမူ လျန်အာ့လန်၏ လည်ပင်းတွင် အနည်းငယ် ဖိလိုက်ရာ သွေးများ စိမ့်ထွက်လာလေတော့သည်။
...
အပိုင်း (၆၅၄) ရူးသွပ်ခြင်း (၄)
“၁၀” ဟူသော ကိန်းဂဏန်းကို ရေတွက်ပြီးသည့် ခဏချင်းတွင် ပထမမင်းသား၏ စိတ်အာရုံမှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေသည်။
အကယ်၍ လျန်စစ်သူကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပါက တံခါးအပြင်ဘက်၌ စောင့်ကြပ်နေသော တော်ဝင်ကိုယ်ရံတော်များ ဇွတ်အတင်းဝင်ရောက်လာမည်သာ။ ထိုသို့ဖြစ်လာပါက သူသည် လျန်အာ့လန်နှင့် လျန်စစ်သူကြီးကို သတ်ဖြတ်နိုင်သော်လည်း သူကိုယ်တိုင်လည်း သေခြင်းတရားမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။
လျန်စစ်သူကြီးသည် အရာအားလုံးကို ဖျက်ဆီးပစ်မည့် လမ်းကို ရွေးချယ်လေမည်လား။ အချိန်များမှာ တန့်သွားသကဲ့သို့ ခံစားရလေသည်။
လျန်စစ်သူကြီးမှာလည်း ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေပြီး ဒေါသတကြီး ကြည့်နေသည့် အမူအရာမှာ တန့်နေလေသည်။ မည်သည့် ဆဲဆိုသံမျှ၊ အော်ဟစ်သံမျှ ထွက်မလာခဲ့ချေ။
ပထမမင်းသား၏ တင်းမာနေသော စိတ်အာရုံများမှာ အနည်းငယ် လျော့ကျသွားပြီး အားစိုက်ထားသော ညာလက်မှာလည်း လျော့သွားသော်လည်း ထက်မြက်သော ဓားမြှောင်မှာမူ လျန်အာ့လန်၏ လည်ပင်းတွင် ကပ်လျက်ရှိနေဆဲပင်။ အချိန်မရွေး လျန်အာ့လန်၏ အသက်ကို နှုတ်ယူနိုင်သည့် အနေအထား ဖြစ်လေသည်။
အချိန်အတော်ကြာမှ လျန်စစ်သူကြီးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“မင်း ဘာလို့ ဒါကို လုပ်ရတာလဲ”
ပထမမင်းသားက အံကိုကြိတ်၍ ရက်စက်စွာ ပြုံးလိုက်၏။ “ဘာဖြစ်လို့လဲ... ငါက ဘာလို့ ထိုက်ဇီ မဖြစ်နိုင်ရမှာလဲ၊ ငါက ဘာလို့ ထီးနန်းမရနိုင်ရမှာလဲ။ ဖုဟွမ်က ငါ့အပေါ် ကောင်းတယ်လို့ ပြောနေတာတွေ အားလုံးက အလကားပဲ။ ငါ အမုန်းဆုံးလူက သူပဲ”
“နောက်ပြီး သူက လေဖြတ်နေတာ၊ တစ်ကိုယ်လုံး မလှုပ်နိုင်ဘဲ ပါးစပ်ပဲ လှုပ်နိုင်တာ။ ဒီလို သိက္ခာမရှိတဲ့ ဘဝနဲ့ ဆက်ရှင်နေတာ ဘာအဓိပ္ပာယ်ရှိမှာလဲ။ အဲဒါကြောင့် သူ့ကို စောစောစီးစီး လမ်းပို့ပေးလိုက်တာပေါ့”
ဤကား ရူးသွပ်နေသော တိရစ္ဆာန်တစ်ကောင်၏ အပြုအမူပင်။
လျန်စစ်သူကြီးသည် မျက်လုံးကို မှိတ်လိုက်ပြီး သက်ပြင်းတစ်ချက်ကို ပြင်းထန်စွာ ချလိုက်သည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ ပြောလိုက်သည်။
“အခု ငါက လုံးဝမလှုပ်နိုင်ဘူး၊ ဘာလုပ်ပေးနိုင်မှာလဲ”
အမှန်တကယ်ပင်၊ သေရမည့်အစား အသက်ရှင်ရခြင်းက ပို၍ ကောင်းမွန်သည်။ စည်းစိမ်ချမ်းသာနှင့် အာဏာများမှာ လက်တစ်ကမ်းတွင် ရှိနေချိန်တွင် သစ္စာရှိမှု ဆိုသည်မှာ အဓိပ္ပာယ် မရှိတော့ချေ။
ပထမမင်းသား၏ မျက်ဝန်းထဲ၌ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တောက်ပသော အလင်းတန်းများ ပေါ်လာပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
“ဒီည ငါသုံးတဲ့ မေ့ဆေးက ၂ နာရီလောက် ခံတယ်။ ၂ နာရီပြည့်ရင် ယွဲ့ဖု လှုပ်ရှားနိုင်လာမှာပါ”
၂ နာရီ...
