← Chapters

အခန်း (၆၅၈-၆၆၀)

Vol. 44 Ch. 658-660

အခန်း (၆၅၈-၆၆၀)

Vol. 44 Ch. 658-660

အပိုင်း (၆၅၈) နတ်ရွာစံခြင်း (၁)

လုမင်ယွိသည် အသက်ရှူရပ်သွားကာ ဦးနှောက်တစ်ခုလုံး ခေတ္တမျှ ဗလာဖြစ်သွားလေသည်။

သူမ မလာခင်က အဆိုးဆုံးအခြေအနေကို ခန့်မှန်းထားခဲ့ပြီးဖြစ်၏။ တံခါးကို အင်အားဖြင့် မဖွင့်မီကလည်း လုံလောက်သော စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သော်လည်း ယုံးကျားဧကရာဇ်၏ ရုပ်အလောင်းကို ကိုယ်တိုင်မြင်လိုက်ရသည့် ခဏတွင်မူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

ယုံးကျားဧကရာဇ်၏ လည်ပင်းတွင် အလွန်ထင်ရှားသော အညိုအမည်းစွဲနေသည့် လက်ရာတစ်ခု ရှိနေလေသည်။ ၎င်းမှာ တစ်စုံတစ်ယောက်က လက်ဖြင့် အတင်းညှစ်သတ်ထားသဖြင့် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ယုံးကျားဧကရာဇ် နတ်ရွာစံလေပြီ။ ဤသို့ပင် အလွယ်တကူ ကွယ်လွန်သွားခဲ့လေသည်။ မိမိ အချစ်ဆုံးသော သားဦး လီယိ၏ လက်ထဲတွင်ပင် အသက်ပျောက်ခဲ့ရရှာလေသည်။

“အရှင်မင်းကြီး!”

ချောင်ကောလောင်သည် မျက်နှာဖြူလျော့သွားကာ နဂါးခုတင်ဘေးတွင် ဝုန်းခနဲ ဒူးထောက်ကျသွားပြီး ဟစ်အော်ငိုကြွေးလေသည်။ “အရှင်မင်းကြီး! ကျွန်တော်မျိုး လာတာ နောက်ကျသွားလို့ အရှင်မင်းကြီးကို မကယ်တင်နိုင်ခဲ့ပါဘူး”

ဝန်ကြီးလော်သည်လည်း ဒူးထောက်ကျသွားကာ မျက်ရည်များ တဖြည်းဖြည်း စီးကျလာလေသည်။ လောကတွင် ပြည့်စုံလွန်းသောသူ ဟူ၍ မရှိပေ။ ယုံးကျားဧကရာဇ်တွင်လည်း အားနည်းချက်၊ ချို့ယွင်းချက်များ ရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း သူသည် ထက်မြက်သော ဧကရာဇ်တစ်ပါးဖြစ်သလို သာ့ဝေတိုင်းပြည်၏ ဒေါက်တိုင်ကြီးလည်း ဖြစ်ပေသည်။ ယုံးကျားဧကရာဇ် နတ်ရွာစံသွားခြင်းမှာ သာ့ဝေတိုင်းပြည်၏ မိုးကောင်းကင်ကြီး ပြိုကျသွားခြင်းပင်။

လုမင်ယွိသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခုတင်ဘေးတွင် ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးခိုက်လိုက်လေသည်။ သူမသည် မျက်နှာလိုက်တတ်သော ယုံးကျားဧကရာဇ်ကို အမြဲတမ်း သဘောမကျခဲ့ပေ။ ယုံးကျားဧကရာဇ်ကလည်း သူမကဲ့သို့သော ချွေးမဖြစ်သူမှာ အာဏာပြလွန်းသည်၊ ထက်မြက်လွန်းသည်၊ ခေါင်းမာသည်၊ ပြဿနာရှာတတ်သည်ဟု စိတ်ထဲမှ အမြဲတမ်း အပြစ်တင်နေခဲ့သည်မှာလည်း အမှန်ပင်။

ဤနှစ်များအတွင်း သူမနှင့် လီကျင့်တို့မှာ ဝေးကွာနေခဲ့ရပြီး အရှေ့နန်းတော်၏ အခြေအနေမှာလည်း အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ယုံးကျားဧကရာဇ်ကြောင့်ပင်။ သို့သော် ယခုအခါတွင်မူ ယုံးကျားဧကရာဇ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ ထိုအရာများကို ထပ်မံတွေးတောနေရန် မလိုတော့ချေ။ တန်ခိုးအာဏာကြီးမားသော ဧကရာဇ်တစ်ပါးမှာ မိမိ၏ သားရင်းက နဂါးခုတင်ပေါ်တွင် လည်ပင်းညှစ်သတ်ခြင်းကို အသံတိတ် ခံစားခဲ့ရသည်မှာ အလွန်ပင် စိတ်မကောင်းဖွယ်ရာ ဖြစ်လေသည်။

လုမင်ယွိ၏ စိတ်နှလုံးမှာ လေးလံနေပြီး ခံစားချက်ပေါင်းစုံ ရောပြွမ်းနေလေ၏။ ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့မှာ ငိုကြွေးလွန်းသဖြင့် မေ့လဲလုနီးပါး ဖြစ်နေကြလေသည်။

ရှောင်လျိုကုန်းကုန်းသည် ဧကရာဇ်အတွက် ငိုကြွေးပြီးနောက် လျိုကုန်းကုန်း၏ ရုပ်အလောင်းရှိရာသို့ ဒူးထောက်သွားလေသည်။ မြေပြင်ပေါ်ရှိ သွေးများကို ဂရုမစိုက်ဘဲ အသက်မရှိတော့သော လျိုကုန်းကုန်းကို ပွေ့ဖက်ကာ အားရပါးရ ငိုကြွေးနေတော့သည်။

လျန်တာ့လန်သည်လည်း သူ၏ဖခင်ဖြစ်သူ လျန်စစ်သူကြီး၏ ရုပ်အလောင်းဘေးတွင် ဒူးထောက်ကာ မထိန်းနိုင်အောင် ငိုကြွေးနေလေသည်။ တစ်ဖက်တွင်မူ ပထမမင်းသားမှာ ပခုံးနှင့် ခြေထောက်ရှိ ဒဏ်ရာများကြောင့် အဆက်မပြတ် အော်ဟစ်နေရှာလေသည်။

အားလုံးထဲတွင် အမြန်ဆုံး တည်ငြိမ်သွားသူမှာ လုမင်ယွိပင်။ လုမင်ယွိသည် အသက်ကို ဝဝရှူကာ မျက်ရည်များကို သုတ်လိုက်ပြီး ပူဆွေးငိုကြွေးနေသော ချောင်ကောလောင်နှင့် ဝန်ကြီးလော်ကို ပြောလိုက်လေသည်။ “ချောင်ကောလောင်၊ ဝန်ကြီးလော်၊ ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာပြီဆိုတော့ ဝမ်းနည်းတာကို ခဏဘေးဖယ်ထားပါ။ နောက်ဆက်တွဲ ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို အမြန်ဆုံး တိုင်ပင်ရပါမယ်”

ချောင်ကောလောင်မှာ တုန်တုန်ယင်ယင်နှင့် လဲကျလုနီးပါး ဖြစ်နေသလို ဝန်ကြီးလော်မှာလည်း ထိုနည်းတူပင်။ ယုံးကျားဧကရာဇ် နတ်ရွာစံခြင်းမှာ အလွန်ပင် ရုတ်တရက်ဆန်လွန်းလှသဖြင့် မည်သူမျှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ချေ။ လုမင်ယွိသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး လျန်အာ့လန်ရှိရာသို့ လျှောက်သွားကာ သူ၏ နှာခေါင်းနားတွင် လက်ကမ်းကြည့်လိုက်လေသည်။ လျန်အာ့လန်မှာ အသက်ရှူနေဆဲဖြစ်သဖြင့် မေ့လဲနေရုံသာ ရှိကြောင်း သိလိုက်ရလေသည်။

လုမင်ယွိသည် လျိုကုန်းကုန်းကို ပွေ့ဖက်ငိုကြွေးနေသော ရှောင်လျိုကုန်းကုန်းကို ကြည့်ကာ မျက်ဝန်းများ မှေးမှိန်သွားလေသည်။ ဤနှစ်များအတွင်း လျိုကုန်းကုန်းနှင့် အရှေ့နန်းတော်၏ ဆက်ဆံရေးမှာ အလွန်ပင် ကောင်းမွန်ခဲ့သည်။ လျိုကုန်းကုန်းသည် မိသားစုမရှိသော ကုန်းကုန်းတစ်ဦး ဖြစ်သော်လည်း ယုံးကျားဧကရာဇ်၏ အယုံကြည်ရဆုံးသူ ဖြစ်ခဲ့သည်။ အရေးကြီးသည့် အချိန်တိုင်းတွင် အရှေ့နန်းတော်ဘက်မှ အမြဲတမ်း ကူညီပြောဆိုပေးခဲ့သူ ဖြစ်လေသည်။ မထင်မှတ်ဘဲ ယနေ့ညတွင် ပထမမင်းသား၏ လက်ထဲ၌ပင် သေဆုံးခဲ့ရရှာလေပြီ။

