အခန်း (၆၅၅-၆၅၇)
Vol. 44 Ch. 655-657
အပိုင်း (၆၅၅) ရုတ်တရက် အပြောင်းအလဲ (၁)
ဒေါင်... ဒေါင်... ဒေါင်...
သန်းခေါင်ယံ သုံးချက်တီး အချိန်သို့ ရောက်ရှိခဲ့လေပြီ။
လုမင်ယွိသည် ကောင်းမွန်စွာ အိပ်မောကျနေစဉ်အတွင်း ကင်းတီးသံကို ခပ်စိပ်စိပ် ကြားလိုက်ရသဖြင့် ကိုယ်ကို တစ်ဖက်သို့ လှည့်လိုက်လေသည်။ သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ သူမ၏ နှလုံးခုန်နှုန်းမှာ ရုတ်ချည်း မြန်ဆန်လာကာ စိုးရိမ်စိတ်ဖြင့် လန့်နိုးလာပြီး ခုတင်ထက်တွင် ထိုင်လိုက်မိတော့သည်။
ညစောင့်အဖြစ် တာဝန်ကျနေသော ချီယွင်သည် မျက်လုံးများကို ပွတ်သပ်ရင်း လေသံတိုးတိုးဖြင့် မေးလိုက်၏။ "ညန်ညန် ဘာလို့ နိုးလာတာလဲ"
"ချီယွင်..." လုမင်ယွိသည် မျက်မှောင်ကြုတ်လျက် အလျင်အမြန်ပင် တီးတိုးဆိုလိုက်သည်။ "ငါ့ရင်ထဲမှာ အကြောင်းရင်းမရှိဘဲ အေးစက်လာပြီး ကျောပြင်မှာလည်း ချွေးအေးတွေ တစိမ့်စိမ့် ထွက်နေတယ်"
နောက်ဆုံးအကြိမ် ဤကဲ့သို့ မကောင်းသော အတိတ်နိမိတ် ခံစားခဲ့ရစဉ်က လီကျင့် ပြင်းထန်သော ဒဏ်ရာရရှိခဲ့သည့် အချိန်ပင် ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ ပြင်းထန်သော ဂနာမငြိမ်မှုများ အဘယ်ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာရပါသနည်း။
ချီယွင်သည် ချက်ချင်းပင် အိပ်ချင်စိတ်များ ပျောက်ကွယ်သွားပြီး လုမင်ယွိ၏ လေးနက်နေသော မျက်နှာရိပ်မျက်နှာကဲကို ကြည့်ကာ ညင်သာစွာ ဆိုလိုက်၏။ "ညန်ညန် အိပ်မက်ဆိုးတွေ မက်လို့နေမှာပါ"
"မဟုတ်ဘူး... ငါ အိပ်မက်ဆိုး မက်တာ မဟုတ်ဘူး" လုမင်ယွိက အလျင်အမြန်ပင် ပြန်ပြောလိုက်၏။ "ငါ အခုပဲ ထတော့မယ်။ ကိုယ်ရံတော်တွေကို နန်းတော်ထဲမှာ တစ်ခုခု ဖြစ်နေသလားဆိုတာ လိုက်ကြည့်ခိုင်းလိုက်ဦး။ အနောက်နန်းဆောင်ထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ သိရအောင်"
လုမင်ယွိသည် ခုတင်ပေါ်မှ လျင်မြန်စွာ ဆင်းကာ အဝတ်အစားနှင့် ဖိနပ်များကို ဝတ်ဆင်လိုက်သည်။ သူမ၏ အကြည့်မှာ ခုတင်ဘေးတွင် ရှိနေသော ပေါင်ယွိဓားထံသို့ ရောက်ရှိသွားပြီး လက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်လိုက်၏။ ရင်းနှီးနေသော ဓားရိုး၏ အထိအတွေ့ကြောင့် လုမင်ယွိ၏ အလွန်အမင်း ခုန်လှုပ်နေသော နှလုံးသားမှာ အနည်းငယ် ပြန်လည် တည်ငြိမ်သွားလေသည်။
သူမသည် အိပ်ဆောင်တံခါးကို တွန်းဖွင့်၍ ဝရန်တာအောက်သို့ ထွက်လာခဲ့လေသည်။ သူမသည် နန်းတော်အတွင်းသို့ သစ္စာရှိပြီး သိုင်းပညာ ထက်မြက်သော ကိုယ်ရံတော် ၁၀၀ ခန့် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် နှစ်သုတ်ခွဲ၍ လုမင်ယွိ၏ ဘေးတွင် အမြဲမပြတ် စောင့်ကြပ်နေကြသူများ ဖြစ်ကြ၏။
လုမင်ယွိ ပေါ်လာသည်နှင့် ကိုယ်ရံတော်များမှာ အံ့အားသင့်သွားကြသည်။ သည်လို ညဉ့်သန်းခေါင်ယံ အချိန်တွင် ထိုက်ဇီဖေးသည် အဘယ်ကြောင့် ရုတ်တရက် ထွက်လာရပါသနည်း။
လုမင်ယွိသည် ပါးစပ်ဟ၍ အားကိုးရသော ကိုယ်ရံတော် အချို့ကို ခေါ်ယူကာ လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်လေသည်။ "မင်းတို့ အခုချက်ချင်း အရှေ့နန်းတော်ကနေ ထွက်သွားပြီး နန်းတော်တံခါးတွေဆီ သွားကြည့်ပါ။ ဒီည နန်းတော်ထဲကို ဘယ်သူတွေ ဝင်လာသလဲဆိုတာ စုံစမ်းခဲ့ကြစမ်း"
ကိုယ်ရံတော်များမှာလည်း ချက်ချင်းပင် အမိန့်ကို နာခံကာ ထွက်ခွာသွားကြတော့သည်။
လုမင်ယွိ၏ အိပ်ချင်စိတ်များမှာ လုံးဝ ပျောက်ကွယ်သွားပြီး အရှေ့နန်းတော်အတွင်း၌ ဟိုဟိုဒီဒီ လမ်းလျှောက်နေမိသည်။ ခဏအကြာတွင် ကိုယ်ရံတော်တစ်ဦး အလျင်အမြန် ပြန်ရောက်လာကာ သတင်းပို့လေသည်။ "ညန်ညန်ကို လျှောက်တင်ပါတယ်... ဒီည ပထမမင်းသား အရှင်မင်းသားက နန်းတော်ထဲကို ဝင်ရောက် ဂါရဝပြုခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်နာရီကျော်လောက်ကတည်းက ဝမ်ဟွားနန်းဆောင်ထဲကို ဝင်သွားတာ ခုထိ ပြန်ထွက်မလာသေးပါဘူး"
ပထမမင်းသားလား...
လုမင်ယွိ၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားပြီး မကောင်းသော အတိတ်နိမိတ်မှာ ပို၍ပင် ပြင်းထန်လာလေသည်။ ခဏအကြာတွင် နောက်ထပ် ကိုယ်ရံတော်တစ်ဦး ရောက်ရှိလာပြန်၏။ "ညန်ညန်ကို လျှောက်တင်ပါတယ်... လွန်ခဲ့တဲ့ ခဏလေးက ဝမ်ဟွားနန်းဆောင်က လူတစ်ချို့ဟာ အမိန့်တော် ထုတ်ပြန်ဖို့ နန်းတော်အပြင်ကို ထွက်သွားကြပါတယ်။ အရှင်မင်းကြီးက ချောင်ကောလောင်နဲ့ ဝန်ကြီးချုပ်တွေကို အရေးပေါ် နန်းတော်ထဲ ခေါ်ယူလိုက်တာပါ"
လုမင်ယွိ၏ နားထင်မှ အကြောများမှာ တဒိတ်ဒိတ် တုန်ယင်လာတော့သည်။
မဖြစ်နိုင်တာ!