လျန်စစ်သူကြီး၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားပြီးနောက် ဖြည်းညှင်းစွာ မေးလိုက်သည်။
“အခု ဘာလုပ်ရမလဲ”
ပထမမင်းသား၏ မျက်လုံးများ တောက်ပလာပြီး အသံထဲတွင်လည်း စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မရ ဖြစ်နေသည်။
“အရင်ဆုံး တော်ဝင်တံဆိပ်တော် ဘယ်မှာ ဝှက်ထားလဲ ပြောပြပါ”
တော်ဝင်တံဆိပ်တော်ကို ရရှိပါက အမိန့်တော်များ ထုတ်ပြန်နိုင်လိမ့်မည်။ ယုံးကျားဧကရာဇ် လဲလျောင်းနေရချိန်မှစ၍ တော်ဝင်တံဆိပ်တော်မှာ အိပ်ဆောင်အတွင်း၌သာ ရှိနေခဲ့ပြီး အမိန့်တော် ထုတ်ပြန်သူမှာ လျန်စစ်သူကြီး ဖြစ်သည်။ လျန်စစ်သူကြီးကိုယ်တိုင် ပါဝင်မည်ဆိုလျှင် အောင်မြင်နိုင်ခြေ အလွန်ပင် များပြားလှသည်။
လျန်စစ်သူကြီးသည် မျက်နှာတစ်ခုလုံး နီမြန်းနေသော ပထမမင်းသားကို ကြည့်ရင်း စိတ်ထဲမှ အလွန်အမင်း မုန်းတီးနေသော်လည်း အမူအယာမှာမူ ပို၍ တည်ငြိမ်လာသည်။
“တော်ဝင်တံဆိပ်တော်ကို နဂါးခုတင်ရဲ့ အတွင်းဘက် နံရံမှာရှိတဲ့ လျှို့ဝှက်အကန့်ထဲမှာ ဝှက်ထားတယ်”
ထို့နောက် တိကျသော တည်နေရာနှင့် တော်ဝင်တံဆိပ်တော်ကို ထုတ်ယူနိုင်မည့် နည်းလမ်းကို ပြောပြလိုက်လေသည်။
လျန်စစ်သူကြီးက ဤသို့ လိုက်လျောညီထွေ လုပ်ဆောင်ပေးသဖြင့် ပထမမင်းသား အလွန်ပင် ဝမ်းသာသွားသည်။ သို့သော် သူသည် သတိကို လုံးဝ မလျော့ချေ။ တံခါးပြင်ပရှိ ကိုယ်ရံတော်များကို အသံမကြားစေရန် လျန်စစ်သူကြီး၏ စကားမပြောနိုင်သည့် အကြောကို ထပ်မံ၍ ပိတ်လိုက်ပြန်သည်။ ထို့နောက်မှ ဓားမြှောင်ကို သိမ်းဆည်းကာ တော်ဝင်တံဆိပ်တော်ကို သွားရောက်ယူဆောင်လေသည်။
လူတစ်ဦး သေဆုံးသွားသည့်အခါ ရုပ်အလောင်းမှာ မကြာမီ အေးစက်လာပြီး တောင့်တင်းလာတတ်သည်။
ပထမမင်းသားသည် စိတ်မရှည်စွာဖြင့် ယုံးကျားဧကရာဇ်၏ ရုပ်အလောင်းကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ခုတင်ပေါ်သို့ တက်လိုက်သည်။ လျန်စစ်သူကြီးသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ နဖူးပေါ်မှ အကြောများမှာ ထောင်တက်လာတော့သည်။
ပထမမင်းသားသည် လျန်စစ်သူကြီး ပြောပြထားသော နေရာသို့ လျင်မြန်စွာ စမ်းသပ်ကြည့်လိုက်သည်။ လျန်စစ်သူကြီး ပြောပြထားသည့် အထူးနည်းလမ်းအတိုင်း နံရံကို အနည်းငယ် တွန်းကြည့်လိုက်သည်။
အမှန်ပင် နံရံမှာ ရွေ့လျားသွားပြီး အသံတစ်ချက်နှင့်အတူ တစ်ပေပတ်လည်ခန့်ရှိသော နံရံတွင်း အကန့်လေးတစ်ခု ပေါ်လာလေသည်။ သာ့ဝေတိုင်းပြည်၏ တော်ဝင်တံဆိပ်တော်မှာ ထိုနေရာ၌ ငြိမ်သက်စွာ ရှိနေလေသည်။
