← Chapters

အခန်း (၆၆၁-၆၆၃)

Vol. 45 Ch. 661-663

အခန်း (၆၆၁-၆၆၃)

Vol. 45 Ch. 661-663

အပိုင်း (၆၆၁) ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုး

ဤကဲ့သို့သော လူ့ကျင့်ဝတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးကို အားလုံးရှေ့တွင် ဖွင့်ချလိုက်လေသည်။

လူတိုင်းသည် ထိတ်လန့်တုန်လှုပ်လျက်ရှိကြ၏။

မယ်တော်ကြီးကျောက် ပထမဆုံးအကြိမ် ဓားဖြင့် ထိုးလိုက်စဉ်က လုမင်ယွိသည်လည်း အလွန်အံ့သြသွားခဲ့သည်။ သို့သော် ဒုတိယအကြိမ်၊ တတိယအကြိမ် ထိုးချိန်တွင်မူ လုမင်ယွိသည် သတိဝင်နေပြီဖြစ်၍ ဝင်ရောက်တားဆီးလိုလျှင် အပြည့်အဝ တားဆီးနိုင်လေသည်။

သို့သော်လည်း သူမသည် တားဆီးလိုသည့် အရိပ်အယောင် လုံးဝ မပြခဲ့ချေ။

"ဒီလူမိုက်ကို အပိုင်းပိုင်း အပြတ်ပြတ် မသတ်ဘဲထားတာက သူ့အတွက် သက်သာလွန်းနေသေးတယ်" ဟု သူမ စိတ်ထဲတွင် တွေးနေမိသည်။

ပထမမင်းသားသည် ဓားဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း မယ်တော်ကြီးကျောက်မှာမူ ရူးသွပ်နေဆဲဖြစ်ပြီး ဓားမြှောင်ဖြင့် အလောင်းကို အဆက်မပြတ် ထိုးစိုက်နေဆဲပင်။ သွေးများမှာ ကြမ်းပြင်တစ်ခုလုံးတွင် ပြန့်ကျဲနေပြီး ညှီစို့သော သွေးနံ့များမှာလည်း လေထုထဲတွင် ပျံ့လွင့်နေလေသည်။ လူတိုင်း၏ မျက်နှာများမှာ ဖြူလျော့ကာ ကြည့်ရဆိုးနေကြတော့သည်။

ချောင်မိဖုရားခေါင်သည် သည်လို ပြင်းထန်သော စိတ်ထိခိုက်မှုကို ခံနိုင်ရည် မရှိတော့ဘဲ လုမင်ယွိ၏ အင်္ကျီလက်ကို ဆွဲကာ တုန်တုန်ယင်ယင်နှင့် စကားပြောရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် သတိမေ့မြောကာ လဲကျသွားလေသည်။

လုမင်ယွိသည် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သဖြင့် ချောင်မိဖုရားခေါင်ကို အချိန်မီ ဖမ်းထိန်းလိုက်နိုင်သည်။

ချိုင်လန်သည်လည်း ကြောက်လန့်လွန်းသဖြင့် မျက်နှာဖြူလျော့နေသော်လည်း တုန်တုန်ယင်ယင်နှင့် ချောင်မိဖုရားခေါင်၏ အခြားတစ်ဖက်လက်မောင်းကို ဝင်ရောက်ကူညီ တွဲထူပေးထားရသည်။

လုမင်ယွိသည် နန်းတွင်းသူနှစ်ဦးကို ခေါ်ယူပြီး ချောင်မိဖုရားခေါင်ကို အပြင်သို့ တွဲထုတ်သွားကာ တော်ဝင်သမားတော်အား အပ်စိုက်ကုသစေရန် အမိန့်ပေးလိုက်၏။

အိပ်ဆောင်အတွင်းရှိ မယ်တော်ကြီးကျောက်မှာမူ ရှိသမျှ အားအင်ကုန်ခမ်းသွားပြီး နောက်ဆုံးဓားချက်ကို ပထမမင်းသား၏ ရင်ဘတ်ပေါ်တွင် ထိုးစိုက်လိုက်ကာ ဓားမြှောင်ကို ပြန်လည်ဆွဲထုတ်ရန်ပင် အားမရှိတော့ချေ။ သူမ၏ ကိုယ်တစ်ပိုင်းတွင် သွေးများ ပေကျံနေပြီး မျက်နှာပေါ်တွင်လည်း သွေးစက်များဖြင့် ပြည့်နှက်နေလေသည်။ သူမသည် ကြောက်မက်ဖွယ်ကောင်းအောင် အားရပါးရ ရယ်မောလိုက်ပြီး အော်ဟစ်နေတော့သည်။ "အားယွမ်... ကြည့်စမ်း၊ အမေ နင့်အတွက် လက်စားချေပေးလိုက်ပြီ။ ဒီမိဘစကား နားမထောင်တဲ့ သားမိုက်ကို အမေ ကိုယ်တိုင် သတ်ပစ်လိုက်ပြီ! ဟားဟားဟား!"

မယ်တော်ကြီးကျောက်သည် စိတ်ထိခိုက်မှု လွန်ကဲကာ ရူးသွပ်သွားပြီး သတိလွတ်နေလေပြီ။

ချောင်ကောလောင်နှင့် အခြားဝန်ကြီးများမှာ စိုးရိမ်ပူပန်သော မျက်နှာထားများဖြင့် ရှိနေကြသော်လည်း မည်သူမျှ အနားသို့ မကပ်ရဲကြပေ။

တော်ဝင်ရဲမက်များကလည်း လှုပ်ရှားရန် မဝံ့ရဲကြချေ။

ထို့ကြောင့် ဤကိစ္စကို သူမကိုယ်တိုင်သာ ဖြေရှင်းရတော့မည်။

လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင်ထားကာ လျင်မြန်စွာ ရှေ့သို့တိုးပြီး မယ်တော်ကြီးကျောက်၏ လက်မောင်းကို ဖမ်းချုပ်လိုက်သည်။ မယ်တော်ကြီးကျောက်သည် ပြင်းထန်စွာ ရုန်းကန်လာပြီး မျက်လုံးများမှာ ပြူးကျယ်လျက် ရူးသွပ်သော အလင်းရောင်များ တောက်ပနေကာ စူးစူးဝါးဝါး အော်ဟစ်လေတော့သည်။ "လွှတ်! ငါ့ကို အခုချက်ချင်း လွှတ်စမ်း!"

လုမင်ယွိသည် ညာလက်ဝါးစောင်းဖြင့် မယ်တော်ကြီးကျောက်၏ နောက်စေ့ကို ရိုက်ချလိုက်သည်။ မယ်တော်ကြီးကျောက်သည် နောက်စေ့မှ နာကျင်မှုကို ခံစားလိုက်ရပြီးနောက် မျက်ဖြူလန်ကာ မေ့လဲသွားတော့သည်။

စူးရှသော အော်ဟစ်သံများ ရပ်တန့်သွားပြီး ကမ္ဘာလောကကြီးတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားတော့၏။

အားလုံးလည်း အခုမှ သက်ပြင်းချနိုင်ကြတော့သည်။

မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ် နတ်ရွာစံခြင်းကြောင့် စိတ်ထိခိုက်လွန်ကဲကာ သတိလွတ်သွားခဲ့ပြီး ချောင်မိဖုရားခေါင်မှာလည်း သွေးထွက်သံယို မြင်ကွင်းများကို မကြုံဖူးသဖြင့် ကြောက်လန့်ကာ မေ့လဲသွားခဲ့ပြီ။ ကံကောင်းထောက်မစွာဖြင့် ကြံ့ခိုင်သန်စွမ်းသော ထိုက်ဇီဖေး ရှိနေသဖြင့် အခြေအနေကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

ဤအခိုက်အတန့်တွင် ဝန်ကြီးများအားလုံးသည် လုမင်ယွိအပေါ် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားကြည်ညိုမိကြပြီး ဟန်ဆောင်မှု ကင်းမဲ့စွာဖြင့် နာခံလိုစိတ်များ ဖြစ်ပေါ်လာကြသည်။

ယခင်က လုမင်ယွိအပေါ်တွင် အနည်းငယ် သဘောမကျခဲ့သော ချောင်ကောလောင်သည် ပထမဆုံး ပါးစပ်ဟကာ လျှောက်တင်လိုက်သည်။ "အခုလို အခြေအနေမျိုးမှာ နန်းတော်ထဲမှာ အခြေအနေကို ထိန်းသိမ်းပေးမယ့်သူ လိုအပ်ပါတယ်။ မယ်တော်ကြီးက ဝမ်းနည်းလွန်းလို့ စိတ်ထိခိုက်နေပြီး၊ ဟွမ်ဟုပ်ညန်ညန်ကလည်း ကျန်းမာရေး မကောင်းပါဘူး။ ဒါကြောင့် ထိုက်ဇီဖေးညန်ညန်အနေနဲ့ ရှေ့ထွက်ပြီး တိုင်းပြည်ရဲ့ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းပေးဖို့ ကျွန်တော်မျိုး အသနားခံပါတယ်။ ကျွန်တော်မျိုးတို့ ဝန်ကြီးတွေ အားလုံး ညန်ညန်ရဲ့ အမိန့်ကို နာခံပါ့မယ်"

ဝန်ကြီးလော်ကလည်း ချက်ချင်းပင် ထောက်ခံလေသည်။ "ကျွန်တော်မျိုးလည်း ထိုက်ဇီဖေးညန်ညန်ကို အခြေအနေ ထိန်းသိမ်းပေးဖို့ အသနားခံပါတယ်!"