ယုံးကျားဧကရာဇ်၏ စိတ်နေစိတ်ထားအရ နန်းတော်အတွင်း၌ ကိစ္စတစ်စုံတစ်ရာ ရှိခဲ့လျှင်ပင် ဤကဲ့သို့ ညဉ့်သန်းခေါင်ယံ၌ အရပ်ဘက် ဝန်ကြီးများကို အလျင်စလို ခေါ်ယူလိမ့်မည် မဟုတ်ပေ။ အမှန်စင်စစ် ယုံးကျားဧကရာဇ်သည် နာမကျန်းဖြစ်၍ လဲလျောင်းနေရသည့် အချိန်မှစ၍ လူတွေ့ရန် ပို၍ပင် ငြင်းဆန်လာခဲ့သည်။
တစ်လှမ်းဆုတ်၍ စဉ်းစားကြည့်လျှင်ပင် အရေးကြီးသည့် ကိစ္စရှိခဲ့ပါက မိုးလင်းသည့်တိုင်အောင် စောင့်ဆိုင်းနိုင်သည်ပင်။ ဝန်ကြီးများကို ညဉ့်နက်သန်းခေါင် ခေါ်ယူရလောက်အောင် မည်သည့်အရာက ဤမျှ အရေးကြီးနေပါသနည်း။ ထို့ပြင် ပထမမင်းသားသည်လည်း ပြန်မသွားဘဲ ထိုနေရာမှာပင် ရှိနေဆဲ ဖြစ်သည်။
ဝမ်ဟွားနန်းဆောင်အတွင်း၌ တစ်ခုခု ဖြစ်ပျက်နေသည်မှာ သေချာလှပေပြီ။
လုမင်ယွိသည် မျက်မှောင်ကြုတ်လျက် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်လေသည်။ "ကိုယ်ရံတော်တွေ အားလုံးကို ခေါ်လိုက်ကြစမ်း။ ငါနဲ့အတူ ဝမ်ဟွားနန်းဆောင်ကို လိုက်ခဲ့ကြရမယ်"
ကိုယ်ရံတော်များမှာလည်း တပြိုင်နက်တည်း ထူးလိုက်ကြ၏။
ခေတ္တမျှ ကြာပြီးနောက် ကိုယ်ရံတော်များ အားလုံး စုံလင်သွားကြသည်။ လုမင်ယွိသည် နောက်ထပ် စကားများများ မဆိုတော့ဘဲ အရှေ့နန်းတော်မှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာခဲ့လေသည်။
နန်းတော်အတွင်း၌ တော်ဝင်ရဲမက်များက နေရာအနှံ့ ကင်းလှည့်နေကြသည်။ လုမင်ယွိသည် ကိုယ်ရံတော် ၁၀၀ ကျော်ကို ခေါ်ဆောင်၍ အရှေ့နန်းတော်မှ ထွက်လာခြင်းဖြစ်ရာ ဤမျှ ကြီးကျယ်သော လူအုပ်စုကြီးသည် အနီးအနားရှိ ကင်းလှည့်နေသော တော်ဝင်ရဲမက်များကို ချက်ချင်း သတိပြုမိစေခဲ့သည်။
"ညန်ညန်... ကျေးဇူးပြုပြီး ခေတ္တရပ်တန့်ပေးပါ"
ဤကင်းလှည့်အဖွဲ့တွင် ရဲမက် ၅၀ ခန့် ရှိပြီး ခေါင်းဆောင်ဖြစ်သူက လုမင်ယွိ၏ ရှေ့မှ ပိတ်ဆို့ကာ တားဆီးလိုက်လေသည်။ လုမင်ယွိ၏ အေးစက်ပြီး ဖိနှိပ်လွန်းသော အကြည့်အောက်တွင် သူသည် အားတင်းကာ ပြောလိုက်၏။ "နန်းတော်ရဲ့ စည်းကမ်းအရ ည ၁၁ နာရီကျော်ရင် ဟိုဟိုဒီဒီ သွားလာခွင့် မရှိပါဘူး။ ညန်ညန် အရှေ့နန်းတော်ကို ပြန်ပြီး အနားယူပေးဖို့ တောင်းဆိုပါတယ်"
လုမင်ယွိက အေးစက်စွာ ဆိုလိုက်သည်။ "ငါ့မှာ ဝမ်ဟွားနန်းဆောင်ကို သွားဖို့ အရေးကြီးတဲ့ ကိစ္စရှိတယ်။ အကယ်၍ ဖုဟွမ်ကို စိတ်အနှောင့်အယှက် ဖြစ်စေမယ်ဆိုရင် ဖုဟွမ်ကိုယ်တိုင် ငါ့ကို အပြစ်ပေးလိမ့်မယ်။ မင်းတို့အားလုံး ဖယ်ပေးကြစမ်း"
လျန်စစ်သူကြီးပင် ထိုက်ဇီဖေးညန်ညန်ကို မတားဆီးနိုင်ခဲ့သည်ဖြစ်ရာ ၎င်းတို့ကဲ့သို့သော တော်ဝင်ရဲမက်များမှာ သတိပေးရမည့် တာဝန်ကျေပွန်လျှင်ပင် လုံလောက်လှပြီ။
ရဲမက်ခေါင်းဆောင်သည် တိတ်တဆိတ် ဖယ်ပေးရန် ပြင်ဆင်နေစဉ် လုမင်ယွိက သူ့ကို ရုတ်တရက် ခေါ်လိုက်လေသည်။ "ဒီည ဝမ်ဟွားနန်းဆောင် အပြင်ဘက်မှာ ဘယ်သူ ကင်းစောင့်နေတာလဲ"
ရဲမက်ခေါင်းဆောင်က "လျန်တပ်မှူး [လျန်အာ့လန်] ပါ" ဟု ပြန်လည် ဖြေကြားလိုက်၏။
လျန်အာ့လန်သည် ရာထူးကြီးမားသူ ဖြစ်သဖြင့် ယေဘုယျအားဖြင့် လျန်စစ်သူကြီးဟု ခေါ်ဆိုကြသော်လည်း ရဲမက်များကမူ လျန်တပ်မှူးဟုသာ ခေါ်ဆိုကြလေသည်။
လုမင်ယွိက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ပြောလိုက်သည်။ "မင်း အခုချက်ချင်း လျန်စစ်သူကြီးဆီကို သွားပါ။ ငါ့မှာ အရေးကြီးတဲ့ ကိစ္စရှိလို့ ဝမ်ဟွားနန်းဆောင်ကို အတူတူ လိုက်ခဲ့ဖို့ ပြောလိုက်စမ်း"
ရဲမက်ခေါင်းဆောင်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း စကားများများ မမေးဝံ့ဘဲ လက်ယှက်၍ အမိန့်ကို နာခံလိုက်တော့သည်။
လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင် ထားကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။ ယခုအချိန်မှာ နွေလယ်ခေါင် ဖြစ်သဖြင့် နေ့ဘက်တွင် ပူပြင်းသော်လည်း ညဘက်တွင်မူ အပူရှိန်များ လျော့ကျကာ ညလေပြေက အေးစက်သော အထိအတွေ့ကို ဆောင်ကြဉ်းလာလေသည်။ လုမင်ယွိသည် ညာလက်ဖြင့် ဓားရိုးကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး စိတ်ထဲတွင် အတွေးများစွာ ဆူပွက်နေလေ၏။
လမ်းတစ်လျှောက်လုံး ခြေလှမ်းမရပ်ဘဲ အလျင်အမြန် လျှောက်လှမ်းခဲ့ရာ တစ်နာရီခန့်အကြာတွင် လုမင်ယွိသည် ဝမ်ဟွားနန်းဆောင် အပြင်ဘက်သို့ ရောက်ရှိခဲ့လေသည်။
နန်းဆောင်အပြင်ဘက်တွင် ဓားလွယ်ရဲမက် ရာနှင့်ချီ၍ ရှိနေကြသည်။ ၎င်းတို့သည် သဘာဝအတိုင်းပင် သူမကို လာရောက် တားဆီးကြ၏။
လုမင်ယွိသည် လမ်းတစ်လျှောက်လုံး၌ ဆူပွက်နေသော စိတ်အာရုံများကို ပြန်လည် တည်ငြိမ်စေခဲ့ပြီ ဖြစ်သည်။ သူမသည် ရဲမက်ခေါင်းဆောင်ကို ကြည့်ကာ "လျန်တပ်မှူး ဘယ်မှာလဲ" ဟု မေးမြန်းလိုက်လေသည်။
ရဲမက်ခေါင်းဆောင်က "လျန်တပ်မှူးကို နန်းဆောင်ထဲ ခေါ်ယူလိုက်တာ ခုထိ ပြန်ထွက်မလာသေးပါဘူး" ဟု ဖြေကြားလိုက်၏။
လုမင်ယွိ၏ မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားကာ ထပ်မံ မေးမြန်းလိုက်ပြန်သည်။ "ပထမအရှင်မင်းသားရော ထွက်လာပြီလား"
ရဲမက်ခေါင်းဆောင်က "မထွက်လာသေးပါဘူး" ဟု ဆက်လက် ဖြေကြားလေသည်။
လုမင်ယွိက "လျန်စစ်သူကြီးနဲ့ လျိုကုန်းကုန်းရော လူချင်း ပြဖူးသလား" ဟု ထပ်မံ မေးမြန်းလိုက်၏။
ဤကဲ့သို့ ဆက်တိုက် မေးမြန်းမှုများကြောင့် ရဲမက်ခေါင်းဆောင်မှာလည်း အခြေအနေ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိသွားပြီး "လူချင်း မပြဖူးပါဘူး" ဟု ဖြေလိုက်ရတော့သည်။
တကယ် တစ်ခုခု ဖြစ်နေပြီ!