တံခါးအပြင်ဘက်ရှိ တော်ဝင်ရဲမက်များသည် အိပ်ဆောင်အတွင်းမှ ငိုသံများကို ကြားရသောအခါ မျက်နှာများ ပျက်ကုန်ကြပြီး ဒူးထောက်ချလိုက်ကြလေသည်။ ထိုစဉ်မှာပင် ကျန်ရှိသော ဝန်ကြီးချုပ်များ ဝမ်ဟွားနန်းဆောင်အတွင်းသို့ ရောက်ရှိလာကြလေသည်။ ဝန်ကြီးယန်နှင့် ဝန်ကြီးယွီတို့မှာ ငယ်ရွယ်သဖြင့် ခြေလှမ်းများ မြန်ဆန်ကြသလို ဝန်ကြီးကောင်း၊ ဝန်ကြီးကျင်းနှင့် ဝန်ကြီးယောင်တို့မှာမူ အနည်းငယ် နောက်ကျခဲ့ကြလေသည်။ သူတို့သည် ဒူးထောက်နေသော တော်ဝင်ရဲမက်များနှင့် အိပ်ဆောင်အတွင်းမှ ငိုသံများကို ကြားလိုက်ရသည့်အခါ မျက်နှာများ ပျက်ကုန်ကြပြီး အလျင်အမြန် ဝင်ရောက်လာကြတော့သည်။

ထို့နောက်တွင် ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး မြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။ ဝန်ကြီးချုပ်များမှာ ဒူးထောက်၍ အားရပါးရ ငိုကြွေးကြတော့သည်။ စိတ်လှုပ်ရှားနေသော ဝန်ကြီးများနှင့် မတူဘဲ လုမင်ယွိ၏ တည်ငြိမ်မှုမှာ ရက်စက်မှုတစ်ခုကဲ့သို့ပင် ဖြစ်နေလေသည်။ သူမသည် အိပ်ဆောင်အပြင်သို့ ထွက်ကာ ကိုယ်ရံတော်အချို့ကို ခေါ်ယူလိုက်သည်။ “မင်းတို့တွေ အခုချက်ချင်း သွားကြစမ်း။ တစ်ယောက်က ရှို့နဉ်နန်းဆောင်ကို သွား၊ နောက်တစ်ယောက်က ကျောင်းဖန်နန်းဆောင်ကို သွား။ မယ်တော်ကြီးနဲ့ ဟွမ်ဟုပ်ညန်ညန်ကို ဝမ်ဟွားနန်းဆောင်ဆီ ချက်ချင်း ကြွလာဖို့ လျှောက်တင်လိုက်ကြစမ်း”

မုန့်ဖေး၊ ချင်ဖေး၊ ဝမ်ကျဲယွီနှင့် ယန်ဖင်တို့ကိုမူ နောက်မှ အသိပေးရန် ဆုံးဖြတ်လိုက်လေသည်။ လုမင်ယွိသည် ငိုသံများကြားတွင် မတ်တပ်ရပ်နေရင်း စိတ်နှလုံးမှာ လေးလံနေလေသည်။ ငိုသံများကြားတွင် ပထမမင်းသား၏ အော်ဟစ်သံမှာ နားမခံသာလောက်အောင် ဖြစ်နေ၏။ လုမင်ယွိသည် မျက်မှောင်ကြုတ်ကာ ဓားကို ကိုင်ဆွဲ၍ ရှေ့သို့ တက်လှမ်းလိုက်လေသည်။ ပထမမင်းသားသည် ထိတ်လန့်သွားကာ ရှိသမျှ အားအင်ဖြင့် နောက်သို့ ဆုတ်လေသည်။

လုမင်ယွိက အေးစက်စွာ ပြောလိုက်သည်။ “ငါ နင့်ကို သတ်ချင်ရင် ဓားတစ်ချက်နဲ့တင် အသက်ပျောက်စေနိုင်တယ်။ နင် ဘယ်လောက်ပဲ ပုန်းပုန်း အလကားပဲ။ လီယိ၊ နင်က ကိုယ့်အဖေအရင်းနဲ့ ယောက္ခမအရင်းကို သတ်ခဲ့တဲ့သူပဲ။ ဘုရားကလည်း နင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ငါ အခု နင့်ကို မသတ်သေးဘူး။ မယ်တော်ကြီးနဲ့ မူဟုပ်တို့ ရောက်လာတဲ့အခါကျမှ နင့်ရဲ့ အပြစ်တွေကို ဆုံးဖြတ်လိမ့်မယ်”

လီယိသည် ပြင်းထန်သော အမှားကို ကျူးလွန်ခဲ့ပြီဖြစ်သည်။ မယ်တော်ကြီးကျောက် သို့မဟုတ် ချောင်မိဖုရားခေါင်က သူ့ကို သတ်ရန် အမိန့်ပေးနိုင်သည်။ သူမသည် ထိုက်ဇီဖေးဖြစ်သလို ခယ်မတော်လည်း တော်စပ်နေသဖြင့် အပြစ်ကင်းလွတ်စေရန် ရှောင်ကြဉ်ခြင်းက ပို၍ ကောင်းမွန်သည်။

လီယိ၏ မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူလျော့နေပြီး နာကျင်မှုကြောင့်လား သို့မဟုတ် ကြောက်ရွံ့မှုကြောင့်လား မသိဘဲ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ လုမင်ယွိသည် သူ့ကို စကားတစ်ခွန်း ထပ်ပြောရန်ပင် ရွံရှာမိသဖြင့် တစ်ချက်သာ ကြည့်လိုက်လေသည်။

လုမင်ယွိသည် ချက်ချင်းပင် လှည့်ထွက်ကာ ပူဆွေးနေသော လျန်တာ့လန်ကို ပြောလိုက်လေသည်။ “လျန်စစ်သူကြီးက ဖုဟွမ်ကို ကာကွယ်ရင်း သေဆုံးခဲ့တာဆိုတော့ သူက ဒီလောကကြီးထဲမှာ အစွမ်းထက်ဆုံးနဲ့ အသစ္စာရှိဆုံး စစ်သူကြီးတစ်ယောက်ပဲ။ အခု သူက မျက်စိပိတ်သွားပြီဆိုတော့ ဝမ်းနည်းနေရုံနဲ့ မပြီးဘူး။ လျန်အာ့လန်ကို အမြန်နှိုးပြီး နန်းတော်ရဲ့ လုံခြုံရေးကို တာဝန်ယူရမယ်”

ဧကရာဇ် နတ်ရွာစံသည့် သတင်း နန်းပြင်သို့ ပျံ့နှံ့သွားပါက မုန့်မိသားစု စစ်တပ်က ဆူပူသောင်းကျန်းလာနိုင်သည် မဟုတ်ပါလား။ လျန်တာ့လန်သည် ဝမ်းနည်းမှုကို အောင့်အီးကာ ပြန်လည် ဖြေကြားလိုက်လေသည်။ သူသည် ဖခင်၏ ရုပ်အလောင်းကို ခက်ခဲစွာ ချထားလိုက်ပြီး မျက်ရည်များကို သုတ်ကာ ကန်လန့်ကာကို ပတ်၍ သွားလိုက်လေသည်။ ယုံးကျားဧကရာဇ်၏ ရုပ်အလောင်းကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏ မျက်ဝန်းများမှာ ထပ်မံ နီရဲလာပြန်လေသည်။

သူသည် ဒူးထောက်ကာ ဦးခိုက်ပြီးနောက် မေ့လဲနေသော လျန်အာ့လန်ကို ဆွဲယူကာ ဓားဖြင့် သူ၏ လက်မောင်းကို ထိုးလိုက်လေသည်။ လျန်အာ့လန်သည် နာကျင်စွာ အော်ဟစ်ရင်း နိုးလာတော့သည်။ “အစ်ကိုကြီး၊ မင်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ” ဟု လျန်အာ့လန်က ဇဝေဇဝါ မေးလိုက်လေသည်။