ဝန်ကြီးယွီနှင့် အခြားသူများကလည်း တညီတညွတ်တည်း ဆိုလိုက်ကြသည်။ "ကျွန်တော်မျိုးလည်း ထိုက်ဇီဖေးညန်ညန်ကို အခြေအနေ ထိန်းသိမ်းပေးဖို့ အသနားခံပါတယ်!"

ယခုအချိန်သည် ယဉ်ကျေးပြနေရမည့် အချိန်မဟုတ်တော့ပေ။

လုမင်ယွိသည် ငြင်းဆန်ခြင်း မပြုဘဲ ခေါင်းညိတ်လိုက်ကာ ပြတ်သားစွာ ပြောလိုက်သည်။ "အမျိုးသမီးတွေက တိုင်းပြည်ရေးရာကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ စည်းကမ်း ရှိပေမယ့် ဒီနေ့ အခြေအနေက ထူးခြားနေလို့ ခဏတာ တာဝန်ယူရတာပါ။ လူကြီးမင်းတို့ အားလုံး သက်သေအဖြစ် မှတ်ထားပေးကြပါ၊ ကျွန်မ လုမင်ယွိက အာဏာမက်လို့ လုပ်တာ မဟုတ်ပါဘူး။ အခြေအနေက အရေးကြီးနေလို့ မလွှဲမရှောင်သာ ရှေ့ထွက်လာရတာပါ"

ဝန်ကြီးများ အားလုံးက တပြိုင်နက်တည်း လက်နှစ်ဖက်ကို ယှက်၍ ကတိပြုလိုက်ကြသည်။ "ကျွန်တော်မျိုးတို့ တာဝန်ယူပါတယ်!"

မည်သူမဆို ဤကဲ့သို့သော ကောင်းကင်ပြိုမတတ် ကြီးမားသော အပြောင်းအလဲနှင့် ကြုံတွေ့ရပါက စိတ်လှုပ်ရှား တုန်လှုပ်မိမည်မှာ မလွဲဧကန်ပင်။

လုမင်ယွိသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ လှိုင်းတံပိုးများကဲ့သို့ ဆူပွက်နေသည်။ သို့သော် သူမသည် စိတ်ကို ထိန်းချုပ်ထားနိုင်ပြီး စိုးရိမ်ပူပန်မှုများကို အပြင်သို့ ထုတ်မပြခဲ့ခြင်းသာ။

လုမင်ယွိသည် ချောင်ကောလောင်ကို ကြည့်ကာ ပြောလိုက်သည်။ "အခု အရေးကြီးဆုံးက ဖုဟွမ် နတ်ရွာစံတဲ့ ကိစ္စကို လျှို့ဝှက်ထားဖို့ပါပဲ။ ဒီကိစ္စကို သိတဲ့သူတွေက အခု ဝမ်ဟွားနန်းဆောင်ထဲမှာပဲ ရှိနေကြတာပါ။ အနောက်နန်းဆောင် တည်ငြိမ်ဖို့အတွက် ဒီကိစ္စကို ကိုယ်လုပ်တော်တွေ၊ မိဖုရားတွေကို အသိမပေးဘဲ လျှို့ဝှက်ထားသင့်တယ်လို့ ကျွန်မ ထင်ပါတယ်"

ဤသည်မှာ မုန့်ဖေးနှင့် ချင်ဖေးတို့ကို ကာကွယ်ရန် စီစဉ်ခြင်းဖြစ်သည်။

မုန့်ဖေးသည် နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ပြီး သူမ၏ လူယုံအချို့ ရှိနေနိုင်သည်။ အကယ်၍ သူမသည် ပထမမင်းသား သေဆုံးသွားခြင်းကြောင့် စွန့်စားရမည့် အလုပ်များကို လုပ်ဆောင်လာပါက ပြဿနာ အနည်းနှင့်အများ ရှိလာနိုင်သည်။

ချင်ဖေးကိုလည်း သတိထားရမည်။ ယခုအချိန်တွင် ထိုက်ဇီသည် မြို့တော်သို့ ပြန်မရောက်သေးပေ။ အကယ်၍ ချင်ဖေးသည် မကောင်းသော အကြံအစည်များ ရှိလာပြီး မယ်တော်ကြီးကျောက်ကို သွေးထိုးကာ ဖူယန်မြို့စားနှင့် ပူးပေါင်း၍ စတုတ္ထမင်းသားကို ထီးနန်းတင်ရန် ကြိုးစားလာပါက နန်းတော်အတွင်း၌ ကြီးမားသော ပုန်ကန်မှုများ ဖြစ်ပေါ်လာနိုင်သည်။

ယန်ဖင်ကဲ့သို့သော သူများမှာမူ မည်သည့်ပြဿနာမျှ ဖန်တီးနိုင်မည် မဟုတ်ပေ။

လုမင်ယွိ၏ တွေးခေါ်မှုမှာ အလွန် ရှင်းလင်းပြတ်သားလှသည်။ ချောင်ကောလောင်သည် အလွန် ကျေနပ်အားရသွားပြီး ချက်ချင်းပင် ထောက်ခံလိုက်သည်။ "ညန်ညန် စဉ်းစားတာ အရမ်း မှန်ကန်ပါတယ်။ ဒီကိစ္စကို သိတဲ့သူတွေကို နှုတ်ပိတ်ထားပြီး အပြင်ကို လုံးဝ မပေါက်ကြားစေရပါဘူး"

ဝန်ကြီးလော်ကလည်း အကြံပြုလေသည်။ "မယ်တော်ကြီးက ဝမ်းနည်းလွန်းလို့ စိတ်ထိခိုက်နေတာဆိုတော့ ရှို့နဉ်နန်းဆောင်မှာပဲ ခဏလောက် အနားယူခိုင်းတာ ကောင်းမယ်ထင်ပါတယ်"

"ဟွမ်ဟုပ်ညန်ညန်ကိုတော့ ဝမ်ဟွားနန်းဆောင်မှာပဲ နေခိုင်းလိုက်ပါ။ ထိုက်ဇီဖေးညန်ညန်ကလည်း ဟွမ်ဟုပ်ညန်ညန်ကို ပြုစုစောင့်ရှောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတူတူ နေလို့ရပါတယ်" ဝန်ကြီးယွီက တိုးညှင်းစွာ အကြံပြုသည်။

ဝန်ကြီးယန်က စဉ်းစားပြီးနောက် ဖြည့်စွက် အကြံပြုလေသည်။ "ပထမမင်းသား သေဆုံးတဲ့ သတင်းကိုလည်း လျှို့ဝှက်ထားရပါမယ်။ အခုချိန်မှာ အရာအားလုံး တည်ငြိမ်ဖို့က ပထမ ဦးစားပေးပါ"

ဝန်ကြီးကောင်းက ဆက်ပြောလိုက်သည်။ "ထိုက်ဇီ အရှင်မင်းသားက မြို့တော်ကို ပြန်လာနေပြီ ဆိုတော့ နှေးရင်တောင် လဝက်လောက်ပဲ ကြာတော့မှာပါ။ ဒီလဝက်လောက်ကို တောင့်ခံထားနိုင်ရင် အဆင်ပြေပါပြီ"

ယခုအချိန်သည် ပူပြင်းသော နွေရာသီဖြစ်သဖြင့် ရုပ်အလောင်းကို လဝက်ခန့် ထားရှိပါက ပုပ်သိုးသွားနိုင်ခြေ ရှိသည်။

တချိန်လုံး ငြိမ်သက်နေသော ဝန်ကြီးကျင်းက အကြံတစ်ခု ပေးလာသည်။ "နန်းတော်ထဲမှာ ရေခဲတိုက် ရှိတာပဲ။ ညသန်းခေါင် လူခြေတိတ်ချိန်မှာ အရှင်မင်းကြီးနဲ့ ပထမမင်းသားရဲ့ ရုပ်အလောင်းတွေကို ရေခဲတိုက်ထဲ တိတ်တဆိတ် ရွှေ့ပြောင်းထားရင် ကောင်းမယ်ထင်ပါတယ်"