ပထမမင်းသားမှာ အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကာ လက်ဖဝါးပေါ်မှ ချွေးများကို အဝတ်ဖြင့် အလျင်အမြန် သုတ်လိုက်ပြီးမှ တော်ဝင်တံဆိပ်တော်ကို ထုတ်ယူလိုက်သည်။
ဤတော်ဝင်တံဆိပ်တော်မှာ လောကတွင် ရှားပါးလှသော ကျောက်စိမ်းဖြူကြီးကို ထွင်းထုထားခြင်းဖြစ်ပြီး ကလေးလက်သီးဆုပ်ခန့် ရှိလေသည်။ ထိတွေ့လိုက်သည်နှင့် ချောမွေ့အေးစက်နေသော ခံစားမှုကို ရရှိစေသည်။
ပထမမင်းသားသည် တော်ဝင်တံဆိပ်တော်ကို တန်ဖိုးကြီး ရတနာတစ်ခုကဲ့သို့ လက်ထဲတွင် ဆုပ်ကိုင်ထားလေသည်။ သူသည် အလွန်ပင် စိတ်လှုပ်ရှားနေသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း လက်ထဲမှ တော်ဝင်တံဆိပ်တော်မှာမူ လုံးဝ လုံခြုံစွာ ရှိနေသည်။
ပထမမင်းသားသည် အသက်ကို ပြင်းပြင်းရှူ၍ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ကာ တော်ဝင်တံဆိပ်တော်ကို ကိုင်ဆောင်၍ ခုတင်ပေါ်မှ ဆင်းလာခဲ့သည်။
နောင်ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စများအတွက်မူ လျန်စစ်သူကြီး ကူညီစရာ မလိုတော့ချေ။
ယုံးကျားဧကရာဇ်သည် အမိန့်တော်များ ထုတ်ပြန်ရာတွင် အဆင်ပြေစေရန်အတွက် အိပ်ဆောင်၏ ထောင့်တစ်နေရာ၌ စားပွဲတစ်ခု ထားရှိစေခဲ့သည်။ ထိုစားပွဲပေါ်တွင် ကလောင်၊ မင်နှင့် အမိန့်တော်ရေးသားရန် အလွတ်လိပ်များ ရှိနေလေသည်။ အမိန့်တော် ရေးသားပြီးနောက် တော်ဝင်တံဆိပ်တော် ခတ်နှိပ်လိုက်ပါက အတည်ဖြစ်သွားလိမ့်မည်။
ယုံးကျားဧကရာဇ် မလှုပ်ရှားနိုင်သည့် ကာလအတွင်းတွင် လျိုကုန်းကုန်းက ကိုယ်စားရေးသားပေးပြီး လျန်စစ်သူကြီးက တော်ဝင်တံဆိပ်တော် ခတ်နှိပ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် လျန်စစ်သူကြီးကပင် အမိန့်တော်များကို ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
မင်အိုးထဲ၌ သွေးထားသော မင်များ ကျန်ရှိနေသေးသည်။
ပထမမင်းသားသည် အမိန့်တော်လိပ် အလွတ်တစ်ခုကို ဖြန့်လိုက်ပြီး ကလောင်ကို ကိုင်ကာ အလျင်အမြန်ပင် ရေးသားလိုက်သည်။ “သေတမ်းစာ” ကို ရေးသားပြီးနောက် တော်ဝင်တံဆိပ်တော်ကို ပြင်းထန်စွာ ခတ်နှိပ်လိုက်လေသည်။
ထို့နောက်တွင် စစ်ဘက်၊ အရပ်ဘက် အရာရှိများကို နန်းတော်သို့ ခေါ်ယူမည့် အမိန့်တော်များကိုလည်း ရေးသားလိုက်သည်။ နောက်ဆုံးတွင်မူ စာတစ်စောင်ကိုလည်း ရေးသားလိုက်၏။ ထိုစာမှာ တစ်မျက်နှာတည်းသာ ရှိလေသည်။
ဤအလုပ်များ အားလုံးကို ပြီးမြောက်ရန် တစ်နာရီခွဲခန့်သာ ကြာမြင့်ခဲ့သည်။
