← Chapters

အခန်း (၅၅၂)

Vol. 45 Ch. 552

အခန်း (၅၅၂)

Vol. 45 Ch. 552

“လမ်းဖယ်ကြ လမ်းဖယ်ကြ၊ အားလုံးပဲ လမ်းဖယ်ကြစမ်း”

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ စုံစမ်းစစ်ဆေးမှုသည် အမှန်တကယ်ပင် ပွဲစည်လှသည်။ မုလန်လူမျိုး အဓိကစစ်တပ်အင်အားသည် အလယ်ဗဟိုမှ ချီတက်လာကာ ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့သားများသည် ဘေးတစ်ဖက်တစ်ချက်စီမှ လမ်းရှင်းပေးနေကြသည်။

တုတ်များ၊လက်နက်များကို အသီးသီး လွှဲရမ်းကြရင်း လမ်းတစ်လျှောက်ရှိ အဟန့်အတားဖြစ်စေသူများကို မောင်းထုတ်ရှင်းလင်းနေကြသည်။

လမ်းမထက်ရှိ လမ်းသွားလမ်းလာများသည် အပြေးအလွှား ရှောင်တိမ်းလမ်းဖယ်ပေးကြသည်။ အခြေအနေမှာ တစ်ယောက်ယောက် ဖမ်းဆီးခံရတော့မည်ဟု အချက်ပြနေသည့်အလားပင်။

ထိုသို့အတွေးဖြင့် လမ်းသွားလမ်းများသည် လည်တိုင်ကို ဆန့်ထုတ်လျက် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ လက်ထဲသို့ကျရောက်မည့် နောက်ထပ် ကံဆိုးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရရန် နားစွင့်စောင့်ကြည့်နေကြသည်။

တကယ်တမ်းတွင် ဤခေတ်ကာလတွင် နေထိုင်ရှင်သန်ရသည့် သာမန်ပြည်သူများသည် စာနာသနားစိတ် အလွန်နည်းပါးသွားသည်အထိ လူမှုအဖွဲ့အစည်း၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံစားထားရပေသည်။ ထို့ကြောင့် မုလန်လူမျိုးများမှ ဟန့်လူမျိုးများကို အန္တရာယ်ပြုနေခြင်းအား မြင်တွေ့လျှင်ပင် မည်သို့သော စာနာဂရုဏာသက်သည့် ခံစားချက်မျှ မရှိတော့ချေ။

ထိုအစား သာယာပျော်မွေ့မှုကို တိတ်တိတ်လေး ခံစားလာတတ်ကြလေသည်။

စာရေးဆရာကြီးလောင်ရှယ်သည် တစ်ချိန်က အင်တာဗျူးတစ်ခုတွင် သူ၏ လက်ဖက်ရည်ဆိုင်ဟု အမည်ရသည့် ပြဇတ်တစ်ခုအကြောင်းကို ပြောခဲ့ဖူးသည်။ စစ်ပွဲကာလအတွင်း၌ မနက်ဖြန်အတွက် မစဉ်းစားဘဲ ဒီနေ့အတွက်သာ ရှင်သန်ကျော်ဖြတ်ကြရသည့် သာမန်ပြည်သူများသည် တစ်ပါးသူ၏ ကံဆိုးမှုအား မြင်တွေ့ရလျှင် စာနာမှုနှင့် ကရုဏာစိတ်တို့ကို မခံစားရဘဲ ထိုကံဆိုးမှုသည် မိမိထံ ကျရောက်ခြင်း မဟုတ်သည့်အတွက် စိတ်ကျေနပ်မှုကို ခံစားရတတ်သည် ဟူ၏။

ထို့နည်းတူပင် သာ့ချန်မင်းဆက်၏ အုပ်စိုးမှုအောက်၌ ရှင်သန်နေထိုင်ရသည့် ပြည်သူများသည်လည်း ထိုသို့စိတ်နေသဘောထားမျိုး ပေါက်ဖွားနေကြပြီ ဖြစ်သည်။ သူတို့၏ဘဝများသည် မျှော်လင့်ချက်ကင်းမဲ့နေ၏။ ထို့ကြောင့် တစ်ပါးသူ၏ ကံဆိုးမှုကို စိတ်ကျေနပ်ပျော်ရွှင်ခြင်းအားဖြင့် ပီတိတစ်မျိုးကို ခံစားရပေသည်။