ယုံးကျားဧကရာဇ်သည် လေဖြတ်ပြီးနောက်ပိုင်း အိပ်ဆောင်ထဲတွင်သာ အမြဲနေခဲ့သဖြင့် သူ့ကို တွေ့မြင်ရသူ အလွန် နည်းပါးသည်။ ထို့ကြောင့် အရှင်မင်းကြီး အပြင်မထွက်လာလျှင်လည်း မည်သူမျှ သံသယဖြစ်မည် မဟုတ်ပေ။

လုမင်ယွိသည် ဝန်ကြီးကျင်းကို သဘောကျစွာ ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဝန်ကြီးကျင်းရဲ့ အကြံက ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက ဖုဟွမ်အပေါ် ရိုသေမှု မရှိသလို ဖြစ်မနေဘူးလား"

ဒီလိုအချိန်ရောက်မှတော့ ရိုသေတာ မရိုသေတာတွေ ဂရုစိုက်နေလို့ မဖြစ်တော့ပေ။

ချောင်ကောလောင်သည် မျက်နှာကို တည်ငြိမ်အောင်ထားပြီး လက်နှစ်ဖက်ကို ယှက်ကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီးက တိုင်းပြည်နဲ့ ပြည်သူကို အမြဲ ဦးစားပေးတဲ့သူပါ။ ကောင်းကင်ဘုံကနေ သိမြင်ရင်တောင် အပြစ်တင်မှာ မဟုတ်ပါဘူး"

လုမင်ယွိက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ဆုံးဖြတ်လိုက်တော့သည်။ "ကောင်းပြီလေ၊ ဒီအတိုင်းပဲ လုပ်ကြတာပေါ့"

ထို့နောက် ခေတ္တမျှ ရပ်နားပြီး ဆက်ပြောလိုက်လေသည်။ "လျန်စစ်သူကြီးနဲ့ လျိုကုန်းကုန်းတို့က သစ္စာရှိတဲ့ အမှုထမ်းကောင်းတွေပါ။ ဒီညမှာ အပြစ်မရှိဘဲ သေဆုံးသွားရတာ တကယ်ကို စိတ်မကောင်းစရာပါပဲ။ သူတို့ရဲ့ ရုပ်အလောင်းတွေကိုလည်း ရေခဲတိုက်ထဲကို တစ်ပါတည်း ရွှေ့ထားလိုက်ပါ။ ထိုက်ဇီ ပြန်ရောက်လာမှ နောက်ဆက်တွဲ ကိစ္စတွေကို စီစဉ်ပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးကြတာပေါ့"

ဝန်ကြီးများ အားလုံးက ကန့်ကွက်ခြင်း မရှိကြပေ။

လုမင်ယွိသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး "ညဉ့်နက်နေပြီဆိုတော့ လူကြီးမင်းတို့ ဝမ်ဟွားနန်းဆောင်မှာပဲ အနားယူကြပါ" ဟု ဆိုကာ ရှောင်လျိုကုန်းကုန်းကို ခေါ်လိုက်သည်။

ရှောင်လျိုကုန်းကုန်း၏ မျက်လုံးများမှာ ငိုထားသဖြင့် နီရဲရောင်ရမ်းနေပြီး အင်္ကျီပေါ်တွင်လည်း သွေးစက်များ ပေကျံနေလေ၏။

နန်းတွင်း ကုန်းကုန်းများတွင် သံယောဇဉ် မရှိဟု မည်သူ ပြောပါသနည်း။

ရှောင်လျိုကုန်းကုန်းသည် လျိုကုန်းကုန်း၏ မွေးစားသားအဖြစ် ၇ နှစ်၊ ၈ နှစ်ခန့် နေထိုင်လာခဲ့ပြီး လျိုကုန်းကုန်းကို ဖခင်အရင်းကဲ့သို့ ချစ်ခင်ခဲ့သည်။ ယခုကဲ့သို့ ဝမ်းနည်းကြေကွဲနေခြင်းမှာ ဟန်ဆောင်နေခြင်း လုံးဝ မဟုတ်ပေ။

လုမင်ယွိသည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး မျက်နှာထားကို လျှော့ကာ လေသံကလည်း အများကြီး ပျော့သွားပြီး "ဒီည ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တော့ အားလုံး စိတ်မကောင်း ဖြစ်နေကြတာ နားလည်ပါတယ်။ ဒါပေမဲ့ အခုလုပ်စရာတွေ အများကြီး ကျန်သေးတယ်ဆိုတော့ ဝမ်းနည်းတာကို ခဏ ထိန်းထားပါဦး။ ဒီဝမ်ဟွားနန်းဆောင်ထဲက ကုန်းကုန်းတွေ အားလုံးကို အခုကစပြီး မင်းပဲ တာဝန်ယူရမယ်"

ရှောင်လျိုကုန်းကုန်းသည် အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်ကာ တိုးညှင်းစွာ ပြန်ထူးလိုက်သည်။ "ဟုတ်ကဲ့ပါ"

လုမင်ယွိက ဆက်ပြီး အမိန့်ပေးလိုက်၏။ "မင်း အရင်ဆုံး ဝန်ကြီးတွေကို နေရာချပေးလိုက်ပါ။ ပြီးရင် နန်းဆောင်ထဲက ကုန်းကုန်းတွေ အားလုံးကို တစ်နေရာတည်း စုစည်းလိုက်။ အခုကစပြီး ဘယ်သူမှ ဝမ်ဟွားနန်းဆောင် အပြင်ကို ထွက်ခွင့်မရှိဘူးလို့ ပြောလိုက်ပါ။ ဘယ်သူမဆို ခြေတစ်လှမ်း အပြင်ထွက်တာနဲ့ ခေါင်းဖြတ်သတ်ပစ်မယ်"

နောက်ဆုံး စကားကျမှ သူမ၏ လေသံတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပါဝင်လာလေသည်။

ရှောင်လျိုကုန်းကုန်းသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ခေါင်းငုံ့ကာ အမိန့်ကို နာခံလိုက်တော့သည်။

...

အပိုင်း (၆၆၂) ကောင်းကင်ကိုလှည့်စားခြင်း (၁)

လုမင်ယွိသည် စနစ်တကျ အမိန့်ပေးလိုက်လေသည်။

နန်းတွင်းရေခဲတိုက်သည် အတွင်းရေးရာဌာနတွင် ရှိ၏။ ဝမ်ဟွားနန်းဆောင်နှင့် အတွင်းရေးရာဌာနသည် အတော်လေး အလှမ်းဝေးကွာလှသည်။ ကံကောင်းထောက်မစွာဖြင့် ဝမ်ဟွားနန်းဆောင်တွင် ရေခဲတိုက်ငယ်လေး တစ်ခုရှိသဖြင့် အတွင်းရေးရာဌာနရှိ ရေခဲတိုက်ထက် ငယ်သော်ငြား အလောင်းအနည်းငယ် ထားရှိရန်အတွက် လုံလောက်မှုရှိလေသည်။

လျန်စစ်သူကြီး၊ လျိုကုန်းကုန်းနှင့် ပထမမင်းသားတို့၏ ရုပ်အလောင်းများကို လျင်မြန်စွာ သယ်ဆောင်သွားကြသည်။

ယုံးကျားဧကရာဇ်၏ အလှည့်ရောက်သောအခါ လျန်အာ့လန်ကိုယ်တိုင်ရောက်လာခဲ့သည်။ နဂါးသလွန်ဘေးတွင် ဒူးထောက်လိုက်ပြီး ယုံးကျားဧကရာဇ်ကို ကျောပေါ်တွင်ပိုးကာ တစ်လှမ်းချင်း လျှောက်လှမ်းလျက် ရေခဲတိုက်ဆီသို့ သွားရောက်ပို့ဆောင်လေတော့သည်။

လျန်အာ့လန်၏ လက်မောင်းမှ ဒဏ်ရာကို ရိုးရှင်းစွာ ပတ်တီးစည်းထားပြီး သွေးတိတ်သွားပြီဖြစ်၏။

