အခန်း (၅၄၉)
Vol. 45 Ch. 549
သို့ဖြစ်ရာ ချန်ကျဲ့သည် အဘယ်သို့များ အံ့ဩနိုင်ပါမည်နည်း။ သရုပ်ဆောင်ခြင်းကိုမူ ဆက်လုပ်ရပေမည်။
သူတို့သုံးဦးသည် အချိန်တစ်ခုကြာအထိ အံ့အားသင့်ဟန်ကို မထိန်းချုပ်နိုင် ဖြစ်နေခဲ့ကြသည်။ ယဲ့လုဖုန်းသည် သူတို့ကိုကြည့်နေသည်တွင် မူမမှန်ခြင်းအား ရှာမတွေ့ခဲ့ပေ။
သူတို့သုံးယောက်လုံး တစ်ယောက်မှ သိမနေတာ အမှန်ပဲလား။
ထို့နောက် ချန်ကျဲ့မှ ပြောလိုက်သည်။
“သခင်ကြီးယဲ့လု၊ သခင်ကြီးရဲ့သတင်းအရင်းအမြစ်က ယုံကြည်လို့ရပါရဲ့လား”
“ဟုတ်ပါတယ် သခင်ကြီး၊ သခင်ကြီးရဲ့သတင်းအရင်းအမြစ်က ယုံကြည်ရပါရဲ့လား”
ထိုအခါ ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“သေချာပေါက် ယုံကြည်ရတာပေါ့။ သူ့ကို ခေါ်လာခဲ့စမ်း”
ယဲ့လုဖုန်းမှ အော်ပြောလိုက်ရာ ခန္ဓာကိုယ်တောင့်တင်းသည့် လက်အောက်ငယ်သားနှစ်ဦးသည် အမျိုးသားတစ်ယောက်ကို ခွေးသေတစ်ကောင်အလား ဆွဲခေါ်လာခဲ့ရာ ကြမ်းပြင်တွင် သွေးလမ်းကြောင်းကြီး စွန်းကျန်ရစ်ခဲ့လေသည်။ အမျိုးသားသည် အဝတ်အစားများ စုတ်ပြဲနေလျက် ခြေလက်များ ရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ လက်မောင်းတစ်ဖက်နှင့် ခြေထောက်တစ်ဖက်လည်း မရှိတော့ပေ။
အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခံထားရပုံပင်။
ချန်ကျဲ့သည် ထိုအမျိုးသားကို နှစ်ချက်မျှ ကြည့်လိုက်ပြီးနောက် နောက်ထပ် အာရုံမစိုက်တော့ပေ။ ဤလူသည် မိန်ဂိုဏ်း၏ ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းအတွက် တာဝန်ရှိသူဖြစ်ကြောင်း ချန်ကျဲ့သိသည်။
ထို့နောက် လျိုလောင်ကွေ့မှ ယဲ့လုဖုန်းကို မေးသည်။
“သခင်ကြီး ဒီလူက ဘယ်သူပါလဲ”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“ဒီလူက မိန်ဂိုဏ်းရဲ့ သံထည်တွေနဲ့ စစ်သုံးပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ရှိသူပဲ။ သူ့ကို မကြာသေးခင်ကမှ ချီမုကော ဖမ်းမိခဲ့တာ။ နှိပ်စက်ပြီးတဲ့နောက်တော့ မျန့်ရွှေမြို့ထဲမှာ စစ်သုံးလက်နက်တစ်သုတ်ရှိနေတဲ့အကြောင်း သိခဲ့ရတယ်။ အများစုက ပန်းပဲသွန်းလုပ်ပြီးသား ဒူးလေးနဲ့ မြားခေါင်းတွေပဲ။ အစတုန်းကတော့ သူက မျန့်ရွှေက သယ်ယူပို့ဆောင်ရေးကို ကြီးကြပ်အုပ်ချုပ်ရမှာ အခုတော့ အဲဒီတာဝန်ကို လုပ်ဖို့ မလိုတော့ဘူးပေါ့”
“အဲဒါဆို ကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူမှာပါ။ လက်နက်သွန်းလုပ်နေတဲ့သူက ဘယ်သူလဲဆိုတာ သူ့ကိုမေးပြီးတော့ လူလွှတ်ဖမ်းဆီးလိုက်ရင် ရပြီပဲ မဟုတ်လား”
ချန်ကျဲ့မှ ပြောလိုက်သည်။ ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။
