← Chapters

အခန်း (၅၅၈)

Vol. 45 Ch. 558

အခန်း (၅၅၈)

Vol. 45 Ch. 558

“ချန်ကျိုစစ် ခွေးသစ္စာဖောက်ကောင်”

နန်ပါးထျန်း၏ အမျက်ဒေါသဖြင့် လက်ဝါးရိုက်ချက်သည် ချန်ကျဲ့ထံ တည့်တည့်ဦးတည်လာနေသည်။ ချန်ကျဲ့သည် သူ၏ဘေးပတ်ဝန်းကျင်ရှိ လေထုကြီးတစ်ခုလုံး အေးခဲသွားသည့်အလား အရိုးခိုက်အောင်သော အေးစိမ့်မှုတစ်မျိုးကို ခံစားလိုက်ရသည်။

ဤမျှ အင်အားကြီးမားသည့် လက်ဝါးသိုင်းကွက်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦး အံ့အားသင့်စေရန် လုံလောက်ပေသည်။

ဤသည်မှာ စွမ်းအင်ပြောင်းလဲခြင်းအထွတ်အထိပ်အဆင့်ဖြစ်သည်။ ဤသို့စွမ်းအားမျိုးမှာ တုနှိုင်းမဲ့၏။ ချန်ကျဲ့သည် မိမိမှ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို ထုတ်သုံးလျှင်ပင် နန်ပါးထျန်းကို အနိုင်မတိုက်နိုင်လောက်ဟု ခံစားရပေသည်။

နန်ပါးထျန်း၏အင်အားမှာ တိုးတက်လာကြောင်း သိသာထင်ရှားလှသည်။ သူဖုန်းစားအိုကြီးနှင့် တိုက်ခိုက်စဉ်ကထက် တစ်ဆင့်ပိုမြင့်သွားခဲ့ပြီ ဖြစ်သည်။

သူဖုန်းစားအိုကြီးသည် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်၏ သိုင်းကွက်တစ်ကွက်ဖြင့် နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့နှစ်ဦးကို ဖိနှိပ်နိုင်ခဲ့သည်။ သို့သော် ယခုတွင်မူ ချန်ကျဲ့မှ သိုင်းကွက်နှစ်ကွက် တတ်မြောက်လျှင်သော်မှ နန်ပါးထျန်းကို အနိုင်တိုက်နိုင်လိမ့်မည် မဟုတ်ဟု ခံစားနေခဲ့ရသည်။

နန်ပါးထျန်းမှ လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လာသော်ငြား ချန်ကျဲ့သည် ထိတ်ပျာမသွားခဲ့ပေ။

ပထမအချက်၊ ဤနေရာမှာ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဖြစ်သည်။ ဤနေရာ၌ နန်ပါးထျန်းသည် အလွန်အကျွံ လုပ်ဆောင်ရဲလိမ့်မည် မဟုတ်ပေ။ ဒုတိယအချက် သူ၏ဘေးတွင် လျိုလောင်ကွေ့ရှိနေပါ၏။

လျိုလောင်ကွေ့သည် ယဲ့လုဖုန်း၏ သဘောထားကြောင့် နန်ပါးထျန်းနှင့် တိုက်ရိုက် မတိုက်ခိုက်နိုင်သော်ငြား ချန်ကျဲ့နှင့် မဟာမိတ်ဖြစ်သည်။ ထို့ပြင် လျိုလောင်ကွေ့သည် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေမည့်သူ မဟုတ်ပေ။

နန်ပါးထျန်းမှ တိုက်ခိုက်လာချိန်တွင် လျိုလောင်ကွေ့သည် အမှန်တကယ်ပင် ချန်ကျဲ့ဘက်မှ တိုက်ခိုက်ပေးလာပါ၏။

ဝှစ်..

ချန်ကျဲ့သည် နားဘေးမှ လေတိုးသံကို ခံစားလိုက်ရပြီး အပူချိန်မြင့်တက်သွားမှုကိုလည်း ခံစားလိုက်ရသည်။ ထို့နောက် လျိုလောင်ကွေ့မှ လေပေါ်ခုန်တက်ကာ နန်ပါးထျန်းအား လက်ဝါးသိုင်းကွက်တစ်ခုဖြင့် တန်ပြန်တိုက်ခိုက်သည်အား မြင်တွေ့လိုက်ရသည်။