သူသည် ဒဏ်ရာနာကျင်မှုနှင့် ဝမ်းနည်းပူဆွေးမှုကို ဂရုမစိုက်နိုင်တော့ဘဲ ဝမ်ဟွားနန်းဆောင်တွင် တာဝန်ကျနေသော ကိုယ်ရံတော်တပ်သားများကို တစ်နေရာတည်းတွင် စုစည်းလိုက်ကာ အပြင်မထွက်ရအမိန့်နှင့် နှုတ်ပိတ်အမိန့်ကို တင်းကြပ်စွာ ထုတ်ပြန်လိုက်လေသည်။ "အခုအချိန်ကစပြီး ဘယ်သူမှ ဝမ်ဟွားနန်းဆောင်ကနေ ထွက်ခွာခွင့်မရှိဘူး။ ဘယ်သူမဆို သတင်းနည်းနည်းလေးတောင် ပေါက်ကြားသွားတာနဲ့ တစ်ဆွေတစ်မျိုးလုံး သတ်ဖြတ်ခံရမဲ့အပြစ်ပဲ။ အဲဒီအချိန်ရောက်လာရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်ကြနဲ့"

ဝမ်ဟွားနန်းဆောင်တွင် တာဝန်ထမ်းဆောင်ခွင့်ရသူ အများစုမှာ စစ်သူကြီးမျိုးနွယ်များမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ တစ်ယောက်ကို ဆွဲထုတ်ကြည့်လိုက်လျှင်ပင် နောက်ခံအင်အား အနည်းနှင့်အများ ရှိကြသူချည်းပင်။ အကယ်၍သာ ရှုပ်ထွေးနေသည့် အခြေအနေကို အခွင့်ကောင်းယူပြီး နန်းတော်ပြင်ပသို့ သတင်းပေါက်ကြားသွားပါက မြို့တော်တစ်ခုလုံး ပုန်ကန်မှုများဖြင့် ရှုပ်ထွေးသွားပေလိမ့်မည်။

ကိုယ်ရံတော်တပ်သား အားလုံးက ခေါင်းငုံ့ကာ အမိန့်နာခံကြောင်း ပြသလိုက်ကြသည်။

ထိုအချိန်မှာပင် ကိုယ်ရံတော်တပ်သား တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။ "လျန်တပ်မှူး အခြေအနေ မကောင်းတော့ဘူး"

လျန်အာ့လန်သည် လန့်ဖျပ်သွားပြီး ကိုယ်ရံတော်တပ်သားကို ချက်ချင်းခေါ်ယူကာ မေးမြန်းလိုက်ရာ အစီရင်ခံချက်ကို ကြားသိပြီးနောက် သူ၏မျက်နှာသည် ပြာနှမ်းသွားတော့သည်။

ဤမျှကြီးမားသော ကိစ္စရပ်ကို လျန်အာ့လန်အနေဖြင့် သဘောအတိုင်း မစီမံရဲသဖြင့် လုမင်ယွိထံသို့ ချက်ချင်း သွားရောက်လျှောက်တင်လိုက်လေသည်။ "ထိုက်ဇီဖေးညန်ညန် ကျွန်တော်မျိုး တင်ပြစရာကိစ္စတစ်ခု ရှိပါတယ်"

"ကျွန်တော်မျိုး လှည့်စားခံလိုက်ရပြီး အိပ်ဆောင်ထဲ ဝင်သွားမိတုန်း ပထမမင်းသားက ဆေးခတ်ပြီး ဖမ်းထားလိုက်ပါတယ်။ ပထမမင်းသားက အခွင့်ကောင်းယူပြီး သူ့ရဲ့ ကိုယ်ပိုင်တပ်သားကို ခေါ်ပြီး နန်းတော်အပြင်ကို စာပို့ခိုင်းလိုက်တယ်လို့ ပြောပါတယ်။ အဲဒီတပ်သားက လွန်ခဲ့တဲ့ နှစ်နာရီလောက်ကတည်းက နန်းတော်အပြင်ကို ရောက်သွားပါပြီ"

"စာထဲမှာ ဘာရေးထားလဲ ဘယ်သူ့ဆီပို့လဲဆိုတာ ဘယ်သူမှ မသိပါဘူး"

လုမင်ယွိ၏ မျက်နှာထားသည် ချက်ချင်း ပြောင်းလဲသွားလေသည်။

လွန်ခဲ့သည့် နှစ်နာရီလောက်ကတည်းကတဲ့လား။

အဲဒီအချိန်တုန်းက ယုံးကျားဧကရာဇ်က လည်ပင်းညှစ်သတ်ခံလိုက်ရပြီးပြီ။ ပထမမင်းသားက တံဆိပ်တော်ကို ရှာတွေ့ပြီး "သေတမ်းစာ" တစ်စောင် ရေးလိုက်တာပဲ။ ပြီးတော့ နန်းတော်အပြင်ကို စာပို့ခိုင်းလိုက်တယ်ဆိုတော့ ဘယ်နေရာကို ပို့မှာလဲ။

မကောင်းတော့ဘူး!

ဒီစာက ကွမ်းပင်းနယ်စားဆီ ပို့လိုက်တာပဲ!

လုမင်ယွိ၏ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်လာပြီး ပထမမင်းသား၏ အလောင်းကို ဆွဲထုတ်ကာ နောက်တစ်ကြိမ် ထပ်သတ်ချင်စိတ်ပင် ပေါက်သွားတော့သည်။

လျန်အာ့လန်သည် လုမင်ယွိ၏ ဒေါသထွက်နေသည့် ပုံစံကို ကြည့်ရင်း စိတ်ထဲတွင် စိုးရိမ်ပူပန်လာကာ တုန်လှုပ်စွာ မေးလိုက်လေသည်။ "နှစ်နာရီလောက်ပဲ ရှိပါသေးတယ်။ အဲဒီတပ်သားကို ပြန်လိုက်ဖမ်းခိုင်းလိုက်ရမလား"

လုမင်ယွိသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ "နှစ်နာရီတောင် ကြာသွားပြီပဲ။ မုန့်စစ်တပ်ရဲ့ စစ်စခန်းက မြို့တော်နဲ့ ၈နာရီလောက်ပဲ ဝေးတာ။ အခုလိုက်မယ်ဆိုရင်တောင် မမီတော့ဘူး"

"ငါ့အမိန့်ကို နာခံပြီး ကိုယ်ရံတော်တပ်တွေကို အသင့်ပြင်ထားခိုင်းလိုက်"

ခဏမျှ ရပ်တန့်သွားပြီးနောက် ထပ်မံပြောကြားလိုက်သည်။ "ငါ အခုချက်ချင်း စာရေးပြီး ကိုယ်ပိုင်တပ်သားကို ရှင်းယန်စစ်တပ်ဆီ သွားပို့ခိုင်းလိုက်မယ်"

လျန်အာ့လန်သည် ထိတ်လန့်သွားပြီး နှုတ်မှ လွှတ်ခနဲထွက်သွားတော့သည်။ "တကယ်လို့ ရှင်းယန်စစ်တပ်ကများ ..."

တကယ်လို့များ ရှင်းယန်စစ်တပ်က သစ္စာဖောက်ပြီး အခွင့်ကောင်းယူကာ ပုန်ကန်ရင် ဘယ်လိုလုပ်မလဲ။

သို့သော်လည်း မိမိရှေ့မှ ထိုက်ဇီဖေးသည် ရှင်းယန်ဝမ်၏ သွေးသားရင်းချာ သမီးအရင်းဖြစ်သည်ကို သတိရလိုက်သည်တွင် လျန်အာ့လန်သည် စကားကို မျိုချလိုက်ရလေတော့သည်။

လုမင်ယွိသည် လျန်အာ့လန်၏ မှားယွင်းပြောဆိုမှုကို အပြစ်မယူဘဲ တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ရှင်းယန်ဝမ်က သာ့ဝေတိုင်းပြည်အပေါ် သစ္စာရှိတယ်။ ဘာပြဿနာမှ မရှိနိုင်ဘူး။ ကွမ်းပင်းနယ်စားကတော့ ရည်မှန်းချက်ကြီးပြီး အစကတည်းက သစ္စာဖောက်ချင်တဲ့စိတ် ရှိနေတာ။ အခု ကွမ်းပင်းနယ်စား ပုန်ကန်လာမဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရမယ်။ ပြီးတော့ ဖူယန်မြို့စားကလည်း စိတ်နေသဘောထားက ကောက်ကျစ်ပြီး ဉာဏ်များတဲ့သူပဲ"

"တကယ်လို့ ဖူယန်မြို့စားကသာ ရှုပ်ထွေးနေတဲ့အခြေအနေမှာ အခွင့်ကောင်းယူပြီး အမြတ်ထုတ်ချင်စိတ် ပေါက်သွားရင် အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး မြို့တော်တစ်ခုလုံး ပုန်ကန်မှုတွေ ဖြစ်လာလိမ့်မယ်"

"ငါ့အဖေဆီကို စာပို့ပြီး အချိန်မီ ပြင်ဆင်မှုတွေ လုပ်ခိုင်းလိုက်မယ်"

