← Chapters

အခန်း (၅၅၆)

Vol. 45 Ch. 556

အခန်း (၅၅၆)

Vol. 45 Ch. 556

ခေါင်းဆောင်နန်က မိန်ဂိုဏ်းကို သတင်းသွားပေးတာများလား။

ယဲ့လုဖုန်း ခေါင်းခါရမ်းလိုက်သည်။ ထို့နောက် ပြောသည်။

“မဖြစ်နိုင်ဘူး။ နန်ပါးထျန်းက ရည်မှန်းချက်ကြီးမားတာမှန်ပေမဲ့ ငတုံးမဟုတ်ဘူး။ မိန်ဂိုဏ်းနဲ့ ပူးပေါင်းလောက်တဲ့အထိ တုံးအတဲ့သူ မဟုတ်ဘူး”

“မဟုတ်သေးဘူး။ အဲဒါက လုံးဝကြီး မဖြစ်နိုင်တာတော့လည်း မဟုတ်ဘူး။ အဲဒီမြေခွေးအိုကြီးက အမြဲတမ်း တစ်ယောက်တည်း တစ်ခုခုကို ကြံစည်နေတာ။ သူ့ကို အမြဲစောင့်ကြည့်နေဖို့ ကျားဖြူခန်းမကို စီစဉ်ထားခဲ့တာကြောင့်သာ မဟုတ်ခဲ့ရင် နန်ပါးထျန်းက သူ့ဘာသူလမ်းဖောက်ထွက်ပြီး အရမ်းအင်အားကြီးမားနေပြီးလောက်ပြီ။ မိန်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ပြီး ငါ့ကို ဆန့်ကျင်တာလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

“ဒါပေမဲ့ သူ မိန်ဂိုဏ်းနဲ့ တကယ်ပူးပေါင်းနေရင်တောင်မှ ဒီလိုအခြေအနေမျိုးမှာ သတင်းပေးဖို့ လူလွှတ်မှာတဲ့လဲ။ ချီမုကောက သူ့ကို လက်ပူးလက်ကြပ်မိသွားနိုင်တဲ့ အခြေအနေကြီးမှာကိုလေ.. တစ်ယောက်ယောက်က နန်ပါးထျန်းကို ချောက်ချဖို့ ကြံစည်နေတာများလား”

“ဒါပေမဲ့ အရေးပေါ်အခြေအနေ ပေါ်ပေါက်လာတာကြောင့် ရွေးချယ်စရာမရှိဘဲ စွန့်စားလိုက်ရတာလည်း ဖြစ်နိုင်တာပဲ…”

ယဲ့လုဖုန်းသည် အခြေအနေကို ခေါင်းထဲတွင် အလျင်အမြန် စိစစ်ခွဲဖြာနေခဲ့သည်။ နန်ပါးထျန်းသည် ဤသို့ အမှားမျိုးကို ကျူးလွန်ရသည်အထိ တုံးအသူမဟုတ်ကြောင်း သူယုံကြည်သော်ငြား ယဲ့လုဖုန်း၏စိတ်ထဲတွင် သံသယမျိုးစေ့မှာ အမြစ်တွယ်သွားခဲ့လေပြီ။

၎င်းသံသယမျိုးစေ့ အပင်ပေါက်သည်နှင့်တစ်ပြိုင်နက် သူတို့၏ဆက်ဆံရေးသည် တစ်ချိန်က တည်ရှိခဲ့ဖူးသည့် အခြေအနေသို့ ဘယ်သောအခါမျှ ပြန်ရောက်နိုင်တော့မည် မဟုတ်ပေ။

အပြစ်အနာအဆာမရှိသည့် ပန်းကန်လုံးတစ်လုံးတွင် ရုတ်တရက် အက်ကွဲရာ ပေါ်ထွက်လာသကဲ့သို့ပင် အသုံးပြုနိုင်ဆဲဖြစ်သော်ငြား တစ်ချိန်က အပြစ်အနာအဆာကင်းခဲ့ဖူးသည့် ပန်းကန်လုံးအဖြစ်သို့ ဘယ်တော့မှ ပြန်မရောက်နိုင်တော့ချေ။