“အဲဒီလောက် ရိုးရှင်းနေရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဒီကိစ္စက နည်းနည်းရှုပ်ထွေးတယ်။ မိန်ဂိုဏ်းသူပုန်တွေက အရမ်းကောက်ကျစ်စဉ်းလဲကြတယ်။ သူတို့က တစ်လမ်းသွားဆက်သွယ်ရေးစနစ်ကိုတောင် ဖန်တီးခဲ့ကြတယ်လေ။ ဆိုလိုတာက အထက်က လူတွေက သူ့ကိုသိကြပေမဲ့ သူကတော့ အထက်က လူတွေအကြောင်း ဘာမှမသိရဘူး”
“ဒါက…”
ထိုအခါ ချန်ကျဲ့ ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် ဆက်ပြောသည်။
“ဒီလူ တမင်ပါးစပ်ပိတ်နေတာရော မဖြစ်နိုင်ဘူးလား”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“မဖြစ်နိုင်ဘူး။ ဒီလူက ဒီအိမ်တော်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုနည်းလမ်းတစ်ဝက်ကျော်ကို တောင့်ခံပြီးသွားပြီ။ ဘယ်လောက်ပဲ ပါးစပ်လုံတဲ့သူဖြစ်ပါစေ ဒီလောက်ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်စက်မှုတွေကို ခံနိုင်ရည်မရှိနိုင်ဘူး။ အဲဒါကြောင့် ဒီလူက တကယ်မသိတာပဲ”
ထိုအခါ ချန်ကျဲ့ အနည်းငယ်မျှ စဉ်းစားလိုက်ပြီး ပြောသည်။
“ဒီလူက တကယ်မသိတာဆိုရင် ကျွန်တော်တို့က ဘယ်လိုလူဖမ်းကြမလဲ”
ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။
“အင်း အဲဒါက တကယ့်ကို ဒီကိစ္စရဲ့ အဓိကပြဿနာကြီးပါပဲ။ အဲဒါကြောင့်ပဲ ငါ့မှာ အစီအစဉ်ကို အကြမ်းရေးဆွဲနေရတာပဲ”
ချန်ကျဲ့မှ ပြောသည်။
“သခင်ကြီးယဲ့လု ကျေးဇူးပြုပြီး အမိန့်ပေးလိုက်ပါ”
နန်ပါးထျန်းနှင့် လျိုလောင်ကွေ့မှ ပြောသည်။
“သခင်ကြီး ကျေးဇူးပြုပြီး အမိန့်ပေးလိုက်ပါ”
ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။
“အင်း ဒီလိုပါ။ အခု သူတို့ကိုဖမ်းချင်ရင် ပစ်မှတ်ကို သတ်မှတ်ချိန်ရွယ်ဖို့က ခက်ခဲတယ်။ ဒါပေမဲ့ သူတို့ သေချာပေါက် မြို့ပြင်ကို ထွက်ရမှာပဲ။ မြို့ပြင်ကို ထွက်ဖို့ဆိုရင် မြို့ဂိတ်တံခါးတွေကို မဖြစ်မနေ ဖြတ်သွားရမယ်။ ဒါပေမဲ့ သူတို့က အင်အားသုံးပြီး အပြင်ရအောင်ထွက်မှာကို ငါစိုးရိမ်နေတာ။ အဲဒါကြောင့် မင်းတို့တွေ ငါ့ကိုကူညီပေးဖို့ မျှော်လင့်တယ်”
“သခင်ကြီး ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို ညွှန်ကြားလိုက်ပါ”
ယဲ့လုဖုန်းမှ ပြောသည်။
“မင်းတို့အားလုံးကို စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်နဲ့ အစောင့်တပ်သား၃၀၀လောက် စေလွှတ်ပေးစေချင်တယ်။ မြို့ကိုစောင့်ကြပ်နေတဲ့ အစိုးရရုံးတော်က စစ်သည်တပ်သားတွေနဲ့ ပူးပေါင်းပြီး သူတို့ မြို့ပြင်ကို အင်အားသုံးပြီး မထွက်နိုင်အောင် ကာကွယ်ပေးရမယ်။ ချီမုကောက မြို့ပြင်မှာ သံနက်တပ်ဖွဲ့ကို ဦးဆောင်ပြီး ကင်းလှည့်လိမ့်မယ်။ တစ်နေရာရာမှာ ပြဿနာဖြစ်ခဲ့ရင် အချက်ပြမီးမြားနဲ့ အချက်ပြလိမ့်မယ်”
