အခန်း (၅၅၅)
Vol. 45 Ch. 555
စွင်းထျဲချွေ့နှင့်အဖွဲ့သည်လည်း မျန့်ရွှေစီရင်စုမှ စွန့်ခွာနေကြပြီ ဖြစ်သည်။
သေချာပေါက်ပင် စွင်းထျဲချွေ့လည်း မျန့်ရွှေမှ ထွက်ခွာရပေမည်။ မြောက်ပိုင်းဒေသ၏ တိုက်ပွဲအခြေအနေမှာ အလွန်ပြင်းထန်နေလေရာ ဝါရင့်ပန်းပဲဆရာတစ်ယောက်သည် ၎င်းတိုက်ပွဲနေရာ၌ အလွန် အဖိုးတန်သည်။ ထို့ကြောင့် စွင်းထျဲချွေ့သည် မျန့်ရွှေတွင် ထပ်မံ၍ အချိန်ဖြုန်းမနေချင်တော့ပေ။ ဤတစ်ကြိမ်တွင်တော့ သူသည် စစ်တပ်ထဲသို့ ဝင်ရောက်ကာ ခရီးရှည်ကြီးကို ချီတက်တော့မည် ဖြစ်သည်။
သို့ဖြစ်ရာ စွင်းထျဲချွေ့သည် စွင်းမိသားစုပန်းပဲရုံကြီးတစ်ခုလုံး ဖြိုချခံလိုက်ရလျှင်ပင် ဂရုမစိုက်ပါချေ။ သို့သော် သူ လုံးဝ ဂရုမစိုက်ကြောင်း သိသာနေ၍ မဖြစ်ချေ။ ဤပြဇာတ်တွင် သူ၏ဇာတ်ကောင်အခန်းကဏ္ဍ ပီပြင်ဖို့အတွက် အသံကုန်ဟစ်အော်၍ သရုပ်ဆောင်ရပေမည်။
“တင်ပြပါတယ်။ တပ်မှူး အရှေ့ခြံဝင်းမှာ မြေအောက်ခန်းရော လျှို့ဝှက်အခန်းရော ဘာမှရှာမတွေ့ပါဘူး”
“တင်ပြပါတယ်။ တပ်မှူး အနောက်ခြံဝင်းမှာလည်း မရှိပါဘူး…”
စစ်သည်များသည် ပန်းပဲရုံကို မြေအနက်သုံးပေအထိ တူးခဲ့သော်ငြား မည်သည့် မြေအောက်ခန်း၊ လျှို့ဝှက်အခန်းကိုမျှ ရှာမတွေ့ခဲ့ပေ။
သို့ဖြင့် နောက်ဆုံးတွင်တော့ စွင်းထျဲချွေ့သည် အပြစ်ကင်းကြောင်း သက်သေပြနိုင်ခဲ့သည်။ စွင်းထျဲချွေ့မှ အော်ငေါက်၏။
“ချန်ကျိုစစ် မင်းအခု ဘာပြောချင်သေးလဲ”
ချန်ကျဲ့မှ တည်ငြိမ်အေးဆေးစွာ ပြန်ပြောသည်။
“အင်း.. ကြည့်ရတာ လူကြီးမင်းစွင်းက အပြစ်ကင်းပုံပါပဲ။ ဒါဆို ကျုပ်တို့ပြန်လိုက်ပါဦးမယ်”
ချန်ကျဲ့ ထွက်သွားတော့မည်တွင် စွင်းထျဲချွေ့သည် အော်ပြော၏။
“မင်း ရပ်လိုက်စမ်း”
စွင်းထျဲချွေ့သည် ချန်ကျဲ့၏ရှေ့သို့ ခုန်ကျော်ရပ်လိုက်ပြီးနောက် ချန်ကျဲ့ကို လက်သီးဖြင့် ထိုးလိုက်သည်။ သို့တိုင် ချန်ကျဲ့သည် တည်ငြိမ်အေးဆေးနေဆဲပင်။ ထိုစဉ် ချီမုကောမှ ကြားဝင်လာ၏။
“လူကြီးမင်းစွင်း မဆင်မခြင် မပြုမူပါနဲ့”
ဒေါသပေါက်ကွဲနေသည့် စွင်းထျဲချွေ့မှ ပြောသည်။
“တပ်မှူးချီမုကော၊ ကျုပ်ရဲ့ပန်းပဲရုံကို ချန်ကျိုစစ် ဘယ်လိုလုပ်လိုက်လဲဆိုတာ ခင်ဗျားကြည့်စမ်းပါဦး။ ဒီကိစ္စအတွက် ကျုပ်ကို ဖြေရှင်းချက်ပေးရမယ်”
