← Chapters

အခန်း (၅၅၇)

Vol. 45 Ch. 557

အခန်း (၅၅၇)

Vol. 45 Ch. 557

ယဲ့လုဖုန်းမှ အက်ရှရှအသံဖြင့် မေးသည်။ ထိုအခါ နန်ပါးထျန်းသည် အလွန်တရာ စိတ်ရှုပ်ထွေးတွေဝေသွားခဲ့သည်။

“သခင်ကြီး မတရားစွပ်စွဲခံရတာပါ။ ကျွန်တော် ဘယ်တုန်းကများ သခင်ကြီးကို သစ္စာဖောက်ဖူးလို့ပါလဲ”

ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ကြည့်နေခဲ့သည်။

“အင်း.. မင်း ငါ့ကို သစ္စာမဖောက်ခဲ့ဘူးပေါ့လေ၊ ဒါဆို ဘာလို့ မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ကြံစည်ရတာလဲ”

“သခင်ကြီးယဲ့လု၊ အကြီးကြီး အထင်လွဲနေပါပြီ။ ကျွန်တော် ဘယ်တုန်းက ဘယ်တုန်းကများ မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ကြံစည်ခဲ့လို့ပါလဲ။ သခင်ကြီး ကျွန်တော် လုံးဝ မလုပ်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး အမှန်တရားကို ကြည့်မြင်ပေးပါ”

“ဟား မင်းက ဝန်မခံသေးဘူးပေါ့လေ။ ကောင်းပြီ ဒါဆိုရင် ဒီနေ့ဖြစ်ခဲ့တာအတွက် မင်းဘယ်လိုရှင်းပြမလဲ”

“ဒီနေ့လား”

နန်ပါးထျန်း ကြောင်သွား၏။ ထို့နောက်တွင် ထွက်ပြေးသွားသည့် လက်အောက်ငယ်သားအကြောင်းကို သတိရသွားခဲ့သည်။ နန်ပါးထျန်းမှ ပြောသည်။

“သခင်ကြီးယဲ့လု ကျွန်တော် ချောက်ချခံရတာပါ။ အဲဒီအဖွဲ့သားက ဘာလုပ်ဖို့ ထွက် ထွက်သွားတယ်ဆိုတာ ကျွန်တော် ကျွန်တော် မသိပါဘူး”

“မင်းမသိဘူးပေါ့လေ။ ဟား အရမ်းကောင်းတယ်။ အတော့်ကိုမှ ရှင်းလင်းပြတ်သားလိုက်တဲ့ ငြင်းဆန်မှုပဲ။ ဒါဆိုလည်း မင်းမှတ်မိလာအောင် ငါကူညီပေးတာပေါ့”

ယဲ့လုဖုန်းမှ အေးစက်စွာ ပြောသည်။ နန်ပါးထျန်းမှ ပြောသည်။

“သခင်ကြီး ကျွန်တော်…”

“ပါးစပ်ပိတ်စမ်း။ ငါပြောတာကို အရင်နားထောင်။ မင်း မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး စစ်သုံးပစ္စည်းတွေကိုပါ ကိုယ်တွယ်ဖြေရှင်းပေးနေသလား။ ဒီနေ့ ကျိုစစ်က စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုကို စစ်ဆေးဖို့ပြောတော့ မင်း အထိတ်တလန့်ဖြစ်ပြီး မိန်ဂိုဏ်းကို နေရာရွှေ့ပြောင်းခိုင်းဖို့ လူစေလွှတ် အကြောင်းကြားခဲ့တယ်။ အဲဒီလိုနည်းနဲ့ စစ်ဆေးမခံရအောင် ရှောင်တိမ်းဖို့အတွက်ပေါ့ ဟုတ်တယ်မလား”

နန်ပါးထျန်း၏မျက်နှာမှာ ရုတ်ချည်း ဖြူဖျော့သွားတော့သည်။

“ကျွန် ကျွန်တော် မလုပ်ခဲ့ပါဘူး”

“အဲဒီအဖွဲ့သားကို တကယ်ပဲ ကျွန်တော်စေလွှတ်လိုက်တာ မဟုတ်ရပါဘူး။ ဒါ တစ်ယောက်ယောက်က ကျွန်တော့်ကို ချောက်ချကြံစည်တာပါ”

နန်ပါးထျန်းသည် ဒေါသနှင့်တုန်လှုပ်မှုကြောင့် ကျိန်ဆဲမိလုနီးပါးပင်။ သို့သော် ထိုအခိုက်အတန့်၌ ခုနက ချန်ကျိုစစ်၏ အဓိပ္ပာယ်ပါသည့်အပြုံးကို သတိရမိသွားခဲ့သည်။