ဤသည်မှာ ချန်ကျဲ့လိုချင်သည့်အရာ အတိအကျပင် ဖြစ်ပါ၏။

ထိုနေ့က ရှောင်ဟူပြောခဲ့သည်မှာ မှန်ကန်၏။ ယဲ့လုဖုန်းမှ နန်ပါးထျန်းကို ထောက်ခံနေသ၍ ချန်ကျဲ့အနေဖြင့် နန်ပါးထျန်းကို ဆွဲချရန်မှာ ခက်ခဲနေဦးမည် ဖြစ်သည်။

နန်ပါးထျန်းကို လုံးဝ ဆွဲချရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ နန်ပါးထျန်းအပေါ်ထားရှိသည့် ယဲ့လုဖုန်း၏ယုံကြည်မှုကို ပျက်ပြားစေခြင်းဖြစ်သည်။

ယုံကြည်မှုပျက်ပြားရန်အတွက် ပထမခြေလှမ်းသည် သံသယဖြစ်သည်။

နန်ပါးထျန်း၏ အစောင့်တပ်သားများထဲသို့ ခက်ခက်ခဲခဲ ထည့်သွင်းပြီး နှစ်ဝက်ကြာ ဖုံးကွယ်ထိန်းသိမ်းထားခဲ့သည့် သူလျှိုတစ်ဦးနှင့် ယဲ့လုဖုန်း၏သံသယကို အလဲအထပ် ပြုလုပ်လိုက်ခြင်းသည် ချန်ကျဲ့အတွက်မူ အကျိုးအမြတ် ကြီးမားပါ၏။

သံသယဟူသည် ဝင်သွားပြီးသည်နှင့် ဘယ်သောအခါမျှ ပြေပျောက်သွားလိမ့်မည် မဟုတ်ပေ။

ဤကစားပွဲ၌ ချန်ကျဲ့သည် လူ့သဘာဝနှင့် ကစားခြင်း ဖြစ်သည်။

“စွင်းထျဲချွေ့ သခင်ကြီးယဲ့လုကို ဂါရဝပြုပါတယ်”

စွင်းထျဲချွေ့သည် အခန်းထဲ ဝင်ရောက်ပြီးနောက် ယဲ့လုဖုန်းကို အရိုအသေပြုနှုတ်ဆက်လိုက်သည်။

စွင်းထျဲချွေ့ကိုမြင်လျှင် ယဲ့လုဖုန်းသည် ပြုံးလိုက်ပြီး ပြောသည်။

“လောင်စွင်း အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါတို့က လုပ်ဖော်ကိုင်ဖက်ဟောင်းကြီးတွေပဲ မဟုတ်လား။ မင်းသာ ငါ့ကို လာမရှာခဲ့ရင် ငါ မျန့်ရွှေမှာ ဘယ်လိုအခြေကုပ်ယူရမလဲ စဉ်းစားရမှာ မဟုတ်ဘူး။ မင်းက ငါ့ရဲ့ကျေးဇူးရှင်ပါ”

စွင်းထျဲချွေ့သည် လက်သီးယှက်အရိုအသေပြုလျက် အမြန်ပြန်တုံ့ပြန်သည်။

“သခင်ကြီးယဲ့လုက ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ”

ယဲ့လုဖုန်းသည် စွင်းထျဲချွေ့အနားသို့ လျှောက်လာပြီး ပြောသည်။

“မင်းကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေအားလုံးကို ငါကြားသိပြီးပါပြီ။ မင်း မတရားခံစားလိုက်ရမှာပဲ”

“သခင်ကြီးယဲ့လု ကျွန်တော်…”

