← Chapters

အခန်း (၅၅၀)

Vol. 45 Ch. 550

အခန်း (၅၅၀)

Vol. 45 Ch. 550

နန်ပါးထျန်းသည်လည်း ချင်းယင်အား အဖွဲ့သားသုံးရာကို ဦးဆောင်ပြီး မြို့စောင့်တပ်နှင့် ပူးပေါင်းစေရန် ဆုံးဖြတ်လိုက်သည်။ လျိုလောင်ကွေ့လည်း ပိုင်မော့ရှန်းအား အဖွဲ့သားသုံးရာကို ဦးဆောင်၍ မြို့စောင့်တပ်နှင့် ပူးပေါင်းလုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။

သို့ဖြင့် စီရင်စုအုပ်ချုပ်ရေးမှူး ယဲ့လုဖုန်းသည် သူ၏ ကုန်သည်အဖွဲ့များထံမှ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်သုံးဦးနှင့် တပ်သားသုံးရာစီ ရယူလိုသည့် ရည်ရွယ်ချက်ကို ဖြစ်မြောက်စေနိုင်ခဲ့ကာ မိန်ဂိုဏ်းအနေဖြင့် မြို့ပြင်သို့ ဖောက်ထွက်ရန် မဖြစ်နိုင်လုနီးပါး အခြေအနေကို ဖန်တီးနိုင်ခဲ့သည်။

ချန်ကျဲ့မှ ပြောသည်။

“သခင်ကြီးယဲ့လု၊ ကျွန်တော့်အထင်တော့ ကျွန်တော်တို့ ခုခံနည်းချည်းပဲ မသုံးသင့်ဘူး။ ခုခံနည်းကနေ လက်ဦးမှုရယူနည်းကို ပြောင်းလဲသင့်တယ် ထင်ပါတယ်”

ယဲ့လုဖုန်းသည် ချန်ကျဲ့ကို ကြည့်လာပြီး မေးသည်။

“ခုခံနည်းကနေ လက်ဦးမှုရယူနည်းကို ဘယ်လိုပြောင်းလဲမလဲ”

နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည်လည်း ချန်ကျဲ့၏အကြံဉာဏ်ကို သိချင်သဖြင့် ချန်ကျဲ့ထံ အာရုံစိုက်နေကြသည်။ ထိုအခါ ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။

“တကယ်တော့ ရိုးရှင်းပါတယ်။ ကျွန်တော်တို့ အခြေအနေကို ခွဲခြမ်းစိတ်ဖြာလို့ ရတယ်”

“အရင်ဆုံး သတင်းအချက်အလက်က တိကျတယ် ဟုတ်တယ်မလား”

ချန်ကျဲ့မှ မေးသည်။ ထိုအခါ ချီမုကောမှ ပြောလာသည်။

“လုံးဝ မမှားနိုင်ဘူး။ ဒီသတင်းအချက်အလက်ကို ကျုပ်ကိုယ်တိုင် စစ်မေးပြီးတော့မှ ရလာခဲ့တာပါ”

ချန်ကျဲ့မှ ပြောသည်။

“အဲဒါဆိုကောင်းတယ်။ အဲဒီတော့ မျန့်ရွှေမြို့ထဲမှာ လက်နက်သွန်းလုပ်နေတဲ့သူတွေ တကယ်ရှိနေတယ်လို့ ဆိုလိုနေတာပဲ”

ချီမုကောမှ ခေါင်းညိတ်သည်။ ချန်ကျဲ့ ဆက်ပြော၏။

“အဲဒါဆိုရင် ဒီကိစ္စက ရိုးရှင်းသွားပြီ။ မျန့်ရွှေမြို့က နည်းနည်းကျယ်ရုံပါပဲ။ ကျွန်တော်တို့ စောင့်ကြည့်လို့ရတယ်။ ပြီးတော့ သူတို့တွေ လက်နက်သွန်းလုပ်ဖို့အတွက်က သေချာပေါက် ပန်းပဲလုပ်တဲ့ အသံတွေ ရှိနေမှာပဲ။ အဲဒီလိုအသံမျိုးက ဖုံးကွယ်ထားဖို့ လွယ်ကူတဲ့ အသံတွေ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလောက်အချိန်တွေအတွင်းမှာ တစ်ခါမှ ဆူညံသံကြောင့် တိုင်ကြားမခံခဲ့ရဖူးဘူး။ အဲဒါက သူတို့တွေက လက်နက်သွန်းလုပ်တဲ့နေရာကို သေချာဖုံးကွယ်ထားတယ်ဆိုတာကို ညွှန်ပြနေတာပါပဲ”