ချီမုကောမှ ပြန်ပြောသည်။
“လူကြီးမင်းစွင်း ဖြေရှင်းချက်လိုချင်တယ်ဆိုရင် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို သွားတောင်းဆိုလိုက်ပါ။ ကျုပ်တို့ကတော့ အခုပဲ ပြန်သွားပြီး သတင်းပို့ရပါဦးမယ်။ လူကြီးမင်းစွင်း၊ စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ စစ်အမိန့်တော်ကို နှောင့်နှေးစေခြင်းရဲ့ အကျိုးဆက်ကို ခင်ဗျား သိမှာပါ”
စွင်းထျဲချွေ့ နောက်ဆုတ်လိုက်ပြီး ပြောသည်။
“ကောင်းပြီ။ ဒီလိုဆိုမှတော့ ကျုပ် မင်းတို့နဲ့အတူ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို လိုက်မယ်။ ကျုပ် စီရင်စုအုပ်ချုပ်ရေးမှူးနဲ့ လူချင်းတွေ့ပြီး တရားမျှတမှုတောင်းခံမယ်”
ထိုအခါ ချီမုကောမှ ပြောသည်။
“ကောင်းတယ်၊ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဆီ အတူပြန်သွားကြတာပေါ့”
သူတို့သည် ဆွေးနွေးပြီးနောက် အတူထွက်ခွာခဲ့ကြသည်။ သူတို့ထွက်သွားပြီးနောက်တွင် ပန်းပဲရုံ၏ ခေါင်မိုးပေါ်သို့ လှပသည့် အမျိုးသမီးနှစ်ဦး ဆင်းသက်လာခဲ့ကာ ထွက်ခွာသွားသည့် လူအုပ်စုကို ကြည့်နေခဲ့သည်။
အဖြူရောင်ဝတ်အမျိုးသမီးက အနက်ရောင်ဝတ်အမျိုးသမီးကို ပြောသည်။
“မမ ကိစ္စက ဒီလိုပဲ ပြီးသွားပြီလား”
ဟန်ဟယ့်မှ ပြန်ပြောသည်။
“အင်း ပြီးသွားပြီ”
“ဒါဆို အဲဒီစိတ်ပျက်ဖို့ကောင်းတဲ့ မုလန်ခွေးတွေက ကျွန်မတို့ကို နောက်ထပ် မနှောင့်ယှက်တော့ဘူးလား”
ဟန်ဟယ့်မှ ပြန်ဖြေသည်။
“အချိန်တစ်ခုအထိတော့ နှောင့်ယှက်တော့မှာ မဟုတ်ဘူး။ ငါတို့နေရာကို တစ်ကြိမ်ရှာဖွေပြီးသွားပြီဆိုတော့ သူတို့သံသယကင်းသွားပြီ။ ဒါက သူတို့အတွက် တမင်ပြင်ဆင်ထားတဲ့ လှည့်စားမှုလို့ ထင်ကြမှာ မဟုတ်ဘူး”
“ဟားဟား ခုနက အစ်ကိုစွင်းနဲ့ အဲဒီညီနောင်တို့ သရုပ်ဆောင်တာ တကယ်တော်ကြတယ်။ သူတို့ တကယ်ကြီး တိုက်ခိုက်ကြတော့မယ်လို့တောင် ထင်လိုက်မိသေးတယ်”
ဟန်လျန်သည် သဘောတကျ ရယ်မောလျက် ဟန်ဟယ့်သို့ ပြောသည်။ ဟန်ဟယ့်လည်း အသိအမှတ်ပြု၏။
“အင်း ဒီအစီအစဉ်က တကယ် ထက်မြက်တယ်။ အဲဒီညီနောင်လေးက အတော် ဉာဏ်ကောင်းပါတယ်”