လုမင်ယွိ၏ အကြည့်မှာ အေးစက်သွားပြီး ယုံးကျားဧကရာဇ်၏ အိပ်ဆောင်ရှိရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။ "အခုချက်ချင်း သတင်းသွားပို့စမ်း။ ငါ ဖုဟွမ်ကို တွေ့ချင်တယ်"
ရဲမက်ခေါင်းဆောင်မှာ ရင်ခုန်နှုန်း မြန်ဆန်လာပြီး စကားများများ မဆိုရဲတော့ချေ။
ခဏအကြာတွင် သတင်းသွားပို့သော အတွင်းနန်းဆောင်ကုန်းကုန်းဖြစ်သူ ရှောင်လျိုကုန်းကုန်း ပြန်ရောက်လာလေသည်။ "ကျွန်တော်မျိုး သတင်းသွားပို့ပေမဲ့ အရှင်မင်းကြီးက ဘယ်သူ့ကိုမှ မတွေ့ဘူးလို့ မိန့်ကြားလိုက်ပါတယ်" ရှောင်လျိုကုန်းကုန်းမှာ လျိုကုန်းကုန်း၏ မွေးစားသားဖြစ်ပြီး ပုံမှန်အားဖြင့် သတင်းပို့ခြင်း လုပ်ငန်းများကို တာဝန်ယူရသူ ဖြစ်သည်။
လုမင်ယွိက အေးစက်စွာ ရယ်မောလိုက်ပြီး "မင်း ဖုဟွမ်ကို ကိုယ်တိုင် မြင်ခဲ့ရသလား" ဟု မေးလိုက်၏။
ရှောင်လျိုကုန်းကုန်းက ခေါင်းခါပြလိုက်သည်။
"လျိုကုန်းကုန်းကိုရော တွေ့ခဲ့ရသလား"
ရှောင်လျိုကုန်းကုန်းက "ပထမအရှင်မင်းသားကပဲ စကားပါးလိုက်တာပါ။ ကျွန်တော်မျိုး လျိုကုန်းကုန်းကို မတွေ့ခဲ့ရပါဘူး" ဟု တုန်တုန်ယင်ယင်နှင့် လျှောက်တင်လေသည်။
လုမင်ယွိ၏ စိတ်နှလုံးမှာ ရေခဲတမျှ အေးစက်သွားပြီး သူမ၏ စကားလုံးများမှာလည်း ခိုက်ခိုက်တုန်အောင် အေးစက်နေတော့သည်။ "နောက်တစ်ခေါက် ထပ်သွားစမ်း။ ငါ ဒီည ဖုဟွမ်ကို သေချာပေါက် တွေ့ရမယ်လို့ ပြောလိုက်။ အကယ်၍ ဖုဟွမ်က ငါ့ကို မတွေ့ဘူးဆိုရင် လျန်စစ်သူကြီးနဲ့ လျိုကုန်းကုန်းကို အပြင်ထွက်ခိုင်းလိုက်စမ်း။ တစ်နာရီခွဲအတွင်းမှာ ဘာသတင်းမှ မရှိရင် ငါ ဇွတ်အတင်း ဝင်လာခဲ့မယ်။ ဘယ်သူ ငါ့ကို တားဝံ့သလဲဆိုတာ ကြည့်ကြသေးတာပေါ့!"
....
ဒေါက်... ဒေါက်... ဒေါက်...
စိတ်အနှောင့်အယှက် ဖြစ်ဖွယ် တံခါးခေါက်သံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ပထမမင်းသား၏ မျက်ခွံများမှာ အဆက်မပြတ် တုန်ယင်နေပြီး မျက်နှာမှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် ရှုံ့မဲ့နေတော့သည်။ သူက အံကြိတ်ကာ "သေချင်းဆိုးမ!" ဟု ကျိန်ဆဲလိုက်၏။
သေချင်းဆိုး လုမင်ယွိ!
ဒီညဉ့်နက်သန်းခေါင် အချိန်ကြီးမှာ အရှေ့နန်းတော်မှာ မနေဘဲ ဘာလို့ ဝမ်ဟွားနန်းဆောင်ကို ပြေးလာရတာလဲ။
လျန်စစ်သူကြီး၏ ပခုံးမှ သွေးများမှာ စီးကျနေဆဲဖြစ်ပြီး အင်္ကျီမှာလည်း သွေးများဖြင့် နီရဲနေလေသည်။ ပထမမင်းသားမှာမူ သူ့အား ဆေးထည့်ပေးရန် သို့မဟုတ် ဒဏ်ရာကို ပတ်တီးစည်းပေးရန် လုံးဝ စိတ်ကူးမရှိချေ။ လျန်စစ်သူကြီး၏ မျက်နှာမှာ သွေးများ ဆုံးရှုံးမှုကြောင့် တဖြည်းဖြည်း ဖြူလျော့လာတော့သည်။
တံခါးခေါက်သံကို ကြားရသောအခါ လျန်စစ်သူကြီးမှာ စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်လာပြီး ရင်ထဲတွင်လည်း အတိုင်းထက်အလွန် ဝမ်းမြောက်သွားလေသည်။
ရှောင်လျိုကုန်းကုန်းက အသံကို မြှင့်၍ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ထိုက်ဇီဖေးညန်ညန်က ကျွန်တော်မျိုးကို နောက်တစ်ကြိမ် သတင်းလာပို့ခိုင်းလိုက်တာပါ။ ညန်ညန်က ဒီည အရှင်မင်းကြီးကို သေချာပေါက် တွေ့ရမယ်လို့ မိန့်ကြားလိုက်ပါတယ်။ တကယ်လို့ အရှင်မင်းကြီးက မတွေ့ဘူးဆိုရင် လျန်စစ်သူကြီးနဲ့ လျိုကုန်းကုန်းကို အပြင်ထွက်လာဖို့ တောင်းဆိုလိုက်ပါတယ်"
ပထမမင်းသား၏ မျက်နှာမှာ စိမ်းဖန့်သွားပြီး မကြားချင်ယောင် ဆောင်နေလိုက်လေသည်။
ရှောင်လျိုကုန်းကုန်းသည် အပြင်ဘက်တွင် ခေတ္တမျှ စောင့်ဆိုင်းနေသော်လည်း ပြန်လည် ထူးသံကို မကြားရသဖြင့် သူ၏ စိတ်ထဲတွင် ပြောမပြနိုင်သော ထိတ်လန့်မှုများ ပေါ်ပေါက်လာတော့သည်။
ဘာလို့ လျိုကုန်းကုန်းက တစ်ချိန်လုံး လူချင်းမပြဘဲ အသံတိတ်နေရတာလဲ။
လျန်စစ်သူကြီးရော ဘာလို့ အသံမထွက်တာလဲ။
ဧကန္တ အိပ်ဆောင်ထဲမှာ တကယ်ပဲ တစ်ခုခု ဖြစ်နေတာလား။
ရှောင်လျိုကုန်းကုန်းသည် သတ္တိကို မွေးမြူကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ "ထိုက်ဇီဖေးညန်ညန်က မိန့်ကြားလိုက်ပါတယ်။ တစ်နာရီခွဲအတွင်းမှာ လျန်စစ်သူကြီးနဲ့ လျိုကုန်းကုန်းသာ အပြင်မထွက်လာရင် ညန်ညန်က ဇွတ်အတင်း ဝင်လာလိမ့်မယ်လို့ ပြောလိုက်ပါတယ်"
...