ချန်ကျိုစစ် ဟုတ်တယ် ချန်ကျိုစစ်ပဲ။ အဲဒီကောင်ချန်ကျိုစစ် ငါ့ကို ချောက်ချတာပဲ။

နန်ပါးထျန်း၏မျက်လုံးများ ချက်ချင်း နီရဲလာခဲ့၏။ ချန်ကျိုစစ်ကို အခုချက်ချင်း စာရင်းသွားရှင်းချင်လှသည်။ သို့ဖြင့် နန်ပါးထျန်းသည် ယဲ့လုဖုန်းကို အလျင်စလို ပြောခဲ့သည်။

“သခင်ကြီးယဲ့လု တစ်ယောက်ယောက်က ကျွန်တော့်ကို ချောက်ချကြံစည်တာပါ။ တစ်ယောက်ယောက်မဟုတ်ဘူး၊ ချန်ကျိုစစ်ပဲ.. ချန်ကျိုစစ်က ကျွန်တော့်ကို ချောက်ချတာပါ”

“ကျွန်တော်နဲ့ ချန်ကျိုစစ်ကြားမှာ ရန်ငြိုးရှိတာကို သခင်ကြီးလည်း သိပါတယ်။ အဲဒီသက်တော်စောင့်၂၈ယောက်က ကျွန်တော့်ကြောင့် သေသွားခဲ့တာပါ။ ဒါပေမဲ့ သခင်ကြီး ကျွန်တော် မိန်ဂိုဏ်းနဲ့ တစ်ခါမှ မပူးပေါင်းခဲ့ဖူးပါဘူး။ ကျွန်တော် လုံးဝ မလုပ်ရဲပါဘူး”

“ဒီနေ့အဖြစ်အပျက်က ချန်ကျိုစစ် ကျွန်တော့်ကို ချောက်ချကြံစည်ထားတာပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က အပြစ်ကင်းပါတယ်။ ချန်ကျိုစစ်က ကျွန်တော့်ကို လက်စားချေချင်နေတာပါ”

နန်ပါးထျန်းသည် အလွန် အထိတ်တလန့်ဖြစ်နေခဲ့သဖြင့် စကားကို မစဉ်းစားဘဲ ပြောတော့သည်။

ယဲ့လုဖုန်းသည် နန်ပါးထျန်းကို မျက်လုံးမှေးကျုံ့ကြည့်လိုက်သည်။

“အို ဒီတော့ မင်းဆိုလိုတာက ချန်ကျိုစစ်က မင်းကို တမင် အကွက်ချကြံစည်တာပေါ့”

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ ချန်ကျိုစစ်ပဲ.. သူ့ရဲ့သက်တော်စောင့်၂၈ယောက်ကို ကျွန်တော်သတ်လိုက်လို့ သူ ကျွန်တော့်ကို လက်စားချေနေတာ။ ပြီးတော့ ကျွန်တော် သံသယဝင်မိတာ…”

ယဲ့လုဖုန်းမှ မေးသည်။

“ဘာကိုသံသယဝင်မိတာများလဲ”

“ကျွန်တော် ကျွန်တော် သံသယဝင်မိတာက ချန်ကျိုစစ်က မိန်ဂိုဏ်းနဲ့ ပူးပေါင်းနေတယ်လို့ပါ”

“မင်းမှာ သက်သေရှိသလား”

ယဲ့လုဖုန်းသည် နန်ပါးထျန်းကို အကြည့်မလွှဲတမ်း ကြည့်နေခဲ့သည်။ နန်ပါးထျန်းမှ ပြောသည်။

“အခုတော့ မရှိသေးပါဘူး”

“မင်း ဒီလို သက်သေမရှိဘဲနဲ့ လူကိုစွပ်စွဲတာ မကောင်းဘူးနော်”

ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ကြည့်နေဆဲပင်။ နန်ပါးထျန်းမှ ပြောသည်။

“သခင်ကြီး ကျွန်တော့်ကို အခွင့်အရေးတစ်ကြိမ်လောက် ပေးပါ။ ကျွန်တော် သေချာပေါက် ချန်ကျိုစစ်ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ပြပါ့မယ်။ ချန်ကျိုစစ် သူ သူက လူကောင်းမဟုတ်ပါဘူး”

ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။

“ငါ မင်းကို ယုံကြည်လို့ရသလား”