“မုလန်တွေရဲ့ စိစစ်မှုအောက်မှာ တောက်လျှောက်နေနေတာထက်စာရင် ကိုယ့်ကိုယ်ကိုယ်ဖော်ထုတ်လိုက်တာ ပိုကောင်းတယ်။ အဲဒီလိုလုပ်လိုက်တော့ အလင်းအောက်မှာပဲ လူမမြင်နိုင်တဲ့ နေရာတစ်ခုကို ဖန်တီးနိုင်သွားပြီး မုလန်တွေလည်း ငါတို့ကို အရမ်းမြန်မြန် သတိမထားမိတော့ဘူးပေါ့”
“အခု မုလန်တွေက တခြားနေရာတွေကို ရှာဖွေစစ်ဆေးတာနဲ့ အလုပ်ရှုပ်နေတော့မှာ။ ပြီးရင် ငါတို့က လက်နက်တွေကို ပြင်ဆင်ပြီး ချန်ကျိုစစ်ရဲ့နည်းလမ်းအတိုင်း မြို့ပြင်ကို ပို့ဆောင်ရင် ရပြီ”
ဟန်လျန်မှ မေးသည်။
“ချန်ကျိုစစ်ရဲ့နည်းလမ်းက အလုပ်ဖြစ်ပါ့မလား”
“ဖြစ်လောက်မှာပါ”
ဟန်ဟယ့်မှ ပြောသည်။
“ငါဆိုရင် သူ့လိုအကြံဉာဏ်မျိုး တွေးမိမှာ မဟုတ်ဘူး”
“သရုပ်ဆောင်ဖို့ကို အစ်ကိုစွင်းနဲ့ ချန်ကျိုစစ်ဆီ အပ်ထားခဲ့ပြီး ငါတို့လုပ်ရမယ့်တာဝန်ကို ပြီးမြောက်အောင် လုပ်ကြရအောင်”
ထိုသို့ပြောပြီးနောက် ချောင်ဟုန်ယန်(ဟန်ဟယ့်)သည် မျက်နှာဖုံးဝတ်ဆင်လိုက်သည်။ ဟန်လျန်လည်း မျက်နှာဖုံးဝတ်ဆင်လိုက်ပြီးနောက် ပန်းပဲရုံခေါင်းမိုးပေါ်မှ ပျောက်ကွယ်သွားကြတော့သည်။
…
ချီမုကော၊ ချန်ကျဲ့နှင့် အခြားသူများသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ပြန်ရောက်ခဲ့ကြသည်။
ချီမုကောမှ ချန်ကျဲ့နှင့် အခြားသူများကို ပြောသည်။
“ဝင်ပေါက်မှာ ခဏစောင့်ပေးကြပါ။ ကျုပ် သခင်ကြီးကို သတင်းပို့လိုက်ပါဦးမယ်”
ထိုအခါ အားလုံးသည် အရိုအသေပြုလျက် တုံ့ပြန်ကြသည်။
“ကောင်းပါပြီ”
ချီမုကောသည် ယဲ့လုဖုန်း၏အခန်းသို့ အမြန်သွားခဲ့သည်။
“သခင်ကြီး”
ယဲ့လုဖုန်းသည် အခန်းထဲတွင် စာအုပ်ဖတ်နေ၏။ ချီမုကော ခေါ်လိုက်သည်။
ယဲ့လုဖုန်းသည် စာအုပ်ကို ဘေးချထားလိုက်ပြီး ချီမုကောကို ကြည့်လာသည်။
“အို မင်းပြန်ရောက်ပြီပဲ။ တစ်ခုခုရှာတွေ့ခဲ့သလား”
ချီမုကောမှ ချက်ချင်း ပြန်ဖြေသည်။
“သခင်ကြီး ဘာမှရှာမတွေ့ခဲ့ကြောင်းပါ”
“ကြည့်ရတာ စွင်းထျဲချွေ့က စစ်လက်နက်ပစ္စည်းတွေနဲ့ ဘာမှ မပတ်သက်ဘူး ထင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ စွင်းမိသားစုပန်းပဲရုံတစ်ခုလုံးကို ရှာဖွေစစ်ဆေးခဲ့ပါတယ်။ မြေကြီးကို သုံးပေအနက် တူးခဲ့တာတောင် သံသယဖြစ်စရာ ဘာကိုမှ ရှာမတွေ့ခဲ့ပါဘူး။ ပြီးတော့လည်း ဒီကိစ္စကြောင့် စွင်းထျဲချွေ့က ကျိုစစ်ကို တိုက်ခိုက်ခဲ့ပါတယ်”
“အို အဲဒီလိုကိစ္စမျိုး ရှိခဲ့တာလား”