လျန်အာ့လန်သည် မကန့်ကွက်ရဲတော့ဘဲ ခေါင်းငုံ့ကာ အမိန့်ကို နာခံလိုက်လေသည်။

လုမင်ယွိသည် ဧကရာဇ်၏ အိပ်ဆောင်တွင် ဆက်မနေချင်တော့သဖြင့် ချောင်မိဖုရားခေါင် အနားယူနေသည့် အဆောင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။

တော်ဝင်သမားတော်သည် ချောင်မိဖုရားခေါင်ကို အပ်စိုက်ကုသပေးနေလေသည်။ ဆေးပညာအတော်ဆုံးဖြစ်သည့် သမားတော်ချုပ်ကျိုးကတော့ မယ်တော်ကြီးကျောက်ကို သွားရောက် ပြုစုနေရ၏။

ချိုင်လန်သည် ကုတင်ဘေးတွင် ရပ်လျက် မျက်ရည်များကို လက်မောင်းစဖြင့် မကြာခဏ သုတ်နေလေသည်။ လုမင်ယွိ ဝင်လာသည်ကို မြင်သည်နှင့် ချိုင်လန်က မျက်ရည်များကို အောင့်အီးသည်းခံကာ ဂါရဝပြုရန် ပြင်လိုက်၏။ လုမင်ယွိက သက်ပြင်းချလိုက်သည်။ "အခု ဘယ်အချိန်ရှိနေပြီလဲ။ ဒီလို ဟန်ဆောင်ရိုးရာတွေ လုပ်နေစရာမလိုပါဘူး"

"အခုကစပြီး မူဟုပ်က ဝမ်ဟွားနန်းဆောင်မှာပဲ နေရမှာ။ မင်း မူဟုပ်ကို သေချာ ပြုစုပေးလိုက်ပါ"

ချိုင်လန်က လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

လုမင်ယွိသည် စကားဆက်မပြောတော့ဘဲ မင်နှင့်စုတ်တံကို ယူခိုင်းလိုက်ကာ စာတစ်စောင်ကို လျင်မြန်စွာ ရေးသားလိုက်လေသည်။ ထို့နောက် သူမ၏ ကိုယ်ပိုင်တပ်သားကို ခေါ်ယူပြီး နန်းတော်အပြင်သို့ စာပို့ခိုင်းလိုက်၏။

ချိုင်လန်သည် အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့နေရသော်လည်း ဝင်ရောက်မေးမြန်းရဲခြင်း မရှိချေ။

ဒေါင် ဒေါင် ဒေါင် ဒေါင်!

ညဉ့်ဦးယံ လေးချက်တီးအချိန်သို့ ရောက်ရှိလာခဲ့ပြီ။

လုမင်ယွိတွင် အိပ်ချင်စိတ် လုံးဝမရှိသလို တစ်မှေးမှ မှေးစက်ချင်စိတ်လည်း မရှိချေ။ သူမသည် ကုတင်ဘေးတွင် တိတ်ဆိတ်စွာ ထိုင်လျက် မျက်နှာဖြူဖျော့နေသော ချောင်မိဖုရားခေါင်ကို ကြည့်နေမိသည်။ သူမ၏ ဦးနှောက်ထဲတွင်တော့ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အပြောင်းအလဲများနှင့် တန်ပြန်တိုက်ခိုက်ရမည့် နည်းလမ်းများကို မနားတမ်း တွက်ချက်နေတော့သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ကြာမြင့်လှသည်ဟု ထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးသောက်ယံ ငါးချက်တီးအချိန်သို့ ရောက်ရှိလာခဲ့သည်။

မှောင်မိုက်နေသော ညကောင်းကင်ယံကို နေရောင်ခြည်နုနုက ထိုးဖောက်ဖြတ်သန်းလာပြီး မိုးကုပ်စက်ဝိုင်းဆီမှ အလင်းရောင်များ ဖြာကျလာကာ မိုးလင်းလာခဲ့လေပြီ။

ချောင်မိဖုရားခေါင်သည်လည်း နောက်ဆုံးတွင် သတိပြန်လည်လာခဲ့လေသည်။

မျက်လုံးဖွင့်လိုက်သည့် ခဏတာတွင် ချောင်မိဖုရားခေါင်၏ မျက်ဝန်းများမှာ ဗလာဟင်းလင်းဖြစ်ကာ တွေဝေငေးငိုင်နေတော့သည်။ အတော်ကြာမှ အမြင်အာရုံ စူးစိုက်လာနိုင်ပြီး မျက်စိရှေ့မှ မျက်နှာကို သဲကွဲစွာ မြင်လိုက်ရတော့၏။ "မင်ယွိ ဘာတွေဖြစ်ကုန်တာလဲ။ ပန်ကုံးက ဘာလို့ ဒီရောက်နေတာလဲ။ မင်းကရော ဘာလို့ ရှိနေရတာလဲ"

လုမင်ယွိ၏ ရင်ထဲတွင် ဝမ်းနည်းကြေကွဲသွားရပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မူဟုပ် မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို မေ့သွားတာလား။ ဖုဟွမ် နတ်ရွာစံသွားပါပြီ။ လျိုကုန်းကုန်းနဲ့ လျန်စစ်သူကြီးလည်း သေဆုံးသွားခဲ့ပြီ။ ပထမမင်းသားလည်း သေဆုံးသွားပါပြီ"

ချောင်မိဖုရားခေါင်၏ မျက်နှာသည် ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာတော့သည်။

မနေ့ညက သွေးစွန်းခဲ့သော ထိတ်လန့်ဖွယ်ရာ မြင်ကွင်းများသည် တစ်ခုပြီးတစ်ခု ခေါင်းထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

ဝမ်းနည်းပူဆွေးမှုသည် အထွတ်အထိပ်သို့ ရောက်သွားသည့်အခါ မျက်ရည်ပင် မထွက်နိုင်တော့သည် လည်းဖြစ်နိုင်၏။

ပုံမှန်ဆိုလျှင် မျက်ရည်လွယ်တတ်သည့် ချောင်မိဖုရားခေါင်သည် ဒီတစ်ကြိမ်တွင်တော့ မငိုကြွေးခဲ့ချေ။ ခေတ္တမျှ တုန်ရီနေပြီးနောက် အပေါ်သွားနှင့် အောက်သွား ရိုက်ခတ်သံများ ထွက်ပေါ်လာကာ မေးမြန်းလိုက်လေသည်။ "အခု ဘယ်လိုလုပ်ကြမလဲ"

လုမင်ယွိသည် စိတ်သက်သာရာ ရသွားပြီး လျင်မြန်စွာဖြင့် တီးတိုးပြောလိုက်သည်။ "ကျွန်မ နန်းတော်တံခါးတွေကို ပိတ်ဖို့ အမိန့်ပေးထားပြီးပါပြီ။ ဘယ်သူမှ ဝင်ထွက်ခွင့် မရှိပါဘူး။ ဝမ်ဟွားနန်းဆောင်နဲ့ နန်းတော်တွင်း နေရာအနှံ့အပြားကိုလည်း အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ နန်းတွင်းအခြေအနေ တည်ငြိမ်ပြီး ပြဿနာမဖြစ်အောင် စီစဉ်ထားပါတယ်။ ချောင်ကောလောင်တို့အားလုံးလည်း ဝမ်ဟွားနန်းဆောင်မှာပဲ ရှိနေကြပါတယ်"

ချောင်မိဖုရားခေါင်က အင်းဟု အသံပြုလိုက်ပြီး ထပ်မံမေးမြန်းလိုက်၏။ "အရှင်မင်းကြီး နတ်ရွာစံသွားတဲ့သတင်းကို အပြင်ကို ပေါက်ကြားလို့မဖြစ်ဘူး။ ရုပ်အလောင်းကို ရေခဲတိုက်ထဲ ထည့်ထားရမယ်"

"မနေ့ညကတည်းက ဝမ်ဟွားနန်းဆောင်က ရေခဲတိုက်ငယ်လေးထဲကို ရွှေ့ထားပြီးပါပြီ။ လျန်စစ်သူကြီး၊ လျိုကုန်းကုန်းနဲ့ ပထမမင်းသားတို့ရဲ့ အလောင်းတွေကိုလည်း အဲဒီကိုပဲ ရွှေ့ထားလိုက်ပါပြီ" လုမင်ယွိက အသံကိုနှိမ့်ကာ ပြောလိုက်သည်။ "မူဟုပ် ပထမမင်းသားက မနေ့ညကတည်းက သူ့ရဲ့တပ်သားကို နန်းတော်အပြင်ဘက် စာပို့ဖို့ စေလွှတ်လိုက်ပါတယ်။ ကြည့်ရတာ ကွမ်းပင်းနယ်စားဆီကို ပို့လိုက်ပုံရတယ်။ အခုက ဝမ်းနည်းပူဆွေးနေရမဲ့အချိန် မဟုတ်ပါဘူး။ ပုန်ကန်မှုတွေကို နှိမ်နင်းဖို့ ပြင်ဆင်ထားမှ ဖြစ်မှာပါ"