အပိုင်း (၆၅၆) ရုတ်တရက် အပြောင်းအလဲ (၂)
ရှောင်လျိုကုန်းကုန်း၏ အသံကို ကြားလိုက်ရသည့်ခဏတွင် ပထမမင်းသား၏ မျက်နှာသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရှုံ့မဲ့သွားလေသည်။
လျန်စစ်သူကြီးသည် ပထမမင်းသားကို ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းသား... ထိုက်ဇီဖေးကို အထဲဝင်ခိုင်းလိုက်ပါ။ မမျှော်လင့်ထားတဲ့ အချိန်မှာ သူ့ကို ဖမ်းဆီးလိုက်ရုံပါပဲ"
ပထမမင်းသားသည် လျန်စစ်သူကြီးကို စူးစိုက်ကြည့်ကာ "မလိုပါဘူး" ဟု ပြတ်သားစွာ ငြင်းဆန်လိုက်လေသည်။
ငါက လျန်စစ်သူကြီးတို့ သားအဖကို အလစ်အငိုက် ဖမ်းဆီးနိုင်ခဲ့တာက ငါတို့က ဆွေမျိုးတွေ ဖြစ်နေလို့လေ။ လျိုကုန်းကုန်းကလည်း ငါ့အပေါ် သံသယ မရှိခဲ့လို့ ငါ အောင်မြင်ခဲ့တာ။ ဒါပေမဲ့ လုမင်ယွိကတော့ မတူဘူး။ မောင်နှမတော်စပ်ပေမဲ့ အထိအတွေ့ အရမ်းနီးကပ်လို့ မဖြစ်ဘူး။ အဲဒီအပြင် သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ခွန်အားနဲ့ သိုင်းပညာကို တွေးမိတာနဲ့တင် ငါ့ကျောထဲမှာ စိမ့်တက်သွားတယ်။ မဟုတ်ဘူး... ဒီလို စွန့်စားမှုမျိုး ငါ လုံးဝ အလုပ်မခံနိုင်ဘူး။
ပထမမင်းသား၏ မျက်နှာသည် မရေမရာ ဖြစ်နေသော်လည်း အသံတစ်စုံတစ်ရာ ထွက်မလာခဲ့ချေ။ လျန်စစ်သူကြီးသည်လည်း ပထမမင်းသားကို ဒေါသထွက်အောင် မလုပ်လိုသဖြင့် ထပ်မံ၍ ပါးစပ်မဟတော့ပေ။
ထိုက်ဇီဖေး၏ စိတ်နေစိတ်ထားအရ ရောက်ရှိလာပြီဆိုပါက အလွယ်တကူ ပြန်လှည့်သွားလိမ့်မည် မဟုတ်ချေ။ ချောင်ကောလောင်နှင့် အခြားသူများ နန်းတော်သို့ ရောက်ရှိလာသည်နှင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း လျင်မြန်စွာ သတိပြုမိကြပေလိမ့်မည်။
ဒီလို လူမိုက် လီယိကို အပိုင်းပိုင်း အပြတ်ပြတ် လုပ်ပစ်သင့်တာ။
လျန်စစ်သူကြီးသည် အံကို တင်းတင်းကြိတ်ကာ ရင်ထဲမှ ဆူပွက်နေသော ဒေါသများကို အတင်းအကျပ် ဖိနှိပ်ထားရလေသည်။
အိပ်ဆောင်တံခါးအပြင်ဘက်တွင် ရပ်နေသော ရှောင်လျိုကုန်းကုန်းသည် အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း အတွင်းမှ ပြန်လည်ထူးသံ မကြားရသဖြင့် စိတ်ထဲတွင် သံသယများ ပိုမိုကြီးထွားလာလေသည်။ သူသည် ဆိုင်းငံ့မနေတော့ဘဲ လှည့်ထွက်ကာ နန်းဆောင်အပြင်ဘက်သို့ အပြေးကလေး ထွက်လာခဲ့တော့သည်။
လပြည့်ဝန်း၏ အလင်းရောင်အောက်တွင် ထိုက်ဇီဖေး လုမင်ယွိသည် သူမ၏ လက်ထဲ၌ ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။ သူမ၏ မျက်ဝန်းများမှာ အေးစက်နေပြီး မျက်နှာမှာလည်း ဆီးနှင်းများကဲ့သို့ ဖြူလျော့ကာ တည်ငြိမ်နေ၏။ "မင်း သွားသတင်းပို့တော့ အထဲက ဘာတုံ့ပြန်မှု ရှိသလဲ"
ရှောင်လျိုကုန်းကုန်းသည် အသက်ကို ဝဝရှူကာ လေသံတိုးတိုးဖြင့် လျင်မြန်စွာ လျှောက်တင်လိုက်လေသည်။ "ထိုက်ဇီဖေးညန်ညန်ကို လျှောက်တင်ပါတယ်... ကျွန်တော်မျိုး ညန်ညန် မိန့်ကြားသမျှကို အကုန်ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ အိပ်ဆောင်ထဲက ဘယ်သူမှ ပြန်မထူးပါဘူး။ ဘာတုံ့ပြန်မှုမှ မရှိပါဘူး"
ဤစကားကို ကြားလိုက်ရသောအခါ ဝန်းရံနေသော တော်ဝင်ရဲမက်များ အားလုံး မျက်နှာပျက်သွားကြလေသည်။ လျန်စစ်သူကြီးနှင့် လျန်အာ့လန်တို့သည် အရှင်မင်းကြီး၏ အိပ်ဆောင်အတွင်း၌ ရှိနေပါလျက် အဘယ်ကြောင့် တုံ့ပြန်မှု မရှိရပါသနည်း။
အမှန်တကယ်ပင် အခြေအနေမှာ မဟန်တော့ချေ။
ထိုစဉ်မှာပင် နန်းဆောင်၏ နောက်ကွယ်မှ အလျင်စလို ခြေသံများ ထွက်ပေါ်လာလေသည်။ လူအားလုံး လှည့်ကြည့်လိုက်သောအခါ တော်ဝင်ရဲမက် တစ်သိုက် အလျင်အမြန် ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။ ရှေ့ဆုံးမှ ခေါင်းဆောင်လာသူမှာ အရပ်အလွန်မြင့်ပြီး တည်ကြည်အေးစက်သော မျက်နှာထားရှိသည့် လျန်စစ်သူကြီး၏ သားကြီး လျန်တာ့လန်ပင်။
လျန်တာ့လန်သည် လုမင်ယွိ၏ ရှေ့သို့ အပြေးရောက်လာကာ ဂါရဝပြုလိုက်လေသည်။ "ကျွန်တော်မျိုး ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်။ ညန်ညန်က ဘာကိစ္စရှိလို့ အရေးပေါ် ခေါ်ယူရတာပါလဲ"
ယခုအချိန်မှာ အချိန်ဆွဲနေရမည့် အချိန်မဟုတ်တော့ပေ။ လုမင်ယွိသည် တည်ငြိမ်သော မျက်နှာထားဖြင့် ဝမ်ဟွားနန်းဆောင်အတွင်းရှိ ထူးဆန်းသော အခြေအနေများကို အတိုချုပ် ရှင်းပြလိုက်လေသည်။ "...အခု အိပ်ဆောင်ထဲမှာ လူ ၅ ယောက် ရှိနေတယ်။ ဖုဟွမ်က အသံတစ်ချက်မှ မထွက်ဘူး။ လျန်စစ်သူကြီးနဲ့ လျိုကုန်းကုန်းလည်း ဘာတုံ့ပြန်မှုမှ မရှိဘူး။ လျန်အာ့လန်ကို နန်းဆောင်ထဲ ခေါ်ယူသွားတာလည်း တစ်နာရီခွဲလောက် ရှိနေပြီ၊ သူလည်း ပျောက်ချက်သားကောင်းနေတယ်။ ရှောင်လျိုကုန်းကုန်း သွားတင်ပြတုန်းက တစ်ဦးတည်းသော ပြန်ထူးတဲ့သူက ပထမမင်းသားပဲ"
လျန်တာ့လန်၏ မျက်နှာမှာလည်း ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ လုမင်ယွိသည် လျန်တာ့လန်ကို စိုက်ကြည့်ကာ တစ်လုံးချင်းစီ ပြောလိုက်လေသည်။ "ဖုဟွမ် တစ်ခုခု ဖြစ်နေပြီလို့ ကျွန်မ သံသယရှိတယ်"
ဤစကား ထွက်ပေါ်လာသည်နှင့် လျန်တာ့လန်သာမက ဤစကားကို ကြားလိုက်ရသည့် တော်ဝင်ရဲမက်များ အားလုံး၏ မျက်နှာများမှာ ဖြူလျော့ကုန်ကြလေသည်။ အရှင်မင်းကြီး၏ အိပ်ဆောင်အတွင်း၌ လူအနည်းငယ်သာ ရှိသည် မဟုတ်ပါလား။
အကယ်၍ အရှင်မင်းကြီး တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက လက်ရဲဇာတ်ရဲ ပြုမူခဲ့သူမှာ မည်သူ ဖြစ်နိုင်ပါသနည်း။ လျိုကုန်းကုန်းမှာ အတွင်းဆောင်ကုန်းကုန်း ဖြစ်သဖြင့် သိုင်းပညာ မရှိချေ။ ပထမမင်းသားမှာမူ အရှင်မင်းကြီး၏ သားရင်း ဖြစ်သည်။ သံသယအရှိရဆုံးသူမှာ လျန်စစ်သူကြီးနှင့် လျန်အာ့လန် သားအဖနှစ်ဦးသာ ဖြစ်လေသည်။
လျန်တာ့လန်၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးသွားပြီး စကားလုံးများကို ခက်ခဲစွာ ညှစ်ထုတ်လိုက်ရလေသည်။ "ညန်ညန်က... ကျွန်တော်မျိုးတို့ သားအဖကို သံသယဝင်နေတာလား"