သို့ဖြစ်ရာ လမ်းမထဲသို့ စစ်သည်တစ်အုပ်ကြီး ချီတက်လာနေသည်ကို မြင်လျှင် အားလုံး၏ ပထမဆုံးတုံ့ပြန်မှုမှာ လူအုပ်ကြီးထဲ တိုးဝှေ့၍ ဤတစ်ကြိမ်ကံဆိုးသူမှာ မည်သူဖြစ်ကြောင်း ပွဲကြည့်ရန်ဖြစ်သည်။

ချန်ကျဲ့သည် ထိုသူတို့၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုများတွင် နစ်မျောသွားခြင်း မရှိဘဲ ထိုအရာအားလုံးကို ကြည့်နေခဲ့သည်။ ဤသို့ပတ်ဝန်းကျင်မျိုးတွင် ပုံမှန်စိတ်အခြေအနေကို ထိန်းသိမ်းထားခြင်းငှာ အလွန်ခက်ခဲလှသည်။ ဤသို့ခက်ခဲကြမ်းတမ်းမှုမျိုးအား ငြိမ်းချမ်းသည့် ခေတ်ကာလတွင် ရှင်သန်နေထိုင်ရသူများအနေဖြင့် နားလည်နိုင်လိမ့်မည် မဟုတ်ပေ။

စစ်သည်အင်အားစုကြီးသည် အဓိကလမ်းမကြီးကို ဖြတ်သန်းကာ အရှေ့မြို့၏ လမ်းမတစ်ခုထက်ရှိ ပန်းပဲရုံသို့ ရောက်ရှိခဲ့ကြသည်။

ထိုစဉ် ပန်းပဲရုံအတွင်း၌

ပန်းပဲရုံသို့ သတင်းစကားတစ်ခု ရောက်ရှိလာသည်။

“စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က စစ်သည်တွေ ရောက်လာပါပြီ”

ထိုအခါ စွင်းထျဲချွေ့သည် ဟန်ဟယ့်ကို လှည့်ကြည့်လိုက်သည်။ ဟန်ဟယ့်မှ ခေါင်းညိတ်ပြသည်။ ထို့နောက် အနောက်တံခါးမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ သူမ၏ သရုပ်သည် ဤအခြေအနေအတွက် မသင့်တော်ပေ။

ဟန်ဟယ့်ထွက်သွားပြီးနောက်၌ စွင်းထျဲချွေ့သည် ပန်းပဲဆရာများကို ချက်ချင်း အလုပ်ပြန်လုပ်ခိုင်းသည် အားမနေကြနဲ့။ ပုံမှန်အတိုင်း အလုပ်လုပ်နေကြ။ ဒါပေမဲ့ လက်နက်တွေကို စိုက်ပျိုးရေးသုံးကိရိယာတွေအဖြစ် ပြောင်းလုပ်လိုက်ကြ။

တူးရွင်း၊ တံစဉ်၊ ပေါက်ပြားနှင့် ထိုသို့ပစ္စည်းကိရိယာများဖြစ်သည်။

ထို့နောက် မကြာမီတွင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

ဘုန်း ဘုန်း…

တံခါးခေါက်သံကြားသောအခါ စွင်းထျဲချွေ့သည် ချက်ချင်း မတ်တပ်ထရပ်ကာ ပြောလိုက်သည်။

“တံခါးသွားဖွင့်ကြည့်လိုက်၊ ဘယ်သူလဲလို့”

ထိုအခါ တပည့်တစ်ဦးသည် တံခါးသွားဖွင့်သည်။ တံခါးပွင့်သွားသောအခါ အပြင်ဘက်တွင် ရပ်နေသည့် လူတစ်အုပ်ကြီးကို မြင်တွေ့လိုက်ရသည်။