ချောင်မိဖုရားခေါင်၏ မျက်နှာသည် ပို၍ ဖြူဖျော့သွားလေသည်။ ကံကောင်းထောက်မစွာဖြင့် မေ့လဲမသွားဘဲ စိတ်အခြေအနေ တည်ငြိမ်နေဆဲပင်။ "အရှင်မင်းကြီး နတ်ရွာစံသွားပြီဆိုတော့ မုန့်ဟွေးကို ဘယ်သူမှ ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး။ သူ သေချာပေါက် ပုန်ကန်တော့မှာပဲ"

"မင်ယွိ ရှင်းယန်ဝမ်ဆီ ချက်ချင်း စာပို့လိုက်ပါ။ မြို့တော်ကို စစ်ကူလာဖို့ ပြောလိုက်"

လုမင်ယွိက ချောင်မိဖုရားခေါင်ကို ကြည့်လိုက်သည်။ "မနေ့ညကတည်းက ကျွန်မ လူလွှတ်ပြီး စာပို့လိုက်ပါပြီ"

ချောင်မိဖုရားခေါင်က ချက်ချင်းပင် ပြောလိုက်၏။ "စစ်ရေးကိစ္စမှာ အမြန်နှုန်းက အသက်ပဲ။ မြန်လေ ကောင်းလေပဲ။ မင်းလုပ်တာ မှန်ပါတယ်"

ထို့နောက်တွင်တော့ လုမင်ယွိ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။ "တကယ်လို့ နောင်တစ်ချိန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်က ပြဿနာရှာလာရင် မင်းက ထိုက်ဇီဖေးမို့လို့ တိုက်ခိုက်လာရင် ဒီကိစ္စကို ပန်ကုံးအပေါ်ပဲ လွှဲချလိုက်ပါ။ ပန်ကုံးက မင်းကို ရှင်းယန်ဝမ်ဆီ စာပို့ခိုင်းတာလို့သာ ပြောလိုက်"

လုမင်ယွိ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ရင်ထဲတွင် ပထမဆုံး ထွက်ပေါ်လာသည့် ခံစားချက်မှာ ဝမ်းနည်းကြေကွဲခြင်းပင် ဖြစ်တော့သည်။

ယခင်ဘဝက သူမနှင့် လုမိသားစုသည် လီဟောက်သားအမိအတွက် အရာရာ ပေးဆပ်ခဲ့ဖူးသည်။ နောက်ဆုံးတွင်တော့ အမျိုးမျိုးသော သံသယဝင်ခြင်းကိုသာ ခံခဲ့ရလေသည်။

ယခုလက်ရှိ အခြေအနေသည် အလွန်ပင် တူညီနေလေသည်။ ချောင်မိဖုရားခေါင်က ဒီစကားကို ပြောလာသည်မှာ အမှန်တကယ် ရင်ထဲကလာသော စေတနာစကားပင် ဖြစ်လောက်၏။

သို့သော်ငြား လောကဓမ္မတာသည် မမြဲချေ။ လူ့စိတ်သည်လည်း ပြောင်းလဲလွယ်တတ်သည်။

နောင်အနာဂတ်တွင် ဘယ်လိုဖြစ်လာမည်ကို ဘယ်သူက အတပ်ပြောနိုင်ပါမည်နည်း။

...

အပိုင်း (၆၆၃) ကောင်းကင်ကိုလှည့်စားခြင်း (၂)

လုမင်ယွိ၏ မျက်နှာပေါ်တွင် ခဏတာ ဖြတ်သန်းသွားသော တိတ်ဆိတ်ခြင်းနှင့် ရှုပ်ထွေးသော ခံစားချက်များသည် ချောင်မိဖုရားခေါင်၏ မျက်လုံးထဲမှ လွတ်ကင်းသွားခြင်း မရှိပေ။

ချောင်မိဖုရားခေါင်သည် လက်ကို အားစိုက်လိုက်ပြီး လုမင်ယွိ၏ လက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ သူမ၏ အသံသည်လည်း တဖြည်းဖြည်း အားပါလာသည်။ "မင်ယွိ၊ ငါတို့ ယောက္ခမနဲ့ ချွေးမ ဖြစ်လာတာ နှစ်အနည်းငယ် ရှိပြီဆိုတော့ တစ်ယောက်ရဲ့ စိတ်နေသဘောထားကို တစ်ယောက် သိပြီးသားပါ"

"ငါဆိုတဲ့ မိန်းမက ဘာစွမ်းရည်မှ မရှိပါဘူး။ ဒါပေမဲ့ ငါ့မှာ သိတတ်တဲ့စိတ်တော့ ရှိပါတယ်။ မင်း ငါ့အတွက် လုပ်ပေးခဲ့တာတွေ တစ်ခုချင်းစီတိုင်းကို ငါ့ရင်ထဲမှာ မှတ်ထားပါတယ်"

"အားကျင့် ပြန်ရောက်လာပြီး အရှင်မင်းကြီးရဲ့ နာရေးကိစ္စ ပြီးတာနဲ့ ချက်ချင်း နန်းတက်ရလိမ့်မယ်။ အဲဒီကျရင် မင်းက သာ့ဝေတိုင်းပြည်ရဲ့ မိဖုရားခေါင် ဖြစ်လာလိမ့်မယ်။ ငါ မယ်တော်ကြီး နေရာကို ရောက်သွားတာနဲ့ နန်းတွင်းရေးရာ ကိစ္စအဝဝကို မင်းလက်ထဲ ချက်ချင်း လွှဲပြောင်းပေးမယ်။ အနောက်နန်းဆောင်ကို မင်းပဲ အုပ်ချုပ်ရမယ်။ ရွှီအာကလည်း မငယ်တော့ပါဘူး။ နောက်နှစ်ကျရင် ရွှီအာကို အိမ်ရှေ့စံအဖြစ် တင်မြှောက်လိုက်မယ်။ အိမ်ရှေ့စံ နေရာကို စောစော သတ်မှတ်လိုက်ရင် တိုင်းသူပြည်သားတွေရဲ့ စိတ်နှလုံးလည်း တည်ငြိမ်သွားမှာပါ"

"အားကျင့်က မင်းအပေါ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်သလို လုမိသားစုအပေါ်လည်း ကျေးဇူးကန်းမှာ မဟုတ်ပါဘူး"

"အခုအချိန်မှာ ဒီစကားတွေ ပြောနေတာက ပေါ့ပျက်ပျက် နိုင်လွန်းပါတယ်။ မင်းစိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတာလည်း မဆန်းပါဘူး။ ငါ ဘာပြောရင် မင်းရဲ့ သံသယတွေ အပြီးတိုင် ပျောက်ကွယ်သွားမလဲ ဆိုတာ ငါလည်း မသိဘူး။ ငါ ကျိန်ဆိုပြီး မင်းကို ကတိပေးပါ့မယ်"

လုမင်ယွိသည် သတိပြန်ဝင်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျိန်ဆိုစရာ မလိုပါဘူး။ ကျွန်မ မူဟုပ်ကို ယုံကြည်ပါတယ်"

ချောင်မိဖုရားခေါင်ကတော့ ကျိန်ဆိုတိုက်ရန် ခေါင်းမာနေဆဲပင်။ "ကောင်းကင်ဘုံက နတ်ဘုရားတွေ အသိပါ။ ငါ ချောင်ယင်းညန်က ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ ဒီနေ့ ပြောခဲ့တဲ့ စကားတွေ အားလုံးက ရင်ထဲကလာတဲ့ အမှန်တရားတွေချည်းပါပဲ။ လုံးဝ လိမ်ညာခြင်း မရှိပါဘူး။ တစ်နေ့နေ့မှာ ကတိသစ္စာ ဖောက်ဖျက်ခဲ့ရင် မိုးကြိုးပစ်ပြီး ငါ့ကို ပြာကျသွားအောင် လုပ်ပါစေ"

လုမင်ယွိသည် ကျိန်စာဆိုသည်ကို မယုံကြည်ခဲ့သည်မှာ ကြာပြီဖြစ်သည်။

သို့သော် ယခုအချိန် ယခုအခါတွင် ချောင်မိဖုရားခေါင်၏ စကားများသည် သူမ၏ နှလုံးသားကို လှုပ်ခါသွားစေခဲ့သည်။