“အဲဒီအခါ ကျန်တဲ့သူတွေက လာကူညီပေးရမယ်။ မိန်ဂိုဏ်းသူပုန်တွေက ကောက်ကျစ်စဉ်းလဲပေမဲ့ မျန့်ရွှေမြို့ကနေ လုံးဝ ထွက်ခွာနိုင်မှာ မဟုတ်ဘူး”
ယဲ့လုဖုန်း၏ စကားအဆုံး၌ ချန်ကျဲ့နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့တစ်ဦးစီမှ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးနှင့် အစောင့်တပ်သားသုံးရာကို မြို့ကိုကာကွယ်ရန်အတွက် စေလွှတ်ပေးရမည်။ ဤသည်မှာ အသေးအမွှားပမာဏလေး မဟုတ်ပေ။ ကုန်သည်အဖွဲ့များတွင်လည်း သိုင်းပညာရှင်အရေအတွက်မှာ အကန့်အသတ်ရှိပေသည်။
လျိုလောင်ကွေ့၏လက်အောက်တွင် ပိုင်မော့ရှန်းတစ်ဦးတည်းသာ ရှိသည်။
ချန်ကျဲ့တွင်လည်း ရှောင်ဟူတစ်ဦးတည်းသာ ရှိသည်။
ငါးဖမ်းကုန်သည်အဖွဲ့တွင်တော့ အနည်းငယ်ပိုများ၏။ သို့သော် သူတို့မှာလည်း ချင်းယင်နှင့် နှစ်ယောက်ပေါင်းမှ တစ်ယောက်စာ သတ်မှတ်နိုင်သည့် ချင်းဟူနှင့် ချင်းပေါင်တို့သာ ရှိသည်။
ထိုသို့အတွေးများဖြင့် ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် မြို့ကိုစောင့်ကြပ်သည့် တပ်သားအင်အားသည် အလွန်အင်အားကြီးမားမည် ဖြစ်သောကြောင့် အင်အားသုံး၍ မြို့ပြင်ထွက်နိုင်ခြေမှာ အလွန်နည်းပါးပါသည်။
သို့ဖြစ်ရာ မြို့ပြင်သို့ စစ်သုံးပစ္စည်းများ ပို့ဆောင်ရန်အတွက် အခြားနည်းလမ်းများကို အသုံးပြုရလိမ့်မည်။
ထိုသို့တွေးတောလျက် ချန်ကျဲ့သည် သူ မနေ့ညက စွင်းထျဲချွေ့၊ ချောင်ဟုန်လျန် ဟန်ဟယ့်တို့နှင့် ဆွေးနွေးခဲ့သည့် နည်းဗျူဟာအကြောင်းကို သတိရလိုက်သည်။
သူတို့သည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် အမျိုးသားအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ထိုလူသည် မြို့ထဲတွင် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်နေသည့်အကြောင်းကို ဝန်ခံပြောဆိုလိုက်လိမ့်မည်ဟု သူတို့အားလုံး တွက်ဆထားခဲ့ကြသည်။ ထို့ကြောင့် ချန်ကျဲ့သည် တုံ့ပြန်သည့် နည်းဗျူဟာတစ်ခုကို စဉ်းစားခဲ့သည်။
ချန်ကျဲ့သည် အစီအစဉ်များစွာကို ပြင်ဆင်ထားခဲ့သည်။
ဤကိစ္စအတွက် ချန်ကျဲ့သည် နည်းလမ်းကောင်းတစ်ခုကို အမှန်တကယ်ပင် ရှာတွေ့ခဲ့ပါ၏။ ထိုနည်းလမ်းဖြင့် စစ်သုံးပစ္စည်းများကို မြို့ပြင်သို့ ပို့ဆောင်နိုင်ရုံသာမက ဤနည်းလမ်းကို အသုံးပြုခြင်းဖြင့် နန်ပါးထျန်းကိုပါ တစ်ပြိုင်နက်တည်း ထောင်ချောက်ဆင်ပြီး ဖြစ်သွားပေလိမ့်မည်။ နန်ပါးထျန်းကို လုံးဝ ဆွဲချလိုက်နိုင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