အလုပ်များ ပြီးစီးသွားသည့်အခါ ပထမမင်းသား၏ မျက်နှာမှာ နီရဲနေပြီး နဖူးပေါ်၌လည်း ချွေးစက်များဖြင့် ပြည့်နှက်နေသည်။ ၎င်းမှာ စိုးရိမ်ထိတ်လန့်မှုကြောင့်လား သို့မဟုတ် အတိုင်းထက်အလွန် စိတ်လှုပ်ရှားမှုကြောင့်လား ဆိုသည်မှာမူ မသိနိုင်ချေ။
ပထမမင်းသားသည် ကန်လန့်ကာ အနောက်သို့ ပြန်လည်ဝင်ရောက်သွားပြီး လျန်စစ်သူကြီး၏ ကိုယ်ပေါ်မှ စစ်သည် ၅၀၀၀၀ ကို ကွပ်ကဲနိုင်သော စစ်တံဆိပ်ကို ရှာဖွေယူဆောင်လိုက်သည်။
လျန်စစ်သူကြီးမှာ တစ်ကိုယ်လုံး အင်အားချိနဲ့နေပြီး စကားလည်း မပြောနိုင်သဖြင့် ပထမမင်းသား စစ်တံဆိပ်ကို ယူဆောင်သွားသည်ကိုသာ ငေးကြည့်နေခဲ့ရတော့သည်။
လျန်စစ်သူကြီးသည် ကန်လန့်ကာ အခြားတစ်ဖက်မှ လှုပ်ရှားမှုများကို အာရုံစိုက် နားစွင့်နေမိသည်။
ပထမမင်းသားသည် တံခါးကို ဖွင့်လိုက်ပြီး တော်ဝင်ကိုယ်ရံတော် အချို့ကို ခေါ်ယူကာ ချောင်ကောလောင်နှင့် ဝန်ကြီးများ၏ အိမ်တော်များသို့ အမိန့်တော်များ သွားရောက်ထုတ်ပြန်ရန် စေခိုင်းလိုက်သည်။ ထို့နောက် မိမိ၏ ကိုယ်ပိုင်စစ်သည်တစ်ဦးကို ခေါ်ယူကာ စာတစ်စောင်ကို နန်းတော်ပြင်ပသို့ ပေးပို့ရန် စေခိုင်းလိုက်ပြန်သည်။
ဒီတိရစ္ဆာန်ထက် မိုက်တဲ့လူ၊ အပြင်ပန်းကြည့်ရင် မသိသာပေမဲ့ ဟန်ဆောင်ကောင်းတဲ့နေရာမှာတော့ တကယ့်ကို ထိပ်တန်းပဲ
လျန်စစ်သူကြီးက စိတ်ထဲမှ အဆက်မပြတ် ဆဲဆိုနေမိသည်။
မကြာမီမှာပင် ပထမမင်းသား ပြန်လည်ဝင်ရောက်လာခဲ့သည်။
ပထမမင်းသားသည် တော်ဝင်တံဆိပ်တော်ကို ရရှိပြီးနောက် စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေသည်။ သူက လျန်စစ်သူကြီး၏ စကားမပြောနိုင်သည့် အကြောကို ဖွင့်ပေးလိုက်ပြီး “ဒီညပြီးလို့ အရာအားလုံး အောင်မြင်သွားရင် ငါက သာ့ဝေတိုင်းပြည်ရဲ့ ဧကရာဇ် ဖြစ်လာတော့မှာပါ။ အဲဒီအချိန်ကျရင် ယွဲ့ဖုက အကြီးမားဆုံးသော သူရဲကောင်းကြီး ဖြစ်စေရမယ်”
လျန်စစ်သူကြီးမှာ ရှိသမျှ စိတ်ရှည်သည်းခံမှုကို အသုံးပြု၍ ဒေါသကို ထိန်းချုပ်ထားရသည်။
သူသည် သေခြင်းတရားကို မကြောက်ရွံ့သော်လည်း ဤလူမိုက်၏ လက်ထဲတွင် အလကား သေဆုံးသွားခြင်းမျိုးကိုမူ မလိုလားချေ။
ညဉ့်နက်သန်းခေါင်ယံ အချိန်တွင် ချောင်ကောလောင်နှင့် ဝန်ကြီးများကို နန်းတော်သို့ ခေါ်ယူခြင်းမှာ သေချာပေါက် ချောင်မိဖုရားခေါင်နှင့် အရှေ့နန်းတော်ကို လှုပ်ခတ်စေလိမ့်မည်။ ချောင်မိဖုရားခေါင် တစ်ဦးတည်းနှင့် မလုံလောက်သော်လည်း ထိုက်ဇီဖေး လုမင်ယွိ၏ ထက်မြက်မှုဖြင့်ဆိုလျှင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိထားမိနိုင်လိမ့်မည်...