စွင်းထျဲချွေ့သည် ပြောစရာစကားလုံးရှာမရသကဲ့သို့ ဖြစ်နေခဲ့သည်။ ယဲ့လုဖုန်းမှ ပြောသည်။

“ဟူးး မင်းနဲ့ငါက မိတ်ဆွေဟောင်းတွေပဲ။ မင်းရဲ့အကျင့်စရိုက်ကို ငါသိပါတယ်။ မိန်ဂိုဏ်းနဲ့ ဘယ်သူပဲ ပူးပေါင်းပါစေ အဲဒီသူက မင်းတော့ လုံးဝ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အခု အခြေအနေက ဒီလိုဖြစ်သွားတော့ မင်းလည်း သံသယရှိသူတွေထဲ ပါသွားခဲ့တယ်။ မင်းကတော့ လုံးဝ မဟုတ်ဘူးလို့ ငါတွေးခဲ့ပါတယ်။ ပြီးတော့လည်း မင်းက ငါ့လူလေ။ မင်းကို အရင်စစ်ဆေးလိုက်ရင် တခြားသူတွေကို စိတ်ကျေနပ်စေပြီး တခြားဘယ်သူ့ကို စစ်ဆေးပါစေ အားလုံးက အသာတကြည် စစ်ဆေးခံလာလိမ့်မယ် မဟုတ်လား။ ငါဆိုလိုတဲ့အဓိပ္ပာယ်ကို မင်းနားလည်ရဲ့လား”

“ကျွန်တော်နားလည်ပါတယ်”

စွင်းထျဲချွေ့မှ ပြောသည်။

“သခင်ကြီးယဲ့လုရဲ့လူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို အရင်ဆုံး စစ်ဆေးလိုက်တာက တခြားသူတွေကို စစ်ဆေးတဲ့အခါ ဘယ်သူမှ ငြင်းဆန်လို့ မရတော့အောင်လို့ပါ”

“အာ အမှန်ပဲ။ လောင်စွင်း မင်း အဲဒါကိုနားလည်နိုင်လို့ ငါ တကယ်ဝမ်းသာမိတယ်”

“ဒါပေမဲ့ ဒီကိစ္စမှာ မင်းက မှားယွင်းစွပ်စွဲခံခဲ့ရတယ်။ မင်းရဲ့ပန်းပဲရုံလည်း ဆုံးရှုံးမှုတွေ ခံစားသွားရမှာပဲ။ ချီမုကော..”

“ငယ်သားရှိပါတယ်”

“ကျိုစစ်ကို အထဲဝင်လာခိုင်းလိုက်”

“ဟုတ်ကဲ့”

သို့ဖြင့် ချီမုကောသည် ချန်ကျဲ့ကို ခေါ်လာခဲ့သည်။ ချန်ကျဲ့သည် ချက်ချင်း လက်သီးယှက်အရိုအသေပြုလိုက်ပြီး ပြောသည်။

“သခင်ကြီးယဲ့လု”

ယဲ့လုဖုန်းမှ မျက်မှောင်ကြုတ်လျက် ပြောသည်။

“ကျိုစစ် ဒီတစ်ကြိမ်တော့ မင်းအရမ်းလွန်သွားပြီ။ လူကြီးမင်းစွင်း မကျေနပ်တာ မထူးဆန်းတော့ပါဘူး။ ဒီကိုလာပြီး လူကြီးမင်းစွင်းကို သေချာတောင်းပန်လိုက်စမ်း”

“ကျွန်တော်ကလား”

ဤသို့ဖြစ်လာလိမ့်မည်ကို ချန်ကျဲ့ သိထားပြီးဖြစ်သည်။ သို့သော်လည်း အနည်းငယ် အံ့အားသင့်ရမြဲပင်။ ယဲ့လုဖုန်းသည် မျက်လုံးအကြည့်တို့ဖြင့် ချန်ကျဲ့အား သူ့အမိန့်ကို နာခံပါရန် အချက်ပြနေခဲ့သည်။