တပည့်လေးသည် ထိတ်လန့်သွားပြီး အော်ပြော၏။

“ဆရာ အစိုးရရုံးတော်က စစ်သည်တွေ ရောက်လာတယ်”

“ဟေ”

ထိုစကားကို ကြားသောအခါ စွင်းထျဲချွေ့သည် အကြောင်းကိစ္စကို သိရှိနိုင်ရန် အမြန် ရှေ့ထွက်လာခဲ့သည်။ သူသည်လည်း အပြင်ဘက်ရှိ ချဲ့ကားလွန်းသော မြင်ကွင်းကြောင့် တွန့်ဆုတ်သွားရပေသည်။ သို့သော်ငြား ထိုတုံ့ပြန်မှုမှာ သရုပ်ဆောင်နေခြင်းသာ ဖြစ်ပါ၏။

ချီမုကောသည် နန်ပါးထျန်း၊ လျိုလောင်ကွေ့၊ ချန်ကျဲ့တို့နှင့်အတူ ပန်းပဲရုံထဲသို့ ဝင်လာသည်။

စွင်းထျဲချွေ့သည် ချက်ချင်း လက်သီးယှက်အရိုအသေပြုလိုက်ပြီး ပြောသည်။

“တပ်မှူးချီမုကောကို နှုတ်ဆက်ပါတယ်။ ဒီနေရာကို ဘာကိစ္စများရှိလို့ပါလဲ”

စွင်းထျဲချွေ့၏ အမေးစကားကို ချီမုကောသည် မတုံ့ပြန်ပေ။ နန်ပါးထျန်းမှ ကြားဝင်ပြောလိုက်သည်။

“လူကြီးမင်းစွင်း၊ လူကြီးမင်းစွင်းရဲ့ပန်းပဲရုံက မိန်ဂိုဏ်းနဲ့ ပူးပေါင်းပြီး ပုန်ကန်ဖို့ရည်ရွယ်ချက်နဲ့ လက်နက်တွေ လျှို့ဝှက်ထုတ်လုပ်နေတယ်လို့ လူတစ်ယောက်က စွပ်စွဲတိုင်ကြားထားပါတယ်။ ကျွန်တော်တို့ ဒီနေ့ ဒီကိုရောက်လာရတာက စုံစမ်းစစ်ဆေးဖို့အတွက်ပါ၊ စုံစမ်းစစ်ဆေးဖို့အတွက်ပါ”

“ပေါက်ကရတွေ။ ဘယ်သူက ဒီလိုစွပ်စွဲတာလဲ။ ကျုပ်ရဲ့ဒီပန်းပဲရုံက ဥပဒေနဲ့အညီ ဖွင့်ထားတာပါ။ ဘယ်လိုလုပ်ပြီး ပုန်ကန်တဲ့ရည်ရွယ်ချက်နဲ့ မိန်ဂိုဏ်းနဲ့ ပူးပေါင်းတာတို့၊ လက်နက် လျှို့ဝှက်ထုတ်လုပ်တာတို့ ဖြစ်နိုင်မှာလဲ။ အဲဒါက အရမ်းကြီးမားတဲ့ စွပ်စွဲမှုကြီးနော်။ တကယ်ပဲ ဘယ်သူက ကျုပ်ကို ချောက်ချဖို့ကြိုးစားနေတာလဲ။ ခေါင်းဆောင်နန် ခင်ဗျားလား၊ ခင်ဗျား မဟုတ်လား”

စွင်းထျဲချွေ့သည် အမျက်ဒေါသကို ထုတ်ဖော်ပြသပြီးနောက် ရုတ်ချည်း ဒေါသပေါက်ကွဲတော့သည်။

ထိုအခါ နန်ပါးထျန်းသည် အလျင်အမြန် လက်ခါယမ်းလျက် ငြင်းဆန်သည်။

“မဟုတ်ဘူး မဟုတ်ဘူး၊ ကျုပ်မဟုတ်ဘူး— ဒီကိစ္စက ချန်ကျိုစစ်ပြောတာဗျ”