ဘုရားသခင် မစပါစေနဲ့!
ထိုက်ဇီဖေး အမြန်ဆုံး ရောက်လာပါစေ!
ပထမမင်းသားက လျန်စစ်သူကြီးကို စိုက်ကြည့်ရင်း “ဘာလို့ စကားမပြောတာလဲ။ တခြား အကြံအစည်တွေ ရှိနေသေးလို့လား။ ငါ တော်ဝင်တံဆိပ်တော် ရထားသလို မင်းရဲ့ စစ်တံဆိပ်ကိုလည်း ရထားပြီးပြီ။ မင်းက ငါနဲ့ တစ်လှေတည်းစီးနေပြီ ဆိုတာ မမေ့နဲ့။ လမ်းခုလတ်မှာ ဆင်းဖို့တော့ မစဉ်းစားနဲ့တော့”
၎င်းမှာ ပထမမင်းသား၏ အစီအစဉ်ပင်။ မည်သို့ပင်ဖြစ်စေ လျန်စစ်သူကြီး သားအဖကို သူ၏ဘက်သို့ ဆွဲသွင်းရလိမ့်မည်။
လျန်စစ်သူကြီးက အချိန်ဆွဲရန်အတွက် လိုက်လျောညီထွေ ဟန်ဆောင်ပြောဆိုရတော့သည်။
“အရပ်ဘက် ဝန်ကြီးတွေကိုတော့ မကြောက်ပါဘူး။ ဒါပေမဲ့ ရှင်းယန်ဝမ်က စစ်သည်တွေနဲ့ ရောက်လာခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားနေတာ”
ပထမမင်းသားက ဂုဏ်ယူစွာဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။
“ယွဲ့ဖု အဲဒါအတွက် စိုးရိမ်နေဖို့ မလိုပါဘူး။ ငါ ကိုယ်ပိုင်စစ်သည်တွေကို မုန့်မိသားစုရဲ့ စစ်စခန်းဆီ စာသွားပို့ခိုင်းပြီးပြီ”
“ကွမ်းပင်းနယ်စားမှာ အာဏာကို လိုချင်တဲ့ ရည်မှန်းချက်တွေ ရှိနေတာ ကြာလှပြီ။ ငါက မကြာခင်မှာ ဧကရာဇ် ဖြစ်လာတော့မှာမို့ သူ့ကို စစ်သည်တွေ လွှတ်ပြီး ရှင်းယန်စစ်တပ်ကို တားဆီးပေးဖို့ ပြောထားတယ်”
လျန်စစ်သူကြီးမှာ အလွန်အမင်း ထိတ်လန့်သွားပြီး “မင်း ရူးနေပြီလား။ စစ်တပ်နှစ်ခုသာ တိုက်ပွဲဖြစ်ပွားရင် လူဘယ်လောက် သေကြမလဲဆိုတာ မင်းသိရဲ့လား။ မြို့တော်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်”
ပထမမင်းသားက အေးစက်စွာ ပြောလိုက်သည်။
“ငါလိုချင်တာကလည်း မြို့တော်တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားဖို့ပဲ”
...