လျန်အာ့လန်၏ မှတ်ဉာဏ်မှာ ပထမမင်းသား၏ မေ့ဆေးကြောင့် မေ့လဲသွားသည့် အချိန်တွင်ပင် ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။ လျန်တာ့လန်သည် မျက်လုံးများ နီရဲလျက် လျန်အာ့လန်၏ ပါးကို ပြင်းထန်စွာ ရိုက်လိုက်လေသည်။ လျန်အာ့လန်မှာ မျက်စိထဲတွင် ကြယ်များပင် မြင်သွားကာ ပါးပြင်မှာ ပူထူသွားပြီး လက်ငါးချောင်းရာကြီး ထင်ကျန်ရစ်လေသည်။ ထိုအခါမှသာ သူသည် လုံးဝ သတိဝင်လာတော့သည်။

လျန်အာ့လန်သည် သေချာကြည့်လိုက်ရာ ခုတင်ပေါ်ရှိ မျက်နှာညိုမည်းနေသော ယုံးကျားဧကရာဇ်ကို မြင်လိုက်ရသဖြင့် ဦးနှောက်ထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက်တွင် လျိုကုန်းကုန်း၏ ရုပ်အလောင်းကိုလည်း မြင်လိုက်ရပြန်၏။ “အဖေလည်း သေပြီ။ ပထမမင်းသားရဲ့ လက်ထဲမှာပဲ သေသွားတာ” ဟု လျန်တာ့လန်က သွေးမျက်ရည် ကျမတတ် ပြောလိုက်လေသည်။ “မင်း ကင်းစောင့်နေတာ ဘယ်လို စောင့်နေတာလဲ။ ဝမ်ဟွားနန်းဆောင်ကို ဘယ်လို ကာကွယ်နေတာလဲ”

လျန်အာ့လန်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး စကားပင် မပြောနိုင်တော့ဘဲ မျက်ရည်များသာ စီးကျလာတော့သည်။ လျန်တာ့လန်က အံကြိတ်ကာ ပြောလိုက်လေသည်။ “အခုက ငိုနေရမယ့် အချိန်မဟုတ်ဘူး။ ငါ အခုပဲ နန်းတော်တံခါးတွေကို ပိတ်ခိုင်းလိုက်မယ်။ ဘယ်သူ့ကိုမှ အဝင်အထွက် မလုပ်စေနဲ့”

နန်းပြင်မှ လူများ ဆူပူလာမည်ကို စိုးရိမ်သဖြင့် လျန်တာ့လန်သည် အပြင်သို့ လျင်မြန်စွာ ထွက်ခွာသွားလေသည်။ လျန်အာ့လန်မှာမူ အင်အားများ ဆုံးရှုံးကာ မြေပြင်ပေါ်တွင် လဲကျလျက် တုန်ယင်ကာ ငိုကြွေးနေတော့သည်။ အရာအားလုံးမှာ သူ၏ အမှားများပင်။ သူသည် ယောက်ဖဖြစ်သူ၏ မျက်နှာကို ထောက်ထားပြီး ရှာဖွေစစ်ဆေးခြင်း မပြုဘဲ ပထမမင်းသားကို ဝမ်ဟွားနန်းဆောင်အတွင်းသို့ ဝင်ခွင့်ပြုခဲ့မိသဖြင့် ရက်စက်သော တောရိုင်းတိရစ္ဆာန်တစ်ကောင်ကို အထဲသို့ လွှတ်ပေးလိုက်သကဲ့သို့ ဖြစ်ခဲ့ရလေသည်။

...

အပိုင်း (၆၅၉) နတ်ရွာစံခြင်း (၂)

ညဉ့်နက်သန်းခေါင်ယံ အချိန်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေစဉ်အတွင်း လန့်နိုးလာရသဖြင့် မယ်တော်ကြီးကျောက်သည် စိတ်အနှောင့်အယှက် ဖြစ်ကာ ဒေါသထွက်နေလေ၏။ သူမက ခက်ထန်သော လေသံဖြင့် မေးလိုက်၏။ “သတင်းလာပို့တဲ့သူက ဝမ်ဟွားနန်းဆောင်မှာ ဘာဖြစ်လဲဆိုတာ ဘာမှမပြောဘူးလား”

နန်းတွင်းအပျိုတော်က တုန်တုန်ယင်ယင်နှင့် ပြန်လည် လျှောက်တင်လေသည်။ “သတင်းလာပို့တဲ့သူက ထိုက်ဇီဖေးညန်ညန်ရဲ့ ကိုယ်ရံတော်ပါ။ သူက ညန်ညန်က မယ်တော်ကြီးကို အခုချက်ချင်း ကြွခဲ့ဖို့ ဖိတ်ကြားတယ်လို့ပဲ ပြောပြီး တခြားဘာမှ မပြောသွားပါဘူး”

ထိုက်ဇီဖေးလား...

မယ်တော်ကြီးကျောက်၏ အိပ်ချင်စိတ်များမှာ ချက်ချင်းပင် လွင့်ပြယ်သွားပြီး သူမ၏ မျက်ဝန်းထဲ၌ သံသယနှင့် ထိတ်လန့်မှုများ ပြည့်နှက်သွားလေသည်။ သည်လောက် နက်နဲသော ညဉ့်သန်းခေါင်ယံ အချိန်တွင် လုမင်ယွိသည် အရှေ့နန်းတော်၌ အေးအေးဆေးဆေး မနေဘဲ ဝမ်ဟွားနန်းဆောင်သို့ အဘယ်ကြောင့် ရောက်ရှိနေရပါသနည်း။

ဝမ်ဟွားနန်းဆောင်အတွင်း၌ အမှန်တကယ်ပင် မည်သည့်အရာများ ဖြစ်ပျက်နေပါသနည်း။

မယ်တော်ကြီးကျောက်၏ နားထင်မှ အကြောများမှာ တဒိတ်ဒိတ် ခုန်လှုပ်လာပြီး ရုတ်တရက် အသက်ရှူရ ခက်ခဲလာကာ မျက်နှာတစ်ခုလုံး ဖြူလျော့သွားလေသည်။ အပျိုတော်များမှာလည်း အလျင်အမြန်ပင် သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးကြရတော့သည်။ မယ်တော်ကြီးကျောက်သည် အသက်ကို ပြင်းပြင်းရှူကာ ဆိုလိုက်၏။ “အိုက်ကျားကို အဝတ်အစားလဲပေးကြစမ်း။ အိုက်ကျား အခုပဲ ဝမ်ဟွားနန်းဆောင်ကို သွားကြည့်မယ်”

မယ်တော်ကြီးကျောက်နှင့် မတူသည်မှာ ချောင်မိဖုရားခေါင်သည် လုမင်ယွိအပေါ်တွင် အပြည့်အဝ ယုံကြည်မှု ရှိလေသည်။ သတင်းရသည်နှင့် တပြိုင်နက် ချောင်မိဖုရားခေါင်သည် ချက်ချင်းပင် နိုးလာခဲ့ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ အဝတ်အစားလဲကာ ယိဟွားနန်းဆောင်မှ ထွက်လာခဲ့လေသည်။

နန်းတွင်းအပျိုတော်များက ရှေ့မှနေ၍ မီးပုံးများ ကိုင်ဆောင်ကာ လမ်းပြပေးကြပြီး ချိုင်လန်က ချောင်မိဖုရားခေါင်ကို တွဲထူပေးထား၏။ ချောင်မိဖုရားခေါင်သည် မျက်မှောင်ကြုတ်ထားပြီး စိတ်ထဲမှ မကောင်းသော အတိတ်နိမိတ်မှာ ပို၍ပင် ပြင်းထန်လာသဖြင့် ခြေလှမ်းများကို ပို၍ မြန်ဆန်စွာ လှမ်းနေမိလေသည်။

ချောင်မိဖုရားခေါင်သည် အလျင်အမြန် လျှောက်လှမ်းခဲ့ရာ မယ်တော်ကြီးကျောက်ထက် စောစီးစွာ ဝမ်ဟွားနန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် မျက်လုံးများ နီရဲကာ ငိုကြွေးထားသော လျန်တာ့လန်သည် နန်းဆောင်အပြင်ဘက်သို့ ထွက်လာသည်နှင့် ကြုံကြိုက်သွားလေသည်။

ချောင်မိဖုရားခေါင်၏ အကြည့်မှာ လျန်တာ့လန်ထံသို့ ရောက်ရှိသွားပြီး သူမ၏ နှလုံးသားမှာ လည်ချောင်းဝအထိ တိုးတက်လာသကဲ့သို့ ခံစားလိုက်ရ၏။ “လျန်တပ်မှူး၊ ဝမ်ဟွားနန်းဆောင်မှာ ဘာဖြစ်လို့လဲ”

ရှစ်ပေခန့် မြင့်မားထွားကျိုင်းသော လျန်တာ့လန်သည် ဝုန်းခနဲ ဒူးထောက်ကျသွားပြီး တုန်ယင်နေသော အသံဖြင့် လျှောက်တင်လေသည်။ “ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်... အရှင်မင်းကြီး... နတ်ရွာစံသွားပါပြီ!”