ဤကိစ္စတွင် သံသယဖြစ်ဖွယ်များစွာ ရှိနေပြီး မည်သို့ပင် စဉ်းစားစေကာမူ လျန်မျိုးနွယ် သားအဖမှာ သံသယအရှိဆုံး ဖြစ်နေလေသည်။ "မဟုတ်ဘူး" ဟု လုမင်ယွိက မမျှော်လင့်ဘဲ ပြန်လည် ဖြေကြားလိုက်လေသည်။ "ကျွန်မ ပထမမင်းသားကို သံသယရှိတယ်"
လျန်တာ့လန်မှာ ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားတော့၏။ လုမင်ယွိ၏ အကြည့်မှာ လျန်တာ့လန်၏ မျက်နှာပေါ်၌သာ စွဲမြဲနေဆဲ။ "ဒီသံသယကို ဖြေရှင်းဖို့က မခက်ပါဘူး။ အိပ်ဆောင်ထဲကို ဝင်ပြီး ကိုယ်တိုင် မြင်လိုက်ရရင် သိရမှာပဲ"
"ရှင် အခု ကျွန်မနဲ့အတူ အထဲကို လိုက်ဝင်ပြီး သက်သေအဖြစ် လုပ်ပေးပါ။ အရှင်မင်းကြီးရဲ့ အိပ်ဆောင်ကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာက သေဒဏ်ထိုက်တဲ့ ပြစ်မှုဆိုတာ သိပါတယ်။ အကယ်၍ အထဲမှာ ဘာမှမဖြစ်ခဲ့ရင် ဖုဟွမ်က အပြစ်ပေးလာတဲ့အခါ ပြစ်ဒဏ်အားလုံးကို ကျွန်မတစ်ယောက်တည်း ခံယူပါ့မယ်။ ရှင့်အပေါ် ဘာဒဏ်မှ သက်ရောက်စေမှာ မဟုတ်ဘူး"
လျန်တာ့လန်သည် ညာလက်သီးကို တင်းတင်းဆုပ်ကာ အံကြိတ်၍ ပြောလိုက်လေသည်။ "အရှင်မင်းကြီး အပြစ်ပေးလာရင် ကျွန်တော်မျိုးရဲ့ ဒီခေါင်းကိုပဲ ပေးလိုက်ပါ့မယ်"
လုမင်ယွိ၏ စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားလေသည်။ ဝမ်ဟွားနန်းဆောင်သည် နန်းတော်အတွင်း အစောင့်အကြပ် အထူထပ်ဆုံး နေရာဖြစ်သည်။ နန်းဆောင်အတွင်းအပြင်တွင် ဓားလွယ်ရဲမက် ၁၀၀၀ ခန့် ရှိနေ၏။ သူမ၏ ကိုယ်ရံတော် ၁၀၀ ခန့်နှင့် ဇွတ်အတင်း ဝင်ရောက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ ဤတော်ဝင်ရဲမက်များသည် သူမကို ရန်မမူဝံ့ကြသော်လည်း ကိုယ်ရံတော်များကိုမူ နန်းဆောင်ထဲ ဝင်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
သူမက လျန်တာ့လန်ကို ခေါ်ယူခဲ့ခြင်းမှာ အကြောင်းရင်း နှစ်ချက် ရှိသည်။ ပထမမှာ အိပ်ဆောင်အတွင်းသို့ အမြန်ဆုံး ဝင်ရောက်နိုင်ရန် ဖြစ်ပြီး၊ ဒုတိယမှာမူ သက်သေခံမည့်သူ ရှိနေစေရန် ဖြစ်လေသည်။
လုမင်ယွိသည် နန်းဆောင်အတွင်းသို့ ဝင်ရန် ပြင်ဆင်နေစဉ် နောက်ကွယ်မှ ရုတ်ရုတ်သဲသဲ အသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ သူမ လှည့်ကြည့်လိုက်သောအခါ ဆံပင်များ ဖြူစပြုနေပြီဖြစ်သော ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။ အခြား ဝန်ကြီးချုပ်များလည်း လမ်းခုလတ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့သည် နန်းဆောင်အပြင်ဘက်ရှိ အခြေအနေကို မြင်လိုက်ရသောအခါ အလွန်အံ့အားသင့်သွားကြလေသည်။ ညဉ့်နက်သန်းခေါင်ယံတွင် အရှင်မင်းကြီးက ၎င်းတို့ကို အရေးပေါ် ခေါ်ယူခြင်းမှာ မကြုံစဖူးသော ထူးခြားမှု ဖြစ်သည်။ ထို့ပြင် ထိုက်ဇီဖေး လုမင်ယွိကပါ ဤနေရာတွင် ရောက်ရှိနေခြင်းမှာ မည်သည့်အတွက်ကြောင့် ပါနည်း။
"ကျွန်တော်မျိုးတို့ ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်" ဟု ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့က လက်ယှက်၍ ဂါရဝပြုလိုက်ကြလေသည်။
လုမင်ယွိသည် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ကာ ၎င်းတို့ကို ပြန်လည် နှုတ်ဆက်လိုက်၏။ "ချောင်ကောလောင်နဲ့ ဝန်ကြီးလော်တို့ ထပါ" ၎င်းတို့ မေးမြန်းခြင်း မပြုမီမှာပင် လုမင်ယွိသည် လျန်တာ့လန်ကို ပြောခဲ့သော စကားများကို တိုးညင်းစွာ ပြန်လည် ရှင်းပြလိုက်လေသည်။
ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့သည် သမိုင်းမှတ်တမ်းများကို နှံ့စပ်သူများ ဖြစ်ကြသဖြင့် ထီးနန်းလုပွဲများတွင် ဖြစ်ပွားတတ်သော နန်းတွင်း အရှုပ်တော်ပုံများကို ကောင်းစွာ သိရှိကြသူများ ဖြစ်သည်။ လုမင်ယွိ၏ စကားများကို ကြားလိုက်ရသောအခါ ဝန်ကြီးနှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
"ကျန်တဲ့ ဝန်ကြီးချုပ်တွေ မရောက်သေးပေမဲ့ ကျွန်မ မစောင့်နိုင်တော့ဘူး" လုမင်ယွိက ပြတ်သားစွာ ပြောလိုက်လေသည်။ "ကျွန်မ အခုပဲ အထဲဝင်ပြီး တံခါးကို ဖျက်ဆီးခိုင်းတော့မယ်။ ဖုဟွမ်ရဲ့ အိပ်ဆောင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သေချာကြည့်ရမယ်"
"ချောင်ကောလောင်နဲ့ ဝန်ကြီးလော်တို့လည်း ရောက်လာပြီဆိုတော့ ကျွန်မနဲ့အတူ အထဲကို လိုက်ဝင်ပါ။ လျန်တပ်မှူးနဲ့အတူ သက်သေအဖြစ် လုပ်ပေးကြပါ"
ဤစကားကို ငြင်းဆန်ရန် မလိုတော့ပေ။ ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့သည် ခေါင်းကို တပြိုင်နက်တည်း ညိတ်လိုက်ကြလေသည်။
လူအုပ်စုကြီးသည် လုမင်ယွိ၏ နောက်မှနေ၍ ဝမ်ဟွားနန်းဆောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြလေသည်။ ရှောင်လျိုကုန်းကုန်းမှာ စိုးရိမ်စိတ်ဖြင့် ရှေ့ဆုံးမှ လမ်းပြပေးနေ၏။ လုမင်ယွိ၏ ခြေလှမ်းများမှာ မြန်ဆန်လှသလို လျန်တာ့လန်ကလည်း သူမ၏ နောက်ကပ်လျက် ပါလာလေသည်။ ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့မှာ အသက်ကြီးပြီဖြစ်၍ အနည်းငယ် နှေးကွေးသော်လည်း အားတင်းကာ အမှီလိုက်နေကြရရှာသည်။
ထိုက်ဇီဖေး၏ ကိုယ်ရံတော်များနှင့် တော်ဝင်ရဲမက်များလည်း နောက်မှ လိုက်ပါလာကြရာ ခြေသံများမှာ မိုးခြိမ်းသံကဲ့သို့ပင် ဆူညံနေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အရှင်မင်းကြီး၏ အိပ်ဆောင်အပြင်ဘက်သို့ ရောက်ရှိသွားကြလေသည်။
အမိန့်ပေးရန် မလိုဘဲ ရှောင်လျိုကုန်းကုန်းသည် တံခါးဆီသို့ ပြေးသွားကာ ခါတိုင်းထက် ပို၍ အားစိုက်လျက် တံခါးကို ခေါက်လိုက်လေသည်။ လူအားလုံး၏ အကြည့်မှာ ထူထဲသော တံခါးချပ်ကြီးပေါ်သို့ ကျရောက်နေ၏။
ဒေါက်... ဒေါက်... ဒေါက်...