တစ်ဦးသည် ရေခဲ၊ တစ်ဦးသည် မီးလျံဖြစ်ရာ နှစ်ဦး၏စွမ်းအင်များသည် အရှိန်အဟုန်ပြင်းစွာ ထိခတ်သွားကြသည်။ လေထုမှာ ပေါက်ကွဲထွက်တော့မည့်အလား ရေခဲနှင့် မီးလျံတို့၏ အားပြိုင်မှုကို ခံစားနေရပေသည်။

ဘုန်းခနဲ အသံကျယ်ကြီးနှင့်အတူ နှစ်ဦးသည် နောက်သို့ အရှိန်ဖြင့် လွင့်ထွက်သွား၏။

နန်ပါးထျန်းသည် မြေပြင်သို့ ပြန်ကျလာပြီးနောက် ချန်ကျဲ့အား ရေခဲတမျှ အေးစက်သော မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။ လျို့လောင်ကွေ့သည်လည်း နန်ပါးထျန်းနှင့် ပြိုင်ဘက်မဟုတ်လေရာ နောက်သို့ ခြေလှမ်းဆုတ်သွားခဲ့သည်။

လျိုလောင်ကွေ့သည် အနည်းငယ် မျက်နှာပျက်ယွင်းနေခဲ့၏။ သူနှင့် နန်ပါးထျန်းသည် သိုင်းပညာ၌ အမြဲတမ်း တန်းတူမျှ ဖြစ်ခဲ့သော်ငြား ယခုတွင်မူ နန်ပါးထျန်းသည် အချိန်တိုလေးအတွင်း၌ သူ့ထက် သိသိသာသာ သာလွန်သွားခဲ့လေပြီ။ ဤအခွင့်အရေးကြောင့် မဟုတ်ခဲ့လျှင် အကယ်၍များ အနာဂတ်တွင် သေရေးရှင်ရေးတိုက်ပွဲဖြစ်လာခဲ့ပါက မိမိမှာ ဘာမှမသိထားဘဲ အရေးနိမ့်သွားမှာ စိုးရိမ်ရပေသည်။

နန်ပါးထျန်းသည် ချန်ကျဲ့ကို ရေခဲတမျှ အေးစက်စွာသော အကြည့်များဖြင့် ပြောသည်။

“ချန်ကျိုစစ် အခု မင်းက ကျောထောက်နောက်ခံရှိနေပြီဆိုတော့ ငါ့ကို ချောက်ချကြံစည်ရဲနေပြီပေါ့လေ”

ချန်ကျဲ့မှ ပြုံးလျက် ပြန်တုံ့ပြန်သည်။

“ခေါင်းဆောင် ဘာကြောင့် အဲဒီလိုပြောရတာပါလဲ။ ကျုပ် ဘယ်တုန်းကများ ခေါင်းဆောင်ကို ချောက်ချဖူးလို့ပါလဲ။ ဆန့်ကျင်ဘက်အနေနဲ့ ခေါင်းဆောင်ကသာ ကျုပ်ကို ထပ်ခါထပ်ခါ ထောင်ချောက်ဆင်နေခဲ့တာပါဗျာ”

“ဟက် ဝန်မခံဘူးပေါ့လေ။ မင်း ဒီနေ့ ငါ့ကို ထောင်ချောက်ဆင်ခဲ့တာ မဟုတ်ဘူးလား”

“ထောင်ချောက်တဲ့လား။ ဘာထောင်ချောက်လဲ”

ချန်ကျဲ့ နန်ပါးထျန်းကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ ထိုအခါ နန်ပါးထျန်းသည် ဒေါသများ တရိပ်ရိပ်မြင့်တက်လာလျက် ပြော၏။

“အဲဒီထွက်ပြေးသွားတဲ့အဖွဲ့သား”

ချန်ကျဲ့မှ ပြောသည်။

“ခေါင်းဆောင်ရဲ့လက်အောက်ငယ်သားက ကျုပ်နဲ့ ဘာဆိုင်လို့တုန်း။ အို ခေါင်းဆောင် ဒါက ကျုပ်ကို ချောက်ချဖို့ ကြံစည်နေပြန်တာလား။ အဲဒီအဖွဲ့သားက ကျုပ်လူပါလို့ အတိအကျကြီးပြောပြီး ကျုပ်ကို စွပ်စွဲတော့မှာတော့ မဟုတ်ပါဘူးနော်”

“အဲဒီလိုမဟုတ်ရင် ဘာဖြစ်နိုင်သေးလို့လဲ”

နန်ပါးထျန်းသည် ချန်ကျဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။ ချန်ကျဲ့မှ ပြောသည်။