“ပန်းပဲသွန်းလုပ်နေတဲ့ ဆူညံသံတွေကို ဖုံးကွယ်ဖို့ဆိုရင် ကျွန်တော်တော့ နည်းလမ်းနှစ်ခုပဲ စဉ်းစားမိပါတယ်။ ပထမနည်းလမ်းက မြေအောက်ခန်းတူးဖော်တာပါပဲ။ မြေအောက်ကို နက်နက်တူးပြီးတော့ ကြက်၊ဘဲနဲ့ ငန်းတို့လို တိရစ္ဆာန်တွေကို အပေါ်မှာ မွေးမြူထားမယ်ဆိုရင် တိရစ္ဆာန်တွေရဲ့အသံနဲ့ ပန်းပဲဖိုက အသံတွေကို ဖုံးကွယ်ထားနိုင်ပါလိမ့်မယ်”

ချန်ကျဲ့သည် ပထမနည်းလမ်းကို သာဓက ပြောပြခဲ့သည်။ ကျူးတိသည် ကျင်းနန်လှုပ်ရှားမှုအတွင်း၌ ဤနည်းလမ်းကို အသုံးပြု၍ လက်နက်များကို သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။

သေချာပေါက်ပင် ဤလူများသည် ကျူးတိမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိကြပါချေ။ သို့သော် ချန်ကျဲ့၏သာဓကမှာ ကျိုးကြောင်းဆီလျော်သည်ဟု တွေးမြင်ကြသည်။

ချန်ကျဲ့ ဆက်ပြောသည်။

“ဒါပေမဲ့ ဒီနည်းလမ်းက နယ်မြေအရမ်းကျယ်ပြန့်နိုင်တာကြောင့် စုံစမ်းစစ်ဆေးဖို့ မလွယ်ကူပါဘူး။ အဲဒါကြောင့် လောလောဆယ်တော့ ဒီနည်းလမ်းကို ခဏ ဘေးဖယ်ထားလိုက်ပါမယ်။ ပြီးတော့ လူတွေရဲ့ အာရုံစိုက်မခံရလောက်မယ့် ဒုတိယနည်းလမ်းတစ်ခုကိုလည်း ကျွန်တော် စဉ်းစားမိထားပါသေးတယ်”

“ဘာများလဲ”

အားလုံးသည် ချန်ကျဲ့ကို ကြည့်နေခဲ့ကြသည်။ ချန်ကျဲ့မှ ပြောသည်။

“ပန်းပဲရုံမှာ သွန်းလုပ်တဲ့နည်းလမ်းပါ”

“ဟင်”

ထိုစကားတွင် အားလုံးသည် ချန်ကျဲ့ကို အံ့အားသင့်စွာ ကြည့်လာကြသည်။ချန်ကျဲ့မှ ရှင်းပြသည်။

“ဟုတ်ပါတယ်၊ ပန်းပဲရုံမှာ လက်နက်သွန်းလုပ်တာပါပဲ။ အားလုံးပဲ စဉ်းစားကြည့်ကြပါ။ ပန်းပဲရုံမှာ တူသံ၊ ထုရိုက်သံတွေ တစ်နေ့လုံးဆူညံနေတယ်ဆိုတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ အဲဒီပန်းပဲရုံထဲမှာ သွန်းလုပ်နေတာက လယ်ယာသုံးပစ္စည်းတွေလား စစ်လက်နက်တွေလားဆိုတာ ဘယ်သူက သိနိုင်မှာတဲ့လဲ”