ချောင်မိဖုရားခေါင်သည် မျက်စိရှေ့တွင် မှောင်အတိ ကျသွားကာ ကိုယ်ခန္ဓာမှာ ယိုင်နဲ့သွားလေသည်။ ချိုင်လန်သည်လည်း ခဏချင်းအတွင်း မျက်နှာဖြူလျော့သွားသော်လည်း အားကုန်စုစည်းကာ လဲကျတော့မည့် ချောင်မိဖုရားခေါင်ကို ဖမ်းထိန်းထားလိုက်ရ၏။

ချောင်မိဖုရားခေါင်သည် ချိုင်လန်၏ ရင်ခွင်ထဲ၌ မှီတွယ်ရင်း အသက်ရှူရ ခက်ခဲနေကာ စကားတစ်ခွန်း ပြောရန် ကြိုးစားသော်လည်း အသံထွက်မလာချေ။ ချိုင်လန်၏ မျက်ဝန်းထဲမှ မျက်ရည်များမှာလည်း တားမရဘဲ စီးကျလာတော့သည်။ “ညန်ညန်! ညန်ညန် စိတ်ကို တင်းထားပါဦးရှင်!”

ချောင်မိဖုရားခေါင်သည် မျက်လုံးကို တင်းတင်းမှိတ်ကာ ရင်ဘတ်ကို လက်ဖြင့် ဖိထားရင်း အသက်ကို အကြိမ်ကြိမ် ရှူလိုက်ရလေသည်။ ထို့နောက်မှ ဖြည်းညှင်းစွာ မျက်လုံးပြန်ဖွင့်ကာ ခက်ခဲစွာ မေးလိုက်၏။ “ဒါတွေက ဘယ်လိုဖြစ်ရတာလဲ”

လျန်တာ့လန်က ရှိုက်ကြီးတငင်နှင့် တိုးညင်းစွာ တင်ပြလေသည်။ “ပထမမင်းသားက ရုတ်တရက် လှုပ်ရှားခဲ့တာပါ။ အရှင်မင်းသားက အဆိပ်နဲ့ နန်းဆောင်ထဲဝင်ပြီး ကျွန်တော်မျိုးရဲ့ အဖေကို မေ့လဲအောင်လုပ်ခဲ့တယ်၊ လျိုကုန်းကုန်းကို သတ်ဖြတ်ခဲ့တယ်၊ ပြီးတော့ အရှင်မင်းကြီးကိုလည်း...”

စကားပင် မဆုံးသေးမီမှာပင် မယ်တော်ကြီးကျောက်သည်လည်း နန်းဆောင်အပြင်သို့ ရောက်ရှိလာလေသည်။ မယ်တော်ကြီးကျောက်သည် အလျင်အမြန် လာခဲ့ရသဖြင့် မျက်နှာမှာ အလွန် ကြည့်ရဆိုးနေ၏။ သူမသည် ဒူးထောက်နေသော တော်ဝင်ရဲမက်များနှင့် မေ့လဲလုနီးပါး ဖြစ်နေသော ချောင်မိဖုရားခေါင်၊ ငိုကြွေးနေသော လျန်တာ့လန်တို့ကို မြင်လိုက်ရသည့်အခါတွင်မူ သူမ၏ စိတ်အာရုံမှာ လုံးဝ ပျက်စီးသွားတော့သည်။

“ဘာတွေ ဖြစ်နေတာလဲ” မယ်တော်ကြီးကျောက်သည် သူမကိုယ်သူမ တည်ငြိမ်နေသည်ဟု ထင်မှတ်နေသော်လည်း အမှန်စင်စစ်မှာမူ ရူးသွပ်သူတစ်ဦးကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်နေခြင်း ဖြစ်လေသည်။

လျန်တာ့လန်သည် အံကြိတ်ကာ ယခင်စကားကိုပင် ထပ်မံ လျှောက်တင်လိုက်လေသည်။ “မယ်တော်ကြီး... ပထမမင်းသားက မကောင်းတဲ့ စိတ်ထားနဲ့ အိပ်ဆောင်ထဲကို မေ့ဆေးတွေ ယူဆောင်လာပြီး ဖခင်အရင်းကို သတ်ဖြတ်ခဲ့ပါတယ်။ အရှင်မင်းကြီး နတ်ရွာစံသွားပါပြီ!”

မယ်တော်ကြီးကျောက်သည် အလွန် ရယ်စရာကောင်းသော ပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရုတ်တရက် ရယ်မောလိုက်လေသည်။ “မင်း တကယ်ပဲ သတ္တိရှိတာပဲ။ အရှင်မင်းကြီးရဲ့ အသက်အန္တရာယ်ကို သုံးပြီး ပြက်လုံးထုတ်ဝံ့တယ်ပေါ့”

“လီယိဆိုတဲ့ အဲဒီကလေးကို အိုက်ကျားကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့တာ။ သူက မာန်မာန အနည်းငယ် ကြီးပြီး ဘယ်အရာမဆို အနိုင်လိုချင်တာပဲ ရှိတာပါ။ ဒါပေမဲ့ သူက သစ္စာရှိတဲ့ ကလေးတစ်ယောက်ပဲ။ သူက ဘယ်လိုလုပ်ပြီး သူ့အဖေအရင်းကို သတ်ဝံ့မှာလဲ”

“ဒီညဉ့်နက်သန်းခေါင် အချိန်ကြီးမှာ မင်းတို့က ဒီလိုကိစ္စမျိုးနဲ့ ပြက်လုံးထုတ်နေကြတာဆိုတော့ အိုက်ကျား မင်းတို့ကို အလွယ်တကူ ခွင့်မလွှတ်နိုင်ဘူး”

ထို့နောက် မျက်နှာဖြူလျော့နေသော ချောင်မိဖုရားခေါင်ကို ကြည့်ကာ ပြောလိုက်ပြန်သည်။ “ဟွမ်ဟုပ်၊ အရှင်မင်းကြီးမှာ ကံကြမ္မာ ကောင်းတွေ အများကြီး ရှိတာဆိုတော့ ဘာမှမဖြစ်နိုင်ဘူး။ ညည်းက မုဆိုးမ ဖြစ်တော့မယ့် အမူအယာမျိုး လုပ်မနေစမ်းနဲ့”

သူမသည် ရယ်မောနေသော်လည်း ထိုရယ်သံမှာ ငိုသံထက်ပင် ပို၍ နားမခံသာလောက်အောင် ဖြစ်နေလေသည်။ ချောင်မိဖုရားခေါင်နှင့် မယ်တော်ကြီးကျောက်တို့သည် ယောက္ခမနှင့် ချွေးမအဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ပေါင်းသင်းခဲ့ကြသော်လည်း အမြဲတမ်း စိမ်းကားခဲ့ကြသူများ ဖြစ်သည်။ ယခုအခါတွင်မူ မယ်တော်ကြီးကျောက်၏ လက်တွေ့ဘဝကို လက်မခံဘဲ ဟန်ဆောင် တည်ငြိမ်နေသော အမူအယာကို မြင်လိုက်ရသည့်အခါ ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် ပြင်းထန်စွာ နာကျင်ခံစားလိုက်ရ၏။

ချောင်မိဖုရားခေါင်သည် အားတင်းကာ ဆိုလိုက်သည်။ “အာရှီ မူဟုပ်နဲ့အတူ အထဲကို လိုက်ဝင်ပါ့မယ်”

ယုံးကျားဧကရာဇ် အသက်ရှိသေးသလား၊ မရှိတော့ဘူးလား ဆိုသည်မှာ မြင်လိုက်သည်နှင့် သိနိုင်သည်သာ။ သို့သော် မယ်တော်ကြီးကျောက်မှာမူ အထဲသို့ မဝင်လိုတော့ချေ။ “အချိန်က ဒီလောက် နောက်ကျနေပြီဆိုတော့ အိုက်ကျား အရမ်းအိပ်ချင်နေပြီ၊ အရင်ပြန်ပြီး အိပ်လိုက်ဦးမယ်။ ညည်းလည်း မဝင်နဲ့တော့၊ အနောက်နန်းဆောင်ကိုပဲ ပြန်သွားလိုက်။ မနက်ဖြန် မိုးလင်းမှ အိုက်ကျားနဲ့ ညည်း အတူတူ အရှင်မင်းကြီးကို လာတွေ့ကြတာပေါ့”