“ဟား ခေါင်းဆောင်၊ ခေါင်းဆောင် ငါးဖမ်းကုန်သည်အဖွဲ့ကို အုပ်ချုပ်လာတာ ဆယ်စုနှစ်တစ်ခုကျော်နေပါပြီ။ ကျုပ်က အာဏာရတာဆိုလို့ နှစ်ဝက်ကျော်လေးပဲ ရှိသေးတာ။ ကျုပ်က ခေါင်းဆောင်ရဲ့အဖွဲ့သားတွေထဲမှာ လူထည့်ထားနိုင်မယ်လို့ ထင်နေတာလား။ အဲဒီလိုဆိုရင်တော့ ခေါင်းဆောင်က အရမ်းညံ့ဖျင်းတာပဲပေါ့”

“မင်း”

နန်ပါးထျန်း၏ အေးစက်စက်မျက်နှာသည် နီရဲသွား၏။

ချန်ကျဲ့မှ ဆက်ပြောသည်။

“ကျုပ်ခန့်မှန်းကြည့်ပါရစေ။ စီရင်စုအုပ်ချုပ်ရေးမှူးက ခေါင်းဆောင်ကို တစ်ခုခုပြောခဲ့တာများလား။ အဲဒါကြောင့် ခေါင်းဆောင်က စိတ်အခြေအနေဆိုးရွားပြီးတော့ အခုကျ အပြစ်ကို အချောင်ဝင်ခံခိုင်းဖို့ သင့်တော်မယ့် တခြားလူတစ်ယောက်ကို အပြစ်ပုံချဖို့ကြိုးစားနေတာပဲ။ ဒါပေမဲ့ ခေါင်းဆောင် ဒီလိုလုပ်တာက ခေါင်းလောင်းခိုးနေတုန်း ကိုယ့်နားကိုယ် ပိတ်ဆို့ထားသလိုမျိုး လုပ်ရပ်ပဲ။ ဘယ်သူက ယုံကြည်မှာလဲ”

ယဲ့လုဖုန်းမှ နန်ပါးထျန်းကို သင်ခန်းစာပေးခြင်းအပါအဝင် ဤအရာအားလုံးသည် သူ၏အစီအစဉ်အတွင်း၌သာ ဖြစ်သောကြောင့် ချန်ကျဲ့သည် တည်ငြိမ်အေးဆေးနေခဲ့သည်။

ဤသည်မှာလည်း ချန်ကျဲ့၏အစီအစဉ်ထဲတွင် ပါဝင်သည့် လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်သည်။

နန်ပါးထျန်းသည် ထောင်ချောက်အတွင်း ကျရောက်သွားပြီးဖြစ်ရာ ယခုမှ လွတ်မြောက်ခြင်းငှာ ခက်ခဲလိမ့်မည်။

ထိုသို့တွေးလျက် ချန်ကျဲ့သည် နန်ပါးထျန်းကို ပြုံးလျက် ကြည့်နေခဲ့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၌ နန်ပါးထျန်းမှ ပြောလာသည်။

“ကြည့်ကြသေးတာပေါ့”

ထို့နောက် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ ထွက်ခွာသွားခဲ့သည်။ ဤနေရာတွင် ဒုတိယအကြိမ် တိုက်ခိုက်မရနိုင်ကြောင်း နန်ပါးထျန်း သိသည်။ နောက်တစ်ကြိမ်တိုက်ခိုက်ပါက စီရင်စုအုပ်ချုပ်ရေးမှူးမှ သေချာပေါက် ကြားဝင်လာလိမ့်မည်။

ထိုစဉ် ယဲ့လုဖုန်း၏အခန်းထဲ၌ ယဲ့လုဖုန်းနှင့် ချီမုကောသည် အတွင်းဘက်မှ အပြင်ကို မြင်နိုင်ပြီး အပြင်မှ အတွင်းဘက်ကို မမြင်နိုင်အောင် အထူးပြုလုပ်ထားသော ပြတင်းပေါက်ရှေ့တွင် ရပ်နေကြသည်။

ချီမုကောသည် အပြင်ကို ကြည့်နေရင်းမှ ယဲ့လုဖုန်းကို ပြောသည်။

“သခင်ကြီးရော ချန်ကျိုစစ်က နန်ပါးထျန်းကို ချောက်ချတာလို့ ထင်လား”