နန်ပါးထျန်းသည် ချန်ကျဲ့ကို လက်ညှိုးထိုး၏။

“ချန်ကျိုစစ်က စီရင်စုအုပ်ချုပ်ရေးမှူးကို ပြောခဲ့တာ။ ခင်ဗျား မကျေနပ်ရင် သူ့ကိုပဲ မေးခွန်းထုတ်လိုက်ပါ”

ထိုအခါ စွင်းထျဲချွေ့သည် ချန်ကျဲ့ဘက်သို့ ချက်ချင်းလှည့်လာသည်။ သူ၏မျက်လုံးများမှာ အမျက်ဒေါသများ ပြည့်နှက်နေခဲ့ကာ သူ၏သရုပ်ဆောင်စွမ်းရည်ကို အကန့်အသတ်ကျော်လွန်သည်အထိ အသုံးချနေတော့သည်။

“ချန်ကျိုစစ် မင်း ဒါက ဘာသဘောလဲ။ ငါ့ရဲ့ပန်းပဲရုံက မင်းတို့ကျားဖြူခန်းမနဲ့ ရန်ငြိုးရန်စ မရှိပါဘူး။ မင်းဘာလို့ ငါ့ကို ဒီလိုမျိုး တရားလွန် ချောက်ချစွပ်စွဲရတာလဲ။ မင်း ဒီနေ့ ငါ့ကို ဖြေရှင်းချက်မပေးရင် ဒီကိစ္စအဆုံးမသတ်ဘူးပဲ”

ထိုအခါ ချန်ကျဲ့သည် စွင်းထျဲချွေ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“လူကြီးမင်းစွင်းက ဘယ်လိုဖြေရှင်းချက်မျိုးကို လိုချင်တာပါလဲ။ အပြစ်ကင်းတဲ့သူက ဖုံးကွယ်စရာ ဘာရှိမှာလဲ။ အပြစ်ရှိသူကသာ ကိုယ့်ကိုယ်ကိုယ် မလုံမလဲဖြစ်နေမှာပါ။ လူကြီးမင်းစွင်းမှာ ဘာမှ ဖုံးကွယ်စရာမရှိဘူးဆိုရင် ဘာလို့များ ကျုပ်တို့ကို အထဲဝင်ပြီး စစ်ဆေးခွင့်မပေးနိုင်ရမှာလဲ။ ကျုပ်တို့စစ်ဆေးပြီးသွားလို့ ဘာမှမရှာမတွေ့ခဲ့ရင် ကျုပ် လူကြီးမင်းစွင်းကို တောင်းပန်ပါ့မယ်”

“တောင်းပန်မယ်တဲ့လား။ မင်းက စကားပြောတာတော့ ပေါ့ပေါ့လေးပဲ ပြောတာနော်။ မင်းက စကားလုံးလေးနည်းနည်းလောက်နဲ့ ငါ့ကို ချောက်ချစွပ်စွဲရဲတာ၊ အကယ်၍များ တကယ်ပဲ တစ်ခုခုရှာတွေ့လာခဲ့ရင် ငါဘယ်လိုလုပ်ရမတုန်း”

“ဟား လူကြီးမင်းစွင်း၊ အကယ်၍ တစ်ခုခုရှာတွေ့ခဲ့ရင် လူကြီးမင်းက ဘယ်လိုဖြေရှင်းချင်သေးလို့ပါလဲ။ သေချာပေါက် ထောင်နန်းစံရမှာပေါ့ဗျ”

“ဒါဆို ဘာမှရှာမတွေ့ခဲ့ရင်ရော”

စွင်းထျဲချွေ့သည် ချန်ကျဲ့ကို စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။ ချန်ကျဲ့ ပြုံးလိုက်ပြီး ပြန်ပြောသည်။

“အကယ်၍ ဘာမှရှာမတွေ့ခဲ့ရင် ကျုပ်က ကောက်ရိုးတစ်မျှင်ကို ဆွဲလိုက်မိတာပဲပေါ့။ အဲဒီအခါ ကျုပ် လူကြီးမင်းစွင်းကို သေချာတောင်းပန်ပါ့မယ်”