စကားအဆုံးတွင် သူမသည် တုန်တုန်ယင်ယင်နှင့် ခြေလှမ်းလှမ်းလိုက်သော်လည်း နှစ်လှမ်းခန့်သာ လှမ်းရသေးမီမှာပင် မြေပြင်ပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားလေတော့သည်။ ဘေးတွင်ရှိနေသော အပျိုတော်များက ထိတ်လန့်တကြားနှင့် မယ်တော်ကြီးကျောက်ကို ဖမ်းထိန်းလိုက်ကြရ၏။ မယ်တော်ကြီးကျောက် သတိမေ့သွားလေပြီ။

ချောင်မိဖုရားခေါင်သည် ဝမ်းနည်းမှုများကြောင့် နှာခေါင်းထဲတွင် စပ်ဖျင်းလာပြီး မျက်ရည်များကို အတင်းသုတ်ကာ အမိန့်ပေးလိုက်လေသည်။ “မယ်တော်ကြီးကို နန်းဆောင်ထဲ တွဲခေါ်သွားလိုက်ကြ။ တော်ဝင်သမားတော်ကို ခေါ်ပြီး မယ်တော်ကြီးကို ချက်ချင်း အပ်စိုက်ကုသပေးလိုက်။ မယ်တော်ကြီး နိုးလာတာနဲ့ အရှင်မင်းကြီးရဲ့ အိပ်ဆောင်ထဲကို တွဲခေါ်လာခဲ့ကြ”

ထို့နောက်တွင် သူမသည် ချိုင်လန်၏ အကူအညီဖြင့် ဝမ်ဟွားနန်းဆောင်အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။ အိပ်ဆောင်နှင့် နီးကပ်လာလေလေ ချောင်မိဖုရားခေါင်၏ ခြေလှမ်းများမှာ ပို၍ လေးလံလာလေလေပင်။

သူမနှင့် ယုံးကျားဧကရာဇ်တို့သည် နှစ်ပေါင်း ၂၀ ကျော်ကြာ လင်မယားအဖြစ် ပေါင်းသင်းခဲ့ကြသော်လည်း ပြင်းပြသော ချစ်မေတ္တာမျိုး ရှိမနေခဲ့ချေ။ ယုံးကျားဧကရာဇ်သည် မုန့်ရှီကို နှစ်ပေါင်းများစွာ အလိုလိုက်ခဲ့သလို နောက်ပိုင်းတွင်လည်း ငယ်ရွယ်သော ဝမ်ကျဲယွီ၊ စူးကွေ့ရန်နှင့် ယန်ဖင်တို့ကို ချစ်ခင်နှစ်သက်ခဲ့လေသည်။ သူသည် မိမိ၏ မိဖုရားခေါင်အပေါ်တွင်မူ တစ်နေ့ထက်တစ်နေ့ ပို၍သာ စိမ်းကားလာခဲ့သည် မဟုတ်ပါလား။

ချောင်မိဖုရားခေါင်သည်လည်း ထိုအခြေအနေများကို စိတ်လျှော့ထားခဲ့ပြီးသားပင်။ ဇနီးမောင်နှံ သံယောဇဉ် နည်းပါးနေမှတော့ ထိုအရာကို ထပ်မံ မတောင်းဆိုတော့ဘဲ ဤအတိုင်းပင် ဆက်လက် နေထိုင်သွားရန် ဆုံးဖြတ်ခဲ့၏။ သူမသည် မည်မျှပင် ဒေါသထွက်ခဲ့စေကာမူ ယုံးကျားဧကရာဇ် စောစီးစွာ ကွယ်လွန်သွားရန်တော့ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးချေ။

အိပ်ဆောင်တံခါးဝသို့ ရောက်ရှိသောအခါ လူတိုင်း၏ ငိုကြွေးသံများကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။ ရွံရှာဖွယ်ကောင်းသော သွေးညှီနံ့များမှာလည်း နှာခေါင်းထဲသို့ တိုးဝင်လာ၏။ ချောင်မိဖုရားခေါင်သည် ဖြူလျော့နေသော မျက်နှာဖြင့် အိပ်ဆောင်အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားလေသည်။

လုမင်ယွိသည် အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ပြီဖြစ်ရာ ရှေ့သို့ တက်လှမ်းလာပြီး ချောင်မိဖုရားခေါင်၏ အေးစက်နေသော လက်များကို ဆုပ်ကိုင်လိုက်လေသည်။ “ဖုဟွမ် နတ်ရွာစံသွားပါပြီ၊ မူဟုပ် ဝမ်းနည်းတာကို ထိန်းပါဦး”

ချောင်မိဖုရားခေါင်သည် လုမင်ယွိကို ကြည့်ကာ မျက်ရည်များကို မထိန်းနိုင်တော့ချေ။ သူမက တိုးညင်းသော လေသံဖြင့် အသနားခံသလို မေးလိုက်၏။ “မင်ယွိ၊ မင်း ပန်ကုံးကို ညာနေတာ မဟုတ်လား။ မင်းရဲ့ ဖုဟွမ်က တကယ် မသေပါဘူးနော်”

လုမင်ယွိသည် စိတ်ကို တင်းထားကာ ချောင်မိဖုရားခေါင်ကို ကန်လန့်ကာ အနောက်သို့ တွဲခေါ်သွားလေသည်။ “မူဟုပ် ကိုယ်တိုင်ပဲ သေချာ ကြည့်လိုက်ပါတော့!”

ချောင်မိဖုရားခေါင်၏ အကြည့်မှာ နဂါးခုတင်ပေါ်သို့ ကျရောက်သွားလေသည်။ ယုံးကျားဧကရာဇ် အသက်ထွက်သွားသည်မှာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီဖြစ်ရာ ရုပ်အလောင်းမှာ တဖြည်းဖြည်း တောင့်တင်းလာပြီး မျက်နှာမှာလည်း ညိုမည်းနေတော့သည်။ လည်ပင်းမှ အညိုအမည်းစွဲနေသော လက်ရာမှာလည်း ပို၍ပင် ထင်ရှားနေလေသည်။ ချောင်မိဖုရားခေါင်၏ ကိုယ်ခန္ဓာမှာ ထပ်မံ၍ ယိုင်နဲ့သွားပြန်၏။

“မူဟုပ်!” လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ လေသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။ “အခုအချိန်မှာ မူဟုပ်က အခြေအနေ အားလုံးကို ထိန်းချုပ်ရမှာမို့ မူဟုပ် ဘယ်လိုပဲဖြစ်ဖြစ် တောင့်ခံထားရပါမယ်”

ဧကရာဇ် ရုတ်တရက် နတ်ရွာစံသွားချိန်တွင် နန်းတော်အတွင်း၌ ဦးဆောင်နိုင်မည့် တစ်ဦးတည်းသောသူမှာ ချောင်မိဖုရားခေါင်ပင် ဖြစ်လေသည်။ သူမသည် ထိုက်ဇီဖေးဖြစ်ကာ မည်မျှပင် ထက်မြက်စေကာမူ ရာထူးအရ အကန့်အသတ် ရှိနေသည် မဟုတ်ပါလား။ ယောက္ခမ ကွယ်လွန်သွားချိန်တွင် ချွေးမက အိမ်ထောင်ဦးစီး လုပ်ဆောင်ရမည်ဟူသော ထုံးစံမျိုး မရှိချေ။ ထို့ကြောင့် ချောင်မိဖုရားခေါင်မှာ အနည်းဆုံးတော့ လီကျင့် မြို့တော်သို့ ပြန်မရောက်မချင်း တောင့်ခံထားရလိမ့်မည်။

ချောင်မိဖုရားခေါင်၏ နှုတ်ခမ်းများမှာ တုန်ယင်နေပြီး စကားတစ်လုံးမျှ မထွက်လာဘဲ မျက်ရည်များသာ အဆက်မပြတ် စီးကျနေတော့သည်။ လုမင်ယွိသည်လည်း စိတ်မကောင်းဖြစ်ကာ မျက်ဝန်းများ နီရဲလာလေသည်။

ခဏအကြာတွင် တံခါးဝ၌ လှုပ်ရှားမှုများ ထပ်မံ ပေါ်ပေါက်လာပြန်၏။ အပ်စိုက်ကုသမှုကြောင့် သတိပြန်ဝင်လာသော မယ်တော်ကြီးကျောက်သည် အပျိုတော်များ၏ အကူအညီဖြင့် ဝင်ရောက်လာလေသည်။ မယ်တော်ကြီးကျောက်သည် တုန်တုန်ယင်ယင်နှင့် နဂါးခုတင်ဘေးသို့ လျှောက်သွားကာ ထိုင်ချလိုက်ပြီး ယုံးကျားဧကရာဇ်၏ ရုပ်အလောင်းကို ရင်ခွင်ထဲတွင် ပွေ့ပိုက်လိုက်လေသည်။ သူမက တိုးတိုးလေး ရေရွတ်နေတော့၏။ “အားယွမ်... သူတို့အားလုံးက မျက်စိမမြင်ကြလို့ပါ။ နင် နေကောင်းနေတာကို သူတို့က နတ်ရွာစံသွားပြီလို့ လျှောက်ပြောနေကြတာ”