လုမင်ယွိ၏ စိတ်လှုပ်ရှားမှုများသည် ဒီရေအလား မြင့်တက်လာပြီး ထိန်းချုပ်၍ မရနိုင်တော့သဖြင့် လက်ကို ဆန့်ထုတ်ကာ ချောင်မိဖုရားခေါင်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ "မူဟုပ်ရဲ့ မေတ္တာတရားကို ကျွန်မ တစ်သက်လုံး မမေ့ပါဘူး"

ချောင်မိဖုရားခေါင်၏ မျက်ဝန်းအိမ်များ နီရဲလာပြီး လုမင်ယွိနှင့် ခဏတာ ပွေ့ဖက်ထားလိုက်တော့သည်။

ကိစ္စပေါင်း သောင်းခြောက်ထောင် ရှိနေချိန်တွင် ယခုအချိန်သည် ဝမ်းနည်းပူဆွေးပြီး မျက်ရည်ကျနေရမည့်အချိန် မဟုတ်ပေ။

လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ချောင်မိဖုရားခေါင်ကို လွှတ်ပေးလိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အခု အခက်ခဲဆုံးက မယ်တော်ကြီးပဲ။ မယ်တော်ကြီးက မနေ့ညက စိတ်ဒဏ်ရာ အပြင်းအထန် ရသွားပြီး လီယိကို ကိုယ်တိုင် သတ်ဖြတ်ခဲ့တာ။ ပြီးတော့ ရူးသွပ်သွားသလို ဖြစ်သွားတယ်။ ကျွန်မလည်း မယ်တော်ကြီးကျောက်ကို မေ့လဲသွားအောင် ရိုက်လိုက်ရတယ်"

"သမားတော်ချုပ်ကျိုးက မယ်တော်ကြီး အနားမှာပဲ အမြဲ စောင့်နေပါတယ်။ ခုနလေးကတင် သမားတော်ချုပ်ကျိုးက လူလွှတ်ပြီး သတင်းပို့လာတယ်။ မယ်တော်ကြီး သတိရလာပြီးနောက်ပိုင်း စကားတွေက ရှေ့နောက်မညီဘူးတဲ့။ စိတ်ကလည်း သိပ်ကြည်လင်ပုံ မရဘူးလို့ ပြောပါတယ်"

လုမင်ယွိက အတော်လေး ထိန်းသိမ်းပြီး ပြောလိုက်ခြင်း ဖြစ်သည်။

အမှန်တကယ်တော့ မယ်တော်ကြီးကျောက်သည် စိတ်ဒဏ်ရာကြောင့် ရူးသွပ်သွားခြင်းပင်။

ချောင်မိဖုရားခေါင်သည် ကြက်သီးမွေးညင်းများ ထသွားပြီး ဆက်မနေနိုင်တော့ဘဲ ကုတင်ပေါ်မှ ချက်ချင်း ဆင်းလိုက်သည်။ "ငါ အခုပဲ သွားကြည့်လိုက်ဦးမယ်"

မည်မျှပင် မတည့်ကြပါစေ အနှစ်နှစ်ဆယ်ကျော် ယောက္ခမနှင့် ချွေးမ တော်စပ်ခဲ့ကြသူများ ဖြစ်သည်။ မယ်တော်ကြီးကျောက် ရူးသွပ်သွားပြီဟု ကြားလိုက်ရသောအခါ ချောင်မိဖုရားခေါင်၏ နှလုံးသားသည် ရေခဲတိုက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ အေးစက်သွားလေသည်။

လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး ချောင်မိဖုရားခေါင်ကို တွဲကူကာ မယ်တော်ကြီးကျောက် ရှိနေသည့် အဆောင်သို့ လိုက်ပါပို့ဆောင်ပေးလိုက်သည်။

ဝမ်ဟွားနန်းဆောင်ရှိ အတွင်းနန်းဆောင်ကုန်းကုန်းများသည် ရှောင်လျိုကုန်းကုန်း၏ အော်ဟစ်ဆူပူကြိမ်းမောင်းခြင်းကို ခံထားရပြီး ဖြစ်သည်။ သူတို့အားလုံးသည် ခေါင်းကို လိပ်ခေါင်းကဲ့သို့ လည်ပင်းထဲသို့ ဝင်သွားအောင် ကျုံ့ထားချင်နေကြပြီး လမ်းတစ်လျှောက် တွေ့သမျှ နေရာတိုင်းတွင် ကုန်းကုန်းများက ဘေးသို့ ရှောင်ဖယ်ပေးကြလေသည်။

လုမင်ယွိသည် သူတို့ကို ဂရုစိုက်ရန် အချိန်မရှိသလို စိတ်လည်း မပါသဖြင့် ချောင်မိဖုရားခေါင်ကို တွဲကူလျက် အဆောင်ထဲသို့ ဝင်သွားလိုက်သည်။

မယ်တော်ကြီးကျောက်၏ မျက်နှာပေါ်မှ သွေးစများကို သန့်စင်ပြီး ဖြစ်သော်လည်း ဝတ်ဆင်ထားသည်မှာ မနေ့ညက အဝတ်အစားများပင် ဖြစ်သည်။ အဝတ်အစားပေါ်တွင် ပေကျံနေသော သွေးစက်များသည် ခြောက်သွေ့နေပြီဖြစ်ပြီး မက်မွန်ပွင့်များ ကြဲဖြန့်ထားသကဲ့သို့ အစက်အပြောက်များ ဖြစ်နေလေသည်။

ဒါကို နန်းတွင်းသူနန်းတွင်းသားများကို အပြစ်တင်၍ မရပေ။ ဝမ်ဟွားနန်းဆောင်သည် ဧကရာဇ်မင်းမြတ် နေထိုင်ရာ နေရာဖြစ်သဖြင့် အမျိုးသမီး ဝတ်စုံ ဟူ၍ လုံးဝ မရှိချေ။ ထို့အပြင် လုမင်ယွိ၏ တင်းကျပ်သော အမိန့်ကြောင့် နန်းတွင်းသူနန်းတွင်းသားများသည် ဝမ်ဟွားနန်းဆောင် အပြင်ဘက်ကို မဆိုထားနှင့် အဆောင်တံခါးဝကိုပင် ကျော်၍ မထွက်ရဲကြချေ။

မယ်တော်ကြီးကျောက်သည် ကုတင်ဘေးတွင် ထိုင်လျက် တဟားဟား ရယ်မောနေလေသည်။

ချောင်မိဖုရားခေါင်နှင့် လုမင်ယွိကို မြင်သောအခါ သူမက မှတ်မိနေသေးသည်။ "ဟွမ်ဟုပ်၊ ထိုက်ဇီဖေး၊ နင်တို့ ဘာလာလုပ်ကြတာလဲ"

သူတို့ ပြန်မဖြေနိုင်မီမှာပင် တဟားဟားနှင့် ရှည်လျားစွာ ရယ်မောလိုက်ပြန်သည်။ "ငါ အိပ်မက်ဆိုးတစ်ခု မက်တယ်။ အိပ်မက်ထဲမှာ သားရဲကောင်တစ်ကောင်က ငါ့သားကို ကိုက်သတ်လိုက်တယ်။ ဒါပေမဲ့ ငါ အဲဒီသားရဲကောင်ကို သတ်ပစ်လိုက်ပြီ။ ဟားဟားဟားဟား"

ခဏလောက် ရယ်မောပြီးနောက် ရုတ်တရက် အော်ဟစ် ငိုကြွေးပြန်သည်။ "အဲဒီသားရဲကောင်က လူမျက်နှာ ပေါက်နေတယ်ဟေ့။ ငါကြည့်ရတာ ငါ့မြေးနဲ့ တူလိုက်တာ"

"အဲဒါက တိရစ္ဆာန်တစ်ကောင်ပါ၊ ဘယ်လိုလုပ် ငါ့မြေးဦး ဖြစ်ရမှာလဲ။ ငါ့မြေးဦးက ငယ်ငယ်ကတည်းက ကောင်းမွန်တဲ့ ကလေးတစ်ယောက်၊ မိဘကိုလည်း အသိတတ်ဆုံးပဲ။ သူက ဘယ်လိုလုပ် တိရစ္ဆာန် ဖြစ်သွားမှာလဲ"

"ဒါနဲ့ ငါ့သားရော ဘယ်ရောက်သွားလဲ။ ငါ အခု တစ်ကိုယ်လုံး နေမကောင်းဘူး။ သူက သားတစ်ယောက် ဖြစ်ပြီးတော့ ငါ့ကို လာမကြည့်ဘူးလား။ မြန်မြန် သူ့ကို လာခိုင်းလိုက်"