၎င်းအကြည့်တို့ကို ရိပ်ဖမ်းမိရာ ချန်ကျဲ့လည်း ချက်ချင်း လက်သီးယှက်အရိုအသေပြု၍ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။ လူကြီးမင်းစွင်း ဒီနေ့ကိစ္စက ကျွန်တော်မှားသွားတာကို ဝန်ခံပါတယ်။ လူကြီးမင်းစွင်းကို တောင်းပန်ပါတယ်”

ချန်ကျဲ့ လေးစားမှုကို ဖော်ပြလျက် အနူးအညွတ် အရိုအသေပြုခဲ့သည်။

စွင်းထျဲချွေ့သည်တော့ နှာမှုတ်လိုက်၏။

“ဟမ့်”

ထိုအခါ ယဲ့လုဖုန်းမှ ရယ်မောလျက် ပြောသည်။

“ဟားဟား ကောင်းပါပြီ ကောင်းပါပြီ။ မင်းတို့နှစ်ယောက်စလုံးက ငါ့အတွက် အဖိုးမဖြတ်နိုင်တဲ့သူတွေပဲ။ အသေးအမွှားကိစ္စလေးတွေကြောင့်နဲ့ အချင်းချင်း စိတ်အနှောင့်အယှက်ဖြစ်မနေကြရအောင်ပါ။ ငါ့မျက်နှာကိုထောက်ထားပြီးတော့ အချင်းချင်း ခွင့်လွှတ်လိုက်ပါတော့”

ယဲ့လုဖုန်း၏ စကားအဆုံးနှင့် ချန်ကျဲ့နှင့် စွင်းထျဲချွေ့တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးသည် မိမိတို့၏အစီအစဉ် အောင်မြင်သွားသောကြောင့် အလွန်ပျော်ရွှင်နေကြ၏။ အနည်းဆုံး အချိန်တခဏတော့ ယဲ့လုဖုန်းကို လှည့်စားနိုင်သွားခဲ့လေပြီ။

“သခင်ကြီးယဲ့လု၊ ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာမှတော့ ကျွန်တော့်အနေနဲ့ သဘောထားသေးသိမ်နေလို့မှ မဖြစ်တော့ဘဲဗျာ။ ဒီကိစ္စကို ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသလို သဘောထားလိုက်ပါ့မယ်”

စွင်းထျဲချွေ့မှ ယဲ့လုဖုန်းကို ပြောသည်။ ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။

“ကောင်းတယ်။ လောင်စွင်းက အမှန်အမှားကို သေချာခွဲခြားသိမြင်တတ်တာပဲ။ ကျိုစစ်..”

ယဲ့လုဖုန်းသည် ချန်ကျဲ့ဘက်သို့ လှည့်လာ၏။ ချန်ကျဲ့လည်း ချက်ချင်း လက်သီးယှက်အရိုအသေပြုလိုက်ပြီး ပြောသည်။

“သခင်ကြီးယဲ့လု”

“ငါ့စေတနာကို ပြသတဲ့အနေနဲ့ လူကြီးမင်းစွင်းကို ငွေတုံးနှစ်ထောင်ပေးလိုက်ပါ”

“ဟုတ်ကဲ့”

ချန်ကျဲ့သည် ယဲ့လုဖုန်း၏စကားများကို နာခံစွာ တုံ့ပြန်ခဲ့သည်။

ထို့နောက် ယဲ့လုဖုန်းမှ ပြောသည်။

“ကောင်းပြီ၊ ဒီနေ့ကိစ္စကတော့ အားလုံး ဖြေရှင်းပြီးလုပြီ။ ဆိုတော့ မင်းတို့ကို ညစာစားဖို့ ဆွဲမထားတော့ပါဘူး။ မင်းတို့သွားနိုင်ပါပြီ”