“ငါ သိပါတယ်၊ နင် ပင်ပန်းနေလို့ပါ။ ဒီနှစ်တွေမှာ နင်က စစ်တပ်တွေကို ဦးဆောင်ပြီး နေရာအနှံ့မှာ တိုက်ပွဲဝင်ခဲ့ရသလို နောက်ပိုင်းမှာလည်း တိုင်းပြည်ရေးရာတွေကြောင့် နေ့တိုင်း အလုပ်ရှုပ်နေခဲ့ရတာ။ တစ်ရက်မှ အေးအေးဆေးဆေး မနားခဲ့ရဘူး”

“နင် ကောင်းကောင်း အိပ်လိုက်ဦးနော်။ မိုးလင်းမှ ပြန်နိုးလာခဲ့။ အမေ နင့်ကို စောင့်ပေးမယ်၊ ဘယ်သူ့ကိုမှ နင့်ကို လာထိခွင့် မပေးဘူး”

...

အပိုင်း (၆၆၀) နတ်ရွာစံခြင်း (၃)

မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်၏ ရုပ်အလောင်းကို တင်းကြပ်စွာ ပွေ့ဖက်ထားလျက် တစ်ခါတစ်ရံ တိုးညှင်းစွာ ရေရွတ်လိုက်၊ တစ်ခါတစ်ရံ ငိုကြွေးလိုက်နှင့် တစ်ခါတစ်ရံတွင်မူ ရူးသွပ်သူပမာ ရယ်မောနေလေသည်။

လုမင်ယွိသည် မယ်တော်ကြီးကျောက်ကို တစ်ကြိမ်တစ်ခါမျှ နှစ်သက်ခဲ့ဖူးခြင်း မရှိသော်လည်း၊ ယခုကဲ့သို့သော မယ်တော်ကြီး၏ အခြေအနေကို မြင်တွေ့ရသည့်အခါ စိတ်မကောင်းဖြစ်မိသည်ကတော့ အမှန်ပင်။ ငယ်ရွယ်စဉ်က ဖခင်ကို ဆုံးရှုံးခဲ့ရပြီး၊ လူလတ်ပိုင်းအရွယ်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့ကာ၊ ယခုအရွယ်ကြီးရင့်ချိန်တွင် သားဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရရှာလေပြီ။ အမျိုးသမီးတစ်ဦး၏ ဘဝတွင် အဆိုးဝါးဆုံးသော ကြေကွဲဖွယ်ရာ ကံကြမ္မာလှိုင်းတံပိုးတို့ကို မယ်တော်ကြီးကျောက်တစ်ယောက် ရှောင်လွှဲ၍မရဘဲ အပြည့်အဝ ခံစားနေရရှာလေသည်။

ရုတ်တရက် မယ်တော်ကြီးကျောက်သည် ခေါင်းကိုလှည့်လိုက်ပြီး ဒေါသတကြီးဖြင့် “အရှင်မင်းကြီးက နေကောင်းနေတာကို ညည်းတို့တွေက ဘာလို့ တစ်ယောက်ပြီးတစ်ယောက် ငိုနေကြတာလဲ! သွားစမ်း! အကုန်ထွက်သွားကြ! အရှင်မင်းကြီးကို အေးအေးဆေးဆေး ခဏလောက် အိပ်ပါစေ” ဟု အော်ဟစ်ငေါက်ငမ်းလေတော့သည်။

အရပ်ဘက်ဝန်ကြီးများ အားလုံးသည် နဂါးခုတင်ဘေးတွင် ဒူးထောက်လျက် ငိုကြွေးသံများ မစဲဘဲ ရှိနေကြပြီး၊ မည်သူတစ်ဦးတစ်ယောက်မျှ ထရပ်၍ ထွက်ခွာသွားခြင်း မရှိကြပေ။

မယ်တော်ကြီးကျောက်မှာ လုံးဝ ဒေါသထွက်သွားကာ ဝုန်းခနဲ ထရပ်လိုက်ပြီး ချောင်ကောလောင်၏ နှာခေါင်းကို လက်ညှိုးထိုးလျက် “ချောင်ကောလောင်... နင် ဘာတွေ ကြံစည်နေသလဲဆိုတာ အိုက်ကျား မသိဘူးလို့ မမှတ်နဲ့နော်။ နင်က အရှင်မင်းကြီး စောစောစီးစီး နတ်ရွာစံဖို့ကိုပဲ မျှော်လင့်နေတာ မဟုတ်လား။ ဒါမှ ထိုက်ဇီက ထီးနန်းဆက်ခံနိုင်မှာဖြစ်သလို နင့်သမီးကလည်း မယ်တော်ကြီး ဖြစ်လာမှာလေ”

“အိုက်ကျား ပြောလိုက်မယ်၊ အရှင်မင်းကြီးက ဘာမှမဖြစ်ဘူး။ သူ မကြာခင် နိုးလာလိမ့်မယ်။ နင့်ရဲ့ အကွက်ချ စီစဉ်နေတာတွေကို အမြန်ဆုံး ရုပ်သိမ်းလိုက်တော့”

“အခုချက်ချင်း အိုက်ကျားရဲ့ မျက်စိရှေ့ကနေ ဝေးဝေးကို ထွက်သွားစမ်း။ နင့်မျက်နှာကို အိုက်ကျား မကြည့်ချင်ဘူး!” ဟု ရူးသွပ်သလို အော်ဟစ်နေတော့သည်။

ချောင်ကောလောင်မှာမူ ပြင်းထန်လှသော ဝမ်းနည်းပူဆွေးမှုများအောက်တွင် နစ်မြုပ်နေသဖြင့် သားဖြစ်သူကို ဆုံးရှုံးလိုက်ရသော အမျိုးသမီးကြီး၏ စကားများကို အလေးထား၍ ငြင်းခုံခြင်း မပြုတော့ပေ။ မယ်တော်ကြီးကျောက်က သူ့နှာခေါင်းကို လက်ညှိုးထိုး၍ ဆဲဆိုနေသည်ကို ငြိမ်သက်စွာပင် လက်ခံနေလေသည်။

လုမင်ယွိသည် မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်တော့သည်။ “ဖုဟွမ် နတ်ရွာစံသွားတာကြောင့် မယ်တော်ကြီး စိတ်ထိခိုက်ပြီး ဝမ်းနည်းနေတာကို နားလည်ပါတယ်။ ဒါပေမဲ့ ဒီလိုစကားမျိုးတော့ မပြောသင့်ဘူး ထင်တယ်။ ချောင်ကောလောင်က သာ့ဝေတိုင်းပြည်အတွက် ဆယ်စုနှစ်တစ်ခုကျော် အလုပ်အကျွေးပြုလာတာ ဘယ်တုန်းကမှ ကိုယ်ကျိုးမဖက်ခဲ့ပါဘူး။ မယ်တော်ကြီး ဒီလိုစကားမျိုး ဘယ်လိုများ ပြောထွက်ရတာလဲ”

မယ်တော်ကြီးကျောက်သည် မျက်လုံးများ ပြူးကျယ်သွားကာ လုမင်ယွိကို “ဖျက်ဆီးမယ့် မိန်းမ! ညည်း ငါတို့ လီမိသားစုထဲ ဝင်လာကတည်းက တစ်ရက်မှ မအေးချမ်းခဲ့ဘူး” ဟု ဒေါသတကြီး ပြန်လည် ဆဲဆိုတော့သည်။

“ငါ အကုန် သိနေတယ်။ ညည်းလည်း အရှင်မင်းကြီးကို စောစောသေစေချင်နေတာပဲ။ ဒါမှ ညည်းလည်း မိဖုရားခေါင် မြန်မြန်ဖြစ်မှာလေ။ လုမိသားစုမှာ စစ်သည် ၁၀ဝ၀ဝ၀ ရှိနေတော့ နောင်ကျရင် ညည်းက တိုင်းပြည်ရေးရာတွေကို ဝင်စွက်ဖက်ပြီး ဒီလောကကြီးကို လုမိသားစုပိုင် ဖြစ်အောင် လုပ်ချင်နေတာ မဟုတ်လား။ ငါ ပြောလိုက်မယ်၊ ငါ ရှိနေသရွေ့တော့ ညည်း ဘယ်တော့မှ မမျှော်လင့်နဲ့!”