“အဲဒါကြောင့် ရှောင်တခင် ဝင်စစ်ဆေးကြည့်လိုက်မယ်ဆိုရင် မကောင်းပေဘူးလား။ စစ်ဆေးရေးဝင်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားတဲ့အခြေအနေမှာ ရှာဖွေစစ်ဆေးကြည့်မယ်ဆို အကျိုးသက်ရောက်မှုကောင်း ရှိနိုင်ပါလိမ့်မယ်”

ချန်ကျဲ့ သူ၏အတွေးတို့ကို ပြောပြခဲ့သည်။ ယဲ့လုဖုန်းသည် မျက်လုံးများ တောက်ပသွားခဲ့၏။

ဒီနည်းဗျူဟာက အလုပ်ဖြစ်လောက်တယ်။

ရှောင်တခင်စစ်ဆေးခြင်း။

ယဲ့လုဖုန်းသည် ထိုအခေါ်အဝေါ်နှင့် မရင်းနှီးသော်ငြား အနက်အဓိပ္ပာယ်ကိုမူ ဖမ်းဆုပ်မိခဲ့ပါ၏။ တခဏမျှ အံ့ဩမင်သက်နေပြီးနောက်၌ ယဲ့လုဖုန်းသည် မှတ်ချက်ပြုလာသည်။

“တကယ့်ကိုပဲ ကျိုစစ်ပေးတဲ့အကြံဥာဏ်က တကယ် ကျိုးကြောင်းဆီလျော်တယ်”

“မင်းတို့ရော ဘယ်လိုထင်သလဲ”

လျိုလောင်ကွေ့မှ ပြောသည်။

“အင်း.. ကျိုစစ်ရဲ့အကြံဉာဏ်က တကယ့်ကို ကောင်းမွန်ပါတယ်။ ပြောင်မြောက်တဲ့နည်းဗျူဟာပါပဲ”

နန်ပါးထျန်းသည် အသိအမှတ်မပြုလိုပါသည့်တိုင် မတတ်သာဘဲ အသိအမှတ်ပြုရလေသည်။

“အင်း ကျိုစစ်ပြောတာ အဓိပ္ပာယ်ရှိပါတယ်”

ချီမုကောသည် ခေါင်းညိတ်ထောက်ခံကာ ထပ်ပေါင်းပြောဆိုသည်။

“အင်း ဒီနည်းလမ်းက အလုပ်ဖြစ်လောက်တယ်။ သခင်ကြီး ကျွန်တော်တို့ စမ်းကြည့်သင့်တယ်ထင်ပါတယ်”

ယဲ့လုဖုန်းလည်း ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“အင်း အရမ်းကောင်းတယ်။ အကုန်လက်ခံကြတယ်ဆိုတော့ ရုတ်တရက် ရှာဖွေစစ်ဆေးမှုလုပ်ကြတာပေါ့။ ဒါနဲ့ မျန့်ရွှေစီရင်စုမှာ ပန်းပဲရုံဘယ်နှခုရှိသလဲ။ အကြီးဆုံးပန်းပဲရုံကရော ဘယ်ဟာလဲ”

ထိုအခါ နန်ပါးထျန်းမှ ပြောသည်။

“လက်ရှိ မျန့်ရွှေမှာ ပန်းပဲရုံ လေးခု ရှိပါတယ်။ အကြီးဆုံးကတော့ အရှေ့မြို့က စွင်းမိသားစုပန်းပဲရုံပါပဲ။ အဲဒီပန်းပဲရုံရဲ့ စွင်းထျဲချွေ့က အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်တစ်ယောက်ပါ”

လျိုလောင်ကွေ့မှ ထောက်ခံသည်။

“အင်း ဟုတ်တယ် ဟုတ်တယ်။ စွင်းထျဲချွေ့က တကယ့်ကို အရည်အချင်းနည်းနည်းရှိတယ်”

“စွင်းထျဲချွေ့တဲ့လား”