“စကားနဲ့ပဲလား”

စွင်းထျဲချွေ့သည် မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ချန်ကျဲ့ကို စိုက်ကြည့်နေသည်။ ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျုပ် လူကြီးမင်းစွင်းကို လက်ဆောင်တစ်ခု ပေးပါ့မယ်။ စုန့်ရှောင်းဂေဟာရဲ့ အစာသွပ်မုန့်တွေက မဆိုးလှဘူး။ ကျုပ်အနေနဲ့ မုန့်တစ်ဘူးဝယ်ယူလာပြီး လူကြီးမင်းစွင်းကို တောင်းပန်ပါ့မယ်”

“ချန်ကျိုစစ် မင်းတရားလွန်သွားပြီ။ ငါ စွင်းထျဲချွေ့က အနိုင်ကျင့်ရလွယ်ကူတယ်လို့ မင်းထင်နေတာလား။ သွားသေလိုက်တော့”

ထိုသို့ပြောလျက် စွင်းထျဲချွေ့သည် ချန်ကျဲ့ကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တိုက်ခိုက်တော့သည်။ ချန်ကျဲ့သည် သူ့ထံ ဦးတည်လာနေသည့် လက်ဝါးရိုက်ချက်ကို မြင်သော်ငြား မတုံ့ပြန်ခဲ့ပေ။ ထိုအခါ ခြေလှမ်းနောက်ဆုတ်လိုက်သည်။ ထိုအခါ ချီမုကောမှ ကြားဝင်ကာ စွင်းထျဲချွေ့၏လက်ဝါးရိုက်ချက်ကို သူ၏လက်ဝါးရိုက်ချက်ဖြင့် ပြန်တိုက်ခိုက်လိုက်သည်။

စွင်းထျဲချွေ့သည် ချီမုကော၏တိုက်ခိုက်မှုကြောင့် ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားရ၏။ ထို့နောက်တွင်မှ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းနိုင်ခဲ့သည်။

ချီမုကောသည် အင်အားကြီးမားခြင်းဖြင့် နာမည်ကြီးသူဖြစ်ရာ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့ထက် သေချာပေါက် အားနည်းလိမ့်မည် မဟုတ်ပေ။ စွင်းထျဲချွေ့သည် ချီမုကော၏ပြိုင်ဘက် မဖြစ်နိုင်ပေ။ သိုင်းကွက်တစ်ကွက်တည်းဖြင့်ပင် စွင်းထျဲချွေ့မှာ အရေးနိမ့်သွားခဲ့သည်။

စွင်းထျဲချွေ့သည် မိမိကိုယ်ကိုယ် တည်ငြိမ်စေလိုက်ပြီးနောက် ပြောသည်။

“တပ်မှူးချီမုကော ဒါက ဘာအဓိပ္ပာယ်လဲ”

ချီမုကောသည် စွင်းထျဲချွေ့ကို ကြည့်၍ ပြောသည်။

“စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ အမိန့်အရ ကျုပ်တို့ ပန်းပဲရုံကို ရှာဖွေစစ်ဆေးရလိမ့်မယ်။ ခင်ဗျားမှာ ငြင်းပယ်စရာ ရှိသလား”

စွင်းထျဲချွေ့မှ ချက်ချင်း ပြန်ပြောသည်။

“ငြင်းပယ်စရာ မရှိပါဘူး”

“ကောင်းပြီ၊ ငြင်းပယ်စရာ မရှိဘူးဆိုမှတော့ လမ်းဖယ်တော့။ ကျုပ်တို့ ရှာဖွေစစ်ဆေးမှုကို မနှောင့်နှေးစေနဲ့”

ထို့နောက် ချန်ကျဲ့သည် ဘေးမှနေ၍ ဝင်ပြော၏။

“ဟုတ်တယ်၊ အမြန်လမ်းဖယ်ပေးတော့။ လူကြီးမင်းစွင်း ဒီလိုဟန့်တားနေတာ— မဟုတ်မှလွဲရော တစ်ခုခုရှာတွေ့သွားမှာကို ကြောက်နေတာများလား”

All Chapters