တကယ်ကို ရူးသွားပြီပဲ! ဟု လုမင်ယွိ စိတ်ထဲမှ တွေးလိုက်မိသည်။

လုမင်ယွိ၏ မျက်နှာသည် တည်တင်းသွားပြီး အမိန့်ပေးလိုက်လေသည်။ “မယ်တော်ကြီးက ဝမ်းနည်းလွန်းလို့ စိတ်မမှန်တော့ဘဲ ဘာတွေ ပြောနေမှန်းတောင် ကိုယ်တိုင် မသိတော့ဘူး။ လူတွေ လာကြစမ်း၊ မယ်တော်ကြီးကို အရင်ဆုံး တွဲခေါ်သွားပြီး အနားယူခိုင်းလိုက်ကြ”

ဘေးတွင်ရှိနေသော နန်းတွင်းသူများမှာ တုန်တုန်ယင်ယင်နှင့် မယ်တော်ကြီးကျောက်ကို တွဲခေါ်ရန် ရှေ့သို့ တိုးလာကြသည်။

မယ်တော်ကြီးကျောက်မှာမူ ဒေါသတကြီးဖြင့် စိုက်ကြည့်ကာ “အကုန် ဖယ်ကြစမ်း! အိုက်ကျား ဒီမှာပဲ နေမယ်။ ဘယ်သူကများ အိုက်ကျားရဲ့ လက်ဖျားကို ထိဝံ့သလဲ ကြည့်ကြသေးတာပေါ့။ ထိတဲ့သူရှိရင် သူ့ခေါင်းကို အခုပဲ ဖြတ်ပစ်မယ်!” ဟု ဟိန်းဟောက်လေသဖြင့် နန်းတွင်းသူများမှာ ဒူးထောက်လျက် အသနားခံကြရတော့သည်။

လုမင်ယွိ၏ ပုံမှန်စိတ်နေစိတ်ထားအရဆိုလျှင် မယ်တော်ကြီးကျောက်ကို ဇွတ်အတင်း တွဲခေါ်သွားပြီး ဖြစ်သော်လည်း၊ ယနေ့ညတွင်မူ သူမသည် တစ်ကြိမ်မျှ စိတ်ရှည်သည်းခံပေးလိုက်လေသည်။

ယုံးကျားဧကရာဇ် ကွယ်လွန်သွားခြင်းမှာ မယ်တော်ကြီးကျောက်အတွက် သူမ၏ နှလုံးသားကို ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ သူမ မည်မျှပင် ငိုယိုဆူပူပါစေ အလိုက်သင့်ပင် ထားရှိလိုက်တော့သည်။

လုမင်ယွိသည် ချောင်မိဖုရားခေါင်ဘက်သို့ လှည့်ကာ တိုးညှင်းစွာ ပြောလိုက်၏။ “မူဟုပ်... မယ်တော်ကြီးက ဝမ်းနည်းလွန်းလို့ မပြန်ချင်ဘူးဆိုတော့လည်း မယ်တော်ကြီးကို ဒီမှာပဲ နေခွင့်ပေးလိုက်ရအောင်”

ချောင်မိဖုရားခေါင်မှာမူ ဦးနှောက်ထဲ၌ ဗလာဖြစ်နေကာ တောင့်တောင့်ကြီး ခေါင်းညိတ်ပြရုံသာ တတ်နိုင်လေသည်။ မယ်တော်ကြီးကျောက်၏ ဆူပူသောင်းကျန်းမှုကြောင့် မူလက ကြေကွဲဝမ်းနည်းနေသော အခြေအနေမှာ ဆက်လက် ထိန်းသိမ်းရန် ခက်ခဲသွားတော့သည်။

အသည်းအသန် ငိုကြွေးနေသော အရပ်ဘက်ဝန်ကြီးများမှာလည်း တဖြည်းဖြည်းနှင့် ငိုသံများ တိတ်သွားကြလေသည်။ အရှင်မင်းကြီးမှာမူ နတ်ရွာစံသွားခဲ့ပြီဖြစ်ရာ မည်မျှပင် ဝမ်းနည်းနေပါစေ ပြန်လည် နိုးထလာတော့မည် မဟုတ်ပေ။ မယ်တော်ကြီးကျောက်မှာ စိတ်မမှန်ဘဲ ဖြစ်နေနိုင်သော်လည်း ၎င်းတို့မှာမူ ထိုသို့ ဖြစ်၍မရချေ။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ နောက်ဆက်တွဲ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်ပင် ဖြစ်သည်။

မယ်တော်ကြီးကျောက်မှာ ဆူပူငိုယိုနေပြီး ချောင်မိဖုရားခေါင်မှာလည်း မေ့လဲတော့မည့် အနေအထား ဖြစ်နေသဖြင့် အခြေအနေအရပ်ရပ်ကို အမှန်တကယ် ဆုံးဖြတ်ချက်ချနိုင်သူမှာ ထိုက်ဇီဖေး တစ်ဦးတည်းသာ ရှိတော့သည်။

ဝန်ကြီးယန်နှင့် ဝန်ကြီးယွီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။

ဝန်ကြီးယွီသည် အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်ကာ “ဟွမ်ဟုပ်ညန်ညန်... ကျွန်တော်မျိုး ဝံ့ဝံ့ရဲရဲ တင်ပြပါရစေ။ အခုချိန်မှာ ထိုက်ဇီ မြို့တော်ကို ပြန်မရောက်သေးတာကြောင့် အရှင်မင်းကြီး နတ်ရွာစံတဲ့ သတင်းဆိုးကို အပြင်ကို အသိမပေးသင့်သေးပါဘူး။ ဒါမှ လူတွေရဲ့ စိတ်ဓာတ် မလှုပ်ခတ်ဘဲ ဆူပူမှုတွေ မဖြစ်မှာပါ”

“ဟွမ်ဟုပ်ညန်ညန်အနေနဲ့ အမိန့်တော် ထုတ်ပြန်ပေးပါ။ အခုအချိန်ကစပြီး နန်းတော်တံခါးတွေကို ပိတ်ဆို့ထားပြီး ထိုက်ဇီပြန်ရောက်လာတဲ့အထိ ဘယ်သူ့ကိုမှ အဝင်အထွက် မလုပ်စေပါနဲ့” ဟု တင်ပြလိုက်သည်။

သူသည် ချောင်မိဖုရားခေါင်ကို လျှောက်တင်နေခြင်း ဖြစ်သော်လည်း သူ၏ မျက်ဝန်းများမှာမူ လုမင်ယွိကိုသာ ကြည့်နေလေသည်။

ဝန်ကြီးယန်ကလည်း ဆိုလိုက်၏။ “ဝန်ကြီးယွီ တင်ပြတာကို ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်”

ဝန်ကြီးကောင်းကလည်း “ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်!” ဟု ဆိုလာသလို၊ ဝန်ကြီးကျင်းကလည်း “ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်!” ဟု ပြောကြားလာလေသည်။

မည်သည့်အရာကို ထောက်ခံရမည်နည်း? ချောင်မိဖုရားခေါင်သည် တွေဝေငေးမောစွာဖြင့် လုမင်ယွိကို ကြည့်လိုက်လေသည်။

လုမင်ယွိက သက်ပြင်းတစ်ချက်ချကာ ချောင်မိဖုရားခေါင်ကို တိုးညှင်းစွာ ရှင်းပြလိုက်သည်။ “ဝန်ကြီးယွီ တင်ပြတာက တော်တော်လေး ကျိုးကြောင်းဆီလျော်ပါတယ်။ အခုချိန်မှာ အရာအားလုံး တည်ငြိမ်ဖို့က အဓိကပဲ။ ဖုဟွမ် နတ်ရွာစံတဲ့ ကိစ္စကို ခေတ္တလျှို့ဝှက်ထားရမယ်။ ဒါမှ တစ်စုံတစ်ယောက်က အခွင့်ကောင်းယူပြီး ဆူပူသောင်းကျန်းတာမျိုး မလုပ်နိုင်မှာ”

လျန်တာ့လန်နှင့် လျန်အာ့လန် ညီအစ်ကို နှစ်ဦး ရှိနေသဖြင့် တော်ဝင်ရဲမက်များကို အရင်ဆုံး ထိန်းချုပ်ထားရမည်။ ရှင်းယန်စစ်တပ်အတွက် စိုးရိမ်ရန် မလိုသော်လည်း မုန့်မိသားစု စစ်တပ်နှင့် ကျောက်မိသားစု စစ်တပ်တို့ကိုမူ အထူးသတိထား စောင့်ကြည့်ရလိမ့်မည်။