နန်ပါးထျန်းမှ ပြောသည်။

“သခင်ကြီးယဲ့လု ကျွန်တော်တို့သိကျွမ်းလာတာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။ မိန်ဂိုဏ်းနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေအပါအဝင် ကျွန်တော် သခင်ကြီးအတွက် ကိစ္စတွေအများကြီးကို ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ ကျွန်တော်သာ မိန်ဂိုဏ်းနဲ့ပူးပေါင်းထားရင် ဘယ်လိုလုပ်ပြီး ကိုယ့်လူကိုယ် ပြန်သတ်တဲ့လုပ်ရပ်ကို လုပ်ခဲ့မှာပါလဲ”

ယဲ့လုဖုန်း မျက်လုံးတို့မှေးကျဉ်းလိုက်သည်။

“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အစိုးရအရာရှိတွေရဲ့ ယုံကြည်မှုရဖို့အတွက် မိန်ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်တဲ့ ဇာတ်လမ်းမျိုးတွေကို မကြားဖူးတာမှ မဟုတ်ဘဲ”

“သခင်ကြီး ကျွန်တော့်ကိုယုံပါ။ ကျွန်တော် လုံးဝ မဟုတ်ပါဘူး။ ကျွန်တော် ကောင်းကင်ဘုံနဲ့တိုင်တည်ပြီး ကျိန်ဆိုပါတယ်”

ယဲ့လုဖုန်း လက်ခါရမ်း၏။

“ဟား ကျိန်ဆိုဖို့မလိုပါဘူး။ ငါ မင်းကို ယုံကြည်ပါတယ်”

“ကျေးဇူးတင်ပါတယ် သခင်ကြီး”

နန်ပါးထျန်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ ကျိန်ဆိုရန်ပင် မလိုအပ်ခဲ့ချေ။ သို့သော် နန်ပါးထျန်း အပြည့်အဝ စိတ်မအေးနိုင်သေးမီ၌ပင် ယဲ့လုဖုန်းမှ ပြောလာခဲ့သည်။

“ဒါပေမဲ့ ငါ မင်းကို ယုံကြည်ပေမဲ့ မင်းကိုယ်မင်း သက်သေပြဖို့လိုလိမ့်မယ်”

“သက်သေပြရမယ်.. ဘယ်လိုသက်သေပြရမှာပါလဲ”

ယဲ့လုဖုန်းမှ ပြောသည်။

“မင်းပြောကြည့်လေ။ မင်းက မိန်ဂိုဏ်းသား မဟုတ်ဘူးမလား”

“လုံးဝ မဟုတ်ပါဘူး”

ယဲ့လုဖုန်းမှ ဆက်ပြောသည်။

“အရမ်းကောင်းတယ်။ ဒါဆို ငါ့ကိုကူညီပြီး မိန်ဂိုဏ်းက မိစ္ဆာကောင်တွေကို ဖမ်းဆီးပေးပါ။ အရေးအကြီးဆုံးက စစ်လက်နက်ပစ္စည်းတွေပဲ။ စစ်လက်နက်ပစ္စည်းတွေကို သိမ်းဆည်းပြီး ငါ့ကို အပ်နှံရမယ်။ မြောက်ပိုင်းသူပုန်တပ်တွေလက်ထဲကို စစ်လက်နက်တွေ ရောက်သွားလို့ မဖြစ်ဘူး။ လုပ်နိုင်မလား”

“ဒါက..”

နန်ပါးထျန်းမှာ အကြပ်ရိုက်သွားရသည်။

မိန်ဂိုဏ်းသားများကို ဖမ်းဆီးပြီး စစ်လက်နက်ပစ္စည်းများကို သိမ်းဆည်းခြင်း.. ထိုတာဝန်နှစ်ခုစလုံးသည် မိန်ဂိုဏ်းကို အပြင်းအထန် အပြစ်ပြုမိစေမည့်အရာများ ဖြစ်ပေသည်။

သိုင်းလောက၌ နန်ပါးထျန်းသည် လိုက်လျောညီထွေရှိကာ အဘက်ဘက်နှင့် အဆင်ပြေခြင်းတို့ဖြင့် အမည်ကျော်ကြားသူ ဖြစ်၏။

အခုတော့ ငါက မိန်ဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ်တဲ့လား။

အနာဂတ်မှာ မိန်ဂိုဏ်းက မျန့်ရွှေကို ကျူးကျော်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲဒီအခါကျ ငါတော့ ပြဿနာအကြီးအကျယ်တက်တော့မှာပဲ။ ဘယ်လိုလုပ်ရမလဲ၊ သဘောတူရမလား မတူရဘူးလား။

နန်ပါးထျန်း တွန့်ဆုတ်တွေဝေနေသည်ကို မြင်သောအခါ ယဲ့လုဖုန်းသည် နန်ပါးထျန်းကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