ချန်ကျဲ့နှင့် စွင်းထျဲချွေ့သည် ယဲ့လုဖုန်းကို အရိုအသေပြုပြီးနောက် အခန်းထဲမှ ထွက်ခွာလာခဲ့ကြသည်။ သူတို့ထွက်ခွာစဉ်တွင် မျက်လုံးထောင့်မှတစ်ဆင့် နန်ပါးထျန်း အခန်းထဲဝင်သွားသည့် ပုံရိပ်ကို ဖြတ်ခနဲ မြင်လိုက်ရပါ၏။ ချန်ကျဲ့၏မျက်နှာထက်တွင် အပြုံးရေးရေးလေး ဖြတ်ပြေးသွား၏။ သို့သော် နန်ပါးထျန်းသည် ထိုအပြုံးကို မြင်လိုက်ပါသည်။

နန်ပါးထျန်း ရုတ်ချည်း မျက်မှောင်ကြုတ်သွားရသည်။ နိမိတ်မကောင်းသည့် ခံစားချက်ကို အရှိန်ပြင်းပြင်း ခံစားလိုက်ရ၏။

သို့သော် ချန်ကျဲ့သည် နန်ပါးထျန်းကို ဘာမျှမပြောခဲ့ပေ။ ကံကောင်းပါစေဟူသည့် အကြည့်တစ်ချက်သာ ကြည့်ပေးခဲ့ပြီးနောက် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ ထွက်ခွာလာခဲ့သည်။

ထိုစဉ် ယဲ့လုဖုန်းသည် လက်နောက်ပြန်ပစ်လျက် ပြတင်းပေါက်မှ အပြင်သို့ ရပ်ကြည့်နေခဲ့သည်။ နန်ပါးထျန်းသည် အခန်းထဲဝင်ပြီးသည်နှင့် ချက်ချင်း လက်သီးယှက်အရိုအသေပြုလိုက်သည်။

“သခင်ကြီးယဲ့လုကို ဂါရဝပြုပါတယ်”

ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ကျောခိုင်းထားကာ နန်ပါးထျန်းအား ကြည့်လည်းမကြည့်၊ အသိအမှတ်ပြု စကားဆိုလာခြင်းလည်း မရှိပေ။

နန်ပါးထျန်းသည် ရင်တဒိတ်ဒိတ်ဖြင့် ထိုနေရာတွင် မလှုပ်မယှက် ရပ်စောင့်နေခဲ့သည်။ ထို့နောက်တွင် နောက်တစ်ကြိမ် ဂါရဝပြုနှုတ်ဆက်သင့်သည်ဟု ခံစားလာရ၏။

“ငယ်သားနန်ပါးထျန်း သခင်ကြီးယဲ့လုကို ဂါရဝပြုပါတယ်”

ထိုအခါမှသာ ယဲ့လုဖုန်းသည် နောက်လှည့်ကြည့်လာခဲ့သည်။ ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ခြေဆုံးခေါင်းဆုံးကြည့်၍ အကဲခတ်နေ၏။

“ခေါင်းဆေောင်နန် ငါတို့ အချင်းချင်းသိကျွမ်းလာခဲ့ကြတာ အခုဆို ဆယ်နှစ်ကျော်ရှိပြီ ဟုတ်တယ်မလား”

နန်ပါးထျန်းမှ ပြန်ဖြေသည်။

“ဆယ်စုနှစ်တစ်ခုရှိပါပြီ”

“ငါ မင်းအပေါ် ဘယ်လိုဆက်ဆံခဲ့သလဲ”

နန်ပါးထျန်းမှ ပြန်ဖြေသည်။

“ကောင်းကင်ကြီးလိုမျိုး အုပ်မိုးစောင့်ရှောက်ပေးခဲ့ပါတယ်”

“အဲဒါဆို မင်း ဘာလို့ ငါ့ကို သစ္စာဖောက်ရတာလဲ”

All Chapters