ယဲ့လုဖုန်းသည် ရေရွတ်လိုက်ပြီးနောက် ချက်ချင်း ပြောလာသည်။

“အင်း အဲဒါဆိုလည်း စစ်ဆေးကြတာပေါ့။ ချီမုကော မင်းရဲ့တပ်သားတွေကို လက်နက်အပြည့်အစုံနဲ့ ဦးဆောင်ပြီး အရှေ့မြို့ကို အခုချက်ချင်း ချီတက်ပါ။ စွင်းမိသားစုပန်းပဲရုံကို သေချာ စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးပါ။ အို ပြီးတော့ မင်းတို့သုံးယောက်လည်း အတူလိုက်သွားလိုက်ကြ။ စွင်းထျဲချွေ့က အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်တစ်ယောက်ဆိုတော့ အထောက်အပံ့အနေနဲ့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင် များများရှိနေတာ ပိုကောင်းလိမ့်မယ်”

ယဲ့လုဖုန်း၏ ညွှန်ကြားချက်အဆုံး၌ အားလုံးသည် အရိုအသေပြု၍ ဖြေလိုက်ကြသည်။

“ဟုတ်ကဲ့”

ယဲ့လုဖုန်းသည် လက်ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“အမ်း ဒါဆိုလည်း မင်းတို့အားလုံး ပြင်ဆင်လိုက်ကြပါဦး။ ငါ အခန်းပြန်ပြီး ခဏနားလိုက်ဦးမယ်”

ထို့နောက် ယဲ့လုဖုန်းသည် သူ၏အိပ်ဆောင်သို့ ထွက်ခွာသွားခဲ့သည်။ သို့ဖြင့် ချန်ကျဲ့နှင့် အခြားသူများသာ အပြင်ဆောင်တွင် ကျန်ရစ်ခဲ့ကြသည်။ ထိုအခါ ချန်ကျဲ့သည် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောသည်။

“ကောင်းပြီ၊ အခု ကျွန်တော်တို့ အလုပ်လုပ်ကြတာပေါ့”

နန်ပါးထျန်းမှ ချန်ကျဲ့ကိုကြည့်လျက် ပြောသည်။

“ကျိုစစ် မင်းကိုကြည့်ရတာ မိန်ဂိုဏ်းကို ဖမ်းဆီးဖို့အတွက် အရမ်းစိတ်အားထက်သန်နေသလိုပဲ”

ချန်ကျဲ့ ရယ်လိုက်သည်။

“ကျွန်တော့်မှာ ရွေးချယ်စရာမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် တော်ဝင်နန်းတော်ဆီ အပ်နှင်းပြီးမှတော့ ကျွန်တော့်အနေနဲ့ စစ်မှန်မှုတချို့တော့ ပြသပေးရမှာပေါ့”

ချန်ကျဲ့သည် ထိုသို့ပြောရင်း အပြင်သို့ ထွက်လာခဲ့သည်။ လျိုလောင်ကွေ့သည် ချန်ကျဲ့နောက်မှ လိုက်လာသည်။ နန်ပါးထျန်းသည် ချန်ကျဲ့နှင့် လျိုလောင်ကွေ့တို့အား နှစ်ယောက်တည်း ပူးကပ်မနေစေလိုသောကြောင့် နောက်မှ လိုက်ထွက်လာခဲ့သည်။ ချန်ကျဲ့နှင့် လျိုလောင်ကွေ့တို့ ပူးပေါင်းပြီး သူ့အား အကွက်ချကြံစည်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

အပြင်ရောက်သော် ချန်ကျဲ့သည် ရှောင်ဟူကို အဓိပ္ပာယ်ပါသည့်မျက်လုံးတို့ဖြင့် ကြည့်လိုက်သည်။ ရှောင်ဟူသည် ထိုအကြည့်ကို ချက်ချင်း ရိပ်ဖမ်းမိလိုက်ပြီး တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

ထိုအခါ ချန်ကျဲ့သည် လျိုလောင်ကွေ့ဘက်သို့ လှည့်ပြီး ပြောသည်။

“ခေါင်းဆောင်လျို၊ နောက်၇ရက်ကျရင် ကျုပ်တို့ကျားဖြူခန်းမမှာ စျာပနအခမ်းအနားကျင်းပဖို့ ရှိပါတယ်။ ခေါင်းဆောင်လျိုအနေနဲ့ တက်ရောက်ပေးမယ်ဆိုရင် ကျုပ်တို့ကျားဖြူခန်းမက ဂုဏ်ယူဝမ်းမြောက်မိမှာပါ”