မူလက ချန်ကျဲ့သည် ယဲ့လုဖုန်းကို အကြံပေးနိုင်မည့်အခွင့်အရေးကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယဲ့လုဖုန်းကိုယ်တိုင်မှ ထိုကိစ္စကို ထုတ်ပြောလာခဲ့လေသည်။ ဤသည်မှာ ချန်ကျဲ့အတွက် လမ်းဖောက်ပေးလိုက်ခြင်းဖြစ်ပြီး ချန်ကျဲ့မှ အကြံပေးရာတွင်လည်း ပို၍ သဘာဝဆန်သွားပေသည်။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ အေးစက်စွာ ပြုံးလိုက်ရင်း နန်ပါးထျန်းကို လှည့်ကြည့်လိုက်သည်။
‘နန်ပါးထျန်း ခင်ဗျား ကျုပ်ကို ထောင်ချောက်ဆင်လုပ်ကြံတာ များပြီ။ ဒီတစ်ခေါက်တော့ ကျုပ်အလှည့်ပဲ’
ထို့နောက် ချန်ကျဲ့ ပြောလိုက်သည်။
“သခင်ကြီးယဲ့လုရဲ့ အစီအစဉ်ကို ကျွန်တော် အပြည့်အဝ ထောက်ခံပါတယ်။ ကျွန်တော့်ရဲ့ကျားဖြူခန်းမက တပ်သားတွေကို မနက်ဖြန်ကျရင် တာဝန်ခွဲဝေသတ်မှတ်ပေးလိုက်ပါ့မယ်။ ကျွန်တော့်ညီဝမ်းကွဲ ချန်ရှောင်ဟူက အဖွဲ့ကိုဦးဆောင်ပြီး သခင်ကြီးရဲ့အမိန့်ကို လိုက်နာဆောင်ရွက်ပါလိမ့်မယ်”
ချန်ကျဲ့၏ထိုစကားသည် ယဲ့လုဖုန်းအား စိတ်ကျေနပ်စွာဖြင့် နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်သွားစေခဲ့သည်။
ယဲ့လုဖုန်းမှ ပြောသည်။
“ကောင်းတယ်”
ချန်ကျဲ့မှ ပြောသည်။
“ဒါပေမဲ့ သခင်ကြီး၊ နောက်လာမယ့်၇ရက်မှာ ကျွန်တော်တို့ကျားဖြူခန်းမမှာ စျာပနအခမ်းအနားကျင်းပဖို့ ရှိပါတယ်။ အဲဒီနေ့ကျရင်တော့ ရှောင်ဟူက အခမ်းအနားတက်ဖို့ လိုပါတယ်”
“စျာပနတဲ့လား”
ယဲ့လုဖုန်း ချန်ကျဲ့ကို ကြည့်လိုက်သည်။ ချန်ကျဲ့မှ ရှင်းပြသည်။
“ဟုတ်ပါတယ်။ အဲဒါက ဒီလိုပါ။ ခေါင်းဆောင်လျိုရဲ့သားက အဆိပ်မိပြီးတော့…”
“ကျွန်တော့်ရဲ့ ရဲရင့်တဲ့စစ်သည်တော်၂၈ယောက်က ကျွန်တော့်ဆရာကို ကယ်တင်ဖို့အတွက် အသက်စွန့်သွားခဲ့ကြပါတယ်။ အဲဒီအတွက် ကျွန်တော် သူတို့ကို စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်မိပါတယ်။ အဲဒါကြောင့် သခင်ကြီးအနေနဲ့ ကျေးဇူးပြုပြီး အဲဒီတစ်ရက်တော့ ခွင့်ပြုပေးစေလိုပါတယ်”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“ကောင်းပြီ ကောင်းပြီ။ အဲဒီလိုတပ်သားမျိုးတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ စျာပနပွဲကျင်းပပေးသင့်တယ်။ ငါခွင့်ပြုတယ်”
“သခင်ကြီးယဲ့လုကို ကျေးဇူးတင်ပါတယ်”
ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုလိုက်သည်။ ထိုအကြောင်းအရာကို ကြားနေရသည့် နန်ပါးထျန်းသည်တော့ စိတ်အဆင်မပြေလှပေ။ ချန်ကျဲ့ ပြောခဲ့သည့် လူယုတ်မာမှာ သူဖြစ်၏။ ထိုတပ်သား၂၈ယောက်ကို သေစေခဲ့သူမှာ သူ ဖြစ်သည်။ သို့သော် နန်ပါးထျန်းသည် မျက်နှာအရေထူသူဖြစ်ရာ ဂရုမစိုက်ပါချေ။