ချောင်မိဖုရားခေါင်သည် ထိုအခါမှသာ သတိပြန်ဝင်လာပြီး တုန့်ပြန်လိုက်လေသည်။ “ဟုတ်တယ်၊ ဟုတ်တယ်... အရင်ဆုံး လျှို့ဝှက်ထားကြတာပေါ့”

လုမင်ယွိက ခေါင်းတစ်ချက် ညိတ်လိုက်ကာ “အာရှီက မူဟုပ်ရဲ့ အမိန့်ကို နာခံပြီး နန်းတော်တံခါးတွေကို ပိတ်ဆို့ဖို့ အမိန့်ပေးလိုက်ပါ့မယ်”

ချောင်မိဖုရားခေါင်ကို အကာအကွယ်အဖြစ် ထားရှိပြီး အမှန်တကယ် ဆုံးဖြတ်ချက် ချသူမှာ သူမပင် ဖြစ်သည်။ ယောက္ခမနှင့် ချွေးမ နှစ်ဦးစလုံး အခြေအနေကို ပူးပေါင်းထိန်းသိမ်းကြရန်သာ ရှိတော့သည်။

လုမင်ယွိသည် ဦးစွာ အမိန့်ပေးလိုက်ပြီးနောက် ချောင်ကောလောင်နှင့် ဝန်ကြီးချုပ်များကို ကြည့်ကာ ဆိုလိုက်လေသည်။ “ဒီရက်ပိုင်းအတွင်းမှာ ဝန်ကြီးချုပ်တို့ အားလုံး နန်းတော်ထဲမှာပဲ နေထိုင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ထိုက်ဇီ မြို့တော်ကို ပြန်ရောက်လာတဲ့အခါမှ နောက်ဆက်တွဲ ကိစ္စတွေကို ဆက်ပြီး တိုင်ပင်ကြတာပေါ့”

ဤကဲ့သို့သော အချိန်တွင် စစ်ဘက်ခေါင်းဆောင်များကို သတိထားရရုံသာမက ရှေ့မှ အရပ်ဘက် ဝန်ကြီးချုပ်များကိုလည်း စောင့်ကြည့်ရလိမ့်မည်။ ၎င်းတို့ကို နန်းတော်အတွင်း၌သာ တစ်ပါတည်း ထားရှိလိုက်ခြင်းဖြင့် မည်သည့် ပြဿနာမျှ မဖန်တီးနိုင်တော့ချေ။

ဝန်ကြီးယွီသည် ထိုနေ့က လုမင်ယွိမှ စတုတ္ထမင်းသားကြင်ရာတော် ယွီရှီအတွက် လုပ်ဆောင်ပေးခဲ့သမျှကို ကျေးဇူးတင်သောအားဖြင့် ဦးစွာ ပထမ ပြန်လည် လျှောက်တင်လိုက်လေသည်။ “ထိုက်ဇီဖေးညန်ညန် စိတ်ချပါ၊ ကျွန်တော်မျိုးတို့ အခြေအနေကို နားလည်ပါတယ်၊ နန်းတော်ထဲမှာပဲ နေပါ့မယ်”

ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့ကလည်း ၎င်းတို့၏ သဘောထားကို ဖော်ပြကြလေသည်။ ကျန်ရှိသော သူများမှာလည်း စိတ်ထဲတွင် အတွေးတစ်မျိုးရှိနေလျှင်ပင် ယခုအချိန်တွင် ငြင်းဆန်ပိုင်ခွင့် မရှိကြတော့ချေ။

ချောင်မိဖုရားခေါင်မှာ စိတ်လွင့်နေသဖြင့် စကားတစ်ခွန်းကိုပင် ပြည့်စုံအောင် မပြောနိုင်တော့ပေ။ လုမင်ယွိကသာ ဆက်လက်၍ အမိန့်ပေးကာ လျန်စစ်သူကြီးနှင့် လျိုကုန်းကုန်းတို့၏ ရုပ်အလောင်းများကို အပြင်သို့ သယ်ထုတ်ခိုင်းလိုက်လေသည်။

“ညန်ညန်... ပထမမင်းသားကို ဘယ်လို ကိုင်တွယ်ရမလဲ” တော်ဝင်ရဲမက်တစ်ဦးက တိုးညှင်းစွာ မေးမြန်းလိုက်သည်။

လုမင်ယွိ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး အေးဆေးစွာ ပြောလိုက်လေသည်။ “ပထမမင်းသားကို ဘယ်လို အပြစ်ပေးမလဲဆိုတာကိုတော့ မယ်တော်ကြီးနဲ့ မူဟုပ်တို့ပဲ ဆုံးဖြတ်ပါစေ”

ချောင်မိဖုရားခေါင်၏ စိတ်အာရုံမှာ ပုံမှန်ထက် ပို၍ ထုံထိုင်းနေသဖြင့် ချက်ချင်း မတုံ့ပြန်နိုင်သေးချေ။ ထိုစဉ် နဂါးခုတင်ဘေးတွင် ဆူပူငိုယိုနေသော မယ်တော်ကြီးကျောက်သည် ဝုန်းခနဲ ထရပ်ကာ လျှောက်လာ၏။

ပထမမင်းသားမှာ မြေပြင်ပေါ်တွင် လဲလျောင်းလျက် သွေးများဖြင့် စိုရွှဲနေပြီး မျက်နှာမှာလည်း ဖြူလျော့ကာ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေနှင့် တူနေလေသည်။ သူနှင့် မလှမ်းမကမ်းတွင် သွေးများ ပေကျံနေသော ဓားမြှောင်တစ်စင်းသည် ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် အလင်းတန်းများဖြင့် လဲလျောင်းနေ၏။

မယ်တော်ကြီးကျောက်၏ နောက်ဆက်တွဲ လုပ်ဆောင်ချက်ကို မည်သူမျှ ကြိုတင် မခန့်မှန်းနိုင်ခဲ့ကြပေ။

မယ်တော်ကြီးကျောက်သည် အပြေးကလေး သွားလိုက်ပြီး ဓားမြှောင်ကို ကောက်ကိုင်ကာ ပထမမင်းသား၏ ကိုယ်ပေါ်သို့ အရှိန်ဖြင့် ထိုးစိုက်လိုက်လေတော့သည်။

ထိုဓားချက်သည် ပထမမင်းသား၏ ဝမ်းဗိုက်သို့ တည့်တည့်မတ်မတ် ထိမှန်သွားလေ၏။

ပထမမင်းသားမှာ နာကျင်စွာဖြင့် စူးရှစွာ အော်ဟစ်လိုက်တော့၏။

မယ်တော်ကြီးကျောက်သည် သူမ၏ တစ်သက်တာလုံးတွင် သွေးထွက်သံယိုမြင်ကွင်းကို တစ်ခါမျှ မမြင်ဖူးသလို ကြက်တစ်ကောင်ကိုပင် မသတ်ဖူးခဲ့ချေ။ သို့သော် ယခုအခါတွင်မူ သူမသည် ဓားမြှောင်ကို ကိုင်ဆွဲလျက် လူကို ဝါးစားမတတ် ခက်ထန်သော အကြည့်များဖြင့် “နင်က တိရစ္ဆာန်ထက် မိုက်တဲ့ကောင်!” ဟု ဆဲဆိုရင်း ဓားမြှောင်ကို ပြန်လည် ဆွဲထုတ်ကာ ထပ်မံ၍ ထိုးစိုက်လိုက်ပြန်လေသည်။

“အဲဒါ နင့်အဖေအရင်းကြီးလေ! နင်က ဘယ်လိုလုပ်ပြီး သတ်ရက်ရတာလဲ! သူ နင့်အပေါ်မှာ နှစ်ပေါင်းများစွာ ဘယ်လို ကောင်းခဲ့သလဲ။ နင်က ကျေးဇူးဆပ်ဖို့ မစဉ်းစားဘဲ ထီးနန်းမရလို့ဆိုတဲ့ အငြိုးနဲ့ နင့်အဖေအရင်းကိုတောင် သတ်ရဲတယ်ပေါ့!”

“နင်က လူဖြစ်ဖို့တောင် မတန်ဘူး။ ငါ အခု နင့်ကို သတ်ပြီး နင့်အသားတွေကို ခွေးကျွေးပစ်မယ်။ သေသွားရင်တောင် နင်က အသားပုံတစ်ပုံပဲ ဖြစ်ရမယ်!”

သူမသည် ရူးသွပ်နေသူတစ်ဦးကဲ့သို့ တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ထိုးစိုက်နေတော့သည်။

ပထမမင်းသား၏ အော်ဟစ်သံမှာ တဖြည်းဖြည်း တိုးညှင်းသွားပြီး သွေးအိုင်ထဲတွင် လဲလျောင်းလျက် အသက်ရှူသံများ လုံးဝ ရပ်တန့်သွားလေတော့သည်။

...

All Chapters