ဒေါက်... ဒေါက်... ဒေါက်...
ဒေါက်... ဒေါက်... ဒေါက်...
တံခါးခေါက်သံမှာ တစ်ချက်ပြီးတစ်ချက် ပဲ့တင်ထပ်နေသော်လည်း အတွင်းမှ ပြန်လည်ထူးသံ မကြားရချေ။ လုမင်ယွိ၏ အကြည့်မှာ ပို၍ အေးစက်လာပြီး လျန်တာ့လန်၏ မျက်နှာမှာလည်း ပို၍ ကြည့်ရဆိုးလာတော့သည်။ ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့မှာလည်း စိတ်လှုပ်ရှားလွန်းသဖြင့် နှလုံးသားမှာ လည်ချောင်းဝအထိ ရောက်လာသကဲ့သို့ ခံစားနေရ၏။
"အရှင်မင်းကြီးက ကျွန်တော်မျိုးကို အရေးပေါ် ခေါ်ယူလိုက်လို့ ကျွန်တော်မျိုး အိပ်ဆောင်အပြင်ဘက်ကို ရောက်နေပါပြီ" ဟု ချောင်ကောလောင်က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီး တံခါးဖွင့်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်မျိုး ဂါရဝပြုခွင့် ပေးပါ"
ဝန်ကြီးလော်ကလည်း "ကျွန်တော်မျိုးလည်း ဂါရဝပြုခွင့် တောင်းခံပါတယ်" ဟု အသံမြှင့်၍ ဆိုလိုက်လေသည်။
အိပ်ဆောင်အတွင်းမှ ပထမမင်းသား၏ အသံ ထွက်ပေါ်လာ၏။ "တံခါးအပြင်မှာ ချောင်ကောလောင်နဲ့ ဝန်ကြီးလော်အပြင် တခြား ဘယ်သူတွေ ရှိနေသေးလဲ"
လုမင်ယွိက အေးစက်စွာ ပြောလိုက်လေသည်။ "ကျွန်မလည်း ရှိနေတယ်"
လျန်တာ့လန်က အံကြိတ်ကာ "ကျွန်တော်မျိုးလည်း ရှိနေပါတယ်" ဟု ဆို၏။
အတွင်းဘက်မှ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လျန်စစ်သူကြီး၏ အသံ ထွက်ပေါ်လာလေသည်။ "အရှင်မင်းကြီးက အနားယူသွားပြီ။ အားလုံးပဲ ပြန်ကြပါတော့!"
...
အပိုင်း (၆၅၇) ရုတ်တရက် အပြောင်းအလဲ (၃)
ဤအသံသည် တစ်စုံတစ်ရာ မှားယွင်းနေလေသည်။
လျန်စစ်သူကြီးသည် သိုင်းပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် သူ၏အသံမှာ ကြေးစည်သံကဲ့သို့ ဟိန်းထွက်နေတတ်သော်လည်း ယခုထွက်ပေါ်လာသော အသံမှာမူ အားအင်ချိနဲ့ကာ တုန်ယင်နေ၏။ ထို့ပြင် လျန်အာ့လန်သည်လည်း အဘယ်ကြောင့် ယခုတိုင် တိတ်ဆိတ်နေရပါသနည်း။
လျန်တာ့လန်သည် စိုးရိမ်ထိတ်လန့်မှုကြောင့် ဦးရေပြားများပင် တင်းခနဲ ဖြစ်သွားတော့သည်။
“လူတွေ လာကြစမ်း” လုမင်ယွိက ရုတ်တရက် အမိန့်ပေးလိုက်လေသည်။ “တံခါးကို အတင်းတိုက်ဖွင့်ကြစမ်း။ တစ်ခုခုဖြစ်ရင် ငါတစ်ယောက်တည်း တာဝန်ယူတယ်!”
သူမ၏နောက်က ထိုက်ဇီဖေး ကိုယ်ရံတော်များက တပြိုင်နက်တည်း ထူးလိုက်ကြ၏။ ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော ကိုယ်ရံတော်အချို့သည် ဦးစွာ တံခါးရှေ့သို့ ရောက်ရှိလာကြလေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် လုမင်ယွိကဲ့သို့သော ပုဂ္ဂိုလ်မျိုးသာလျှင် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက် ချနိုင်ခြင်း ဖြစ်သည်။ ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့သည် အရပ်ဘက်ဝန်ကြီးများ ဖြစ်ကြသဖြင့် တော်ဝင်ရဲမက်များကို အမိန့်ပေး၍ မရနိုင်ချေ။ လျန်တာ့လန်မှာမူ အမိန့်ပေးနိုင်သော်လည်း သူသည် ဧကရာဇ်၏ ကိုယ်ရံတော်ဖြစ်ရာ ယခုကဲ့သို့ အမိန့်ပေးခြင်းမှာ ပုန်ကန်ခြင်းနှင့် မခြားနားပေ။ နောင်တစ်ချိန်တွင် အပြစ်ရှာခံရပါက မိသားစုတစ်ခုလုံး သေဒဏ်ပေးခံရနိုင်သည့် ပြစ်မှုမျိုး ဖြစ်သည်။
လုမင်ယွိမှာမူ သာ့ဝေတိုင်းပြည်၏ ထိုက်ဇီဖေး ဖြစ်သည့်အပြင် ယခုပြုမူချက်မှာလည်း “ဖခင်အပေါ် စိုးရိမ်စိတ်လွန်ကဲ၍ ခဏတာ စိတ်လိုက်မာန်ပါ လုပ်ဆောင်မိခြင်း” ဟု အကြောင်းပြနိုင်လေသည်။ မည်သို့ပင်ဖြစ်စေ သေဒဏ်ပေးခံရလောက်အောင် အပြစ်မကြီးနိုင်ချေ။
လူတိုင်းသည် တံခါး၏ ဘေးတစ်ဖက်တစ်ချက်သို့ ဖယ်ပေးလိုက်ကြ၏။ ထိုက်ဇီဖေး၏ ကိုယ်ရံတော်များသည် အားကုန်စုစည်းကာ ယုံးကျားဧကရာဇ်၏ အိပ်ဆောင်တံခါးကို ဝိုင်းဝန်းတိုက်ဖွင့်နေကြသည်ကို အားလုံးက ငေးကြည့်နေမိကြလေသည်။
ဒုန်း... ဒုန်း...
လေးလံသော ထိမှန်သံများသည် လူတိုင်း၏ နှလုံးသားပေါ်သို့ အချက်ပေါင်းများစွာ ထိုးနှက်နေသကဲ့သို့ ရှိနေတော့သည်။ ဝန်ကြီးလော်သည် မကြည့်ရက်သဖြင့် ခေါင်းကို တစ်ဖက်သို့ လွှဲထားလိုက်၏။ ချောင်ကောလောင်၏ မျက်ဝန်းများမှာလည်း မှေးမှိန်နေလေသည်။
ဤမျှ ပြင်းထန်သော လှုပ်ရှားမှုများ ရှိနေပါလျက် အတွင်းမှ တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိခြင်းမှာ အမှန်တကယ်ပင် ကိစ္စကြီးတစ်ခု ဖြစ်ပျက်နေပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။ အိပ်ဆောင်အတွင်းရှိ ယုံးကျားဧကရာဇ်မှာ အသက်ရှင်နေသေးသလား သို့မဟုတ် ကွယ်လွန်သွားပြီလား ဆိုသည်ကို မည်သူမျှ မသိနိုင်ကြတော့ချေ။ တစ်သက်လုံး စစ်မြေပြင်တွင် အောင်ပွဲခံခဲ့သော ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် ဧကရာဇ်တစ်ပါးသည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့နေရခြင်းမှာ အလွန်ပင် စိတ်မကောင်းဖွယ်ရာပင်။
အိပ်ဆောင်တံခါးမှာ အလွန်ပင် ထူထဲလေးလံပြီး တံခါးဂျပ်မှာလည်း အလွန်ခိုင်ခံ့လှသဖြင့် ခေတ္တခဏအတွင်း တိုက်ဖွင့်ရန် မလွယ်ကူချေ။ လုမင်ယွိသည် မျက်မှောင်ကြုတ်လျက် အေးစက်စွာ အော်လိုက်တော့သည်။ “အားလုံး ဖယ်ကြစမ်း!”