မယ်တော်ကြီးကျောက်သည် တစ်ခါတစ်ရံ ငိုလိုက်၊ တစ်ခါတစ်ရံ ရယ်လိုက်နှင့် ပါးစပ်မှလည်း ထိုစကားများကိုသာ ထပ်ခါထပ်ခါ ပြောဆိုနေလေသည်။

ဒါက တကယ်ပဲ သတိကော ရှိရဲ့လား။

လုမင်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး ချောင်မိဖုရားခေါင်ကို ကြည့်လိုက်သည်။

ချောင်မိဖုရားခေါင်က ရှေ့သို့ တိုးသွားပြီး လေသံတိုးတိုးဖြင့် ခေါ်လိုက်သည်။ "မူဟုပ်၊ ခေါင်းကိုက်နေလား"

မယ်တော်ကြီးကျောက်သည် ရုတ်တရက် ငိုနေရာမှ ရပ်သွားပြီး ချောင်မိဖုရားခေါင်ကို စူးစိုက်ကြည့်လိုက်သည်။ "ငါ ကောင်းကောင်းကြီး နေကောင်းတယ်။ ငါ သိပါတယ်၊ နင်က ငါ့ကို ခေါင်းကိုက်စေချင်နေတာ၊ ငါ့ကို စောစော သေစေချင်နေတာ။ ငါမရှိတော့ရင် နင်က မယ်တော်ကြီး လုပ်လို့ရပြီပေါ့။ ဖွီး! ငါ့ရဲ့ အားယွမ်က အရှင်လတ်လတ်ကြီး ရှိသေးတယ်။ နင် မယ်တော်ကြီး လုပ်ချင်ရင် စောင့်ဦး!"

တကယ်ပဲ ရူးသွားပြီ။

ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် ခါးသီးမှုကို ခံစားလိုက်ရပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "မူဟုပ်၊ အရှင်မင်းကြီး နတ်ရွာစံသွားပါပြီ"

နတ်ရွာစံသွားပြီ ဆိုသော စကားလုံး နှစ်လုံးသည် ထက်မြက်သော ဓားသွားတစ်လက်ကဲ့သို့ မယ်တော်ကြီးကျောက်၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

မယ်တော်ကြီးကျောက်သည် ရုတ်တရက် ရူးသွပ်သွားပြီး ဝုန်းခနဲ ခုန်ထကာ ချောင်မိဖုရားခေါင်၏ လည်ပင်းကို ညှစ်လိုက်သည်။ မျက်လုံးများသည် လူကို ဝါးစားမတတ် နီရဲနေလေသည်။

လုမင်ယွိသည် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သဖြင့် မယ်တော်ကြီးကျောက်၏ လက်သည် ချောင်မိဖုရားခေါင်နှင့် ထိရုံသာ ရှိသေးသည်၊ လုမင်ယွိက မယ်တော်ကြီးကျောက်၏ သွေးကြောကို နှိပ်လိုက်ပြီး မေ့လဲသွားစေခဲ့သည်။ မယ်တော်ကြီးကျောက်သည် မျက်လုံးများ ပြူးကျယ်လျက် နောက်သို့ လဲကျသွားလေသည်။

ကံကောင်းထောက်မစွာဖြင့် နန်းတွင်းသူများက အချိန်မီ ဖမ်းထိန်းလိုက်နိုင်သဖြင့်သာ မဟုတ်လျှင် မယ်တော်ကြီးကျောက်သည် ကုတင်စောင်းနှင့် ရိုက်မိတော့မည်။

ချောင်မိဖုရားခေါင်သည် ထိတ်လန့်တကြား ဖြစ်နေဆဲဖြစ်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထိုအချိန်တွင် လုမင်ယွိ၏ တည်ငြိမ်သော အမိန့်ပေးသံကို ကြားလိုက်ရသည်။ "မယ်တော်ကြီးကျောက်ကို ကုတင်ပေါ်မှာ နားခိုင်းလိုက်"

ထို့နောက် မျက်နှာအမူအရာ တည်ငြိမ်နေသည့် သမားတော်ချုပ်ကျိုးကို ခေါ်လိုက်သည်။ "မယ်တော်ကြီးကျောက်က ဒီလိုပုံစံ ဖြစ်နေတော့ အရင်ဆုံး စိတ်ငြိမ်ဆေးလေး ဘာလေး တိုက်လိုက်ပါဦး။ မယ်တော်ကြီးကျောက် စိတ်တည်ငြိမ်သွားအောင် ကောင်းကောင်း အနားယူခိုင်းလိုက်"

မယ်တော်ကြီးကျောက်၏ ဤပုံစံသည် လူရှေ့သူရှေ့ ထွက်ပြလို့ မဖြစ်သဖြင့် ငြိမ်ငြိမ်လေး လှဲနေတာက ပိုကောင်းပေလိမ့်မည်။

သမားတော်ချုပ်ကျိုးသည် သဘောပေါက်သွားပြီး လက်ကို ယှက်ကာ ပြန်ပြောလိုက်သည်။ "မှန်လှပါ။ ကျွန်တော်မျိုး မယ်တော်ကြီးရဲ့ ကျန်းမာရေးကို အစွမ်းကုန် ဂရုစိုက်ပါ့မယ်"

လုမင်ယွိက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး မျက်နှာ ဖြူဖျော့နေသော ချောင်မိဖုရားခေါင်ကို ကြည့်လိုက်သည်။ "မူဟုပ် စိတ်မပူပါနဲ့။ သမားတော်ချုပ်ကျိုး ပြုစုနေမှတော့ မယ်တော်ကြီး ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်မ မူဟုပ်ကို အနားယူဖို့ ပြန်ပို့ပေးပါ့မယ်။ တကယ်လို့ တစ်ခုခု ထူးခြားလာရင် မူဟုပ်က ထွက်ပြီး လူတွေကို ထိန်းသိမ်းပေးရမှာ"

လူတိုင်း သိကြသည်မှာ အဓိက ဆုံးဖြတ်ချက် ချသူမှာ လုမင်ယွိ ဖြစ်ပြီး ချောင်မိဖုရားခေါင်သည် ဟန်ပြ သက်သက်သာ ဖြစ်ကြောင်းပင်။

အရေးကြီးသော အချိန်တွင် ဟန်ပြသည်လည်း အရေးကြီးသည် မဟုတ်ပါလား။

ချောင်မိဖုရားခေါင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်တော့သည်။ "ပန်ကုံးကို အရှင်မင်းကြီးရဲ့ အိပ်ဆောင်ထဲ လိုက်ပို့ပေး။ အပြင်လူတွေကိုတော့ ပန်ကုံးက အရှင်မင်းကြီးကို ပြုစုနေတယ်လို့ ကြေညာလိုက်"

လုမင်ယွိ အံ့သြသွားသည်။ "မူဟုပ်!"

ချောင်မိဖုရားခေါင်၏ သတ္တိနှင့်ဆိုလျှင် လူလေးယောက် သေဆုံးခဲ့ဖူးသော အိပ်ဆောင်ထဲတွင် မည်သို့ နေရဲပါမည်နည်း။

ချောင်မိဖုရားခေါင်သည် အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီး ဆက်လက်၍ ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "ပြဇာတ်ကနေမှတော့ အဆုံးထိ ကရမှာပေါ့။ ပန်ကုံးက အရှင်မင်းကြီးရဲ့ အိပ်ဆောင်မှာ နေပြီး တံဆိပ်တော်ကို ကိုယ်စား ထိန်းသိမ်းထားမယ်။ ဒါမှလည်း ဝန်ကြီးတွေအပေါ် အရှိန်အဝါ သက်ရောက်မှု ရှိမှာ"

ငါ လုပ်ပေးနိုင်တာက ဒီလောက်ပါပဲ။

ကျန်တာတွေကတော့ မင်းအပေါ်မှာပဲ မူတည်တော့တယ်။

ချောင်မိဖုရားခေါင်၏ မျက်ဝန်းများထဲတွင် အကန့်အသတ်မရှိ ယုံကြည်မှုနှင့် တာဝန်လွှဲအပ်မှုများ ပေါ်လွင်နေလေသည်။

လုမင်ယွိသည် မိမိ၏ နှလုံးသား အေးစက်နေပြီဟု ထင်မှတ်ခဲ့ဖူးသည်။ ယခုအခိုက်အတန့်တွင်တော့ သွေးပူများသည် ရင်ဘတ်ထဲတွင် တစ်ဖန် ပြန်လည် စီးဆင်းလာခဲ့သည်။ ဒါသည် အပြည့်အဝ ယုံကြည်ခံရခြင်း၏ အရသာပင်။

"ကောင်းပါပြီ၊ ကျွန်မ မူဟုပ်ကို အဲဒီကို လိုက်ပို့ပေးပါ့မယ်"

...

All Chapters