လျိုလောင်ကွေ့မှ ပြန်ပြောသည်။

“အမ်း အဲဒီသူရဲကောင်း၂၈ယောက်က ငါ့သားကို ကယ်ဖို့အတွက် အသက်စွန့်သွားကြတာပါ။ ငါတို့ချောင်ကုန်သည်အဖွဲ့က သူတို့အပေါ် ကျေးဇူးကြွေးတင်နေတာပါ။ ငါ သေချာပေါက် တက်ရောက်ရမှာပေါ့။ အကယ်၍ ငါ့သားလျိုစုန့်ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်လာခဲ့ရင် သူရဲကောင်းတွေကို ဂါရဝပြုနှုတ်ဆက်ဖို့အတွက် ငါ သူ့ကိုပါ အတူခေါ်လာခဲ့ပါ့မယ်”

ချန်ကျဲ့ အရိုအသေပြုလိုက်ပြီး ပြန်ပြောသည်။

“ခေါင်းဆောင်လျိုကို ကျေးဇူးတင်ပါတယ်”

လျိုလောင်ကွေ့မှ ပြောသည်။

“ငါတို့က ညီနောင်တွေပဲလေ၊ ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒါနဲ့ စကားမစပ် မင်း ခေါင်းဆောင်နန်ကိုရော စျာပနကို တက်ရောက်ဖို့ မဖိတ်တော့ဘူးလား”

ထိုအခါ ချန်ကျဲ့ နန်ပါးထျန်းကို လှည့်ကြည့်ကာ မေးလိုက်သည်။

“ခေါင်းဆောင်နန် တက်ရောက်လိုပါသလား”

နန်ပါးထျန်းမှ ပြန်ပြောသည်။

“ငါ့မှာ ဖြေရှင်းစရာကိစ္စလေးတွေရှိသေးလို့ မတက်တော့ပါဘူး”

ငါက အဲဒီစျာပနကို ဘာလို့ တက်ရမှာလဲ။ သူတို့ကို သေစေခဲ့တာက ငါလေ။ အဲဒီစျာပနကို တက်ရအောင် ဘယ်သူ့ကို စော်ကားဖို့ တက်ရမှာလဲ။

ချန်ကျဲ့ နန်ပါးထျန်းကိုကြည့်၍ ပြောသည်။

“ခေါင်းဆောင်၊ ကျွန်တော်တို့တွေ ညီနောင်တွေကို သူတို့ရှေ့မှာ ဂါရဝပြုနှုတ်ဆက်ပြီးတော့ ပို့ဆောင်ပေးသင့်တယ် မဟုတ်ဘူးလား”

နန်ပါးထျန်းသည် တောင့်ခဲနေသော မျက်နှာကြီးဖြင့် ပြန်ပြောလာသည်။

“ငါက ငါက သူတို့ကို ဦးညွှတ်ရမယ်တဲ့လား”

ချန်ကျဲ့မှ ပြောသည်။

“မလုပ်သင့်ဘူးလား။ ခေါင်းဆောင် ခင်ဗျားရဲ့အသိစိတ်ကို ရှင်းလင်းစင်ကြယ်အောင် လုပ်သင့်တယ်။ ခေါင်းဆောင် ပါဝင်ပတ်သက်နေတာကြောင့်သာ မဟုတ်ခဲ့ရင် သူတို့ သေဆုံးခဲ့ရမှာ မဟုတ်ဘူး။ ခေါင်းဆောင် သူတို့ကို နောင်တနဲ့ ဝမ်းနည်းမှုတချို့တလေလောက် မပြသချင်ဘူးလား”

နန်ပါးထျန်းမှ အေးစက်စွာ ထေ့ငေါ့ပြောဆိုသည်။

“ဟက် သူတို့ကို ဘယ်သူက သခင်မှားရွေးခိုင်းလို့လဲ။ သခင် မှားပြီး ရွေးချယ်မိရင် တန်ကြေးပေးဆပ်ရတယ်။ ဒါက ငါ့ရဲ့နိယာမပဲ”

All Chapters