ထိုအချိန်၌ ယဲ့လုဖုန်းသည် အပြင်ဘက်ရှိ ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ ထိုစဉ် တမင်ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ချန်ကျဲ့၏အကြည့်များ ယဲ့လုဖုန်းထံ ကျရောက်သွားခဲ့သည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားကြ၏။

“အဲဒါက အရေးမကြီးတော့ဘူး”

ယဲ့လုဖုန်းမှ ပြောသည်။

“ဟမ်”

ချီမုကော နားမလည်ပေ။ ယဲ့လုဖုန်းမှ ဆက်ပြောသည်။

“ဘာလို့ဆို နန်ပါးထျန်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ နန်ပါးထျန်းက ပြဿနာတက်နေပြီးပြီ။ သူလိုချင်တာကလည်း အဲဒါပဲ”

သို့သော် ချီမုကောသည် နားမလည်ပေ။

ယဲ့လုဖုန်းသည်လည်း ဘာမှထပ်မပြောတော့ပေ။ ပြတင်းပေါက်မှတစ်ဆင့် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ ယဲ့လုဖုန်းပြောသည်မှာ မှန်ပါသည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ချန်ကျဲ့၏အကြံအစည်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

ချန်ကျိုစစ်လုပ်တာ မဟုတ်ရင် နန်ပါးထျန်းလုပ်တာပဲ။ နန်ပါးထျန်းက တကယ်ပဲ မိန်ဂိုဏ်းနဲ့ပူးပေါင်းနေတာ ဖြစ်နိုင်တယ်။

သို့ဖြစ်ပါက ယဲ့လုဖုန်း၏ သံသယများ မှန်ကန်လိမ့်မည်။

နန်ပါးထျန်း မဟုတ်ခဲ့ရင်ရော။

ချန်ကျိုစစ်က နန်ပါးထျန်းကို ချောက်ချတာဖြစ်နေခဲ့ရင်လည်း ကိစ္စမရှိပါ။ နန်ပါးထျန်းသည် သူ့အပေါ် အမြဲလိုလို လှည့်ကွက်များ သုံးနေတတ်သည်ဖြစ်ရာ ယဲ့လုဖုန်းအနေဖြင့် နန်ပါးထျန်းကို သင်ခန်းစာပြန်ပေးရန် အချိန်ကျရောက်လာခြင်းဟု သတ်မှတ်လိုက်ပေမည်။

ချန်ကျိုစစ်သည် သူ့အား အလျဉ်းသင့်စွာ ဓားတစ်ချောင်း ကမ်းပေးလာခဲ့ခြင်းပင်။

သို့သော်

ယဲ့လုဖုန်းသည် မျက်လုံးတို့မှေးကျုံ့ထားလျက် ချီမုကောကို အမိန့်ပေးသည်။

“လတ်တလော ချန်ကျိုစစ်ကို သေချာစောင့်ကြည့်ထား။ သူ့လှုပ်ရှားမှုတွေကို မပြတ် ခြေရာခံထားပြီး ငါ့ကို သတင်းပြန်ပို့ချည်”

ချီမုကောမှ မေးသည်။

“သခင်ကြီး သူ့ကိုဘာလို့လဲ”

“ဒီတိုင်း သူ့ကိုစောင့်ကြည့်နေလိုက်”

ယဲ့လုဖုန်းမှ ပြောသည်။

“စစ်လက်နက်ပစ္စည်းတွေကို ရှာမတွေ့သ၍ လူတိုင်းက သံသယတရားခံပဲ”

“ဟုတ်ကဲ့”

…

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်အတွင်း အရေးကိစ္စသည် အဆုံးသတ်သွားခဲ့လေပြီ။ ချန်ကျဲ့နှင့် ရှောင်ဟူတို့သည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ ထွက်ခွာလာခဲ့ကြသည်။ အပြန်လမ်းတွင် ရှောင်ဟူမှ မေးသည်။

“အစ်ကိုကျိုစစ် ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမှာလဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဘာမှမလုပ်ဘူး။ မင်းလူတွေကို နောက်ရက်နည်းနည်းအတွင်း အေးအေးငြိမ်ငြိမ်နေကြဖို့ ပြောထားလိုက်။ ယဲ့လုဖုန်းက ငါတို့ကို စောင့်ကြည့်နေလိမ့်မယ်။ ငါတို့က ပုံမှန်အတိုင်း စျာပနအခမ်းအနားအတွက် ပြင်ဆင်နေရင်ရပြီ။ ကျန်တာ ဘာမှမလုပ်ကြနဲ့”

All Chapters