ကိုယ်ရံတော်များမှာ ချက်ချင်းပင် ဖယ်ပေးလိုက်ကြ၏။ လုမင်ယွိသည် ဓားကို ကိုင်ဆွဲကာ ရှေ့သို့ တက်လှမ်းလိုက်ပြီး ရှိသမျှ အားအင်ကို စုစည်းလျက် တံခါးကြားသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်လေသည်။ ထို့နောက် အောက်သို့ အားကုန် ဖိချလိုက်ရာ ကလေးလက်မောင်းခန့် ထူထဲသော တံခါးဂျပ်မှာ ပေါင်ယွိဓား၏ အရှိန်အောက်တွင် ပြတ်တောက်သွားကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျသွားတော့သည်။
ဝုန်း!
ဝုန်း!
လုမင်ယွိသည် တံခါးကို ခြေဖြင့် ကန်ဖွင့်လိုက်ပြီး အိပ်ဆောင်အတွင်းသို့ ပထမဆုံး ဝင်ရောက်သွားလေသည်။ လျန်တာ့လန်ကလည်း အံကြိတ်ကာ နောက်မှ လိုက်ဝင်လာသလို ကိုယ်ရံတော်များလည်း အလုအယက် ဝင်ရောက်လာကြ၏။ ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့သည်လည်း တုန်တုန်ယင်ယင်နှင့် လိုက်ဝင်လာကြသလို ရှောင်လျိုကုန်းကုန်းမှာလည်း တံခါးကြားမှ အတင်းတိုးဝင်လာခဲ့လေသည်။
“ဘယ်သူမှ မလာနဲ့!”
မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ မျက်နှာတစ်ခုလုံး စိမ်းဖန့်နေပြီး ရက်စက်ကြောက်မက်ဖွယ် ကောင်းလောက်အောင် အံကြိတ်ထားသော ပထမမင်းသားပင်သူသည် မျက်နှာဖြူလျော့နေသော လျန်စစ်သူကြီးကို မိမိ၏ ဘေးတွင် ဆွဲထားပြီး ညာလက်မှ ဓားမြှောင်ကို လျန်စစ်သူကြီး၏ လည်ပင်းတွင် တင်းကျပ်စွာ တေ့ထားလေသည်။ “ဘယ်သူဖြစ်ဖြစ် လှုပ်ရှားကြည့်စမ်း။ ငါ လျန်စစ်သူကြီးကို ချက်ချင်း သတ်ပစ်မယ်!”
လျန်စစ်သူကြီး၏ ပခုံးမှ သွေးများမှာ အင်္ကျီအနှံ့ စိုရွှဲနေသဖြင့် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ လုမင်ယွိ၏ မျက်ဝန်းများမှာ ရုတ်ချည်း ကျဉ်းမြောင်းသွားပြီး ညာလက်ဖြင့် ဓားရိုးကို မြဲမြံစွာ ဆုပ်ကိုင်လိုက်ကာ ရူးသွပ်နေသော ပထမမင်းသားကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး “လီယိ! ရှင် ရူးနေပြီလား။ လျန်စစ်သူကြီးက ရှင့်ရဲ့ ယောက္ခမအရင်းကြီးလေ၊ ရှင် ဘယ်လိုများ ရက်ရက်စက်စက် လုပ်နိုင်ရတာလဲ!”
လျန်တာ့လန်မှာ ဒေါသကို မထိန်းနိုင်တော့ဘဲ ဟိန်းဟောက်၍ မေးလိုက်၏။ “ငါ့အဖေကို အခုချက်ချင်းလွှတ်စမ်း! ပြီးတော့ ငါ့ညီရော ဘယ်မှာလဲ”
ချောင်ကောလောင်ကလည်း အသည်းအသန် မေးမြန်းလိုက်လေသည်။ “လျိုကုန်းကုန်း ဘယ်မှာလဲ။ အရှင်မင်းကြီးရဲ့ အခြေအနေကရော ဘယ်လိုရှိသလဲ”
ပထမမင်းသားသည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လျန်တာ့လန်ကိုသာ စိုက်ကြည့်နေ၏။ “လျန်စစ်သူကြီးက ငါ့လက်ထဲမှာ ရှိနေတယ်။ မင်း သူ့ကို အသက်ရှင်စေချင်ရင် ငါခိုင်းတာလုပ်။ အခုချက်ချင်း အမိန့်ပေးပြီး တော်ဝင်ရဲမက်တွေနဲ့ ဝမ်ဟွားနန်းဆောင်ကို ပိတ်ဆို့လိုက်စမ်း၊ ပြီးတော့ လုမင်ယွိကို ဖမ်းလိုက်။ ငါ ၅ အထိ ရေတွက်မယ်၊ မင်းသာ မလှုပ်ရှားရင် လျန်စစ်သူကြီးကို အရင်သတ်မယ်!”
လျန်တာ့လန်မှာ အလွန်အမင်း ဒေါသထွက်နေပြီး “လီယိ၊ မင်း တကယ်ပဲ ရူးနေပြီ!” ဟု အော်ဟစ်လိုက်တော့သည်။
“၁...”
ပထမမင်းသားသည် အံကြိတ်၍ ကိန်းဂဏန်းတစ်ခုကို ရေတွက်လိုက်လေသည်။ သူသည် လုမင်ယွိကို အလွန်အမင်း မုန်းတီးနေမိ၏။ အကယ်၍ လုမင်ယွိသာ ဝင်မပါခဲ့လျှင် ယခုအချိန်တွင် ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့မှာ ဖမ်းဆီးခြင်း ခံထားရပြီး ဖြစ်သလို သေတမ်းစာကိုလည်း ဖတ်ပြနိုင်တော့မည်။ သို့သော် ယခုမူ အစီအစဉ်များ အားလုံး ပျက်ပြားသွားခဲ့ပြီ။ သူ သေရမည်ဆိုလျှင်ပင် လုမင်ယွိကိုပါ အဖော်အဖြစ် ခေါ်ဆောင်သွားမည်ဟု ဆုံးဖြတ်ထားလေသည်။
“၂...”
ပထမမင်းသား၏ မျက်လုံးများမှာ နီမြန်းနေပြီး လက်မှ ဓားမြှောင်ဖြင့် လျန်စစ်သူကြီး၏ လည်ပင်းကို အတင်းဖိလိုက်ရာ သွေးများမှာ ချက်ချင်းပင် စိမ့်ထွက်လာတော့သည်။ လျန်တာ့လန်၏ မျက်ဝန်းများမှာလည်း နီရဲလာပြီး တစ်ကိုယ်လုံး တုန်ယင်လျက် ခါးကြားမှ ဓားရှည်ကို အလိုအလျောက် ဆုပ်ကိုင်လိုက်မိလေသည်။
လျန်စစ်သူကြီးသည် စကားမပြောနိုင်သော်လည်း သူ၏ သားဦးကိုသာ အားကုန် စိုက်ကြည့်နေ၏။
အခုချက်ချင်း လှုပ်ရှားပြီး ပထမမင်းသားကို ဖမ်းစမ်း!
တွေဝေမနေနဲ့!
မြန်မြန်လုပ်!
ပထမမင်းသား အခု အားကိုးနေတာက ငါဆိုတဲ့ ဓားစာခံပဲ။ သူ ငါ့ကို တကယ်မသတ်ရဲပါဘူး!
ပထမမင်းသားက ရက်စက်စွာ ရယ်မောလိုက်ပြီး “၃” ဟု ရေတွက်လိုက်လေသည်။ ဓားမြှောင်မှာ ပို၍ အားပါလာပြီး လျန်စစ်သူကြီး၏ လည်ပင်းကို ရှပ်ထိသွားရာ သွေးများမှာ စမ်းရေတွင်းကဲ့သို့ ပန်းထွက်လာတော့သည်။ လျန်တာ့လန်မှာ မျက်ရည်များပင် ကျလုနီးပါး ဖြစ်နေတော့၏။
လျန်စစ်သူကြီးသည် လည်ပင်းမှ ပြင်းထန်သော နာကျင်မှုကို အောင့်အည်းနေရင်း သူ၏သားမှာ အသုံးမကျကြောင်း စိတ်ထဲမှ ဆဲဆိုနေမိသည်။ သူသည် လုမင်ယွိကို ကြည့်ကာ မျက်ရိပ်ပြနေလေ၏။
ထိုက်ဇီဖေးညန်ညန်၊ အခုချက်ချင်း လှုပ်ရှားပါ! ကျွန်တော့်ရဲ့ အသက်ကို ဂရုမစိုက်ပါနဲ့!