ယဲ့လုဖုန်း အံ့ဩသွား၏။ ထို့နောက် ချီမုကောကို ကြည့်ပြီး ပြောသည်။
“ငါ့ကို အသေးစိတ်ပြောပြစမ်း”
ချီမုကောသည် အဖြစ်အပျက်များကို အသေးစိတ် ပြန်ပြောင်းပြောပြခဲ့သည်။
“စွင်းထျဲချွေ့က သခင်ကြီးဆီက တရားမျှတမှုတောင်းခံမယ်ဆိုပြီး ကျွန်တော်တို့နဲ့ အတူလိုက်လာပါတယ်။ သခင်ကြီး ဘယ်လိုသဘောရပါသလဲ”
ချီမုကောမှ ရှင်းပြပြီးနောက် ယဲ့လုဖုန်းသည် တွေးတောနေခဲ့သည်။
“အင်း စွင်းထျဲချွေ့ကိုတော့ တကယ် နှစ်သိမ့်ပေးဖို့ လိုလိမ့်မယ်။ မြောက်ပိုင်းဒေသမှာ စစ်သုံးပစ္စည်းတွေ လိုအပ်ချက်များလာနေတော့ စွင်းထျဲချွေ့သာ တော်ဝင်နန်းတော်ကို ကူညီပြီး လက်နက်ထုတ်လုပ်ပေးနိုင်မယ်ဆိုရင် မြောက်ပိုင်းဒေသသူပုန်တပ်နဲ့ ရင်ဆိုင်ရာမှာ အထောက်အကူဖြစ်လိမ့်မယ်”
ယဲ့လုဖုန်း၏ စကားအဆုံး၌ ချီမုကောမှ တုံ့ပြန်သည်။
“ဟုတ်ကဲ့ပါ။ ဒါဆို ကျွန်တော် စွင်းထျဲချွေ့ကို အထဲခေါ်လိုက်ပါ့မယ်”
“အင်း။ ဒါပေမဲ့ အလျင်မလိုပါဘူး။ ခုနက မင်းတွန့်ဆုတ်နေတာ ငါသတိထားမိလိုက်တယ်။ မင်းဘာပြောချင်လို့လဲ”
ချီမုကော ခဏမျှ ရပ်တန့်သွား၏။ ထို့နောက် ပြောသည်။
“ဒီလိုပါ သခင်ကြီး။ ကျွန်တော်တို့ စွင်းမိသားစုပန်းပဲရုံကို သွားဖို့အတွက် လူစုနေတုန်းမှာ နန်ပါးထျန်းရဲ့လက်အောက်ငယ်သားတစ်ယောက် ပြေးထွက်သွားပြီး ပျောက်သွားပါတယ်…”
“ဘာလဲ။ မင်းက နန်ပါးထျန်းနဲ့ စွင်းထျဲချွေ့တို့ ပူးပေါင်းထားတာလို့ သံသယရှိလို့လား”
ယဲ့လုဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ချီမုကောမှ ပြောသည်။
“ဒီတိုင်း ထင်မြင်မိရုံပါ။ တိကျခိုင်မာတဲ့သက်သေ မရှိပါဘူး”
ယဲ့လုဖုန်းမှ မေးသည်။
“နန်ပါးထျန်းက ဒါကို ဘယ်လိုရှင်းပြသလဲ”
ချီမုကောမှ ပြန်ပြောသည်။
“ကျွန်တော် သူ့ကို မမေးရသေးပါဘူး”
ယဲ့လုဖုန်း အဆုံးသတ်စကားပြောလိုက်သည်။
“အင်း ငါသိပြီ။ အခုတော့ စွင်းထျဲချွေ့ကို သွားခေါ်လာခဲ့”
“ဟုတ်ကဲ့ပါ”
ချီမုကောသည် စွင်းထျဲချွေ့ကို ခေါ်ဆောင်ရန် ထွက်ခွာသွား၏။ ယဲ့လုဖုန်း သူ၏နှာရိုးတစ်လျှောက်ကို နှိပ်နယ်လိုက်သည်။ ဤကိစ္စကို စဉ်းစားတွေးတောနေသည့် သူ၏မျက်လုံးများမှာ စူးရှနေသည်။ နန်ပါးထျန်း၏ လက်အောက်ငယ်သားတစ်ဦး ရုတ်တရက် ထွက်ပြေးသွားခြင်းသည် အလွန် ရုတ်ချည်းနိုင်လှသည်။