“ခေါင်းဆောင်နန် ပြဿနာရှိလို့လား။ ဒါမှမဟုတ် မင်းက တကယ်ပဲ မိန်ဂိုဏ်းနဲ့ ပူးပေါင်းနေတာလား”

ထိုစကားအဆုံး၌ ယဲ့လုဖုန်း၏မျက်လုံးများမှာ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်လာခဲ့ရာ နန်ပါးထျန်းမှာ အလွန်ကြီးလေးသည့် ဖိအားကို ခံစားလိုက်ရသည်။

၎င်းမှာ သိုင်းပညာစွမ်းအင်၏ ဖိအားမဟုတ်ပါဘဲ ဩဇာအာဏာ၏ ဖိအားဖြစ်ပေသည်။

နန်ပါးထျန်းသည် အလွန်ခက်ခဲကျပ်တည်းသည့် အခြေအနေတွင် ပိတ်မိနေခဲ့သည်။ သဘောမတူညီပါက ယဲ့လုဖုန်းမှ သူ့အား ချက်ချင်းလက်ငင်း ဖမ်းဆီးလိုက်မည်ကို စိုးရိမ်ရသည်။ နန်ပါးထျန်း ခေါင်းအနည်းငယ် စောင်းငဲ့လိုက်ရာ ယဲ့လုဖုန်း၏ နံပါတ်တစ်လူယုံတော် ချီမုကောသည် မနီးမဝေးတွင် ရပ်နေပေသည်။ ချီမုကောသည် ဓားကို ဓားအိမ်ထဲမှ တစ်ဝက်တစ်ပြက် ထုတ်ထားပြီးဖြစ်သည်။

၎င်းပုံစံမှာ နန်ပါးထျန်းမှ ငြင်းဆန်လိုက်သည်နှင့် ချက်ချင်း နန်ပါးထျန်းကို တိုက်ခိုက်သတ်ဖြတ်တော့မည့်အလားပင်။

ထိုသို့တွေးမိရာ နန်ပါးထျန်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူမည်မျှ ဆန္ဒမရှိသည်ဖြစ်စေ ဤတာဝန်ကို လက်ခံရုံမှတစ်ပါး အခြားမရှိသည်ကို နားလည်နေခဲ့ပေသည်။

“သခင်ကြီးယဲ့လု ကျွန်တော် ဒီတာဝန်ကို လက်ခံပါတယ်။ တစ်လအတွင်းမှာ မိန်ဂိုဏ်းသားတွေကို ဖမ်းဆီးပြီး စစ်လက်နက်ပစ္စည်းတွေကို သိမ်းဆည်းပါမယ်လို့ ကျွန်တော် အာမခံပါတယ်”

“လဝက်”

ယဲ့လုဖုန်းမှ အေးစက်စွာဖြင့် အချိန်အကန့်အသတ်ကို ပြောလာသည်။ နန်ပါးထျန်း ကြောင်အသွားရ၏။ ထို့နောက်တွင်မူ လက်သီးယှက်အရိုအသေပြုကာ ပြောလိုက်သည်။

“ဟုတ်ကဲ့။ လဝက်အတွင်းမှာ မိန်ဂိုဏ်းသားတွေကို ဖမ်းဆီးပြီး မြောက်ပိုင်းသူပုန်တပ်တွေဆီ ထောက်ပံ့ပို့ဆောင်မယ့် စစ်လက်နက်ပစ္စည်းတွေကို သိမ်းဆည်းပေးပါမယ်”

ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။

“ကောင်းတယ်။ မင်း သွားပြီး ပြင်ဆင်လိုက်တော့”

“ဟုတ်ကဲ့”

နန်ပါးထျန်းမှာ ငိုချမိလုနီးပါးပင်။ ထို့နောက် လက်သီးယှက်အရိုအသေပြုလျက် အခန်းထဲမှ ထွက်လာခဲ့သည်။ အပြင်ရောက်သောအခါ တံခါးဝတွင် ရပ်လျက် သူ့ကို ပြုံးလျက် ကြည့်နေသည့် ချန်ကျဲ့ကို မြင်လိုက်ရသည်။

နန်ပါးထျန်းသည် ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဘဲ ချန်ကျဲ့ကို အော်ဟစ်ပြောဆိုတော့သည်။

“ချန်ကျိုစစ် ခွေးကောင် မင်းသေပြီပဲ”

စကားအဆုံး၌ နန်ပါးထျန်းသည် ချန်ကျဲ့ကို လက်ဝါးသိုင်းကွက်တစ်ကွက်ဖြင့် တိုက်ခိုက်လေသည်။

All Chapters