လုမင်ယွိ၏ စိတ်နေစိတ်ထားအရဆိုလျှင် ချက်ချင်းပင် လှုပ်ရှားလိုက်မည် ဖြစ်သော်လည်း ယခုမူ အချိန်မရွေး အသက်ပျောက်နိုင်သော လျန်စစ်သူကြီးနှင့် ရူးသွပ်လုနီးပါး ဖြစ်နေသော လျန်တာ့လန်ကို ကြည့်ကာ ခေတ္တမျှ စိတ်ထိန်းထားလိုက်လေသည်။
လက်ရှိ အခြေအနေမှာ အလွန်ပင် ထင်ရှားလှပေသည်။ ယုံးကျားဧကရာဇ်မှာ အသက်ရှင်နိုင်ခြေ အလွန်နည်းပါးနေသလို လျိုကုန်းကုန်းလည်း အသတ်ခံရပြီး ဖြစ်နိုင်လေသည်။ ပထမမင်းသား အသက်ရှင်ရန်အတွက် တစ်ခုတည်းသော အားကိုးရာမှာ လျန်စစ်သူကြီး ဖြစ်နေ၏။
သူမ အသုံးပြုနိုင်သော အင်အားမှာ ကိုယ်ရံတော် ၁၀၀ ခန့်သာ ရှိသည်။ အကယ်၍ သူမက လျန်စစ်သူကြီး၏ အသက်ကို ဂရုမစိုက်ဘဲ လှုပ်ရှားလိုက်ပါက လျန်တာ့လန်သည် ဒေါသကြောင့် တော်ဝင်ရဲမက်များကို ဦးဆောင်၍ ပုန်ကန်သွားနိုင်ပြီး နန်းတော်အတွင်း၌ လူသေဆုံးမှုများစွာ ဖြစ်ပေါ်လာကာ အလွန်အန္တရာယ်ကြီးမားသော အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။ အတိတ်သမိုင်းတွင် အမတ်မင်းများက မင်းမျိုးမင်းနွယ်များကို သတ်ဖြတ်ကာ ထီးနန်းလုယူခဲ့သော အဖြစ်အပျက်များ ရှိခဲ့ဖူးသည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ ပထမမင်းသားမှာ ဆောင်းဦးပေါက်ချိန်မှ နှံကောင်ကဲ့သို့ အသက်ရှင်ရန် လမ်းမရှိတော့ချေ၊ သူ မည်မျှအထိ ကခုန်နိုင်ဦးမလဲ ဆိုသည်ကိုသာ စောင့်ကြည့်ရတော့မည်။
ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့သည်လည်း မျက်လုံးများ နီရဲလျက် “ပထမအရှင်မင်းသား၊ အခုချက်ချင်း ရပ်လိုက်ပါ!” “အမှားကို သိပြီး အချိန်မီ ပြန်လှည့်လာရင် နောက်မကျသေးပါဘူး” ဟု အော်ဟစ်ကာ တားဆီးနေကြလေသည်။
နောက်ကျသွားခဲ့ပြီ!
နဂါးခုတင်ပေါ်မှ ယုံးကျားဧကရာဇ်မှာ အသက်ထွက်သွားသည်မှာ ကြာလှပြီ ဖြစ်သလို ရုပ်အလောင်းမှာလည်း အေးစက်နေလေပြီ။ ဤပြစ်မှု တစ်ခုတည်းနှင့်ပင် သူသည် မြှုပ်စရာနေရာမရှိဘဲ သေရလိမ့်မည်။
ပထမမင်းသား၏ မျက်ဝန်းများမှာ သွေးများဖြင့် ပြည့်နှက်နေသကဲ့သို့ နီမြန်းနေပြီး “၄!” ဟု အော်လိုက်လေသည်။ ၎င်းစကားလုံး ဆုံးသည်နှင့် သူ၏ လက်ထဲတွင် လေးလံသော ခံစားမှုကို ခံစားလိုက်ရ၏။
မေ့ဆေးကြောင့် အားအင်ချိနဲ့နေသော လျန်စစ်သူကြီးသည် ရှိသမျှ အားအင်အားလုံးကို စုစည်းကာ ရှေ့သို့ ရုတ်တရက် လဲကျပေးလိုက်လေသည်။ သူသည် မိမိ၏ လည်ပင်းဖြင့် ဓားမြှောင်ကို တိုးဝင်သွားခြင်း ဖြစ်သည်။ လည်ချောင်းမှာ ချက်ချင်းပင် ပြတ်တောက်သွားပြီး သွေးများမှာ တသွင်သွင် စီးကျလာတော့သည်။
ပထမမင်းသားသည် မမျှော်လင့်ထားသော ထိုလှုပ်ရှားမှုကြောင့် ကိုယ်ကို အနည်းငယ် ယိုင်သွားလေသည်။ လျန်တာ့လန်သည် စူးရှစွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ အသည်းအသန် ပြေးဝင်သွားတော့၏။ သို့သော် သူ၏ လှုပ်ရှားမှုမှာ လုမင်ယွိလောက် မမြန်ဆန်ချေ။
လုမင်ယွိသည် ညာလက်ဖြင့် ဓားကို ဆွဲထုတ်လိုက်ပြီး လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ပထမမင်းသား၏ ဘယ်ဘက်ခြေထောက်ကို ထိုးစိုက်လိုက်လေသည်။ ပထမမင်းသားသည် နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားတော့၏။ လျန်စစ်သူကြီး၏ ရုပ်အလောင်းသည်လည်း အတူတူ လဲကျသွားကာ ပထမမင်းသား၏ ကိုယ်ပေါ်သို့ ပိကျသွားလေသည်။
လည်ပင်းမှ စီးကျနေသော သွေးများသည် ပထမမင်းသား၏ ကိုယ်ပေါ်သို့ ခဏချင်းအတွင်း ရောက်ရှိသွား၏။ လျန်စစ်သူကြီးသည် နောက်ဆုံး ထွက်သက်တွင် သူ၏အောက်၌ ရှိနေသော မျက်နှာကို စိုက်ကြည့်ရင်း “တိရစ္ဆာန်ထက် မိုက်တဲ့ကောင်!” ဟု တစ်ခွန်းသာ ဆဲဆိုလိုက်ပြီးနောက် အသက်ထွက်သွားလေတော့သည်။
လျန်တာ့လန်သည် ပြေးဝင်လာပြီး တုန်ယင်နေသော လက်များဖြင့် လျန်စစ်သူကြီးကို တွဲထူရန် ကြိုးစားသော်လည်း ဖခင်ဖြစ်သူမှာ အသက်မရှိတော့ချေ။ မျက်လုံးအစုံမှာလည်း မပိတ်နိုင်ဘဲ ပြူးကြည့်လျက် သေဆုံးသွားရှာလေပြီ။ လျန်တာ့လန်သည် ရင်ထဲ၌ ပြင်းထန်စွာ နာကျင်ခံစားရသဖြင့် အော်ဟစ်ငိုကြွေးမိတော့သည်။
လုမင်ယွိသည် ပထမမင်းသား၏ ဘေးသို့ လျင်မြန်စွာ ရောက်ရှိလာပြီး ဓားဖြင့် ထပ်မံ ထိုးစိုက်လိုက်ပြန်၏။ ပထမမင်းသား၏ ညာဘက်လက်မောင်းတွင် သွေးပေါက်ကြီးတစ်ခု ပေါ်လာပြီး သူသည် နာကျင်စွာ အော်ဟစ်နေတော့သည်။
ရှောင်လျိုကုန်းကုန်းမှာမူ ကန်လန့်ကာအနောက်သို့ ပြေးဝင်သွားပြီး “လျိုကုန်းကုန်း!” ဟု အော်ဟစ်ငိုကြွေးလိုက်လေသည်။ ထို့နောက် “အရှင်မင်းကြီး!” ဟု ဆိုကာ ပြင်းပြင်းထန်ထန် ငိုကြွေးပြန်၏။
ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့၏ စိတ်နှလုံးမှာ လေးလံသွားပြီး ချက်ချင်းပင် နဂါးခုတင်ဘေးသို့ ပြေးသွားကြလေသည်။ လုမင်ယွိသည်လည်း မျက်မှောင်ကြုတ်လျက် ကန်လန့်ကာကို ပတ်၍ သွားကြည့်လိုက်၏။
ယုံးကျားဧကရာဇ်၏ နဂါးကိုယ်ထည်ကို အပြင်ဘက်သို့ လှည့်ထားပေးလိုက်ရာ မျက်နှာမှာ တောင့်တင်းနေပြီး အသက်ရှူသံ လုံးဝ မရှိတော့ကြောင်း တွေ့လိုက်ရလေတော့သည်။
...